Monday, February 25, 2008

ကျွန်တော့်နှင့်စင်္ကာပူမှ ခရုခွံလေးများ

"လာထိုင်ညီလေး၊ အစ်ကိုတို့ Rules and Regulations လေးအရင်ပြောရအောင်"
"ဟုတ်ကဲ့ အစ်ကို"
"အဓိက အချက်ကတော့ မင်းမိန်းမ ခေါ်လာလို့ မရဘူး"
"ခင်ဗျာ"
"ဪ...ဟုတ်ကဲ့။ ကျွန်တော့်မှာ အစီအစဉ် မရှိပါဘူးခင်ဗျာ"
"ကောင်းတယ်။ နောက်တစ်ခုအနေနဲ့ကတော့ သန့်သန့်ရှင်းရှင်းနေဘို့"
"ကိုယ့်အိမ်ကို အမြဲသန့်ရှင်းနေမှ ကိုယ်ကြိုက်တယ်"
"ဒါလေးတစ်ခုတော့ သတိထားပေါ့ကွာ"
"ဪ...ဒါနဲ့ မင်း Internet သုံးမှာလား"
"ဟုတ်ကဲ့"
"အေး... ဒါဆို မင်းနည်းနည်းပိုပေးရမှာနော်"
"ဟုတ်ကဲ့အစ်ကို"
"အေး...မင်းလည်းပင်ပန်းလာတယ်။ နားလိုက်ပါဦး"
"ဪ... ပြီးတော့ အခန်းဌားနေတယ်ဆိုပေမယ့် ကိုယ့်အိမ်လို သဘေားထားပေါ့ကွာ။ ဒီလို ပြောတာ ၂ ချက်ရှိတယ်ကွ။ လွတ်လွတ်လပ်လပ်နေဆိုတဲ့ အဓိပ္ပါယ်ဖြစ်သလို စည်းကမ်းရှိရှိနေ ဆိုတာလည်း ပါတာပေါ့ကွာ။ ဒါပဲကွာ...ငါ ဟင်းချက်လိုက်ဦးမယ်"


ဒီနိုင်ငံကို ရောက်ရောက်ခြင်း အိမ်ရှင်နဲ့ စကားပြောဖြစ်တာပါ။ ဒီကိုလာပြီး အလုပ်လုပ်တဲ့ လူတော်တော်များများ အခန်းလေးတွေ ဌားနေကြရပါတယ်။ သူများမိသားစုနဲ့ အတူနေရတာဖြစ်တဲ့အတွက် အဆင်ပြေတာလည်းရှိ၊ စိတ်ညစ်ရတာတွေလည်း ဒုနှင့်ဒေးပါပဲ။ ကျွန်တော့်ရဲ့ ပထမဆုံး နားခိုရာ ခရုခွံလေးကတော့ စိုးရိမ်ပူပန်စိတ်လွန်ကဲတဲ့ လူပျိုကြီးပါ ခင်ဗျာ။

ဒီလိုနဲ့ တစ်ပတ်လောက်နေတော့ အခန်းထဲမှာ Computer တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ကျွန်တော့်ကို သူကြည့်ရတော့ပါဘူး။ အခန်းတံခါးကို ခဏခဏ လာခေါက်ပြီး "ဘာလုပ်နေတာလ" လို့ မေးပါတယ်။ ၃ ရက်လောက်နေတော့ "မင်းအခန်းတံခါးကို
ဖွင့်ထားရင်ကောင်းမယ်" လို့ပြောပြန်ရော။ ကျွန်တော် တော်တော်လေး စိတ်ညစ်သွားပါတယ်။ သီးသီးသန့်သန့် နေချင်တဲ့ ကျွန်တော့်အတွက် အပြင်က လူတစ်ယောက် လှုပ်ရှားသွားလာနေတာတွေ မသိချင်ပါဘူး။ ဒါပေမယ့် မတတ်နိုင်တဲ့ အခြေအနေမှာ
တံခါးဖွင့်ထားမှ ကြိုက်တယ်ဆိုတော့လည်း ဖွင့်လိုက်ရတာပေါ့ဗျာ။

နောက်ရက်ကျတော့ သူနဲ့အတူ အမျိုးသမီးတစ်ယောက် ပါလာပါတယ်။ သူနဲ့ အတူတူပဲ လာနေပါတယ်။ ဒါလည်းပဲ Rules and Regulations တူပါရဲ့။ သူတို့ကို ကြည့်ရတာ ပျော်ပျော်ပါးပါး ပါပဲ။ ကျွန်တော့်ကိုလည်း လာ၊လာ မကြည့်တော့ပြန်ဘူး။
တံခါးပိတ်လို့လဲ ရသွားပြန်ရော၊ သူရောကိုယ်ရော အဆင်ကိုပြေလို့။

တစ်နေ့တော့ သူတို့နှစ်ယောက် ရန်ဖြစ်ကြပါလေရော။ စကားမပြောကြတော့ဘူး။ သူတို့ တစ်ယောက်နှင့် တစ်ယောက်ပြောချင်တာတွေ ကျွန်တော်ကနေ တဆင့်ပြောခိုင်းတယ်။ ကြားထဲက စကားပြန်ပေါ့ဗျာ။ အဲဒီမှာ ကျွန်တော်ကို ပြန်ရစ် ပြန်ရော။ အိမ်ပြန်လာရင် မီးဖိုထဲ တန်းဝင်သွားတယ်။ ဟင်းအိုးတွေ၊ အ၀တ်လျှော်စက်တွေ အကုန်ဖွင့်ကြည့်၊ "ဒီနေ့ဘာလို့ အ၀တ်နည်းနည်းပဲ ရှိတာကို လျှော်တာလဲ။ မီးရော၊ ရေရော ကုန်တာပေါ့ကွ"။ "ဒီနေ့ ဘာလို့ အ၀တ်ကများတာလဲ။ စက်နာတာပေါ့ကွ" ဆိုတာမျိုး။ "မင်း ဟင်းချက်ရင် ကြာတဲ့ ဟင်းတွေမချက်နဲ့၊ Gas ကုန်တယ်ကွ" ဆိုတာမျိုး။ ဟင်းမချက်တတ်တဲ့လို့ တော်တော်များများကို ပြုတ်စားတာပါ ဆိုလည်း မရဘူး။ "မင်းတံခါးကို ပိတ်၊ ပိတ်မထားနဲ့"။ အမြဲတမ်း Computer ကိုဖွင့်ထားတော့ မီးအားကုန်တာပေါ့ကွ။ Internet ကလဲ တချိန်လုံး သုံးနေဘို့ လိုလို့လား။ အလုပ်ရှာနေတဲ့ IT သမားတစ်ယောက် အတွက် Internet ရှိမှ အသက်ရှင်နေသလို ဖြစ်နေတဲ့ အချိန်မှာ Computer မပါဘဲ အလုပ်လုပ်ရတဲ့ သူ့အမြင်က တော်တော်စောင်းနေလေရဲ့။ ဒါနဲ့ သူရုံးက ပြန်လာခါနီးရင် ကျွန်တော် အပြင်ခဏထွက်နေမှပဲ ဆိုပြီးညဘက်မှ ပြန်လာတော့လည်း ဧည့်ခန်းမှာ စောင့်ပြီး ပြောပြီးမှ အိပ်တော်မူတယ်။ အလုပ်ရှာရ၊ Interview သွားရလို့ စိတ်ဖိစီးမှု များတဲ့အချိန်မှာ အ၀တ်လျှော်တဲ့ အပြစ်၊ ရေချိုးတဲ့အပြစ်၊ အိမ်သာတက်တဲ့ အပြစ်၊ တော်တော်သည်းခံရတဲ့ ဘ၀ပါပဲဗျာ။

နောက်တစ်ခါကျတော့ ကုပ္မဏီတစ်ခုက အကန့်အသန့်နဲ့ ဈေးလျှော့ရောင်းတဲ့ ရေနွေးကရားအိုး ကို လိုချင်လှချည်ရဲ့ ဆိုပြီး ကျွန်တော့်ကို မနက် ၄ နာရီ သွားတန်းစီ ခိုင်းပါတယ်။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိတာနဲ့ ၈ နာရီမှသွားကြည့်လိုက်ပါတယ်။ ဒေါ်လာ ၂၀ တန်ရေနွေးအိုးကို ၂ ဒေါ်လာနဲ့ အလုံး ၂၀၀ ရောင်းတာ။ နာရီဝက်လောက်အတွင်း ကုန်ပြီပေါ့။ ကျွန်တော်ဖြင့် အံ့သြလို့။ လက်ဗလာနဲ့ ပြန်လာတဲ့ ကျွန်တော့်ကို ဒီရေနွေးအိုး မပါလာရကောင်းလား လို့ပြောနေလိုက်တာ၊ စွဲချက်တွေထဲမှာ မိသားစုစိတ်ဓါတ် မရှိတာက ပါသေး။ ဆိုင်လား မဆိုင်လား မသိပေမယ့် အမေခိုင်းလဲ ၄ နာရီထပြီး ၂ ဒေါ်လာတန် ရေနွေးအိုးကို သွားဝယ်ပေးမှာ မဟုတ်၊ အမေကလည်း ဒါမျိုး ခိုင်းမှာ မဟုတ်တော့ မကြားသလိုပဲ နေ၊ နေလိုက်တယ်။ အာရုံတော့ နောက်တာပေါ့ဗျာ။ ဟာ...ဒီဘဲကြီးတော့...ဆိုပြီး...။ ဥပေက္ခာပြုထားလိုက်တာပဲ ကောင်းတယ် ဆိုပြီး တံခါးပိတ်ထားလိုက်တယ်။ နောက်တစ်နေ့ ကျွန်တော် Interview သွားပြီး ပြန်လာတော့ သူနဲ့ သူ့ချစ်ချစ်နဲ့ ဧည့်ခန်းမှာ လက်သည်းညှပ်ပေးနေကြတယ်။ "ညီလေး၊ ထမင်းစားပြီးပြီလား။ မစားရသေးရင် အတူတူစားကြမယ်၊ အစ်ကိုဟင်းချက်ထားတယ်ကွ" တဲ့။ ဪ...မိန်းမ၊ မိန်းမ၊ တယ်လည်းအစွမ်းထက်ပေသကိုး လို့ တွေးပြီး ကျွန်တော်လည်း "စားခဲ့ပြီးပြီအစ်ကို" လို့ပြောပြီး အခန်းတံခါးပိတ်ပြီး တစ်ယောက်ထဲ ပြုံးမိတယ်။ တတ်လဲတတ်နိုင်တဲ့ အစ်ကိုကြီးဗျာ။

ဒီလိုနဲ့ အလုပ်ရတော့ အလုပ်နဲ့နီးတော့ နောက် ခရုခွံလေးတစ်ခုစီ ရောက်ခဲ့ပြန်တယ်။ ဒီတစ်ခါတော့ ခရုခွံက လင်မယားနှစ်ယောက်၊ ယောင်္ကျားက မိန်းမကို ကြောက်ရတဲ့ ခရုခွံ။ ပြောပုံက "ညီလေး၊ အစ်ကိုကတော့ ဘော်ဒါလိုပဲ၊ အေးဆေးပဲ၊ မင်းအစ်မကို လေးလေးစားစား ဆက်ဆံကွ" တဲ့။ "ဪ...ဟုတ်ကဲ့၊ သဘောပေါက်ပါတယ်ခင်ဗျာ"။ တနင်္ဂနွေ တိုင်းတစ်အိမ်လုံး သန့်ရှင်းရေး ၀ိုင်းကူလုပ်ရတာရယ်၊ ရုံးရောက်နေတဲ့ အချိန်ဖုန်းဆက်ပြီး "မင်းအစ်မ ကဟိုဟာ လုပ်တာ မကြိုက်ဘူး။ ဒီဟာလုပ်တာ မကြိုက်ဘူး၊ ဆင်ခြင်လိုက်ပါဦးကွာ" ဆိုတာရယ်ကလွဲရင် ကျန်တာအားလုံး အဆင်ပြေတဲ့ ခရုခွံလေးပါပဲ။

ဒါနဲ့ ကျွန်တော် သူငယ်ချင်းတွေလာတော့ သူတို့အတွက် ခရုခွံ လိုက်ရှာရပြန်တယ်။ ရလိုက်တဲ့ ခရုခွံက ကိုယ့်အိမ်နဲ့ နီးနီး၊ စဘော်လည်း မပေးနဲ့ ဆိုတာနဲ့ သူငယ်ချင်းတွေအတွက် စိတ်ချမ်းသာလို့။ သူတို့ ရောက်လာပြီး တစ်လမပြည့်ခင်မှာပဲ Deposit
တောင်းပါတယ်။ "Rules အရပေါ့ကွာ၊ အစ်ကိုက အခုမှ အိမ်စ ဌားဖူးတာဆိုတော့ ပထမ မသိလို့"။ ဪ...Rules ဆိုတော့လည်း Rules အရပေါ့လေ။ ငြင်းရခက်တယ် မဟုတ်လား။ ဒါနဲ့ Deposit ပေးလိုက်ရရော။ မကြာခင်ပဲ ရေဘိုး၊ မီးဘိုးအတွက် ကြိုတင် Deposit ဆိုပြီး တစ်ယောက် ၅၀ စီတဲ့။ အလုပ်လာရှာတဲ့ သူငယ်ချင်းတွေလည်း မျက်လုံးပြူးလာပြီ။ ဒါနဲ့ပဲ...ကဲ မတတ်နိုင်ဘူး၊ ပေးပေါ့ကွာ။ ကျွန်တော့် သူငယ်ချင်းတွေ အလုပ်ရတော့ သူတို့လခက ၁ ရက်နေ့မှ ရတယ်။ ဒါပေမယ့် အိမ်လခကို လကုန်တဲ့ နေ့ ပေးကို ပေးရမယ်။ တစ်ရက် မဆိုင်းနိုင်ဘူးဆိုတော့ သူတို့တွေ မျက်လုံးထပ်ပြူး၊ ကျွန်တော့်လခကလည်း ၇ ရက်နေ့မှ ရတာဆိုတော့ စိုက်ပေးစရာ ၃ ယောက်စာ အိမ်လခက မရှိ။ လုပ်ကြပါဦး။ တခြားသူငယ်ချင်း တစ်ယောက်စီမှာ အကျိုးအကြောင်း ပြောပြီး ချေးဌား။ ဪ...စင်္ကာပူ ခရုခွံလေးတွေက တယ်လည်း Rules သကိုး။

အရမ်းကောင်းတဲ့ ခရုခွံ၊ တကယ့်ကို Shelter လေးနဲ့တူတဲ့ ခရုခွံလေးတွေလည်း ရှိပါတယ်။ ရှားတော့ရှားတယ်ပေါ့လေ။ တချို့လည်း ခင်ရာဆွေမျိုးကို ဖြစ်ပြီး မိသားစုလေးလိုဖြစ်လို့။ ဘာပဲပြောပြော အဆင်ပြေဘို့ ဆိုတာ နှစ်ဘက်စလုံးနဲ့ ဆိုင်ပါတယ်လေ။ ခရုခွံလေးဘက်ကလည်း ငါ့ဆီမှာ လာနေရတဲ့လူ၊ ငါ နေစရာပေးထားရတဲ့ လူတို့မတွေးဘဲ ငါ့အရိပ်မှာ ခဏလာခိုတဲ့ လူလို့ တွေးပေးသင့်သလို၊ ခဏတာလာရောက်ခိုလှုံတဲ့ ဘက်ကလည်း တန်ရာတန်ကြေးပေးနေတာပဲ၊ သူတို့လည်း ပိုက်ဆံလိုလို့ ဌားတာပဲဆိုတဲ့ အတွေးမျိုးဖျောက်ပစ်သင့်ပါတယ်။ တကယ်လို့သာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ်ချင်းစာစိတ် နှစ်ဘက်စလုံးမှာ ရှိခဲ့ရင်တော့ တခါတလေ မြန်မာပြည်ကို လွမ်းပေမယ့်လည်း ခရုခွံလေးတွေက Home Sweet Home ပဲပေါ့ဗျာ။

Thursday, February 14, 2008

ချစ်သူများနေ့အတွက် ချစ်သူများအကြောင်း

အသက် (၃၀) အရွယ် လူသားတစ်ယောက်အတွက် ဘ၀တစ်လျှောက် ချစ်ခဲ့တဲ့လူတွေက မနည်းမနော။ ဒါဖြင့် အချစ်ဆုံးက ဘယ်သူလဲဆိုရင်တော့ ရိုးသားစွာ ကိုယ့်ကိုကိုယ်ပါပဲ လို့ပဲ ဖြေရပါမယ်။ ကိုယ့်ကိုကိုယ်ချစ်တဲ့ လူကမှ သူများကို ချစ်တတ်တယ်လို့
ဆိုသကိုး။


လူမှန်းသိတတ်စအရွယ်က ချစ်တဲ့လူကတော့ အဖေပါ။ သားသမီးတွေထဲမှာ ကိုယ့်ကို သိသိသာသာ အလိုလိုက်ပြီး ချစ်တဲ့အတွက် ကိုယ်အချစ်ဆုံးကလဲ အဖေဘဲ ဖြစ်ခဲ့တယ်။ အဖေရှိရင်ပြီးပြီဆိုတဲ့ အတွေးနဲ့ ခရီးသွားလေရာလိုက်၊ ပြောသမျှ အဖေ့ ဒဿနတွေ နားထောင်ရင်း အဖေက ဟီးရိုးပေါ့။ ဘာပဲလိုချင်၊ လိုချင် ၀ယ်ပေးတဲ့ အတွက်လဲ အိမ်မှာနေပြီး အမြဲတမ်း စားချင်တာတွေ ချက်ကျွေး၊ ဝေရာဝစ္စတွေ လုပ်ပေးနေတဲ့ အမေထက် ပိုချစ်ခဲ့တယ်။ အင်္ကျီတစ်ထည် ကြိုက်တယ်လို့ပြောလိုက်ရင်
အရောင်ဘယ်နှစ်ရောင်ရှိလဲလို့ မေးပြီး ရောင်စုံဝယ်ပေးတဲ့အဖေ၊ မုန့်ဘိုး ပိုက်ဆံကုန်သွားရင် ပိုက်ဆံအိတ် ဗလာလေး အဖေ့ စားပွဲပေါ် သွားတင်ထားလိုက်ယုံနဲ့ ပိုက်ဆံ ပြန်ဖြည့်ပေးတဲ့ အဖေ။ သားသမီးတွေအတွက် ဖခင်ကောင်းပီသတဲ့အဖေ၊ ဘ၀ကို အနိုင်နဲ့ ပိုင်းနိုင်တဲ့ အဖေ၊ ယောင်္ကျားကောင်းတစ်ယောက်ဖြစ်ပေမယ့် အမေ့အတွက်တော့ ခင်ပွန်းကောင်း တစ်ယောက် မဖြစ်တဲ့အဖေ၊ အမေ့ ခံစားချက်အားလုံးထက် သူ့ခံစားချက်ကို သာ ဦးစားပေးတတ်တဲ့ အဖေ၊ ဘာပဲဖြစ်ဖြစ် အသက် ၂၀ အထိ
အဖေ့ကိုပဲ အချစ်ပို ခဲ့တယ်။

အသက် ၂၀ ကျော်လာတော့ အမေ့ကိုသနားလာတယ်။ မိသားစုမှာ လုပ်ချင်ရာ လုပ်တဲ့ အဖေ့ကို ခွင့်လွှတ်ပြီး သားသမီးတွေကို လိမ္မာရေးခြားရှိအောင်၊ နွေးထွေးတဲ့ မေတ္တာနဲ့ ဆုံးမတဲ့ အမေ့ကို ပိုပြီးနားလည်လာတယ်။ အဖေက သားသမီးတွေကို
ချစ်သလောက် အမေ့ကို မချစ်ပါလားလို့ ခံစားတတ်လာတယ်။ အမေ့ကို ငါတို့ က ချစ်ရမယ်။ ငါတို့ မချစ်ရင် ဘယ်သူချစ်မှာလဲလို့ တွေးမိပြီး အဖေ့အားကိုးနဲ့ အမေ့ကို ဂရုမစိုက်မိတာတွေအတွက် နှစ်ဆတိုးပြီး ချစ်ခဲ့တယ်။ အသက် (၂၀) နောက်ပိုင်းနေ့ရက်တွေကတော့ အမေ့ကို အချစ်ပိုခဲ့ပြန်ရော။

မောင်နှမတွေထဲမှာတော့ အငယ်ဆုံးလေးကို ငယ်ငယ်က မချစ်ခဲ့ဘူး။ အသက် (၁၁) နှစ်ကွာတော့ သူမွေးလာတာ တော်တော် ရှုပ်တာပဲလို့ တွေးခဲ့မိတယ်။ ဒါပေမယ့် သူစကားပြောတတ်တဲ့ အရွယ်ကျတော့ သူ့ကို ချစ်တတ်လာခဲ့တယ်။ ငယ်ငယ်တုန်းကတော့ တော်တော်ဆိုးတဲ့ သူမို့ အမြင်ကတ်တာလဲ ပါတော့ပေါ့လေ။ ည ၁၂ နှစ်လောက်ထပြီး ငှက်ပျောသီးစားချင်တယ် ဆိုပြီး ငိုလို့ အိမ်က အလုပ်သမားတွေကို အဖေက ငှက်ပျောသီးပါလာတဲ့သူ ဆုငွေ ၅၀၀ ဆိုပြီး လိုက်ရှာခိုင်းတာ။
အလုပ်သမားတစ်ယောက်က ၁ နာရီလောက်ကြာတော့ ငှက်ပျောသီးလေးနဲ့ ပြန်လာရော။ သူ့လက်ထဲကို ငှက်ပျောသီးရောက်သွားတော့ ငိုနေရာက ချက်ချင်းကြီးရပ်သွားတယ်။ အားလုံးလဲ အိပ်ရတော့မယ်ဆိုပြီး သက်ပြင်းချကာစရှိသေး၊ ဗြဲကနဲ အော်ငိုပြန်ရော။ သီးမွှေး၊ သီးမွှေး လို့အော်ပြီး အာပြဲကြီးနဲ့ အော်တာ။ ၀ယ်လာပေးတဲ့ ငှက်ပျောသီးက ဖီးကြမ်းဖြစ်နေလို့လေ။ အခုတော့လဲ အမေ့အချစ်ဆုံးသားဖြစ်တဲ့ သားလိမ္မာဆရာဝန်လောင်းလေးဖြစ်နေပြီ။

အရမ်းချစ်ချစ်ခင်ခင် ရှိတာကတော့ အပေါင်းအသင်းတွေပါပဲ။ အထူးသဖြင့် ၉ တန်း၊ ၁၀ တန်း မှာ ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေကိုတော့ သံယောဇဉ် အရှိဆုံးပဲ။ နောက်ပြီး တက္ကသိုလ်မှာ ပေါင်းခဲ့တဲ့ တေဖော်တေဖက်များ။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ထဲ အူကြောင်ကြောင်လေး ရောက်လာတဲ့ ကိုယ့်ကို လှိုက်လှိုက်လှဲလှဲ လက်တွဲခေါ်ယူ သင်ကြားပေးခဲ့တဲ့ ကိုယ့်ရဲ့ ပထမဆုံး အလုပ်က သူငယ်ချင်း (၃) ယောက်၊ နောက်ပြီး ဂီတာတီးရင်း ခင်တဲ့ ကိုယ့်အကြောင်းအကုန်သိတဲ့ ကိုယ့် အချစ်ဆုံး သံယောဇဉ် အရှိဆုံး တစ်ယောက် ၊ ကိုယ့်ရဲ့ ဒုတိယ အလုပ်မှာ ပိုက်ဆံပြတ်တိုင်း စားချင်တာလိုက်ကျွေးတဲ့ သူငယ်ချင်း၊ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ရတော့ အမှားလုပ်မိတိုင်း နားလည်အောင်ရှင်းပြပေးတဲ့ ကိုယ့် သူငယ်ချင်း ၃ ယောက်၊ သူတို့တွေကလဲ ကိုယ့်ဘ၀ရဲ့ အစိတ်အပိုင်းတွေထဲက ချစ်သူတွေပါပဲ။ မိဝေးဖဝေးဘ၀မှာ မိဘသဖွယ် စောင့်ရှောက်ဖေးမပေးတဲ့ ကိုယ့်အိမ်ရှင် မိသားစုလေးကလဲ ဆွေမျိုးထက်ကောင်းတဲ့ ကိုယ်ချစ်တဲ့ မိသားစုလေးပါပဲ။


နောက်တစ်ယောက်ကတော့ ကိုယ့်အဖေရဲ့ အမေပါ။ ကိုယ့်ရဲ့ အဘွားပါ။ အသက် (၂၅) နှစ်မှာ သားသုံးယောက်နဲ့ မုဆိုးမလေးဖြစ်ခဲ့တဲ့အဘွား၊ ကျောင်းဆရာမလေးလုပ်ပြီး ဘ၀ကို သားတွေရဲ့ အားနဲ့ ရုန်းကန်ခဲ့တဲ့ အဘွား၊ သားသုံးယောက်လုံးကို
ကလေကချေဖြစ်မှာစိုးလို့ ပထွေးဆိုတာ မရှိစေခဲ့တဲ့ အဘွား။ အဘွားက ကိုယ့်ကို အချစ်ဆုံး မဟုတ်ပေမယ့် လေးစားလို့ ချစ်တယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ယောက်ကတော့ ကိုယ်တို့ မိသားစုထဲကို ပထမဆုံးဝင်လာတဲ့ တစိမ်းပါ။ ကိုယ်တို့
မောင်နှမတွေထဲက ပထမဆုံး အိမ်ထောင်ကျတဲ့ သူရဲ့ ဇနီးလေးပါ။ သစ္စာရှိစွာ ချစ်တတ်တဲ့သူဟာလဲ ကိုယ်ချစ်တဲ့ သူတွေထဲက တစ်ယောက်ပါပဲ။

နောက်ဆုံးတစ်ယောက်ကတော့ ကိုယ့်ကို လူတကာထက် ပိုပြီးနားလည်တဲ့ ကိုယ့်ချစ်သူပါ။ အစွန်းရောက်တဲ့စိတ်နဲ့ လုပ်ချင်တာလုပ်မှာဘဲ ဆိုတဲ့ စိတ်နှစ်ခုအမြဲ ပေါင်းစပ်နေတဲ့ ကိုယ့်ကို ပြုံးပြုံးလေး ဖြေသိမ့်ပေးနိုင်တဲ့သူ၊ နေကောင်းကျန်းမာပျော်ရွှင်မယ်ဆိုရင် လုပ်ချင်တာလုပ်လို့ ပြောပေမယ့် အမြဲ စောင့်ကြည့်စိတ်ပူနေတဲ့သူ၊ အပေါင်းအသင်းတွေကို ကူညီတာများသွားပြီး သူ့ကို ဂရုမစိုက်တဲ့အခါ ရယ်ပြီး ရပါတယ်လို့ ပြောတဲ့သူ၊ စိတ်မဆိုးတတ်တဲ့ ကိုယ့်ချစ်သူပါ။

Feb 14 ချစ်သူများနေ့မှာ ကိုယ်ချစ်တဲ့ သူတွေအားလုံး ပျော်ရွှင်ကြပါစေ။ ဘ၀အမောတွေ အားလုံး ကျော်ဖြတ်နိုင်ပါစေ။ သူတို့ချစ်တဲ့သူတွေနဲ့ အေးချမ်းနှစ်လိုဖွယ်ကောင်းသော၊ ဟန်ဆောင်မှုကင်းသော ဖြူစင်သန့်ရှင်းသော ဘ၀များကို ဖန်တီးနိုင်ကြပါစေ လို့ဆုတောင်းပေးချင်ပါတယ်။ ဪ... ကျွန်တော့် စေတနာထိရောက်စေသား...၊ ကျွန်တော့်မေတ္တာရောင်ပြန်စေသား...၊ ချစ်ခြင်းအားဖြင့် လေးနက်စေသား... ။ ။