Sunday, January 23, 2011

လူကြီးတွေကစားတဲ့ မိုနိုပိုလီ


ပြီးခဲ့တဲ့ တပတ်က ပျင်းပျင်းရှိတာနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ Bugis မှာရှိတဲ့ Parkview Square မှာ Cash Flow Game လေးသွားကစားခဲ့တယ်။ ဒီ Game လေးနဲ့ ဒီစာအုပ် ရေးတဲ့သူကို လူတော်တော်များများလည်း သိကြမှာပါ။ မြန်မာဘာသာနဲ့လည်း ဘာသာပြန်တွေ ရှိပါတယ်။ ကိုယ်ကတော့ အဲဒီနေ့မှ ပထမဆုံးကစားဘူးတာပါ။ Rich Dad Poor Dad စာအုပ်ရေးတဲ့ စာရေးဆရာ Robert Kiyosaki ရဲ့ Game ဆိုလို့ ကစားဘူးတယ် ရှိအောင်သွားတာဆို ပိုမှန်ပါတယ်။ သူတို့က လူအယောက် ၂၀ စာလောက် ကစားလို့ရအောင် စားပွဲလေးတွေနဲ့ စီစဉ်ပေးထားပါတယ်။ ကိုယ်တို့ ရောက်သွားတော့ စားပွဲ ၄ ၀ိုင်းနဲ့ လူ ၂၀ လောက်ရှိပါတယ်။ Parkview Square မှာရှိတဲ့ ကုမ္ပဏီ တစ်ခုက တစ်လတစ်ကြိမ် စီစဉ်ပေးပြီး ကစားလည်း ကစားရင်း ကိုယ့်ရဲ့ ၀င်ငွေ၊ ထွက်ငွေ Cash Flow ကို ဘယ်လို manage လုပ်ကြမလဲ ဆိုတဲ့ အသိလေး ကို ပြပေးတာပါ။ မည်သူမဆို ကြိုတင် ဘွတ်ကင်လုပ်ပြီး အလကားသွား ကစားလို့ရပါတယ်။ သေချာရှင်းပြ၊ ပြောပြပေးတဲ့ အပြင် မုန့်တွေ၊ ကော်ဖီတွေ တောင် ကျွေးလိုက်သေးတယ်။

ဒီ Game ရဲ့ သဘောက စမကစားခင် ကစားသမားတွေက Character တစ်ခုအရင် ရွေးရတယ်။ ဆရာဝန် ဖြစ်ချင်လဲဖြစ်မယ်။ အင်ဂျင်နီယာ ဖြစ်ချင်လဲဖြစ်မယ်။ သန့်ရှင်းရေးသမား ဖြစ်ချင်လဲဖြစ်မယ်။ ကိုယ်ကျရာ ဇာတ်ရုပ်ပေါ့။ ပြီးတော့ သူတို့ပေးထားတဲ့ Balance Sheet လိုစာရွက်ထဲကို အဲဒီ Character ရဲ့ ၀င်ငွေ၊ ထွက်ငွေ၊ ပေးရန်ရှိ ရရန်ရှိငွေပမာဏတွေ၊ လစဉ်သုံး စရိတ်တွေကို သူ့နေရာနဲ့သူ စနစ်တကျ ထည့်သွင်းရတယ်။ စားပွဲ တစ်ဝိုင်းစီမှာ Banker ဆိုပြီး ကစားသမားမဟုတ်တဲ့ လူတစ်ယောက် ရှိပြီး ငွေ အသွင်း၊ အထုတ် လုပ်ခြင်း၊ ကစားသူတွေရဲ့ အရုပ်က Pay Day ကို ရောက်လို့ ကစားသမားက Pay Day လို့အော်ရင် လစာ ထုတ်ပေးခြင်း (မအော်ရင်တော့ မထုတ်ပေးဘူးတဲ့) စတာတွေလုပ်ပေးပါတယ်။ ပြီးတော့ ကစားနေစဉ် Game ရဲ့ Rules တွေကို ရှင်းပြ၊ ပြောပြ၊ အကြံဉာဏ် ပေးပါတယ်။ ဂဏာန်းတွက်စက်တစ်လုံး၊ ခဲဖျက်တစ်တုံးနှင့် ခဲတံတစ်ချောင်းစီကို ကိုင်ထားပြီး အံစာခေါက်လိုက်၊ အကွက်ရွှေ့လိုက်၊ ရောင်းလိုက်၊ ၀ယ်လိုက်၊ ကိုယ့်စာရွက်ထဲမှာ ကိန်းဂဏာန်းတွေ တိုးလိုက်၊ လျော့လိုက်၊ stock shares တွေ၊ လုပ်ငန်းအသေးစားတွေ (Small Deal)၊ လုပ်ငန်းအကြီးတွေ (Big Deal) ၀ယ်လိုက်၊ ရောင်းလိုက်၊ ရှုံးလိုက်၊ မြတ်လိုက်နဲ့ နောက်ဆုံး ကိုယ့်ရဲ့ လစဉ်အသုံးစရိတ်ထက် ကိုယ့်ရဲ့ အခြားရင်းနှီးမြုတ်နှံမှုကရတဲ့ ၀င်ငွေက များသွားတဲ့ အချိန်မှာ Rat Race လို့ခေါ်တဲ့ စည်းဝိုင်းသေးသေးလေးထဲက ထွက်ပြီး Dream လို့ခေါ်တဲ့ စည်းဝိုင်းကြီးကိုရောက်။ အဲဒီ စည်းဝိုင်းကြီးထဲက ကိုယ့်အဖြစ်ချင်ဆုံး Dream တစ်ခုကို target ထား၊ လုပ်ငန်းကြီးတွေရောင်းလိုက်၊ ၀ယ်လိုက်၊ မြတ်လိုက်၊ ရှုံးလိုက်နဲ့ နောက်ဆုံး Dream ကိုဝယ်လိုက်နိုင်ရင်တော့ နိုင်ပြီပေါ့။

တစ်ချို့အခွင့်အရေးတွေက ကိုယ့်အလှည့်မှာ ရလို့ရှိရင် ကိုယ်ပဲ ၀ယ်လို့ရပြီး တခြားကစားသူတွေက ၀ယ်လို့မရ၊ တချို့ကျတော့ 1$ နဲ့ဝယ်ထားပြီး နောက်တစ်ကြိမ် အဆပေါင်းများစွာနဲ့ ပြန်ရောင်းနိုင်တာလည်းရှိတယ်။ အိပ်ခန်း ၃ ခန်း ရေချိုးခန်း ၂ ခန်း တိုက်ခန်းတွေ၊ 4 Plex လို့ခေါ်တဲ့ ၂ ခန်းတွဲ ၂ ထပ် အိမ်တွေ၊ stock share၊ Restaurants တွေ ရောင်းလိုက်၊ ၀ယ်လိုက်၊ စီးပွားရေး စိတ်ဝင်စားပြီး လေ့လာချင်ရင် ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါး ကစားရင်းလေ့လာလို့ ကောင်းပါတယ်။

အဲဒီနေ့က လာကစားတဲ့သူတွေကတော့ ဒီမဟာကျွန်းပိစိက နေရာပေါင်းစုံက စီးပွားရေး၊ ကြီးပွားရေးကို စိတ်ဝင်စားတဲ့ သူတွေပါ။ အင်ဂျင်နီယာ၊ ဆေးရောင်းတဲ့သူ၊ Accountant ၊ ကွန်ပျူတာ Technician ၊ ပရိုဂရမ်မာ တွေပါ ပါတယ်။ အရောင်းစာရေး၊ retired တွေလဲ ပါ ပါတယ်။ ဘာပဲဖြစ်ဖြစ် Game ကစားတယ်ဆိုကတည်းက နိုင်ချင်တဲ့စိတ်နဲ့ ကစားကြပြီ ဆိုတော့ သူတို့ရဲ့ အပြုအမူ၊ တုန့်ပြန်မှုတွေက Game ထက်တောင်ပိုပြီး စိတ်ဝင်စား ဖို့ကောင်းနေပြန်ရော။

အမျိုးသမီးတစ်ယောက်က ကိုယ့်လက်နဲ့ အံစာခေါက်ပြီး ကိုယ့်သဘောနဲ့ ကိုယ်ဝယ်ရ၊ ရောင်းရတာကိုပဲ သူများ ကံမကောင်းလို့ Downsized အကွက်ကျပြီး Bankrupt ဖြစ်ရင် ပျော်လိုပျော်၊ သူများ လစာ တောင်းရမယ့် အလှည့် မေ့ပြီး မတောင်းမိလို့ ၀ိုင်းထဲက တခြား သူတစ်ယောက်က သတိပေးတာကိုပဲ သတိသွားမပေးနဲ့၊ သူ့ဟာသူ မရတာ နင်နဲ့ဆိုင်လို့လား လို့ပြောလိုပြော။ တချို့ကျတော့ စာရွက်ထဲမှာ ကိန်းဂဏာန်းတွေ ဖျက်လိုက်၊ ပြင်လိုက်ရေးတာခြင်းအတူတူ၊ ခဲဖျက်နဲ့ အကုန် မဖျက်ပစ်ဘဲ သပ်သပ်ရပ်ရပ် ခြစ်ထားပြီး သေချာ ရေးထားတာ။ ပြန်ပြီး Review လုပ်ရင်လွယ်အောင်လို့တဲ့။ တချို့ကတော့ သေးသေးမွှားမွှားရောင်းတာဝယ်တာကို ဂဏာန်းတွက်စက်နဲ့ တွက်ချက်နေလိုက်တာ မပြီးတော့ဘူး။ နောက်လူက အံစာခေါက်ဖို့ စောင့်လို့။ တချို့ကျတော့လဲ ရှယ်ယာတွေ၊ အိမ်တွေ ၀ယ်လိုက်၊ ရောင်းလိုက်တာ ဘာမှ သိပ်မစဉ်းစားဘဲ ဒုံးချတာလဲရှိတယ်။ Game ထဲမှာ Charity ကို လှူမလား ဆိုတာလည်း ပါတယ်။ ကိုယ့်မှာရှိတဲ့ ငွေထဲက ၁၀ ပုံ ၁ ပုံ လှူရတာပါ။ အဲဒီလို လှူတဲ့အတွက် ပုံမှန် အံစာ တစ်တုံးပဲ ခေါက်ရတာကနေ အလှူရှင်က အံစာ ၂ တုံး၊ ၃ လှည့် ခေါက်ခွင့် ရပါတယ်။ ကစားပြီးသွားလို့ အလှူရှင် ကစားသမား ၂ ယောက်ကို Game စီစဉ်သူက ဘာလို့ လှူတာလဲလို့ မေးတော့ ၁ ယောက် ကိုယ်ကချည်းပဲ ယူနေလို့ မဖြစ်ဘူးလေ၊ Society ကိုလည်း တစ်ခုခုပြန်ပေးရမှာပဲတဲ့။ နောက်တစ်ယောက်ကတော့ ဘာမှ ယူတာ၊ ပေးတာ မဟုတ်ဘူး။ အံစာ ၂ တုံး ခေါက်ချင်လို့ လှူတာတဲ့။ ဒါမှ အကွက် များများ ရွေ့လို့ရပြီး သူများထက် လစာ မြန်မြန် ထုတ်လို့ ရမှာ။ အခွင့်အရေး သမားလို့ ထင်ထင်၊ လှူမှ အခွင့်အရေးရမယ်ဆိုလို့ လှူလိုက်တာတဲ့။

နောက်တစ်ယောက်ကျတော့ သူရတဲ့ card က ပိုက်ဆံလိုနေတဲ့ သူငယ်ချင်းက ငွေ ၃၀၀၀ ချေးတာပါ။ ပြန်ရချင်လဲ ရမယ်၊ မသေချာဘူး။ အဲဒီ အခြေအနေမှာ ပိုက်ဆံ ချေးမလားတဲ့။ အဲဒီ တရုတ်မလေးက သူ့မှာ ရှိတဲ့ ၃၅၀၀ ထဲက ချေးလိုက်ပါတယ်။ Banker က နင်စဉ်းစားဦးနော်၊ ပြန်ရမှာ မဟုတ်ဘူး ဆိုတော့ ကောင်မလေးက ကိစ္စမရှိပါဘူး၊ ငါ့သူငယ်ချင်းပဲတဲ့။ နောက်တစ်ခေါက် သူ အံစာချတော့ ၃၀၀၀ တန် Cash Down ပေးရမယ့် လုပ်ငန်းတစ်ခု ရပါတယ်။ ဒါပေမယ့် သူမ၀ယ်နိုင်တော့ဘူး Banker က တွေ့လား၊ နင်မသေချာတစ်ခုကို ကူညီလိုက်လို့ နင်ရလာတဲ့ အခွင့်အရေး နင် မယူနိုင်တော့ဘူး ဆိုတော့ ကောင်မလေး က ပြုံးပြုံးပဲ။ ကစားတာပဲ အဲဒီလောက်ကြီး မလိုပါဘူးလို့ပဲ စဉ်းစားလေသလား၊ သူငယ်ချင်းပဲ လိုအပ်နေပါတယ်ဆို ကူညီရမှာပေါ့လို့ပဲ စဉ်းစားလေသလား၊ သူကိုယ်တိုင်ပဲ သိမှာပေါ့လေ။

နောက်တစ်ယောက်ကျတော့ Franchise လုပ်ငန်းတစ်ခု ၃ သိန်းဆိုတော့ သူက မ၀ယ်နိုင်ဘူး။ ဒါပေမယ့် ကစားဝိုင်းထဲက တစ်ယောက် ၀ယ်နိုင်တယ်။ ဒါနဲ့ပဲ သူက အဲဒီ ကဒ်ကို လွှဲပေးလိုက်တယ်။ Banker လုပ်တဲ့ အမျိုးသမီးက "ဟာ.. အမြတ်တင်လေ၊ ၁ သောင်းဖြစ်ဖြစ်၊ ၁ ထောင်ဖြစ်ဖြစ် တင်လိုက်ပြီး ရောင်းပေါ့" တဲ့။ ဒါပေမယ့် သူကရပါတယ် ဆိုပြီး အရင်းအတိုင်းပဲ ပေးလိုက်တယ်။ ဒါကိုလည်း ပွဲပြီးသွားတော့ ဘာလို့ အမြတ်မတင်လဲမေးတော့ သူက သူကိုယ်တိုင် မ၀ယ်နိုင်တဲ့ အခွင့်အရေးတစ်ခုကို သူငယ်ချင်းကိုပေးတာပဲ။ အမြတ်မလိုပါဘူးတဲ့။ ကဲ...လူအမျိုးမျိုး စိတ်အထွေထွေ ဆိုပါရောလား။

ကစားပွဲပြီးသွားတော့ နိုင်တဲ့သူကို အတင်း ဖုန်းနံပါတ်တွေတောင်း၊ email တွေတောင်း၊ ဓါတ်လှေကားထဲထိ စကားတွေလိုက်ပြောနေတဲ့ မိန်းမလဲ ရှိသေးတယ်။ ခေါင်းကြီးမော့၊ ရင်ကြီးကော့ ပြီး ဆရာမကြီးအထာနဲ့ ပြန်သွားတဲ့ ၀၀တုတ်တုတ် အောင်နိုင်သူ မမကြီးလဲ တွေ့ခဲ့သေးတယ်။

ရိုးရိုးပြောရရင်တော့ အလကားရတဲ့ Game တစ်ခုသွားကစားတာပါပဲ။ မိတ်ဆွေသစ်တွေနဲ့လည်းတွေ့ရ၊ စကားလေးတွေပြော၊ အတွေ့အကြုံလေးတွေ ဝေမျှ၊ Business Card လေးတွေဖလှယ်၊ အသိမိတ်ဆွေတွေတိုး ဆိုပြီးတော့ပေါ့။ ဒါနဲ့ပဲ အပြန်လမ်း တစ်လျှောက် ကိုယ်တွေးမိတာတွေ အများကြီးထဲက ပို့စ်တစ်ခု ထွက်လာတယ် ဆိုကြပါစို့ရဲ့။

ဪ...မေ့လို့။ ကိုယ်ကစားခဲ့တဲ့ ရလဒ်လေးမပြောပြရသေးဘူး။ ၀ိုင်းအသေးလေးထဲကတော့ ထွက်နိုင်ပြီး ၀ိုင်းအကြီးထဲကို တော့ရောက်ပါရဲ့။ ကိုယ်လိုချင်တဲ့ Dream ကိုတော့ Game ထဲမှာတောင် မဖမ်းဆုပ်နိုင်သေးပါဘူးဗျာ။

Game Board:




ပုံကို Google မှယူပါသည်။


Online ကစားချင်ရင်တော့ ဒီလင့်ခ်မှာ သွားကစားနိုင်ပါတယ်။
Ca$hFlow The Web Game

Tuesday, January 11, 2011

အမေ့မွေးနေ့ (၁၁.၁.၁၁)

ဒီနေ့ အမေ့အသက် (၆၀) ပြည့်သည်။ အသည်းရောဂါ၊ သွေးအားကျရောဂါတွေ အမေခံစားနေရပြီ။ တရားဘာဝနာ အားထုက်လို့ စိတ်ရောလူရော အမေ အေးချမ်းစွာနေတတ်ပြီ။ ဒီနေ့ အမေ ကျန်းကျန်းမာမာနဲ့ အလှူဒါနတွေ ကိုယ်တိုင်စိတ်တိုင်းကျ သွားလုပ်နေနိုင်တဲ့အတွက် ကံကြမ္မာကို ကျေးဇူးတင်ပါတယ်။

တရားရှိတဲ့အမေဖြစ်လို့ အနေတတ်ခဲ့သလို အသေမြတ်ဘို့ ကြိုးစားနေတဲ့အချိန်။ တရားမရှိတဲ့ ကိုယ်ကတော့ အမေမရှိရင်ဆိုတာ မတွေးကြည့်ချင်ပါဘူး။ ကိုယ်တို့မိသားစုအတွက် အမေရှိနေခြင်းဆိုတာ ငြိမ်းချမ်းရေးသံတမန်ရှိနေခြင်းလည်းဖြစ်ပါတယ်။ အဖေနဲ့သားတွေရဲ့ ပြဿနာကို အမေတစ်ဦးတည်းသာ ဖြေရှင်းနိုင်တယ်လေ။ သားတွေနားလည်အောင် အမေပဲ ပြောပြတတ်သလို၊ အဖေ့ကိုလည်း အမေပဲ နားချတတ်တယ်။ မိသားစုကို ပျော်ရွှင်အောင်ထားခဲ့တဲ့အမေ... အမေ့ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ခဲ့ပါရဲ့လား။

ကိုယ်တို့အဘွား (အမေ့အမေ) ဆုံးတော့ အမေ့အသက်က ၅၀။ အဘွားရဲ့ အလောင်းကို အမေပဲ ရေချိုးပေး၊ အ၀တ်အစားလဲပေး။ နယ်မှာ ဆုံးတာဆိုတော့ ရေခဲတိုက်လဲပို့စရာမလို၊ အိမ်မှာပဲ ပြင်ထားပြီး နောက်နေ့သွားချလိုက်ရော။ အဘွားအလောင်းလဲ ပြင်ပြီးရော အမေက အိမ်အောက်ဆင်းပြီး မြို့က၀ယ်လာခဲ့တဲ့ လုံချည်တွေ၊ ပုဆိုးတွေ ရပ်ကွက်ထဲက နွမ်းပါးတဲ့ လူတွေ တစ်ယောက်တစ်မျိုး ကြိုက်တာလာယူ လှူပါလေရော။

မြစ်ကမ်းဆိပ်က မြို့ငယ်လေးလဲဖြစ်၊ နွမ်းပါးသူများတဲ့နေရာမျိုးလဲဖြစ်ဆိုတော့၊ အမေ့ အိမ်အောက်မှာ လူတွေအများကြီး အော်ကြ၊ ဟစ်ကြ၊ နှုတ်ဆက်ကြ၊ ထမိန်အဆင်တွေရွေးကြ၊ ပျော်ကြ၊ ရွှင်ကြနဲ့ ပူပူနွေးနွေး အသုဘအိမ်ကနေ သမ၀ါယမဆိုင် ပစ္စည်းတွေဝေသလို ဖြစ်ခဲ့လို့ ရပ်ကွက်ထဲက တချို့လူတွေက အမေ့ကို ကဲ့ရဲ့ကြဘူးတယ်။ အမေကတော့ ပြုံးပြုံးပဲ။ သေမှငိုနေလို့ ဘာလုပ်မလဲ။ မသေခင် စိတ်ချမ်းသာအောင် ထားရမယ်။ အဘွားဖြစ်ချင်တာ၊ ဘုရားတည်၊ ကျောင်းဆောက်၊ ဘုရားပြင် အကုန်လုံး အမေကလုပ်ပေးခဲ့တာ။ အဘွားမဆုံးခင် အချိန်အထိ လိုလေသေးမရှိထားခဲ့ပြီးပြီ။ အဘွားစိတ်ဆင်းရဲအောင်လည်း ဘာတစ်ခုမှမလုပ်ခဲ့ဘူး။ ဆုံးပါးသွားတော့လဲ အမေ့လက်ထဲမှာ။ အမေ့မှာ အဘွားအတွက် မျက်ရည်ကျအော်ဟစ် ငိုစရာမလိုတော့ဘူးတဲ့။

ဒီနေ့တော့ အမေ့အသက်က (၆၀)။ ကိုယ့်အသက်က (၃၀) ကျော်၊ အမေ့လို လိပ်ပြာမသန့်သေး။ ထူးထူးခြားခြား မွေးနေ့မို့ အဖေက သူ့မိန်းမကို အသက်နဲ့ အညီ မွေးနေ့လက်ဆောင်အဖြစ် သူ့အနုပညာနဲ့ စုဆောင်းထားတဲ့ သိန်း(၆၀) ပေးတယ်တဲ့။ ကိုယ်တို့သုံးယောက်ကတော့ အဖေပေးတာနဲ့ သားတွေပေးတာ အတူတူလို ဘာလိုလိုနဲ့ ရောချလိုက်ရော။ အမေ့ကို ဘာလိုချင်လဲလို့ ၀ိုင်းမေးတော့ အမြဲပိုက်ဆံပြတ်နေတဲ့ ကိုယ့်ကို ပိုက်ဆံလေးဘာလေး စုဆောင်းတာမြင်ချင်တယ်တဲ့။ အကို့ကိုတော့ အဖေနဲ့ တည့်အောင်ပေါင်းတဲ့။ သားအငယ်ကိုတော့ အဘွားကြီး၊ အဘိုးကြီးတွေ ပိုက်ဆံတောင်းနေတဲ့ ဘုရားစောင်းတန်းတွေမှာ အလှူသွားလုပ်ချင်လို့ လိုက်ပို့ခိုင်းပြီး တွေ့သမျှ အဘိုး၊ အဘွားတွေကို တစ်ယောက် တစ်ထောင် လှူခဲ့တယ်။ အမေလိုချင်တဲ့ လက်ဆောင်တွေကလဲ နောက်ဆုံးတော့ ကိုယ်တို့ဘ၀တွေအတွက်ချည်း ဖြစ်သွားတာပါပဲ။

အမေဘေးရန်ကင်းပါစေ။
စိတ်ဆင်းရဲကင်းပါစေ။
ကိုယ်ဆင်းရဲကင်းပါစေ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့်
အမေ့ခန္ဓာဝန်ကို သာသနာ့ဝန်ကို
လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ။ ။

ကိုယ်ကိုတိုင်လဲ မိသားစုနဲ့ အမြန်ဆုံး ပြန်နေခွင့်ရပါစေ။