Sunday, February 22, 2009

ပျော်ရာမှာ အလုပ်လုပ်ရတဲ့ အခါ


ကိုယ်နေတဲ့ အိမ်ရှင်အစ်မက တစ်ခါမှ အလုပ်မလုပ်ဘူးပါဘူး။ တစ်နေ့တော့ သတင်းစာထဲမှာ Daiso က အလုပ်ခေါ်စာတွေ့တော့ သွားလျှောက်မယ်ဆိုပြီး သွားလေရဲ့။ အစ်မရဲ့ အမျိုးသားကလဲ အစ်မပင်ပန်းရင် နှစ်ရက်လောက်ဆို မလုပ်နိုင်တော့ဘူးဆိုပြီး ပြန်ပြေးလာမှာပဲလို့ မျှော်လင့်ပြီး သွားချင်လဲသွားပေါ့။ ကိုယ်တို့ကလဲ အစ်မ အပင်ပန်းခံနိုင်မှာမဟုတ်ဘူးပေါ့။ ဒီလိုနဲ့ လုပ်လာတာ ၂ လ ကျော်လောက်ရှိသွားပြီ။ အစ်မလဲ ကျန်းမာရေးပိုကောင်း၊ ပျော်ရွှင်တက်ကြွနေလိုက်တာလဲ အလွန်၊ နောက်ပြီး အိမ်မှာလဲ Daiso က ပစ္စည်းဆန်းဆန်းလေးတွေ မျိုးစုံပါပဲ။ အစထဲက Daiso ကြိုက်တဲ့ အစ်မ၊ အဲဒီဆိုင်ထဲရောက်ရင် တော်တော်နဲ့ ပြန်မထွက်နိုင်တဲ့ လူဆိုတော့၊ သူ့အတွက် လုပ်ငန်းခွင်မှာ တစ်နေကုန်နေရတာ ဘာနဲ့တူသလဲဆိုတော့ ချောကလက်တွေ၊ ရေခဲမုန့်တွေကြားထဲရောက်နေတဲ့ ကလေးလေးအတိုင်းပဲ ထင်ပါရဲ့။

ကိုယ်အနေနဲ့ကတော့ Daiso ကို မှတ်မှတ်ရရ တစ်ခါပဲသွားဘူးတာ။ ရန်ကုန်က ဂျပန်ယွန်းထည်လေးတွေလိုချင်တယ်ဆိုလို့ သွားဝယ်ပေးတာ။ ယွန်းထည်ရှိတဲ့ နေရာရှာပြီး လိုချင်တာဝယ်ပြီး ပြန်ထွက်လာခဲ့တာ။ ဒီလောက်ပစ္စည်းတွေ အများကြီးထဲမှာ သေသေချာချာ ရှာဖွေမ၀ယ်တတ်ခဲ့ဘူး။ ၀ယ်စရာကောင်းမယ့် ပစ္စည်းလေးတွေ ရှိနေတာလဲ မသိဘူး။ အခုမှ အစ်မ ၀ယ်လာတဲ့ပစ္စည်းလေးတွေ စိတ်ဝင်တစား ယူကြည့်မိတော့တယ်။ ရှာဝယ်တတ်ရင်တော့ Daiso က ဘာဝယ်ဝယ် ၂ ဒေါ်လာနဲ့ ပျော်စရာကောင်းသား။


ကိုယ့်အစ်မတစ်ယောက်တော့ ဂျပန်စာလဲ ကျက်နေလေရဲ့။ Daiso က ဂျပန်မှာ ဆိုင်ခွဲ ၅၀၀ ရှိပြီး တကမ္ဘာလုံးမှာ ၂၄၀၀ ရှိတာလဲပြောပြရဲ့။ သူတို့ပစ္စည်းတွေက ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ အမေရိကား နဲ့ တရုတ်က သွင်းပြီး Product for Daiso ဆိုပြီး ဂျပန်မှာ Quality Control ပြန်လုပ်ထားတဲ့ အကြောင်း၊ Sales ရယ် Cashier ရယ်မရှိဘဲ လူတိုင်း၊ ရာထူးတိုင်း လုပ်နိုင်အောင် အားလုံးသင်ရတဲ့ အကြောင်း၊ အဲဒီလိုအကုန်သင်ရတာကို သူများတွေက ရှုပ်တယ်ဆိုပြီး ငြိုငြင်ကြတဲ့အကြောင်း၊ သူကတော့ သူသိချင်တာတွေ သိခွင့်ရလို့ ပျော်တဲ့အကြောင်း၊ ဆိုင်မန်နေဂျာက ဂျပန်လူမျိုးဖြစ်တဲ့အတွက် စည်းကမ်းအရမ်းကြီးတဲ့အကြောင်း၊ တော်သေးတယ် သူတို့ရောင်းပေးလို့ ပစ္စည်းလေးတွေဝယ်လို့ရတာ ကျေးဇူးတင်လိုက်တာ ဆိုတာက ပါသေးတယ်။ ကိုယ်တို့အိမ်သားတွေအားလုံး အစ်မကို ကြည့်ပြီး ပြုံးကြရတယ်။

သူတို့အလုပ်သဘာဝက မနက် ၉ နာရီကနေ ညနေ ၆ နာရီ၊ နေ့လည် ၂ နာရီကနေ ည ၁၀း၃၀ ထိ ၂ ဆိုင်း အလှည့်ကျ ကို တစ်ပတ် ၁ ရက် နား။ ကိုယ်အလုပ်ဆင်းရတဲ့ ရက်ဆို Daiso ပစ္စည်းဝယ်ခွင့်မရှိ၊ သုံးစွဲခွင့် မရှိပါဘူး။ ထမင်းဘူးထည့်တဲ့ အိတ်ကလေးကအစ ယူလာခွင့် မရှိပါဘူး။ အဲဒီတော့ ပစ္စည်းလိုချင်တာ ရှိရင် အလုပ်နားရက်မှာ သပ်သပ်သွားဝယ်ရတာပါ။ ကိုယ့်အစ်မကတော့ အလုပ်ပိတ်ရက် အိမ်အလုပ်တွေပြီးရင် Daiso သွားတော့တာပါပဲ။ ပြီးရင်တပုံကြီးဝယ်ပြီး ပြန်လာတတ်တာ။

သူမို့လို့ ရှာရှာဖွေဖွေ ၀ယ်တတ်ပါတယ်။ ဆန်ပိုးမတက်အောင် ထည့်တဲ့ဘူးလေးတွေ၊ ကားမောင်းရင် လက်တွေနေလောင်မှာစိုးလို့ ၀တ်ရတဲ့ လက်အိတ်ရှည်ရှည်လှလှလေးတွေ၊ Microwave ထဲမှာ ဟင်းနွေးရင် သုံးတဲ့ လက်မပူတဲ့ ခွက်ကလေးတွေ၊ ပန်းပင်လုပ်တဲ့ ပစ္စည်းလေးတွေ၊ Screw Drivers အရွယ်စုံ၊ L-Keys အရွယ်စုံ၊ အမျိုးကို စုံနေတာပါပဲ။

ချစ်စရာ ဖောင်တိန်လေးတွေ မီးဖိုဆောင်သုံးပစ္စည်းလေးများထမင်းခပ်စရာ ယောင်းမ
(ဘူးလေးထဲမှာ သိမ်းထားလို့ရတယ်)



ဖိနပ်လှန်းတဲ့ ချိတ်အရေးပေါ် ဆံပင်ဆေးဆိုးတောင့်ကျောက်ကျောလှီးတဲ့ဓား
အညောင်းပြေနှိပ်တဲ့ ဘီးလုံးလေးပေကြိုးခွေမှန်ဘီလူးလေး
 
အနွေးဖိနပ်ကလေးမြန်မာပြည်အလွမ်းပြေ ရွှေဝါဆပ်ပြာတောင့် 

တကယ်လို့များ Sembawang မှာရှိတဲ့ Daiso အသစ်ကြီးကို ရောက်ခဲ့ရင်၊ တကယ်လို့များ ဘာပစ္စည်းတွေဘယ်လို အသုံးတည့်တယ်ဆိုတာ သိချင်ခဲ့ရင် ကောင်းကင်ပေါ်က လူတိုင်းချစ်တဲ့ အရာနဲ့ ထပ်တူညီတဲ့ နာမည်လေး ရင်ဘတ်မှာထိုးထားတဲ့ ၀န်ထမ်း သွားရှာပြီး မေးကြည့်နိုင်ပါတယ်။ ဒါပေမယ့် See And Be Seen ရဲ့ အစ်မလားဟင် လို့တော့ မမေးနဲ့ပေါ့ဗျာ။