စိတ်တေလေရဲ့ ငိုချင်း
တစ်နေ့က အမေရိကားရောက်ပြီး အမြဲတမ်း အိမ် (မြန်မာပြည်) ပြန်ချင် နေတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စကားအကြာကြီး ပြောဖြစ်တယ်။ သူပြောပြမှပဲ အမေရိကားဆိုတာကြီးကို ရောက်ဘို့ ကြိုးစားကြတဲ့ နည်းလမ်းပေါင်းစုံ၊ ညစ်ပတ်နည်းမျိုးစုံ၊ လိမ်နည်းမျိုးစုံ၊ အခက်အခဲမျိုးစုံ ကြားဖူးတော့တယ်။ အဆိုးဆုံးကတော့ အသက် ၅၀ အရွယ် အမေက အရင်သွားပြီး ယောက်ျားတစ်ယောက် ရအောင်ယူ၊ ယောက်ျားယူလို့ရသွားတဲ့ အခါ ရန်ကုန်မှာရှိတဲ့ အရွယ်ရောက်နေပြီဖြစ်တဲ့ သားသမီးတွေဆီအကြောင်းကြားပေါ့။ ဒီသားသမီးတွေက "ဟေး... အမေယောက်ျားရပြီကွ US သွားရတော့မယ်" ဆိုပြီး အလွန်ပျော်ရွှင် ၀မ်းမြောက်ကြတယ် ဆိုပဲ။ ဘ၀ဆိုတာ တိုက်ပွဲဆိုပေမယ့် အမေကို ချကျွေးရတဲ့ အထိ ဆိုတော့ တော်တော်လေး ပြင်းထန်တဲ့ တိုက်ပွဲပေပဲ လို့ တွေးရင်း ....
၇ ရက်တရားအားထုတ်ပြီး မဂ်ရတယ်ဆိုတဲ့ တရားစခန်းတစ်ခုမှာ လူတွေကို တရားထိုင်လို့ ၁၅ မိနစ်လောက်ရှိတဲ့ အခါ ခေါင်းကနေတစ်ယောက်က မ၊ ခြေထောက်ကနေ တစ်ယောက် မ၊ ခုံနှစ်ခုံပေါ် ကို အပြားလိုက်တင်၊ အလယ်က ကြမ်းပြင်နဲ့ လွတ်နေတဲ့ ခါးနေရာကို ဓါတ်ပုံတွေရိုက်၊ လေပေါ်မြောက်နေတယ်ပေါ့။ သူတို့ အခေါ် မဂ်ဆိုက်နေတယ်ဆိုလား။ မိဘတွေ မဂ်ဆိုက်ပြီးရင် သားသမီးတွေလည်း မကြာခင် မဂ်ရတယ်ဆိုလား။ လွယ်လိုက်သည်ဖြစ်ခြင်း။ ဟောတဲ့ လူပုဂ္ဂိုလ်ကိုလည်း အံ့သြ၊ ခုံပေါ်မှာ စန့်စန့်ကြီး မဂ်ဆိုက်နေကြတဲ့ ပြည်ပရောက် ပညာတတ်ဆိုသူများ ကိုလည်း အံ့သြ။ ကိုယ်နားလည်တဲ့ အကြောင်းအရာ မဟုတ်ပေမယ့် ထိုနေ့ကလည်း တော်တော် စိတ်လေမိတယ်။
သူငယ်ချင်းနှစ်ယောက်နဲ့ Pennisular မှာ ခဏတွေ့တုန်း သူငယ်ချင်းရဲ့ အစ်ကို ၀မ်းကွဲဆိုလား ရောက်လာပြီး ကျွန်တော်တို့ကို စင်္ကာပူဆိုင်ရာ ဗဟုသုတ တွေပို့ချပါတယ်။ နောက်တော့ တစ်လ ဘယ်လောက်စုထားလဲ။ လစာရဲ့ ဘယ်လောက်ကို စုနိုင်လဲ။ ကျွန်တော်တို့ အားလုံးက ကိုယ်သုံးဖို့ချန်ပြီး အိမ်ကို အကုန်ပို့ရတဲ့ လူတွေဆိုတော့ သူ့မေးခွန်းတွေကို မဖြေနိုင်။ ဒါနဲ့ပဲ Management ဆိုတာက ဘာကွ၊ ညာကွ၊ Theory တွေဘာတွေနဲ့ အမျိုးစုံ နားထောင်ရတော့တယ်။ ကိုယ့်အတွက် ရထားစရိတ်နဲ့ စားဖို့ချန်ပြီး အားလုံးပို့ပါတယ် ဆိုတာ ဘယ်ငွေကြေး Amount ပမာဏကို ထပ်ပြီး Manage လုပ်ရဦးမလဲဆိုတော့ မိဘတွေသုံးနေတဲ့ ပမာဏကို Manage လုပ်ရမယ်။ မိဘတွေကို ငွေကြေး Management သင်ပေးနိုင်မှ ရမယ်တဲ့။ သူဆို ၂၅၀ ပဲပို့လို့ ရသွားပြီတဲ့။ ဗုဒ္ဓေါ။ ကိုယ့်အဖေကို ပိုက်ဆံ ၂၅၀ ပဲ ပို့ပြီး Management လုပ်ပြီး သုံးလို့ပြောရင် ကိုယ့်ကို အဲဒီပိုက်ဆံ ပြန်ပို့ပြီး ပညာသားပါပါ ယဉ်ယဉ်ကျေးကျေး ဆဲပါလိမ့်မယ်ဗျာ။ အခြေအနေချင်း မတူလို့ ဘာမှ မငြင်းပဲ ငြိမ်ငြိမ်လေး ကော်ဖီသောက်နေလဲ မရ။ ညီလေး မင်းရော ပြောပါဦး။ ဘယ်လို Manage လုပ်လဲ။ ညီလေး မင်း အစ်ကို ပြောတာ သဘောပေါက်ရဲ့လား။ မင်း ဒီမှာ ဘယ်နှစ် နှစ် ရှိပြီလဲ။ တစ်ပြားမှ မစုမိရင် ညံ့တာပေါ့ကွာ။ ဟုတ်ကဲ့... ညံ့တယ်ပဲ ထားလိုက်ပါတော့ဗျာ။ ထိုနေ့ကလည်း တော်တော်ကြီးကို စိတ်လေမိသည်။
တခြားကျောင်းတစ်ခုမှာ International Friendship Day ကျင်းပနေတုန်း ကိုယ်နဲ့ ကိုယ့် Department Head နဲ့ ခဏ ရောက်နေတာနဲ့ ကြုံကြိုက်လို့ ၀င် ကြည့်မိကြတယ်။ လားလား.... Hall ထဲမှာ Video ပြနေလေရဲ့။ ကြည့်လိုက်တော့ တခြား အရှေ့တောင်အာရှ နိုင်ငံတွေပြီးလို့ မြန်မာပြည် အကြောင်း။ ရွှေရောင်ဝင်းနေတဲ့ ရွှေတိဂုံစေတီပုံမပါ။ ပုဂံမြို့ရဲ့ရှေးဟောင်းအမွေအနှစ်တွေမပါ၊ ရန်ကုန်မပါ၊ မန္တလေး နန်းမြို့ရိုးမပါ၊ ငပလီ မပါ၊ ဦးသန့်မပါ၊ ဒေါ်အောင်ဆန်းစုကြည် မပါ။ တောကြိုအုံကြား၊ နှပ်ချေးတွဲလောင်း၊ ခေါင်းရွက်ဗျက်ထိုး၊ ဆင်းရဲပေ့၊ စုတ်ပြတ်ပေ့ ဆိုတဲ့နေရာတွေ၊ ကျောင်းဝတ်စုံမပါတဲ့ ကလေးငယ် ဘုစုခရုတွေချည်းပဲ။ ပြီးတော့ ဆရာမက "What is the difference between Myanmar and Singapore?" တဲ့။ ကလေးတွေက "Singapore is so rich" တဲ့ပြီးရော။ ကိုယ့်အလုပ်ခွင်မဟုတ်တော့ ဘာမှလုပ်မရ။ ထိုနေ့ကလည်း တော်တော်စိတ်လေသွားသည်။
ရန်ကုန်က အဒေါ်က အားမနာရတဲ့ လူကြုံနဲ့ ပုဇွန်ထုပ် ၂ ပိဿာ ကြော်ပေးလိုက်တယ်တဲ့။ လူကြုံတ၀က်၊ ကိုယ်တ၀က်ပေါ့။ လူကြုံက ဖုန်းဆက်တော့ ပြီးခဲ့တဲ့ တစ်ပတ်လုံး ကိုယ့်အလုပ်ချိန်က မနက် ၅ နာရီ ထသွားပြီး ည ၉ နာရီခွဲမှ ပြန်ရောက်နေလို့ စနေနေ့မှ လာယူပါမယ်လို့ ပြောလိုက်တယ်။ ဘာပစ္စည်းလဲဆိုတာ သူသိနေတဲ့အတွက် ရေခဲသေတ္တာထဲ ထည့်ထားမှာပါလေ ဆိုပြီးဘာမှ မပြောမိ။ သွားယူတဲ့နေ့ ကျတော့ ပုပ်စော်နံ နေပြီဖြစ်တဲ့ အထုပ်ကိုပေးတယ်။ ခပ်တည်တည်ပဲ။ သူအနံ့မရဘူးလား မသိ။ ကိုယ့်မှာ ပုဇွန်ထုပ်မျက်နှာနဲ့ အဝေးကြီးသွားယူ၊ ပြီးတော့ သူတို့အိမ်နားက အမှိုက်ပုံးမှာ လွှင့်ပစ်၊ MRT က သန့်စင်ခန်းမှာ လက်ဆေးပြီး အိမ်ပြန်လာ၊ ကြက်ဥကြော်နဲ့ ထမင်းစား။ ထိုနေ့ကလည်း တော်တော် စိတ်လေပါတယ်လေ။
ဒီနိုင်ငံရဲ့ ကျောင်းတွေမှာ E-Learning Week ဆိုတာရှိပါတယ်။ ကျောင်းသားတွေက ကျောင်းလာစရာ မလိုဘဲ Online Study လုပ်ပြီး Assignment တွေ ဖြေကြရတာ။ တချို့ကျောင်းတွေက တစ်ပတ်လုံး ကျောင်းပိတ်ပြီး တချို့ကျောင်းတွေက ၃ ရက်ပါဘဲ။ ဆရာ၊ ဆရာမတွေ အားလုံးက ကျောင်းရဲ့ Learning Portal မှာ exercise တွေ၊ Quiz တွေ၊ Assignment တွေကို Level လိုက် Assign လုပ်ထားတာပါ။ ကျောင်းသားတွေက အိမ်ကနေ ဇိမ်နဲ့ လေ့လာ သင်ကြားရုံပါဘဲ။ ဒါနဲ့ပဲ School Portal မှာ Starhub Internet သုံးထားရင် နှေးပါမယ်။ Singtel သုံးရင် မြန်ပါမယ်လို့လဲ အတိအလင်း ကြေငြာထားပါတယ်။ ကလေးမိဘတစ်ယောက်က ဖုန်းဆက်ပါတယ်။ သူ့သားအနေနဲ့ ဘာ Lesson တွေကိုမှ မမြင်ရပါဘူးတဲ့။ ဒါနဲ့ပဲ ဘယ် ISP သုံးလဲဆိုတော့ Starhub တဲ့။ ဒါဆို နည်းနည်းတော့ နှေးပါမယ်။ စောင့်ရပါမယ်ဆိုတော့ တော်တော် စိတ်ဆိုးပါတယ်။ ဒါဆို နင်တို့ သဘောက SingTel ပြောင်းသုံးခိုင်းတာလား။ ငါ့အချိန်ကို ဘာလို့ waste ဖြစ်အောင် လုပ်ရတာလဲ။ Starhub ကို complian လုပ်ပေးပါ။ ငါတို့က စောင့်လဲမစောင့်နိုင်ဘူး။ လိုင်းလဲမပြောင်းနိုင်ဘူး။ ကျောင်းက စီစဉ်ပါတဲ့။ ဖုန်းချသွားလိုက်တာ ခွပ်ကနဲပဲ။ ဪ... စိတ်လေမိတယ်ဆိုတာထက် ပိုပါတယ်လေ။
အလုပ်မှာရှိတဲ့ Department တစ်ခုက Application တစ်ခုလိုချင်လို့ IT Dept နဲ့ အစည်းအဝေးလုပ်ပါတယ်။ Develop လုပ်ရမယ့်ရက်၊ Testing လုပ်ရမှာနဲ့ ၁ လ ကြာပါမယ် ပြောတော့ ၁ ပတ်နဲ့ ပြီးအောင်လုပ်ပေးဘို့ ပြန်ပြောပါတယ်။ နေ့ရော၊ ညရော ဘာမှမလုပ်ဘဲ ဒီတစ်ခုပဲ ၀ိုင်းလုပ်ရင်တောင် မပြီးနိုင်တဲ့ အခြေအနေမို့ မရနိုင်တဲ့ အကြောင်း ခိုင်ခိုင်မာမာ ရှင်းပြရပါတယ်။ အားလုံးပြီးသွားတော့ အဲဒီ ဌာနရဲ့ ဒုတိယ အကြီးဆုံးအမျိုးသမီးက အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ရင် ဘယ်လို အကျိုးရှိတဲ့ အကြောင်း ရုတ်တရက် ကြီးဆွေးနွေးပါတယ်။ သူမက သူအမြဲတမ်း အနက်ရောင် ပဲ ၀တ်တာ သတိထားမိပါသလားတဲ့။ သူပြောမှပဲ ကိုယ်တို့တွေအားလုံး ပြန်စဉ်းစားကြည့်ကြပြီး ဟုတ်သားပဲပေါ့။ သူမမှာ ကလေး ၃ ယောက်နဲ့ အလုပ်ကြိုးစားရတာ၊ အ၀တ်အစား အရောင် ကိုက်၊မကိုက် ဘာဝယ်ရရင် ကောင်းမလဲစဉ်းစားဘို့ အချိန် မပေးနိုင်ပါတဲ့။ အမြဲတမ်း အနက်ရောင်ပဲ ၀တ်ဘို့ ဆုံးဖြတ်ပြီး ဘာဝယ်ဝယ် အနက်ဆိုတော့ ထွေထွေထူးထူး စိတ်ရှုပ်စရာမလိုတဲ့ အတွက် အချိန်တွေကို လုပ်ငန်းခွင်မှာ အသုံးချနိုင်ပါတယ်တဲ့။ သူ့သီအိုရီက သူ့အတွက်တော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်တို့တွေက ကလေး ၃ ယောက် မွေးထားတာလဲမဟုတ်၊ အမြဲတမ်း မည်းမည်းကြီး ၀တ်နေဘို့ကလည်း အဆင်မပြေတဲ့ အကြောင်း တော်တော်လေး ပြန်ရှင်း ရပါတယ်။ စိတ်လေသောနေ့များပါလေ...။
ပြီးခဲ့တဲ့အပတ်က 1818 ကဒ် လက်ကျန် သုံးခုကို ၁ ကဒ်ထဲပေါင်းထည့်၊ ပြီးတော့ ၂ ကဒ်ကို သေသေချာချာ အိမ်အပြင်ဘက်က အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်တယ်။ နောက် ၂ ရက်နေတော့ ရုံးချိန်မှာ အမေက Miss Call လုပ်ထားတာတွေတော့ Ph ကဒ် က နံပါတ်တွေကို အမြန်နိုပ်လိုက်ပါတယ်။ လေလှိုင်းထဲက အမျိုးသမီးက တစ်စုံတစ်ခု ပြောပါတယ်။ IDD နာရီဝက် လောက် အမေ့ဆီကို ပြန်ခေါ်လိုက်ရတယ်။ စိတ်အလေဆုံး နေ့ပါဘဲဗျာ။