Sunday, July 15, 2007

ကလေးတွေရဲ့ NE Show



စင်္ကာပူနိုင်ငံရဲ့ National Day မရောက်ခင်မှာ Primary 5 ကလေးတွေကို ခေါ်ပြတဲ့ ပွဲလေးကို National Education (NE) Show လို့ခေါ်ပါတယ်။ ဒီပွဲမှာ ပြတဲ့ Performance တွေကို National Day မှာ လူထုကို ပြတာပါ။ အရွယ်ရောက်စပြုတဲ့ ကလေးတွေရဲ့ ရင်ထဲကို မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တွေ ရိုက်သွင်းပေးနိုင်တဲ့ တော်တော် ထိရောက်မှုရှိတဲ့ ပွဲလေးတစ်ခုပါပဲ။

ဒီပွဲကို စင်္ကာပူရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Marina Bay မှာ ကျင်းပတာပါ။ ကွင်းထဲကို ၀င် ၀င်ချင်းမှာ ဘေးလွယ်အိတ် ကြီးတစ်လုံးစီဝေပါတယ်။ အဲဒီအိတ်ထဲမှာ မုန့်မျိုးစုံ၊ စင်္ကာပူအလံ၊ မီးထွန်းပြီး ဝေ့ရမ်းနိုင်တဲ့ ကြယ်ပုံစံ အရုပ်လေးများ၊ အသားမှာ ကပ်လို့ရတဲ့ (စင်္ကာပူအလံ) စတစ်ကာလေးများ၊ ဖွင့်လိုက်ရင် Happy Birthday Singapore ဆိုပြီး မီးလင်းလာတဲ့ ပန်ကာလေးများ၊ ရေသန့်ဘူး နှင့် မီးလုံးလေးနှစ်လုံး ပါတဲ့ ချစ်စရာ ဦးထုပ်လေးများ ပါဝင်ပါတယ်။

ပထမဦးဆုံး စင်္ကာပူနိုင်ငံ အတွက်စပ်ဆိုထားတဲ့ သီချင်းများကို အဆိုတော်များက ကားလေးများ ပေါ်မှ သီဆိုကြပါတယ်။ အဲဒီအချိန်မှာတော့ ကလေးတော်တော်များများက သီချင်းကိုစိတ်မ၀င်စားကြပါဘူး။ သူတို့ အထုပ်ကြီးတွေနဲ့ အလုပ်ရှုပ်နေကြတာပါ။ ဓါတ်ခဲထည့်ရ၊ မုန့်စားကြနဲ့ ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ကြပါဘူး။



အဲဒီနောက်မှာတော့ စင်္ကာပူရဲ့ နာမည်ကြီး Orchestra တစ်ခုက အကတွေနဲ့ ဖျော်ဖြေပါတယ်။ အရောင်တောက်တောက်ပပနဲ့ အရုပ်တွေလို ၀တ်စားထားတဲ့ လူငယ်တွေကလဲ ကလေးတွေကြားမှာ ဆပ်ပြာပူဖောင်းလေးတွေ လိုက်မှုတ်နေကြပါတယ်။
အဲဒီအချိန်မှာ Presenter တွေက စင်္ကာပူနိုင်ငံသား ဖြစ်ရတာ ဂုဏ်ယူသလားလို့ မေးတဲ့အခါ ကလေးအားလုံးက Yes လို့ အကျယ်ကြီး အော်ပြီး ဖြေကြလေရဲ့။ လက်ထဲက သူတို့နိုင်ငံ အလံတွေက လေထဲမှာ တဖျတ်ဖျတ်နဲ့ပေါ့။
အဲဒီနောက်မှာတော့ ကြည်း၊ရေ၊လေ တပ်များ ချီတက်လာကြပါတယ်။ ပညာရေးဝန်ကြီးလာတဲ့အခါ ကလေးတိုင်းက ဆရာမတွေ ဘာမှ ပြောစရာမလိုဘဲ မတ်တတ်ရပ်ပြီး နှုတ်ဆက်ကြလေရဲ့။ စစ်သားတွေက ၀တ်စုံအပြည့်နဲ့ ကလေးတွေကြားထဲ ၀င်ပြီး သရုပ်ပြတဲ့အခါ သူတို့လေးတွေ ဂုဏ်ယူကြည်နူးတဲ့ အပြုံးတွေနဲ့ ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်လို့။ စစ်သားတွေကို သူတို့က ချစ်တယ်တဲ့လား။
အဲဒီနောက် လေထီးနဲ့ လူ ၅ ယောက်က ကောင်းကင်ယံကနေ စင်မြင့်ရှိရာ ရေပြင်ဆီကို ဆင်းသက်တဲ့ သရုပ်ပြကွက်ကို ပြပါတယ်။ သူတို့တွေတစ်ယောက် ဆင်းလာတိုင်း ကလေးတွေက စင်္ကာပူ လို့ အော်လိုက်ကြတာ မိုးပွင့်မတတ်ပါပဲ။ ကလေးတွေရဲ့ ရင်ထဲမှာ သူတို့တိုင်းပြည်၊ သူတို့ရေမြေကို ဂုဏ်ယူတတ်အောင် ငယ်ငယ်လေးထဲက လေ့ကျင့်သင်ကြားပေးတာ ထင်ပါရဲ့။

ကလေးတွေအကြိုက်ဆုံးပြကွက်ကတော့ ရဟတ်ယာဉ်တွေနဲ့ စင်္ကာပူ အလံကို သယ်ဆောင်လာတဲ့ ပြကွက်ပါပဲ။ ကလေးတော်တော်များများ မတ်တတ်ရပ်ပြီး ဓါတ်ပုံတွေ ရိုက်လိုက်ကြတာ။ ဒီကြားထဲ အလေးပြုနေတဲ့ ကလေး ကရှိလို့ ရီကြရသေးတယ်။ တိုက်လေယာဉ်တွေ ကလဲ ပြကွက် အမျိုးမျိုးနဲ့ ပျံသန်းပြသကြလေရဲ့။ ကလေးတစ်ယောက်ကတော့ ငါကြီး လာရင် တိုက်လေယာဉ်မောင်းမယ်လို့ အကျယ်ကြီးအော်နေလေရဲ့။ ဒါ့အပြင်တင့်ကားတွေကလဲ ကွင်းထဲမှာ မောင်းပြတယ်။ ပွဲကြည့်စင်ကနေ လှမ်းမြင်နေရတဲ့ တံတားပေါ်ကနေ စစ်သားတွေက ရေထဲ ဒိုင်ဗင်ထိုးပြကြတယ်။ ကလေးတွေရဲ့ ရင်ကို တက်ကြွစေတဲ့ ပြကွက်တွေပေါ့နော်။

ဒါအပြင် လေဆာရောင်ခြည်နဲ့ ပုံဖော်ပြီး ကပြတဲ့ ကကွက်တွေနဲ့ မီးရှုးမီးပန်း မျိုးစုံကိုလဲ ပစ်ဖေါက်ပြသေးတယ်။ ၅ နာရီလောက် က စပြီး ပြတဲ့ ပွဲဟာ ၈ နာရီ ခွဲမှာ ပြီးဆုံးသွားပါတယ်။

ပညာရေးကို ဦးစားပေးတဲ့ တိုင်းပြည်မှာ ကလေးတွေ ပညာတော်ဘို့ အပြင် တိုင်းပြည်ကို ချစ်အောင်လဲ လေ့ကျင့်သင်ကြားပေးကြရမှာပေါ့လေ။ ကိုယ့်တိုင်းပြည်မှာ ပညာတတ်တွေ နေချင်လေ၊ တိုင်းပြည်တိုးတက်လေ ပဲပေါ့လေ။

ကလေးတွေပိုင်တဲ့ အနာဂတ်ကို သူတို့စိတ်ကြိုက် ပုံဖော်တဲ့ အခါ တိုင်းပြည်ချစ်စိတ်နဲ့ ပုံဖော်နိုင်စေဖို့ ပြုလုပ်တဲ့ ပွဲလေးတစ်ခုပဲလို့ မှတ်ချက်ချမိ ပါတော့တယ်။ ။



7 comments:

ဂျစ်တူး - gyit_tu said...

အဲ ပို့စ်က ဒီတခါ တိုနံ့နံ့ပါလားး)

NE Show လုပ်တာ မသိဘူး ။ rehearsal တွေပဲ လုပ်တယ် ထင်တာ ။

National Stadium ကြီးကိုတော့ လွမ်းသား ။

ဒါနဲ့ ခုပဲ ကိုအင်ဒီကိုပြောနေတာ.. seen be seen ကို ပို့စ်တင်ခိုင်းပါဦးလို့း)

See N B Seen said...

ကျွန်တော် testing လုပ်နေတုန်း အစ်မ ဖတ်မိသွားလို့ပါ။ အခုတော့ တိုနံ့နံ့ မဟုတ်တော့ပါဘူး။ :)

ဂျစ်တူး - gyit_tu said...

ခု မတို တော့ဘူးး)

ဒီနိုင်ငံရဲ့ နေရှင်နယ်ဒေးကို အမြဲကြည့်ရပြီး ဘယ်တော့မှ မရိုးနိုင်အောင်ပဲ ။ နောက် အဲဒီနေ့တိုင်း Stand up for Singapore တို့ သီချင်းတွေဆိုနေတဲ့ လူတွေဆီမှာ unity အပြည့်ပဲ ။

ကလေးတွေကို ပညာသာမက မျိုးချစ်စိတ်ပါ သင်ပေးနေတယ်ဆိုတဲ့ အတွေးအခေါ်လေးကြိုက်တယ်ရှင် ။

ဒီနိုင်ငံကလူတွေ နေရှင်နယ်ဒေး လက်မှက်ကို မရမက ၀ယ်နေကြတဲ့အချိန် ၊ seen N B seen က သြဂုတ်မတိုင်ခင် ကြည့်လိုက်နိုင်တယ်ဆိုတော့ ၊ ကောင်းလေစွး)

See N B Seen said...

အစ်မရေ
အမြဲတမ်း ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။
ဒါနဲ့ ကျွန်တော့် နာမည်လေး မှားနေတုန်းပဲ အစ်မရေ :)
ပထမ see မှာ "n" တစ်လုံး ပိုနေပါတယ်ခင်ဗျာ။

ဂျစ်တူး - gyit_tu said...

ဟဲဟဲ စာသာလာဖတ်ဖြစ်နေတာ .. ကိုယ့်ဘလောဂ့်ကဟာတွေ ပြန်မပြင်အားသေးလို့ ။ ဒီည ပြင်လိုက်မယ်ဗျို့း)

ဒါနဲ့ see n be seen က ကျမထက် ငယ်လား ။ သေချာအောင်မေးရတာ ။ တချို့က လေးစားသမှု “မ” တတ်ခေါ်လို့ ။

See N B Seen said...

ကျွန်တော့်အသက် ၂၇ နှစ်ရှိပါပြီ။ ၃၀ နားနီးနေပါပြီ။ မဂျစ်တူးက ကျွန်တော့် ထက် ငယ်မယ်ထင်တာပဲ :)

ဂျစ်တူး - gyit_tu said...

၂၇ဆို တို့ထက် ငယ်တာပေါ့ ။ တို့က မကြာသေးခင်ကပဲ ၂၉ပြည့်တား) ဒီတပတ်အတွက် ပို့စ်ကို စောင့်နေပါတယ် ။