Saturday, July 28, 2007

ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ




အစစအရာရာ တိုးတက်ခေတ်မီခြင်း၏ တခြားတဖက်သည် ကလေးငယ်များအတွက် လွယ်ကူစွာ လိမ့်ကျနိုင်သော ချောက်ကမ်းပါးတစ်ခု ဖြစ်နေနိုင်ပါသလား။ မနေ့က မိမိကြုံတွေ့ရသော ကလေးငယ်တစ်ဦး၏ ပြသာနာသည် မိမိကိုယ်တိုင်ပင် တိုးတက်ခေတ်မီခြင်း ဆိုတာကြီးကို ထိတ်လန့်မိပါသည်။



ဤနိုင်ငံရှိ ကလေးငယ်တော်တော်များများတွင် ကိုယ်ပိုင် email account များရှိကြသည်။
များသောအားဖြင့် ကျောင်းများက ၀ယ်ယူအသုံးပြုထားသော Education Website များ၏ email account များဖြစ်သည်။ ဆရာ၊ ဆရာမ အားလုံး၊ ကလေးအားလုံး၏ email လိပ်စာများကို အလွယ်တကူရရှိနိုင်သော Portal များဖြစ်သည်။

တစ်နေ့တွင် ကလေးမလေး တစ်ယောက်သည် ငိုယိုပြီး ကျောင်းရှိ IT Department ထံသို့ စာတစ်စောင်လာပို့သွားခဲ့သည်။ သူမ၏ သူငယ်ချင်းတစ်ဦးသည် သူမ၏ email password ကိုသိပြီး၊ အဆိုပါ email account ဖြင့် တစ်တန်းလုံးရှိ ယောင်္ကျားလေးများထံ အလွန်ညစ်ညမ်းသော စာတစ်စောင် ပို့လိုက်သော ကိစ္စဖြစ်သည်။ ထိုစာ၏ အဓိပ္ပါယ်သည် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ပြုမူလုပ်ဆောင်လိုပါသဖြင့် မျှော်လင့်နေကြောင်းကို ယောကျာင်္းလေးများအား အသိပေးကြေငြာထားခြင်း ဖြစ်သည်။ မိမိရင်နာမိသည်မှာ ထိုပြစ်မှုကျူးလွန်သော ကလေးမလေးသည် ယခု Primary 4 တက်ရောက်နေပြီး အသက်အရွယ်အားဖြင့် ၁၀ နှစ်ခန့်သာ ရှိသေးသောကြောင့် ဖြစ်သည်။

၁၀ နှစ်အရွယ် ကလေးတစ်ယောက်အတွက် အဆိုပါ ကိစ္စနှင့်ဆိုင်သော ဗဟုသုတသည် မိဘများသင်ကြားပေးသည်တော့ မဟုတ်တန်ရာ။ Internet ကသင်ကြားပေးခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော် သူတစ်ပါး၏ email account ကို ခိုးယူသုံးစွဲ၍ ထိုကဲ့သို့စာမျိုးပို့ခဲ့သော စိတ်ဓါတ်ကိုမူ၊ ၁၀ နှစ်အရွယ် သမီးလေး မည်သည့်နေရာက သင်ကြားတက်မြောက်ခဲ့ပါလဲ။ အဲဒီလို လုပ်ရဲတဲ့ သတ္တိကို သမီးငယ်လေးအတွက် မည်သူက ရိုက်သွင်းပေးခဲ့ပါသလဲ။

မိမိတို့လူမျိုးများ အတွက် တိုးတက်သော နိုင်ငံခြားတိုင်းပြည်များတွင် ကလေးငယ်များကို ကျောင်းထားနိုင်သည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။ မိမိရင်သွေးကို လူတကာနှင့် ရင်ဘောင်တန်းလိုက်လျှင် ရှေ့ဆုံးမှာ ရှိစေချင်သော မေတ္တာတရားဖြင့် ကြိုးစားကြရခြင်းလဲ ဖြစ်သည်။ သို့သော် မိမိတို့၏ သမီးငယ်လေးများကို တိုးတက်မှု၏ နောက်ကွယ်မှ အရိပ်မည်းကြီး မစွန်းထင်းမိအောင်၊ မိမိကိုယ်ကို ကာကွယ်တတ်အောင်၊ အဆိုးနှင့်အကောင်း ခွဲခြားနားလည်အောင်၊ အတုယူမမှားအောင် အထူးသဖြင့် မိခင်များက အမြဲတမ်း သင်ကြားနေဘို့ လဲလိုအပ်ပေလိမ့်ဦးမည်။

မိမိအခန်း ဌားနေသော အိမ်ရှင်တွင် ၁၀ နှစ်အရွယ် အမွှာသမီးလေး နှစ်ယောက်ရှိကြသည်။ အလွန်ချစ်စရာကောင်းသော သမီးငယ်လေးများ ဖြစ်သည်။ သူတို့မိခင်သည် အပြင်အလုပ်ကို လုပ်နိုင်သော်လည်း မလုပ်ဘဲ သမီးကလေးနှစ်ယောက်ကို သာ သူမ၏ အချိန်အားလုံး ပေးထားသည်။ ထမင်းအတူတူစား၊ အိမ်စာအတူလုပ်၊ အတူဈေးသွား၊ နောက်ဆုံး ကလေးနှစ်ယောက် Internet Chatting လုပ်နေလျှင်လည်း မိခင်က ဘေးကရှိမြဲ။ မြန်မာစာကို ကောင်းကောင်းမွန်မွန် ရေးတတ် အောင်သင်ပေးသလို၊ တနင်္ဂနွေ နေ့တိုင်းလဲ ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဘာသာ သင်တန်းလိုက်ပို့ပေးသေးသည်။ ဘုရားရှိခိုး အမျိုးမျိုး ကို အင်္ဂလိပ်လိုရော၊ မြန်မာလိုပါ ရွတ်ဆိုနိုင်သလို၊ မိန်းကလေးတို့ သိသင့်သော အန္တရာယ်အမျိုးမျိုးကို လဲ မိခင်ကဘေးနားက ပြောပြဆုံးမ နေတတ်သည်။ ဒီနိုင်ငံတွင် ကြီးပြင်းလာသော်လည်း သမီးငယ်လေးများသည် ခေတ်မီ၍ လိမ္မာကြသည်။ ယဉ်ကျေး၍ မိဘကို အလွန် စာနာတတ်ကြသည်။ အလွန်ကြည်နှုးလေးစားဖွယ်ကောင်းသော မိသားစုလေးဖြစ်သည်။

မိဘနှစ်ဦးလုံး အလုပ်လုပ်ရသော မိသားစုမျိုးတွင် သမီးငယ်လေးများသည် မိခင်နှင့် နွေးထွေးသော ရင်းနှီး ဆက်ဆံမှု ရှိရန်လိုအပ်ပေသည်။ ဤနိုင်ငံတွင် Secondary School အရွယ်သည် ယောင်္ကျားလေးများနှင့် ပွင့်လင်းစွာ ရင်းနှီးလွန်သော အခြေအနေများကို ဖန်တီးတတ်ကြပြီ။မြန်မာအငွေ့အသက်ဖြင့် ခံစားရလျှင် မိမိ ပိုးမွေးသလို မွေးခဲ့ရသော သမီးငယ်လေးသည် ၁၆ နှစ် မပြည့်မီကပင် ယောင်္ကျားလေးများ၏ အိပ်ယာထဲ ရောက်နေလျှင် မည်သို့သော တရားနှင့် ဖြေသိမ့်ရပါမည်နည်း။

တချို့မိခင်များသည် မိမိကလေးများ မြန်မာလို မပြောတတ်သည်ကိုပင် ဂုဏ်ယူနေကြသေးသည်။ ဘုန်းကြီးကျောင်းတွင် သူများအလှူကိုအလကားလာစားရင်း “ကလေးတွေက ဒီမှာကြီးတော့ မြန်မာလိုမပြောတတ်ဘူးလေ.. ဟင်း..ဟင်း..ဟင်း.. “ ဟုလူပုံအလယ်ဂုဏ်ဖော်နေကြသေးသည်။ အလွန်ထူးဆန်းအံ့သြဖွယ်ကောင်းလေစွတကား။ မိမိကိုယ်တိုင် မြန်မာစင်စစ်ဖြစ်ပါလျှက်၊ မြန်မာပြည်မှာ နေထိုင်ခဲ့ဘူးပါလျှက် မိမိကလေးမြန်မာစကားမတတ်ခြင်းသည် လူပုံအလယ် ကြွားဝါရသော ကိစ္စတစ်ခုဖြစ်ပါသလား။ အချိန်ယူ၍ မြန်မာစကားမသင်ပေးနိုင်လျှင်လည်းရှိပါစေတော့။ သို့သော် မျက်စချီ၍ဂုဏ်ယူဝမ်းမြောက်နေခြင်းကတော့ တဆိတ်လွန်လွန်းသည်ဟု ခံစားမိသည်။ မြန်မာစကားမပြောတတ်တာကိုပင် မိဘကိုယ်တိုင်က ဂုဏ်ယူနေလျှင်ကလေးငယ်ကို မြန်မာ့အငွေ့အသက်၊ မြန်မာ့သဘာဝကို ချစ်တတ်ဘို့ဆိုလျှင် ပို၍ပင်ဝေးပေလိမ့်မည်။ ပြောသူသာ အရူးဖြစ်ပေလိမ့်မည်။

တခါတရံတွင် မြန်မာလူမျိုးများ ကိုယ်တိုင်ပြောသော မြန်မာလူမျိုးများကို လှောင်ပြောင်သည့် ဟာသများလည်းရှိသေးသည်။ မိမိကြားဖူးသည့် ဟာသတစ်ခုမှာ
“နိုင်ငံတကာမှ ခရီးသည်များစွာ တင်ဆောင်ပျံသန်းလာသော လေယာဉ်တစ်စင်းသည် စက်ချွတ်ယွင်းသဖြင့် လေယာဉ်ပေါ်ရှိအမျိုးသားခရီးသည် ၁၀ ခန့် ခုန်ချမှသာ ကျန်လူအားလုံး၏အသက်ကို ကယ်တင်နိုင်မည်ဟု ကြေငြာလိုက်သည်တဲ့။ ထိုအခါ ပထမဦးဆုံး ယောင်္ကျားကြီးတစ်ဦးထလာပြီး ရဲရဲဝင့်ဝင့်ဖြင့် “ဟေ့ ဟစ်တလာ” ဟုအော်ပြီး ခုန်ချသွားတယ်တဲ့။ နောက်တစ်ယောက်ကလဲ “ဟေ့ ဂေါ်ဗာချော့” ဟုအော်ပြီး ခုန်ချလေ၏တဲ့။ ဒီလိုပဲ မိမိတို့ နိုင်ငံရဲ့ မိမိဂုဏ်ယူတဲ့ ခေါင်းဆောင်နာမည်တွေကို အော် အော်ပြီး ခုန်ချကြသည်ပေါ့လေ။ နောက်တော့ တောင်ရှည်နဲ့ ခေါင်းပေါင်းနဲ့ ၀တ်ထားတဲ့ မြန်မာကြီးတစ်ယောက် ထလာပါရောတဲ့။ ဒီနောက်မှာတော့ လွန်စွာမှ အောင်မြင်ခံ့ညားသောအသံဖြင့်
“ဟေ့ ဗိုလ်ချုပ်အောင်ဆန်း” လို့ အော်ပြီးဘေးနားက ကုလားကို တွန်းချလိုက်ရောတဲ့။”

ငယ်သေးသောအရွယ် မိမိလည်း ကြားဖူးခါစက ရယ်မိသေးသည်။ နောက်တဖြည်းဖြည်း အသက်အရွယ် ရလာတော့ မြန်မာကို သရော်ထားတာပါလားဟု တွေးမိတတ်လာသည်။ တကယ်တော့ မြန်မာ့ ရေမြေ ၊ မြန်မာ့ သဘာဝသည် မြတ်နိုးဖွယ်ရာ ဖြစ်သည်။ အထူးသဖြင့် မိန်းကလေးများအတွက် ကောင်းမွန်သော အလေ့အထ များစွာလဲရှိသည်။ ဗိုင်းကောင်းကျောက်ဖိ နှင့် ရယ်စရာရှိလျှင်လည်း ပြုံးရုံသာ ပြုံးရမည် ဆိုသော အယူဝါဒမျိုးကို လိုက်နာရန် မလိုအပ်တော့သော်လည်း နိုင်ငံခြားတိုင်းပြည်များ၏ ပန်းကလေးများကို သဘာဝအလျှောက်မပွင့်လန်းစေဘဲ ပွင့်ဖတ်များကို အတင်းဆွဲလှန်၍ ဇွတ်အတင်း ပွင့်စေနိုင်သော ဓလေ့မျိုးကို တော့ရှောင်ရှားသင့်သည်ဟု ထင်ပါသည်။

အချိန်တန်လျှင် သဘာဝအတိုင်း လှပစွာ ပွင့်လန်းလာကြမည်ဖြစ်သော၊ ဖူးတံဝင့်ချီနေသည့် မြန်မာ့ချစ်သမီးငယ်လေးများသည် နိုင်ငံတကာအလယ်တွင် တောက်ပသော၊ မွှေးကြိုင်သော ပန်းပွင့်လေးများ ဖြစ်ကြပါစေသတည်း။ ထို့ထက်ပို၍ မြန်မာ့ရေမြေ သဘာဝကို ချစ်တတ်သော နှလုံးသားများကို ပိုင်ဆိုင်ကြပါစေသတည်း။ သည့်ထက်ပိုနိုင်ခွင့် ရှိသေးလျှင် အမိမြေကို အကျိုးပြုနိုင်သော၊ မြတ်သော မိန်းကလေးများ ဖြစ်ကြပါစေသတည်း ဟုဆုတောင်းချင်ပါသည်။ ။

Wednesday, July 25, 2007

မျှော်လင့်ခြင်း

၂၀၁၅ ခုနှစ်အတွက် စင်္ကာပူနိုင်ငံရဲ့ IT တိုးတက်မှုကို မျှော်လင့်ပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုလေးပါ။ အမိနိုင်ငံတော်ကြီးသာ ဖြစ်လိုက်ပါတော့။ ။

Sunday, July 15, 2007

ကလေးတွေရဲ့ NE Show



စင်္ကာပူနိုင်ငံရဲ့ National Day မရောက်ခင်မှာ Primary 5 ကလေးတွေကို ခေါ်ပြတဲ့ ပွဲလေးကို National Education (NE) Show လို့ခေါ်ပါတယ်။ ဒီပွဲမှာ ပြတဲ့ Performance တွေကို National Day မှာ လူထုကို ပြတာပါ။ အရွယ်ရောက်စပြုတဲ့ ကလေးတွေရဲ့ ရင်ထဲကို မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တွေ ရိုက်သွင်းပေးနိုင်တဲ့ တော်တော် ထိရောက်မှုရှိတဲ့ ပွဲလေးတစ်ခုပါပဲ။

ဒီပွဲကို စင်္ကာပူရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Marina Bay မှာ ကျင်းပတာပါ။ ကွင်းထဲကို ၀င် ၀င်ချင်းမှာ ဘေးလွယ်အိတ် ကြီးတစ်လုံးစီဝေပါတယ်။ အဲဒီအိတ်ထဲမှာ မုန့်မျိုးစုံ၊ စင်္ကာပူအလံ၊ မီးထွန်းပြီး ဝေ့ရမ်းနိုင်တဲ့ ကြယ်ပုံစံ အရုပ်လေးများ၊ အသားမှာ ကပ်လို့ရတဲ့ (စင်္ကာပူအလံ) စတစ်ကာလေးများ၊ ဖွင့်လိုက်ရင် Happy Birthday Singapore ဆိုပြီး မီးလင်းလာတဲ့ ပန်ကာလေးများ၊ ရေသန့်ဘူး နှင့် မီးလုံးလေးနှစ်လုံး ပါတဲ့ ချစ်စရာ ဦးထုပ်လေးများ ပါဝင်ပါတယ်။

ပထမဦးဆုံး စင်္ကာပူနိုင်ငံ အတွက်စပ်ဆိုထားတဲ့ သီချင်းများကို အဆိုတော်များက ကားလေးများ ပေါ်မှ သီဆိုကြပါတယ်။ အဲဒီအချိန်မှာတော့ ကလေးတော်တော်များများက သီချင်းကိုစိတ်မ၀င်စားကြပါဘူး။ သူတို့ အထုပ်ကြီးတွေနဲ့ အလုပ်ရှုပ်နေကြတာပါ။ ဓါတ်ခဲထည့်ရ၊ မုန့်စားကြနဲ့ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ကြပါဘူး။



အဲဒီနောက်မှာတော့ စင်္ကာပူရဲ့ နာမည်ကြီး Orchestra တစ်ခုက အကတွေနဲ့ ဖျော်ဖြေပါတယ်။ အရောင်တောက်တောက်ပပနဲ့ အရုပ်တွေလို ၀တ်စားထားတဲ့ လူငယ်တွေကလဲ ကလေးတွေကြားမှာ ဆပ်ပြာပူဖောင်းလေးတွေ လိုက်မှုတ်နေကြပါတယ်။
အဲဒီအချိန်မှာ Presenter တွေက စင်္ကာပူနိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူသလားလို့ မေးတဲ့အခါ ကလေးအားလုံးက Yes လို့ အကျယ်ကြီး အော်ပြီး ဖြေကြလေရဲ့။ လက်ထဲက သူတို့နိုင်ငံ အလံတွေက လေထဲမှာ တဖျတ်ဖျတ်နဲ့ပေါ့။
အဲဒီနောက်မှာတော့ ကြည်း၊ရေ၊လေ တပ်များ ချီတက်လာကြပါတယ်။ ပညာရေးဝန်ကြီးလာတဲ့အခါ ကလေးတိုင်းက ဆရာမတွေ ဘာမှ ပြောစရာမလိုဘဲ မတ်တတ်ရပ်ပြီး နှုတ်ဆက်ကြလေရဲ့။ စစ်သားတွေက ၀တ်စုံအပြည့်နဲ့ ကလေးတွေကြားထဲ ၀င်ပြီး သရုပ်ပြတဲ့အခါ သူတို့လေးတွေ ဂုဏ်ယူကြည်နူးတဲ့ အပြုံးတွေနဲ့ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်လို့။ စစ်သားတွေကို သူတို့က ချစ်တယ်တဲ့လား။
အဲဒီနောက် လေထီးနဲ့ လူ ၅ ယောက်က ကောင်းကင်ယံကနေ စင်မြင့်ရှိရာ ရေပြင်ဆီကို ဆင်းသက်တဲ့ သရုပ်ပြကွက်ကို ပြပါတယ်။ သူတို့တွေတစ်ယောက် ဆင်းလာတိုင်း ကလေးတွေက စင်္ကာပူ လို့ အော်လိုက်ကြတာ မိုးပွင့်မတတ်ပါပဲ။ ကလေးတွေရဲ့ ရင်ထဲမှာ သူတို့တိုင်းပြည်၊ သူတို့ရေမြေကို ဂုဏ်ယူတတ်အောင် ငယ်ငယ်လေးထဲက လေ့ကျင့်သင်ကြားပေးတာ ထင်ပါရဲ့။

ကလေးတွေအကြိုက်ဆုံးပြကွက်ကတော့ ရဟတ်ယာဉ်တွေနဲ့ စင်္ကာပူ အလံကို သယ်ဆောင်လာတဲ့ ပြကွက်ပါပဲ။ ကလေးတော်တော်များများ မတ်တတ်ရပ်ပြီး ဓါတ်ပုံတွေ ရိုက်လိုက်ကြတာ။ ဒီကြားထဲ အလေးပြုနေတဲ့ ကလေး ကရှိလို့ ရီကြရသေးတယ်။ တိုက်လေယာဉ်တွေ ကလဲ ပြကွက် အမျိုးမျိုးနဲ့ ပျံသန်းပြသကြလေရဲ့။ ကလေးတစ်ယောက်ကတော့ ငါကြီး လာရင် တိုက်လေယာဉ်မောင်းမယ်လို့ အကျယ်ကြီးအော်နေလေရဲ့။ ဒါ့အပြင်တင့်ကားတွေကလဲ ကွင်းထဲမှာ မောင်းပြတယ်။ ပွဲကြည့်စင်ကနေ လှမ်းမြင်နေရတဲ့ တံတားပေါ်ကနေ စစ်သားတွေက ရေထဲ ဒိုင်ဗင်ထိုးပြကြတယ်။ ကလေးတွေရဲ့ ရင်ကို တက်ကြွစေတဲ့ ပြကွက်တွေပေါ့နော်။

ဒါအပြင် လေဆာရောင်ခြည်နဲ့ ပုံဖော်ပြီး ကပြတဲ့ ကကွက်တွေနဲ့ မီးရှုးမီးပန်း မျိုးစုံကိုလဲ ပစ်ဖေါက်ပြသေးတယ်။ ၅ နာရီလောက် က စပြီး ပြတဲ့ ပွဲဟာ ၈ နာရီ ခွဲမှာ ပြီးဆုံးသွားပါတယ်။

ပညာရေးကို ဦးစားပေးတဲ့ တိုင်းပြည်မှာ ကလေးတွေ ပညာတော်ဘို့ အပြင် တိုင်းပြည်ကို ချစ်အောင်လဲ လေ့ကျင့်သင်ကြားပေးကြရမှာပေါ့လေ။ ကိုယ့်တိုင်းပြည်မှာ ပညာတတ်တွေ နေချင်လေ၊ တိုင်းပြည်တိုးတက်လေ ပဲပေါ့လေ။

ကလေးတွေပိုင်တဲ့ အနာဂတ်ကို သူတို့စိတ်ကြိုက် ပုံဖော်တဲ့ အခါ တိုင်းပြည်ချစ်စိတ်နဲ့ ပုံဖော်နိုင်စေဖို့ ပြုလုပ်တဲ့ ပွဲလေးတစ်ခုပဲလို့ မှတ်ချက်ချမိ ပါတော့တယ်။ ။



Sunday, July 8, 2007

မုန်လာဥ၊ ကြက်ဥ၊ လ္ဘက်ခြောက် နှင့် ကျွန်တော်




ဘ၀မှာ တခါတလေ သီချင်းလေးတစ်ပုဒ်၊ စာလေးတစ်ကြောင်း ဖတ်မိလို့ စိတ်ထဲမှာ အပြောင်းအလဲ ဖြစ်သွားတတ်တာတွေရှိပါတယ်။ စိတ်အတွေး အမြင်လေးတွေ ပြောင်းသွားတာ၊ အသိဉာဏ်ထဲမှာ ရုတ်တရတ်လင်းသွားတာမျိုးပေါ့။ ကျွန်တော်လဲ ဒီလိုပါပဲ။ စာအုပ်လေးတစ်အုပ်ထဲက ဒီမုန်လာဥ၊ ကြက်ဥ၊ လ္ဘက်ခြောက် ဆိုတာလေး ဖတ်မိပြီး ကိုယ့်ကိုကိုယ်ပြန်မြင်လာမိပါတယ်။ သူ့စာလေးက ဒီလိုဆိုထားပါတယ်။


လူတစ်ယောက်က သူလုပ်သမျှ ဘာမှ အဆင်မပြေလို့ ဘ၀ကိုစိတ်ပျက်ပြီး သူ့ဖခင်ရှေ့မှာလာပြီးငိုကြွေးပါတယ်။ သူ့ဖခင်က သူ့ကိုဘာမှမပြောဘဲ မီးဖိုချောင်ထဲ ခေါ်သွားတယ်တဲ့။ ပြီးတော့မှ ရေနွေးပွက်ပွက်ဆူနေတဲ့ အိုးထဲကို မုန်လာဥရယ်၊ ကြက်ဥတစ်လုံးရယ်၊ လ္ဘက်ခြောက်ရယ် ထည့်လိုက်တယ်။ ခဏနေတော့မှ အိုးထဲက ဒီသုံးခုကို ဆယ်ယူလိုက်တယ်။ ပြီးတော့ သူက ဘာပြောသလဲဆိုတော့ မုန်လာဥက သူ့ကိုကြည့်လိုက်ရင် မာကျောပေမယ့် လောကဓံဆိုတဲ့ ရေနွေးပူနဲ့ တွေ့တဲ့အခါ ပျော့စိသွားတယ်တဲ့။ သင်ကဒီလိုလူမျိုးလားတဲ့။ ကြက်ဥကတော့ သူက အစကတော့ အက်ကွဲလွယ်၊ ထိရှလွယ်ပေမယ့် လောကဓံနဲ့တွေ့တဲ့အခါ မာကျောလာတယ်တဲ့။ သင်ကဒီလိုလူမျိုးထဲမှာရော ပါလားတဲ့။ တတိယ လ္ဘက်ခြောက်ကတော့ သူကိုကြည့်လိုက်ရင် ဘာမှ မဟုတ်သလိုနဲ့ ရေနွေးပူကိုတောင် အရောင်ပြောင်းပစ်နိုင်တယ်တဲ့။ သဘောကတော့ လူပုံကဘာမှ မဟုတ်သလိုနဲ့ လောကဓံကိုတောင် တမျိုးပြောင်းလဲသွားစေနိုင်တယ်လို့ ဆိုလိုတာပါ။ သင်က ဒီအုပ်စုထဲက လူမျိုးလားတဲ့။ ကိုယ့်ကိုကိုယ်ပြန်မေးပြီး ဘယ်လိုလူမျိုးဖြစ်သင့်သလဲဆိုတာ စဉ်းစားကြည့်ပါတဲ့။ ဒီစာလေးကို ဖတ်ပြီး ကိုယ့်ကဘာပါလိမ့်လို့ စဉ်းစားလိုက်တဲ့အခါ လ္ဘက်ခြောက်မဟုတ်တာတော့ သေချာတယ်ဗျ။ မုန်လာဥ မဖြစ်ချင်တာလဲ သေချာနေတော့ ဘာပဲဖြစ်ဖြစ် ကြက်ဥအဆင့်လောက်တော့ ဖြစ်အောင်နေမယ်လို့ ဆုံးဖြတ်မိပါတယ်။

ကျွန်တော် တခါတလေကျရင် လုပ်ငန်းခွင်ထဲမှာ စိတ်ပျက်၊ စိတ်ညစ်ရတာတွေ အများကြီးကြုံရတယ်။ အဓိက က တော့ ဘာမှ မသိတဲ့ Team Leader ရဲ့ ဦးဆောင်မှုနဲ့ အလုပ်လုပ်ရလို့ပါ။ သူက ဘာမှ မသိတော့၊ သူ့အလုပ်တွေရော၊ ကျွန်တော့အတွက် လုပ်ရမယ့်အလုပ်တွေရော အမြဲတမ်းလုပ်ပေးလာရတာ ခြောက်လလောက်ကျတော့ လူက ပေါက်ကွဲလာရော။ ဒီကောင်ကဘာလဲ၊ လူပါးဝတာလားဆိုပြီး နေလို့ထိုင်လို့မကောင်းဘူး။ ရုံးကိုမသွားချင်ဘူး ဆိုပါတော့ဗျာ။ အဲဒီအချိန်မှာ စာလေးတစ်ပုဒ်ဖတ်မိပါတယ်။ သူကဒီလိုဆိုထားတယ်ဗျ။

လက်သမားဆရာကြီးတစ်ယောက်က အသက်ကြီးလာလို့ သူ့အလုပ်ရှင်ဆီမှာ အလုပ်နားခွင့်တောင်းတယ်တဲ့။ အလုပ်ရှင်ကလဲ နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်လုပ်ပေးပါဦးဆိုပြီး တောင်းဆိုသတဲ့။ ဒီတော့ လက်သမားဆရာကြီးက တသက်လုံး သူ့အတွက် အလုပ်လုပ်ပေးခဲ့တာတောင် ခိုင်းနေတုန်းပဲလို့တွေးပြီး စိတ်တိုသွားတယ်တဲ့။ ဒါနဲ့ပဲ သူက နောက်ဆုံးဆောက်လုပ်ပေးရတဲ့ အိမ်ကို ဖြစ်သလို၊ တော်သလို၊ မြန်မြန်ပြီး ပြီးရော ဆောက်လုပ်ပေးလိုက်ရောတဲ့။ အိမ်ပြီးသွားတော့ သူ့သူဋ္ဌေးဆီမှာ သော့အပ်တဲ့ အခါ သူဋ္ဌေးက သူ့ဆီမှာ နှစ်အကြာကြီး အလုပ်လုပ်ပေး ခဲ့တဲ့ အတွက် အိမ်သော့ကို သူ့ပြန်ပေးပြီး ဒီအိမ်က ခင်ဗျားအတွက်ပါလို့ ပြောသတဲ့။

ဒီစာတိုလေးက ဘာပြောသလဲဆိုတော့ လူတွေဟာ သူတို့လုပ်နေရတဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေအားလုံးကို သူများအတွက် အလုပ်လုပ် နေရတယ်လို့ မတွေးပဲ ကိုယ့်အတွက် အိမ်ကလေးတစ်လုံး ဆောက်လုပ်နေတယ်ဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ ကျွန်တော့် လုပ်ငန်းခွင်မှာ သူများအလုပ်တွေပါ လုပ်ပေးနေရပါလားလို့ တွေးမယ့်အစား ငါဟာ တကယ်တမ်းလိုအပ်လာရင် တာဝန်နှစ်ခုကို တပြိုက်နက် ယူနိုင်ပါလား၊ ဒါတွေဟာ နောင်တစ်ချိန် ဒီထက်ကြီးမားတဲ့ လုပ်ငန်းခွင်ရောက် တဲ့ အခါ အလေ့အကျင့် ရပြီးသားဖြစ်ရပါလား။ အားလုံးဟာ ကိုယ့်အတွက် ကြီးပါပဲလားလို့ တွေးရမယ်လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာကို ပြန်စဉ်းစားကြည့်လိုက်ရင် ကိုယ်နေဘို့ အိမ်ကလေးတစ်လုံး ဆောက်လုပ်နေသလို စဉ်းစားရမယ်တဲ့။ ဒါနဲပဲ ကျွန်တော် တစ်ယောက် လုပ်ငန်းခွင်မှာ ပေါ့ပေါ့ပါးပါး ဖြစ်ရပြန်တယ်ပေါ့ဗျာ။ စာရေးဆရာမ တစ်ယောက်ပြောသလို

"ခါးသီးလှတဲ့ အရည်တစ်ခွက်ကို နှုတ်ခမ်းမှာ အတင်းအကျပ် ဖိကပ်သောက်ခိုင်း ခံရတိုင်း၊ ထိုခါးသီးခြင်းသည် ကံကြမ္မာလည်းမဟုတ်၊ လိုအပ်ချက်လည်းမဟုတ်၊ အဆုံးတစ်နေ့မှာ ကောင်းမွန်မြင့်မြတ်ခြင်း အတွက် သည်ခါးသီးခြင်းတွေကို အလေ့အကျင့်ဖြစ်အောင် ကြိုးစားသောက်သုံးနေတတ်ဖို့ပဲ"

ဆိုတာမျိုးပေါ့ဗျာ။ ။