Saturday, September 11, 2010

စေတနာ အဆုံးအဖြတ်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တော်၌ ခရီးသွားယောက်ျားတစ်ယောက်သည် အမိုးအကာမရှိသဖြင့် နေပူလျက်ရှိသော ဆင်းတုတော်တစ်ဆူ တွေ့သည်နှင့် မိမိစီးလာသောဖိနပ်ကိုချွတ်၍ ဆင်းတုတော်၏ ဦးခေါင်းထက်တွင် တင်ထားခဲ့၏။ များမကြာမီ အခြားခရီးသည် ယောက်ျားတစ်ယောက်ရောက်လာ၍ အမြင်မတော်အလုပ်ကို လုပ်ရက်လေခြင်းဟု ရေရွတ်ကာ ဖိနပ်ကိုလှမ်းယူကာ လွှင့်ပစ်ခဲ့သည်။ ထိုအပြုအမူအတွက် ကြောင့် ၎င်းခရီးသည်အသီးသီးမှာ မည်ကဲ့သို့ အကျိုးပေးသည် ထင်ကြသနည်း။

ဖိနပ်ကို ဆင်းတုတော်မှ ကောက်ယူလွှင့်ပစ်သော ခရီးသည်သာလျှင် ကောင်းကျိုးပေး၍၊ ဆင်းတုတော်၏ ဦးခေါင်းထက်ဝယ် ဖိနပ်မိုးတင်ထားခဲ့သော ခရီးသည်မှာ အ၀ီစိသို့ ကျသည်ထင်ကြသလော။ မဟုတ်ချေ။ ဤသူနှစ်ဦးစလုံးမှာ သေလွန်သောအခါ တာဝတိသာ နတ်ပြည်သို့ရောက်ကြသည်ဟု ကျမ်းအဆိုရှိလေသည်။ ဆင်းတုတော်၏ ဦးခေါင်းထက်ဝယ် ဖိနပ်မိုးတင်ခဲ့ခြင်းတည်းဟူသော အပြုအမူသည် အခြားသူများ၏ မျက်စိ၌ အမြင်မတော်ဟု ဆိုကြမည်ဖြစ်သော်လည်း ထိုသူ၏စေတနာမူကား နှယ်နှယ်မဟုတ်ပေ။ ဆင်းတုတော်၏ မျက်နှာ၌ နေပူခြင်းကို မကြည့်ရက်သည်နှင့် ဖိနပ်ကိုချွတ်တင်ပြီး မိမိကိုယ်တိုင်ခြေပူခံ၍ လမ်းလျှောက်ခဲ့ခြင်းဖြစ်လေသည်။ ဤစာကိုတွေ့ရပြီးသည့်အချိန်မှစ၍ ကျွန်ုပ်အဖို့မှာ လူတစ်ဦးတစ်ယောက်၏ အပြုအမူနှင့် ပတ်သက်၍ အဆောတလျင် ဆုံးဖြတ်ချက် မပေးဝံ့တော့ဘဲ အကြင်သူ၏ ရည်ရွယ်ချက်စေတနာကို နားလည်အောင် စူးစမ်းဆင်ခြင်သော အလေ့အထ ဖြစ်ပေါ်လာခဲ့ပါသည်။

(ဆရာကြီး ရွှေဥဒေါင်း ၏ ဗုဒ္ဗ၀ါဒနှင့် အယူအဆရေးရာများ စာအုပ်မှ နှစ်သက်၍ ကူးယူဖော်ပြပါသည်။)