Thursday, February 14, 2008

ချစ်သူများနေ့အတွက် ချစ်သူများအကြောင်း

အသက် (၃၀) အရွယ် လူသားတစ်ယောက်အတွက် ဘ၀တစ်လျှောက် ချစ်ခဲ့တဲ့လူတွေက မနည်းမနော။ ဒါဖြင့် အချစ်ဆုံးက ဘယ်သူလဲဆိုရင်တော့ ရိုးသားစွာ ကိုယ့်ကိုကိုယ်ပါပဲ လို့ပဲ ဖြေရပါမယ်။ ကိုယ့်ကိုကိုယ်ချစ်တဲ့ လူကမှ သူများကို ချစ်တတ်တယ်လို့
ဆိုသကိုး။


လူမှန်းသိတတ်စအရွယ်က ချစ်တဲ့လူကတော့ အဖေပါ။ သားသမီးတွေထဲမှာ ကိုယ့်ကို သိသိသာသာ အလိုလိုက်ပြီး ချစ်တဲ့အတွက် ကိုယ်အချစ်ဆုံးကလဲ အဖေဘဲ ဖြစ်ခဲ့တယ်။ အဖေရှိရင်ပြီးပြီဆိုတဲ့ အတွေးနဲ့ ခရီးသွားလေရာလိုက်၊ ပြောသမျှ အဖေ့ ဒဿနတွေ နားထောင်ရင်း အဖေက ဟီးရိုးပေါ့။ ဘာပဲလိုချင်၊ လိုချင် ၀ယ်ပေးတဲ့ အတွက်လဲ အိမ်မှာနေပြီး အမြဲတမ်း စားချင်တာတွေ ချက်ကျွေး၊ ဝေရာဝစ္စတွေ လုပ်ပေးနေတဲ့ အမေထက် ပိုချစ်ခဲ့တယ်။ အင်္ကျီတစ်ထည် ကြိုက်တယ်လို့ပြောလိုက်ရင်
အရောင်ဘယ်နှစ်ရောင်ရှိလဲလို့ မေးပြီး ရောင်စုံဝယ်ပေးတဲ့အဖေ၊ မုန့်ဘိုး ပိုက်ဆံကုန်သွားရင် ပိုက်ဆံအိတ် ဗလာလေး အဖေ့ စားပွဲပေါ် သွားတင်ထားလိုက်ယုံနဲ့ ပိုက်ဆံ ပြန်ဖြည့်ပေးတဲ့ အဖေ။ သားသမီးတွေအတွက် ဖခင်ကောင်းပီသတဲ့အဖေ၊ ဘ၀ကို အနိုင်နဲ့ ပိုင်းနိုင်တဲ့ အဖေ၊ ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ပေမယ့် အမေ့အတွက်တော့ ခင်ပွန်းကောင်း တစ်ယောက် မဖြစ်တဲ့အဖေ၊ အမေ့ ခံစားချက်အားလုံးထက် သူ့ခံစားချက်ကို သာ ဦးစားပေးတတ်တဲ့ အဖေ၊ ဘာပဲဖြစ်ဖြစ် အသက် ၂၀ အထိ
အဖေ့ကိုပဲ အချစ်ပို ခဲ့တယ်။

အသက် ၂၀ ကျော်လာတော့ အမေ့ကိုသနားလာတယ်။ မိသားစုမှာ လုပ်ချင်ရာ လုပ်တဲ့ အဖေ့ကို ခွင့်လွှတ်ပြီး သားသမီးတွေကို လိမ္မာရေးခြားရှိအောင်၊ နွေးထွေးတဲ့ မေတ္တာနဲ့ ဆုံးမတဲ့ အမေ့ကို ပိုပြီးနားလည်လာတယ်။ အဖေက သားသမီးတွေကို
ချစ်သလောက် အမေ့ကို မချစ်ပါလားလို့ ခံစားတတ်လာတယ်။ အမေ့ကို ငါတို့ က ချစ်ရမယ်။ ငါတို့ မချစ်ရင် ဘယ်သူချစ်မှာလဲလို့ တွေးမိပြီး အဖေ့အားကိုးနဲ့ အမေ့ကို ဂရုမစိုက်မိတာတွေအတွက် နှစ်ဆတိုးပြီး ချစ်ခဲ့တယ်။ အသက် (၂၀) နောက်ပိုင်းနေ့ရက်တွေကတော့ အမေ့ကို အချစ်ပိုခဲ့ပြန်ရော။

မောင်နှမတွေထဲမှာတော့ အငယ်ဆုံးလေးကို ငယ်ငယ်က မချစ်ခဲ့ဘူး။ အသက် (၁၁) နှစ်ကွာတော့ သူမွေးလာတာ တော်တော် ရှုပ်တာပဲလို့ တွေးခဲ့မိတယ်။ ဒါပေမယ့် သူစကားပြောတတ်တဲ့ အရွယ်ကျတော့ သူ့ကို ချစ်တတ်လာခဲ့တယ်။ ငယ်ငယ်တုန်းကတော့ တော်တော်ဆိုးတဲ့ သူမို့ အမြင်ကတ်တာလဲ ပါတော့ပေါ့လေ။ ည ၁၂ နှစ်လောက်ထပြီး ငှက်ပျောသီးစားချင်တယ် ဆိုပြီး ငိုလို့ အိမ်က အလုပ်သမားတွေကို အဖေက ငှက်ပျောသီးပါလာတဲ့သူ ဆုငွေ ၅၀၀ ဆိုပြီး လိုက်ရှာခိုင်းတာ။
အလုပ်သမားတစ်ယောက်က ၁ နာရီလောက်ကြာတော့ ငှက်ပျောသီးလေးနဲ့ ပြန်လာရော။ သူ့လက်ထဲကို ငှက်ပျောသီးရောက်သွားတော့ ငိုနေရာက ချက်ချင်းကြီးရပ်သွားတယ်။ အားလုံးလဲ အိပ်ရတော့မယ်ဆိုပြီး သက်ပြင်းချကာစရှိသေး၊ ဗြဲကနဲ အော်ငိုပြန်ရော။ သီးမွှေး၊ သီးမွှေး လို့အော်ပြီး အာပြဲကြီးနဲ့ အော်တာ။ ၀ယ်လာပေးတဲ့ ငှက်ပျောသီးက ဖီးကြမ်းဖြစ်နေလို့လေ။ အခုတော့လဲ အမေ့အချစ်ဆုံးသားဖြစ်တဲ့ သားလိမ္မာဆရာဝန်လောင်းလေးဖြစ်နေပြီ။

အရမ်းချစ်ချစ်ခင်ခင် ရှိတာကတော့ အပေါင်းအသင်းတွေပါပဲ။ အထူးသဖြင့် ၉ တန်း၊ ၁၀ တန်း မှာ ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေကိုတော့ သံယောဇဉ် အရှိဆုံးပဲ။ နောက်ပြီး တက္ကသိုလ်မှာ ပေါင်းခဲ့တဲ့ တေဖော်တေဖက်များ။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲ အူကြောင်ကြောင်လေး ရောက်လာတဲ့ ကိုယ့်ကို လှိုက်လှိုက်လှဲလှဲ လက်တွဲခေါ်ယူ သင်ကြားပေးခဲ့တဲ့ ကိုယ့်ရဲ့ ပထမဆုံး အလုပ်က သူငယ်ချင်း (၃) ယောက်၊ နောက်ပြီး ဂီတာတီးရင်း ခင်တဲ့ ကိုယ့်အကြောင်းအကုန်သိတဲ့ ကိုယ့် အချစ်ဆုံး သံယောဇဉ် အရှိဆုံး တစ်ယောက် ၊ ကိုယ့်ရဲ့ ဒုတိယ အလုပ်မှာ ပိုက်ဆံပြတ်တိုင်း စားချင်တာလိုက်ကျွေးတဲ့ သူငယ်ချင်း၊ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ရတော့ အမှားလုပ်မိတိုင်း နားလည်အောင်ရှင်းပြပေးတဲ့ ကိုယ့် သူငယ်ချင်း ၃ ယောက်၊ သူတို့တွေကလဲ ကိုယ့်ဘ၀ရဲ့ အစိတ်အပိုင်းတွေထဲက ချစ်သူတွေပါပဲ။ မိဝေးဖဝေးဘ၀မှာ မိဘသဖွယ် စောင့်ရှောက်ဖေးမပေးတဲ့ ကိုယ့်အိမ်ရှင် မိသားစုလေးကလဲ ဆွေမျိုးထက်ကောင်းတဲ့ ကိုယ်ချစ်တဲ့ မိသားစုလေးပါပဲ။


နောက်တစ်ယောက်ကတော့ ကိုယ့်အဖေရဲ့ အမေပါ။ ကိုယ့်ရဲ့ အဘွားပါ။ အသက် (၂၅) နှစ်မှာ သားသုံးယောက်နဲ့ မုဆိုးမလေးဖြစ်ခဲ့တဲ့အဘွား၊ ကျောင်းဆရာမလေးလုပ်ပြီး ဘ၀ကို သားတွေရဲ့ အားနဲ့ ရုန်းကန်ခဲ့တဲ့ အဘွား၊ သားသုံးယောက်လုံးကို
ကလေကချေဖြစ်မှာစိုးလို့ ပထွေးဆိုတာ မရှိစေခဲ့တဲ့ အဘွား။ အဘွားက ကိုယ့်ကို အချစ်ဆုံး မဟုတ်ပေမယ့် လေးစားလို့ ချစ်တယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ယောက်ကတော့ ကိုယ်တို့ မိသားစုထဲကို ပထမဆုံးဝင်လာတဲ့ တစိမ်းပါ။ ကိုယ်တို့
မောင်နှမတွေထဲက ပထမဆုံး အိမ်ထောင်ကျတဲ့ သူရဲ့ ဇနီးလေးပါ။ သစ္စာရှိစွာ ချစ်တတ်တဲ့သူဟာလဲ ကိုယ်ချစ်တဲ့ သူတွေထဲက တစ်ယောက်ပါပဲ။

နောက်ဆုံးတစ်ယောက်ကတော့ ကိုယ့်ကို လူတကာထက် ပိုပြီးနားလည်တဲ့ ကိုယ့်ချစ်သူပါ။ အစွန်းရောက်တဲ့စိတ်နဲ့ လုပ်ချင်တာလုပ်မှာဘဲ ဆိုတဲ့ စိတ်နှစ်ခုအမြဲ ပေါင်းစပ်နေတဲ့ ကိုယ့်ကို ပြုံးပြုံးလေး ဖြေသိမ့်ပေးနိုင်တဲ့သူ၊ နေကောင်းကျန်းမာပျော်ရွှင်မယ်ဆိုရင် လုပ်ချင်တာလုပ်လို့ ပြောပေမယ့် အမြဲ စောင့်ကြည့်စိတ်ပူနေတဲ့သူ၊ အပေါင်းအသင်းတွေကို ကူညီတာများသွားပြီး သူ့ကို ဂရုမစိုက်တဲ့အခါ ရယ်ပြီး ရပါတယ်လို့ ပြောတဲ့သူ၊ စိတ်မဆိုးတတ်တဲ့ ကိုယ့်ချစ်သူပါ။

Feb 14 ချစ်သူများနေ့မှာ ကိုယ်ချစ်တဲ့ သူတွေအားလုံး ပျော်ရွှင်ကြပါစေ။ ဘ၀အမောတွေ အားလုံး ကျော်ဖြတ်နိုင်ပါစေ။ သူတို့ချစ်တဲ့သူတွေနဲ့ အေးချမ်းနှစ်လိုဖွယ်ကောင်းသော၊ ဟန်ဆောင်မှုကင်းသော ဖြူစင်သန့်ရှင်းသော ဘ၀များကို ဖန်တီးနိုင်ကြပါစေ လို့ဆုတောင်းပေးချင်ပါတယ်။ ဪ... ကျွန်တော့် စေတနာထိရောက်စေသား...၊ ကျွန်တော့်မေတ္တာရောင်ပြန်စေသား...၊ ချစ်ခြင်းအားဖြင့် လေးနက်စေသား... ။ ။

4 comments:

ဂျစ်တူး - gyit_tu said...

၅၂၈ ရော .. ၁၅၀၀ ရော .. အချစ်တွေပြည့်နေတဲ့ ပို့စ်လေးကို ဖတ်ပြီး ပြုံးမိတယ် ။

nu-san said...

ပို့စ်ရဲ့နောက်ဆုံးအပိုဒ်လေးကို အကြိုက်ဆုံးပဲ... ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏ လို့လည်း ထပ်ဆင့် ဆုတောင်းပါတယ်... Seen N B Seen လည်း တူသောအကျိုးကို ခံစားနိုင်ပါစေ.... :)

ခင်မင်းဇော် said...

ကောင်းတယ်ဟ ဖတ်လို့ ပို့စ်တင်တာ ကျဲပေမယ့် ဖတ်လို့ကောင်းတာတွေချည်းပဲ။ ချစ်သောသူတွေနဲ့ ပျော်ရွှင်ပါစေနော်.

ခင်မင်းဇော် said...

ကောင်းတယ်ဟ ဖတ်လို့ ပို့စ်တင်တာ ကျဲပေမယ့် ဖတ်လို့ကောင်းတာတွေချည်းပဲ။ ချစ်သောသူတွေနဲ့ ပျော်ရွှက်ပါစေနော်.