Sunday, December 9, 2007

Apex Harmony Lodge သို့တစ်ခေါက်


စင်္ကာပူနိုင်ငံမှာရှိတဲ့ ဘိုးဘွားရိပ်သာတစ်ခုကို ရုံးကအစီအစဉ်နဲ့ သွားလည်ပြီး မုန့်တွေ၊ ပစ္စည်းတွေ သွားရောက်လှူဒါန်းတဲ့နေ့ကပေါ့။
ရိပ်သာထဲကို ရောက်ရောက်ခြင်း သိကောင်းစရာလေး အနည်းငယ်ကို Slide Show နဲ့ရှင်းပြပါတယ်။ တချို့ အဘိုး၊အဘွားတွေကတော့ မိသားစုဝင်တွေက တစ်ပါတ်တစ်ခါ ဆိုသလို လာကြည့်ပေမယ့် တစ်ချို့ကတော့ လမ်းဘေးက၊ ဆေးရုံကနေ ဆွေမျိုးသားချင်းမရှိ၊ သူ့ကိုယ်သူ ဘယ်သူမှန်းမသိဘဲ ရောက်လာတာလဲရှိသတဲ့။ ထူးထူးခြားခြား အနေနဲ့ သူနာပြုစာရင်းမှာ မြန်မာလူမျိုးက အများဆုံးဖြစ်ပြီး တခြားနိုင်ငံအနေနဲ့ ဖိလစ်ပိုင်နဲ့ မလေးရှား လူမျိုးတွေများပါတယ်။


အဲဒီနောက်တော့ ဧည့်သည်တွေအားလုံးကို ၁၁ ယောက်စီ လူစုခွဲပြီး အဘိုးအဘွားတွေရှိတဲ့နေတဲ့ အခန်းတွေထဲကို လိုက်ပို့ပါတယ်။ ၀န်ထမ်းတွေသာဝင်ခွင့်ရအောင် လုံခြုံရေးတွေကို စီစဉ်ထားတာတွေ့ပါတယ်။ အခန်းတွင်းမှာတော့ အဘွားနှစ်ယောက်ကရှေ့ဆုံးမှာ Wheel Chair နဲ့ TV ထိုင်ကြည့်နေလေရဲ့။ တစ်ယောက်က လက်ထဲမှာ ကလေးရုပ်လေးကို ပွေ့ချီပြီး ၀ူးဝူးဝါးဝါးတွေအော်နေလိုက်တာ။ မြင်မြင်ချင်းလန့်တောင်လန့်သွားမိတယ်။ နောက်တော့မှ သူနာပြုဆရာမလေးက ပြေးလာပြီး အရုပ်ကလေးရဲ့ အင်္ကျီလက်တစ်ဖက်ကျွတ်နေတာကို ပြန်ဝတ်ပေးလိုက်တော့ ငြိမ်ပြီး ကလေးရုပ်ကိုပွေ့လို့ ပြုံးနေလေရဲ့။ နောက်အဘွားတစ်ယောက်ကတော့ ရောင်စုံခဲတံနဲ့ ပုံတွေကို ဆေးချယ်နေတယ်။ လျှောက်ခြစ်နေတယ်ဆို ပိုမှန်ပါတယ်။ အဲဒီနားက စားပွဲဝိုင်းကြီးမှာ အဘိုးအဘွားတွေဝိုင်းထိုင်ပြီး ဆော့တဲ့လူကဆော့၊ ဘောလုံးသေးသေးလေးကို လှိမ့်တဲ့လူကလှိမ့်၊ ကျွတ်ကျွတ်အိတ်တွေကို ဖြန့်လိုက်၊ ခေါက်လိုက် လုပ်တဲ့လူကလုပ်နဲ့။ စကားသွားပြောရင် ပြန်ပြောတဲ့လူရှိသလို၊ ဘာမှမသိတော့တဲ့ အဘိုးအဘွားတွေလဲ အများကြီးပါပဲ။ နေ၀င်ခါနီး ခရီးသည်တွေရဲ့ ဆည်းဆာအိပ်မက် ကိုယ်စီနဲ့ ပေါ့လေ။

တချို့အဘိုးအဘွားတွေကျတော့ အိပ်ယာခင်း၊ လက်သုတ်ပ၀ါလေးတွေကို သူနာပြုလေးတွေကို ကူခေါက်ပေးနိုင်သေးတယ်။ ဧရာမအ၀တ်ပုံကြီးထဲက အင်္ကျီလေးတစ်ထည်၊ လက်ကိုင်ပ၀ါလေးတစ်ထည်ကို ရွေးခေါက်ပြီး အဘွားတစ်ယောက်ကို သွားပေးနေတဲ့ အဘိုးကိုတွေ့တော့ ကြည်နူးပြီး ပြုံးမိတယ်။ အိန္ဒိယအဘိုးတစ်ယောက်ကတော့ ၂ မိနစ်တစ်ခါလောက် အသံကျယ်ကြီးနဲ့ ဟေ့ ဟေ့ လို့အော်နေလေရဲ့။ သူနာပြုဆရာမလေးကို မေးကြည့်တော့ ဧည့်သည်တွေလာရင် အမြဲအော်တယ်တဲ့လေ။ ဒါနဲ့ သူငယ်ချင်းအိန္ဒိယအမျိုးသမီးက သူတို့ ဘာသာစကားနဲ့ သွားနှုတ်ဆက်တော့ တွေတွေလေးပြန်ကြည့်ပြီး တဖက်လှည့် အိပ်ချင်ယောင်ဆောင်နေပါလေရော။ ဘယ်လိုခေါ်ခေါ်ပြန်လှည့်မလာတော့ဘူး။ အော်လည်းမအော်တော့ပြန်ဘူး။

ရိပ်သာက အခန်းလေးတွေက အများအားဖြင့် ရေချိုးခန်း၊ အိမ်သာပါတဲ့ ၄ ယောက်ခန်းလေးတွေပါ။ အခန်းထဲမှာ သံကုတင်ဖြူဖြူလေးတွေနဲ့။ စားပွဲသေးသေးလေးရှိတယ်။ သူနာပြုဆရာမလေးတွေက တော်တော်စိတ်ရှည်တဲ့အပြင် သူတို့တွေရဲ့ အပြုံးလေးတွေက ဒီနိုင်ငံမှာ တော်တော်တွေ့ရခဲတဲ့ အပြုံးမျိုးပဲ။ ပြောရမယ်ဆိုရင် ကလေးပြုစုရေး ကျောင်းနဲ့ ပိုတူပါတယ်။ ဆရာဝန်တွေကလည်း အမြဲတမ်းလာပြီး စောင့်ကြည့်ကုသပေးတယ်။ လေဖြတ်နေတဲ့ အဘိုးအဘွားတွေကလည်း ဆရာမလေးတွေ အကူအညီနဲ့ လေ့ကျင့်ခန်းတွေလုပ်လို့။ အခန်းတွေနဲ့ ပတ်ဝန်းကျင်ကတော့ ဟိုတယ်လေးတစ်ခုလိုပါပဲ။ အဘိုးအဘွားတွေ ကွယ်လွန်သွားရင်တော့ သူတို့ဆီက လေအေးစက်တွေ အများကြီးဖွင့်ထားတဲ့ အခန်းလေးထဲကို ခဏရွေ့ထားတယ်တဲ့။ ပြီးတော့ သက်ဆိုင်ရာသားသမီးတွေ ဆွေမျိုးတွေကို အကြောင်းကြားတယ်။ ဆရာဝန်က လာပြီး သေဆုံးကြောင်း အတည်ပြု လက်မှက်ထိုးပြီးမှ သယ်ဆောင်ခွင့် ရတယ်လို့သိရတယ်။

ကိုယ့်နိုင်ငံမှာတော့ သားသမီးရှိရက်နဲ့ မိဘကို ဘိုးဘွားရိပ်သာသွားထားတဲ့ ယဉ်ကျေးမှု မထွန်းကားသေးတာ ဂုဏ်ယူစရာပါပဲ။ နိုင်ငံခြားတိုင်းပြည်တွေထဲမှာတော့ ဘိုးဘွားရိပ်သာမှာ ပိုက်ဆံပေးပြီး သွားထားနိုင်တာ ချီုးကျူးရမလိုလို၊ ကျေးဇူးပဲတင်ရမလိုလို။ ဂရုစိုက်မဲ့သူ၊ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ သူတို့အတွက် ပိုအဆင်ပြေသတဲ့လေ။
ရိပ်သာကပြန်ထွက်လာတော့ အပြင်မှာ မိုးဖွဲဖွဲလေးရွာလို့။ အပြန်လမ်းတစ်လျှောက် အတမ်းတမိဆုံးက အဖေနဲ့အမေပါဘဲ။ အသက်ကြီးလာရင် အဖေနဲ့အမေနဲ့ ပြန်ပြီးနေမယ်လို့ စဉ်းစားမိပေမယ့် ကလေးတစ်ယောက်ရဲ့ အသိဥာဏ်လောက်တောင်မရှိတော့တဲ့ လူကြီးလူအိုတွေအများကြီး တွေ့ရတဲ့အခါ ဒီလိုအသက်အရွယ်တွေကို ဘယ်လိုပြုစုစောင့်ရှောက်ရတယ်ဆိုတာ လေ့လာထားသင့်တဲ့ အချက်တစ်ခုပါလားလို့ အံ့သြစွာတွေးမိတယ်။
နောက်ထပ်တစ်ခုတွေးမိတာက ရိပ်သာက သူနာပြုဆရာမလေးတွေက အဘိုးအဘွားတွေ ဘာလုပ်လုပ် အပြုံးချိုချိုနဲ့ တုံ့ပြန်ကြတယ်။ ငါကော အဖေ၊အမေ အတွက် ဒီလောက်ချိုသာတဲ့ အပြုံးလေးကို အမြဲပြုံးပြနိုင်ပါ့မလား ဆိုတဲ့အတွေးပါပဲ။

မြန်မာသူနာပြုဆရာမလေးကို “အစ်မတို့က ဒီလိုနေရာလေးမှာ အလုပ်လုပ်ရတာ ကံကောင်းတယ်နော်။ ကုသိုလ်လဲရ၊ ၀မ်းလဲဝတဲ့ အပြင် နောင်တချိန် ကိုယ့်မိဘကို စောင့်ရှောက်တဲ့ အချိန်ကျရင် ခေတ်မှီမှီ စောင့်ရှောက်နိုင်တဲ့ ပညာလည်းရတယ်” လို့ပြောမိတော့ “ဟုတ်ပါတယ်။ အဖေ၊ အမေကို လွမ်းတဲ့စိတ်နဲ့ ငါ့အဖေ၊အမေ သာဖြစ်ခဲ့ရင် ဆိုပြီး လုပ်ငန်းခွင် တစ်နေ့တာကို ဖြတ်သန်းရတယ်။ အဖေ၊အမေက အသက်ကြီးပြီ။ ဒါပေမယ့် အခုထိ မပြန်နိုင်သေးပါဘူး” တဲ့လေ။
လာတုန်းကလည်း တစ်ယောက်နော်၊ လက်တွဲခေါ်ကာ ဖော်မပါဘူး။ ပြန်သွားတော့လည်း တစ်ယောက်ထဲနော်…. ဆိုပေမယ့် မပြန်ခင် အချိန်ကလေး အို၊နာ၊ဘေး ကို ကျော်လွှားဘို့ အခက်အခဲတွေ အများကြီး ရှိနေပါသေးလားလို့ တွေးမိပြီး အမေ ပြောပြောနေပေမယ့် အလေးအနက် မထားမိခဲ့တဲ့ အိုစာမင်းစာ ဆိုတဲ့ စကားလုံးလေးကို သဘောပေါက်မိတဲ့ နေ့တစ်နေ့ပါပဲ။


ရိပ်သာထဲမှာ ဓါတ်ပုံရိုက်ခွင့် မရှိတဲ့အတွက် ရိပ်သာအပြင်ဖက်က ပုံလေးကို တင်ပေးလိုက်ပါတယ်။

Sunday, October 28, 2007

ဦးရွှေအောင် ၏ အမြင်များပြောင်းလဲခြင်းနှင့် အတွေးအမြင်များစာစုများ မှ ကောက်နှုတ်ချက်

ကောင်းသောအလုပ်ကို လုပ်လျှင် ကောင်းကျိုးကိုရ၍၊ မကောင်းသော အလုပ်ကို လုပ်လျှင် မကောင်းကျိုးကို ရ၏။ ဤသည်မှာ ဓမ္မနိယာမ ဖြစ်၏။ ဤ ဓမ္မနိယာမအတိုင်းဖြစ်အောင် ဓမ္မက ဆောင်ရွက်၏။ သို့ရာတွင် ဓမ္မနိယာမကို ပြောင်းပြန်လုပ်သူများသည် ဤလောက၌ ရှိတတ်၏။ ထိုပုဂ္ဂိုလ်များသည် မကောင်းသောအလုပ်ဖြင့် ကောင်းကျိုးကို ရနေတတ်ကြ၏။ ကောင်းသောအလုပ်ဖြင့် မကောင်းကျိုးကို ရနေတတ်ကြ၏။

ဤသို့ ဓမ္မနိယာမကို ပြောင်းပြန်လုပ်ခြင်းအားဖြင့် ဒုစရိုက်သမားများက ချမ်းသာကြွယ်ဝပြီး သုစရိုက်သမားများက ဆင်းရဲမွဲတေနေသည်ကို မျက်စိအောက်တွင်ပင် တွေ့မြင်နေကြရလေရာ၊ ဓမ္မနိယာမဟူသည် မှန်ကန်မှ မှန်ကန်လေရဲ့လားဟူ၍ ကုသိုလ်နှင့် အကသိုလ်အပေါ် သံသယ ရှိတတ်ကြ၏။


ဤသို့ သံသယရှိသူများတွင် ဗုဒ္ဓဘာသာဝင်များလည်း ပါဝင်ကြ၏။ ထိုသို့ ပါဝင်သော်လည်း သူတို့သည် ကမ္မဿကတာ သမ္မဒိဋ္ဌိ အမည်ခံသူများ ဖြစ်ကြသည့်အားလျော်စွာ ကုသိုလ်နှင့် အကုသိုလ်အပေါ် သံသယရှိကြောင်း ၀စီကံဖြင့်လည်း မဖော်ပြရဲကြ၊ ကာယကံဖြင့်းလည်း မဖော်ပြရဲကြ။ သို့ရာတွင် မနောကံဖြင့်မူ ဖော်ပြနေကြ၏။

ဓမ္မသည် သူ့သဘာဝကို သူဆောင်၏။ သစ္စာသည် ရှေ့နှင့်နောက်ကို မှန်မှန်ကန်ကန်ဖြစ်အောင် ဆက်စပ်ပေး၏။ ရှေ့နှင့် နောက်ဆိုသည်မှာ စိတ်က ကြံစည်သည့်အတိုင်း နှုတ်က ပြောဆိုရာတွင် စိတ်နှင့်နှုတ် ရှေ့နှင့် နောက် ညီညွတ်ခြင်း၊ စိတ်က ကြံစည်သည့်အတိုင်း ကိုယ်က ပြုလုပ်ရာတွင် စိတ်နှင့်ကိုယ် ရှေ့နှင့် နောက် ညီညွတ်ခြင်း၊ နှုတ်က ပြောဆိုသည့်အတိုင်း ကိုယ်က ပြုလုပ်ရာတွင် နှုတ်နှင့်ကိုယ် ရှေ့နှင့် နောက် ညီညွတ်ခြင်းတို့ပင် ဖြစ်၏။ ဤသည်ကိုပင် ‘ကံ’ များအချင်းချင်း သစ္စာရှိသည်ဟု ဆိုရ၏။ ဓမ္မအပေါ် သစ္စာရှိခြင်း ဟူ၍လည်း ဆိုရ၏။

ထိုသို့မဟုတ်ဘဲ စိတ်က တစ်မျိုးကြံ၊ နှုတ်က တစ်မျိုးပြောခြင်းသည် လည်းကောင်း၊ စိတ်က တစ်မျိုးကြံ၊ ကိုယ်က တစ်မျိုးလုပ်ခြင်းသည် လည်းကောင်း၊ နှုတ်က တစ်မျိုးပြော၊ ကိုယ်က တစ်မျိုးလုပ်ခြင်းသည် လည်းကောင်း ‘ကံ’ အချင်းချင်းအပေါ် သစ္စာဖောက်ခြင်း မည်၏။ ကံအချင်းချင်းအပေါ် သစ္စာဖောက်ခြင်းသည်ပင် ဓမ္မအပေါ် သစ္စာဖောက်ခြင်း မည်၏။

သက်ရောက်အားနှင့် တန်ပြန်သက်ရောက်အားတို့၏ နိယာမအရ ပုဂ္ဂိုလ်က ဖြစ်စေ၊ ကံက ဖြစ်စေ ဓမ္မအပေါ် သစ္စာဖောက်ပါက ဓမ္မသည် မလွဲမသွေ တုံ့ပြန်မည် ဖြစ်၏။ ဓမ္မသည် တိုက်ခိုက်ခြင်း ခံရပါက ဓမ္မကလည်း ပြန်လည်တိုက်ခိုက်မည် ဖြစ်၏။ ဤသည်မှာ နိယာမ ဖြစ်၏။ ဤနိယာမကို ဓမ္မသည် မကျော်လွန်နိုင်။
ဓမ္မအပေါ် သစ္စာဖောက်ခြင်းလုပ်ငန်း ဆိုသည်မှာ ဒုစရိုက်လုပ်ငန်းများဖြင့် ကြီးပွားခြင်း ဖြစ်၏။

အမှန်အားဖြင့် ဓမ္မနိယာမအရ အကုသိုလ်လုပ်ငန်းသည် ဆင်းရဲခြင်းအကျိုးကိုသာ ပေးရပြီး၊ ကုသိုလ်လုပ်ငန်းသည်သာ ချမ်းသာခြင်း အကျိုးကို ပေးရမည် ဖြစ်၏။ သို့ပါလျက် ဤလောက၌ အကုသိုလ်လုပ်ငန်းဖြင့် ချမ်းသာခြင်း အကျိုးကို ရရှိကြသူ များစွာကို တွေ့နေရ၏။ သို့ဖြစ်လျှင် အကုသိုလ်သည်လည်း ကောင်းသော အကျိုးကို ပေး၏ ဟူ၍ လည်းကောင်း၊ ကုသိုလ်သည်လည်း မကောင်းသော အကျိုးကို ပေး၏ ဟူ၍ လည်းကောင်း ဆိုရမလို ဖြစ်၏။

အမှန်အားဖြင့် အကုသိုလ်လုပ်ငန်းကြောင့် ကြီးပွားချမ်းသာခြင်းသည် လည်းကောင်း၊ ကုသိုလ်လုပ်ငန်းကြောင့် ဆင်းရဲမွဲတေခြင်းသည် လည်းကောင်း ဓမ္မအပေါ် သစ္စာဖောက်ခြင်းပင် ဖြစ်၏။ ကံနှင့် ကံ၏ အကျိုးတို့ လိုက်လျောညီထွေ မရှိခြင်းသည် ဓမ္မအပေါ် သစ္စာဖောက်ခြင်း မည်၏။ ဓမ္မအပေါ် သစ္စာဖောက်ခြင်းမှန်သမျှ ဓမ္မ၏ ဒဏ်ခတ်ခြင်းကို ခံရမည်မှာ မလွဲမသွေ မှန်လှပေ၏။ သက်ရောက်အားနှင့် တန်ပြန်သက်ရောက်အားတို့၏ နိယာမအရ အပုပ်ချခြင်း ခံရသော ဓမ္မသည် မိမိအပေါ် အပုပ်ချသူအား ပြန်၍ ဒဏ်ခတ်ရသည်မှာ မရှောင်လွဲနိုင်သော နိယာမ ဖြစ်၏။ ထို နိယာမအတိုင်း ဓမ္မက ဒဏ်ခတ်ရသည်မှာ သေချာပါ၏။ သို့ရာတွင် ‘မည်သည့်အချိန် ဒဏ်ခတ်မည်နည်း’ ဟူ၍ အချိန်ကာလနှင့် ပက်သက်ပြီး စဉ်းစားစရာသာ ရှိ၏။ ထို့ကြောင့် ကာလအရ မသေချာသော်လည်း နိယာမအရ ဒဏ်ခတ်မည်ကတော့ အလွန်ပင် သေချာပါ၏။

ဤလောက၌ နှုတ်က ဓမ္မကို ဖောင်ဖောင်ရွတ်ပြီး ကိုယ်နှင့် စိတ်က အဓမ္မကို ကျင့်သုံးနေကြသူများလည်း များစွာ ရှိ၏။ မိမိတို့၏ လုပ်ငန်းကိုပင် ဓမ္မဟူ၌ မှားယွင်းစွာ သက်ဝင်ယုံကြည်နေကြသူများလည်း များစွာရှိ၏။ ထိုပုဂ္ဂိုလ်များသည် ဓမ္မအပေါ် သစ္စာဖောက်ကြသူများ ဖြစ်၏။ ဓမ္မအပေါ် သစ္စာဖောက်သူများသည် တစ်ခုသောနေ့တွင် ဓမ္မ၏ ဒဏ်ခတ်ခြင်းကို မုချမသွေ ခံစားရပေလိမ့်မည်။ ထိုတစ်ခုသောနေ့ကား လောလောဆယ် မျက်မှောက်ပစ္စက္ခတွင် ဖြစ်ချင်ဖြစ်မည်။ မျက်မှောက်ပစ္စက္ခတွင် မဖြစ်ပါက သေခါနီးကာလ မရဏာသန္နဇော စောချိန်မှစ၍ တမလွန်တွင်မူ မုချမသွေ ဖြစ်ပေလိမ့်မည်။ ယုံမှားဖွယ် မရှိ။

ထို့ကြောင့် နှုတ်က ဓမ္မကိုပြောလျှင် ကိုယ်နှင့်စိတ်ကလည်း ဓမ္မအတိုင်း ဖြစ်ရလေအောင် သမ္မပ္ပဓာန်ထိုက်သော ၀ီရိယကိုသုံး၍ ကျင့်ကြံအားထုတ်အပ်ပါ၏။ ထို့သို့မဟုတ်ဘဲ နှုတ်ကသာ ဓမ္မကို အော်ကျယ်ဟစ်ကျယ်ပြောပြီး ကိုယ်နှင့်စိတ်က အဓမ္မကို တိတ်တိတ်ပုန်း ကျင့်ကြံအားထုတ်မည်ဆိုပါက ဓမ္မအပေါ် သစ္စာဖောက်ခြင်း ဖြစ်သဖြင့် သစ္စာဖောက်ခြင်း ခံရသော ဓမ္မကလည်း ပြန်လည်ဒဏ်ခတ်မည်ဖြစ်ကြောင်း လေးနက်စွာ ယုံကြည်အပ်ပါ၏။

Wednesday, September 12, 2007

ကျွန်တော်နှင့် လီယိုမလေး

Leo မလေးဆိုလို့ ဘာများပါလိမ့်လို့ မတွေးကြနဲ့။ သိဟ်ရာသီဖွား ကောင်မလေးတစ်ယောက် အကြောင်းပါ။ တခြား Leo တွေတော့ မသိဘူး။ ဒီ Leo လေးကတော့ သူ့ကိုယ်သူ ဒီရာသီဖွား ဖြစ်ရတာအလွန် ဂုဏ်ယူတယ်ဗျ။ ပြောလိုက်ရင် "ငါတို့က တစ်ကောင်တည်း၊ ဒါပေမယ့် ခြင်္သေ့တဲ့"။ အဲဒီ ခြင်္သေ့မလေးနဲ့ ကျွန်တော် စတွေ့ပုံက ဒီလို။


တစ်နေ့တော့ ကျွန်တော် Trainer လုပ်နေတဲ့ ကုမ္ပဏီကို ဆရာမအသစ်ကလေး တစ်ယောက်ရောက်လာတယ်ဗျ။ ပုံစံက ခပ်အေးအေးလေးပါပဲ။ စကားပြောတော့လည်း သာမန်ထက် တိုးသေးတယ်။ ကျွန်တော့် စိတ်ထဲမှာ ဒီလို ပျော့စိစိလေး စာသင်ရင် ငါ့ကျောင်းသားတွေနဲ့တော့ ဒုက္ခတွေ့တော့မှာပဲလို့ တွေးမိသေး။ ဒါနဲ့ပဲ သူ့ရဲ့ ပထမဆုံးအတန်းကို ဆရာမအသစ်အတွက် အထောက်အကူအဖြစ် Senoir ဖြစ်တဲ့ ကျွန်တော် ၀င်ကူညီရပါလေရော။ ခြင်္သေ့မလေးက အတန်းထဲလည်း ၀င်လာရော၊ ပြုံးပြုံးလေးနဲ့ သူ့အတန်းကို နှုတ်ဆက်ပြီး စာသင်သွားလိုက်တာ ၃ နာရီ ဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ အသံကလည်း စာသင်ခန်းထဲမှာ ဟိန်းလို့။ ကျောင်းသားတွေသာမက ဘေးကလူတွေကိုပါ သူ့စေတနာကို မြင်နေရအောင် သင်နိုင်တယ်ဗျာ။ အဲဒီမှာ စတွေ့တာပဲပေါ့ဗျာ။ ကျွန်တော် သူ့ကို နဲနဲ ဖြုံသွားတယ်။

နောက်တစ်နေ့ကြတော့ ကျွန်တော့်စိတ်ထဲ ရုံးသွားချင်နေသလိုပဲ။ ဒီကောင်မလေးက ဘယ်လိုလေးပါလိမ့်လို့ စိတ်ဝင်စားမိတာလဲ ပါတာပေါ့ဗျာ။ ဒါနဲ့ ပထမဆုံးအကြိမ် စကားကြီးတစ်ခွန်းစပြီး သွားပြောလိုက်တယ်။ "အစ်မက ဒီကပဲလား" လို့။ သူက ဆတ်ခနဲ မော့ကြည့်ပြီး "မဟုတ်ပါဘူး နယ်က" တဲ့။ ဒါပဲပြောတယ်။ ကျွန်တော်က ဆက်ပြောချင်ပေမယ့် သူကမော့မလာတော့ဘူး။ တော်တော် ဆက်ဆံရေးကြဲတဲ့ ခြင်္သေ့မဗျာ။

နောက်နေ့ကျတော့ ကျွန်တော်စာသင်ရတဲ့ အတန်းကို သူက Junior အနေနဲ့ ၀င်ကြည့်ရတယ်။ နောက်ဆုံးတန်းမှာ လက်လေးပိုက်ပြီး ကြည့်နေတဲ့ သူမရှေ့မှာ ကျွန်တော့် စကားလုံး တချို့မှားကုန်တယ်။ ချွေးမပြန်ဘူးတဲ့ ကျွန်တော် ချွေးတွေစို့လို့။ သူမကတော့ မရိပ်မိပါဘူး။ အေးအေးဆေးဆေး ထိုင်ကြည့်နေတာပါပဲ။ ပြီးသွားတော့ စကားအရမ်းပြောချင်နေတဲ့ ကျွန်တော်က ဘာမဆိုင် ညာမဆိုင် "အဆင်ပြေလား အစ်မ" လို့ မေးလိုက်တယ်။ သူမက "ဟုတ်ကဲ့.." တဲ့။ ဒါပဲ။ တော်တော်ကပ်စီးနည်းတဲ့ ခြင်္သေ့မဗျာ။

ဒီလိုနဲ့ ၁ လလောက်နေတော့ မေးထူးခေါ်ပြောအဆင့်က နည်းနည်းတော့ တက်လာပြီ။ ထမင်းစားခန်းထဲမှာ၊ စာသင်ခန်းထဲမှာ တွေ့တဲ့အခါ အေးအေးလေး ပြန်ပြုံးပြတယ်။ တစ်ရက်တော့ ညနေ ၄ နာရီကနေ ၇ နာရီ အထိ အတန်းအတွက် သူမက အကူ အနေနဲ့ ၀င်ရမှာ၊ သူ့ကို ကြည့်ရတာ နေမကောင်းနေသလိုပဲ။ ဒါနဲ့ ကျွန်တော်က "အစ်မ နေမကောင်းရင်ပြန်လေ။ ကျွန်တော် ၀င်ပေးလိုက်မယ်" လို့ပြောလိုက်တယ်။ သူ့မျက်လုံးတွေ လက်ကနဲ ဖြစ်သွားပြီး "တကယ်လား... အဲလိုရတယ်လား" တဲ့ ကျွန်တော့်ကို ပြန်မေးတယ်။ သူ့မျက်လုံးလေးတွေက ပီဘိ ကလေးငယ်တစ်ယောက်လိုပဲ။ ကျွန်တော်က စိုက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တော့ "ဟီးဟီး.. ပျော်စရာကြီး၊ ပြန်ရတော့မယ်ကွ.. " တဲ့။ ပြီးတော့ လှည့်တောင်မကြည့်ဘဲ ပြန်သွားပါလေရော။ တော်တော် လူမှုရေး ခေါင်းပါးတဲ့ ခြင်္သေ့မဗျာ။ ကျေးဇူးပဲနော် လို့တောင် မပြောသွားဘူး။ နင် ဒီလောက်ဝင်ချင်တာ ၀င်ပေါ့ လို့များ တွေးနေသလား မသိပါဘူးဗျာ။

ဘာပဲပြောပြော အဲဒီနေ့မှာပဲ ကျွန်တော် သူ့ကို စချစ်သွားခဲ့တယ်။ လောကမှာ ချစ်ရတဲ့လူက စစ်အရှုံးဆုံးလူပါတဲ့။ ကျွန်တော် လက်နက်ချ အရှုံးပေးလိုက်တော့မယ်ဗျာ။

ကျွန်တော်လည်း ညပေါင်းများစွာ ကီသွင်းပြီး လူရှင်းတဲ့ တစ်နေ့ သူထိုင်နေတဲ့ နေရာနားသွားပြီး "ကျွန်တော် ချစ်တယ်" လို့ တုံးတိတိပဲ ပြောလိုက်တယ်။ ဖွဲ့နွဲ့နေရင် လိုရင်းရောက်လိုက်မှာ မဟုတ်ဘူး။ ကိုယ်တကယ် တော်တာ ကိုယ်ပဲသိတယ်လေ။ သူ တော်တော်ကြီးကို အံ့သြသွားပုံရတယ်။ ကျွန်တော့်ကိုလည်း အလွန်ထူးဆန်းတဲ့ သတ္တ၀ါတစ်ကောင်လို ကြည့်ပြီး "ခင်ဗျားက ကျွန်တော့် အကြောင်းဘယ်လောက်သိလို့လဲ။ ကျွန်တော်က ရည်းစားတော်ဖို့မကောင်းဘူး။ သူငယ်ချင်းတော်ဖို့ပဲ ကောင်းတဲ့ အမျိုးအစားဗျ" တဲ့။ သူများတွေလို ရှက်ပြီး ခေါင်းလေးလဲ မငုံ့သွားဘူး။ ရင်တုန်တာတောင် ဘယ်ရောက်သွားမှန်း မသိပါဘူးဗျာ။ ဘာဆက်ပြောရမှန်းလည်း မသိတော့ဘူး။ ဒါနဲ့ "သွားဦးမယ်နော်.." ဆိုပြီး ထထွက်တော့ "ဟုတ်ကဲ့ပါ.." တဲ့။ သူ့နှုတ်က ခင်ဗျားတွေ၊ ကျွန်တော်တွေ သုံးပြီးပြောတာ ဒီတစ်ခါ ပထမဆုံးပဲ။ ဘယ်နဲ့ဗျာ တခြားအချိန်ဆို ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် စကားကို လေးလေးစားစား ပြန်ပြောလေ့ရှိတာ၊ ရည်းစားစကားပြောတော့မှပဲ ခြင်္သေ့ ဇာတိက ပြတော့တာပဲ။ ရက်စက်ပါပေ့ Leo ရယ်။

ကျွန်တော်လည်း ဘယ်လိုပါလိမ့်လို့ တစ်ညလုံး စဉ်းစားပြီး နောက်နေ့ မနက်ကျ အဖြေရသွားတယ်။ သူ့ကိုတွေ့တော့ "ဒါဆို သူငယ်ချင်း လုပ်မယ်နော်.." လို့သွားပြောလိုက်တယ်။ သူက ရယ်ပြီး "ဟဲဟဲ.. ခင်ဗျား အမြင်မှန်ရသွားပြီ။ ကောင်းပါလေ့ဗျာ.." တဲ့။ ထားလိုက်ပါတော့လေ။ ကျွန်တော်ဆိုတဲ့ ကောင်မှာလည်း Plan B နဲ့ပါဗျ။

တဖြည်းဖြည်းနဲ့ သူ့အကြောင်းလေးတွေ သိလာတဲ့အခါ တကယ့်ကို အေးအေးလေးနဲ့ ငပေလေးဗျ။ သူ့အပေါင်းအသင်း နည်းနည်းလေးကို အရမ်းခင်တယ်။ လောကကြီးက ဒီလိုပဲလုပ်၊ ဒါအမှန်ပဲဆိုရင် ဟိုလိုလုပ်တော့ ဘာဖြစ်လည်း ဆိုတာမျိုး။ စိတ်မထင်ရင် Shit, Stupid လို့ တိုးတိုးလေး ရေရွတ်တတ်သေးတယ်။ တစ်ယောက်တည်း ကော်ဖီတစ်ခွက်နဲ့ စာအုပ်ဖတ်နေရတာကို ကြိုက်တယ်။ သူများအကြောင်းပြောရမှာ ပျင်းတယ်။ တခါတခါ စကားတွေ အများကြီး ပြောတတ်ပြီး တခါတရံ အရမ်းတိတ်ဆိတ်တယ်။ မိန်းကလေးဆန်တဲ့ အ၀တ်အစားတွေမကြိုက်ဘူး။ ယားလို့တဲ့။ နှုတ်ခမ်းနီလည်း မဆိုးတတ်ဘူး။ ဂျူးရဲ့ အမှတ်တရ ထဲက အချစ်မျိုးကြိုက်တယ်တဲ့။ မိဘမဲ့ မိန်ကလေးကျောင်း ဖွင့်ချင်တယ်တဲ့။ ပြီးတော့ ရည်းစားတစ်ယောက် ထားဖူးတယ်တဲ့။

ရည်းစားနဲ့ ဘာဖြစ်လို့ ပြတ်သွားတာလည်း မေးကြည့်တော့ "ကျွန်တော်က ကြိုက်နေချင်တာ၊ တွဲကြည့်လိုက်တော့ ကြိုက်လို့မရလို့" တဲ့။ မချစ်ဘူးလားလို့ မေးကြည့်တော့ "ခင်ဗျားတော့ မသိဘူး၊ ကျွန်တော့်အတွက် ကြိုက်ဖို့ ပိုအရေးကြီးတယ်ဗျ" တဲ့။ ဒီငပေမလေး သီအိုရီက တစ်မျိုးဗျ။ လူတစ်ယောက်က ကော်ဖီကြိုက်တယ်ဆိုပါတော့။ ဒါပေမယ့် သူချစ်မိတဲ့လူက လ္ဘက်ရည်မှ ကြိုက်တယ်ဆိုရင် သူက ချစ်လို့ အဲဒီ လ္ဘက်ရည်ကို အတူလိုက်သောက်ချင်သောက်မယ်။ ဒါပေမယ့် သူ့ကို တရေးနိုးထမေးလည်း သူကြိုက်တာ ကော်ဖီတဲ့လေ။ လူတစိမ်းတစ်ယောက် အတွက် ကိုယ့်ဆန္ဒကို ချိုးနှိမ်ပြီး ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ။ မနေနိုင်တဲ့ အချိန်ကျ သေပြီပေါ့တဲ့။ ကြိုက်နေရတာက ပိုမိုက်တယ်တဲ့လေ။ သူပြောတော့လည်း ဟုတ်တုတ်တုတ်။ ခေါင်းစားရပါလား Leo ရယ်။

အပေါင်းအသင်းတစ်ယောက်အနေနဲ့ နေရတဲ့ကာလတွေမှာ သူ့စိတ်ရင်းလေး ကို ကျွန်တော်သဘောကျ ပါတယ်။ ဘယ်သူ့ကိုမဆို တတ်နိုင်သမျှ ကူညီတတ်တယ်။ ယောက်ျားလေးနဲ့ မိန်းကလေး ပေါင်းနေရတာမျိုးမဟုတ်ဘဲ ယောက်ျားလေး အချင်းချင်း ပေါင်းရသလို လွတ်လပ်စေတယ်။ သူဖြူဖြူစင်စင် နေတတ်တာလဲ ပါတာပေါ့လေ။ တခါတလေ ချစ်တဲ့ အကြောင်း စကားစပ်လို့ ပြန်စမိရင် သူဖတ်ဖူးတဲ့ စာအုပ်ထဲက သီအိုရီကြီးနဲ့ ကျွန်တော့်ကို ကိုင်ပေါက်တော့တာပဲ။ အချစ်ဆိုတာ သားရေကွင်းနဲ့ တူတယ်တဲ့ဗျာ။ အတူတူဆွဲထားလို့ရှိရင် ပြဿနာ မရှိပေမယ့် တစ်ယောက်ကလွှတ်လိုက်တဲ့အခါ လွှတ်လိုက်တဲ့ ဘက်က မနာဘဲ ဆွဲကိုင်ထားတဲ့ လူဘက်က နာတတ်တယ်တဲ့။ သူက စိတ်မထင်ရင် လွှတ်လိုက်ဖို့ ၀န်မလေးဘူးတဲ့။ ခင်ဗျားနာကျင်မှာ စိုးလို့ပါ။ "ကိုယ့်လူရာ..အေးအေးနေစမ်းပါ။ မနာချင်စမ်းပါနဲ့" တဲ့။ ကဲ... ပြီးရော။ ဒီသားရေကွင်းနဲ့တော့ ဒုက္ခပါဘဲဗျာ။

တခါတလေများ ယောက်ျားနဲ့ မိန်းမ ဘယ်သူက ပိုမြတ်သလဲလို့ သူမခံချင်အောင်ငြင်းမိပါတယ်။ ကျွန်တော်က ယောက်ျားလေးတွေရဲ့ ထုံးစံအတိုင်း "ယောက်ျား စင်စစ်မှ ဘုရားဖြစ်နိုင်တာလေ" လို့အနိုင်ပိုင်းလိုက်တယ်။ ဒီတော့ သူက "လောကမှာ မိန်းမထက်ယုတ်ညံ့တဲ့ ယောက်ျားတွေ အများကြီး ရှိတယ်။ "ခင်ဗျား သတင်းစာ မဖတ်ဘူးလား" တဲ့။ အဲ... ဘယ်လိုပါလိမ့်။ ပြီးတော့ ပြောသေးတယ်။ "ခင်ဗျားတို့ ယောက်ျားတွေ တော်တော်လွဲတာပဲ။ ဒီဘ၀မှာ မိန်းမဘ၀ ရထားတဲ့ ဘယ်မိန်းမမှ ဘုရားမဖြစ်ချင်ပါဘူးဗျာ။ ဖြစ်ချင်းဖြစ် ဘုရား မယ်တော်ပဲ ဖြစ်ချင်မှာပေါ့" တဲ့။ အရှုံးပေးပြီးသားလူပါ Leo လေးရယ်။ ဟုတ်ပါပြီဗျာ။

တစ်နေ့တော့ ကျွန်တော်လည်း Leo တွေရဲ့ စိတ်နေသဘာဝဆိုတာလေးကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်မိတယ်ဗျ။ ဟုတ်မဟုတ်တော့ မသိဘူး။ Leo တွေက ချစ်မိပြီဆိုရင် သွေးကို အရည်ဖျော်၊ အရိုးကို ကလောင်လုပ်ပြီး သူ့တို့ရဲ့ အရေပြားပေါ်မှာ ရေးရင်တောင် သူတို့ရဲ့ ချစ်ခြင်းဋီကာက မဆုံးဘူးဆိုပဲ။ တော်တော် ချစ်နိုင်တဲ့ Leo တွေပါတကား။ ဒါနဲ့ ကျွန်တော် သူ့ကို ပြောပြတော့ "အဲဒီ Leo က လည်ဆံမွှေးကျွှတ်ပြီး အမြီးပြတ်နေတာနေမှာ" တဲ့။ ဪ... Leo တွေရဲ့ ချစ်ခြင်းပြ သမိုင်းလည်း သူပြောတာနဲ့ ပျက်ပါပြီ။

ကျွန်တော်လေးစားတဲ့ မော်ဒန်စာရေးဆရာတစ်ယောက် ရေးထားလေး ကြိုက်လွန်းလို့ သူ့ကို ရွတ်ပြမိတဲ့ နေ့ကလည်း ဒီလိုဗျ။ ရေးထားတာက "နောင်ခေတ်လူသားတို့ ကမ္ဘာမြေကို တူးဖော်သော အခါ ကျွန်တော်၏ ရင်ဘတ်သည် သူ၏ အကြောင်းများနှင့် ပြည့်နေသော ခရမ်းပြာကျောက်စာ တစ်ချပ် ဖြစ်ချင်သည်" တဲ့။ ကျွန်တော် ဖီလင် အပြည့်နဲ့ ရွတ်ပြတော့ ပြောပုံက "အေးနော်... ကျွန်တော်သာ ယောက်ျားလေးတစ်ယောက် ဖြစ်ခဲ့ရင် ကျွန်တော့် ချစ်သူကို ဒီလိုပဲ ချစ်မယ်နဲ့တူတယ်။ ဒီစာရေးဆရာ တကယ်တော်တယ်ဗျာ" တဲ့။ အေးရော...အေးရော... လိုရင်းကို ဘယ်ပျောက်ပျောက်သွားမှန်း မသိဘူးဗျာ။

ဒီကျွန်းလေးပေါ် သူရောက်လာပြီး အလုပ်လုပ်တော့ ကျွန်တော်က အကြံနဲ့ Merlion Park ကို အရင်ဆုံး ခေါ်သွားတာပေါ့။ Merlion ဆိုတာ ခြင်္သေ့နဲ့ ငါးနဲ့ ပေါင်းထားတဲ့အကြောင်း သူ့ကို ရှင်းပြတာပေါ့ဗျာ။ ဒီမှာ တစ်ခုဖြတ်ပြောရဦးမယ်။ ကျွန်တော်က မိန်ရာသီဖွားဆိုတော့ သင်္ကေတက ငါးရုပ် မဟုတ်လား။ ကျွန်တော်က သူ့ကို Merlion ရှိတဲ့ကျွန်းလေးက ခြင်္သေ့နဲ့ ငါးတို့ရဲ့ ပေါင်းစပ်ခြင်း သင်္ကေတပေါ့လို့ ပြောပြနေတာ။ အံမယ် ငြိမ်ငြိမ်လေး နားထောင်နေတယ်ဗျ။ ပြီးတော့မှ "ဒီနှစ်ကောင် ပေါင်းထားတာက Statue တစ်ခုအနေနဲ့သာ ခန့်ထည်ပြီး ကြည့်လို့ကောင်းနေတာ။ တကယ်လို့ သူသာ သတ္တ၀ါတစ်ကောင် ဖြစ်ခဲ့ရင် ရေထဲမှာလည်း တော်မှာ မဟုတ်ဘူး။ ကုန်းပေါ်မှာလည်း ဘုရင်ဖြစ်မှာ မဟုတ်ဘူး။ ဂွကျကျကြီး ဖြစ်နေမယ် ထင်တယ်" တဲ့။ Merlion ရေ... ခဲလေသမျှ သဲရေကျ ပါပေါ့လား။

နောက်ဆုံးတော့ ကျွန်တော်လည်း See And Be Seen Remix 4 လေးရေးပြီး သူ့ကို ဖတ်ခိုင်းလိုက်တယ်။ ကျွန်တော့်ရဲ့ အချစ်ကို သူမြင်စေချင်တယ်လေ။ ကျေကျေနပ်နပ်ကြီး ခွင့်လွှတ် နားလည် နိုင်တဲ့ အချစ်၊ တန်ဘိုးရှိတဲ့ အချစ်၊ ရှားပါးတဲ့ အချစ်၊ ခြင်္သေ့မလေး ဒီတစ်ခါတော့ နားလည်လောက်ပြီပေါ့။ သူဖတ်ပြီးလောက်တဲ့ အချိန်ကို မှန်းပြီး ဖုန်းဆက်လိုက်တော့ "ရေးထားတာ ကောင်းပါတယ်။ စုံနေတာပဲ" တဲ့။ ဒါနဲ့ အားတက်ပြီး "အဲလို ချစ်နိုင်တဲ့လူတစ်ယောက် ရှိနေတာရော သိလား" ဆိုတော့ "အမှန်အတိုင်း ပြောရမလား" တဲ့။ ကျွန်တော့် အထင် ဒီတစ်ခါတော့ ခြင်္သေ့ လည်ဆံမွှေး ကျွှတ်ပြီပေါ့။ "ပြောလေ..." ဆိုပြီး ရင်ခုန်စွာ စောင့်စားနေတော့ "လူတစ်ယောက်ကို ဘာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်ကြီး သည်းခံခွင့်လွှတ်ပြီး ချစ်ရအောင် ခင်ဗျား ရူးနေပြီလားဗျာ" တဲ့။ ကဲ... ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ... ရေးချင်ဦးဟ အိမ်ထောင်ရေးဘလော့ဂ်။ ခံလိုက်ဦးပေါ့ကွာ။ ။

Monday, September 10, 2007

စီးဆင်းတေးသံ

နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော သမီးလေးတစ်ဦးထံသို့ သူမ၏ဖခင်ဖြစ်သူက ရေးပို့လိုက်သော စာလေးတစ်စောင်ဖြစ်ပါတယ်။ ဖခင်တစ်ဦးရဲ့ မေတ္တာတရားက ဖွဲ့နွဲ့ပေးသော စကားလုံးလေးများသည် ကဗျာတစ်ပုဒ်ကဲ့သို့ နုးညံ့သော ခံစားမှုကို ပေးစွမ်းနိုင်သဖြင့် မေတ္တာတရားရဲ့ ကဗျာရွတ်သံလေးကို ၀ိုင်းပြီး နားထောင်ကြည့်ရအောင်လားဗျာ။



ဖေ့အချစ်ဆုံးသမီးသို့
သမီးရဲ့ မွေးနေ့အတွက် လက်ဆောင်ပေးဘို့ စဉ်းစားတဲ့အခါ သမီးရဲ့ ဘ၀တစ်သက်တာလုံးအတွက် စာတစ်ပုဒ်ရေးပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ တန်ဘိုးမဖြတ်နိုင်တဲ့ အရာကို ပေးဘို့ဆိုရင်ဖေ့ဖေ့ရင်ထဲက စကားတွေသာဖြစ်ပေလိမ့်မယ်။ မွေးနေ့မှာ ပျော်ရွှင်ပါချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလေ့ရှိကြတယ်။ ဖေဖေကတော့ သမီးဘ၀တစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့မှုဆိုတာကို ရယူတတ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သမီးရေ... လူတိုင်းပျော်ရွှင်ချမ်းမြေ့မှုကို ဖမ်းဆုပ်နိုင်ကြတယ် လို့မထင်လေနဲ့။ တချို့ကပျော်ရွှင်ချမ်းမြေ့မှုတွေကို ဖျက်ဆီးလေ့ရှိကြတယ်။ လောကကြီးမှာ ပြီးပြည့်စုံသူမရှိလို့ ဆိုတယ်။ ဒါဆိုရင် ပြီးပြည့်စုံမှုဆိုတာ ပျော်ရွှင်ချမ်းမြေ့မှုကို မဖန်တီးနိုင်တာ သေချာပြီပေါ့။ ဒါဆိုရင် အနာဂတ်အတွက် မျှော်မှန်းချက်များစွာနဲ့ လှုပ်ရှားရုန်းကန်နေတဲ့ ဘ၀တွေထဲမှာ ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ ရှိနေတာပေါ့။ အဆင်မပြေမှုမှန်သမျှကို ဖော့တွေးတတ်ရမှာပေါ့။ အဆင်ပြေမှုတွေကို အလေးအနက် ခံယူတတ်ရမှာပေါ့။ အဆင်ပြေမှုက စိတ်ချမ်းသာမှုကို တဒင်္ဂ ဖြစ်စေနိုင်မှာပဲ။ အဲဒီ တဒင်္ဂလေးကို ရယူခံစားနိုင်ခဲ့ရင် ထာဝရ ဖြစ်ဖို့ မခဲယဉ်းတော့ဘူးလေ။

ဒီတော့ ဖြစ်နေတဲ့ ဖြစ်စဉ်များကို ဘ၀အဖြစ် ခံယူရဲရမယ်။ ဘ၀ရုန်းကန်မှုဖြစ်စဉ်တွေထဲက အဆင်ပြေမှုများကို နည်းသည်ဖြစ်စေ၊ ပျော်ရွှင်ချမ်းမြေ့မှုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိရမယ်လေ။ မမေ့ပျောက်နိုင်တဲ့ အဆင်မပြေမှုများကိုတော့ နာကျည်းချက်များအဖြစ် နှလုံးသားတစ်နေရာမှာ လုံခြုံစွာ သိမ်းထားလိုက်ရုံပေါ့။ ဖြစ်ခဲ့တယ်။ ခွင့်လွှတ်လိုက်တယ်။ သို့သော် မမေ့နိုင်ဘူး... ဆိုတဲ့ ခံစားမှုမျိုးထက် ဥပေက္ခာပြုလိုက်နိုင်ရင်တော့ ချမ်းမြေ့မှုဆိုတာလေး ပေါ်လာတတ်ပြန်ရော။ ဒါကြောင့် အဆင်ပြေမှုထဲမှာရော၊ မပြေမှုထဲမှာပါ ပျော်ရွှင်ချမ်းမြေ့မှုကို ရယူနိုင်တယ်ဆိုတာ သမီးနားလည်ထားပါ။ ပတ်ဝန်းကျင်မှာ အခက်အခဲတွေ အမြဲဝန်းရံနေပေမယ့် ပျော်ရွှင်မှုရောင်ခြည် အမြဲယှက်သန်းနေတယ်ဆိုတာ သမီးလက်တွေ့ နားလည်နိုင်ပါစေ။

အလေးအနက် ထားတာနဲ့ ဥပေက္ခာတရားကို ပြောရဦးမယ်။ သမီးလေးမိသားစုရင်ခွင်က ခွဲခွာသွားတာ ၁ နှစ်ကျော်ပြီလေ။ ပြည့်စုံမှုနှင့်အတူ ခွဲခွာသွားတာမဟုတ်ပေမယ့် အသိနဲ့ အတူခွဲခွာသွားတဲ့ သမီးအတွက် ဖေဖေ ဖြေသာခဲ့ပါတယ်။ သမီးမှာ အသိတရားတွေ ပါသွားတယ်ဆိုတဲ့ အသိနဲ့ ဖေဖေ နေပျော်ခဲ့ပါတယ်။

သို့ပေမယ့် အသိတရားရှိသူတွေရော မမှားနိုင်ဘူးလား။ လောကမှာ အမှားကင်းသူရယ်လို့ မရှိနိုင်ဘူးလေ။ လူရယ်လို့ဖြစ်လာကတည်းက မှားဘို့ဖြစ်လာတယ်လို့ ပြောရလောက်အောင် အမှားတွေများပါဘိသနဲ့။ ဒီတော့ မှားနိုင်တယ်၊ မှားတတ်တယ် ဆိုတာကို လက်ခံရမှာပေါ့။ တစ်ခုတော့ ရှိတယ်။ မှားတာကို မြန်မြန်သိဖို့တော့ လိုတယ်။ မြန်မြန်သိပြီး မြန်မြန်ပြင်နိုင်ရဲဘို့က အရေးကြီးတယ်။ ပြုပြင်လို့ မရတဲ့ အမှားဆိုတာ အသိရှိသူတိုင်းအတွက် မဖြစ်နိုင်ဘူး။ လူမုန်းမှာကို မကြောက်နဲ့။ ကံကြမ္မာ မုန်းမှာကို ကြောက်ပါလို့ ပြောလေ့ရှိကြတယ် မဟုတ်လား။

ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့ ဘ၀ရဲ့ အချိန်ကာလတွေဟာ မှားယွင်းတတ်တဲ့ အချိန်တွေဖြစ်ပြီး၊ ကံကြမ္မာက မှားတဲ့ လမ်းဘက်ကို အတင်းတွန်းပို့နေသလို ခံစားရတတ်တယ်။ အမှားအယွင်းတိုင်းကို ဖြတ်ကျော်နိုင်ဘို့က အဓိက ကျတယ်လေ။ မှားရလေခြင်း၊ မှားခဲ့ပြီးပြီ မထူးပါဘူး.. ဆိုတဲ့ အတွေးကျဉ်းကျဉ်းတွေကို အလေးအနက် မထားတတ်ဘို့ လိုတယ်။ မေ့မေ့ပျောက်ပျောက် မဖြစ်နိုင်တဲ့ အမှားမျိုးအတွက်တော့ ဥပေက္ခာတရားက အရေးအကြီးဆုံးပါပဲ။

ဥပေက္ခာဆိုတာက (ထိုပုဂ္ဂိုလ်၊ ထိုအကြောင်းအရာ၊ အဖြစ်အပျက် မှန်သမျှကို ခံစားမှုမဲ့စွာ ဆင်ခြင်ခြင်း) လို့ အဓိပ္ပါယ်ကောက်ယူထားရမယ်။ ခံစားမှုမဲ့စွာ ဆင်ခြင်နိုင်ဘို့ဆိုတာ တော်တော်ခက်ပါတယ်။ သို့ပေမယ့် တဖြေးဖြေး လေ့ကျင့်ယူထားပြီး လက်တွေ့ ကြုံလာတဲ့အခါ ကျင့်သုံးတတ်ရမယ်။ သမီးလေး နားလည်ထားရမှာက ဘယ်လို အမှားမျိုးကို ကျူးလွန်မိသည်ဖြစ်စေ ဖေဖေ ခွင့်လွှတ်နိုင်တယ်။ ကျန်တာ အားလုံးကို ဥပေက္ခာပြုထားနိုင်တယ် ဆိုတာ ယုံကြည်ဘို့ပါပဲ။ အသိတရားနဲ့ အတူ ရုန်းကန်လှုပ်ရှားနေတဲ့ သမီးအတွက် မိသားစုရဲ့ အကြွင်းမဲ့ မေတ္တာကို ပိုင်ဆိုင်ထားတယ်လို့ ခံယူပါ။ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်စေ၊ သမီးဘက်မှာ မိသားစုရှိနေတယ်ဆိုတာ နားလည်ထားရင် သမီးဘ၀ ဖြတ်သန်းဘို့အတွက် အားအင်တွေပဲ မဟုတ်လား။

ကိုယ်ဖြစ်ချင်တာ တစ်ခုအတွက် မစွန့်လွှတ်သင့်တဲ့ အရာတွေရှိတယ် သမီး။ ကျန်းမာရေးနဲ့ ကိုယ်ကျင့်သိက္ခာတရားပေါ့။ အဲဒီ နှစ်ခုက ဘာနဲ့မှ မလဲကောင်းတဲ့ အရာတွေလို့ ခိုင်မြဲစွာ ယုံကြည်ထားသင့်တယ်။ ကိုယ်မျှော်လင့်ချက်တစ်ခုအတွက် အတတ်နိုင်ဆုံး ကြိုးစားရတယ်။ ဖြစ်လာတဲ့ရလဒ်အပေါ် မူတည်ပြီး ပန်းတိုင်ရောက်အောင် ခရီးဆက်မယ်လို့လည်း တွေးတတ်ရတယ်။ ပြီးရင် လွတ်လပ်ပေါ့ပါးစွာ လျှောက်လှမ်းသွားနိုင်ဘို့ မိမိစိတ်ကိုလည်း ပြင်ဆင်ထားရတယ်။ ဘ၀သင်ခန်းစာတွေထဲမှာ အနားယူချိန်ဆိုတာ သိပ်ရှိတာမှ မဟုတ်ပဲ သမီးရယ်။

ကူညီတတ်ခြင်းနဲ့ ကျေးဇူးတရားကို ပြောကြဦးစို့။ သန့်စင်စွာ ကူညီခြင်းတွေမှာ ကူညီလိုက်တဲ့ အချိန်မှာ ရလိုက်တဲ့ ပီတိလေးကို တုန့်ပြန်မှုလို့ ခံစားတတ်ဘို့ လိုတယ်။ မိမိကူညီပေးလိုက်ရတဲ့ လူဆီက ကျေးဇူးဆပ်မှု၊ အပြန်အလှန်ကူညီမှု စတဲ့ တုန့်ပြန်မှုမျိုးတွေကိုလဲ လျစ်လျူရှုထားနိုင်ရမယ်။ အတုန့်အပြန်နဲ့ အတုန့်အလှည့် ဆိုတဲ့ စကားတွေက နီးစပ်မလိုလိုနဲ့ ဆန့်ကျင်ဘက်တွေ မဟုတ်လား။

ကိုယ့်ဘက်က မျှော်လင့်ချက် ဘာမှ မထားဘဲ ကူညီခဲ့တာဖြစ်ပေမယ့် သူ့အလှည့်ကြုံတဲ့အခါ မသိယောင်ဆောင်နေတာမျိုး၊ ကျေးဇူးကန်းတာမျိုးတွေ လူ့လောကမှာ ဒုနဲ့ဒေး သမီးရယ်။ ဈေးပေါပါတယ်။ ဈေးခပ်ပေါပေါတွေနဲ့ တုပြီး မိမိစိတ်ကို ထိခိုက်စေရင်၊ ခံစားစေရင် ကိုယ့်လောက်ညံ့တဲ့လူ ဘယ်ရှိတော့မှာလဲ။

ဒါဆိုရင် ကိုယ်ကကျေးဇူးဆပ်ရမယ့် အလှည့်ကျတော့ရော။ ကျေးဇူးတရားဆိုတာ သိတတ်လွန်းရင် ၀န်ပိလွန်းတယ်ဆိုပေမယ့် ထိုက်တန်တယ်ထင်တဲ့ မိမိသတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုထိ ပေးဆပ်ရလိမ့်မယ်။ အသိအမှတ်ပြုပေးရမယ်။ တစ်လုတ်စားဖူး သူ့ကျေးဇူး ဆိုသကိုး။ သို့ပေမယ့် အလုတ်တစ်သန်းဖိုးလောက် ပြန်စားချင်သူမျိုး၊ ဘ၀တစ်လျှောက်လုံး ကျေးဇူးဆပ်ခံခြင်းလွန်းသူများကိုတော့ သမီးရေ... ဥပေက္ခာ ဦးနှောက်အကန့်တွေဆီ ပို့လိုက်ကြရတာပေါ့။ မရိုင်းမိစေဘို့ ကင်းကင်းကွာကွာလေး နေလိုက်ဘို့ပဲပေါ့။

ဖြစ်ချင်ရာဖြစ်နေတဲ့ဖြစ်ရပ် Random Process ကို စိတ်ဝင်စားတဲ့ သိပံ္ပပညာရှင်တွေက Chaos out of order နဲ့ Order out of Chaos ကိုမြင်အောင်ကြည့်နိုင်ခဲ့ကြတယ်တဲ့။ စနစ်တကျ ရှိနေတယ်လို့ ထင်ရတဲ့ အဖွဲ့အစည်း၊ လူဘ၀ထဲက ဖြစ်စဉ်တွေထဲက ဖြစ်ချင်တာတွေဖြစ်လာတတ်သလို ကသောင်းကနင်း ဗရုတ်သုတ်ခ ဖြစ်စဉ်တွေထဲမှာလဲ စည်းစနစ်အမှန် တကယ်ရှိနေတယ်လို့ သက်သေပြခဲ့ကြတယ်လေ။

ကဲ... ကိုယ့်ဘ၀ကို ပြန်သုံးသပ်ကြည့်ရအောင်။ စနစ်တကျလား၊ ကသောင်းကနင်းလား။ ဘ၀တိုင်း နှစ်ခုရောနေတာချည်းပါပဲ သမီးရေ။ ဒီတော့ ဘ၀နဲ့ ဆိုင်တဲ့ Chaos ကို ဘယ်လို ရှုမြင်ကြမလဲ။

"အကောင်းအဆိုးဟူသမျှတို့သည် မျှော်လင့်ထားချိန်တွင် လည်းကောင်း၊ မမျှော်လင့်သော အချိန်တွင်လည်းကောင်း ဖြစ်ပေါ်လာတတ်ကြပေသည်။ ထိုလာသမျှ အကောင်းအဆိုးမှန်သမျှကို တပါးသူအကျိုး မထိခိုက်စေလျှက် မိမိ ဘ၀ကို တည်ဆောက်နိုင်စွမ်းရှိရေး၊ ကြိုးပမ်းရင်ဆိုင်သင့်သည်" ဟု သမီးလေးယုံကြည်ထားလိုက်စမ်းပါကွယ်။

နောက်တစ်ခုကတော့ Time Factor ကို ပေါ့ပေါ့ပါးပါး စောင့်ဆိုင်းတတ်ဘို့လိုတယ်။ အဲဒီအတွက် Maturity က အရေးအကြီးဆုံး ဖြစ်လာတယ်။ ရင့်ကျက်တဲ့သူများဟာ သာမန်လူတွေလို မတွေးဘူး။ သာမန်ကိစ္စတွေကို မခံစားဘူး။ သာမန်ကိစ္စတွေနဲ့ အချိန်ကုန် မခံဘူးလေ။ ဘ၀ နဲ့ ဆန္ဒ ချိန်ခွင် လျှာကို ကောင်းကောင်းညှိတတ်တဲ့ လူတွေပေါ့။

ဒီတော့ သမီး မိသားစုအတွက် နောက်ဆံမတင်းပါနဲ့။ မိသားစုအတွက် ဆိုတာက ရင်ထဲမှာ ရှိထားပြီးသားဖြစ်တဲ့အတွက် သမီးရည်မှန်းချက် အောင်မြင်တဲ့ အချိန်ရောက်လာရင် အချိန်မရွေး လုပ်ပေးနိုင်တာပဲ။ သမီးကို တစ်ကိုယ်ကောင်းဆန်ဘို့ ပြောနေတာ မဟုတ်ဘူးနော်။ မိမိရည်မှန်းချက်ကို ရောက်ဘို့အတွက် ၀န်ထုတ်ဝန်ပိုးနဲ့ သွားရင် အချိန်ကြာမယ်။ ပိုပင်ပန်းမယ်ဆိုရင် မလိုလားအပ်တဲ့ ၀န်ထုပ်ဝန်ပိုး မှန်သမျှကို စွန့်ပစ်ထားနိုင်ရမယ်။ အဲဒါကလည်း သတ္တိတစ်မျိုးပဲ။

ဦးနှောက်မှာ အကန့်ပေါင်းများစွာရှိနေတာ သူ့အကန့်နဲ့ သူ အသုံးပြုနိုင်ဘို့လေ။ သမီးတို့ကွန်ပျူတာမှာသာ Undo နှိပ်လို့ရတာလေ။ ဘ၀မှာ Undo မရှိဘူး။ ဖြစ်ခဲ့တာက ဖြစ်ခဲ့တာပဲ။ လုပ်ခဲ့တာက လုပ်ခဲ့တာပဲလေ။ လက်တွေ့ ဘ၀က လက်တွေ့ ဘ၀ပဲ သမီး။ လက်တွေ့ ဘ၀ကို လက်ခံပြီး ဖော့သင့်တာဖော့၊ လေးသင့်တာလေး၊ မေ့သင့်တာမေ့၊ အကန့်ထဲမှာ ခဏသိမ်းထားသင့်တာ သိမ်းထားပြီး ခရီးဆက်နိုင်အောင် ကြိုးစားပါသမီးရယ်။ ဒါဆိုရင် သမီးလေး ပိုမိုပေါ့ပါးသွားမယ်လို့ ဖေဖေထင်ပါတယ်။ ဖေဖေသမီးဖြစ်နေလို့ကို မညံ့နိုင်တာလို့ ဖေဖေ ကပြောရင် သမီး မေမေက ရီနေမှာပေါ့။ ဟုတ်လားသမီး။

ချစ်တဲ့ ဖေဖေ

Tuesday, September 4, 2007

ကျေးဇူးပြုပြီး အမေ့ကို ပြန်မပြောပါနဲ့

အမိမြေကနေ ခွဲခွါမှဖြစ်မယ်ဆိုတဲ့ အသိနဲ့ မတတ်သာလို့ ခွဲခွါခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ပုဂ္ဂလိက ခံစားချက်တွေပါ။ နိုင်ငံခြားကိုမှ လူပြည်လို့ထင်တဲ့ လူတချို့အတွက် ဟားစရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လူတစ်ကိုယ် စိတ်တစ်မျိုးစီပဲ မဟုတ်လား…။

ကျွန်တော်ရဲ့ ပင်ကိုစိတ်က အေးအေးချမ်းချမ်းနဲ့ စားနိုင်သောက်နိုင်ဖြစ်ရင်ရပြီ။ ဘာတိုက်ကြီးနဲ့မှ၊ ဘာကားကြီးနဲ့မှ ဆိုတဲ့ လောဘစိတ်တွေမရှိဘူး။ ဘ၀ကို အေးအေးလူလူနဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုကို ကိုယ်လိုချင်တဲ့ အချိန်မှာ ကြောင့်ကြမဲ့စွာ ၀ယ်နိုင်ရင် တော်ပြီ ဆိုတဲ့လူမျိုးပါ။

ကိုယ့်တိုင်းပြည်မှာက တစုံတယောက်ယောက်နဲ့ တည့်အောင်ပေါင်းနိုင်မှ စီးပွားဖြစ်တာဆိုတော့ ပညာနဲ့က လွဲရင် အဲဒီလို ကပ်ဖား စီးပွားရေးမျိုးလဲ မလုပ်တတ်တဲ့ ကျွန်တော့်အတွက် နိုင်ငံခြားထွက် အလုပ်လုပ်ပြီး မိသားစုပြန်ကြည့်ဘို့ကလွဲလို့၊ တခြားနည်းလမ်းကလည်း မရှိ။

ဒီလိုနဲ့ တိုးတက်တဲ့ ကျွန်းလေးတစ်ကျွန်းပေါ် ရောက်လာတယ် ဆိုပါတော့။ ပြီးတော့အလုပ်ရဘို့၊ အလုပ်ရတော့ နေထိုင်ခွင့်ရဘို့၊ ဒါတွေပြီးသွားတော့ လုပ်ငန်းခွင်မှာ အဆင်ပြေဘို့။ အဆင့်ဆင့်ဖြတ်သန်းပြီး နည်းနည်းလေး နေသားကျလာတော့ ပထမဆုံး တွေးမိတာက ငါဟာ လူနဲ့ မတူတော့ပါလားဆိုတဲ့ အတွေးပါဘဲ။


နိုင်ငံခြားမှာ အလုပ်လုပ်ရတာ တန်အောင်ခိုင်းတဲ့အပြင် ကိုယ့်စိတ်နဲ့ကိုယ်တောင် နားခွင့်မပေးရဲတဲ့ ဘ၀မျိုးတွေပါ။ စိတ်ကို လေးလံတဲ့အရာတစ်ခု အမြဲဖိစီးနေတဲ့အပြင် ညှစ်ပါညှစ်ခံထားရတာမျိုးပါ။ မနက် ၆ နာရီထ၊ မျက်စိမဖွင့်ဘဲ ရေချိုး၊ အ၀တ်အစားလဲပြီး Bus ကားတတန်၊ ရထားတတန်စီးပြီး ရုံးကိုရောက်၊ ရောက်တာနဲ့ ရုံးက ကွန်ပျူတာ Server တွေနေကောင်းရဲ့လား၊ ကျန်းကျန်းမာမာရှိရဲ့လား လို့ အရင်စစ်ရတယ်။ သူတို့နေမကောင်း၊ နှာစီး ချောင်းဆိုး ဖြစ်ပြီဆိုရင်တေှာ့တွတ်ပီကံမကောင်းတဲ့နေ့ပါဘဲ။ အဲဒါစစ်ပြီးသွားရင် ရေးစရာရှိတဲ့ Program တွေခေါင်းမဖော်တမ်း ရေးလိုက်ရတာ ၁၂း၃၀ အထိပါဘဲ။ ကျွန်တော့် Team မှာ ကျွန်တော်အပါအ၀င် လူ (၃) ယောက်ပဲရှိရတဲ့ အထဲ ကျန်နှစ်ယောက်က ကုလားနဲ့ ကုလားမပါ။ သူတို့ပြောနေတဲ့ဘာသာ စကားကလဲ ကျွန်တော် နားမလည်တော့ အလုပ်ထဲမှာ တစ်ယောက်တည်း ရေးစရာရှိရေးနေယုံပဲပေါ့။ ဒီလိုနဲ့ ထမင်းစားချိန် ၄၅ မိနစ်၊ ပြီးတာနဲ့ ထပ်ပြီးရေးရပြန်ရော။ Project တွေကလဲ တစ်ခုမပြီးသေးဘူး၊ နောက်အသစ်တစ်ခုက စောင့်နေပြီ။ အရေးထဲ Team Leader က ဘာမှမသိတဲ့ ကုလားဆိုတော့ Project Delivery Date တွေက Programmer တွေအတွက် မဖြစ်နိုင်တဲ့ ရက်အကန့်အသတ်နဲ့။ ဒီလိုနဲ့ တစ်နေကုန်ရေးပြီး ဦးနှောက်က ၇း၀၀ နာရီလောက်ဆို ဒေါင်းသွားပြီ။ အိမ်ကို Bus ကားနဲ့၊ ရထား စီးပြီး ပြန်ရောက်တဲ့ အချိန်က ၉း၀၀ နာရီ။ ညစာစားပြီး ကိုယ့်အခန်းထဲရောက်တဲ့အချိန်က ၁၀း၀၀ နာရီ။ Blog လေး၊ သတင်းလေးဖတ်လိုက်တော့ ၁၁း၀၀ နာရီ၊ နောက်နေ့ ၆ နာရီထဖို့ အိပ်မှဖြစ်တော့မယ်လို့ ဦးနှောက်က အသိပေးနေပြီ။ ဒါပေမယ့် စိတ်က မအိပ်ချင်သေးလို့ ဂီတာလေးကောက်ကိုင်လိုက်တော့ ၁၂း၀၀ နာရီ။ ကဲ... ဒါနဲ့ပဲ တနေ၀င် တနေထွက်... စက်ရုပ်လူသားဘ၀။ စနေ၊ တနင်္ဂနွေ ကျတော့ အ၀တ်လျှော်၊ အခန်းရှင်း၊ မီးပူထိုး၊ တစ်ပတ်စာဈေးဝယ် မြန်မာဟင်း လွမ်းတာလေးတွေ ချက်စား၊ စာအုပ်လေးဖတ်ရင်ဖတ်၊ အဲဒီနေ့တွေဆို အိမ်မှာပဲ အေးအေးဆေးဆေး နေချင်တော့တယ်။ တခါတလေ အလုပ်က Program ပြဿနာတွေဖြေရှင်းဘို့ စာအုပ်တွေ ရှာဖတ်၊ Internet မှာ download လုပ်။ ဘယ်မှာလဲ... အပေါင်းအသင်းအတွက်၊ မိတ်ဆွေသူငယ်ချင်းအတွက်အချိန်... သူငယ်ချင်းနေမကောင်းလဲ Ph နဲ့သတင်းမေး၊ လေဆိပ်ဆင်းရမယ့်ရက်ဆိုလဲ ခွင့်မရလို့ လိုက်မပို့နိုင်၊ လူမှူရေးတွေ ပျက်ကွက်လို့ သူငယ်ချင်းအားလုံးလဲ SMS လောက်နဲ့ နှုတ်ဆက်နေကြရ။ ကြာလာတော့ လူချင်းတွေ့ရင်တောင် SMS စကားတွေဖြစ်လို့။ ဟူး... တကယ်တော့ နိုင်ငံခြားဆိုတာ လူမှူရေးတွေကို တိုတိုတုတ်တုတ် ဖြစ်စေသတဲ့လား။

တစ်လကုန်လို့ရလာတဲ့ လစာကို အိမ်ပို့ဖို့အတွက်၊ အိမ်လခပေးဘို့အတွက် တစ်လလုံးစားဖို့သောက်ဖို့အတွက်၊ Ph ဖိုးနဲ့ အထွေထွေကုန်ကျစရိတ်အတွက်၊ လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ဘို့အတွက် ခွဲခြမ်းစိတ်ဖြာလိုက်တော့ ၁၀ ပုံ ၁ ပုံတောင်စုဖို့က အနိုင်နိုင်။ တခါတလေ အပေါင်းအသင်းကို ကူညီလိုက်လို့ လခမထုတ်ခင် ပိုက်ဆံပြတ်သွားရင် ဥပုသ်စောင့်ရတာကရှိသေး။ ကိုယ့်မြေမှာတုန်းကလို သူငယ်ချင်းရေ... ငါ့ကိုဘယ်လောက်လှည့်ကွာ လို့ပြောဘို့ အားလုံးကလဲ သူမသာ၊ ကိုယ်အသုဘ အဲ... အဲလိုလဲ ဟုတ်သေးပါဘူး ကိုယ်လိုသူလို အတူတူ ဘ၀...။ ဒါ...ဘ၀တဲ့လား။

ကိုယ့်တိုင်းပြည်မှာဆို မနက်မိုးလင်းရင် ပဲပြုတ်ပူပူနွေးနွေး မွှေးမွှေးလေးနဲ့ ထမင်းနဲ့ အမေက ကြော်ကျွေးတယ်။ ဒီမှာဆို ပဲပြုတ်တောင် အေးခဲမာတောင့်၊ အနံ့ကလဲမရှိတော့။ အေးခဲနေတာကို ပူအောင်ပြန်လုပ်စား၊ စားသောက်စရာ တော်တော်များများကို အေးခဲလိုက်၊ ပြန်ပူအောင်လုပ်ပြီးစားလိုက်၊ မြန်မာပြည်မှာလို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်မစားနိုင်တဲ့ဘ၀၊ ဒီက Food Court က ဟင်းတွေကလဲ ကြာကြာစားတော့နံလာပြီ။ အရသာတွေကလဲ အားလုံးတူနေသလိုပဲ။ ဒါနဲ့ပဲ မြန်မာအစားအစာလေးတွေ တတ်သလောက်၊ မှတ်သလောက် လျှောက်လုပ်စား၊ တခါတလေလဲ စားလို့ကောင်း၊ တခါတလေလဲ ဘာဟင်းကြီးမှန်း မသိတဲ့ ဟင်းမျိုးတွေဖြစ်လို့။ အိမ်ပြန်ချင်လိုက်တာအမေရယ်။

လူ့စိတ်ကလဲ မကောင်းတာများပြောပါတယ်။ မရနိုင်ဘူးဆိုမှ ဘိန်းမုန့်လေး၊ မုန့်လင်မယားလေး စားချင်တာက ရှိသေး... ရန်ကုန်မှာဆို ညဘက်လှည်းတန်းမှာ မုန့်အစုံပေါမှပေါ.. ဒီမှာတော့ ငှက်ပျောသီး သရက်သီးတောင် မချိုပါဘူး အမေရာ။
အလုပ်ကအိမ်ပြန်၊ အိမ်မှာအိပ်ပြီး အလုပ်ပြန်သွား၊ အိပ်၊ စား၊ အလုပ်လုပ်၊ ဒီ (၃) ခုပဲရှိတဲ့ တနေ့တာက ပျော်စရာကောင်းတဲ့ ဘ၀တဲ့ လား။ ကျွန်တော်အပျင်းမကြီးပါဘူး။ တနေကုန်လ္ဘက်ရည်ဆိုင်ထိုင်ပြီး ကောင်မလေးတွေအကြောင်း လျှောက်ပြောနေချင်တာမဟုတ်ပါဘူး။ အလုပ်လုပ်ချိန်လုပ်၊ စားချိန်စား၊ အိပ်ချိန်အိပ်၊ ဒါ့အပြင် ကိုယ်ဝါသနာပါတဲ့ ပန်းချီဆွဲချိန်၊ ဒါမှမဟုတ် ဂီတာတီးချိန်၊ ဒါမှမဟုတ် ရုပ်ရှင်ကြည့် အပန်းဖြေချိန်လေးတွေ စတဲ့ ကိုယ်စိတ်ပျော်ရာ ကို စိတ်လက်ပေါ့ပါးစွာ လုပ်ခွင့်ရှိခဲ့တဲ့ ကိုယ်နိုင်ငံမှာတုန်းက အချိန်လေးတွေကို လွမ်းတာပါ။ စိတ်ပန်းဖြေစရာမရှိ၊ အလုပ်ပြီးအလုပ်၊ စားပြီးရင်အိပ်၊ ဒီလိုနဲ့ အလုပ်ကဖိစီးတဲ့ဒဏ်၊ ပတ်ဝန်းကျင်က လူပါးဝတဲ့ လူတချို့ရဲ့ ဒဏ်၊ အထီးကျန်ပြီး အိမ်ကိုလွမ်းတဲ့ဒဏ် တွေနဲ့ ကဗျာရွတ်သံတွေတောင် တိုးတိတ်နေပါပြီ အမေရာ...။

့မြန်မာပြည်က လူတွေက တစ်ယောက်ယောက်များ နိုင်ငံခြားသွားတော့မယ်ဆိုရင် ပုဇွန်ခြောက်ဆိုလဲ ရွှေပုဇွန်ခြောက်လေး၊ လ္ဘက်ဆိုရင်လဲ အညွှန့်လေးတွေချည်းပဲ နှပ်ပေးရတာနဲ့၊ အရာရာကို အကောင်းလေးတွေချည်းပဲ ထည့်ပေးတတ်ကြတယ်။ ငါးပိဆိုရင်လည်း ရခိုင်ငပိလေး၊ ငါးခြောက်ဆိုရင်လည်း ငါးရံ့ခြောက်၊ ငါးပုတ်ခြောက် စသည်ဖြင့်ပေါ့။ ဒီကလူတွေကတော့ ရှိတာလေးကို ဝေပုံချပြီး တိုင်းထွာသုံးနေရတဲ့ ဘ၀မျိုးမှာ မြန်မာပြည်ပြန်လို့ လက်ဆောင်တွေပေးရတော့မယ်ဆိုရင် ဈေးသက်သာတဲ့ ဆိုင်ကိုရွေး၊ လျှော့ဈေးရှာဝယ်ရနဲ့ ဖတ်ဖတ်ကို မောလို့။ ဒါပေမယ့်လည်း ကိုယ်ဝမ်းနာ ကိုယ်သာသိ၊ ကိုယ့်ဒုက္ခနဲ့ ကိုယ်မဟုတ်လား။

စိတ်လက်ရွှင်လန်းပါစေတော့ရယ်လို့ အိမ်ရှေ့မှာ ပန်းအိုးလေးနဲ့ သစ်ပင်လေးတွေ စိုက်ထားပြန်တော့လည်း ဈေးကြီးတဲ့သစ်ပင်လေးဆို ခိုးသွားပါလေရော။ ဟိုနား ဒီနား အလွယ်တကူ သွားလို့ရအောင် စက်ဘီးလေးဝယ်ပြီး အိမ်ရှေ့ ၀ရန်တာ လက်တန်းမှာ သံကြိုးနဲ့ ချည်ထားပြန်တော့ ဖြုတ်လို့ရတဲ့ ဒေါက်နဲ့ ခြေနင်းလေးတွေ ဖြုတ်သွားပြန်ရော။ တွန်းလှည်းလေးနဲ့ အပြည့် ဈေးဝယ်ပြီး အပြန်လမ်းမှာ ဆိုင်လေးတစ်ခုထဲ ခဏ၀င်ပြီး ဖုန်းကတ်ဝယ်လိုက်တော့ ခြင်းတောင်းထဲက လိမ္မော်ရည် ပုလင်းက မရှိတော့ပြန်ဘူး။ ဖိနပ်အသစ်ကလေး ၀ယ်ပြီး အိမ်ရှေ့ ဖိနပ်စင်မှာ တင်ထားမိတော့ တစ်ညအတွင်း ဖိနပ်က မရှိတော့ဘူး။ ကဲ... ဘာများထူးလို့လဲ အမေရာ...။

ကိုယ့်နိုင်ငံမှာ လာနေတဲ့ နိုင်ငံခြားသားကတော့ လုပ်ငန်းရှင် စီးပွားရေးသမားတဲ့။ မျက်နှာငယ်ရတယ် လို့လည်း မကြားဖူးပါဘူး။ သူများနိုင်ငံမှာ ကိုယ်သွားနေရတော့ ပညာဖြင့် အသက်မွေးဝမ်းကျောင်းသော အလုပ်သမားတဲ့။ မျက်နှာငယ်တယ် ဆိုတာထက် သေချာတဲ့ နေထိုင်ခွင့် မရခင် Immigration သွားရတဲ့ ရက်တွေဆို ဒီကျွန်းပေါ်မှာ မျက်နှာထား အဆိုးဆုံး မလေးရှားမတွေနဲ့ ရင်ဆိုင်ရပြန်ရော။ ကိုယ့် ကံကြမ္မာက သူတို့ လက်ထဲမှာ။ ရယ်ပြ၊ ပြုံးပြလို့လည်း အပိုပဲ။ ကဲ... မခက်ဘူးလား အမေရာ...။

အမေကတော့ အဲယားကွန်းထဲမှာ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတဲ့ သားတော်မောင် ကွန်ပျူတာထဲမှာ ABCD တွေ ရေးနေယုံပဲ လို့ထင်နေရှာမှာပဲ။ ဟုတ်တယ် အမေရေ... အဲဒီ ABCD က error တစ်ခုခုများ တက်နေရင် စားလည်းဒါပဲ စဉ်းစား၊ ထမင်းက ဘာအရသာမှန်း မသိလိုက်။ အိပ်လည်း အိပ်မက်ထဲမှာ ABCD ရွတ်၊ နောက်ဆုံး စိတ်ပြေလက်ပြောက် ဂီတာတီးရင်တောင် လက်တွေကသာ ကြိုးပေါ်မှာ၊ သံစဉ်တွေကတော့ ABCD ပဲလေ။ ကဲ... ဖိစီးမှုတွေ ပေါ့ပါးသတဲ့လား အမေရာ...။

စာအုပ်ထဲမှာတော့ လူဆိုတာ ရောင့်ရဲနိုင်တဲ့ နေ့မှာမှ တကယ်ချမ်းသာသွားတာတဲ့။ ဒါပေမယ့် သားတွေအတွက် ဂုဏ်ယူနေတဲ့ အမေ့အပြုံးလေးတွေ၊ ဆွေမျိုးတွေအလယ်မှာ ပျော်ရွှင်ခြင်း အပြည့်နဲ့ တောက်ပနေတဲ့ အမေ မျက်လုံးလေးတွေ၊ အိုဇာတာကောင်းလိုက်တာလို့ ချီးမွမ်းခံနေရတဲ့ အမေ့ရဲ့ ကံဇာတာလေးတွေ၊ အရောင်မှိန်သွားမှာစိုးလို့ အခုချိန်ထိတော့ ရောင့်ရဲခြင်းဆိုတာနဲ့ ဝေးနေပါသေးတယ်။ တချို့အမှန်တရားတွေကို အမေသိသွားရင် စိတ်ဆင်းရဲနေရှာမှာမို့ ကျေးဇူးပြုပြီး ကျွန်တော်ပြောတာတွေ အမေ့ကို ပြန်မပြောကြပါနဲ့ဗျာ။ ။

Wednesday, August 15, 2007

See And Be Seen Remix 4


တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည်ရှေးဟောင်းမြို့နားက ရွာလေးတစ်ရွာမှာ တစ်ရွာလုံးက ချစ်ခင်လေးစားကြတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းဆရာလေးတစ်ယောက်ရှိသတဲ့။ သူကကျောင်းပိတ်ရင် ရွာမှာ ကလေးတွေကို စာသင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ရန်ကုန်မှာ ကျောင်းပြန်တက်ပေါ့။ အင်္ဂလိပ်စာတတ်ရင် ဘုရားဒကာထက် အထင်ကြီးလေးစားခံရတဲ့ အချိန်ကာလမျိုးမှာ ကလေးတွေကို အလကားစာသင်ပေးနေတော့ ရွာရဲ့ အသည်းနှလုံး ဆိုလဲ မမှားဘူးပေါ့လေ။ ဒီကျောင်းဆရာလေးရဲ့ အိမ်ကလဲ စီးပွားရေးတောင့်တင်းတယ်။ ရုပ်ရည်ကလဲ ဖြူဖြူသန့်သန့်ဆိုတော့ သမီးရှင်တို့ မျက်စိကျတဲ့ ယောင်္ကျားလေးမျိုးပေါ့။ သူတို့ အိမ်မှာ လေးတန်းအောင်ပြီး ကတည်းက ခေါ်ထားတဲ့ ဆွေမျိုးနီးစပ်ထဲက အသားမဲမဲ ရွက်ကြမ်းရေကြို ကောင်မလေးတစ်ယောက်လဲ ရှိတယ်။ အဲဒီကောင်မလေးကလဲ ဒီကျောင်းဆရာလေးကို ရင်ထဲက ကျိတ်ပြီး သဘောကျနေတာပါ။


ဒီလိုနဲ့ပဲ တစ်အိမ်ထဲအတူနေ ဒီကျောင်းဆရာလေးနဲ့ ကောင်မလေးနဲ့ ညိကြရော ဆိုပါတော့။ ဒီတော့ ကျောင်းဆရာလေးက လူကြီးတွေကို အသိမပေးပါနဲ့ဦး။ ကျောင်းပြီးတဲ့ အခါမှ လက်ထပ်ကြမယ်လို့ စီစဉ်သတဲ့။ ဒါကိုကောင်မလေးက ကျောင်းပြီးတဲ့ အထိစောင့်ရင်သူ့ကိုပစ်သွားမှာပဲဆိုပြီး ရှိသမျှ ကြီးတော်တွေ၊ ဒွေးလေးတွေ အကုန်ကြေငြာမောင်းခတ်လိုက်သတဲ့။ မယူရင်မရတော့ပါဘူး၊ ဘာညာပေါ့လေ။ ကျောင်းဆရာလေးရဲ့ မိဘတွေလဲ စိတ်ဆိုးကြ၊ ဒေါသတွေကြီးနဲ့ ဆွေမျိုးအုပ်စုတစ်ခုလုံး ပွက်လောရိုက်သွားတာပေါ့။ နောက်ဆုံးတော့လဲ ရှေးတောရွာသူတို့ရဲ့ စိတ်နဲ့ ရှုပ်ရှုပ်ထွေးထွေး စဉ်းစားမနေတော့ပဲ ပေးစားလိုက်ကြရော ဆိုပါတော့။ မင်္ဂလာဆောင်တဲ့ ညမှာပဲ သတို့သားလောင်းက တစ်ခါမှ မသောက်ဘူးတဲ့ အရက်တွေသောက်၊ ဘယ်ခွေးမှ လူမထင်ဘူးကွ ဆိုပြီး ပြန်လာသတဲ့။ ပြီးတော့ ငါ့ဘ၀ကို ဖျက်ဆီးတဲ့ မိန်းမ လာခဲ့ ဆိုပြီး ခြေသလုံးကျော်ကျော်ထိ ရှည်တဲ့ ကောင်မလေးရဲ့ ဆံပင်ကို တရွတ်ဆွဲပြီး ရွာကိုပတ်ပါလေရော။ အမြဲ ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ပြောလေ့ရှိတဲ့ လူက ပါးစပ်က မကြားဝံ့၊ မနာသာတွေ ဆဲဆိုလိုက်တာ တစ်ရွာလုံး ဘယ်သူမှလဲ မဆွဲရဲ၊ဲဆွဲ တဲ့လူကို သတ်မယ်ဆိုပြီး ဓါးနဲ့ကလဲ ကြိမ်းထားသေးတော့၊ နှိပ်စက်နေတာကို ဒီအတိုင်း ကြည့်နေလိုက်ရသတဲ့။

အဲဒီမင်္ဂလာဆောင်တဲ့ နေ့ကစပြီး ပြောင်းပြန်ကြီး ပြောင်းလဲသွားလိုက်တာ တစ်ရွာလုံးက အော်ကြောလန်တဲ့ အဆင့်ထိရောက်ပါလေရော။ နေ့တိုင်းနီးပါး ငါ့ဘ၀ကို ဖျက်ဆီးတဲ့ မိန်းမ၊ ငါအမုန်းဆုံး မိန်းမနဲ့ ရိုက်နေတာတဲ့။ ကြာလာတော့ ညနေမိုးချုပ်တာနဲ့ အဲဒီ မိန်းမလဲ တခြားအိမ်မှာ သွားပုန်းနေရတာပေါ့။ အိမ်မှာ ရှာလို့ မတွေ့ရင် ဓါးဆွဲပြီး လက်ခံထားတယ်လို့ ထင်တဲ့ အိမ်တွေမှာ ဓါးနဲ့ကြိမ်း၊ အိမ်ရှေ့ကသစ်ပင်တွေခုတ်နဲ့၊ ဆဲလိုက်တာလဲ မိုးမွှန်နေတော့ တခါတလေများ တခြားရွာအထိ သွားပုန်းနေရသတဲ့။ မကျေနပ်တာလေး တစ်ခုနဲ့ ဘ၀တစ်ခုလုံးနဲ့ ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်လိုက်တာ အရက်သမား လူရမ်းကားကား လုံးလုံးဖြစ်ရောပေါ့။ နေ့လည်ဘက်ဆိုရင်လဲ ဘယ်သူ့ကိုမှ စကားဟဟမပြောတော့ဘဲ ငူငူကြီးထိုင်နေသတဲ့။ ဒီလိုနဲ့ လင်ဆိုးမယား တဖားဖားဘ၀နဲ့ သမီးလေးတစ်ယောက်ရသတဲ့။ အဲဒီသမီးလေးကိုလဲ တစ်ခါမှ သေတဲ့အထိ သမီးလို့ မခေါ်ခဲ့ဘူးတဲ့။ ဟဲ့ကောင်မလေးလို့ ပဲခေါ်ပြီး တခါမှလဲ မချီဘူး။ ချော့မြူတာလဲ မရှိ၊ သူနဲ့ မဆိုင်သလိုပဲတဲ့။

ယောင်္ကျားတစ်ယောက်ရဲ့ အသုံးကျမှု၊ မကျမှုကို ပြောချင်တာမဟုတ်ပါဘူး။ ယောင်္ကျားတွေဟာ သူတို့လက်မထပ်ချင်သေးတဲ့အချိန်မှာ လက်ထပ်လိုက်ရတဲ့အခါ၊ လက်ထပ်ချင်တဲ့ အခါ လက်မထပ်ရတဲ့အခါ ဒါမျိုးတွေဖြစ်တတ်လား ကျွန်တော်မသိပါဘူး။ မိန်းမတစ်ယောက်ကို သူတို့ယူချင်တဲ့ အချိန် အဆင်သင့်ဖြစ်ရမယ် ဆိုတဲ့ အတ္တမျိုးရှိတတ်လား မတွေးတတ်ပါဘူး။ သူ့စိတ်ဓါတ်ကိုလဲ မဝေဖန်လိုပါဘူး။ အဓိက ကတော့ မိန်းမတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံကြမ္မာကို ပြောချင်တာပါ။ တစ်ရွာလုံးလေးစားကြည်ညိုတဲ့ ကျောင်းဆရာကို ယူလဲ အရက်သမား မယားဖြစ်သွားနိုင်သလို တစ်ရွာလုံး အော်ကြောလန်ကို ယူလဲ အံ့သြလောက်အောင် လိမ္မာသွားလို့ ဘုရားဒကာ၊ ကျောင်းဒကာဖြစ်သွားနိုင်တယ်လေ။ အားလုံးက ကြောက်စရာကောင်းပြီး မမြင်နိုင်တဲ့ ကံကြမ္မာတွေပေါ့။ တကယ်တော့ အိမ်ထောင်ရေးဆိုတာ အမြင့်ဆုံး တန်ဘိုးနဲ့ ထပ်ပြီးကံကြမ္မာနဲ့ လောင်းရတဲ့ စိန်ခေါ်ပွဲ တစ်ခုပါဘဲ။

ကောင်မလေးတစ်ယောက်လဲ ဒီလိုပဲ။ ၁၀ တန်းဖြေဘို့ နယ်ကနေ မြို့ကိုလာနေရင်းက ဆေးကျောင်းမှာ အလုပ်လုပ်တဲ့ ယောင်္ကျားတစ်ယောက်နဲ့ တွေ့ပါလေရော။ ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ လုပ်တယ်ဆိုတာပဲ သိပြီး တွဲနေလိုက်တာ လက်ထပ်ဖို့ အိမ်ကို ပြောတော့ ပွဲရုံ ပိုင်ရှင် မိဘတွေက သဘောမတူတာနဲ့ လိုက်ပြေးပါလေရော။ လက်ထပ်ပြီးမှ သေချာသိရတာက ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ အလောင်းတွေ ခွဲရ၊ ဖြတ်ရတဲ့ အလုပ်သမားပါ။ ဆေးကျောင်းကို လှူတဲ့ အလောင်းတွေကို ဖြတ်၊ ဆေးစိမ်သင့်တာစိမ်၊ လွှတ်ပစ်သင့်တာ လွှတ်ပစ်၊ တစ်ခါတလေ ဆေးကျောင်းသားတွေက စာကျက်ဘို့ အရိုးခြောက်တွေ ဘာတွေ လိုချင်ရင် သူ့ဆီမှာ ၀ယ်ရတာပေါ့။ နောက်ပြီး သေပြီးသားလူတွေ ကြာကြာအထားခံအောင် ဆေးထိုးတဲ့ အလုပ်လည်း လုပ်သေးတယ်။ တစ်ခါတလေများ အိမ်ပြန်မိုးချုပ်တဲ့ အခါ သူလမ်းထဲဝင်လာရင် တိုက်ဆိုင်တာလားမသိ၊ လမ်းပေါ်မှာ ရှိတဲ့ ခွေးတွေက ဆွဲဆွဲငင်ငင်အူလို့၊ လူကလည်း သွေးညီနံ့တွေနဲ့၊ အော်ဒါမှာထားတဲ့ ကျောင်းသာရှိရင် လူရိုးထုပ်ကြီးက ပါသေးတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ အပြစ်မဆိုပါဘူး။ ဒါပေမယ့် ဒီကောင်မလေးသာ ဒါတွေကို ကြိုသိခဲ့ရင် သူ့ကံကြမ္မာက တစ်မျိုးတစ်မည် ပြောင်းသွားနိုင်တယ်လို့ ဆိုချင်တာပါ။ အိမ်ထောင်ကျပြီးမှ ကိုယ့်မိဘထားနိုင်တာထက် များစွာ နိမ့်ကျတဲ့ ဘ၀ကို ရောက်တဲ့အပြင် မသာဆေးထိုးပြီး လူရိုးထွင်ရောင်းတဲ့ လူမှန်းသိရတဲ့အခါ ကိုယ်ချစ်မိသွားတဲ့ လူတစ်ယောက်အတွက်၊ ကိုယ်ကံကြမ္မာအတွက် ဘာလုပ်လို့ရတော့မှာလဲ။

ဒီထက်ဆိုးတဲ့ နောက်တစ်ယောက်လဲ ရှိသေးတယ်။ ချစ်သူ ကြိုက်သူ ၀ိုင်းဝိုင်းလည်နေတဲ့ ကြားက လက်ကလေးတောင်မကိုင်၊ ချစ်သူကို တန်ဘိုးထားပြီး သက်သတ်လွတ်စားနေတဲ့ လူတစ်ယောက်ကို သူတော်ကောင်းလေး ဆိုပြီး ရွေးချယ်လိုက်သတဲ့။ ဒီလူက အိမ်ထောင်ကျပြီးတော့လဲ တကယ် သက်သတ်လွတ်စားတာပါ။ ဆိုးတာက မိန်းကလေး လုပ်သူက မကောင်းတဲ့ မိန်းမကိုသာ သွားရှာပါတော့လို့ တောင်းတောင်းပန်ပန်ပြောယူရလောက်အောင် ကာမကိုလည်း စားတာပါ။ နောက်ဆုံးတော့ ဘယ်သူမှ မကယ်နိုင်တဲ့ အဆုံး ကောင်မလေးလည်း အိမ်ကထွက်ပြေးလိုက်တာ သေလား၊ရှင်လား သတင်းအစအနတောင် မရတော့ဘူးတဲ့လေ။

မိန်းမတစ်ယောက်အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကြေကွဲစွာ လက်ခံလိုက်ရတဲ့ ကံကြမ္မာတွေ၊ နာကျည်းခံပြင်းစွာ လက်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေ၊ ဆုပ်လည်းစူး စားလည်းရူးတဲ့ ဘ၀တွေ၊ ဆုပ်လည်းနွေး စားလည်းအေးတဲ့ ဘ၀တွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပြီး ဘ၀မှာ ပြီးပြည့်စုံသွားပြီလို့ ခံစားရမျိုးလည်း ဖြစ်နိုင်ပါတယ်။

ယောင်္ကျားတွေဘက်ကလည်းဒီလိုပါဘဲ။ အိမ်ထောင်ကျပြီးမှ ပိုတော်လာတဲ့ ယောင်္ကျားတွေရှိသလို၊ အရည်အသွေးကျသွားတာတွေလည်း ဒုနဲ့ဒေးပါဘဲ။ လူနှစ်ယောက်ပေါင်းပြီး ဘ၀တစခုကို တည်ဆောက်တဲ့အခါ ဘေးမှာ တစ်ချိန်လုံးရှိနေတဲ့ တစ်ဦးတည်းသော အဖော်ရဲ့ အားပေးမှု၊ ကူညီမှု၊ ပါရမီဖြည့်နိုင်မှု တွေက ဦးဆောင်နေတဲ့ ယောင်္ကျားအတွက် အရေးကြီးတဲ့ အင်အားပါပဲ။

အပေါင်းအသင်းမိတ်ဆွေတွေတောင် ကြာကြာပေါင်းရင် တဖြည်းဖြည်း သူ့စိတ် ကိုယ့်စိတ် ဓါတ်ကူးတတ်တယ်မဟုတ်လား။ ကိုယ့်ရဲ့ မသိစိတ်က တဖြည်းဖြည်း သူလုပ်သလို၊ သူပြောသလို လုပ်မိ၊ ပြောမိ နေတာမျိုးလေ။ လင်မယား ဆိုတာ အရင်းနှီးဆုံး တစိမ်းဆိုတော့ ယောင်္ကျားတစ်ယောက်ဆီက ဘ၀ကို ရင်ဆိုင်ရဲ၊ ဆုံးဖြတ်ချက်ကို ပီပီပြင်ပြင် ချရဲတဲ့ သတ္တိမျိုးတွေ မိန်းမဆီ ဓါတ်ကူးတာက တော်ပါသေးရဲ့။ မိန်းမဆန်လွန်းတဲ့ မိန်းမတွေမှာ ရှိတတ်တဲ့ မနာလိုဝန်တိုစိတ်တွေ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ အတင်းပြောတတ်တဲ့ စိတ်တွေ၊ ယောင်္ကျားဆီ ဓါတ်ကူးကုန်ရင်တော့ ပြီးပါလေရော။ အသွင်မတူတာတွေ ညှိရင်းညှိရင်းနဲ့ မကောင်းတာတွေပဲ ကျန်ခဲ့ရင် ဒုက္ခ။ အရမ်းအောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ နောက်မှာ သိပ်တော်တဲ့ မိန်းမတစ်ယောက်ရှိတယ်လို့ ဆိုထားတယ် မဟုတ်လား။

ကျွန်တော်အမြင်နဲ့ ပြောရရင်တော့ တချို့ယောင်္ကျားတွေက ကျွန်နဲ့တူသော မိန်းမကို ရတယ်။ ဆိုလိုတာက အိမ်မှုကိစ္စတွေလုပ်မယ်။ ကလေးမွေးမယ်။ ယောင်္ကျားကို ပြုစုမယ်။ ပေးသလောက်ပိုက်ဆံနဲ့ လောက်အောင်သုံးမယ်။ ယောင်္ကျားရဲ့ အလုပ်မှာ ရှိနိုင်တဲ့ စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေအတွက် သူမဖြေသိမ့်ပေးနိုင်ဘူး။ အကြံဥာဏ်မပေးနိုင်ဘူး။ သူသိတာက ယောင်္ကျားခိုင်းရင်လုပ်မယ်။ ပေးရင်ယူမယ်။ ကျွေးရင်စားမယ်။ ဒါပဲပေါ့။

တချို့ယောင်္ကျားတွေကျတော့ အလုပ်ရှင်နဲ့တူသော မိန်းမကိုရတယ်။ သူများကားစီး စီးချင်ပြီ။ သူများတိုက်ဆောက် ဆောက်ချင်ပြီ။ ယောင်္ကျားကို ရှာပါလား။ လုပ်ပါလား။ အလုပ်ရှင်က အလုပ်သမားကို ခိုင်းသလိုမျိုး အချိန်မဖြုန်းနဲ့၊ အပိုမသုံးနဲ့ ဆိုတဲ့ မိန်းမမျိုးတွေပေါ့။

တချို့ကျတော့ ဘုရင်မနဲ့ တူတဲ့ မိန်းမကို ရတယ်။ ရှာသမျှ ပိုက်ဆံအကုန်အပ်ရပြီး နေရာတကာ သူပြီးမှ ပြီးရတယ်။ ဘာပဲလုပ်ချင်လုပ်ချင် အသေးအဖွဲကအစ သူ့မျက်နှာအရိပ်အကဲ ကြည့်ပြီး အတည်ပြုချက်ယူရတယ်။ ချစ်မြတ်နိုးလွန်းလို့ အလိုလိုက်နေရတာမျိုး မဟုတ်တော့ဘဲ အနိုင်ကျင့်ခံနေရတဲ့ ဘ၀မျိုးပါ။ ဘ၀မှာ ပျော်ရွှင်သင့်သလောက် ပျော်ရွှင်ခွင့် မရတဲ့ ယောင်္ကျားမျိုးတွေပေါ့။

တချို့ကျတော့ မိတ်ဆွေနဲ့ တူသော မိန်းမကို ရတယ်။ ကိုယ့်ကို အစစ အရာရာ ကူညီပေးနိုင်သလို သူကိုယ်တိုင်မှာလည်း ကိုယ်နဲ့ သိပ်မကွာတဲ့ အရည်အချင်းတွေရှိတယ်။ ကိုယ့်ကို လက်တွဲခေါ်ယူနိုင်ပြီး ဟာသဥာဏ်လည်းရှိတယ်။ ဘ၀ကို စိတ်လက်ပေါ့ပါးစွာ လျှောက်လမ်းခွင့်ကိုပေးတဲ့ မိန်းမမျိုးပေါ့။

တချို့ကျတော့ ချစ်တီးနဲ့ တူသောမိန်းမကိုရတယ်။ ပိုက်ဆံကို အရမ်းမက်မော၊ သူလည်းရှာ၊ ယောင်္ကျားကိုလည်း ရှာခိုင်း၊ ပြီးရင် သူတို့ရဲ့ လက်သုံးစကားက ပိုက်ဆံသာရမယ်ဆို ယောင်္ကျားတောင် ပေါင်လိုက်ချင်သတဲ့လေ။

တချို့ကျတော့ မိခင်နဲ့တူသော မိန်းမကိုရတယ်။ နွေးထွေးတဲ့ မေတ္တာနဲ့ ကိုယ့်ကို နားလည်ပေးနိုင်သလို အခက်အခဲ တစ်စုံတစ်ရာ ဖြစ်လာရင်လည်း မိခင်တစ်ယောက်က သားအပေါ်မှာထားတဲ့ မေတ္တာမျိုးနဲ့ ရင်ဆိုင်ရပ်တည်ပေးနိုင်တယ်။ လဲကျတဲ့အခါ ညင်သာစွာ ထူပေးနိုင်သလို အောင်မြင်တဲ့အချိန်မှာလည်း သူများအလဲမထိုးနိုင်အောင် ဂရုစိုက် တည့်မတ်ပေးတယ်။ အရာရာကို ထပ်တူနီးပါး ခံစားနားလည်ပေးနိုင်တဲ့ နှလုံးသားကို ပိုင်ဆိုင်တယ်။ ဖြတ်ထိုးဥာဏ်ကောင်းပြီး ပြဿနာတော်တော်များများကို သိမ်မွေ့စွာဖြေရှင်းနိုင်တယ်။ ယောင်္ကျားကိုယ်တိုင်ကလည်း မိန်းမဖြစ်သူကို လေးစားချစ်ခင်စွာမြတ်နိုးတယ်ဆိုရင်တော့ ဘုရားသခင်ပေးတဲ့ ဆုလာဒ်ကိုရတဲ့ ယောင်္ကျားမျိုးပေါ့ဗျာ။

ကိုယ့်ရွေးချယ်မှုတစ်ခုက ကိုယ့်ဘ၀တစ်ခုလုံးကို မသိမသာ ဖြေးဖြေးချင်း ပြောင်းလဲသွားနိုင်တဲ့အရာ၊ ဘာတွေဘယ်လိုပြောင်းလဲမယ်ဆိုတာ တိတိကျကျဘယ်သူမှ မသိနိုင်တဲ့အရာ၊ အကောင်းဆုံးဆိုတာကို ကိုယ်သတ်မှတ်တဲ့ စံနဲ့ လွပ်လပ်စွာရွေးချယ်ခွင့်လဲ ပေးထားတဲ့ အရာ၊ အချစ်ဆိုတာကို ဓါးစာခံလုပ်ပြီး ရဲရဲကြီးစွန့်စားကြည့်ကြတဲ့ အရာ၊ ပြီးသွားတဲ့ အခါ တိတ်ဆိတ်စွာ လူမသိ၊ သူမသိ တိတ်တိတ်လေး ကြေကွဲရတဲ့ အရာ၊ ဒါမှမဟုတ် ပွင့်လင်းစွာ ပျော်ရွှင်ခွင့်ရတဲ့အရာ၊ ဒါမှမဟုတ် မချိသွားဖြဲ ဖြစ်ကြရတဲ့ အရာ၊ ထိုထိုသော အရာများ ပေါင်းဆုံရာ လူ့ဘ၀ရဲ့ တစ်ခုတည်းသော အရသာကတော့ အိမ်ထောင်ရေးပါဘဲ။

အောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်တဲ့ အစ်ကိုကြီးတစ်ယောက်ကို လျှို့ဝှက်ချက်မေးကြည့်တာကတော့ ယောင်္ကျားလေးရော မိန်းကလေးရော နှစ်ယောက်စလုံးက “ဘာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်ကြီး (ကျေကျေနပ်နပ်ကြီးနော်) သည်းခံခွင့်လွှတ်နားလည်ကြမယ်ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်နိုင်ပြီဆိုမှ အိမ်ထောင်ပြုပါ” တဲ့။ ဒီနေ့အထိ ကျွန်တော် ကြားဖူးသမျှထဲမှာတော့ သူ့အဖြေက အကောင်းဆုံးပါဘဲ။ ။

Thursday, August 9, 2007

See And Be Seen Remix 3


တစ်ခါတုန်းကပေါ့။ ဟိုးအထက်မြန်မာပြည် ချင်းတွင်းမြစ်ဘေးက ဆိပ်ကမ်းမြို့ကလေးကိုအရူးမတစ်ယောက်ရောက်လာသတဲ့။ သင်္ဘောပေါ်ကဆင်းလာကတည်းက တွေ့သမျှလူတိုင်းကို ဘုရားဘယ်နားမှာ ရှိသလဲလို့မေးသတဲ့။ သူရောက်သွားတဲ့ မြို့လေးက လမ်းလျှောက်ပြီး မြို့ကိုပတ်ရင် နာရီဝက်လောက်ဆို တမြို့လုံးနှံ့ပြီ။ ဒီလိုမြို့လေးမှာ စေတီကလဲ သုံးဆူလောက်ပဲ ရှိတာပေါ့။ အဲဒီအရူးမကြီး အဲဒီဘုရားတွေမှာ တစ်နေကုန်လျှောက်သွားပြီး တံမြက်စည်းလှည်းသတဲ့။ ဘုရားပန်းအိုးတွေလဲသတဲ့။ ဘုရားပန်းအိုးလဲတယ်ဆိုတာကလဲ သူ့မျက်စိထဲမှာ ပန်းညှိုးနေတာတွေ့ရင် တွေ့ရာ သစ်ရွက်ကိုင်းတွေ၊ ပန်းအရိုင်းတွေကို လက်လှမ်းမှီရာ လိုက်ချိုးပြီးလဲတာပါ။ ဗိုက်ဆာလာရင် မြို့ထဲမှာ လိုက်တောင်းပြီး စားပေါ့။ အိပ်ရင်လဲ ဘုရားစောင်းတန်းမှာ အိပ်တာပေါ့။ ဘုရားမှာ သစ်ရွက်မှိုက်လေးတစ်ရွက်ကျလဲ သူကောက်မယ်။ တံမြက်စည်းကတော့ တစ်နေ့ကို အခေါက်ခေါက်၊ အခါခါ လှဲလွန်းလို့ မရေတွက်နိုင်ဘူးပေါ့။ ကြာလာတော့ မြို့ကလူတွေကလဲ သူ့ကိုခင်လာကြတယ်။ တစ်ချို့အိမ်တွေက သူဘယ်အချိန်သွားသွား ထမင်းကျွေးသတဲ့။ ဒါပေမယ့် ဒီအရူးမကြီး တစ်ခုဆိုးတာက လုံးဝရေ မချိုးတာပါပဲ။


ရေကို ခါးခါးသီးသီးမုန်းတာပါ။ အဲဒီတော့ သူ့တစ်ကိုယ်လုံးက နံစော်ညစ်ပတ်နေတာပေါ့။ သူ့ကိုယ်က ထွက်နေတဲ့ အနံကို မှီအောင် ဘာအနံနဲ့မှ နှိုင်းယှဉ်ပြီး ပြောလို့မရတဲ့ အတွက်သူ့နာမည်အတိုင်း ဒေါ်သိန်းမေအနံ့လို့ မြို့ကလူတွေက သတ်မှတ်ထားကြသတဲ့။ အဲဒီမြို့မှာရှိတဲ့ ကျောင်းဆရာမကြီး တစ်ယောက်ကတော့ သူ့ကို အမြဲဟင်းကောင်းကောင်းနဲ့ ကျွေးတော့သူက ခင်နေသတဲ့။ တစ်လတစ်ခါလောက်ကို ချော့ပြီး ကြက်သားဟင်းနဲ့ ကျွေးမယ်။ ရေချိုးလို့ပြောရတယ်တဲ့။ နို့မို့ဆို တစ်အိမ်သားလုံး သူလာတာနဲ့ အိမ်ပေါ်တက်ပြေးကြရတယ်တဲ့။ သူ့ကို ရေချိုးပေးတဲ့အခါ ၀ူးဝူးဝါးဝါးတွေ တအားအော်လွန်း၊ရုန်းလွန်းလို့ လူ ၃ ယောက်လောက်နဲ့ ၀ိုင်းချုပ်ပြီး ချိုးပေးရတယ်တဲ့။ ပြီးရင် အဲဒီကျောင်းဆရာမကြီးက သူ့အ၀တ်အစားတွေ ၀တ်ပေးလိုက်တာပေါ့။ ဒါပေမယ့်လည်း သူ့အနံ့က ဆိုးမြဲဆိုးနေတာပဲတဲ့လေ။

အရူးမဆိုပေမယ့် ဘယ်သူ့ကိုမှလည်း ဒုက္ခမပေး၊ လမ်းပေါ်မှာ ခွေးတရုန်းရုန်း၊ ကလေးတစီစီနဲ့ လျှောက်သွားနေတာမျိုးလည်းမဟုတ်၊ ဘုရားစောင်းတန်းမှာနေ၊ ဘုရားဝေယာဝစ္စ တွေပဲလုပ်နေတဲ့ အပြင် ရုပ်ရည်ကလဲ လူရည်သန့်ဆိုတော့ သူ့ရဲ့နောက်ကြောင်းကို စပ်စုကြည့်ကြတာပေါ့။ တကယ်တော့ သူက တခြားမြို့တစ်ခုက မင်းကတော်တစ်ယောက်ပါ။ သိပ်ကိုမောက်မာပြီး နေရာတကာ ခွဲခြားဆက်ဆံတတ်တဲ့၊ လူတွေကို မတူဘူး မတန်ဘူးထင်တဲ့ မိန်းမမျိုးပေါ့။ နေရာတကာရွံ့တတ်ပြီး သူသောက်တဲ့ ရေခွက်နှင့် ဘယ်သူမှ မသောက်ရ။ အတန်းအစားအလွန်ခွဲတတ်သတဲ့။ ဘ၀မှာ အသက်ရှင်တုန်း ရွှေထီးဆောင်းခွင့်ရတဲ့ လူတန်းစားပေါ့။ ဒီနောက်မှာ လောကဓံ မုန်တိုင်းကြမ်းကြမ်းတစ်ခုကြောင့် ရူးသွပ်သွားရတယ်ဆိုပါတော့လေ။ မရူးခင်က မွှေးကြိုင်ပြီး အမြဲလှပနေတဲ့ ဘ၀၊ ရူးသွားပြီးတော့ အနံ့ဆိုးလွန်းလို့ ဘယ်သူမှ အနားမကပ်နိုင်တဲ့ ဘ၀မျိုးပေါ့။

ဒီလိုနဲ့ပဲ တချိန်လုံး ဘုရားစောင်းတန်းတွေ တံမြက်စည်လှည်းရင်၊ ဘုရားပန်းလဲရင်း ဘုရားပေါ်မှာပဲ သေရှာပါလေရော။ ဒီတော့လဲ အုတ်ဂူမပါ၊ နာမည်ရေးထားတဲ့ သစ်သားတိုင်လဲ မရှိ။ သုသာန်အစွန်မှာ ဒီလိုပဲမြုပ်လိုက်တာပေါ့။

ဒီလိုနဲ့ ၃၊၄ လလောက်ကြာတော့ မြို့ကလဲ သူ့ကို မေ့သွားကြပါပြီ။ ဘုရားစေတီနဲ့ ဘုရားစောင်းတန်းတွေကတော့ ၂၄ နာရီ ထိုင်စောင့်ပြီး တံမြက်စည်းလှည်းမယ့်သူ မရှိတော့တဲ့ အတွက် အရင်ကလောက် သန့်ရှင်းမနေဘူးပေါ့။

တစ်နေ့မှာတော့ နွားကျောင်းသားလေးနှစ်ယောက်က သုသာန်အလွန်မှာ နွားကျောင်းရင်းနဲ့ လက်ကြီးတစ်ဖက်မြေပေါ်ထွက်နေတာတွေ့ပြီး ဖော်ကြည့်ကြပါလေရောတဲ့။ ပြီးတော့ အလောင်းကိုထုတ်၊ သစ်ပင်မှာ တွဲလောင်းကြီးချည်ပြီး ပါးစပ်မှာလဲ ဆေးလိပ်တိုကြီးတပ်ပေးခဲ့သတဲ့။ ဘာပြောကောင်းမလဲ။ တစ်မြို့လုံး အုံးအုံးကျက်ကျက်ဖြစ်လိုက်ကြတာ။ ဒေါ်သိန်းမေကြီး မပုပ်ဘူးပေါ့။ အကောင်းအတိုင်းကြီးပဲဆိုပြီး လာကြည့်လိုက်ကြတာ မြို့ကလူကြီးသေတုန်းကထက်တောင် စည်ကားသေးဆိုပဲ။

ရဟန္တာတွေနဲ့ သူတော်စင်တွေသာ ပျံလွန်တော်မူပြီးနောက်မှာ ခန္ဓာကိုယ်က မပုပ်မသိုးပဲ ကျန်နေတယ်လို့ နားလည်ထားကြတဲ့ လူတွေခမျာ အရူးမတစ်ယောက်သေပြီး မပုပ်တဲ့ ကိစ္စက ပဟေဠိကြီးဖြစ်နေတော့တာပေါ့။ တချို့ကလဲ ဘုရားတွေကို အမြဲတန်း သန့်ရှင်းအောင်ထားတဲ့ အကျိုးပေါ့။ အချို့ကလဲ သူ့စိတ်က တခြား စားရေးသောက်ရေး လူမှူရေး အကုသိုလ်တွေမသိတော့ဘဲ ဘုရားတစ်ဆူပြီးတစ်ဆူ လှည့်ပြီး သန့်ရှင်းရေးလုပ်ဘို့ဘဲ သိတော့တဲ့ အတွက် စိတ်ကြည်လင်လို့ ဒီလိုဖြစ်တာပေါ့။ ဘာပဲပြောပြော သူ့ရဲ့ ဒုတိယ အကြိမ်မြောက် မသာချပွဲကတော့ စည်လိုက်တာ ပြောမနေနဲ့။ တစ်မြို့လုံးနီးပါး လာကြသတဲ့။

ဒေါ်သိန်းမေကြီးရဲ့ ကံကြမ္မာအလှည့်အပြောင်းက ကြောက်စရာကောင်းလိုက်တာ။ လူတိုင်းမော်ကြည့်ရတဲ့ မင်းကတော်ဘ၀၊ ဘယ်သူမှ အနားမကပ်နိုင်တဲ့ အရူးမဘ၀၊ သေပြီးသွားပြန်တော့ သူတော်ကောင်းမကြီးဆိုပြီး လူတိုင်းလာကြည့်ကြတဲ့ ဘ၀၊ ကံဇာတ်ဆရာက ချော့လိုက်၊ ရက်စက်လိုက်၊ အပေါ်ဆုံးတင်ပေးလိုက်၊ အောက်ဆုံးပြန်ရိုက်ချလိုက်။ ဘာပဲဖြစ်ဖြစ် ဇာတ်ဆရာက ခိုင်းတဲ့ ဇာတ်ကွက်တိုင်းကို တည်တည်ငြိမ်ငြိမ် ကပြနိုင်ဘို့ စွမ်းအားတစ်မျိုးရှိအောင် ကြိုးစားကြရတာကပဲ ဘ၀ထင်ပါရဲ့။

ကျွန်တော်တို့ ဘ၀တွေလဲ အလှည့်အပြောင်းတွေများလိုက်တာ။ ဆိုက်ကားစီးကျောင်းတက်ခဲ့ရတဲ့ဘ၀၊ ဘတ်စ်ကားတိုးပြီး ရုံးသွားခဲ့ရတဲ့ဘ၀၊ အခုကျွန်းလေးတစ်ကျွန်းပေါ်မှာ နေပြီး ရထားစီးရတဲ့ ဘ၀။ ပြီးရင် ဘယ်လိုအကွေ့အပြောင်းတွေလာဦးမလဲဆိုတာ ဘယ်သူက ကြိုသိနိုင်မလဲ။

ကျွန်တော်ချစ်တဲ့လူတွေ၊ ကျွန်တော့်ကို ချစ်တဲ့ လူတွေကရော ဘယ်လိုဘ၀မျိုးတွေ၊ ကံကြမ္မာ အဆိုးအကောင်းတွေနဲ့ ရင်ဆိုင်ကြရမလဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတစ်နေ့ကျရင် လူတိုင်းအပေါ်မှာ လိပ်ပြာသန့်တဲ့၊ နောင်တကင်းတဲ့ စိတ်အခြေအနေမျိုးနဲ့ သေဆုံးသွားရရင် အကောင်းဆုံးပါပဲ။ ကျွန်တော့်ဆရာတစ်ယောက်က ပြောဘူးတယ်။ “ဘာဖြစ်မယ်၊ ဘယ်နေ့သေမယ်ဆိုတာ သေချာမသိနိုင်တဲ့ ဘ၀မှာ လူတိုင်းကို နောက် ၃ ရက်နေရင်သေတော့မယ့် လူတွေလို သဘောထားပြီး ဆက်ဆံကြည့်စမ်းပါ” တဲ့။ သူပြောပြီးကတည်းက ကျွန်တော်လည်း ကြိုးစားပါတယ်။ ဒါပေမယ့်လည်း အထုံ ပါရမီ တော်တော်နည်းပါးခဲ့တဲ့ ကျွန်တော်၊ အခုချိန်ထိတော့ မအောင်မြင်သေးပါဘူးဗျာ။ ။

Monday, August 6, 2007

See And Be Seen Remix 2


တခါတုန်းကပေါ့။ မြန်မာပြည်ရဲ့ ဒုတိယမြို့တော်ကြီးမှာ အလွန်ချမ်းသာတဲ့ ဆရာဝန်ကြီး လင်မယားရှိသတဲ့။ သူတို့မှာ သားလေးနှစ်ယောက်လည်း ရှိတယ်။ ချမ်းသာတာနဲ့ အမျှ ကပ်စီးနဲလိုက်တာလဲ လွန်ပါရောတဲ့။ မိသားစု လေးယောက်စားဘို့ တစ်ထွာကျော်ကျော်လောက်ရှိတဲ့ ငါးကိုကြော်ပြီး မနက်စာကို အပေါ်ယံတစ်ပိုင်းစားသတဲ့။ ညနေကျတော့ ငါးကို ပြောင်းပြန်လှန်ပြီး နောက်တစ်ပိုင်းကို စားကြသတဲ့။ ဟင်းချက်ဘို့ဆားကို အထုပ်လိုက်ဝယ်ရင် ဈေးကြီးလို့ ဆားခဲကြီးလိုက်ဝယ်ပြီး အိမ်ဖော်ကောင်မလေးခမျာ အားတဲ့ အချိန်တိုင်း အမှုန့်ဖြစ်အောင် ထောင်းရရှာသတဲ့။ မိသားစု ၄ ယောက်နဲ့ အိမ်ဖော်လေး ၁ ယောက်၊ စုစုပေါင်း လူ ၅ ယောက်ပဲရှိတဲ့ အိမ်မှာ အိမ်ဖော်အတွက် ဆန်ကွဲသာသာဆန်ကို တစ်အိုးခွဲပြီး ချက်ရသတဲ့။ အိမ်ဖော်လေးဟာ ဟိုအရင်ခေတ် တောင်ပေါ်ဒေသတစ်ခုက ခေါ်လာတာဆိုတော့ ထမင်းနပ်မှန်အောင်စားရတာကိုပဲ ကျေးဇူးတင်နေတာမျိုးမို့ပေါ့။ အခုခေတ် အိမ်ဖေါ်သာဆိုရင် ထတောင်ရိုက်မလားဘဲ။ ထားပါတော့လေ။ ဒါနဲ့ပဲ တိုက်တွေ၊ ကားတွေ၊ ငွေကြေးတွေ အများကြီးပိုင်ပြီး ငတ်မွတ်နေတဲ့ မိသားစု ဆိုပါတော့။ ကလေးတွေကလဲ ကျောင်းမှာ ဘုရားစူး ဆရာဝန်ကြီးသား ဆိုတဲ့ ဘ၀နဲ့ ကြီးပြင်းလာရရှာတယ်။ မိဘဆိုတာကို သားသမီးက ရွေးချယ်ပိုင်ခွင့် မရှိ။ သားသမီးကို မိဘက ရွေးချယ်ပိုင်ခွင့် မရှိတဲ့ လူ့ဘ၀ကြီးမှာ မှားယွင်းစွာ လူဖြစ်လာရရှာတာပေါ့။


ဆရာဝန်မကြီးရဲ့ အမေက ဘုန်းကြီးကျောင်းမှာ နောက်ထပ်သမီး တစ်ယောက်နဲ့ ကိုယ်ပိုင် ဇရပ်လေးဆောက်ပြီး နေသတဲ့။ အသက် ၉၀ ကျော်မှာ အမေဆုံးခါနီးတော့ ဇရပ်မှာ သေရင် ရှက်စရာကောင်းလှချည်ရဲ့ ဆိုပြီး သူ့အိမ်ကို ခေါ်သွားမယ်လို့ ဆွေမျိုးတွေနဲ့ အတိုက်အခံ လုပ်သတဲ့။ ဆရာတော်ကြီးကိုယ်တိုင်က ကျုပ်မယ်တော်ကြီးကို ကျုပ်တရားဟောနေရင်း ဆုံးသွားပါစေလို့ ပြောပြီး တားတာတောင် မရဘူးတဲ့။ ပြီးတော့ တိုက်ကြီး ၃ လုံးနဲ့ ဂိုထောင် သာသာ ပျဉ်ထောင်အိမ်လေး တစ်လုံးရှိတဲ့ သူ့အိမ်ဝင်းကြီးထဲမှာ အမေအို ဆုံးခါနီးကြီးကို အဲဒီပျဉ်ထောင်အိမ် အောက်ထပ်မှာ ထားသတဲ့။ မျက်စိမှုန်နေတဲ့ အဘွားကြီးတစ်ယောက်က သူနာပြုပေါ့လေ။ မနက်မိုးလင်းတော့ အမေကြီးလဲ ဆုံးတာပါပဲ။ တရားနာရင်း ဘ၀ပြောင်းချင်တဲ့ အမေကို ဇွတ်အတင်းခေါ်သွားတော့ သေတာပဲ အေးတယ်ဆိုပြီး စိတ်လျော့လိုက်တယ်တူပါရဲ့။ တစ်ခုဆိုးတာက အမေကြီးတစ်ကိုယ်လုံးကို နီရဲနေအောင် တစ်ညလုံး ပုရွက်ဆိတ်တွေ ကိုက်ထားလိုက်တာ ဘယ်သူမှ မသိတာပါပဲ။ မသေခင် တော်တော် ဆိုးတဲ့ ဝေဒနာ ခံစားပြီးမှ ဆုံးသွားရရှာသတဲ့။ နောက်တော့ အလောင်းကို တိုက်ကြီးထဲ ရွေ့သတဲ့။ သေပြီးမှပဲ တိုက်ပေါ် ရောက်ရတော့တာပေါ့။ ဆရာဝန် အသိုင်းအ၀ိုင်းက ဧည့်သည်တွေ လာတော့မယ်လေ။ အကုသိုလ်ကို နောက်ထပ် ဘ၀ ဘယ်နှစ်ခုစာ ယူနေမှန်းတောင် မသိတော့ပါဘူး။

ဒီလိုနဲ့ပဲ သားအကြီး မင်္ဂလာဆောင်တဲ့ အခါ ကျွေးတဲ့ မုန့်တွေ မလောက်လို့ မနေနိုင်တဲ့ အစ်ကို ၀မ်းကွဲတွေက ပျာယီးပျာယာ သွားဝယ်ပေးရ၊ သားအငယ်ကတော့ မင်္ဂလာဆောင်ရမှာ ကြောက်ပြီး ခိုးပြေးလေသတဲ့။ သူတို့ လင်မယားနှစ်ယောက်လဲ တိုက်ကြီး တစ်ယောက်တစ်လုံးနဲ့ အိမ်ရှေ့ အိမ်နောက်နေကြပြီး သူ့ငွေ၊ ကိုယ့်ငွေ လုရင်း မခေါ်မပြောကြဘူးတဲ့။

သားတွေက စီးပွားရေး လုပ်ဘို့ ပိုက်ဆံတောင်းတဲ့ အခါ ၅ ကျပ်တိုးနဲ့ ချေးသတဲ့။ ကိုယ့်သားသမီးကိုယ်တောင် အတိုးယူတယ်ဆိုတော့ ပြီးပါလေရော။ တကယ်လို့ လဆန်းတဲ့ အထိ အတိုးလာမပေးသေးရင် ဖုန်းတဂွမ်ဂွမ်ဆက်နေသတဲ့။ သူ့သားတွေက ဘာပြောသလဲဆိုတော့ သူတို့ရဲ့ နှလုံးသားထဲက သွေးတွေက အမေကတစ်ခြမ်း၊ အဖေက တစ်ခြမ်း စီးဆင်းနေရင်တောင် အဲဒီ နှလုံးတစ်ခုလုံး ဖောက်ထုတ်ပစ်ချင်တယ်တဲ့။ ဘ၀တစ်လျှောက်လုံးလဲ ကျိန်စာသင့်နေသလို ခံစားရတယ်တဲ့။ မိဘမေတ္တာဆိုတာ ဘာမှန်းမသိ၊ အမွေခွဲဘို့ သေမယ့်နေ့ကို ထိုင်စောင့်နေကြသတဲ့။

ငွေကြေး ပစ္စည်းဥစ္စာ ဆိုတာ ဘာအတွက်လဲ။ မိသားစုဆိုတာရဲ့ အနှစ်သာရတစ်ခုလုံးနဲ့ လဲလှယ်ရလောက်အောင် တန်ဘိုးကြီးရဲ့လား။ ကိုယ့်ဝမ်းကိုယ်လဲ မစားရက်၊ သားသမီးကိုလဲ မကျွေး၊ ရှိသမျှ အကုန်စုပြီး လှူလည်းမလှူ၊ တစ်ဆွေမျိုးလုံး အောချရတဲ့ လူမျိုးပေါ့။ ဆွေမျိုးအိမ်တွေကို အလည်လာတဲ့ အခါ သူ့အိမ်ကနေ ဆွေမျိုးအိမ်အထိ ဓါတ်ဆီကို တိုင်းပြီးထည့် လာသတဲ့။ ဆွေမျိုးအိမ်က ပြန်မယ်ဆိုတော့ ကားက ဓါတ်ဆီပြတ်ပြီး နှိုးလို့မရတော့ မြန်မြန်ပြန်စေချင်တဲ့ ဆွေမျိုးကပဲ ထည့်ပေးလိုက်ရတာပေါ့။ ကိုးကွယ်မှု မှားယွင်းကြတဲ့ ဘ၀တွေလို့ ဆိုရမှာပေါ့လေ။ မြတ်စွာဘုရား တရားတော်နှင့် ကြည့်ရင်တော့ လွန်ခဲ့တဲ့ ဘ၀တုန်းက အလှူလုပ်ခဲ့တိုင်း စိတ်မထားတတ်ခဲ့လို့ပဲလို့ ဆိုရမလိုပါပဲ။ ငွေကြေးဥစ္စာ အများကြီးကို လုံးဝ မသုံးရက်၊ မစွဲရက် နောက်ဆုံးသေတော့လဲ သူများအတွက် ဖြစ်မှာပဲ မဟုတ်လား။

ငွေဟာ မရှိမဖြစ် လိုအပ်တာ မှန်ပေမယ့်၊ ငွေရှုံးလို့ ဘ၀မဆုံးနိုင်သလို ငွေလျှံတိုင်းလဲ ဘ၀ ကို အနိုင်နဲ့ မပိုင်းနိုင်ကြပါဘူး။ အသက်အရွယ် အပိုင်းအခြားကို လိုက်ပြီး ကိုယ်လိုချင်တဲ့ ဘ၀ကို တည်ဆောက်နိုင်ဘို့ ဘ၀ အထောက်အကူ ပစ္စည်းတစ်ခုအဖြစ်ပဲ လိုအပ်တာပါ။ ဒါပေမယ့် ငွေကြေးအတွက် မိဘနဲ့ သားသမီးတွေ မုန်းတီးကြ၊ ချစ်သူတွေ လမ်းခွဲကြ၊ ညီအစ်ကို မောင်နှမတွေ အမွေလုကြ၊ မိတ်ဆွေ သူငယ်ချင်းတွေ အခင်အမင်ပျက်ကြ၊ ဒါတွေတော့ မဖြစ်သင့်ပါဘူးလေ။

လူတွေက ဘာသာရေးက ပြဌာန်းထားတဲ့ ဘုရားသခင်ပြီးရင် ဒုတိယ ကိုးကွယ်တဲ့ အရာပေါ်မှာ မူတည်ပြီး စိတ်နေသဘောထားတွေ အများကြီး ကွဲပြားသွားကြတယ်။ ဘ၀တွေ အများကြီး ပြောင်းလဲကြတယ်။ တကယ်တော့ ဒုတိယ ဘုရားသခင်ဆိုတာ ကိုယ် ရဲ့ Soul ပါဘဲ။ ကိုယ့်ရဲ့ နှလုံးသားထဲက Soul ကို ဖမ်းဆုပ်နိုင်သူများသာ ဘ၀ကို အနိုင်နဲ့ ပိုင်းနိုင်သူများလို့ ဆိုနိုင်ပါတယ်။
Money lost, nothing lost
Courage lost, something lost
Soul lost, all lost ဆိုတဲ့ လူတိုင်းကြားဖူးနေတဲ့ ဆိုရိုးလေးအတိုင်းပေါ့။
တကယ်တော့ လူသားတွေရဲ့ ဘ၀များစွာကို သူ့တို့ ယုံကြည်ကိုးကွယ်နေတဲ့ Second God က ပြဌာန်းနေတာပါပဲလေ။ ။

Thursday, August 2, 2007

See And Be Seen Remix 1



တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည် မုံရွာမြို့နယ်နားက ရွာကလေးရွာမှာ ရွာသားနှစ်ယောက် စကားများ ရန်ဖြစ်ကြသတဲ့။ တစ်ယောက်က လက်ထဲမှာ ဌက်ကြီးတောင်ဓါးကြီှးဆွဲလို့၊ နောက်တစ်ယောက်ကတော့ လက်နက်မဲ့ ဗလာနထ္ထိ ဆိုပါတော့။ အဲဒီတော့ သိပ်မကြာခင်မှာဘဲ ထုံးစံအရ လက်နက်ရှိတဲ့လူက လက်ဗလာနဲ့ လူရဲ့ ဘယ်ဘက်လက်မောင်းကို အရင်းကနေ တိတိရိရိ ဖြတ်ပစ်လိုက် ပါရောတဲ့။ ပုံမှန်ဆိုရင်တော့ ဗလာသမားက သွေးပျက် ဒူးထောက်အရှုံးပေး၊ ရန်ပွဲကလဲ ဒီမှာပဲ ပြီးသွားပါပြီ။ ဒါပေမယ့် ဒီရန်ပွဲ ကတော့ အခုမှ စတာပါ။


လက်နက်မဲ့ သူက သူရဲ့ ညာဘက်လက်နဲ့ ဗယ်ဘက်လက်ပြတ်ကြီးကို ကောက်ကိုင် လိုက်တယ်ဆိုရင်ဘဲ ရန်ပွဲက အစကို ပြန်ရောက်သွားပါရောတဲ့။ တစ်ယောက်က ဓါးနဲ့၊ တစ်ယောက်က ခန္ဓာကိုယ်ရဲ့ အပိုင်းအစတစ်ခုကို ဓါးအဖြစ် ကိုင်ဆွဲလျှက်ပေါ့လေ။ ဓါးသမားနဲနဲ သွေးပျက်သွားပါတယ်။ သွေးတွေ အများကြီး မြင်တော့လဲ လန့်စပြုလာတာပေါ့။ ဓါးတစ်ချက်ဝေ့လိုက်တိုင်း ၀ှီးကနဲ၊ လက်ပြတ်ကလဲ တစ်ချက်ရိုက်မိလိုက်တိုင်း သွေးတွေက ဖြန်းကနဲ၊ အရိုးကလဲ ဖွေးကနဲပေါ့။ နောက်ဆုံးတော့ လက်ပြတ်သမားက ဓါးသမားရဲ့ ခန္ဓာကိုယ် အနှံ့ကို မှီသလောက် သူရဲ့ လက်ပြတ်ကြီးနဲ့ အဆက်မပြတ် ရိုက်လိုက်တယ်ဆိုရင်ဘဲ သွေးအလိမ်းလိမ်းနဲ့ စုတ်ဖွာနေတဲ့ လက်ပြတ်ရဲ့ ဒဏ်နဲ့ ဓါးသမား အသက်ပျောက် ရှာပါလေရော။ (ဒါက တကယ့်အဖြစ်အပျက်ပါ။)

လက်နက်သမားရဲ့ သဘာဝက လက်နက်အားကိုးကြောင့်တခြား ကိုယ်ပိုင်အရည်အသွေးတချို့ ကျဆင်းသွားတာပါ။ နောက်ထပ် ကျန်တဲ့ လက်တစ်ဖက် ကို ထပ် ဖြတ်နိုင်ဘို့ အင်အားကို၊ ကိုယ့်လက်ပြတ်ကိုယ် ကောက်ကိုင်ပြီး တစ်ဖက်လူကို အရှုံးမပေးဘဲ ရိုက်လိုက်တဲ့ စိတ်ဓါတ်က အနိုင်ယူလိုက်တာပါပဲ။ ကိုယ်ပိုင်အစွမ်းအစကို မသေမချင်း အစွမ်းကုန် အသုံးချနိုင်တဲ့ လူကို ဘယ်လိုမှ မယှဉ်နိုင်တာလဲ ဖြစ်နိုင်တာပေါ့လေ။

လက်နက်အားကိုးတဲ့လူက လက်နက်ကို အသုံးချနိုင်ဘို့ကိုပဲ ဦးစားပေးကြိုးစားပါလိမ့်မယ်။ တကယ်လို့ လက်နက်မဲ့တဲ့ အခါ သူ့စွမ်းအားလဲ ကုန်ရှာပါပြီ။ ဂဏန်းတွက်စက်ကိုပဲ အမြဲသုံးလာတဲ့ လူက စက်မပါဘဲ စိတ်နဲ့ တွက်စမ်းဟေ့ဆိုရင် လ္ဘက်ရည်ဆိုင်က စားပွဲထိုးလေးကိုပင်ရှုံးပါလိမ့်မည်။ တစ်စုံတစ်ခု (သို့မဟုတ်) တစ်စုံတရာ (သို့မဟုတ်) တစ်စုံတစ်ယောက် ကို အားကိုး၍ မိမိ၏ ကိုယ်ပိုင် အရည်အချင်းတို့ကို အသုံးမချခဲ့လျှင် ထိုတစ်စုံတရာ ပျောက်ဆုံးသွားသော အချိန်တွင် မိမိကိုယ်ကို မည်သို့ ရပ်တည်နိုင်မည်နည်း။

တချို့လူသားများကတော့ ကိုယ်ပိုင်အရည်အသွေး၏ အနှစ်သာရ ကို သေချာမသိရှာ။ အဖိုးတန်ပစ္စည်းဥစ္စာ၊ ရတနာများနှင့် ပကာသန တို့ကို အရည်အချင်းအဖြစ် ပြသတတ်ကြသည်။ ကိုယ်ပိုင်အရည်အသွေးနည်းပါးသော အမျိုးသမီးက ကျောက်မျက်ရတနာမျိုးစုံ၊ စိန်ထည်မျိုးစုံဝတ်ပြီး ပကာသန အတွက်သက်သက် ပြုလုပ်သော ပွဲများကျင်းပရင်း ပြသပေလိမ့်မည်။ ကိုယ်ပိုင်အရည်အသွေးပြည့်ဝလျှက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော အမျိုးသမီးဟူသည် ချည်ထည်ရင်ဖုံးနှင့် ရိုးရိုးချိတ်ထမီလေး ၀တ်ထားသော်လည်း လောကအလယ် တင့်တယ်နေတတ်ပေသည်။ ရွှေထည်မလို၊ လက်ပတ်နာရီ အသေးလေးတစ်လုံးနှင့် ပင် အများက ချစ်ခင်လေးစားနေတတ်ကြသည်။

လူတို့သည် မိမိတို့၏ ယုံကြည်မှုအပေါ်တွင် ရေကဲ့သို့ ကျင့်ကြံနိုင်လျှင် ကောင်းပေလိမ့်မည်။ ရေဟူသည် ရွှေခွက်ထဲ ထည့်လိုက်လျှင် ရွှေရည် ဖြစ်မသွားနိုင်။ ငွေခွက်နဲ့ ထည့်လိုက်လို့လည်း ငွေရည် မဖြစ်နိုင်ပေ။ ရေသည် ရေသာဖြစ်သည်။ ယုတ်စွအဆုံး အိမ်သာခွက်ထဲက ရေသည်လည်း ရေ၏ ဂုဏ်သတ္တိ အပြည့်ရှိသော ရေစင်စစ်ပင် ဖြစ်သည်။

မိမိ၏ ယုံကြည်ချက်တစ်ခုသည် မည်သူက ဘာပြောပြော မပြောင်းလဲနိုင်သော ခိုင်မာမှုမျိုး ရှိသင့်သည်။ ထို့အပြင် ယုံကြည်မှု ခိုင်မာခြင်းနှင့် တစ်ယူသန်ခြင်းကို ခွဲခြားနိုင်သော ဦးနှောက်လဲ ရှိသင့်သည်။ သူတစ်ပါးကို သေးသိမ်နေဘို့ အချိန်မရှိလောက်အောင် တိုတောင်းလှသော လူ့ဘ၀တွင် မိမိ၏ စိတ်တံခါးကို ဖွင့်ထားပြီး ၀င်လာသမျှ ခံစားမှု အားလုံးကို သူ့အကန့်အသတ်နဲ့ သူထည့်ထားနိုင်ရမည်။ လူသားတိုင်းသည် မိမိဦးနှောက်လုပ်နိုင်စွမ်း၏ ၆၅ ရာခိုင်နှုန်း ကိုသာပြည့်ပြည့်၀၀ အသုံးချနိုင်လျှင် လူတိုင်း အိုင်းစတိုင်း ဖြစ်နိုင်သည်ဟု ဆိုထားသည် မဟုတ်ပါလား။ ။

Saturday, July 28, 2007

ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ




အစစအရာရာ တိုးတက်ခေတ်မီခြင်း၏ တခြားတဖက်သည် ကလေးငယ်များအတွက် လွယ်ကူစွာ လိမ့်ကျနိုင်သော ချောက်ကမ်းပါးတစ်ခု ဖြစ်နေနိုင်ပါသလား။ မနေ့က မိမိကြုံတွေ့ရသော ကလေးငယ်တစ်ဦး၏ ပြသာနာသည် မိမိကိုယ်တိုင်ပင် တိုးတက်ခေတ်မီခြင်း ဆိုတာကြီးကို ထိတ်လန့်မိပါသည်။



ဤနိုင်ငံရှိ ကလေးငယ်တော်တော်များများတွင် ကိုယ်ပိုင် email account များရှိကြသည်။
များသောအားဖြင့် ကျောင်းများက ၀ယ်ယူအသုံးပြုထားသော Education Website များ၏ email account များဖြစ်သည်။ ဆရာ၊ ဆရာမ အားလုံး၊ ကလေးအားလုံး၏ email လိပ်စာများကို အလွယ်တကူရရှိနိုင်သော Portal များဖြစ်သည်။

တစ်နေ့တွင် ကလေးမလေး တစ်ယောက်သည် ငိုယိုပြီး ကျောင်းရှိ IT Department ထံသို့ စာတစ်စောင်လာပို့သွားခဲ့သည်။ သူမ၏ သူငယ်ချင်းတစ်ဦးသည် သူမ၏ email password ကိုသိပြီး၊ အဆိုပါ email account ဖြင့် တစ်တန်းလုံးရှိ ယောင်္ကျားလေးများထံ အလွန်ညစ်ညမ်းသော စာတစ်စောင် ပို့လိုက်သော ကိစ္စဖြစ်သည်။ ထိုစာ၏ အဓိပ္ပါယ်သည် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ပြုမူလုပ်ဆောင်လိုပါသဖြင့် မျှော်လင့်နေကြောင်းကို ယောကျာင်္းလေးများအား အသိပေးကြေငြာထားခြင်း ဖြစ်သည်။ မိမိရင်နာမိသည်မှာ ထိုပြစ်မှုကျူးလွန်သော ကလေးမလေးသည် ယခု Primary 4 တက်ရောက်နေပြီး အသက်အရွယ်အားဖြင့် ၁၀ နှစ်ခန့်သာ ရှိသေးသောကြောင့် ဖြစ်သည်။

၁၀ နှစ်အရွယ် ကလေးတစ်ယောက်အတွက် အဆိုပါ ကိစ္စနှင့်ဆိုင်သော ဗဟုသုတသည် မိဘများသင်ကြားပေးသည်တော့ မဟုတ်တန်ရာ။ Internet ကသင်ကြားပေးခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော် သူတစ်ပါး၏ email account ကို ခိုးယူသုံးစွဲ၍ ထိုကဲ့သို့စာမျိုးပို့ခဲ့သော စိတ်ဓါတ်ကိုမူ၊ ၁၀ နှစ်အရွယ် သမီးလေး မည်သည့်နေရာက သင်ကြားတက်မြောက်ခဲ့ပါလဲ။ အဲဒီလို လုပ်ရဲတဲ့ သတ္တိကို သမီးငယ်လေးအတွက် မည်သူက ရိုက်သွင်းပေးခဲ့ပါသလဲ။

မိမိတို့လူမျိုးများ အတွက် တိုးတက်သော နိုင်ငံခြားတိုင်းပြည်များတွင် ကလေးငယ်များကို ကျောင်းထားနိုင်သည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။ မိမိရင်သွေးကို လူတကာနှင့် ရင်ဘောင်တန်းလိုက်လျှင် ရှေ့ဆုံးမှာ ရှိစေချင်သော မေတ္တာတရားဖြင့် ကြိုးစားကြရခြင်းလဲ ဖြစ်သည်။ သို့သော် မိမိတို့၏ သမီးငယ်လေးများကို တိုးတက်မှု၏ နောက်ကွယ်မှ အရိပ်မည်းကြီး မစွန်းထင်းမိအောင်၊ မိမိကိုယ်ကို ကာကွယ်တတ်အောင်၊ အဆိုးနှင့်အကောင်း ခွဲခြားနားလည်အောင်၊ အတုယူမမှားအောင် အထူးသဖြင့် မိခင်များက အမြဲတမ်း သင်ကြားနေဘို့ လဲလိုအပ်ပေလိမ့်ဦးမည်။

မိမိအခန်း ဌားနေသော အိမ်ရှင်တွင် ၁၀ နှစ်အရွယ် အမွှာသမီးလေး နှစ်ယောက်ရှိကြသည်။ အလွန်ချစ်စရာကောင်းသော သမီးငယ်လေးများ ဖြစ်သည်။ သူတို့မိခင်သည် အပြင်အလုပ်ကို လုပ်နိုင်သော်လည်း မလုပ်ဘဲ သမီးကလေးနှစ်ယောက်ကို သာ သူမ၏ အချိန်အားလုံး ပေးထားသည်။ ထမင်းအတူတူစား၊ အိမ်စာအတူလုပ်၊ အတူဈေးသွား၊ နောက်ဆုံး ကလေးနှစ်ယောက် Internet Chatting လုပ်နေလျှင်လည်း မိခင်က ဘေးကရှိမြဲ။ မြန်မာစာကို ကောင်းကောင်းမွန်မွန် ရေးတတ် အောင်သင်ပေးသလို၊ တနင်္ဂနွေ နေ့တိုင်းလဲ ဘုန်းကြီးကျောင်းတွင် ဗုဒ္ဓဘာသာ သင်တန်းလိုက်ပို့ပေးသေးသည်။ ဘုရားရှိခိုး အမျိုးမျိုး ကို အင်္ဂလိပ်လိုရော၊ မြန်မာလိုပါ ရွတ်ဆိုနိုင်သလို၊ မိန်းကလေးတို့ သိသင့်သော အန္တရာယ်အမျိုးမျိုးကို လဲ မိခင်ကဘေးနားက ပြောပြဆုံးမ နေတတ်သည်။ ဒီနိုင်ငံတွင် ကြီးပြင်းလာသော်လည်း သမီးငယ်လေးများသည် ခေတ်မီ၍ လိမ္မာကြသည်။ ယဉ်ကျေး၍ မိဘကို အလွန် စာနာတတ်ကြသည်။ အလွန်ကြည်နှုးလေးစားဖွယ်ကောင်းသော မိသားစုလေးဖြစ်သည်။

မိဘနှစ်ဦးလုံး အလုပ်လုပ်ရသော မိသားစုမျိုးတွင် သမီးငယ်လေးများသည် မိခင်နှင့် နွေးထွေးသော ရင်းနှီး ဆက်ဆံမှု ရှိရန်လိုအပ်ပေသည်။ ဤနိုင်ငံတွင် Secondary School အရွယ်သည် ယောင်္ကျားလေးများနှင့် ပွင့်လင်းစွာ ရင်းနှီးလွန်သော အခြေအနေများကို ဖန်တီးတတ်ကြပြီ။မြန်မာအငွေ့အသက်ဖြင့် ခံစားရလျှင် မိမိ ပိုးမွေးသလို မွေးခဲ့ရသော သမီးငယ်လေးသည် ၁၆ နှစ် မပြည့်မီကပင် ယောင်္ကျားလေးများ၏ အိပ်ယာထဲ ရောက်နေလျှင် မည်သို့သော တရားနှင့် ဖြေသိမ့်ရပါမည်နည်း။

တချို့မိခင်များသည် မိမိကလေးများ မြန်မာလို မပြောတတ်သည်ကိုပင် ဂုဏ်ယူနေကြသေးသည်။ ဘုန်းကြီးကျောင်းတွင် သူများအလှူကိုအလကားလာစားရင်း “ကလေးတွေက ဒီမှာကြီးတော့ မြန်မာလိုမပြောတတ်ဘူးလေ.. ဟင်း..ဟင်း..ဟင်း.. “ ဟုလူပုံအလယ်ဂုဏ်ဖော်နေကြသေးသည်။ အလွန်ထူးဆန်းအံ့သြဖွယ်ကောင်းလေစွတကား။ မိမိကိုယ်တိုင် မြန်မာစင်စစ်ဖြစ်ပါလျှက်၊ မြန်မာပြည်မှာ နေထိုင်ခဲ့ဘူးပါလျှက် မိမိကလေးမြန်မာစကားမတတ်ခြင်းသည် လူပုံအလယ် ကြွားဝါရသော ကိစ္စတစ်ခုဖြစ်ပါသလား။ အချိန်ယူ၍ မြန်မာစကားမသင်ပေးနိုင်လျှင်လည်းရှိပါစေတော့။ သို့သော် မျက်စချီ၍ဂုဏ်ယူဝမ်းမြောက်နေခြင်းကတော့ တဆိတ်လွန်လွန်းသည်ဟု ခံစားမိသည်။ မြန်မာစကားမပြောတတ်တာကိုပင် မိဘကိုယ်တိုင်က ဂုဏ်ယူနေလျှင်ကလေးငယ်ကို မြန်မာ့အငွေ့အသက်၊ မြန်မာ့သဘာဝကို ချစ်တတ်ဘို့ဆိုလျှင် ပို၍ပင်ဝေးပေလိမ့်မည်။ ပြောသူသာ အရူးဖြစ်ပေလိမ့်မည်။

တခါတရံတွင် မြန်မာလူမျိုးများ ကိုယ်တိုင်ပြောသော မြန်မာလူမျိုးများကို လှောင်ပြောင်သည့် ဟာသများလည်းရှိသေးသည်။ မိမိကြားဖူးသည့် ဟာသတစ်ခုမှာ
“နိုင်ငံတကာမှ ခရီးသည်များစွာ တင်ဆောင်ပျံသန်းလာသော လေယာဉ်တစ်စင်းသည် စက်ချွတ်ယွင်းသဖြင့် လေယာဉ်ပေါ်ရှိအမျိုးသားခရီးသည် ၁၀ ခန့် ခုန်ချမှသာ ကျန်လူအားလုံး၏အသက်ကို ကယ်တင်နိုင်မည်ဟု ကြေငြာလိုက်သည်တဲ့။ ထိုအခါ ပထမဦးဆုံး ယောင်္ကျားကြီးတစ်ဦးထလာပြီး ရဲရဲဝင့်ဝင့်ဖြင့် “ဟေ့ ဟစ်တလာ” ဟုအော်ပြီး ခုန်ချသွားတယ်တဲ့။ နောက်တစ်ယောက်ကလဲ “ဟေ့ ဂေါ်ဗာချော့” ဟုအော်ပြီး ခုန်ချလေ၏တဲ့။ ဒီလိုပဲ မိမိတို့ နိုင်ငံရဲ့ မိမိဂုဏ်ယူတဲ့ ခေါင်းဆောင်နာမည်တွေကို အော် အော်ပြီး ခုန်ချကြသည်ပေါ့လေ။ နောက်တော့ တောင်ရှည်နဲ့ ခေါင်းပေါင်းနဲ့ ၀တ်ထားတဲ့ မြန်မာကြီးတစ်ယောက် ထလာပါရောတဲ့။ ဒီနောက်မှာတော့ လွန်စွာမှ အောင်မြင်ခံ့ညားသောအသံဖြင့်
“ဟေ့ ဗိုလ်ချုပ်အောင်ဆန်း” လို့ အော်ပြီးဘေးနားက ကုလားကို တွန်းချလိုက်ရောတဲ့။”

ငယ်သေးသောအရွယ် မိမိလည်း ကြားဖူးခါစက ရယ်မိသေးသည်။ နောက်တဖြည်းဖြည်း အသက်အရွယ် ရလာတော့ မြန်မာကို သရော်ထားတာပါလားဟု တွေးမိတတ်လာသည်။ တကယ်တော့ မြန်မာ့ ရေမြေ ၊ မြန်မာ့ သဘာဝသည် မြတ်နိုးဖွယ်ရာ ဖြစ်သည်။ အထူးသဖြင့် မိန်းကလေးများအတွက် ကောင်းမွန်သော အလေ့အထ များစွာလဲရှိသည်။ ဗိုင်းကောင်းကျောက်ဖိ နှင့် ရယ်စရာရှိလျှင်လည်း ပြုံးရုံသာ ပြုံးရမည် ဆိုသော အယူဝါဒမျိုးကို လိုက်နာရန် မလိုအပ်တော့သော်လည်း နိုင်ငံခြားတိုင်းပြည်များ၏ ပန်းကလေးများကို သဘာဝအလျှောက်မပွင့်လန်းစေဘဲ ပွင့်ဖတ်များကို အတင်းဆွဲလှန်၍ ဇွတ်အတင်း ပွင့်စေနိုင်သော ဓလေ့မျိုးကို တော့ရှောင်ရှားသင့်သည်ဟု ထင်ပါသည်။

အချိန်တန်လျှင် သဘာဝအတိုင်း လှပစွာ ပွင့်လန်းလာကြမည်ဖြစ်သော၊ ဖူးတံဝင့်ချီနေသည့် မြန်မာ့ချစ်သမီးငယ်လေးများသည် နိုင်ငံတကာအလယ်တွင် တောက်ပသော၊ မွှေးကြိုင်သော ပန်းပွင့်လေးများ ဖြစ်ကြပါစေသတည်း။ ထို့ထက်ပို၍ မြန်မာ့ရေမြေ သဘာဝကို ချစ်တတ်သော နှလုံးသားများကို ပိုင်ဆိုင်ကြပါစေသတည်း။ သည့်ထက်ပိုနိုင်ခွင့် ရှိသေးလျှင် အမိမြေကို အကျိုးပြုနိုင်သော၊ မြတ်သော မိန်းကလေးများ ဖြစ်ကြပါစေသတည်း ဟုဆုတောင်းချင်ပါသည်။ ။

Wednesday, July 25, 2007

မျှော်လင့်ခြင်း

၂၀၁၅ ခုနှစ်အတွက် စင်္ကာပူနိုင်ငံရဲ့ IT တိုးတက်မှုကို မျှော်လင့်ပြီး ရိုက်ကူးထားတဲ့ ဗီဒီယိုလေးပါ။ အမိနိုင်ငံတော်ကြီးသာ ဖြစ်လိုက်ပါတော့။ ။

Sunday, July 15, 2007

ကလေးတွေရဲ့ NE Show



စင်္ကာပူနိုင်ငံရဲ့ National Day မရောက်ခင်မှာ Primary 5 ကလေးတွေကို ခေါ်ပြတဲ့ ပွဲလေးကို National Education (NE) Show လို့ခေါ်ပါတယ်။ ဒီပွဲမှာ ပြတဲ့ Performance တွေကို National Day မှာ လူထုကို ပြတာပါ။ အရွယ်ရောက်စပြုတဲ့ ကလေးတွေရဲ့ ရင်ထဲကို မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တွေ ရိုက်သွင်းပေးနိုင်တဲ့ တော်တော် ထိရောက်မှုရှိတဲ့ ပွဲလေးတစ်ခုပါပဲ။

ဒီပွဲကို စင်္ကာပူရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Marina Bay မှာ ကျင်းပတာပါ။ ကွင်းထဲကို ၀င် ၀င်ချင်းမှာ ဘေးလွယ်အိတ် ကြီးတစ်လုံးစီဝေပါတယ်။ အဲဒီအိတ်ထဲမှာ မုန့်မျိုးစုံ၊ စင်္ကာပူအလံ၊ မီးထွန်းပြီး ဝေ့ရမ်းနိုင်တဲ့ ကြယ်ပုံစံ အရုပ်လေးများ၊ အသားမှာ ကပ်လို့ရတဲ့ (စင်္ကာပူအလံ) စတစ်ကာလေးများ၊ ဖွင့်လိုက်ရင် Happy Birthday Singapore ဆိုပြီး မီးလင်းလာတဲ့ ပန်ကာလေးများ၊ ရေသန့်ဘူး နှင့် မီးလုံးလေးနှစ်လုံး ပါတဲ့ ချစ်စရာ ဦးထုပ်လေးများ ပါဝင်ပါတယ်။

ပထမဦးဆုံး စင်္ကာပူနိုင်ငံ အတွက်စပ်ဆိုထားတဲ့ သီချင်းများကို အဆိုတော်များက ကားလေးများ ပေါ်မှ သီဆိုကြပါတယ်။ အဲဒီအချိန်မှာတော့ ကလေးတော်တော်များများက သီချင်းကိုစိတ်မ၀င်စားကြပါဘူး။ သူတို့ အထုပ်ကြီးတွေနဲ့ အလုပ်ရှုပ်နေကြတာပါ။ ဓါတ်ခဲထည့်ရ၊ မုန့်စားကြနဲ့ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ကြပါဘူး။



အဲဒီနောက်မှာတော့ စင်္ကာပူရဲ့ နာမည်ကြီး Orchestra တစ်ခုက အကတွေနဲ့ ဖျော်ဖြေပါတယ်။ အရောင်တောက်တောက်ပပနဲ့ အရုပ်တွေလို ၀တ်စားထားတဲ့ လူငယ်တွေကလဲ ကလေးတွေကြားမှာ ဆပ်ပြာပူဖောင်းလေးတွေ လိုက်မှုတ်နေကြပါတယ်။
အဲဒီအချိန်မှာ Presenter တွေက စင်္ကာပူနိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူသလားလို့ မေးတဲ့အခါ ကလေးအားလုံးက Yes လို့ အကျယ်ကြီး အော်ပြီး ဖြေကြလေရဲ့။ လက်ထဲက သူတို့နိုင်ငံ အလံတွေက လေထဲမှာ တဖျတ်ဖျတ်နဲ့ပေါ့။
အဲဒီနောက်မှာတော့ ကြည်း၊ရေ၊လေ တပ်များ ချီတက်လာကြပါတယ်။ ပညာရေးဝန်ကြီးလာတဲ့အခါ ကလေးတိုင်းက ဆရာမတွေ ဘာမှ ပြောစရာမလိုဘဲ မတ်တတ်ရပ်ပြီး နှုတ်ဆက်ကြလေရဲ့။ စစ်သားတွေက ၀တ်စုံအပြည့်နဲ့ ကလေးတွေကြားထဲ ၀င်ပြီး သရုပ်ပြတဲ့အခါ သူတို့လေးတွေ ဂုဏ်ယူကြည်နူးတဲ့ အပြုံးတွေနဲ့ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်လို့။ စစ်သားတွေကို သူတို့က ချစ်တယ်တဲ့လား။
အဲဒီနောက် လေထီးနဲ့ လူ ၅ ယောက်က ကောင်းကင်ယံကနေ စင်မြင့်ရှိရာ ရေပြင်ဆီကို ဆင်းသက်တဲ့ သရုပ်ပြကွက်ကို ပြပါတယ်။ သူတို့တွေတစ်ယောက် ဆင်းလာတိုင်း ကလေးတွေက စင်္ကာပူ လို့ အော်လိုက်ကြတာ မိုးပွင့်မတတ်ပါပဲ။ ကလေးတွေရဲ့ ရင်ထဲမှာ သူတို့တိုင်းပြည်၊ သူတို့ရေမြေကို ဂုဏ်ယူတတ်အောင် ငယ်ငယ်လေးထဲက လေ့ကျင့်သင်ကြားပေးတာ ထင်ပါရဲ့။

ကလေးတွေအကြိုက်ဆုံးပြကွက်ကတော့ ရဟတ်ယာဉ်တွေနဲ့ စင်္ကာပူ အလံကို သယ်ဆောင်လာတဲ့ ပြကွက်ပါပဲ။ ကလေးတော်တော်များများ မတ်တတ်ရပ်ပြီး ဓါတ်ပုံတွေ ရိုက်လိုက်ကြတာ။ ဒီကြားထဲ အလေးပြုနေတဲ့ ကလေး ကရှိလို့ ရီကြရသေးတယ်။ တိုက်လေယာဉ်တွေ ကလဲ ပြကွက် အမျိုးမျိုးနဲ့ ပျံသန်းပြသကြလေရဲ့။ ကလေးတစ်ယောက်ကတော့ ငါကြီး လာရင် တိုက်လေယာဉ်မောင်းမယ်လို့ အကျယ်ကြီးအော်နေလေရဲ့။ ဒါ့အပြင်တင့်ကားတွေကလဲ ကွင်းထဲမှာ မောင်းပြတယ်။ ပွဲကြည့်စင်ကနေ လှမ်းမြင်နေရတဲ့ တံတားပေါ်ကနေ စစ်သားတွေက ရေထဲ ဒိုင်ဗင်ထိုးပြကြတယ်။ ကလေးတွေရဲ့ ရင်ကို တက်ကြွစေတဲ့ ပြကွက်တွေပေါ့နော်။

ဒါအပြင် လေဆာရောင်ခြည်နဲ့ ပုံဖော်ပြီး ကပြတဲ့ ကကွက်တွေနဲ့ မီးရှုးမီးပန်း မျိုးစုံကိုလဲ ပစ်ဖေါက်ပြသေးတယ်။ ၅ နာရီလောက် က စပြီး ပြတဲ့ ပွဲဟာ ၈ နာရီ ခွဲမှာ ပြီးဆုံးသွားပါတယ်။

ပညာရေးကို ဦးစားပေးတဲ့ တိုင်းပြည်မှာ ကလေးတွေ ပညာတော်ဘို့ အပြင် တိုင်းပြည်ကို ချစ်အောင်လဲ လေ့ကျင့်သင်ကြားပေးကြရမှာပေါ့လေ။ ကိုယ့်တိုင်းပြည်မှာ ပညာတတ်တွေ နေချင်လေ၊ တိုင်းပြည်တိုးတက်လေ ပဲပေါ့လေ။

ကလေးတွေပိုင်တဲ့ အနာဂတ်ကို သူတို့စိတ်ကြိုက် ပုံဖော်တဲ့ အခါ တိုင်းပြည်ချစ်စိတ်နဲ့ ပုံဖော်နိုင်စေဖို့ ပြုလုပ်တဲ့ ပွဲလေးတစ်ခုပဲလို့ မှတ်ချက်ချမိ ပါတော့တယ်။ ။



Sunday, July 8, 2007

မုန်လာဥ၊ ကြက်ဥ၊ လ္ဘက်ခြောက် နှင့် ကျွန်တော်




ဘ၀မှာ တခါတလေ သီချင်းလေးတစ်ပုဒ်၊ စာလေးတစ်ကြောင်း ဖတ်မိလို့ စိတ်ထဲမှာ အပြောင်းအလဲ ဖြစ်သွားတတ်တာတွေရှိပါတယ်။ စိတ်အတွေး အမြင်လေးတွေ ပြောင်းသွားတာ၊ အသိဉာဏ်ထဲမှာ ရုတ်တရတ်လင်းသွားတာမျိုးပေါ့။ ကျွန်တော်လဲ ဒီလိုပါပဲ။ စာအုပ်လေးတစ်အုပ်ထဲက ဒီမုန်လာဥ၊ ကြက်ဥ၊ လ္ဘက်ခြောက် ဆိုတာလေး ဖတ်မိပြီး ကိုယ့်ကိုကိုယ်ပြန်မြင်လာမိပါတယ်။ သူ့စာလေးက ဒီလိုဆိုထားပါတယ်။


လူတစ်ယောက်က သူလုပ်သမျှ ဘာမှ အဆင်မပြေလို့ ဘ၀ကိုစိတ်ပျက်ပြီး သူ့ဖခင်ရှေ့မှာလာပြီးငိုကြွေးပါတယ်။ သူ့ဖခင်က သူ့ကိုဘာမှမပြောဘဲ မီးဖိုချောင်ထဲ ခေါ်သွားတယ်တဲ့။ ပြီးတော့မှ ရေနွေးပွက်ပွက်ဆူနေတဲ့ အိုးထဲကို မုန်လာဥရယ်၊ ကြက်ဥတစ်လုံးရယ်၊ လ္ဘက်ခြောက်ရယ် ထည့်လိုက်တယ်။ ခဏနေတော့မှ အိုးထဲက ဒီသုံးခုကို ဆယ်ယူလိုက်တယ်။ ပြီးတော့ သူက ဘာပြောသလဲဆိုတော့ မုန်လာဥက သူ့ကိုကြည့်လိုက်ရင် မာကျောပေမယ့် လောကဓံဆိုတဲ့ ရေနွေးပူနဲ့ တွေ့တဲ့အခါ ပျော့စိသွားတယ်တဲ့။ သင်ကဒီလိုလူမျိုးလားတဲ့။ ကြက်ဥကတော့ သူက အစကတော့ အက်ကွဲလွယ်၊ ထိရှလွယ်ပေမယ့် လောကဓံနဲ့တွေ့တဲ့အခါ မာကျောလာတယ်တဲ့။ သင်ကဒီလိုလူမျိုးထဲမှာရော ပါလားတဲ့။ တတိယ လ္ဘက်ခြောက်ကတော့ သူကိုကြည့်လိုက်ရင် ဘာမှ မဟုတ်သလိုနဲ့ ရေနွေးပူကိုတောင် အရောင်ပြောင်းပစ်နိုင်တယ်တဲ့။ သဘောကတော့ လူပုံကဘာမှ မဟုတ်သလိုနဲ့ လောကဓံကိုတောင် တမျိုးပြောင်းလဲသွားစေနိုင်တယ်လို့ ဆိုလိုတာပါ။ သင်က ဒီအုပ်စုထဲက လူမျိုးလားတဲ့။ ကိုယ့်ကိုကိုယ်ပြန်မေးပြီး ဘယ်လိုလူမျိုးဖြစ်သင့်သလဲဆိုတာ စဉ်းစားကြည့်ပါတဲ့။ ဒီစာလေးကို ဖတ်ပြီး ကိုယ့်ကဘာပါလိမ့်လို့ စဉ်းစားလိုက်တဲ့အခါ လ္ဘက်ခြောက်မဟုတ်တာတော့ သေချာတယ်ဗျ။ မုန်လာဥ မဖြစ်ချင်တာလဲ သေချာနေတော့ ဘာပဲဖြစ်ဖြစ် ကြက်ဥအဆင့်လောက်တော့ ဖြစ်အောင်နေမယ်လို့ ဆုံးဖြတ်မိပါတယ်။

ကျွန်တော် တခါတလေကျရင် လုပ်ငန်းခွင်ထဲမှာ စိတ်ပျက်၊ စိတ်ညစ်ရတာတွေ အများကြီးကြုံရတယ်။ အဓိက က တော့ ဘာမှ မသိတဲ့ Team Leader ရဲ့ ဦးဆောင်မှုနဲ့ အလုပ်လုပ်ရလို့ပါ။ သူက ဘာမှ မသိတော့၊ သူ့အလုပ်တွေရော၊ ကျွန်တော့အတွက် လုပ်ရမယ့်အလုပ်တွေရော အမြဲတမ်းလုပ်ပေးလာရတာ ခြောက်လလောက်ကျတော့ လူက ပေါက်ကွဲလာရော။ ဒီကောင်ကဘာလဲ၊ လူပါးဝတာလားဆိုပြီး နေလို့ထိုင်လို့မကောင်းဘူး။ ရုံးကိုမသွားချင်ဘူး ဆိုပါတော့ဗျာ။ အဲဒီအချိန်မှာ စာလေးတစ်ပုဒ်ဖတ်မိပါတယ်။ သူကဒီလိုဆိုထားတယ်ဗျ။

လက်သမားဆရာကြီးတစ်ယောက်က အသက်ကြီးလာလို့ သူ့အလုပ်ရှင်ဆီမှာ အလုပ်နားခွင့်တောင်းတယ်တဲ့။ အလုပ်ရှင်ကလဲ နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်လုပ်ပေးပါဦးဆိုပြီး တောင်းဆိုသတဲ့။ ဒီတော့ လက်သမားဆရာကြီးက တသက်လုံး သူ့အတွက် အလုပ်လုပ်ပေးခဲ့တာတောင် ခိုင်းနေတုန်းပဲလို့တွေးပြီး စိတ်တိုသွားတယ်တဲ့။ ဒါနဲ့ပဲ သူက နောက်ဆုံးဆောက်လုပ်ပေးရတဲ့ အိမ်ကို ဖြစ်သလို၊ တော်သလို၊ မြန်မြန်ပြီး ပြီးရော ဆောက်လုပ်ပေးလိုက်ရောတဲ့။ အိမ်ပြီးသွားတော့ သူ့သူဋ္ဌေးဆီမှာ သော့အပ်တဲ့ အခါ သူဋ္ဌေးက သူ့ဆီမှာ နှစ်အကြာကြီး အလုပ်လုပ်ပေး ခဲ့တဲ့ အတွက် အိမ်သော့ကို သူ့ပြန်ပေးပြီး ဒီအိမ်က ခင်ဗျားအတွက်ပါလို့ ပြောသတဲ့။

ဒီစာတိုလေးက ဘာပြောသလဲဆိုတော့ လူတွေဟာ သူတို့လုပ်နေရတဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေအားလုံးကို သူများအတွက် အလုပ်လုပ် နေရတယ်လို့ မတွေးပဲ ကိုယ့်အတွက် အိမ်ကလေးတစ်လုံး ဆောက်လုပ်နေတယ်ဆိုတဲ့ စိတ်နဲ့ လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။ ကျွန်တော့် လုပ်ငန်းခွင်မှာ သူများအလုပ်တွေပါ လုပ်ပေးနေရပါလားလို့ တွေးမယ့်အစား ငါဟာ တကယ်တမ်းလိုအပ်လာရင် တာဝန်နှစ်ခုကို တပြိုက်နက် ယူနိုင်ပါလား၊ ဒါတွေဟာ နောင်တစ်ချိန် ဒီထက်ကြီးမားတဲ့ လုပ်ငန်းခွင်ရောက် တဲ့ အခါ အလေ့အကျင့် ရပြီးသားဖြစ်ရပါလား။ အားလုံးဟာ ကိုယ့်အတွက် ကြီးပါပဲလားလို့ တွေးရမယ်လို့ ဆိုပါတယ်။ ကိုယ့်ရဲ့ တစ်နေ့တာကို ပြန်စဉ်းစားကြည့်လိုက်ရင် ကိုယ်နေဘို့ အိမ်ကလေးတစ်လုံး ဆောက်လုပ်နေသလို စဉ်းစားရမယ်တဲ့။ ဒါနဲပဲ ကျွန်တော် တစ်ယောက် လုပ်ငန်းခွင်မှာ ပေါ့ပေါ့ပါးပါး ဖြစ်ရပြန်တယ်ပေါ့ဗျာ။ စာရေးဆရာမ တစ်ယောက်ပြောသလို

"ခါးသီးလှတဲ့ အရည်တစ်ခွက်ကို နှုတ်ခမ်းမှာ အတင်းအကျပ် ဖိကပ်သောက်ခိုင်း ခံရတိုင်း၊ ထိုခါးသီးခြင်းသည် ကံကြမ္မာလည်းမဟုတ်၊ လိုအပ်ချက်လည်းမဟုတ်၊ အဆုံးတစ်နေ့မှာ ကောင်းမွန်မြင့်မြတ်ခြင်း အတွက် သည်ခါးသီးခြင်းတွေကို အလေ့အကျင့်ဖြစ်အောင် ကြိုးစားသောက်သုံးနေတတ်ဖို့ပဲ"

ဆိုတာမျိုးပေါ့ဗျာ။ ။

Sunday, June 24, 2007

ကျွမ်းကျင်ရာ လိမ္မာရာ…




Singapore IT လောကထဲက နာမည်ကြီး အလုပ်အကိုင်တွေဖြစ်တဲ့ Analyst Programmer, Software Engineer, Programmer, Network Administrator စတာတွေ အများကြီးထဲက နာမည်မကြီးတဲ့ အလုပ်လေးတစ်ခုအကြောင်းပါ။

တချို့ ကုမ္ပဏီတွေက Education Consultant လို့ခေါ်ပြီး တချို့ ကုမ္ပဏီတွေက Residential Trainer လို့ခေါ်ပါတယ်။ Primary school, Secondary School နဲ့ Junior College တွေမှာရှိတဲ့ IT Department တွေမှာ လုပ်ရတာပါ။

ဒီအလုပ်တွေကို ကျောင်းတွေအတွက် Educational Portal တွေရောင်းတဲ့ ကုမ္ပဏီတွေမှာ လျှောက်ရတာပါ။ အနည်းဆုံး စာသင်ဖူးတဲ့ အတွေ့အကြုံရှိဘို့နဲ့ IT နဲ့ ပတ်သက်တဲ့ ဘွဲ့တစ်ခုရှိရပါမယ်။ ကုမ္ပဏီနဲ့ Interview တဲ့အခါ Classroom Management နဲ့ဆိုင်တဲ့ Scenario တွေ ပြောပြပြီး ဘယ်လိုဖြေရှင်းမလဲ ဆိုတာမျိုးတွေ၊ Plot တစ်ခုပေးပြီး ကိုယ်က နမူနာ သင်ပြရမျိုးတွေ မေးလေ့ရှိပါတယ်။ ကုမ္ပဏီက ကိုယ့်ကို လက်ခံပြီးသွားတဲ့အခါ သက်ဆိုင်ရာ ကိုယ်အလုပ်လုပ်မယ့် ကျောင်းကလည်း လက်ခံဘို့ လိုပါတယ်။ ဒါကြောင့် ကုမ္ပဏီနဲ့ Interview အောင်သွားရင် ကျောင်းအုပ်ကြီးရဲ့ Interview အောင်ဘို့ လိုပါတယ်။ တကယ်လို့ ကိုယ်ကို လက်ခံတဲ့ကျောင်းမရှိသေးရင်လဲ ကုမ္ပဏီ က လခပေးထားပြီး ကုမ္ပဏီမှာ training ဆင်းနေရပါတယ်။ Consultant တစ်ယောက်က ကျောင်းတစ်ကျောင်းကို တာဝန်ယူရတာပါ။ ကိုယ်ရဲ့ experience ပေါ်မူတည်ပြီး Primary Level, Secondary Level စတာတွေကိုတော့ ကုမ္ပဏီက ဆုံးဖြတ်ပေးပါတယ်။ ကျောင်းတွေကို Interview သွားတဲ့အခါ ကုမ္ပဏီက မန်နေဂျာရယ်၊ ကျောင်းအုပ်ကြီးရယ်၊ ကျောင်းက IT Department ရဲ့ Head Of Department (HOD) တို့နဲ့ တွေ့ဆုံရပါတယ်။ ကိုယ့်အကြောင်းကို သေသေချာချာ ရှင်းပြနိုင်ဖို့ လိုအပ်သလို စာသင်ရတာပျော်တဲ့ အကြောင်းလဲ ပြောပြဘို့ လိုပါတယ်။ HOD က ကျောင်းတစ်ခုလုံးရဲ့ IT နဲ့ ပတ်သက်ပြီး သူတို့သုံးတဲ့ Software တွေ၊ ကိုယ်တာဝန်ယူရမဲ့ အလုပ်ဝတ္တရားတွေကို ရှင်းပြပါတယ်။ ဒီ Interview အောင်သွားရင်တော့ တကယ့် လုပ်ငန်းခွင်ထဲရောက်ပြီလို့ပြောလို့ရပါပြီ။

အလုပ်စဆင်းတဲ့နေ့မှာ ကွန်ပျူတာ အလုံး ၄၀ လောက်ရှိတဲ့ Lab တစ်ခုကိုယ့်ကို ပေးပါတယ်။ တစ်ယောက်တည်းနေရတာပါ။ ဒီ Lab ထဲမှာရှိတဲ့ Equipment အားလုံးရဲ့ အပျောက်အရှကိုလည်း တာဝန်ယူရပါတယ်။ များသောအားဖြင့် Lab တွေမှာ ကွန်ပျူတာတွေချည်း ရှိတာမဟုတ်ပါဘူး။ Video Camera အမျိုးမျိုး၊ Digital Camera များစွာနဲ့ Banner Printer ၊ Laptop နဲ့ တခြား IT နဲ့ ဆိုင်တဲ့ ပစ္စည်းများစွာ ရှိတတ်ပါတယ်။ ဆရာမတွေက ပစ္စည်းဌားပြီးရင် မေ့ မေ့ပြီး ပြန်လာမပေးတတ်ပါဘူး။ ဒါကြောင့်မို့ စာရင်းအတိအကျနဲ့ လက်မှတ်ထိုးပြီးမှ ပစ္စည်းဌားရတာ လဲ အလုပ်တစ်ခုပါပဲ။

ကျောင်းမှာရှိတဲ့ IT နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေအားလုံးနဲ့ အရင်နှစ်တွေက လုပ်ခဲ့တဲ့ Trainer ရဲ့ Annual Report တွေကို အရင်ဆုံးလေ့လာရပါတယ်။ ဆရာ၊ ဆရာမတွေကို IT နဲ့ပတ်သက်ပြီးဘာတွေသင်ကြားရမလဲ၊ ကလေးတွေကို ဘာတွေသင်ကြမလဲ ဆိုတာတွေအားလုံးကို HOD နဲ့တိုင်ပင်ရပါတယ်။ သူတို့ Lesson Plan နဲ့ Lesson Outline တွေကို Update လုပ်ပေးရပါတယ်။

Primary ကလေးတွေကို သင်ကြားရတဲ့ ဘာသာရပ်အများစုကတော့ ရိုးရှင်းပါတယ်။ ဥပမာအားဖြင့် Primary 1 ကို Creative Writer လို Software မျိုး၊ Primary 2 ကို Microsoft Word ၊ Primary 3 ကို PowerPoint ၊ Excel ၊ Primary 4 ကို Microsoft Publisher ၊ Mind Mapping ၊ Advance Excel ၊ Primary 5 ကို HTML ၊ CSS ၊ Dreamweaver ၊ Blogging အခြေခံနဲ့ Primary 6 ကို Flash ၊ Video Production နဲ့ အခြေခံ JavaScript စသည်ဖြင့် သင်ကြားကြရပါတယ်။ Primary 6 အောင်သွားပြီးတဲ့အခါ ကိုယ်ပိုင် Web Site တစ်ခု ကောင်းကောင်း ရေးနိုင်ရမယ်။ Animation လုပ်နိုင်ရမယ်။ ကိုယ်ပိုင် Video ကို edit လုပ်နိုင်ရမယ် လို့ဆိုပါတယ်။ ဒါ့အပြင် ကိုယ့် ကုမ္ပဏီရဲ့ Product တစ်ခုဖြစ်တဲ့ Portal ကို ကောင်းကောင်းသုံးနိုင်အောင်လဲ လေ့ကျင့်သင်ကြားပေးရပါတယ်။

ဆရာမတွေကိုလဲ Portal ပေါ်မှာ Assignment တွေပေးနိုင်ဘို့၊ Survey Form တွေတင်နိုင်ဘို့၊ Lesson Package တွေတင်နိုင်ဘို့ သင်ကြားရပါတယ်။ ဒါ့အပြင် Dreamweaver လို S/W မျိုး ၊ Excel လို S/W မျိုးနဲ့ သူတို့ သင်ချင်တဲ့ IT ဆိုင်ရာ course တွေသင်ပေးနိုင်ရပါမယ်။

နောက်တာဝန်တစ်ခုကတော့ ကျောင်းရဲ့ website ကို Admin လုပ်ပေးရတာပါ။ တချို့ကျောင်းတွေမှာ Intranet လဲရှိတတ်ပါတယ်။ Webpage တွေအားလုံးကို update လုပ်ပေးရပါတယ်။ များသောအားဖြင့် ရိုးရှင်းတဲ့ website တွေဖြစ်ပေမယ့် E-services ပေးတဲ့ အထိ ကြီးကြီးမားမား ရေးထားတဲ့ school website တွေလဲရှိတတ်ပါတယ်။ များသောအားဖြင့် PHP နှင့် MySQL သုံးထားတာပါ။ ကိုယ်တာဝန်ယူရတဲ့ ကျောင်းကို IT နဲ့ပက်သတ်ပြီး တိုးတက်မှုရှိဘို့က ကိုယ့်တာဝန်ပါပဲ။

ဒါ့အပြင် ပညာရေးဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်တဲ့ IT Plan တွေကိုလဲ လေ့လာရပါတယ်။ Cyber Law တွေ၊ Copyright Law တွေနဲ့ Internet မှာ ကလေးတွေအတွက် ဆိုးကျိုး ဖြစ်လာနိုင်တာ တွေကိုလဲ လေ့လာရပါတယ်။ ဒါပြီးရင် Assembly Talk လို့ခေါ်တဲ့ တကျောင်းလုံးကို Hall မှာစုပြီး Presentation လုပ်ရတာတွေလဲရှိတတ်ပါတယ်။

ကျောင်းတိုင်းမှာ TA လို့ခေါ်တဲ့ Technical Assistant အနည်းဆုံး တစ်ယောက် ရှိပါတယ်။ ဒါက မရှိမဖြစ် Ministry Of Education (MOE) ကချမှတ်ထားတဲ့ စည်းကမ်းပါ။ TA ရဲ့ တာဝန်ကတော့ တကျောင်းလုံးမှာရှိတဲ့ ကွန်ပျူတာတွေရဲ့ အသေးစား ချွတ်ယွင်းမှုကနေ Server Maintenance အထိ အကျုံးဝင်ပါတယ်။ ကိုယ့်ရဲ့ Lab ထဲက စက်တွေအားလုံး၊ Projector ကအစ ချွတ်ယွင်းမှုရှိရင် TA ကိုခေါ်လိုက်ယုံပါပဲ။

ကျောင်းတွေမှာ ကျင်းပလေ့ရှိတဲ့ အားကစားပွဲတွေ၊ နှစ်သစ်ကူးပွဲတွေ၊ ဆရာမများနေ့၊ ကလေးများနေ့ အစရှိတဲ့ ပွဲတွေမှာလည်း ဗီဒီယို ရိုက်ကူးတဲ့အခါ ကင်မရာ ဘယ်နှစ်လုံးသုံးမလဲ၊ ဘယ်နေရာတွေမှာ တပ်ဆင်မလဲ၊ ဓါတ်ပုံက ဘယ်သူရိုက်မလဲ၊ အားလုံးက ကိုယ့်တာဝန်ပါပဲ။ ရိုက်ကူးပြီးစီးလို့ အခွေ ထွက်လာတဲ့ အထိ အဆင့်ဆင့်ကလဲ အဖွဲ့ခေါင်းဆောင် Consultant ရဲ့တာဝန်ပါပဲ။

တခါတလေ ဆရာမတွေက Print ထုက်လို့မရလို့၊ ပုံကို scan မကူးတတ်လို့၊ Photoshop သုံးတတ်ချင်လို့၊ CD Burn တတ်ချင်လို့ စတဲ့ အသေးအဖွဲလေးတွေက စပြီး၊ နောက်ဆုံး သူတို့ရဲ့ သင်ခန်းစာတွေမှာ IT ကို Integrate လုပ်နိုင်ဘို့အထိ ဘာပဲဖြစ်ဖြစ် ကိုယ့်ကို လာရှာတတ်ပါတယ်။ဥပမာအားဖြင့် သူတို့ရဲ့ သင်ခန်းစာမှာ Mammals အကြောင်းသင်ရမယ်ဆိုရင် ကလေးတွေကို zoo ကိုခေါ်သွားဘို့ သူတို့ကစီစဉ်ပြီဆိုပါတော့။ သူတို့က ကိုယ့်ကို ဒီ subject အတွက် Project တစ်ခုအနေနဲ့ IT ကဘာတွေလုပ်ပေးနိုင်သလဲဆိုပြီး လာတတ်ပါတယ်။

ဒါဆိုရင် IT department အနေနဲ့ Blog တစ်ခုကို End Product အနေနဲ့ လိုချင်တယ်လို့ Plan ရေးပြီး HOD နဲ့ ဆွေးနွေးရပါတယ်။ ပြီးရင်ကလေးတွေကို ပထမဆုံး အဆင့်ဖြစ်တဲ့ Internet Search လုပ်တာကနေ Blog တစ်ခု (ဓါတ်ပုံ၊ ဗီဒီယို ပြည့်ပြည့်စုံစုံ) တင်ပြီးသွားတဲ့ အထိ သင်ကြားသင့်တာသင်၊ Presentation လုပ်သင့်တာလုပ်ပြီး သူတို့ သတ်မှတ်တဲ့ အချိန်နဲ့ ကွက်တိ ဖြစ်အောင် သင်ခန်းစာတွေကို ပြင်ဆင်ပေးရ၊ လေ့ကျင့်ပေးရတတ်ပါတယ်။

နောက်တာဝန်တစ်ခုကတော့ ပြိုင်ပွဲတွေပါ။ ဒီနိုင်ငံရဲ့ကျောင်းတွေမှာ IT နဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတွေ အရမ်းများပါတယ်။ အစိုးရကလုပ်တဲ့ ပွဲတွေအပြင် Software Vendor တွေက လုပ်တဲ့ပွဲတွေလဲ အများကြီးပါပဲ။ ပြိုင်ပွဲတွေအတွက်ကတော့ ကျောင်းမှာရှိတဲ့ InfoCom Club က ကလေးတွေထဲက ရွေးချယ်ပါတယ်။ InfoCom Club ဆိုတာကတော့ IT နဲ့ပတ်သက်ပြီး သီးသန့် အချိန်ယူလေ့ကျင့်သင်ကြားပေးထားတဲ့ ကလေးတွေပါ။ ပြိုင်ပွဲတွေအတွက် Seminar တွေအရင်သွားတက်ရပြီး HOD နဲ့ တိုင်ပင်ရပါတယ်။ ဒီပြိုင်ပွဲကို ကိုယ့်ကျောင်းက ကလေးထည့်မလား၊ စသည်ဖြင့်ပေါ့။ ပြီးရင် Club မှာပါတဲ့ ကလေးတွေ အားလုံးကို Meeting ခေါ်ပြီးရွေးချယ်ရပါတယ်။ အနီးကပ် လေ့ကျင့်သင်ကြားကြရပြန်ပါတယ်။ ဆုတွေရလာတဲ့ အခါတော့လဲ ပီတိစားပြီး အားရှိရပြန်တာပဲပေါ့။

ကိုယ့်ရဲ့ မိခင် ကုမ္ပဏီကို နေ့တိုင်း Daily Activities Report တင်ရပါတယ်။ ဒါကတော့ ကုမ္ပဏီ Website ကို သုံးပြီး submit လုပ်လိုက်ရုံပါပဲ၊ အပတ်စဉ် သောကြာနေ့တိုင်း weekly report ကို HOD က လက်မှတ်ထိုးပြီး Fax ပို့ပေးရပါတယ်။ ၁ လ တစ်ခါလဲ Monthly Report ဆိုပြီး HOD လက်မှတ်နှင့် ကုမ္ပဏီမှာ လူကိုယ်တိုင် သွားတင်ရပါတယ်။ အဲဒီ နေ့ဟာ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဘက် Trainer အားလုံးကို တွေ့ရတဲ့ နေ့၊ ကိုယ်တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို လွတ်လပ်စွာ တင်ပြနိုင်ခွင့် ရှိတဲ့ နေ့လဲ ဖြစ်ပါတယ်။ ဒီ Reports တွေအားလုံးဟာ ရာထူးတက်ဖို့အတွက် အဓိက သော့ချက်တွေပါပဲ။

ဒါဆိုရင် စဉ်းစားစရာတစ်ခုက ဒီအလုပ်ရဲ့ အနာဂတ်ကဘာလဲ။ နောက်ဆုံး ဘာဖြစ်လာနိုင်သလဲဆိုတာပါပဲ။ ဒီအလုပ်က Primary Level ကနေတဆင့်ခြင်း Junior College အထိ Consultant အဖြစ်တက်သွားနိုင်သလို Company မှာ ပြန်ပြီးJunior Consultant တွေကို Trainer လုပ်နိုင်ပါသေးတယ်။ Management ဘက်ကို ကူးနိုင်ပါတယ်။ နောက်ဆုံးကတော့ Company ရဲ့ Training Department မှာ President အဆင့်ဖြစ်နိုင်ပါတယ်။ ကိုယ့်မှာအရည်အချင်းရှိရင်တော့ ပညာရေးနဲ့ ပတ်သက်တဲ့ ကုမ္ပဏီထောင်ပြီး Software ရောင်းနိုင်တာလဲ တစ်ခုပေါ့လေ။

ကျောင်းတွေမှာ နေရတဲ့ အတွက် ကလေးတွေရဲ့ ပြုမူလှုပ်ရှားမှုတွေကို စိတ်ဝင်စားတဲ့သူ၊ စာသင်ရတာပျော်တဲ့သူ၊ Knowledge Sharing လုပ်ချင်တဲ့သူ ၊ သူတပါးကို ကူညီနေရတာကို ပင်ပန်းတယ်လို့ မထင်တဲ့ သူတွေအတွက် သင့်တော်ပါတယ်။ ၀ါသနာကို အရင်းမခံဘဲ အလုပ်တစ်ခုနေနဲ့ လုပ်ရမယ်ဆိုရင်တော့ ပင်ပန်းတယ်လို့ ပြောရမယ့် အလုပ်မျိုးပါ။ ဆရာမတော်တော်များများက သူတို့ကို တစ်ခုခု ကူညီလိုက်ရင် နောက်တစ်နေ့မှာ ချောကလက်နဲ့ ကျေးဇူးတင်ကြောင်းရေးထားတဲ့ စာလေးတစ်စောင် လာပေးတတ်ပါတယ်။ ကလေးတွေကတော့ သူတို့ကိုယ်တိုင် ပန်းချီဆွဲထားတဲ့ Post card လေးတွေပေးတတ်ပါတယ်။ ဒီနိုင်ငံက ကျောင်းတွေမှာ ကလေးတွေက ဆရာမကို တွေ့ရင် ကိုရီးယား ကားတွေထဲကလို ခေါင်းလေးညွတ်ပြီး အရိုအသေပေးတတ်ပါတယ်။ ဒါကြောင့်မို့ တစ်နေ့ကို အနည်းဆုံး လူတစ်ရာလောက် အလေးပြုတာခံရတာကို ပြန်ပြီး ပြုံးပြနှုတ်ဆက်ဘို့ ၀န်မလေးတဲ့သူ၊ ချောကလက်ကြိုက်တတ်တဲ့သူတွေအတွက် သင့်တော်တဲ့ အလုပ်ကလေးတစ်ခု ဖြစ်ကြောင်းပါခင်ဗျား။ ။

Thursday, June 21, 2007

ကျွန်တော်နှင့်တရုတ်ကုလားဗျူးဆရာများ



ကျွန်တော်အသက် ၂၃ နှစ်မှာ အလုပ်စလုပ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး အလုပ်က IT ကုမ္ပဏီတစ်ခုမှာ စာသင်ရတာပါ။ အဲဒီတုန်းက ကျွန်တော့်အစ်ကိုက အဲဒီကုမ္ပဏီမှာရှိနေတော့ Interview ရယ်လို့ မယ်မယ်ရရ မလုပ်လိုက်ရဘဲ အလုပ်ရတာပါ။ စာသင်ခါစမှာ ချွေးနဲနဲ ပြန်တာကလွဲလို့ အစ်ကို ရှိတဲ့အတွက် စိတ်မပင်ပန်းခဲ့ဘူး ဆိုပါတော့ဗျာ။

ကျွန်တော့်ရဲ့ ဒုတိယအလုပ်ကတော့ အလုပ်ရှင်က အမေရိကားမှာနေပြီး မြန်မာပြည်မှာရှိတဲ့ သူ့အိမ်ကလေးမှာ Project တွေရေးရတာပါ။ လူ ၆ ယောက်ပဲရှိတာပါ။ ဒီအလုပ်ရဘို့ကတော့ စာမေးပွဲဖြေရပါတယ်။ Program တစ်ပုဒ်ရေးပြီးတင်ရပါတယ်။ ဒါကို သူကကြိုက်ပြီဆိုမှ သူ့အိမ်သွားပြီး Pshycho Test ဖြေရပါတယ်။ အဲဒီအဆင့်အောင်သွားမှ Interview က chatting နဲ့ပါ။ Personal question တွေပဲမေးတာပါ။ ဒါနဲ့ပဲ တကယ့် interview ဆိုတဲ့အရသာကို မသိလိုက်ရဘဲ အလုပ်ရပြန်တယ် ဆိုပါတော့ဗျာ။

ကျွန်တော့်ရဲ့ Interview စစ်စစ်ဆိုတာတွေကို စင်္ကာပူရောက်ပြီး

တပတ်ကျော်ကျော်လောက်မှာ စ ဖြေရပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး interviewer ကတရုတ်မတစ်ယောက်ပါ။ သူက Agent ဆိုပါတော့။ သူက ကျွန်တော့် resume ထဲက အချက်အလက်တွေကို ပြန်မေးတယ်။ နည်းပညာဆိုင်ရာ မေးခွန်းလေးကို ရိုးရိုးလေးတွေပဲမေးတာပါ။ Java နဲ့ J2EE ဘာကွာလဲဆိုတာမျိုးပေါ့။ စိတ်လှုပ်ရှားတာရော၊ ရင်တုန်တာရော ပေါင်းပြီး ဖြေခဲ့ရတဲ့ interview ဆိုပါတော့ဗျာ။

ဒုတိယမြောက် interview ကျတော့ ကုလား ၂ ယောက်ဗျ။ ဒီ interview ကတော့ ကျွန်တော့် စိတ်တိုရတဲ့ interview လို့ပြောရမယ်။ ကျွန်တော်ရောက်ပြီး နာရီဝက်လောက်နေတဲ့အထိ ဒီကုလားတွေက ၀င်လိုက်၊ ထွက်လိုက်နဲ့ အလုပ်ရှုပ်နေကြတာဗျ။ မေးတဲ့အခါကျတော့လဲ သူတို့ကုမ္ပဏီရဲ့ လက်ရှိသုံးနေတဲ့ အကြောင်းအရာတွေနဲ့ ဘာမှမဆိုင်တဲ့ နည်းပညာအသစ်တွေချည်းပဲ လှိမ့်မေးတော့တာပဲ။ ဘာမှန်းညာမှန်းတောင် ကောင်းကောင်းမသိလိုက်ရပဲ ပြီးသွားတဲ့ interview ဆိုပါတော့လေ။

ဟဲဟဲ... တတိယမြောက် interview ကျတော့ ကျွန်တော်နဲနဲ interview ပါးဝလာပြီဆိုရမလားဘဲ။ ကြောက်စိတ်လန့်စိတ်သိပ်မရှိတော့ဘူးဗျ။ ဒီတခါ ကုလားမေးတဲ့ မေးခွန်းအားလုံး ကျွန်တော်ဖြေနိုင်တယ်။ ပျော်ပြီးပြန်လာတဲ့ interview တစ်ခုပေါ့ဗျာ။

စတုထ္ထမြောက် interview ကတော့ ကုမ္ပဏီသေးသေးလေးဗျ။ စုစုပေါင်းလူ ၄ ယောက် လောက်ပဲရှိတယ်။ ကျွန်တော်ကို ရောက်ရောက်ခြင်း စာရွက်နဲ့ဖောင်တိန်နဲ့ပေးပြီး Java နဲ့ Drag And Drop ဘယ်လိုလုပ်ရေးမလဲ..ရေးဆိုပြီး ထွက်သွားပါလေရော။ ကျွန်တော်လဲ ရေးချင်တာတွေရေးပြီး တင်လိုက်တယ်။ ဘာမေးခွန်းမှလဲ မမေးဘူးဗျာ။ တကယ်ပဲ။

ပဉ္စမမြောက် interview ကတော့ သူတို့ရေးထားတဲ့ exam ကိုဖြေရတယ်။ ပြီးတော့ ကျွန်တော့်ကို ၇၅ မှတ်ပဲရလို့ဆိုပြီး မခန့်ဘူးတဲ့ဗျာ။

ကျွန်တော့်ရဲ့ ၆ ကြိမ်မြောက် interview ကတော့ အလွန့်အလွန် ပြုံးရွှင်ဖော်ရွှေတဲ့ ကုလားမဗျ။ Agent ပဲဆိုပါတော့။ သူက Client တစ်ခုနဲ့ ချိတ်ပေးမယ်။ ဖုန်း စောင့်နေပါလို့ပြောတယ်။ ည ၉ နာရီ ခွဲ လောက်ကြတော့ ကုလားတစ်ယောက်က ဖုန်း ဆက်ပြီး ဗျူးလိုက်တာ ၁၁ နာရီ ခွဲ ရောပဲ။ Technical question တွေချည်းပဲ မေးတာ၊ ဖုန်းကိုင်ထားတဲ့ လက်ကိုချွေးပြန်ရောဗျို့။ အဲ ၃ ရက်လောက်နေတော့ offer letter ပေးမယ်ဆိုပြီး ခေါ်ရော။ ပျော်လိုက်သည် ဖြစ်ခြင်းပေါ့ဗျာ။ လေတချွှန်ချွှန်နဲ့ ငါကွ ဆိုပြီးသွားတာပေါ့။ ဟိုလဲရောက်ရော နောက် ၆ လ လောက်နေမှ စပြီးဆင်းရမဲ့ အလုပ်အတွက်တဲ့ဗျာ။ မြန်မာပြည်ပြန်ပြီး ၆ လ နေမှပြန်လာခဲ့တဲ့ဗျာ။ အလုပ်က ၂ နှစ် contract ကို passport လဲသိမ်းဦးမယ်ဆိုပဲ။ ကျွန်တော် မြန်မြန်ပြန်ပြေးလာခဲ့ရတဲ့ မှတ်မှတ်ရရ ဗျူးပါပဲဗျာ။

နောက်ကုလားတစ်ယောက်ကတော့ ဒီထက် ပိုဆိုးရောဗျို့။ သူက ကျွန်တော့်ကို စာသင်နိုင်မလားဆိုပြီးမေးတယ်။ ကျွန်တော်လဲ အလုပ်တစ်ခု မြန်မြန်ရဘို့က အရေးကြီးတော့ သင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ကို သောကြာနေ့မှာ interview လုပ်တယ်။ စနေနေ့ မနက် ၉ နာရီမှာ အစမ်းသဘောနဲ့ အတန်းတစ်ခု သင်ခိုင်းတယ်။ Course မရှိဘူး။ ကိုယ့်ဟာကိုယ်ရေးယူလာခဲ့တဲ့ဗျာ။ ဒါနဲ့ ကျွန်တော်လဲ ၃ နာရီစာပြင်ဆင်ပြီး သွားတယ်ပေါ့ဗျာ။ တကယ်က သူတို့က အတန်းဖွင့်ပြီးသား။ ဆရာမရှိသေးလို့ ကျွန်တော့်ကို ဆွဲခန့်လိုက်တာပေါ့ဗျာ။ စနေနေ့ သင်ပြီးသွားတော့ တနင်္ဂနွေနေ့လဲ သင်လိုက်ပါဦးတဲ့ဗျာ။ တနင်္လာနေ့ကျရင် MOM မှာကျွန်တော့်အတွက် SPass တင်ပေးမယ်လို့ဆိုတယ်။ ကျွန်တော်လဲ ဪ..ငါကံကောင်းလာပြီပေါ့... ဒါနဲ့ စောင့်နေလိုက်တာ တနင်္လာ ၂ ခါပြန်ကုန်သွားပြီ။ ဘာမှလဲ မပြောဘူး။ ကျွန်တော်သွားတိုင်း အလုပ်ရှုပ်ချင်ယောင်ဆောင်နေတော့တာပဲ။ ဒါနဲ့ ကျွန်တော် ဇွတ်ဝင်ပြောတော့မှ သူတို့ကုမ္ပဏီက Quota မပြည့်လို့ မရဘူးတဲ့ဗျာ။ ဒါပေမယ့် ဒီအတန်းကိုတော့ ပြီးအောင် သင်ပေးပါ။ ၂၀% ပေးပါမယ်တဲ့။ ဒါနဲ့ပဲ နောက်ဆုံး ၃၀% နဲ့ဈေးတည့်သွားရောဆိုပါတော့ဗျာ။ ကျွန်တော့်ကို နောက်နေ့မှာ တ၀က်ပေးမယ်။ သင်တန်းပြီးသွားရင် ကျန်ငွေအကုန်ရှင်းပေးမယ် ပေါ့ဗျာ။

နောက်တော့ ကုလားက စရံမပေးပြန်ဘူး။ ကျွန်တော်လဲ သည်းခံနေသေးတယ်။ နောက်နေ့ကြတော့ စာသင်ခန်းမအားလို့ဆိုပြီး ဧည့်ခန်းမှာ ကျွန်တော့်ကို computer မပါဘဲ Java သင်ခိုင်းတယ်။ ကျွန်တော်လဲပေါက်ကွဲပြီး သင်ပြီးသား အချိန်တွေအတွက် ပိုက်ဆံရအောင် တောင်းပြီးပြန်လာခဲ့တော့တယ်။ ကျွန်တော့် သင်တန်းသားတစ်ယောက်ကိုတော့ အပြင်မှာ အလကား သွားသင်ပေးလိုက်တယ်။ သူက SCJP ဖြေဖို့ အချိန်အရမ်းကပ်နေလို့ပါဆိုပြီးတောင်းပန်တာနဲ့။ တကယ်ပါဗျာ... သူတို့နိုင်ငံက ကန့်သတ်ပေးထားတဲ့ အချိန်ကလေး အတွင်းမှာ အလုပ်တစ်ခုရဖို့ အတွက်ကြိုးစားရတာ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးပါတယ်။

ဒီလိုနဲ့ ကျွန်တော်လဲ ၀ါးတားတား interview ၂ ခုလောက်ထပ်ဖြေပြီး အခုလက်ရှိ အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ချိတ်မိသွားပါတယ်။ မိဘလုပ်ကျွေးနိုင်တဲ့ အခြေအနေလေးတစ်ခု ဆိုပါတော့ဗျာ။ မိဘကို ၀ရုံကျွေးနိုင်တာပါ။ အလျှံပယ်တောင် မဟုတ်သေးပါဘူး။ ဒါပေမယ့် ဒီအခြေအနေတစ်ခု ရလာဘို့ ဖြတ်သန်းခဲ့ရတဲ့ ခါးသီးမှုကတော့ မမေ့နိုင်ဘူးဗျာ။ တစ်ယောက်ထဲနေပြီး မရေရာမှုတွေကြားမှာ ရေရာတာလေးတစ်ခုတစ်လေများရှိမလားလို့ ရှာရတဲ့ အချိန်မှာ ဘုရားချည်းလှိမ့်ရှိခိုးနေမိတော့တာပဲ။

Pass ကျလာပြီး collect လုပ်ဘို့ဆေးစစ်တော့လဲ ကျွန်တော့် result က ၂ ပတ်နေတဲ့အထိထွက်မလာပြန်ဘူး။ မဟုတ်တာ မလုပ်ခဲ့ပေမယ့် (ဆေးလိပ်အရမ်းသောက်တာကလွဲလို့) ပုံမှန်မဟုတ်ဘဲ ကြာနေတော့ လူကသွေးပျက်လာပြန်ရော။ ဟာ.. နောက်ဆုံးအဆင့်ရောက်မှ ငါ့ကို ရိုက်ချပြီလားဆိုပြီးအိပ်မပျော်ပြန်ဘူး။ တစ်ယောက်ယောက်နဲ့ စကားပြောရရင် သက်သာမယ်ဆိုတာ သိပေမယ့် ဖုန်းဖိုးနဲ့ ပါလာတဲ့ ပိုက်ဆံလဲ ပြောင်ခါနီးနေပြီ။ ထိုင်လဲမဟုတ်၊ ထလဲမဟုတ်၊ တော်တော်ဆိုးတဲ့ ဘ၀ဗျာ။ အခုအချိန်မှာ အေးအေးဆေးဆေးပြန်ပြောနိုင်ပေမယ့် အဲ့ဒီအချိန်က ပူပင်သောကတွေက အခုစာရေးနေတဲ့ အချိန်မှာတောင် အငွေ့ဟပ်နေတုန်း။ ဘာပဲပြောပြော ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ၁ လ ခွဲတာကာလကို တစ်ယောက်သောသူကတော့ ဂုဏ်ယူပါလိမ့်မယ်။ တော်ပြီပေါ့ဗျာ...နော့။ နာမည်ကြီးကဗျာဆရာကြီးတစ်ယောက်ရဲ့ စကားနဲ့ပြောရင်
ကဗျာတွေ အမှန်လှပေမယ့်
ဒဏ်ကတော့ ပြင်းပါတယ်... ဆိုတာမျိုးလေ။ ။

Sunday, June 17, 2007

ကျောင်းနေပျော်သော၊ စာတော်သော...



စင်္ကာပူနိုင်ငံရဲ့ မူလတန်းကျောင်းလေးတွေမှာ ချစ်စရာကောင်းတဲ့ ပွဲလေးတစ်ခုရှိပါတယ်။ ကျောင်းစနေတဲ့ ကလေးလေးတွေ အတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲလေးပါ။ ဒီမှာတော့ Junior Investiture Day လို့ခေါ်ပါတယ်။

ဒီနိုင်ငံမှာ Primary 1 စတက်ရတဲ့ ကလေးတွေရဲ့ ပထမဆုံးနေ့က Primary 1 Orientation Day ပါ။ ကျောင်းတစ်ကျောင်း နှင့် တစ်ကျောင်း ပြုမူဆောင်ရွတ်ပုံခြင်း တူမှာ မဟုတ်ပေမဲ့ ကလေးငယ်တွေကို မိဘသဖွယ် ဂရုစိုက်တာခြင်းတော့ တူမှာပါ။ ကျွန်တော်တွေ့ရတဲ့ ကျောင်းမှာတော့ ကလေး တွေအားလုံးဟာ ကျောင်းစတက်တဲ့ ပထမဆုံးနေ့ နေ့လည် ၁၂:၀၀ မှာ Assembly Area မှာ တန်းစီကြရပါတယ်။ ကိုယ့်အတန်းလိုက် သက်ဆိုင်ရာနေရာမှာ စီရတာပါ။ မိဘတွေအားလုံး က စည်းအပြင်ဘက် ကနေ ရပ်ကြည့်နေရပါတယ်။ Video ရိုက်တဲ့ မိဘကတစ်မျိုး၊ ဓါတ်ပုံရိုက်တဲ့မိဘကတစ်မျိုး၊ အတွေ့အကြုံသစ်ကို ရင်ခုန်နေတဲ့ မိမိရင်သွေးကို နည်းမျိုးစုံနဲ့ မှတ်တမ်းတင်နေကြပါတယ်။ ကျောင်းအုပ်ကြီးအပါအ၀င် ဆရာ၊ ဆရာမ တွေအားလုံး၊ သက်ဆိုင်ရာ Primary 1 ဘာသာရပ်ဆိုင်ရာ Department Heads တွေအားလုံး၊ School Safety Manger ၊ Discipline Master တွေအားလုံး ကလေးတွေရဲ့ ကျောပိုးအိတ်လေးတွေကို ကူသယ်ပေးရင်း၊ ရေဗူးလေးတွေကို နေရာချပေးရင်းနဲ့ ကလေးအားလုံးရဲ့ရင်ကို နွေးထွေးစေပါတယ်။

ထူးခြားတာကတော့

ကလေးတစ်ယောက်တစ်လေမှ ငိုကြွေးခြင်းမရှိတာပါပဲ။ မြန်မာပြည်မှာတော့ ကျောင်းစတက်တဲ့နေ့ဟာ တချို့ကလေးတွေက ငို၊ မိခင်တွေက မျက်ရည်ဝဲ၊ ဆရာမတွေက ချော့တခါ၊ ခြောက်တလှည့်နဲ့ တော်တော်အလုပ်ရှုပ်ကြရတာပါ။ ဒီမှာတော့ မိဘတွေက video ရိုက်၊ ကလေးတွေက ပြုံးပြလိုက်၊ လက်ထောင်ပြလိုက်၊ တာတာ့ပြလိုက်နဲ့ ပျော်ရွှင်နေကြလေရဲ့။

ကလေးအားလုံးတန်းစီပြီးတဲ့အခါ သက်ဆိုင်ရာအတန်းပိုင်ဆရာမက သူတို့လေးတွေရဲ့ အတန်းဆီကို ဦးဆောင်ခေါ်ယူသွားပါတယ်။ မိဘတွေကတော့ Parent Area ကနေပဲ ရပ်ကြည့်နေကြရပါတယ်။ အတန်းတွေထဲကို ၀င်ခွင့် မရှိပါဘူး။

ကလေးတွေရဲ့ Classroom က အရမ်းချစ်စရာကောင်း ပါတယ်။ Smart Board နဲ့၊ Computer နဲ့၊ ကလေးအရုပ်မျိုးစုံ၊ ကစားစရာမျိုးစုံနဲ့၊ ကစားကွင်းနဲ့တောင်တူနေလေရဲ့။ မုန့်စားဆင်းချိန်မှာတော့ Primary 5 ကလေးတစ်ယောက်ချင်းစီက Primary 1 ကလေးတစ်ယောက်ချင်းစီကို တာဝန်ယူပြီး မုန့်လိုက်ကျွေးရပါတယ်။ Canteen ကိုလိုက်ပို့ပေးရပါတယ်။ ကစားကွင်းတွေ၊ ကျောင်းထဲက ပန်းခြံတွေကိုလိုက်ပြပေးကြရပါတယ်။ ယုယုယယနဲ့ မုန့်ကျွေးပြီးဆော့ကစားနေကြတာ အလွန်ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတွေပါပဲ။

ကျောင်းမှာရှိတဲ့ IT Department ကဒီ Primary 1 ကလေးတွေရဲ့ တနေကုန်ပြုမူလှုပ်ရှားပုံတွေကို Camera ၃၊ ၄ လုံးနဲ့ မှတ်တမ်းတင်နေပါတယ်။ သူတို့သွားလေရာ လိုက်ပြီးကလေးတွေရဲ့ လှုပ်ရှားမှု တွေအားလုံးကို မှတ်တမ်းတင် ရိုက်ကူးနေကြတာပါ။

ကလေးတွေက သူတို့အတန်းပိုင်ဆရာမတွေကို ချစ်လဲချစ်၊ ကြောက်လဲကြောက်ပါတယ်။ ကြိမ်လုံးနဲ့ ရိုက်ခွင့်မရှိတဲ့အတွက် ဆရာမတွေခမျာ တော်တော်ပင်ပန်းရှာပါတယ်။ သူတို့ကတော့ သင်္ကေတတွေနဲ့ ကလေးတွေကို ထိန်းပါတယ်။ ဆရာမကလက်ကိုမြှောက်ပြလိုက်တဲ့အခါ ကလေးအားလုံးက လိုက်ပြီးလက်မြှောက်ရပါတယ်။ ဆရာမက One လို့ဆိုလိုက်ရင် သူတို့အားလုံးပါးစပ်တွေပိတ်ရပါတယ်။ Two လို့ဆိုရင်တော့ လက်ပိုက်ပြီးသားဖြစ်သွားပြီး Three လို့ဆိုလိုက်ရင်တော့ သူတို့အားလုံးရဲ့မျက်လုံးတွေဟာ ဆရာမကိုပဲ ကြည့်ရပါတယ်။ ဒီစည်းကမ်းကို မလိုက်နာရင် အတန်းရှေ့ထွက်ပြီး မတ်တပ်ရပ်တာတို့၊ အတန်းအပြင်ထွက်ပြီး နေရတာတို့ စတဲ့ ဒဏ်ပေးတာတွေလုပ်ပါတယ်။ ကလေးတော်တော်များများကတော့ ဆရာမလက်မြှောက်လိုက်တာနဲ့ စကားပြောနေတာတွေရပ်၊ သူတို့ဆော့နေတာတွေရပ်ပြီး ဆရာမကို ကြည့်လက်မြှောက်လိုက်ကြတာပါပဲ။ ဒီအပြုအမူလေးတွေက အရမ်းချစ်စရာကောင်းပါတယ်။

Junior Investiture Day ကိုကလေးတွေကျောင်းစတက်ပြီး ၃ ပတ်လောက်မှာ မိဘတွေအားလုံးကို ဖိတ်ကြားပြီး ကျင်းပပါတယ်။ ပွဲစ စခြင်းမှာကလေးအားလုံးနဲ့ သက်ဆိုင်ရာ ဆရာ၊ဆရာမတွေနေရာယူပါတယ်။ ပြီးရင်တော့ ကလေးတွေရဲ့ emotion တွေကို ရိုက်ကူးထားတဲ့ video ကိုပြပါတယ်။ မိဘတွေ တ၀ါးဝါးနဲ့ ပျော်ရွှင်တဲ့အချိန်ပါပဲ။ တချို့ကလေးတွေက သူတို့ကို video သွားရိုက်ရင် အိုက်တင်အမျိုးမျိုး ပြန်လုပ်ပြပါတယ်။ အတန်းထဲမှာ စာသင်နေတဲ့ အချိန်တွေ၊ ကစားနေတာတွေ၊ မုန့်စားနေတာတွေ အားလုံး မိဘတွေက မြင်ကြရပါတယ်။ အဲဒီနောက်မှာတော့ ကျောင်းအုပ်ကြီးက မိန့်ခွန်းတိုလေး ပြောပါတယ်။ ဆရာမတွေနဲ့ ကလေးတွေရဲ့ ဓါတ်ပုံတွေကို Slide Show နဲ့ပြပါတယ်။ နောက်ဆုံးမှာတော့ ကလေးတွေက Primary 5 ကလေးတွေနဲ့အတူ Voices That Care ဆိုတဲ့ သီချင်းကို မတ်တပ်ရပ်ပြီး သီဆိုပြကြပါတယ်။ ဟန်အမူအရာအပြည့်နဲ့ သီဆိုနေကြတဲ့ ကလေးတွေကိုကြည့်ရတာ အလွန်အားရစရာကောင်းပါတယ်။

ဒီပွဲလေးကို မြင်ရတဲ့အခါ ကိုယ့်နိုင်ငံက ကျောင်းတွေမှာလဲ ဒီလိုလေးလုပ်ရရင်ကောင်းမှာပဲလို့စဉ်းစားမိပါတယ်။ ဒီမှာကလေးတွေက ကျောင်းမှာအရမ်းပျော်ကြတယ်။ ကျောင်းသွားရမှာ ကြောက်တဲ့ကလေး တော်တော်ရှားတယ်။ တချို့ကလေးတွေဆိုရင် ကျောင်းဆင်းပြီးသွားရင်တောင်မပြန်သေးဘဲ Library တွေမှာစာဖတ်နေကြလေရဲ့။

မူလတန်းကတည်းက ကျောင်းမှာပျော်တော့ စာတော်ဖို့လဲ မခဲယဉ်းတော့ဘူးလေ။ တိုးတက်တဲ့ တိုင်းပြည်ရဲ့ ပြယုဂ်တစ်ခုပဲ ထင်ပါရဲ့။ ပညာရေးကို ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်အောင် ကြိုးစားပမ်းစားလုပ်ဆောင်တာခံနေရတဲ့ ကိုယ့်တိုင်းပြည်က ကလေးတွေကို ကရုဏာသက်မိသလို ဒီနိုင်ငံမှာ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ခွင့်ရတဲ့ ကလေးတွေကိုလဲ မုဒိတာပွားမိပါတယ်။ ဒီနိုင်ငံမျိုးမှာကျောင်းထားနိုင်အောင် (ရိုးသားစွာ)ကြိုးစားရုန်းကန်နေကြရရှာတဲ့ ကိုယ့်နိုင်ငံက မိဘတွေ အားလုံးရဲ့ မေတ္တာတရားကိုလဲ လေးစားစွာ ဦးညွှတ်မိပါတော့တယ်။ ။