Wednesday, August 15, 2007

See And Be Seen Remix 4


တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည်ရှေးဟောင်းမြို့နားက ရွာလေးတစ်ရွာမှာ တစ်ရွာလုံးက ချစ်ခင်လေးစားကြတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းဆရာလေးတစ်ယောက်ရှိသတဲ့။ သူကကျောင်းပိတ်ရင် ရွာမှာ ကလေးတွေကို စာသင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ရန်ကုန်မှာ ကျောင်းပြန်တက်ပေါ့။ အင်္ဂလိပ်စာတတ်ရင် ဘုရားဒကာထက် အထင်ကြီးလေးစားခံရတဲ့ အချိန်ကာလမျိုးမှာ ကလေးတွေကို အလကားစာသင်ပေးနေတော့ ရွာရဲ့ အသည်းနှလုံး ဆိုလဲ မမှားဘူးပေါ့လေ။ ဒီကျောင်းဆရာလေးရဲ့ အိမ်ကလဲ စီးပွားရေးတောင့်တင်းတယ်။ ရုပ်ရည်ကလဲ ဖြူဖြူသန့်သန့်ဆိုတော့ သမီးရှင်တို့ မျက်စိကျတဲ့ ယောင်္ကျားလေးမျိုးပေါ့။ သူတို့ အိမ်မှာ လေးတန်းအောင်ပြီး ကတည်းက ခေါ်ထားတဲ့ ဆွေမျိုးနီးစပ်ထဲက အသားမဲမဲ ရွက်ကြမ်းရေကြို ကောင်မလေးတစ်ယောက်လဲ ရှိတယ်။ အဲဒီကောင်မလေးကလဲ ဒီကျောင်းဆရာလေးကို ရင်ထဲက ကျိတ်ပြီး သဘောကျနေတာပါ။


ဒီလိုနဲ့ပဲ တစ်အိမ်ထဲအတူနေ ဒီကျောင်းဆရာလေးနဲ့ ကောင်မလေးနဲ့ ညိကြရော ဆိုပါတော့။ ဒီတော့ ကျောင်းဆရာလေးက လူကြီးတွေကို အသိမပေးပါနဲ့ဦး။ ကျောင်းပြီးတဲ့ အခါမှ လက်ထပ်ကြမယ်လို့ စီစဉ်သတဲ့။ ဒါကိုကောင်မလေးက ကျောင်းပြီးတဲ့ အထိစောင့်ရင်သူ့ကိုပစ်သွားမှာပဲဆိုပြီး ရှိသမျှ ကြီးတော်တွေ၊ ဒွေးလေးတွေ အကုန်ကြေငြာမောင်းခတ်လိုက်သတဲ့။ မယူရင်မရတော့ပါဘူး၊ ဘာညာပေါ့လေ။ ကျောင်းဆရာလေးရဲ့ မိဘတွေလဲ စိတ်ဆိုးကြ၊ ဒေါသတွေကြီးနဲ့ ဆွေမျိုးအုပ်စုတစ်ခုလုံး ပွက်လောရိုက်သွားတာပေါ့။ နောက်ဆုံးတော့လဲ ရှေးတောရွာသူတို့ရဲ့ စိတ်နဲ့ ရှုပ်ရှုပ်ထွေးထွေး စဉ်းစားမနေတော့ပဲ ပေးစားလိုက်ကြရော ဆိုပါတော့။ မင်္ဂလာဆောင်တဲ့ ညမှာပဲ သတို့သားလောင်းက တစ်ခါမှ မသောက်ဘူးတဲ့ အရက်တွေသောက်၊ ဘယ်ခွေးမှ လူမထင်ဘူးကွ ဆိုပြီး ပြန်လာသတဲ့။ ပြီးတော့ ငါ့ဘ၀ကို ဖျက်ဆီးတဲ့ မိန်းမ လာခဲ့ ဆိုပြီး ခြေသလုံးကျော်ကျော်ထိ ရှည်တဲ့ ကောင်မလေးရဲ့ ဆံပင်ကို တရွတ်ဆွဲပြီး ရွာကိုပတ်ပါလေရော။ အမြဲ ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ပြောလေ့ရှိတဲ့ လူက ပါးစပ်က မကြားဝံ့၊ မနာသာတွေ ဆဲဆိုလိုက်တာ တစ်ရွာလုံး ဘယ်သူမှလဲ မဆွဲရဲ၊ဲဆွဲ တဲ့လူကို သတ်မယ်ဆိုပြီး ဓါးနဲ့ကလဲ ကြိမ်းထားသေးတော့၊ နှိပ်စက်နေတာကို ဒီအတိုင်း ကြည့်နေလိုက်ရသတဲ့။

အဲဒီမင်္ဂလာဆောင်တဲ့ နေ့ကစပြီး ပြောင်းပြန်ကြီး ပြောင်းလဲသွားလိုက်တာ တစ်ရွာလုံးက အော်ကြောလန်တဲ့ အဆင့်ထိရောက်ပါလေရော။ နေ့တိုင်းနီးပါး ငါ့ဘ၀ကို ဖျက်ဆီးတဲ့ မိန်းမ၊ ငါအမုန်းဆုံး မိန်းမနဲ့ ရိုက်နေတာတဲ့။ ကြာလာတော့ ညနေမိုးချုပ်တာနဲ့ အဲဒီ မိန်းမလဲ တခြားအိမ်မှာ သွားပုန်းနေရတာပေါ့။ အိမ်မှာ ရှာလို့ မတွေ့ရင် ဓါးဆွဲပြီး လက်ခံထားတယ်လို့ ထင်တဲ့ အိမ်တွေမှာ ဓါးနဲ့ကြိမ်း၊ အိမ်ရှေ့ကသစ်ပင်တွေခုတ်နဲ့၊ ဆဲလိုက်တာလဲ မိုးမွှန်နေတော့ တခါတလေများ တခြားရွာအထိ သွားပုန်းနေရသတဲ့။ မကျေနပ်တာလေး တစ်ခုနဲ့ ဘ၀တစ်ခုလုံးနဲ့ ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်လိုက်တာ အရက်သမား လူရမ်းကားကား လုံးလုံးဖြစ်ရောပေါ့။ နေ့လည်ဘက်ဆိုရင်လဲ ဘယ်သူ့ကိုမှ စကားဟဟမပြောတော့ဘဲ ငူငူကြီးထိုင်နေသတဲ့။ ဒီလိုနဲ့ လင်ဆိုးမယား တဖားဖားဘ၀နဲ့ သမီးလေးတစ်ယောက်ရသတဲ့။ အဲဒီသမီးလေးကိုလဲ တစ်ခါမှ သေတဲ့အထိ သမီးလို့ မခေါ်ခဲ့ဘူးတဲ့။ ဟဲ့ကောင်မလေးလို့ ပဲခေါ်ပြီး တခါမှလဲ မချီဘူး။ ချော့မြူတာလဲ မရှိ၊ သူနဲ့ မဆိုင်သလိုပဲတဲ့။

ယောင်္ကျားတစ်ယောက်ရဲ့ အသုံးကျမှု၊ မကျမှုကို ပြောချင်တာမဟုတ်ပါဘူး။ ယောင်္ကျားတွေဟာ သူတို့လက်မထပ်ချင်သေးတဲ့အချိန်မှာ လက်ထပ်လိုက်ရတဲ့အခါ၊ လက်ထပ်ချင်တဲ့ အခါ လက်မထပ်ရတဲ့အခါ ဒါမျိုးတွေဖြစ်တတ်လား ကျွန်တော်မသိပါဘူး။ မိန်းမတစ်ယောက်ကို သူတို့ယူချင်တဲ့ အချိန် အဆင်သင့်ဖြစ်ရမယ် ဆိုတဲ့ အတ္တမျိုးရှိတတ်လား မတွေးတတ်ပါဘူး။ သူ့စိတ်ဓါတ်ကိုလဲ မဝေဖန်လိုပါဘူး။ အဓိက ကတော့ မိန်းမတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံကြမ္မာကို ပြောချင်တာပါ။ တစ်ရွာလုံးလေးစားကြည်ညိုတဲ့ ကျောင်းဆရာကို ယူလဲ အရက်သမား မယားဖြစ်သွားနိုင်သလို တစ်ရွာလုံး အော်ကြောလန်ကို ယူလဲ အံ့သြလောက်အောင် လိမ္မာသွားလို့ ဘုရားဒကာ၊ ကျောင်းဒကာဖြစ်သွားနိုင်တယ်လေ။ အားလုံးက ကြောက်စရာကောင်းပြီး မမြင်နိုင်တဲ့ ကံကြမ္မာတွေပေါ့။ တကယ်တော့ အိမ်ထောင်ရေးဆိုတာ အမြင့်ဆုံး တန်ဘိုးနဲ့ ထပ်ပြီးကံကြမ္မာနဲ့ လောင်းရတဲ့ စိန်ခေါ်ပွဲ တစ်ခုပါဘဲ။

ကောင်မလေးတစ်ယောက်လဲ ဒီလိုပဲ။ ၁၀ တန်းဖြေဘို့ နယ်ကနေ မြို့ကိုလာနေရင်းက ဆေးကျောင်းမှာ အလုပ်လုပ်တဲ့ ယောင်္ကျားတစ်ယောက်နဲ့ တွေ့ပါလေရော။ ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ လုပ်တယ်ဆိုတာပဲ သိပြီး တွဲနေလိုက်တာ လက်ထပ်ဖို့ အိမ်ကို ပြောတော့ ပွဲရုံ ပိုင်ရှင် မိဘတွေက သဘောမတူတာနဲ့ လိုက်ပြေးပါလေရော။ လက်ထပ်ပြီးမှ သေချာသိရတာက ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ အလောင်းတွေ ခွဲရ၊ ဖြတ်ရတဲ့ အလုပ်သမားပါ။ ဆေးကျောင်းကို လှူတဲ့ အလောင်းတွေကို ဖြတ်၊ ဆေးစိမ်သင့်တာစိမ်၊ လွှတ်ပစ်သင့်တာ လွှတ်ပစ်၊ တစ်ခါတလေ ဆေးကျောင်းသားတွေက စာကျက်ဘို့ အရိုးခြောက်တွေ ဘာတွေ လိုချင်ရင် သူ့ဆီမှာ ၀ယ်ရတာပေါ့။ နောက်ပြီး သေပြီးသားလူတွေ ကြာကြာအထားခံအောင် ဆေးထိုးတဲ့ အလုပ်လည်း လုပ်သေးတယ်။ တစ်ခါတလေများ အိမ်ပြန်မိုးချုပ်တဲ့ အခါ သူလမ်းထဲဝင်လာရင် တိုက်ဆိုင်တာလားမသိ၊ လမ်းပေါ်မှာ ရှိတဲ့ ခွေးတွေက ဆွဲဆွဲငင်ငင်အူလို့၊ လူကလည်း သွေးညီနံ့တွေနဲ့၊ အော်ဒါမှာထားတဲ့ ကျောင်းသာရှိရင် လူရိုးထုပ်ကြီးက ပါသေးတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ အပြစ်မဆိုပါဘူး။ ဒါပေမယ့် ဒီကောင်မလေးသာ ဒါတွေကို ကြိုသိခဲ့ရင် သူ့ကံကြမ္မာက တစ်မျိုးတစ်မည် ပြောင်းသွားနိုင်တယ်လို့ ဆိုချင်တာပါ။ အိမ်ထောင်ကျပြီးမှ ကိုယ့်မိဘထားနိုင်တာထက် များစွာ နိမ့်ကျတဲ့ ဘ၀ကို ရောက်တဲ့အပြင် မသာဆေးထိုးပြီး လူရိုးထွင်ရောင်းတဲ့ လူမှန်းသိရတဲ့အခါ ကိုယ်ချစ်မိသွားတဲ့ လူတစ်ယောက်အတွက်၊ ကိုယ်ကံကြမ္မာအတွက် ဘာလုပ်လို့ရတော့မှာလဲ။

ဒီထက်ဆိုးတဲ့ နောက်တစ်ယောက်လဲ ရှိသေးတယ်။ ချစ်သူ ကြိုက်သူ ၀ိုင်းဝိုင်းလည်နေတဲ့ ကြားက လက်ကလေးတောင်မကိုင်၊ ချစ်သူကို တန်ဘိုးထားပြီး သက်သတ်လွတ်စားနေတဲ့ လူတစ်ယောက်ကို သူတော်ကောင်းလေး ဆိုပြီး ရွေးချယ်လိုက်သတဲ့။ ဒီလူက အိမ်ထောင်ကျပြီးတော့လဲ တကယ် သက်သတ်လွတ်စားတာပါ။ ဆိုးတာက မိန်းကလေး လုပ်သူက မကောင်းတဲ့ မိန်းမကိုသာ သွားရှာပါတော့လို့ တောင်းတောင်းပန်ပန်ပြောယူရလောက်အောင် ကာမကိုလည်း စားတာပါ။ နောက်ဆုံးတော့ ဘယ်သူမှ မကယ်နိုင်တဲ့ အဆုံး ကောင်မလေးလည်း အိမ်ကထွက်ပြေးလိုက်တာ သေလား၊ရှင်လား သတင်းအစအနတောင် မရတော့ဘူးတဲ့လေ။

မိန်းမတစ်ယောက်အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကြေကွဲစွာ လက်ခံလိုက်ရတဲ့ ကံကြမ္မာတွေ၊ နာကျည်းခံပြင်းစွာ လက်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေ၊ ဆုပ်လည်းစူး စားလည်းရူးတဲ့ ဘ၀တွေ၊ ဆုပ်လည်းနွေး စားလည်းအေးတဲ့ ဘ၀တွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပြီး ဘ၀မှာ ပြီးပြည့်စုံသွားပြီလို့ ခံစားရမျိုးလည်း ဖြစ်နိုင်ပါတယ်။

ယောင်္ကျားတွေဘက်ကလည်းဒီလိုပါဘဲ။ အိမ်ထောင်ကျပြီးမှ ပိုတော်လာတဲ့ ယောင်္ကျားတွေရှိသလို၊ အရည်အသွေးကျသွားတာတွေလည်း ဒုနဲ့ဒေးပါဘဲ။ လူနှစ်ယောက်ပေါင်းပြီး ဘ၀တစခုကို တည်ဆောက်တဲ့အခါ ဘေးမှာ တစ်ချိန်လုံးရှိနေတဲ့ တစ်ဦးတည်းသော အဖော်ရဲ့ အားပေးမှု၊ ကူညီမှု၊ ပါရမီဖြည့်နိုင်မှု တွေက ဦးဆောင်နေတဲ့ ယောင်္ကျားအတွက် အရေးကြီးတဲ့ အင်အားပါပဲ။

အပေါင်းအသင်းမိတ်ဆွေတွေတောင် ကြာကြာပေါင်းရင် တဖြည်းဖြည်း သူ့စိတ် ကိုယ့်စိတ် ဓါတ်ကူးတတ်တယ်မဟုတ်လား။ ကိုယ့်ရဲ့ မသိစိတ်က တဖြည်းဖြည်း သူလုပ်သလို၊ သူပြောသလို လုပ်မိ၊ ပြောမိ နေတာမျိုးလေ။ လင်မယား ဆိုတာ အရင်းနှီးဆုံး တစိမ်းဆိုတော့ ယောင်္ကျားတစ်ယောက်ဆီက ဘ၀ကို ရင်ဆိုင်ရဲ၊ ဆုံးဖြတ်ချက်ကို ပီပီပြင်ပြင် ချရဲတဲ့ သတ္တိမျိုးတွေ မိန်းမဆီ ဓါတ်ကူးတာက တော်ပါသေးရဲ့။ မိန်းမဆန်လွန်းတဲ့ မိန်းမတွေမှာ ရှိတတ်တဲ့ မနာလိုဝန်တိုစိတ်တွေ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ အတင်းပြောတတ်တဲ့ စိတ်တွေ၊ ယောင်္ကျားဆီ ဓါတ်ကူးကုန်ရင်တော့ ပြီးပါလေရော။ အသွင်မတူတာတွေ ညှိရင်းညှိရင်းနဲ့ မကောင်းတာတွေပဲ ကျန်ခဲ့ရင် ဒုက္ခ။ အရမ်းအောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ နောက်မှာ သိပ်တော်တဲ့ မိန်းမတစ်ယောက်ရှိတယ်လို့ ဆိုထားတယ် မဟုတ်လား။

ကျွန်တော်အမြင်နဲ့ ပြောရရင်တော့ တချို့ယောင်္ကျားတွေက ကျွန်နဲ့တူသော မိန်းမကို ရတယ်။ ဆိုလိုတာက အိမ်မှုကိစ္စတွေလုပ်မယ်။ ကလေးမွေးမယ်။ ယောင်္ကျားကို ပြုစုမယ်။ ပေးသလောက်ပိုက်ဆံနဲ့ လောက်အောင်သုံးမယ်။ ယောင်္ကျားရဲ့ အလုပ်မှာ ရှိနိုင်တဲ့ စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေအတွက် သူမဖြေသိမ့်ပေးနိုင်ဘူး။ အကြံဥာဏ်မပေးနိုင်ဘူး။ သူသိတာက ယောင်္ကျားခိုင်းရင်လုပ်မယ်။ ပေးရင်ယူမယ်။ ကျွေးရင်စားမယ်။ ဒါပဲပေါ့။

တချို့ယောင်္ကျားတွေကျတော့ အလုပ်ရှင်နဲ့တူသော မိန်းမကိုရတယ်။ သူများကားစီး စီးချင်ပြီ။ သူများတိုက်ဆောက် ဆောက်ချင်ပြီ။ ယောင်္ကျားကို ရှာပါလား။ လုပ်ပါလား။ အလုပ်ရှင်က အလုပ်သမားကို ခိုင်းသလိုမျိုး အချိန်မဖြုန်းနဲ့၊ အပိုမသုံးနဲ့ ဆိုတဲ့ မိန်းမမျိုးတွေပေါ့။

တချို့ကျတော့ ဘုရင်မနဲ့ တူတဲ့ မိန်းမကို ရတယ်။ ရှာသမျှ ပိုက်ဆံအကုန်အပ်ရပြီး နေရာတကာ သူပြီးမှ ပြီးရတယ်။ ဘာပဲလုပ်ချင်လုပ်ချင် အသေးအဖွဲကအစ သူ့မျက်နှာအရိပ်အကဲ ကြည့်ပြီး အတည်ပြုချက်ယူရတယ်။ ချစ်မြတ်နိုးလွန်းလို့ အလိုလိုက်နေရတာမျိုး မဟုတ်တော့ဘဲ အနိုင်ကျင့်ခံနေရတဲ့ ဘ၀မျိုးပါ။ ဘ၀မှာ ပျော်ရွှင်သင့်သလောက် ပျော်ရွှင်ခွင့် မရတဲ့ ယောင်္ကျားမျိုးတွေပေါ့။

တချို့ကျတော့ မိတ်ဆွေနဲ့ တူသော မိန်းမကို ရတယ်။ ကိုယ့်ကို အစစ အရာရာ ကူညီပေးနိုင်သလို သူကိုယ်တိုင်မှာလည်း ကိုယ်နဲ့ သိပ်မကွာတဲ့ အရည်အချင်းတွေရှိတယ်။ ကိုယ့်ကို လက်တွဲခေါ်ယူနိုင်ပြီး ဟာသဥာဏ်လည်းရှိတယ်။ ဘ၀ကို စိတ်လက်ပေါ့ပါးစွာ လျှောက်လမ်းခွင့်ကိုပေးတဲ့ မိန်းမမျိုးပေါ့။

တချို့ကျတော့ ချစ်တီးနဲ့ တူသောမိန်းမကိုရတယ်။ ပိုက်ဆံကို အရမ်းမက်မော၊ သူလည်းရှာ၊ ယောင်္ကျားကိုလည်း ရှာခိုင်း၊ ပြီးရင် သူတို့ရဲ့ လက်သုံးစကားက ပိုက်ဆံသာရမယ်ဆို ယောင်္ကျားတောင် ပေါင်လိုက်ချင်သတဲ့လေ။

တချို့ကျတော့ မိခင်နဲ့တူသော မိန်းမကိုရတယ်။ နွေးထွေးတဲ့ မေတ္တာနဲ့ ကိုယ့်ကို နားလည်ပေးနိုင်သလို အခက်အခဲ တစ်စုံတစ်ရာ ဖြစ်လာရင်လည်း မိခင်တစ်ယောက်က သားအပေါ်မှာထားတဲ့ မေတ္တာမျိုးနဲ့ ရင်ဆိုင်ရပ်တည်ပေးနိုင်တယ်။ လဲကျတဲ့အခါ ညင်သာစွာ ထူပေးနိုင်သလို အောင်မြင်တဲ့အချိန်မှာလည်း သူများအလဲမထိုးနိုင်အောင် ဂရုစိုက် တည့်မတ်ပေးတယ်။ အရာရာကို ထပ်တူနီးပါး ခံစားနားလည်ပေးနိုင်တဲ့ နှလုံးသားကို ပိုင်ဆိုင်တယ်။ ဖြတ်ထိုးဥာဏ်ကောင်းပြီး ပြဿနာတော်တော်များများကို သိမ်မွေ့စွာဖြေရှင်းနိုင်တယ်။ ယောင်္ကျားကိုယ်တိုင်ကလည်း မိန်းမဖြစ်သူကို လေးစားချစ်ခင်စွာမြတ်နိုးတယ်ဆိုရင်တော့ ဘုရားသခင်ပေးတဲ့ ဆုလာဒ်ကိုရတဲ့ ယောင်္ကျားမျိုးပေါ့ဗျာ။

ကိုယ့်ရွေးချယ်မှုတစ်ခုက ကိုယ့်ဘ၀တစ်ခုလုံးကို မသိမသာ ဖြေးဖြေးချင်း ပြောင်းလဲသွားနိုင်တဲ့အရာ၊ ဘာတွေဘယ်လိုပြောင်းလဲမယ်ဆိုတာ တိတိကျကျဘယ်သူမှ မသိနိုင်တဲ့အရာ၊ အကောင်းဆုံးဆိုတာကို ကိုယ်သတ်မှတ်တဲ့ စံနဲ့ လွပ်လပ်စွာရွေးချယ်ခွင့်လဲ ပေးထားတဲ့ အရာ၊ အချစ်ဆိုတာကို ဓါးစာခံလုပ်ပြီး ရဲရဲကြီးစွန့်စားကြည့်ကြတဲ့ အရာ၊ ပြီးသွားတဲ့ အခါ တိတ်ဆိတ်စွာ လူမသိ၊ သူမသိ တိတ်တိတ်လေး ကြေကွဲရတဲ့ အရာ၊ ဒါမှမဟုတ် ပွင့်လင်းစွာ ပျော်ရွှင်ခွင့်ရတဲ့အရာ၊ ဒါမှမဟုတ် မချိသွားဖြဲ ဖြစ်ကြရတဲ့ အရာ၊ ထိုထိုသော အရာများ ပေါင်းဆုံရာ လူ့ဘ၀ရဲ့ တစ်ခုတည်းသော အရသာကတော့ အိမ်ထောင်ရေးပါဘဲ။

အောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်တဲ့ အစ်ကိုကြီးတစ်ယောက်ကို လျှို့ဝှက်ချက်မေးကြည့်တာကတော့ ယောင်္ကျားလေးရော မိန်းကလေးရော နှစ်ယောက်စလုံးက “ဘာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်ကြီး (ကျေကျေနပ်နပ်ကြီးနော်) သည်းခံခွင့်လွှတ်နားလည်ကြမယ်ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်နိုင်ပြီဆိုမှ အိမ်ထောင်ပြုပါ” တဲ့။ ဒီနေ့အထိ ကျွန်တော် ကြားဖူးသမျှထဲမှာတော့ သူ့အဖြေက အကောင်းဆုံးပါဘဲ။ ။

Thursday, August 9, 2007

See And Be Seen Remix 3


တစ်ခါတုန်းကပေါ့။ ဟိုးအထက်မြန်မာပြည် ချင်းတွင်းမြစ်ဘေးက ဆိပ်ကမ်းမြို့ကလေးကိုအရူးမတစ်ယောက်ရောက်လာသတဲ့။ သင်္ဘောပေါ်ကဆင်းလာကတည်းက တွေ့သမျှလူတိုင်းကို ဘုရားဘယ်နားမှာ ရှိသလဲလို့မေးသတဲ့။ သူရောက်သွားတဲ့ မြို့လေးက လမ်းလျှောက်ပြီး မြို့ကိုပတ်ရင် နာရီဝက်လောက်ဆို တမြို့လုံးနှံ့ပြီ။ ဒီလိုမြို့လေးမှာ စေတီကလဲ သုံးဆူလောက်ပဲ ရှိတာပေါ့။ အဲဒီအရူးမကြီး အဲဒီဘုရားတွေမှာ တစ်နေကုန်လျှောက်သွားပြီး တံမြက်စည်းလှည်းသတဲ့။ ဘုရားပန်းအိုးတွေလဲသတဲ့။ ဘုရားပန်းအိုးလဲတယ်ဆိုတာကလဲ သူ့မျက်စိထဲမှာ ပန်းညှိုးနေတာတွေ့ရင် တွေ့ရာ သစ်ရွက်ကိုင်းတွေ၊ ပန်းအရိုင်းတွေကို လက်လှမ်းမှီရာ လိုက်ချိုးပြီးလဲတာပါ။ ဗိုက်ဆာလာရင် မြို့ထဲမှာ လိုက်တောင်းပြီး စားပေါ့။ အိပ်ရင်လဲ ဘုရားစောင်းတန်းမှာ အိပ်တာပေါ့။ ဘုရားမှာ သစ်ရွက်မှိုက်လေးတစ်ရွက်ကျလဲ သူကောက်မယ်။ တံမြက်စည်းကတော့ တစ်နေ့ကို အခေါက်ခေါက်၊ အခါခါ လှဲလွန်းလို့ မရေတွက်နိုင်ဘူးပေါ့။ ကြာလာတော့ မြို့ကလူတွေကလဲ သူ့ကိုခင်လာကြတယ်။ တစ်ချို့အိမ်တွေက သူဘယ်အချိန်သွားသွား ထမင်းကျွေးသတဲ့။ ဒါပေမယ့် ဒီအရူးမကြီး တစ်ခုဆိုးတာက လုံးဝရေ မချိုးတာပါပဲ။


ရေကို ခါးခါးသီးသီးမုန်းတာပါ။ အဲဒီတော့ သူ့တစ်ကိုယ်လုံးက နံစော်ညစ်ပတ်နေတာပေါ့။ သူ့ကိုယ်က ထွက်နေတဲ့ အနံကို မှီအောင် ဘာအနံနဲ့မှ နှိုင်းယှဉ်ပြီး ပြောလို့မရတဲ့ အတွက်သူ့နာမည်အတိုင်း ဒေါ်သိန်းမေအနံ့လို့ မြို့ကလူတွေက သတ်မှတ်ထားကြသတဲ့။ အဲဒီမြို့မှာရှိတဲ့ ကျောင်းဆရာမကြီး တစ်ယောက်ကတော့ သူ့ကို အမြဲဟင်းကောင်းကောင်းနဲ့ ကျွေးတော့သူက ခင်နေသတဲ့။ တစ်လတစ်ခါလောက်ကို ချော့ပြီး ကြက်သားဟင်းနဲ့ ကျွေးမယ်။ ရေချိုးလို့ပြောရတယ်တဲ့။ နို့မို့ဆို တစ်အိမ်သားလုံး သူလာတာနဲ့ အိမ်ပေါ်တက်ပြေးကြရတယ်တဲ့။ သူ့ကို ရေချိုးပေးတဲ့အခါ ၀ူးဝူးဝါးဝါးတွေ တအားအော်လွန်း၊ရုန်းလွန်းလို့ လူ ၃ ယောက်လောက်နဲ့ ၀ိုင်းချုပ်ပြီး ချိုးပေးရတယ်တဲ့။ ပြီးရင် အဲဒီကျောင်းဆရာမကြီးက သူ့အ၀တ်အစားတွေ ၀တ်ပေးလိုက်တာပေါ့။ ဒါပေမယ့်လည်း သူ့အနံ့က ဆိုးမြဲဆိုးနေတာပဲတဲ့လေ။

အရူးမဆိုပေမယ့် ဘယ်သူ့ကိုမှလည်း ဒုက္ခမပေး၊ လမ်းပေါ်မှာ ခွေးတရုန်းရုန်း၊ ကလေးတစီစီနဲ့ လျှောက်သွားနေတာမျိုးလည်းမဟုတ်၊ ဘုရားစောင်းတန်းမှာနေ၊ ဘုရားဝေယာဝစ္စ တွေပဲလုပ်နေတဲ့ အပြင် ရုပ်ရည်ကလဲ လူရည်သန့်ဆိုတော့ သူ့ရဲ့နောက်ကြောင်းကို စပ်စုကြည့်ကြတာပေါ့။ တကယ်တော့ သူက တခြားမြို့တစ်ခုက မင်းကတော်တစ်ယောက်ပါ။ သိပ်ကိုမောက်မာပြီး နေရာတကာ ခွဲခြားဆက်ဆံတတ်တဲ့၊ လူတွေကို မတူဘူး မတန်ဘူးထင်တဲ့ မိန်းမမျိုးပေါ့။ နေရာတကာရွံ့တတ်ပြီး သူသောက်တဲ့ ရေခွက်နှင့် ဘယ်သူမှ မသောက်ရ။ အတန်းအစားအလွန်ခွဲတတ်သတဲ့။ ဘ၀မှာ အသက်ရှင်တုန်း ရွှေထီးဆောင်းခွင့်ရတဲ့ လူတန်းစားပေါ့။ ဒီနောက်မှာ လောကဓံ မုန်တိုင်းကြမ်းကြမ်းတစ်ခုကြောင့် ရူးသွပ်သွားရတယ်ဆိုပါတော့လေ။ မရူးခင်က မွှေးကြိုင်ပြီး အမြဲလှပနေတဲ့ ဘ၀၊ ရူးသွားပြီးတော့ အနံ့ဆိုးလွန်းလို့ ဘယ်သူမှ အနားမကပ်နိုင်တဲ့ ဘ၀မျိုးပေါ့။

ဒီလိုနဲ့ပဲ တချိန်လုံး ဘုရားစောင်းတန်းတွေ တံမြက်စည်လှည်းရင်၊ ဘုရားပန်းလဲရင်း ဘုရားပေါ်မှာပဲ သေရှာပါလေရော။ ဒီတော့လဲ အုတ်ဂူမပါ၊ နာမည်ရေးထားတဲ့ သစ်သားတိုင်လဲ မရှိ။ သုသာန်အစွန်မှာ ဒီလိုပဲမြုပ်လိုက်တာပေါ့။

ဒီလိုနဲ့ ၃၊၄ လလောက်ကြာတော့ မြို့ကလဲ သူ့ကို မေ့သွားကြပါပြီ။ ဘုရားစေတီနဲ့ ဘုရားစောင်းတန်းတွေကတော့ ၂၄ နာရီ ထိုင်စောင့်ပြီး တံမြက်စည်းလှည်းမယ့်သူ မရှိတော့တဲ့ အတွက် အရင်ကလောက် သန့်ရှင်းမနေဘူးပေါ့။

တစ်နေ့မှာတော့ နွားကျောင်းသားလေးနှစ်ယောက်က သုသာန်အလွန်မှာ နွားကျောင်းရင်းနဲ့ လက်ကြီးတစ်ဖက်မြေပေါ်ထွက်နေတာတွေ့ပြီး ဖော်ကြည့်ကြပါလေရောတဲ့။ ပြီးတော့ အလောင်းကိုထုတ်၊ သစ်ပင်မှာ တွဲလောင်းကြီးချည်ပြီး ပါးစပ်မှာလဲ ဆေးလိပ်တိုကြီးတပ်ပေးခဲ့သတဲ့။ ဘာပြောကောင်းမလဲ။ တစ်မြို့လုံး အုံးအုံးကျက်ကျက်ဖြစ်လိုက်ကြတာ။ ဒေါ်သိန်းမေကြီး မပုပ်ဘူးပေါ့။ အကောင်းအတိုင်းကြီးပဲဆိုပြီး လာကြည့်လိုက်ကြတာ မြို့ကလူကြီးသေတုန်းကထက်တောင် စည်ကားသေးဆိုပဲ။

ရဟန္တာတွေနဲ့ သူတော်စင်တွေသာ ပျံလွန်တော်မူပြီးနောက်မှာ ခန္ဓာကိုယ်က မပုပ်မသိုးပဲ ကျန်နေတယ်လို့ နားလည်ထားကြတဲ့ လူတွေခမျာ အရူးမတစ်ယောက်သေပြီး မပုပ်တဲ့ ကိစ္စက ပဟေဠိကြီးဖြစ်နေတော့တာပေါ့။ တချို့ကလဲ ဘုရားတွေကို အမြဲတန်း သန့်ရှင်းအောင်ထားတဲ့ အကျိုးပေါ့။ အချို့ကလဲ သူ့စိတ်က တခြား စားရေးသောက်ရေး လူမှူရေး အကုသိုလ်တွေမသိတော့ဘဲ ဘုရားတစ်ဆူပြီးတစ်ဆူ လှည့်ပြီး သန့်ရှင်းရေးလုပ်ဘို့ဘဲ သိတော့တဲ့ အတွက် စိတ်ကြည်လင်လို့ ဒီလိုဖြစ်တာပေါ့။ ဘာပဲပြောပြော သူ့ရဲ့ ဒုတိယ အကြိမ်မြောက် မသာချပွဲကတော့ စည်လိုက်တာ ပြောမနေနဲ့။ တစ်မြို့လုံးနီးပါး လာကြသတဲ့။

ဒေါ်သိန်းမေကြီးရဲ့ ကံကြမ္မာအလှည့်အပြောင်းက ကြောက်စရာကောင်းလိုက်တာ။ လူတိုင်းမော်ကြည့်ရတဲ့ မင်းကတော်ဘ၀၊ ဘယ်သူမှ အနားမကပ်နိုင်တဲ့ အရူးမဘ၀၊ သေပြီးသွားပြန်တော့ သူတော်ကောင်းမကြီးဆိုပြီး လူတိုင်းလာကြည့်ကြတဲ့ ဘ၀၊ ကံဇာတ်ဆရာက ချော့လိုက်၊ ရက်စက်လိုက်၊ အပေါ်ဆုံးတင်ပေးလိုက်၊ အောက်ဆုံးပြန်ရိုက်ချလိုက်။ ဘာပဲဖြစ်ဖြစ် ဇာတ်ဆရာက ခိုင်းတဲ့ ဇာတ်ကွက်တိုင်းကို တည်တည်ငြိမ်ငြိမ် ကပြနိုင်ဘို့ စွမ်းအားတစ်မျိုးရှိအောင် ကြိုးစားကြရတာကပဲ ဘ၀ထင်ပါရဲ့။

ကျွန်တော်တို့ ဘ၀တွေလဲ အလှည့်အပြောင်းတွေများလိုက်တာ။ ဆိုက်ကားစီးကျောင်းတက်ခဲ့ရတဲ့ဘ၀၊ ဘတ်စ်ကားတိုးပြီး ရုံးသွားခဲ့ရတဲ့ဘ၀၊ အခုကျွန်းလေးတစ်ကျွန်းပေါ်မှာ နေပြီး ရထားစီးရတဲ့ ဘ၀။ ပြီးရင် ဘယ်လိုအကွေ့အပြောင်းတွေလာဦးမလဲဆိုတာ ဘယ်သူက ကြိုသိနိုင်မလဲ။

ကျွန်တော်ချစ်တဲ့လူတွေ၊ ကျွန်တော့်ကို ချစ်တဲ့ လူတွေကရော ဘယ်လိုဘ၀မျိုးတွေ၊ ကံကြမ္မာ အဆိုးအကောင်းတွေနဲ့ ရင်ဆိုင်ကြရမလဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတစ်နေ့ကျရင် လူတိုင်းအပေါ်မှာ လိပ်ပြာသန့်တဲ့၊ နောင်တကင်းတဲ့ စိတ်အခြေအနေမျိုးနဲ့ သေဆုံးသွားရရင် အကောင်းဆုံးပါပဲ။ ကျွန်တော့်ဆရာတစ်ယောက်က ပြောဘူးတယ်။ “ဘာဖြစ်မယ်၊ ဘယ်နေ့သေမယ်ဆိုတာ သေချာမသိနိုင်တဲ့ ဘ၀မှာ လူတိုင်းကို နောက် ၃ ရက်နေရင်သေတော့မယ့် လူတွေလို သဘောထားပြီး ဆက်ဆံကြည့်စမ်းပါ” တဲ့။ သူပြောပြီးကတည်းက ကျွန်တော်လည်း ကြိုးစားပါတယ်။ ဒါပေမယ့်လည်း အထုံ ပါရမီ တော်တော်နည်းပါးခဲ့တဲ့ ကျွန်တော်၊ အခုချိန်ထိတော့ မအောင်မြင်သေးပါဘူးဗျာ။ ။

Monday, August 6, 2007

See And Be Seen Remix 2


တခါတုန်းကပေါ့။ မြန်မာပြည်ရဲ့ ဒုတိယမြို့တော်ကြီးမှာ အလွန်ချမ်းသာတဲ့ ဆရာဝန်ကြီး လင်မယားရှိသတဲ့။ သူတို့မှာ သားလေးနှစ်ယောက်လည်း ရှိတယ်။ ချမ်းသာတာနဲ့ အမျှ ကပ်စီးနဲလိုက်တာလဲ လွန်ပါရောတဲ့။ မိသားစု လေးယောက်စားဘို့ တစ်ထွာကျော်ကျော်လောက်ရှိတဲ့ ငါးကိုကြော်ပြီး မနက်စာကို အပေါ်ယံတစ်ပိုင်းစားသတဲ့။ ညနေကျတော့ ငါးကို ပြောင်းပြန်လှန်ပြီး နောက်တစ်ပိုင်းကို စားကြသတဲ့။ ဟင်းချက်ဘို့ဆားကို အထုပ်လိုက်ဝယ်ရင် ဈေးကြီးလို့ ဆားခဲကြီးလိုက်ဝယ်ပြီး အိမ်ဖော်ကောင်မလေးခမျာ အားတဲ့ အချိန်တိုင်း အမှုန့်ဖြစ်အောင် ထောင်းရရှာသတဲ့။ မိသားစု ၄ ယောက်နဲ့ အိမ်ဖော်လေး ၁ ယောက်၊ စုစုပေါင်း လူ ၅ ယောက်ပဲရှိတဲ့ အိမ်မှာ အိမ်ဖော်အတွက် ဆန်ကွဲသာသာဆန်ကို တစ်အိုးခွဲပြီး ချက်ရသတဲ့။ အိမ်ဖော်လေးဟာ ဟိုအရင်ခေတ် တောင်ပေါ်ဒေသတစ်ခုက ခေါ်လာတာဆိုတော့ ထမင်းနပ်မှန်အောင်စားရတာကိုပဲ ကျေးဇူးတင်နေတာမျိုးမို့ပေါ့။ အခုခေတ် အိမ်ဖေါ်သာဆိုရင် ထတောင်ရိုက်မလားဘဲ။ ထားပါတော့လေ။ ဒါနဲ့ပဲ တိုက်တွေ၊ ကားတွေ၊ ငွေကြေးတွေ အများကြီးပိုင်ပြီး ငတ်မွတ်နေတဲ့ မိသားစု ဆိုပါတော့။ ကလေးတွေကလဲ ကျောင်းမှာ ဘုရားစူး ဆရာဝန်ကြီးသား ဆိုတဲ့ ဘ၀နဲ့ ကြီးပြင်းလာရရှာတယ်။ မိဘဆိုတာကို သားသမီးက ရွေးချယ်ပိုင်ခွင့် မရှိ။ သားသမီးကို မိဘက ရွေးချယ်ပိုင်ခွင့် မရှိတဲ့ လူ့ဘ၀ကြီးမှာ မှားယွင်းစွာ လူဖြစ်လာရရှာတာပေါ့။


ဆရာဝန်မကြီးရဲ့ အမေက ဘုန်းကြီးကျောင်းမှာ နောက်ထပ်သမီး တစ်ယောက်နဲ့ ကိုယ်ပိုင် ဇရပ်လေးဆောက်ပြီး နေသတဲ့။ အသက် ၉၀ ကျော်မှာ အမေဆုံးခါနီးတော့ ဇရပ်မှာ သေရင် ရှက်စရာကောင်းလှချည်ရဲ့ ဆိုပြီး သူ့အိမ်ကို ခေါ်သွားမယ်လို့ ဆွေမျိုးတွေနဲ့ အတိုက်အခံ လုပ်သတဲ့။ ဆရာတော်ကြီးကိုယ်တိုင်က ကျုပ်မယ်တော်ကြီးကို ကျုပ်တရားဟောနေရင်း ဆုံးသွားပါစေလို့ ပြောပြီး တားတာတောင် မရဘူးတဲ့။ ပြီးတော့ တိုက်ကြီး ၃ လုံးနဲ့ ဂိုထောင် သာသာ ပျဉ်ထောင်အိမ်လေး တစ်လုံးရှိတဲ့ သူ့အိမ်ဝင်းကြီးထဲမှာ အမေအို ဆုံးခါနီးကြီးကို အဲဒီပျဉ်ထောင်အိမ် အောက်ထပ်မှာ ထားသတဲ့။ မျက်စိမှုန်နေတဲ့ အဘွားကြီးတစ်ယောက်က သူနာပြုပေါ့လေ။ မနက်မိုးလင်းတော့ အမေကြီးလဲ ဆုံးတာပါပဲ။ တရားနာရင်း ဘ၀ပြောင်းချင်တဲ့ အမေကို ဇွတ်အတင်းခေါ်သွားတော့ သေတာပဲ အေးတယ်ဆိုပြီး စိတ်လျော့လိုက်တယ်တူပါရဲ့။ တစ်ခုဆိုးတာက အမေကြီးတစ်ကိုယ်လုံးကို နီရဲနေအောင် တစ်ညလုံး ပုရွက်ဆိတ်တွေ ကိုက်ထားလိုက်တာ ဘယ်သူမှ မသိတာပါပဲ။ မသေခင် တော်တော် ဆိုးတဲ့ ဝေဒနာ ခံစားပြီးမှ ဆုံးသွားရရှာသတဲ့။ နောက်တော့ အလောင်းကို တိုက်ကြီးထဲ ရွေ့သတဲ့။ သေပြီးမှပဲ တိုက်ပေါ် ရောက်ရတော့တာပေါ့။ ဆရာဝန် အသိုင်းအ၀ိုင်းက ဧည့်သည်တွေ လာတော့မယ်လေ။ အကုသိုလ်ကို နောက်ထပ် ဘ၀ ဘယ်နှစ်ခုစာ ယူနေမှန်းတောင် မသိတော့ပါဘူး။

ဒီလိုနဲ့ပဲ သားအကြီး မင်္ဂလာဆောင်တဲ့ အခါ ကျွေးတဲ့ မုန့်တွေ မလောက်လို့ မနေနိုင်တဲ့ အစ်ကို ၀မ်းကွဲတွေက ပျာယီးပျာယာ သွားဝယ်ပေးရ၊ သားအငယ်ကတော့ မင်္ဂလာဆောင်ရမှာ ကြောက်ပြီး ခိုးပြေးလေသတဲ့။ သူတို့ လင်မယားနှစ်ယောက်လဲ တိုက်ကြီး တစ်ယောက်တစ်လုံးနဲ့ အိမ်ရှေ့ အိမ်နောက်နေကြပြီး သူ့ငွေ၊ ကိုယ့်ငွေ လုရင်း မခေါ်မပြောကြဘူးတဲ့။

သားတွေက စီးပွားရေး လုပ်ဘို့ ပိုက်ဆံတောင်းတဲ့ အခါ ၅ ကျပ်တိုးနဲ့ ချေးသတဲ့။ ကိုယ့်သားသမီးကိုယ်တောင် အတိုးယူတယ်ဆိုတော့ ပြီးပါလေရော။ တကယ်လို့ လဆန်းတဲ့ အထိ အတိုးလာမပေးသေးရင် ဖုန်းတဂွမ်ဂွမ်ဆက်နေသတဲ့။ သူ့သားတွေက ဘာပြောသလဲဆိုတော့ သူတို့ရဲ့ နှလုံးသားထဲက သွေးတွေက အမေကတစ်ခြမ်း၊ အဖေက တစ်ခြမ်း စီးဆင်းနေရင်တောင် အဲဒီ နှလုံးတစ်ခုလုံး ဖောက်ထုတ်ပစ်ချင်တယ်တဲ့။ ဘ၀တစ်လျှောက်လုံးလဲ ကျိန်စာသင့်နေသလို ခံစားရတယ်တဲ့။ မိဘမေတ္တာဆိုတာ ဘာမှန်းမသိ၊ အမွေခွဲဘို့ သေမယ့်နေ့ကို ထိုင်စောင့်နေကြသတဲ့။

ငွေကြေး ပစ္စည်းဥစ္စာ ဆိုတာ ဘာအတွက်လဲ။ မိသားစုဆိုတာရဲ့ အနှစ်သာရတစ်ခုလုံးနဲ့ လဲလှယ်ရလောက်အောင် တန်ဘိုးကြီးရဲ့လား။ ကိုယ့်ဝမ်းကိုယ်လဲ မစားရက်၊ သားသမီးကိုလဲ မကျွေး၊ ရှိသမျှ အကုန်စုပြီး လှူလည်းမလှူ၊ တစ်ဆွေမျိုးလုံး အောချရတဲ့ လူမျိုးပေါ့။ ဆွေမျိုးအိမ်တွေကို အလည်လာတဲ့ အခါ သူ့အိမ်ကနေ ဆွေမျိုးအိမ်အထိ ဓါတ်ဆီကို တိုင်းပြီးထည့် လာသတဲ့။ ဆွေမျိုးအိမ်က ပြန်မယ်ဆိုတော့ ကားက ဓါတ်ဆီပြတ်ပြီး နှိုးလို့မရတော့ မြန်မြန်ပြန်စေချင်တဲ့ ဆွေမျိုးကပဲ ထည့်ပေးလိုက်ရတာပေါ့။ ကိုးကွယ်မှု မှားယွင်းကြတဲ့ ဘ၀တွေလို့ ဆိုရမှာပေါ့လေ။ မြတ်စွာဘုရား တရားတော်နှင့် ကြည့်ရင်တော့ လွန်ခဲ့တဲ့ ဘ၀တုန်းက အလှူလုပ်ခဲ့တိုင်း စိတ်မထားတတ်ခဲ့လို့ပဲလို့ ဆိုရမလိုပါပဲ။ ငွေကြေးဥစ္စာ အများကြီးကို လုံးဝ မသုံးရက်၊ မစွဲရက် နောက်ဆုံးသေတော့လဲ သူများအတွက် ဖြစ်မှာပဲ မဟုတ်လား။

ငွေဟာ မရှိမဖြစ် လိုအပ်တာ မှန်ပေမယ့်၊ ငွေရှုံးလို့ ဘ၀မဆုံးနိုင်သလို ငွေလျှံတိုင်းလဲ ဘ၀ ကို အနိုင်နဲ့ မပိုင်းနိုင်ကြပါဘူး။ အသက်အရွယ် အပိုင်းအခြားကို လိုက်ပြီး ကိုယ်လိုချင်တဲ့ ဘ၀ကို တည်ဆောက်နိုင်ဘို့ ဘ၀ အထောက်အကူ ပစ္စည်းတစ်ခုအဖြစ်ပဲ လိုအပ်တာပါ။ ဒါပေမယ့် ငွေကြေးအတွက် မိဘနဲ့ သားသမီးတွေ မုန်းတီးကြ၊ ချစ်သူတွေ လမ်းခွဲကြ၊ ညီအစ်ကို မောင်နှမတွေ အမွေလုကြ၊ မိတ်ဆွေ သူငယ်ချင်းတွေ အခင်အမင်ပျက်ကြ၊ ဒါတွေတော့ မဖြစ်သင့်ပါဘူးလေ။

လူတွေက ဘာသာရေးက ပြဌာန်းထားတဲ့ ဘုရားသခင်ပြီးရင် ဒုတိယ ကိုးကွယ်တဲ့ အရာပေါ်မှာ မူတည်ပြီး စိတ်နေသဘောထားတွေ အများကြီး ကွဲပြားသွားကြတယ်။ ဘ၀တွေ အများကြီး ပြောင်းလဲကြတယ်။ တကယ်တော့ ဒုတိယ ဘုရားသခင်ဆိုတာ ကိုယ် ရဲ့ Soul ပါဘဲ။ ကိုယ့်ရဲ့ နှလုံးသားထဲက Soul ကို ဖမ်းဆုပ်နိုင်သူများသာ ဘ၀ကို အနိုင်နဲ့ ပိုင်းနိုင်သူများလို့ ဆိုနိုင်ပါတယ်။
Money lost, nothing lost
Courage lost, something lost
Soul lost, all lost ဆိုတဲ့ လူတိုင်းကြားဖူးနေတဲ့ ဆိုရိုးလေးအတိုင်းပေါ့။
တကယ်တော့ လူသားတွေရဲ့ ဘ၀များစွာကို သူ့တို့ ယုံကြည်ကိုးကွယ်နေတဲ့ Second God က ပြဌာန်းနေတာပါပဲလေ။ ။

Thursday, August 2, 2007

See And Be Seen Remix 1



တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည် မုံရွာမြို့နယ်နားက ရွာကလေးရွာမှာ ရွာသားနှစ်ယောက် စကားများ ရန်ဖြစ်ကြသတဲ့။ တစ်ယောက်က လက်ထဲမှာ ဌက်ကြီးတောင်ဓါးကြီှးဆွဲလို့၊ နောက်တစ်ယောက်ကတော့ လက်နက်မဲ့ ဗလာနထ္ထိ ဆိုပါတော့။ အဲဒီတော့ သိပ်မကြာခင်မှာဘဲ ထုံးစံအရ လက်နက်ရှိတဲ့လူက လက်ဗလာနဲ့ လူရဲ့ ဘယ်ဘက်လက်မောင်းကို အရင်းကနေ တိတိရိရိ ဖြတ်ပစ်လိုက် ပါရောတဲ့။ ပုံမှန်ဆိုရင်တော့ ဗလာသမားက သွေးပျက် ဒူးထောက်အရှုံးပေး၊ ရန်ပွဲကလဲ ဒီမှာပဲ ပြီးသွားပါပြီ။ ဒါပေမယ့် ဒီရန်ပွဲ ကတော့ အခုမှ စတာပါ။


လက်နက်မဲ့ သူက သူရဲ့ ညာဘက်လက်နဲ့ ဗယ်ဘက်လက်ပြတ်ကြီးကို ကောက်ကိုင် လိုက်တယ်ဆိုရင်ဘဲ ရန်ပွဲက အစကို ပြန်ရောက်သွားပါရောတဲ့။ တစ်ယောက်က ဓါးနဲ့၊ တစ်ယောက်က ခန္ဓာကိုယ်ရဲ့ အပိုင်းအစတစ်ခုကို ဓါးအဖြစ် ကိုင်ဆွဲလျှက်ပေါ့လေ။ ဓါးသမားနဲနဲ သွေးပျက်သွားပါတယ်။ သွေးတွေ အများကြီး မြင်တော့လဲ လန့်စပြုလာတာပေါ့။ ဓါးတစ်ချက်ဝေ့လိုက်တိုင်း ၀ှီးကနဲ၊ လက်ပြတ်ကလဲ တစ်ချက်ရိုက်မိလိုက်တိုင်း သွေးတွေက ဖြန်းကနဲ၊ အရိုးကလဲ ဖွေးကနဲပေါ့။ နောက်ဆုံးတော့ လက်ပြတ်သမားက ဓါးသမားရဲ့ ခန္ဓာကိုယ် အနှံ့ကို မှီသလောက် သူရဲ့ လက်ပြတ်ကြီးနဲ့ အဆက်မပြတ် ရိုက်လိုက်တယ်ဆိုရင်ဘဲ သွေးအလိမ်းလိမ်းနဲ့ စုတ်ဖွာနေတဲ့ လက်ပြတ်ရဲ့ ဒဏ်နဲ့ ဓါးသမား အသက်ပျောက် ရှာပါလေရော။ (ဒါက တကယ့်အဖြစ်အပျက်ပါ။)

လက်နက်သမားရဲ့ သဘာဝက လက်နက်အားကိုးကြောင့်တခြား ကိုယ်ပိုင်အရည်အသွေးတချို့ ကျဆင်းသွားတာပါ။ နောက်ထပ် ကျန်တဲ့ လက်တစ်ဖက် ကို ထပ် ဖြတ်နိုင်ဘို့ အင်အားကို၊ ကိုယ့်လက်ပြတ်ကိုယ် ကောက်ကိုင်ပြီး တစ်ဖက်လူကို အရှုံးမပေးဘဲ ရိုက်လိုက်တဲ့ စိတ်ဓါတ်က အနိုင်ယူလိုက်တာပါပဲ။ ကိုယ်ပိုင်အစွမ်းအစကို မသေမချင်း အစွမ်းကုန် အသုံးချနိုင်တဲ့ လူကို ဘယ်လိုမှ မယှဉ်နိုင်တာလဲ ဖြစ်နိုင်တာပေါ့လေ။

လက်နက်အားကိုးတဲ့လူက လက်နက်ကို အသုံးချနိုင်ဘို့ကိုပဲ ဦးစားပေးကြိုးစားပါလိမ့်မယ်။ တကယ်လို့ လက်နက်မဲ့တဲ့ အခါ သူ့စွမ်းအားလဲ ကုန်ရှာပါပြီ။ ဂဏန်းတွက်စက်ကိုပဲ အမြဲသုံးလာတဲ့ လူက စက်မပါဘဲ စိတ်နဲ့ တွက်စမ်းဟေ့ဆိုရင် လ္ဘက်ရည်ဆိုင်က စားပွဲထိုးလေးကိုပင်ရှုံးပါလိမ့်မည်။ တစ်စုံတစ်ခု (သို့မဟုတ်) တစ်စုံတရာ (သို့မဟုတ်) တစ်စုံတစ်ယောက် ကို အားကိုး၍ မိမိ၏ ကိုယ်ပိုင် အရည်အချင်းတို့ကို အသုံးမချခဲ့လျှင် ထိုတစ်စုံတရာ ပျောက်ဆုံးသွားသော အချိန်တွင် မိမိကိုယ်ကို မည်သို့ ရပ်တည်နိုင်မည်နည်း။

တချို့လူသားများကတော့ ကိုယ်ပိုင်အရည်အသွေး၏ အနှစ်သာရ ကို သေချာမသိရှာ။ အဖိုးတန်ပစ္စည်းဥစ္စာ၊ ရတနာများနှင့် ပကာသန တို့ကို အရည်အချင်းအဖြစ် ပြသတတ်ကြသည်။ ကိုယ်ပိုင်အရည်အသွေးနည်းပါးသော အမျိုးသမီးက ကျောက်မျက်ရတနာမျိုးစုံ၊ စိန်ထည်မျိုးစုံဝတ်ပြီး ပကာသန အတွက်သက်သက် ပြုလုပ်သော ပွဲများကျင်းပရင်း ပြသပေလိမ့်မည်။ ကိုယ်ပိုင်အရည်အသွေးပြည့်ဝလျှက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော အမျိုးသမီးဟူသည် ချည်ထည်ရင်ဖုံးနှင့် ရိုးရိုးချိတ်ထမီလေး ၀တ်ထားသော်လည်း လောကအလယ် တင့်တယ်နေတတ်ပေသည်။ ရွှေထည်မလို၊ လက်ပတ်နာရီ အသေးလေးတစ်လုံးနှင့် ပင် အများက ချစ်ခင်လေးစားနေတတ်ကြသည်။

လူတို့သည် မိမိတို့၏ ယုံကြည်မှုအပေါ်တွင် ရေကဲ့သို့ ကျင့်ကြံနိုင်လျှင် ကောင်းပေလိမ့်မည်။ ရေဟူသည် ရွှေခွက်ထဲ ထည့်လိုက်လျှင် ရွှေရည် ဖြစ်မသွားနိုင်။ ငွေခွက်နဲ့ ထည့်လိုက်လို့လည်း ငွေရည် မဖြစ်နိုင်ပေ။ ရေသည် ရေသာဖြစ်သည်။ ယုတ်စွအဆုံး အိမ်သာခွက်ထဲက ရေသည်လည်း ရေ၏ ဂုဏ်သတ္တိ အပြည့်ရှိသော ရေစင်စစ်ပင် ဖြစ်သည်။

မိမိ၏ ယုံကြည်ချက်တစ်ခုသည် မည်သူက ဘာပြောပြော မပြောင်းလဲနိုင်သော ခိုင်မာမှုမျိုး ရှိသင့်သည်။ ထို့အပြင် ယုံကြည်မှု ခိုင်မာခြင်းနှင့် တစ်ယူသန်ခြင်းကို ခွဲခြားနိုင်သော ဦးနှောက်လဲ ရှိသင့်သည်။ သူတစ်ပါးကို သေးသိမ်နေဘို့ အချိန်မရှိလောက်အောင် တိုတောင်းလှသော လူ့ဘ၀တွင် မိမိ၏ စိတ်တံခါးကို ဖွင့်ထားပြီး ၀င်လာသမျှ ခံစားမှု အားလုံးကို သူ့အကန့်အသတ်နဲ့ သူထည့်ထားနိုင်ရမည်။ လူသားတိုင်းသည် မိမိဦးနှောက်လုပ်နိုင်စွမ်း၏ ၆၅ ရာခိုင်နှုန်း ကိုသာပြည့်ပြည့်၀၀ အသုံးချနိုင်လျှင် လူတိုင်း အိုင်းစတိုင်း ဖြစ်နိုင်သည်ဟု ဆိုထားသည် မဟုတ်ပါလား။ ။