စုလျားရစ်ပတ် လက်ထပ် တဲ့ ပွဲ

နိုဝင်ဘာလ ၁၅ ရက်နေ့ကျရင် အရမ်းခင်မင်တဲ့ သူငယ်ချင်းက ရန်ကုန်က Sedona Hotel မှာ သူချစ်တဲ့ "ကို" နဲ့ လက်ထပ်မယ်တဲ့။ အဝေးမှာရောက်နေတဲ့ သူငယ်ချင်းတွေဆီကို Email ကနေ ဖိတ်စာတွေ ဝေလိုက်တယ်။ ကျွန်းပိစိမှာနေတဲ့ ကိုယ်တို့တွေလည်း သူ့မင်္ဂလာဆောင်မှာပြန်ကဲချင်လို့ ရွစိရွစိ။
မြန်မာပြည်က သတို့သမီးကလဲ "ငါ ဘာလက်ဆောင်မှ မလိုချင်ဘူး၊ နင်တို့မျက်နှာတွေပဲ မြင်ချင်တာ။ ငါ့ ဟန်းနီးမွန်းလဲ နင်တို့ကို ခေါ်သွားချင်တာ" ဆိုတော့ခွင့်ယူလို့မရတဲ့ ဒီဘက်က သူငယ်ချင်းတွေရင်ထဲ နေလို့ထိုင်လို့ မကောင်း။ ပြန်ဆုံဖြစ်ကြရင် အရမ်းကို ပျော်စရာကောင်းမှာ သေချာသိနေပေမယ့် ဘ၀ပေးအခြေအနေတွေက အဲဒီ ပျော်ရွှင်ခွင့် ဆီရောက်အောင်မသွားနိုင်။ ဒါနဲ့ပဲ "ငါတို့ဆီကို ဟန်းနီးမွန်း လာခဲ့လေ။ နင်တို့ လိုချင်တဲ့၊ လိုအပ်တဲ့ ပစ္စည်းစာရင်းကိုလဲ ငါတို့ ဘာဝယ်ရမလဲ သိအောင် ပို့ပေးလိုက်ဦး။" လို့ချော့မော့ပြောရတယ်။ လက်ဖွဲ့ပစ္စည်းကို သူတို့လိုချင်တာ၊ လိုအပ်တာလေတွေပဲရစေချင်တဲ့ စေတနာနဲ့ပါ။ ဒီကိစ္စနဲ့ပဲ စုလျားရစ်ပတ်ခွင့် မရရှာသေးတဲ့ ဒီကျွန်းလေးပေါ်က ကိုယ်တို့တတွေ ဆိုင်တစ်ဆိုင်မှာ ထိုင်မိကြတယ် ဆိုပါတော့။
ရင်းနှီးသူတွေ၊ မောင်နှမလိုနေသူတွေ တွေ့ဆုံကြတော့ တစ်ယောက်တစ်ပေါက် အော်ကြ၊ ဟစ်ကြ၊ ရင်ဖွင့်ကြ။ မင်္ဂလာကိစ္စနဲ့ ပတ်သက်ပြီး တွေ့ကြတာဆိုတော့ မင်္ဂလာဆောင်တာနဲ့ ပတ်သက်တဲ့ စကားတွေပဲ ပြောဖြစ်ကြတယ်။ ဘယ်သူတွေ က ဘယ်လိုချဲ့တာ။ ဘယ်သူကတော့ ဒီမှာပဲဆောင်လိုက်တာ စသည်ဖြင့်ပေါ့။
တချို့တွေလဲ မင်္ဂလာရေစင်ဖျန်းဘို့ ရေသန့်သန့်ကို မေခ၊ မလိခမြစ်ဆုံက နေ လေယာဉ်နဲ့ ရန်ကုန်အထိ သယ်တဲ့ အကြောင်း၊ တချို့လဲ တင်တောင်းတဲ့ ပစ္စည်းနဲ့ တကယ်ပေးတဲ့ ပစ္စည်းနဲ့ ကွာနေလို့ ယူပြီးပြီးချင်း ပြန်ကွဲကြတဲ့ အကြောင်း စုံလို့ပါပဲ။ သေချာတာတော့ ကိုယ်တို့တစ်တွေအားလုံး ပြောချင်တာတွေ ပြောပြီးတဲ့နောက်မှာ မြန်မာပြည်က သူငယ်ချင်းလေးအတွက် ပျော်ရွှင်စွာ ဆုတောင်းပေးခဲ့တယ် ဆိုတာပါပဲ။
ကိုယ့်သူငယ်ချင်းက အချစ်နဲ့ ပတ်သက်ပြီး ကြီးကြီးကျယ်ကျယ် ဒဏ်ရာရဖူးတဲ့သူ။ အရှိုက်ကို အထိုးခံလိုက်ရသလို နာကျည်းရှာသူဆိုတော့ သူတသက်လုံးနာနာကျင်ကျင်ကြီး နေသွားမှာ ကိုယ်တို့တွေက မမြင်ချင်ကြဘူး။ သူ့နှလုံးသားလေး အသစ်တဖန်ပြန်နိုးလာမဲ့နေ့ကို ကိုယ်တို့ အားလုံးမျှော်လင့်ခဲ့ကြရတာ။
အခုလက်ထပ်တော့မယ့် သှုက ဒီဒဏ်ရာရှင်လေးကို ဆေးထည့်ပေးခဲ့သူပါ။ အနွံ့အတာခံကုသခဲ့သူပါ။ ဒါနဲ့ပဲ ကိုယ်တို့ သူငယ်ချင်းတတွေ ဒီဒုတိယလူကို အမှတ်ပြည့်ပေးခဲ့ကြတယ်။ သူတို့နှစ်ယောက် စိတ်ဆိုးစိတ်ကောက်ရင်တောင် ပြဿနာကို မေးမနေကြတော့ပဲ သူငယ်ချင်းမကို နင်မှားတာပဲ နေမှာလို့ ပြောလို့ရအောင် ကောင်းတဲ့လူ။ ကိုယ့်သူငယ်ချင်းမကတော့ ပြောရှာတယ်။ "နာကျင်ဘူးတဲ့လူက ပိုပြီး ကြင်နာတတ်ပါတယ်ဟာ၊ နင်တို့ ငါ့ကိုချည်း အပြစ်မတင်ကြနဲ့တဲ့" ။
ဒီလိုနဲ့ စကားဝိုင်းက မယူဖြစ်သေးတဲ့သူတွေ ဘယ်တော့ယူကြမလဲ၊ ဘာလို့မယူကြသေးတာလဲဆိုတဲ့ ဘက်ကိုရောက်သွားပြန်ရော ။
သူငယ်ချင်းတစ်ယောက်ကတော့ သူ့ညီလေးဒီနိုင်ငံရောက်လာပြီး အလုပ်အကိုင်၊ အခြေတကျဖြစ်ပြီးမှ ယူတော့မယ်တဲ့။ မင်းကောင်မလေးက စောင့်နိုင်ပါ့မလားဆိုတော့ သူ့ဘက်ကလဲ သူ့ညီမလေးကို ရောက်လာစေချင်သေးတယ်တဲ့။ နှစ်ဦး သဘောတူဟန်ကိုကျလို့။
နောက်သူငယ်ချင်းကောင်မလေးကတော့ "ငါဖြင့်အေးချမ်းပျော်ရွှင်နေတဲ့အိမ်ထောင်ရေးကို ငါ့အဖေဘက်မှာရော၊ အမေဘက်မှာရော၊ နောက်ဆုံး ငါမိဘတွေ မှာရော မတွေ့ဘူးပါဘူး။ အယုံအကြည်မရှိပါဘူးဟာ" တဲ့။ ဒါဆိုရင် "နင်မယူတော့ဘူးပေါ့" ဆိုတော့ "အေး...ထင်တာပဲ" တဲ့။ ဒါဆိုသူတခြားလူနဲ့ ယူသွားရင်ကောဆိုတော့
"ဒါတော့ သူ့သဘောပဲလေ၊ ငါအယုံအကြည်မရှိတာကြီးကို ဘယ်လိုလုပ်မလဲ" တဲ့။ သူ့ကိုချစ်တဲ့အစ်ကိုကြီး သူ့ကိုပြောင်းလဲနိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပဲ။
နောက်တစ်ယောက်ကတော့ "ငါရော၊ သူရော နောက် ၅ နှစ်အထိ သူ့မိသားစု၊ ကိုယ့်မိသားစု အတွက်ပဲနေဦးမယ်လို့ ဆုံးဖြတ်ထားတယ်" တဲ့။ "ငါအမေကလဲ ငါအိမ်ထောင်ပြုသွားမှာ စိုးရိမ်နေသလို ကောင်မလေးအဖေကလဲ သူ့ကို အိမ်ထောင်မပြုစေချင်သေးဘူး" တဲ့။ ညိုလို့ရနေလို့ တော်သေးရဲ့။
နောက်တစ်ယောက်ကတော့ နောက်နှစ်မယူရင် မယူတော့ဘူးလို့ သူ့ချစ်မမက ရာဇသံပေးထားလို့ အသည်းအသန်ငွေစုနေရတယ်။ အိမ်ငှားနိုင်ဘို့၊ တင့်တောင့်တင့်တယ်ထားနိုင်ဘို့၊ သူ့မိဘ၊ ကိုယ့်မိဘ ဂုဏ်ရှိအောင် တင့်တင့်တယ်တယ် ပွဲလေးလုပ်နိုင်ဘို့ပေါ့။ စုထားတဲ့ ပိုက်ဆံပြည့်ပြီလားဆိုတော့ "ဟီးဟီး..အိမ်ကနည်းနည်းတော့ တောင်းရမယ်ထင်တယ်" တဲ့။ ၀ိုင်းရယ်ခံရတာပေါ့။
နောက်ကောင်မလေးတစ်ယောက်ကတော့ "ငါကတစ်ယောက်တည်း မနေတတ်တာတော့ သေချာတယ်။ ဘေးနားမှာ တစ်ယောက်ယောက်ရှိနေ မှနေတတ်တာလဲ ဟုတ်တယ်။ ဒါပေမယ့် ငါ့အဖော်က ယောကျာင်္းတစ်ယောက်ဖြစ်နေစရာလည်း မလိုဘူး။ မိန်းမတစ်ယောက်ဆိုလဲ ရပါတယ်။ အခြောက်တော့ မဖြစ်ဘူးပေါ့ဟယ်၊ လူတစ်ယောက်ဖြစ်ရင် ပြီးတာပဲ" တဲ့။ သူမို့ ရှာရှာဖွေဖွေ။ အားလုံးက သူ့ကို ဘာပြောရမှန်းမသိ။
နောက်တစ်ယောက်ကတော့ ရှင်းတယ်။ "ဘာမင်္ဂလာဆောင်ပွဲမှ မလိုပါဘူးဟာ၊ လက်မှတ်ထိုးပြီး အရှေ့ ၇ အိမ်၊ အနောက် ၇ အိမ် ဖိတ်လိုက်ပြီးရော"။ လက်ရှိ သူ့ချစ်သူခမျာ ဘာပြောရမှန်း မသိတဲ့ မျက်နှာနဲ့။ ကြောင်တောင်တောင်လေး သူ့ရည်စားကို ကြည့်လို့။ "စိတ်ပေါက်တဲ့နေ့၊ ငါ့အတွက် ကောင်းမယ်လို့ ယုံကြည်ပြီး၊ ငါကလဲ ပြန်ကောင်းနိုင်မှာ သေချာတဲ့နေကျရင် ယူမှာပေါ"့ တဲ့။
စကားတလုံးဝင်မပြောတဲ့ ကိုယ့်သူငယ်ချင်း ဖက်တီးလေးကတော့ ငြိမ်လို့။ သူကြိုက်နေတဲ့ ကောင်မလေးကူရှေ့ပြေးလွှတ်လိုက်တဲ့ အောင်သွယ်ကို ပြန်ပြောလိုက်ပုံက ကြည့်ဦးလေ။ "မလုပ်ပါနဲ့ဟယ်။ သူ့ရုပ်ကို ငါဘယ်လိုမှ ခံစားလို့မရလို့ပါ။ ငါ မင်္ဂလာဦးညကျမှ ကုတင်ပတ်ပြေးနေရမှာကြောက်တယ်" တဲ့။ အောင်သွယ်တော်ကလဲ အောင်သွယ် ပီသစွာ အတိအကျ ပြန်ပြောလေတော့ ကိုယ့်သူငယ်ချင်း အသဲကွဲတာမဟုတ်၊ အသဲပြဲပြီး နောက်တစ်ယောက်ထပ်လိုက်ရမှာ ကြောက်တာနဲ့ မင်္ဂလာဆောင်ဆိုတာ သူနဲ့ လုံးလုံးမှ မဆိုင်သလို ဟိုဘက်ကြည့်လိုက်၊ ဒီဘက်ကြည့်လိုက် နားထောင်နေရဲ့။
နောက်သူငယ်ချင်းနှစ်ယောက်ကတော့ နောက်နှစ်ဆိုရင် သူတို့အလှည့် "အကြီးအကျယ်ကြီး မလုပ်တော့ပါဘူးဟာ၊ ဒီမှာပဲ အကျဉ်းချုံး လက်မှတ်ထိုး၊ ခင်မင်တဲ့ လူလောက်ပဲ ဖိတ်မှာ" တဲ့။ ဘာပဲဖြစ်ဖြစ် ချစ်သူတို့ ဘ၀ရဲ့ လမ်းဆုံးပန်းတိုင်က အချစ်တွေနဲ့ ချယ်မှုန်းထားရင် အလှဆုံးဖြစ်နေပြီပဲ မဟုတ်လား။
နောက်ကိုယ့်သူငယ်ချင်းကောင်မလေးကတော့ "ငါကတော့ မရဘူး။ အလှဆုံးနဲ့ အခမ်းနားဆုံးဖြစ်ချင်တာ။ ပန်းဆိုလဲ နှင်းဆီန်ီတွေချည်း၊ ၀တ်စုံဆိုလဲ နှစ်စုံလဲရမှ၊ ဘယ်လောက်ကုန်ကုန်" တဲ့။ သူ့ ကိုကို အဲဒီနေ့က မျက်ခုံးလှုပ်နေမယ်ထင်ရဲ့။
ကျွန်တော်လား။ ကျွန်တော်လည်း ဘယ်နေမလဲ။ ချစ်လှစွာသော လီယိုမလေးကို မေးတာပေါ့။ ကျွန်တော့်ချစ်သူ ဂေါက်တီးဂေါက်တောက် လေးက...
"ကျွန်တော် အေးအေးချမ်းချမ်းလေး ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လွတ်လပ် ပျော်ရွှင်နေတာ မကြည့်ချင်ဘူးလား၊ အချစ်ဆိုတာ ကောင်းမွန်သော စေတနာ အမြဲ ရှိနေတာတဲ့။ ခင်ဗျားပဲ အရမ်း စေတနာရှိတယ်ဆိုပြီးပြောပြောနေပြီးတော့။ ကျွန်တော်ဆှိ ခင်ဗျားကို စေတနာရှိတယ်။ မိဘလုပ်ကျွေးပြီး ပိုတဲ့ ပိုက်ဆံ Game ပဲ ဆော့ဆော့၊ ဘာပဲလုပ်လုပ် ပျော်ပျော်ရွှင်ရွှင် နေပါစေလို့ စဉ်းစားပေးထားတာ။ သားကျွေးမှု၊ မယားကျွေးမှုနဲ့ ပူလောင် အလုပ်တွေရှုပ်ပြီး ဘာလုပ်မှာလဲ။" တဲ့။ " ဒီလက်ထပ်တဲ့ ကိစ္စကြီးပဲ ခဏခဏ ပြောပြောနေရတာ ခင်ဗျား ဗိုက်ကြီးနေတာတော့ မဟုတ်ပါဘူးနော်...ဟီးဟီး" တဲ့။
ဟင်း...ကဲ ဒါနဲ့ပဲ ကျွန်တော်တစ်ယောက် ကိုယ်စကားနဲ့ကိုယ် သူပြောတဲ့ စေတနာမျိုးရှိချင်ယောင်ဆောင်နေရဆဲ ဖြစ်ကြောင်းပါ အရပ်ကတို့ခင်ဗျာ။ ။
11 comments:
ရေးလိုက်ရင် တစ်ပုဒ်ဆိုသလိုတစ်ပုဒ်ဘဲ....ရှင်းရှင်း လင်းလင်း ထိထိမိမိနဲ့ ရသမျိုးစုံကို ပေးနိုင်တယ်...။
အားပေးနေပါတယ်...။
နောက်ဆုံးပိုဒ်ကိုဖတ်ပြီး ရီသွားပါသည်။
See And Be Seen က စာရေးကောင်းတာ.. အပြောလည်း ကောင်းမှာပါ.. ကြိုးစားပြီး စည်းရုံးကြည့်ပါဦး... Leo မလေးနဲ့ လက်ထပ်ပွဲ ကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေကွာ... :)
"အချစ်ဆိုတာ ကောင်းမွန်သော စေတနာ အမြဲ ရှိနေတာ.....
ချစ်သူတို့ ဘ၀ရဲ့ လမ်းဆုံးပန်းတိုင်က အချစ်တွေနဲ့ ချယ်မှုန်းထားရင် အလှဆုံးဖြစ်နေပြီပဲ မဟုတ်လား...
နာကျင်ဘူးတဲ့လူက ပိုပြီး ကြင်နာတတ်ပါတယ်..."
ကျေးဇူးတင်ပါတယ်။
နောက်လဲ လာဖတ်ပါဦးမယ်။
ကောင်မလေးက ဘာမှ မတောင်းဆိုရင် စိတ်ပိုအေးချမ်းတာပေါ့။ ကျွန်မက ဖြစ်ချင်တာတွေ များတော့ ကျွန်မကိုချစ်ရတဲ့ သူ့ခမျာ သိပ်မလွယ်ရှာဘူး။ အချစ်ဆိုတာ လှပရင်ခုန်ဖွယ် ကောင်းပေမယ့် အိမ်ထောင်ရေးနှင့် ပေါင်းလိုက်ချိန် ဘ၀ရဲ့ လိုအပ်ချက်တွေ ညှိနှိုင်းမှုတွေက သိပ်များတာမို့ တခါတလေ ကိုယ်တိုင်တောင် ဘာလို့များ လက်ထပ်ရတာပါလိမ့်လို့ တွေးမိသေး။ ချစ်တဲ့ကောင်မလေးနှင့်အတူ ပျော်ရွှင်စွာ ၊ အခက်ခဲကင်းဝေးစွာ ၊ သာယာချမ်းမြေ့စွာနဲ့ ဘ၀ခရီးလမ်းတစ်ခုလုံး လှပပါစေရှင် :)
ဒါလေးဖတ်ပြီး ပြုံးမိတယ် ။
ဒါနဲ့ လီယိုမလေးက တကယ်ပဲ ခင်ဗျား နဲ့ ကျွန်တော်လို့ ပြောလား ။
Phyo Evergreen ရေ...ကျေးဇူးပါဗျာ။ ကျွန်တော့်လို စာရေးကျဲတဲ့လူကို လာဖတ်ပေးနေတာကိုပဲ ကျေးဇူးတင်လှပါပြီ။
Brave - ရယ်တယ်ပေါ့လေ။
အစ်မနု-စံ - ပေးတဲ့ဆုနဲ့ မြန်မြန်ကြီးပြည့်စုံပါစေဗျာ။ ဟီးဟီး...ကျွန်တော်က အပြောအဆို တော်တော်ညံ့တယ်လို့ အမေကတော့ ပြောတာပဲ။ ဟုတ်နေပြီထင်ပါရဲ့ဗျာ။
ကိုအောင်မိုး... ကျေးဇူးအထူးဗျာ။
ညီမလင်းလတ်ရေ...ချစ်သူမိန်းကလေးကို သူလိုအပ်တာအားလုံး ဖြည့်စည်းပေးနိုင်ဘို့ ကြိုးစားပေးတာရော...ချစ်သူမလိုချင်တာတွေ သူ့ကိုမပေးမိအောင် ကြိုးစာရတာရော ယောကျာင်္းတို့ရဲ့ အချစ်ပါပဲ။ ဘ၀ထဲကို အချစ်ရောက်လာတဲ့အခါ ပျော်ရွှင်ကြည်နူးရသလို လက်ထပ်ခြင်းရောက်လာတဲ့အခါ နွေးထွေးပြည့်စုံသွားတယ်လို့ ခံစားရဦးမှာပါ။ ညီမပျော်ရွှင်ပါစေ။ ချစ်သောသူနဲ့ ရာသက်ပန် လက်တွဲနိုင်ပါစေဗျာ။
အစ်မဂျစ်တူးရေ...စိတ်မကြည်အောင်လုပ်မိတဲ့ အချိန်ဆိုရင်တော့ ခင်ဗျား၊ကျွန်တော်ပေါ့။ စိတ်တိုအောင်လုပ်မိရင်တော့ ဟေ့ယောင်....မင်း မိုက်လို့လားပေါ့။ စိတ်ပျော်နေတဲ့ အချိန်ဆိုရင်တော့....ဟဲဟဲ ဪ...နာမည်ကို ခေါ်တယ်လို့ ပြောမလို့ပါ။
ကျေးဇူးပါ အစ်မရေ။
မနေ့ကရုံးမှာ ဖတ်ရတယ် ကောမန့်ရေးမရလို့ ခုမှ ရေးဖြစ်တာ လီယိုမလေးနဲ့ အမြန်ဆုံးအိုကေပါစေ နော်။
အသက်မငယ်တော့ဘူးလေ လို့ပြောလေ..ဟဟ
"စုလျားရစ်ပတ် လက်ထပ် တဲ့ ပွဲ"
အမြန်ဆုံးဆင်နွှဲနိုင်စေသောဝါ....
Really Nice post,
I do accept that "painful girl knows how to love & care more than others" because she knows which actions is bad.
Every girl has dream to get married beautifully. The important thing is the agreement between two lovers, if one accept the other one's desire....it's will be very peaceful. And also, guy must do the things that he has been promised to his girl. If so, girl will be happy coz of him. If not, she will feel something wrong coz of him.
ခင်ဗျားကြီး ဗိုက်ကြီးနေတာတော့ မဟုတ်ဘူးနော် ဆိုပဲ... အဟား... သဘောကျတယ် ခင်ဗျာ။
Post a Comment