Sunday, October 28, 2007

ဦးရွှေအောင် ၏ အမြင်များပြောင်းလဲခြင်းနှင့် အတွေးအမြင်များစာစုများ မှ ကောက်နှုတ်ချက်

ကောင်းသောအလုပ်ကို လုပ်လျှင် ကောင်းကျိုးကိုရ၍၊ မကောင်းသော အလုပ်ကို လုပ်လျှင် မကောင်းကျိုးကို ရ၏။ ဤသည်မှာ ဓမ္မနိယာမ ဖြစ်၏။ ဤ ဓမ္မနိယာမအတိုင်းဖြစ်အောင် ဓမ္မက ဆောင်ရွက်၏။ သို့ရာတွင် ဓမ္မနိယာမကို ပြောင်းပြန်လုပ်သူများသည် ဤလောက၌ ရှိတတ်၏။ ထိုပုဂ္ဂိုလ်များသည် မကောင်းသောအလုပ်ဖြင့် ကောင်းကျိုးကို ရနေတတ်ကြ၏။ ကောင်းသောအလုပ်ဖြင့် မကောင်းကျိုးကို ရနေတတ်ကြ၏။

ဤသို့ ဓမ္မနိယာမကို ပြောင်းပြန်လုပ်ခြင်းအားဖြင့် ဒုစရိုက်သမားများက ချမ်းသာကြွယ်ဝပြီး သုစရိုက်သမားများက ဆင်းရဲမွဲတေနေသည်ကို မျက်စိအောက်တွင်ပင် တွေ့မြင်နေကြရလေရာ၊ ဓမ္မနိယာမဟူသည် မှန်ကန်မှ မှန်ကန်လေရဲ့လားဟူ၍ ကုသိုလ်နှင့် အကသိုလ်အပေါ် သံသယ ရှိတတ်ကြ၏။


ဤသို့ သံသယရှိသူများတွင် ဗုဒ္ဓဘာသာဝင်များလည်း ပါဝင်ကြ၏။ ထိုသို့ ပါဝင်သော်လည်း သူတို့သည် ကမ္မဿကတာ သမ္မဒိဋ္ဌိ အမည်ခံသူများ ဖြစ်ကြသည့်အားလျော်စွာ ကုသိုလ်နှင့် အကုသိုလ်အပေါ် သံသယရှိကြောင်း ၀စီကံဖြင့်လည်း မဖော်ပြရဲကြ၊ ကာယကံဖြင့်းလည်း မဖော်ပြရဲကြ။ သို့ရာတွင် မနောကံဖြင့်မူ ဖော်ပြနေကြ၏။

ဓမ္မသည် သူ့သဘာဝကို သူဆောင်၏။ သစ္စာသည် ရှေ့နှင့်နောက်ကို မှန်မှန်ကန်ကန်ဖြစ်အောင် ဆက်စပ်ပေး၏။ ရှေ့နှင့် နောက်ဆိုသည်မှာ စိတ်က ကြံစည်သည့်အတိုင်း နှုတ်က ပြောဆိုရာတွင် စိတ်နှင့်နှုတ် ရှေ့နှင့် နောက် ညီညွတ်ခြင်း၊ စိတ်က ကြံစည်သည့်အတိုင်း ကိုယ်က ပြုလုပ်ရာတွင် စိတ်နှင့်ကိုယ် ရှေ့နှင့် နောက် ညီညွတ်ခြင်း၊ နှုတ်က ပြောဆိုသည့်အတိုင်း ကိုယ်က ပြုလုပ်ရာတွင် နှုတ်နှင့်ကိုယ် ရှေ့နှင့် နောက် ညီညွတ်ခြင်းတို့ပင် ဖြစ်၏။ ဤသည်ကိုပင် ‘ကံ’ များအချင်းချင်း သစ္စာရှိသည်ဟု ဆိုရ၏။ ဓမ္မအပေါ် သစ္စာရှိခြင်း ဟူ၍လည်း ဆိုရ၏။

ထိုသို့မဟုတ်ဘဲ စိတ်က တစ်မျိုးကြံ၊ နှုတ်က တစ်မျိုးပြောခြင်းသည် လည်းကောင်း၊ စိတ်က တစ်မျိုးကြံ၊ ကိုယ်က တစ်မျိုးလုပ်ခြင်းသည် လည်းကောင်း၊ နှုတ်က တစ်မျိုးပြော၊ ကိုယ်က တစ်မျိုးလုပ်ခြင်းသည် လည်းကောင်း ‘ကံ’ အချင်းချင်းအပေါ် သစ္စာဖောက်ခြင်း မည်၏။ ကံအချင်းချင်းအပေါ် သစ္စာဖောက်ခြင်းသည်ပင် ဓမ္မအပေါ် သစ္စာဖောက်ခြင်း မည်၏။

သက်ရောက်အားနှင့် တန်ပြန်သက်ရောက်အားတို့၏ နိယာမအရ ပုဂ္ဂိုလ်က ဖြစ်စေ၊ ကံက ဖြစ်စေ ဓမ္မအပေါ် သစ္စာဖောက်ပါက ဓမ္မသည် မလွဲမသွေ တုံ့ပြန်မည် ဖြစ်၏။ ဓမ္မသည် တိုက်ခိုက်ခြင်း ခံရပါက ဓမ္မကလည်း ပြန်လည်တိုက်ခိုက်မည် ဖြစ်၏။ ဤသည်မှာ နိယာမ ဖြစ်၏။ ဤနိယာမကို ဓမ္မသည် မကျော်လွန်နိုင်။
ဓမ္မအပေါ် သစ္စာဖောက်ခြင်းလုပ်ငန်း ဆိုသည်မှာ ဒုစရိုက်လုပ်ငန်းများဖြင့် ကြီးပွားခြင်း ဖြစ်၏။

အမှန်အားဖြင့် ဓမ္မနိယာမအရ အကုသိုလ်လုပ်ငန်းသည် ဆင်းရဲခြင်းအကျိုးကိုသာ ပေးရပြီး၊ ကုသိုလ်လုပ်ငန်းသည်သာ ချမ်းသာခြင်း အကျိုးကို ပေးရမည် ဖြစ်၏။ သို့ပါလျက် ဤလောက၌ အကုသိုလ်လုပ်ငန်းဖြင့် ချမ်းသာခြင်း အကျိုးကို ရရှိကြသူ များစွာကို တွေ့နေရ၏။ သို့ဖြစ်လျှင် အကုသိုလ်သည်လည်း ကောင်းသော အကျိုးကို ပေး၏ ဟူ၍ လည်းကောင်း၊ ကုသိုလ်သည်လည်း မကောင်းသော အကျိုးကို ပေး၏ ဟူ၍ လည်းကောင်း ဆိုရမလို ဖြစ်၏။

အမှန်အားဖြင့် အကုသိုလ်လုပ်ငန်းကြောင့် ကြီးပွားချမ်းသာခြင်းသည် လည်းကောင်း၊ ကုသိုလ်လုပ်ငန်းကြောင့် ဆင်းရဲမွဲတေခြင်းသည် လည်းကောင်း ဓမ္မအပေါ် သစ္စာဖောက်ခြင်းပင် ဖြစ်၏။ ကံနှင့် ကံ၏ အကျိုးတို့ လိုက်လျောညီထွေ မရှိခြင်းသည် ဓမ္မအပေါ် သစ္စာဖောက်ခြင်း မည်၏။ ဓမ္မအပေါ် သစ္စာဖောက်ခြင်းမှန်သမျှ ဓမ္မ၏ ဒဏ်ခတ်ခြင်းကို ခံရမည်မှာ မလွဲမသွေ မှန်လှပေ၏။ သက်ရောက်အားနှင့် တန်ပြန်သက်ရောက်အားတို့၏ နိယာမအရ အပုပ်ချခြင်း ခံရသော ဓမ္မသည် မိမိအပေါ် အပုပ်ချသူအား ပြန်၍ ဒဏ်ခတ်ရသည်မှာ မရှောင်လွဲနိုင်သော နိယာမ ဖြစ်၏။ ထို နိယာမအတိုင်း ဓမ္မက ဒဏ်ခတ်ရသည်မှာ သေချာပါ၏။ သို့ရာတွင် ‘မည်သည့်အချိန် ဒဏ်ခတ်မည်နည်း’ ဟူ၍ အချိန်ကာလနှင့် ပက်သက်ပြီး စဉ်းစားစရာသာ ရှိ၏။ ထို့ကြောင့် ကာလအရ မသေချာသော်လည်း နိယာမအရ ဒဏ်ခတ်မည်ကတော့ အလွန်ပင် သေချာပါ၏။

ဤလောက၌ နှုတ်က ဓမ္မကို ဖောင်ဖောင်ရွတ်ပြီး ကိုယ်နှင့် စိတ်က အဓမ္မကို ကျင့်သုံးနေကြသူများလည်း များစွာ ရှိ၏။ မိမိတို့၏ လုပ်ငန်းကိုပင် ဓမ္မဟူ၌ မှားယွင်းစွာ သက်ဝင်ယုံကြည်နေကြသူများလည်း များစွာရှိ၏။ ထိုပုဂ္ဂိုလ်များသည် ဓမ္မအပေါ် သစ္စာဖောက်ကြသူများ ဖြစ်၏။ ဓမ္မအပေါ် သစ္စာဖောက်သူများသည် တစ်ခုသောနေ့တွင် ဓမ္မ၏ ဒဏ်ခတ်ခြင်းကို မုချမသွေ ခံစားရပေလိမ့်မည်။ ထိုတစ်ခုသောနေ့ကား လောလောဆယ် မျက်မှောက်ပစ္စက္ခတွင် ဖြစ်ချင်ဖြစ်မည်။ မျက်မှောက်ပစ္စက္ခတွင် မဖြစ်ပါက သေခါနီးကာလ မရဏာသန္နဇော စောချိန်မှစ၍ တမလွန်တွင်မူ မုချမသွေ ဖြစ်ပေလိမ့်မည်။ ယုံမှားဖွယ် မရှိ။

ထို့ကြောင့် နှုတ်က ဓမ္မကိုပြောလျှင် ကိုယ်နှင့်စိတ်ကလည်း ဓမ္မအတိုင်း ဖြစ်ရလေအောင် သမ္မပ္ပဓာန်ထိုက်သော ၀ီရိယကိုသုံး၍ ကျင့်ကြံအားထုတ်အပ်ပါ၏။ ထို့သို့မဟုတ်ဘဲ နှုတ်ကသာ ဓမ္မကို အော်ကျယ်ဟစ်ကျယ်ပြောပြီး ကိုယ်နှင့်စိတ်က အဓမ္မကို တိတ်တိတ်ပုန်း ကျင့်ကြံအားထုတ်မည်ဆိုပါက ဓမ္မအပေါ် သစ္စာဖောက်ခြင်း ဖြစ်သဖြင့် သစ္စာဖောက်ခြင်း ခံရသော ဓမ္မကလည်း ပြန်လည်ဒဏ်ခတ်မည်ဖြစ်ကြောင်း လေးနက်စွာ ယုံကြည်အပ်ပါ၏။