Sunday, November 30, 2008

ဘာဘာနီ


ရုံးဆင်းချိန် ရထားပေါ်မှာ အိန္ဒိယနွယ်ဖွား ကုလား (သို့) ကုလားမ တစ်ယောက်ယောက်နှင့် နီးနီးကပ်ကပ် စီးဖူးပါသလား။ ဒါမှမဟုတ် ငြိမ်ငြိမ်လေးရပ်ပြီးစီးရတဲ့ ရထားကြပ်ကြပ်ပေါ်မှာ မျက်နှာချင်းဆိုင်က ကုလား လက်မြောက်လိုက်တာမျိုး ကြုံဖူးပါသလား။ အကယ်၍ မကြုံဘူးဖူးဆိုလျှင် သင်သည် အလွန်ကံကောင်းသူဖြစ်ပေလိမ့်မည်။


လူ (၈၀) ကျော်ရှိသော မိမိလုပ်ငန်းခွင်တွင် အိန္ဒိယနွယ်ဖွား ကုလားမ ၅ ယောက်သာရှိသည်။ အများစုမှာ မလေးရှားမများနှင့် တရုတ်မများသာ ဖြစ်ကြသည်။ ထို ၅ ယောက်သော ကုလားမတို့သည် ဘုရားစူး ကုလားမ ဟုဆိုရမည်ပင်။ ကုလားစော်နံသော ကုလားမ များမဟုတ်ကြ။ သန့်ရှင်းသပ်ရပ်စွာ နေတတ်သော၊ မဆလာနှင့် နွားနို့ညှီနံ့ထွက်နေမတတ်သော ကုလားမများ ဖြစ်လေသည်။ ပတ်ဝန်းကျင်က သူတို့ကုလားမ ဆိုတာကို မေ့လျော့နေစေတတ်သော ကုလားမများဖြစ်ကြသည်။ ဘာဘာနီ ရောက်မလာခင် အထိဆိုပါတော့လေ။

ဘာဘာနီဆိုသည့် အသက် ၂၃ နှစ်အရွယ်၊ ကုလားမ ၀၊ ၀ လေးရောက်လာပြီး တစ်ပတ်လောက်အကြာတွင် အားလုံးပွစိပွစိ ဖြစ်ကုန်ကြသည်။ ထမင်းစားချိန် ပြောကြသော စကားဝိုင်းများတွင် ဘာဘာနီ က အဓိက အကြောင်းအရာ ဖြစ်လာခဲ့သည်။ စားပွဲခြင်းကပ်ရက် ထိုင်ရသော တရုတ်မလေးခမျာ ရူဆေးဗူး အမြဲရူနေရသော အဆင့်သို့ရောက်နေချေပြီ။ သူမခမျာ ရုံးလာရမှာကို ကြောက်နေရှာလေပြီ။

ထိုသတင်းသည် ရှိနှင့်ပြီးသော ၅ ယောက်သော ကုလားမများထံ တမဟုတ်ချင်း ကူးစက်သွားလေသည်။ ကုလားမများ ခေါင်းခဲကြလေပြီ။ "ကုလားတွေက အရမ်းနံတာပဲ" ဆိုသောစကားသည် သူတို့ထိန်းသိမ်းခဲ့သောဂုဏ်သိက္ခာကို ထိပါးနေချေပြီ။ ဘာဘာနီ စီမံချက်ကို အမြန်ရေးဆွဲကြလေသည်။ ပထမဆုံးတာဝန်ယူလိုက်သည်က ကာရိုလိုင်း ဆိုသည့် ကလေးသုံးယောက် အမေ ကုလားမ။ သူမအတွေးက "မိန်းမအချင်းချင်းပဲ၊ ရင်းနှီးသွားရင် သတိပေးလိုက်ရုံပေါ့" ဘာဘာနီ ပြဿနာသည် သူမအတွက် သေးသေးမွှားမွှားပင်။

စီမံချက်အရ ကာရိုလိုင်းသည် ဘာဘာနီ နှင့် ရင်းနှီးအောင် အရင်ပေါင်းရသည်။ သူမသည် အလွန်စိတ်သဘောထားပြည့်ဝသော ကုလားမ တစ်ယောက် ဖြစ်သည်။ အလွန် အသန့်အပြန့်ကြိုက်သည်။ လက်သည်း၊ ခြေသည်း အမြဲးဆိုးထားပြီး ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ချည်နှောင်ထားသည်။ ရှင်းရှင်းပြောရလျှင် တကိုယ်ရေ သန့်ရှင်းမှုကို အရမ်းဂရုစိုက်သောသူဖြစ်သည်။ ကာရိုလိုင်းသည် နေ့လည်ထမင်းစားချိန်တွင် ဘာဘာနီ နှင့် အတူတူစားရသည်။ လက်သည်းရှည်ရှည်၊ ဂျီးအပြည့်နှင့် ဒံပေါက်ထမင်းစားနေသော ဘာဘာနီကို သူမတော်တော် စိတ်ညစ်နေပုံရသည်။ သို့သော် ကာရိုလိုင်းသည် အလွန် စိတ်ရှည်သောသူ ဖြစ်သည်။ "ဇွန်းနဲ့ စားပါလား။ ဆာရီပေါ်ကို ကြက်သားဟင်း အနှစ်တွေ ကျကုန်ဦးမယ်။" လို့ ချိုချိုသာသာ ပြောရှာသည်။ ဘာဘာနီ က မရိပ်မိ။ ဒံပေါက်ကို လက်နဲ့ ပဲ စားတတ်တယ် ဟု ပြန်ပြောသည်။ ကာရိုလိုင်း လည်း ငြိမ်နေလိုက်ရသည်။ ထင်သလောက် မလွယ်ဟု သက်ပြင်းခိုးချသည်။ ဘာဘာနီ ကား ဆပ်ပြာမတိုက်ဘဲ လက်ကို ရေနှင့် ပွတ်ကာ ထွက်သွားလေသည်။

တစ်လခန့်ကြာသော် ကာရိုလိုင်းက သူမတွေ့ရှိသော အဖြေကို တင်ပြလာသည်။ "ဘာဘာနီ ၏ ကုလားမ၀တ်စုံများသည် သူမအနားကို ဘယ်သူမှ မကပ်နိုင်သော တရားခံများ ဖြစ်သည်" တဲ့။ ချွေးမစုတ်နိုင်သော နိုင်လွန်လဲမဟုတ်၊ ဖော့ရှန်လိုလို ဘာလိုလို အ၀တ်စများကြောင့်ဟု စွပ်စွဲသည်။ ထိုပြဿနာကို ဖြေရှင်းရန် ဘာဘာနီ ၏ ဌာနမှ အကြီးအကဲ ကုလားမက တာဝန်ယူလိုက်သည်။ သူမနာမည် က ဂျာရန်သီ။

ဂျာရန်သီကား ပိန်ပိန်သေးသေးလေးနဲ့ အရမ်းသွက်သော ကုလားမဖြစ်သည်။ အသက် ၄၀ ဟု မထင်ရအောင် နုပျိုသည်။ စကားပြောလျှင်လည်း နှစ်လိုဖွယ် ကောင်းသည်။ အားလုံးက သူမကို ခင်မင်ကြသည်။ ဘာဘာနီ ကလဲ သူမကို ခင်လေသည်။ ဂျာရန်သီက သူ့လက်အောက်ဝန်ထမ်း အားလုံးကို တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ဘောင်းဘီရှည်နှင့် ရှပ်အင်္ကျီဝတ်ရမည်။ သောကြာနေ့တရက်သာ ကိုယ်နှစ်သက်ရာ လွတ်လပ်ပေါ့ပါးသော အ၀တ်အစား ၀တ်ရမည်ဟု "ကုလားမများအတွက်သာ" ဟုခေါ်ဆိုနိုင်သော တစ်ခါမှ မကြားဘူးသည့် အမိန့်ကို ထုတ်ပြန်လိုက်သည်။ ထိုနေ့က ဘာဘာနီ အလွန်စိတ်တိုနေလေသည်။ သူမမှာ မရှိသော ၀တ်စုံကို ၀တ်ခိုင်းရပါမည်လားဟု တော်တော်ခင်သော ဂျာရန်သီ ကို ဒေါသထွက်ပြီး အမိန့်အရ ရှော့ပင်း လုပ်ရန်ဟု အကြောင်းပြကာ စောစောပြန်သွားလေသည်။

ဘာဘာနီ ၏ ပုံသဏ္ဌာန်ကို မျက်စိထဲမြင်နိုင်ရန် အနည်းငယ် ပြောပြချင်သေးသည်။ အလွန်ဝသော ကိုယ်ခန္ဓာ အမျိုးအစား ဖြစ်သည်။ ပေါင် ၂၅၀ လောက် အသာလေးရှိသည်။ ဘယ်သူမှ ဘယ်နှစ် ပေါင် ရှိလဲဟု အသေအချာ မမေးရဲ။ အလွန်ပါး၍ ဦးရေကို မြင်နေရသော ဆံပင်ကို အမြဲ အပြောင်သိမ်း ချည်ထားသည်။ မနက်စာအတွက် ပေါက်စီ ၄ လုံး (သို့မဟုတ်) Curry Puff ၄ ခု နှင့် မိုင်လို သံဗူး ၃ ဗူး စားသောက်သည်။ အသီးအရွက်၊ အသီးအနှံ လုံးဝမစား။ မျက်နှာက အမြဲတမ်း စူပုပ်နေပြီး အပေါ်အောက် ၂ ခါလောက် လှေကား ၁၀ ထစ်လောက် တက်၊ ဆင်းပြီးလျှင် "အရမ်းပင်ပန်းတာပဲ" ဟု ပြောပြီး ၁ နာရီလောက် ထိုင်နေတတ်သည်။ နဲနဲလေး လှုပ်လိုက်လျှင် ချွေးအရမ်းထွက်တတ်ပြီး မခံမရပ်နိုင်လောက်အောင် ပြန်းထန်သော အနံ့အသက်မျိုးရှိသည်။ သူမထိုင်သွားသောနေရာတွင် နောက်တစ်ယောက်ထိုင်ဘို့ ၅ မိနစ်လောက် လေသလပ်ခံထားမှ ထိုင်နိုင်သည်။ သူမအခန်းထဲ ၀င်လာလျှင် မော့ကြည့်စရာမလို။ အားလုံးသိစေရမည်။ ဘာဘာနီ ၀င်လာပြီဟု။ မိမိတို့နိုင်ငံတွင် အသက် ၆၀ ကျော်တို့ တပ်လေ့ရှိသော ကော်ကိုင်း မျက်မှန်ဝိုင်းဝိုင်းကြီး တပ်ထားလေ့ရှိသည်။ မည်သူမဆို အသက် ၃၅ နှစ်လောက်ရှိပြီး အိမ်ထောင်သည် ဖြစ်မည် ဟု ခန့်မှန်းမိကြလေသည်။

နောက်နေ့တော့ ရှပ်အင်္ကျီအနက်၊ ဘောင်းဘီအနက်နှင့် ဘာဘာနီ ရောက်လာချေသည်။ "လှနေလိုက်တာ" ဟု ကုလားမတသိုက်က ၀ိုင်းပြီး ချီးကျူးကြသည်။ စီမံချက်အရပေါ့လေ။ ဘာဘာနီ လည်း မကျေမနပ်ဖြစ်နေတာလေး တော်တော်လျော့သွားသည် ဟုထင်ရသည်။ အင်္ကျီအသစ်၊ ဘောင်းဘီအသစ်နှင့် ထိုနေ့က ဘာဘာနီ ပြုံးနေလေသည်။

သို့သော် ပြဿနာက ပိုကြီးထွားလာသည်။ ၀ယ်လဲဝယ်တတ်ပါတဲ့ ဘာဘာနီ။ အင်္ကျီ၊ ဘောင်းဘီအားလုံး က အလတ်စတစ်ပါတဲ့ အသားမှာ ကပ်နေတတ်တဲ့ အစမျိုးတွေ ချည်းပဲ။ ကုလားမ၀တ်စုံထက် အနံ့ပိုပြင်းလာတဲ့အပြင် ပေါင် ၂၅၀ ကိုယ်လုံးဖြင့် တကိုယ်လုံး ကျပ်ထုတ်နေကာ အနံ့ အာရုံအပြင် အမြင်အာရုံကို ပါ ထိခိုက်လာချေပြီ။ ကာရိုလိုင်းက အဆိုးဆုံး ခံစားရသူဖြစ်သည်။ သူမ တိုက်ရိုက်ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ဘာဘာနီ စိတ်ကြည်နေသည့် တနေ့ ရေချိုးပြီးရုံးလာဘို့၊ လက်သည်း ခြေသည်း ညှပ်ဘို့၊ အ၀တ်အစားကို ချည်သားလေးတွေရွေးဝတ်ဘို့၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေ သုံးဘို့ အမုန်းခံပြီး ပြောပြလိုက်သည်။ နားထောင်ပြီး ဘာဘာနီ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောသည်က "နင့် အပူမပါ ပါဘူး" ဟူ၏။ သို့ဖြင့် လက်လျှော့ရတော့မလိုလို ဖြစ်နေပြန်သည်။ သူတို့ ခြင်္သေ့ကျွန်းက ဘာသာစကားနဲ့ ပြောကြသည်။ "We all give up already" တဲ့။

လုပ်ငန်းခွင်တွင် ဘာဘာနီ နှင့် ဆိုက်တူ၊ ဂိုက်တူ ကုလားမ တစ်ယောက်ရှိသေသည်။ သူမသည် အလွန်ပျော်တတ်သည်။ အမြဲ ရယ်နေရပြီး တရုံးလုံးနှင့် ခင်မင်သူဖြစ်သည်။ ကာရိုလိုင်းက သူတို့ရဲ့ မအောင်မြင်သော စီမံချက်ကို ပြောပြသည်။ ဘာဘာနီ ၏ လက်မခံနိုင်သော၊ ခေါင်းမာသော အကျင့်စရိုက်ကိုလည်း နားလည်းအောင်ပြောပြသည်။ ထိုအမျိုးသမီးက နားထောင်ပြီး ပြဿနာက သေးသေးလေးပါ။ အဓိက က "၀ သောသူကို ကြင်နာပါ" ဟု ဆိုသည်။ ၀ သောသူအချင်းချင်း ရိုင်းပင်းကြရမည်လေ။

သို့နှင့် ဘာဘာနီကို တွေ့လျှင် ဒီနေ့လှတယ်၊ ဒီနေ့ အင်္ကျီက အသစ်လား။ အရောင်လေး လှတယ်။ နည်းနည်းလင်းတဲ့ အရောင်လေးတွေ ၀တ်ပါလား။ မနက် ရုံးလာရင် တက်စီ မစီးဘဲ လမ်းလျှောက်၊ ဘတ်စ်ကားစီးပါလား။ စသည်ဖြင့် နေ့တိုင်း သွား၊သွား ပြောပေးခဲ့သည်။ သူတို့ နှစ်ယောက် ခင်မင်မှု အတိုင်းအတာ မြင့်မားလာသည်နှင့် အမျှ ဘာဘာနီ လည်း ပြောင်းလဲလာသည်။ အရမ်း ဆိုးဆိုးဝါးဝါး၊ အော်ဂလီဆန်လောက်အောင် မရှိတော့။ ကုလားမ အုပ်စုလည်း သက်ပြင်း ချနိုင်လာကြသည်။

ဘာဘာနီ ကိုယ်တိုင်လည်း ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများကို သတိထားမိစ ပြုလာဟန်ရှိသည်။ တကိုယ်ရေ သန့်ရှင်းရေးကိုတော့ ဂရုစိုက်လာသည်။ အရင်တုန်းကလို ရူဆေးဗူး ရူနေရသော အဆင့်ထက်တော့ ကျော်လွန်လာသည်။ ကုလားရေမွှေးနံ့လေးတော့ သင်းလာသည်။ ချွေးနံ့ထက်တော့ တော်ပါသေးသည်။ သို့သော် ဘာဘာနီ ၏ တိုးတက်မှုကို စင်္ကာပူ တရုတ်မများကတော့ အသိအမှတ် မပြုကြသေးချေ။ ဝေးဝေးကသာ ဆက်ဆံ ပြောဆို နေဆဲပင် ဖြစ်သည်။

တစ်နေ့တော့ အလုပ်ထဲမှာ "မိမိဘ၀မှာ စိတ်အကျေနပ်ဆုံး အရာ" ဆိုသည့် ခေါင်းစဉ်နဲ့ ဌာနတစ်ခုကို တစ်ယောက် Presentation လုပ်ရသည်။ တချို့သော အမျိုးသမီးများက သူတို့ သားသမီးလေးတွေ အကြောင်း ပြောသည်။ တချို့က သူတို့ရဲ့ မျက်နှာပေါ်က အလှပဆုံး အရာကို ညွှန်းသည်။ တချို့က သူတို့ရဲ့ လက်ရှိ အလုပ်သည် သူ့ဘ၀အတွက် စိတ်ကျေနပ် ပျော်ရွှင် ဖွယ်ရာ အကောင်းဆုံး ဟုဖွင့်ဆိုကြသည်။ ဘာဘာနီ အလှည့်ရောက်သောအခါ "သူမ၏ ရုပ်ဆိုးသော ရုပ်ရည်၊ အလွန်ဝသော ခန္ဓာကိုယ်" သည် သူမ၏ ဘ၀မှာ ရှိရှိသမျှသော အရာအားလုံးထက် ကျေနပ်စရာ အကောင်းဆုံး ပိုင်ဆိုင်မှုဖြစ်သည် ဟု ပြောလိုက်သောအခါ အားလုံး အံ့သြပြီး ဘာဘာနီ ကို ပြူးကြည့်ကြသည်။ သူမက ရှင်းပြသည်မှာ သူမ၏ ဖခင်သည် ဦးနှောက်ထဲတွင်ဖြစ်ပေါ်နေသော ရောဂါတစ်မျိုးကြောင့် ဘာမှ ကိုယ်တိုင် မလုပ်နိုင်သလို၊ သူမ၏ မိခင်မှာလည်း ကျောရိုးမကြီးရှိ အဆစ်ရောင်ရောဂါကြောင့် ပင်ပင်ပန်းပန်း ဘာမှ မလုပ်နိုင်။ ထိုအဖိုးကြီး၊ အဖွားကြီးကို ပြုစုစောင့်ရှောက်ရန် လှပ၍ အိမ်ထောင်စောစောကျသွားသော ဘာဘာနီ၏ အစ်မနှင့် ညီမများက အမြဲတမ်း တာဝန်မယူနိုင်။ ရုပ်ဆိုး၍ မည်သူမျှ လာရောက် တောင်းရမ်းခြင်း မရှိသော ဘာဘာနီ ကသာ အနီးကပ် စောင့်ရှောက်နိုင်သည်။ ဘာဘာနီသည် ရသမျှ လခအကုန် သုံး၍ မိဘကို အိမ်ဝယ်ပေးထားသည်။ စားချင်တာ ကျွေးသည်တဲ့။ ဆေးခန်း သွားလည်း ဘာဘာနီ၊ လူမှုရေးလည်း ဘာဘာနီ သူမတို့အိမ်မှာ သူမတစ်ယောက်တည်းသာ အိမ်ထောင်ဦးစီး ဖြစ်နေသည်တဲ့။ သူ့အတွက်၊ သူ့ကိုယ်တိုင်အတွက် ရုံးတက်ဘို့ အင်္ကျီ ၅ ထည်က လွဲလျှင် ဘာမှမရှိတဲ့။ ထို့အပြင် အလှပြင်စရာမလိုသော မိမိရုပ်ရည်၊ ပေါ်သမျှ၊ ဆန်းသမျှ ၀ယ်ဝတ်ရန် မဖြစ်နိုင်သော မိမိ၏ ခန္ဓာကိုယ်၊ ထိုထိုသော ပိုက်ဆံကုန်စရာအားလုံးသည် ကျန်းမာရေး ချို့တဲ့သော မိဘနှစ်ပါးစလုံးအတွက် ဖြစ်စေသောကြောင့် သူမဘ၀၏ အကျေနပ်ဆုံးအရာသည် သူမ၏ အရုပ်ဆိုးခြင်းပင် ဖြစ်ပါသည်ဟု ဘာဘာနီ က နိဂုံးချုပ်လိုက်သည်။

လက်ခုပ်သံများ ခန်းလုံးပြည့် ဆူညံသွားသည်။ ရှောင်ဖယ်ဖယ် လုပ်ခဲ့သော တရုတ်မလေးများ ပြုံးပြီး လက်မလေးတွေ ထောင်ပြကြသည်။ ထိုနေ့က ဘာဘာနီ အလှဆုံး ဖြစ်သွားခဲ့ပါသည်။ ။

Thursday, November 20, 2008

ပေါ့ပေါ့ပါးပါး ရယ်မောမိသောနေ့တစ်နေ့


မနေ့တုန်းက ရုံးမှာ စာသင်နှစ်ကုန်ပြီဖြစ်လို့ ဆရာ၊ ဆရာမတွေ အားလုံးကို စိတ်လက်ပေါ့ပါးပြီး တစ်နှစ်တာ ပင်ပန်းခဲ့သမျှ ကစားနည်းလေးတစ်ခုအမောပြေ ကစားစေပါတယ်။ ၀န်ထမ်းအားလုံးရဲ့ ကားတွေကို သုံးပြီး အုပ်စုလိုက် ပျော်ပျော်ပါးပါး ကားမောင်းရင်း ကစားကြရတာပါ။ ကားပေါင်း ၂၂ စီးနဲ့ လူပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ ကစားနည်းပါ။

ပထမဆုံးကိုယ့်ရဲ့ Group ကို ကိုယ်စားပြုမယ့် အလံအရင်လုပ်ရတာပါ။ Canvas တွေ၊ ဖောင်တိန်မျိုးစုံ၊ ရောင်စုံ၊ ကော်၊ ဖဲပြားအကုန်လုံး ပေးထားတာပါ။ ၁၅ မိနစ်အတွင်းကြိုက်နှစ်သက်သလို Design လုပ်ရတာပါ။ အဲဒီအလံကို ကားပေါ်တင်ယူသွားရတာပါ။ ကားတွေထွက်ခါနီးမှာ စီစဉ်သူတွေက ၃ ချက်မှာလိုက်ပါတယ်။
- မေးနိုင်သမျှမေးပါ။
- Emergency Case ကလွဲရင် ဒိုင်တွေကို ဖုန်းမခေါ်နဲ့
- ဆုက Million Dollars မဟုတ်တဲ့အတွက် Safety က အရေးကြီးဆုံးပါပဲ။












ဆုံမှတ် (စင်္ကာပူအရှေ့စွန်း) ကနေကားတွေအားလုံးကို မနက် ၁၀ နာရီ တိတိမှာ File လေးတစ်ခုရယ်၊ ၂၈ ဒေါ်လာရယ် ပေးပြီး လွှတ်လိုက်တာပါ။ ၂ နာရီခွဲအတွင်း သက်မှတ်ထားတဲ့ နေရာကို ပြန်ရောက်ကြရမှာဖြစ်ပြီး File ထဲမှာပါတဲ့ ညွှန်ကြားချက်တွေ အကုန်ယူလာနိုင်ရမှာပါ။ ထည့်ပေးလိုက်တဲ့ ၂၈ ဒေါ်လာထဲက ၂၀ က ဓါတ်ဆီဖိုးဖြစ်ပြီး ၈ ဒေါ်လာက လိုအပ်တာတွေ ၀ယ်ဘို့ပါ။ အများဆုံး ငွေပြန်အမ်းနိုင်တာကလည်း Point တွေနဲ့ အမှတ်ပေးတဲ့ထဲမှာ ပါပါတယ်။

သွားရမယ့် နေရာတွေကတော့ စင်္ကာပူ အနောက်ပိုင်းက နွားခြံတစ်ခုရယ်၊ ငါးမွေးကန်ရယ်၊ နောက်ပြီး Bukit Timah Nature Reserve ရယ်၊ Little India ရယ်၊ နောက်တစ်ခုကတော့ ဓါတ်ပုံပေးထားပြီး လိုက်ရှာခိုင်းထားတဲ့ နေရာလေးတစ်ခုရယ်ပါ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကြိုက်သလိုသွားနိုင်ပြီး ၂ နာရီခွဲအတွင်းပြန်ရောက်ပြီး ပစ္စည်းအားလုံးယူလာနိုင်တဲ့ အဖွဲ့က နိုင်တာပါပဲ။ သွားရမယ့် လိပ်စာတွေကလည်း အတိအကျမပေးထားပါဘူး။ သဲလွန်စတွေနဲ့ နာမည်တွေပဲ ပေးထားတာပါ။ ကိုယ်တို့အဖွဲ့က ယောင်္ကျားလေး (၃) ယောက်၊ မိန်းကလေး (၂) ယောက်ပါ။ ကားမှာ ကိုယ့် Group ရဲ့ နံပါတ် စတစ်ကာ ကပ်ရပါတယ်။ တစ်ယောက်က Driver ၊ တစ်ယောက်က မြေပုံလမ်းညွှန်တဲ့လူ၊ နောက် (၃) ယောက်က သက်ဆိုင်ရာ Check Point တွေမှာ ပြေးလွှားလှုပ်ရှားဖို့ပါ။

ကားပေါ်တက်လိုက်တာနဲ့ မြေပုံအညွှန်းကိုင်တဲ့လူက Driver အတွက် GPS ကို အရင်ဖွင့်လိုက်တယ်။ ကျန်တဲ့လူတစ်ယောက်က ဖုန်းထဲက အင်တာနက်မှာ ငါးဆိုင်နာမည်ရိုက်ထည့်ပြီး Confirm လုပ်တယ်။ GPS ပြတဲ့အတိုင်းသွားရင် ကြာချင်ကြာနေမှာစိုးလို့ မြေပုံရှာပြီးကြည့်တယ်။ ကျန်တဲ့လူတစ်ယောက်က Yellow Pages မှာရှာတယ်။ အားလုံး Data ရှာတွေ့ပြီး အနီးဆုံးလမ်းကို သိတဲ့ အချိန်မှာ ကားအရှိန်ကလည်း ၁၂၀ ကီလိုမီတာ နှုန်းနဲ့ ပြေးနေပါပြီ။ အဲဒီမှာ လုပ်ရမှာက သုံးခုပါ။ တစ်ခုက အဲဒီငါးဆိုင်ရဲ့ Vision ကိုကူးယူရမှာပါ။ တစ်ခုက ရသလောက် ငါးဖမ်းရမှာပါ။ နောက်တစ်ခုကတော့ Black Dragon ငါးဘယ်နှစ်ကောင် ရှိသလဲလို့ ပြတိုက်ထဲမှာ ၀င်ရှာရမှာပါ။

ငါးမွေးတဲ့ခြံက တော်တော် လေးကို စနစ်ကျပါတယ်။ General office ရှိတယ်။ ပြတိုက်ရှိတယ်။ ငါးအစားအစာနဲ့ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ရှိတယ်။ အလုပ်သမား တန်းလျားတွေ စနစ်တကျ ရှိပါတယ်။ ငါးကန်ရှေ့မှာ ကားရပ်လိုက်တာ တပြိုက်နက် လေးယောက်အမြန်ဆင်းပြီး တစ်ယောက်က Vision ဘယ်မှာရေးထားသလဲ အမြန်လိုက်ရှာရပါတယ်။ ကျန်တဲ့တစ်ယောက်က ငါးဘယ်မှာဖမ်းရသလဲ မေးပါတယ်။ ငါးဖမ်းဘို့ ပိုက်လေးနဲ့ ပလတ်စတစ်ခွက်လေးတစ်ခုကို ၅ ဒေါ်လာနဲ့ဝယ်ရပါတယ်။ ပြီးတော့ အမြန်ပြေးပြီး ငါးဖမ်းရတာပါ။ ငါးဖမ်းတဲ့ နေရာက မြောင်းလေးတွေလုပ်ပေးထားပြီး ပိုက်သေးသေးလေးနဲ့ မြောင်းဘောင်ပေါ်ကနေ လိုက်ဖမ်း၊ ပလတ်စတစ်ခွက်ထဲထည့်၊ ထည့်ထားတဲ့ ငါးကလည်း အရမ်းလျှင်ပြီး ဖမ်းရခက်တဲ့ ငါးပိစိလေးတွေပါ။

ဖြစ်ချင်တော့ မူကြိုကလေးတွေကလည်း အပျော်ငါးလာဖမ်းနေတဲ့ အချိန်၊ ၀ုန်းဒိုင်းကြဲပြီး ရောက်လာတဲ့လူကြီးတွေကို အထူးအဆန်းလို ကြည့်လို့။ ငါးကဖမ်းရခက်နေတော့ ကိုယ့်သူငယ်ချင်းက ဘောင်းဘီကိုခေါက်၊ မြောင်းဘောင်ဘေးကနေရေထဲကို လက်နှစ်ဖက်လုံးထည့်ပြီး ငါးတွေကို ထောင့်တစ်ခုမှာ စုအောင်လုပ်၊ ကျန်တဲ့လူတစ်ယောက်က ပိုက်ကလေးနဲ့ အမြန်ဆယ်။ အဲဒီအချိန်မှာ ကျန်တဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်က ကလေးလေးတွေဆီမှာ ငါးလိုက်တောင်းပါတယ်။ တချို့ကလေးတွေကတော့ ကိုယ့်သူငယ်ချင်း ကိုယ်လုံးကို ကြောက်လို့လား။ မျက်နှာငယ်ငယ်လေးကိုပဲ သနားလို့လားမသိ။ ကြည်ကြည်ဖြူဖြူပဲပေးလိုက်ပါတယ်။ တချို့ကတော့ သူတို့ငါးခွက်လေးကို ပွေ့ပြီးအော်လိုက်တာ လွန်ရော။ ကိုယ့်သူငယ်ချင်း ကတော့ ရသလောက် တောင်းတာပါပဲ။ Black Dragon ငါးသွားရှာတဲ့ကောင်မလေးကလည်း တစ်မျိုး။ ပြတိုက်ထဲမှာ သူရှာတာ မတွေ့တာတော့ အဲဒီနားက အလုပ်သမားကို မေးတာ မဖြေဘူး။ ဒါနဲ့ ပြောပြပါ။ ငါတို့တခြားနေရာတွေသွားရဦးမှာ၊ ဘာညာသာရကာ လုပ်လိုက်တော့ Black Dragon ငါးမရှိဘူးတဲ့။ တမင်တကာ အချိန်ကုန်အောင်လုပ်ထားတာ သူသိလာပါရော။ ဒါနဲ့ပဲ ညွှန်ကြားချက်အတိုင်း ငါးပြတိုက်ရှေ့မှာ Group Photo ရိုက်ပြီး အမြန်မောင်းလို့ နွားခြံဆီကို ခရီးဆက်ရပြန်ပါတယ်။

နွားခြံမှာ နွားမငါးကောင်က နို့ညှစ်ခံရန်အသင့်။ နွားနို့ညှစ်ရမယ်ဆိုတော့ ကိုယ်တော့ အားလုံး ပြိုင်တူ "အားလားမား" လို့အော်မိကြတယ်။ နို့ခြံက ကုလားက ညှစ်နည်းပြတယ်။ Group တစ်ခုမှာ တစ်ယောက်ပဲ ညှစ်ရမှာဖြစ်ပြီး ကိုယ်တို့အဖွဲ့ထဲက အမျိုးသမီးက သူညှစ်မယ်ဆိုပြီး ဆင်းသွားတယ်။ သူလဲ အနားရောက်ရော နွားမ တစ်ကောင်က အီအီးပါလိုက်တာ ဘာပြောကောင်းမလဲ။ စင်္ကာပူမ အော်ပြီး ပြေးလိုက်တာ ကိုယ်တို့တွေ သူ့ကိုကြည့်ပြီး အူတတ်မတတ်ရယ်မောကြရတယ်။ နောက်တစ်ခေါက်ကျတော့ ညှစ်လိုက်တာ မညှစ်တတ်တော့ နို့ကမထွက်။ ဒါနဲ့ပဲ ကိုယ်လဲစမ်းကြည့်မယ် ဆိုပြီး ကုလားပြတဲ့အတိုင်း ဆွဲတာပေါ့။ ကုလားကတော့ ညှစ်ပြီးဆွဲခိုင်းတာ၊ ကိုယ်ကနာမလားဆိုတဲ့ စိတ်နဲ့ မဆွဲရဲ။ ဒါနဲ့ပဲ မလေးတစ်ယောက်က ငါလုပ်မယ်ဆိုပြီး တစ်ကောင်ပြီးတစ်ကောင် လိုက်ညှစ်ပါလေရော။ ပလတ်စတစ်အိတ်နဲ တော်တော်လေးရတော့ နွားတွေနဲ့ Group Photo ရိုက်ရသေးတယ်။ ပြီးတာနဲ့ Bukit Timah Nature Reserve ကို ခရီးဆက်ရပြန်တယ်။








Bukit Timah မှာ "S" နဲ့စတဲ့ အပင် (၃) မျိုးရဲ့နာမည်ရယ်၊ ကျားနဲ့ ဓါတ်ပုံရိုက်ဘို့ရယ်။ နားနေဆောင်လေးတစ်ခုနဲ့ ဓါတ်ပုံရိုက်ဘို့ရယ် (၃) ခုလုပ်ရတာပါ။ နှစ်ယောက်က သစ်ပင်လိုက်ရှာ၊ နောက်တစ်ယောက်က ကျားလိုက်ရှာ၊ ကျားက ပြတိုက်ထဲက အစာသွတ်အရုပ်ကြီးကို ပြောမှန်း တောင်ပေါ်၊ တောင်အောက် နှစ်ခါလောက် အတက်အဆင်းလုပ်ပြီးမှပဲ သိတော့တယ်။ အဲဒီမှာ ဟိုလူမေး၊ ဒီလူမေးနဲ့ ကျားအရှင်မရှိဘူး။ မျောက်အရှင်ဘဲရှိတယ်ဆိုလို့ ပြတိုက်ထဲဝင်ကြည့်မှ ကျားကြီးကို တွေ့တော့ အော်ဟစ်လိုက်ကြတာ ဆူညံလို့။ ဓါတ်ပုံရိုက်ဘို့ ဘေးနားက အဘိုးကြီးကို အကူအညီတောင်းတော့ သူက မရိုက်တတ်။ ရိုက်တတ်တဲ့လူလာပြန်တော့ ကိုယ့်တို့လူတွေက ကွယ်နေလို့ ကျားကို မမြင်ရနဲ့ အခါခါပြန်ရိုက်ပြီး ပျာယာကို ခတ်နေကြတာပါပဲ။ ဒါနဲ့ပဲ နောက်တစ်နေရာ Little India ဆီ အပြေးမောင်းရပြန်တယ်။





Little India မှာ (၃) ခု လုပ်ရတာပါ။ ပထမတစ်ခုက Madras Hotel နားမှာ Red Indian ပုံကြီးရှိတဲ့ Pub ကိုရှာပြီး အဲဒီ Red Indian အရုပ်ကြီးနဲ့ Group Photo ရိုက်ဘို့ပါ။ နောက်တစ်ခုက ကုလားမတွေ လက်မှာဆွဲတဲ့ ၃ လလောက်ခံတဲ့ ကုလား tatoo သွားဆွဲရတာပါ။ နောက်တစ်ခုကတော့ စံပါယ်ပန်းကုံးရှာဝယ် ရတာပါ။ အဲဒီ Hotel
ကို ရှာတွေ့ပြီး Pub ရှေ့မှာ ဓါတ်ပုံရိုက်ပြီးတဲ့ အချိန်ကိုယ်တို့အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ကို ကုလားမဆီမှာ ပုံသွားဆွဲဘို့၊ အရိုးဆုံးနဲ့ အမြန်ဆုံးပုံဆွဲပေးပါဆိုတော့ ကုလားမက စက်ဝိုင်းတစ်ခုထဲမှာ စင်္ကြာလိုလို၊ ဘာလိုလို ဆွဲပေးပြီး ၁ ဒေါ်လာ ယူလိုက်တယ်။ သူငယ်ချင်းတစ်ယောက်က လမ်းကနေ Little India မှာနေတဲ့ သူ့ကောင်မလေးကို စံပါယ်ပန်းကုံးဝယ်ခိုင်းပြီး အိမ်ရှေ့က ထွက်စောင့်ခိုင်း၊ သွားဝယ်ဘို့အချိန်က မရှိတော့ဘူးလေ။ ကောင်မလေးကိုယ်တို့ ကားရပ်ရပ်ချင်း အမြန် ပန်းကုံးပေး။ ဒါနဲ့ပဲ နောက်တစ်နေရာကို ဆက်မောင်းရပြန်တယ်။ အချိန်က ၂၅ မိနစ်ပဲ ကျန်တော့တယ်။

နောက်ဆုံးတစ်ခုကတော့ ဓါတ်ပုံပြထားပြီး အဲဒီနေရာမှာ ကိုယ်တို့ စောစောက Design လုပ်ထားတဲ့ အလံကြီးကို ကိုင်ပြီး ဓါတ်ပုံရိုက်ခိုင်းတာပါ။ ကံကောင်းတာက အဲဒါဘယ်နေရာလဲဆိုတာ ကိုယ်တို့ အဖွဲ့ထဲကတစ်ယောက်က ဓါတ်ပုံမြင်လိုက်တာနဲ့ သိတာပါ။ သူသောက်နေကျ ကော်ဖီဆိုင်ရှေ့ကမြင်ကွင်း ဆိုပဲ။

ဒါနဲ့ပဲ ကိုယ်တို့တွေ အဲဒီနေရာကိုရောက်တဲ့ အချိန် မီးပွိုင့်တွေက မီးနီနေလို့ ကားတွေမလာသေးတဲ့ တခဏလေးမှာ လမ်းမဘေးကားထိုးရပ်၊ အားလုံးဆင်း အလံကြီးကိုကိုင်ပြီး ဘတ်စ်ကားဂိတ်က အစ်ကိုကြီးကို အကူအညီတောင်းဓါတ်ပုံရိုက်ရတာပါ။ ကားတစ်စီးအမြန်မောင်းလာပြီး လမ်းမပေါ်ရပ်၊ ကားပေါ်ကလူတွေအကုန်လုံး ပြာလောင်ခတ်ပြီး ဆင်းလာကြ။ ပေါက်ကရလျှောက်ဆွဲထားတဲ့ အလံကြီးကို မြှောက်ပြီး အရှက်မရှိတဲ့ မျက်နှာတွေနဲ့ ဓါတ်ပုံရိုက်နေကြတာကို မျက်နှာခြင်းဆိုင်က ကော်ဖီဆိုင်တွေ၊ ထမင်းဆိုင်တွေ အထဲက ပြည့်သိပ်နေတဲ့ လူတွေ ဘယ်လိုကြည့်နေကြမလဲဆိုတာ စဉ်းစားသာကြည့်ကြပေရော့။ အဲဒီတုန်းကတော့ ရှက်ရကောင်းမှန်းမသိ၊ ပြီးတာနဲ့ အမြန်တက်ပြီး Down Town East သို့ခရီးနှင်ပေါ့။





Down Town East ကိုရောက်တော့ ၁၂း၃၀ အတိ။ အဲဒီမှာ ရှိတဲ့ Sakura International Buffet ဆိုင်မှာ နေ့လည်စာကျွေးပါတယ်။ မောမောပန်းပန်းနဲ့ စားလိုက် ကြတာ ၀က်ဝက်ကွဲပါပဲ။ ကျန်တဲ့ အဖွဲ့တွေလည်း ရောက်လာကြ။ တဖွဲ့နဲ့ တဖွဲ့ အတွေ့အကြုံတွေပြောပြီး တ၀ါးဝါးရယ်ကြနဲ့ တဆိုင်လုံးဆူညံလို့။ စားပြီးသွားတော့ အလုပ်ရှိတဲ့ နေရာကို ပြန်ပြီး ရုံးခန်းမထဲမှာ ဒိုင်တွေက အမှတ်တွေ ပေါင်းပါတယ်။ အဲဒီအချိန်မှာ ၀န်ထမ်းအားလုံးကို ရောင်စုံစာရွက်တွေပေးပြီး ကိုယ့် နာမည်ကိုယ်ရေးခိုင်းပါတယ်။ ပြီးရင်အဲဒီ နာမည်ရေးထားတဲ့ စာရွက်ကို ကိုယ်ထိုင်တဲ့ စားပွဲမှာ ထားခဲ့ခိုင်းပြီး လူတွေကို နေရာ ပြောင်းပါတယ်။ ကိုယ်ရောက်သွားတဲ့ နေရာက စာရွက်မှာ သူ့အတွက် ကိုယ့်ရဲ့ အမှတ်တရ စာတိုလေးတွေရေးရ ပါတယ်။ နေရာတွေ အများကြီး ပြောင်းပြီး ဖွင့်ပေးထားတဲ့ Music မပြီးမချင်းရေးလိုက်တာ၊ သီချင်းဆုံးလို့ ကိုယ့်နေရာ ကိုယ်ပြန်ရောက်ရင် ကိုယ့်သူငယ်ချင်းတွေ ကိုယ့်အတွက် ရေးပေးထားတဲ့ စာတိုလေးတွေ A4 စာရွက်နဲ့ အပြည့်ပါပဲ။ ပြီးလည်းပြီးရော အမှတ်တွေ
ကြေငြာတော့ ကားနံပါတ် ၁၇ က ပထမရပါတယ်။ ၉ က ဒုတိယ ရပါတယ်။ ၂ က တတိယ ရပါတယ်။ ၁၇ က ဘယ်သူပါတဲ့ အဖွဲ့ရှိရမှာလည်း။ ကျွန်တော်ပါတဲ့ အဖွဲ့ပေါ့ဗျာ။







ဒီနိုင်ငံရောက်ပြီး မှတ်မှတ်ရရ ဟက်ဟက်ပက်ပက် ရယ်မောမိတဲ့ နေ့ပါပဲ။ တစ်နှစ်တာ ပင်ပန်းထားတဲ့ Stress ၊ မိသားစုအတွက် စိတ်ပူရတဲ့ Stress ၊ ကိုယ်အပင်ပန်းခံပြီး ကူညီခဲ့ပေမယ့် ကိုယ်ကတကယ် လိုအပ်တဲ့အခါ Busy ဒါမဟုတ် မေ့သွားလို့လို့ ပြန်ပြောတတ်တဲ့ မိတ်ဆွေတချို့ကပေးတဲ့ Stress ၊ အလိုက်ကန်းဆိုးမသိတဲ့ ဆွေမျိုးတချို့ကပေးတဲ့ Stress ၊ ငါ အလုပ်ပြုတ်နိုင်လားလို့ တွေးနေရတဲ့ ခေတ်ကပေးတဲ့ Stress ၊ ဒါတွေအားလုံး ပြေဘို့ကတော့ တစ်ရက်တည်း ရယ်မောယုံနဲ့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း အချိန် ခဏလေးတော့ အကုန်မေ့သွားပါတယ်လို့ ၀န်ခံရတဲ့ နေ့တစ်နေ့ပါဘဲ။

Monday, October 20, 2008

ပုံဆွဲလေ့ကျင့်ချိန်

ပြီးခဲ့တဲ့အပတ်က ကျောင်းမှာရှိတဲ့ School Counselor ကသူ့အခန်းထဲမှာ Special Child လို့ခေါ်တဲ့ အများနဲ့မတူ ထူခြားတဲ့ ကလေးငယ်တွေကို "ဘာအရေးကြီးဆုံးလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံဆွဲခိုင်းထားတာ စိတ်ဝင်စားရင် လာကြည့်ပါလား ဆိုလို့ လိုက်သွားကြည့်ရင်း ကလေးငယ်တွေသတ်မှတ်တဲ့ အရေးကြီးဆုံး ဆိုတာလေးကို လေ့လာခွင့်ရခဲ့ပါတယ်။

ပထမတစ်ယောက်ကတော့ သူ့မိသားစုနဲ့မျှော်လင့်ချက် က သူ့အတွက်အရေးကြီးဆုံးပဲတဲ့။ သူဆွဲထားတဲ့ပုံထဲမှာ သူ့မိသားစုဝင်တွေအပြင် သူ့အိမ်မှာရှိတဲ့ကြောင်ကလေးတောင်ပါသေး။ အိမ်ထဲမှာ ရောက်နေတဲ့ တစ်ယောက်က ဘယ်သူလဲဆိုတော့ မာမီတဲ့။ သူက အမြဲ အိမ်မှာပဲနေလို့ အိမ်ထဲမှာ ထည့်ဆွဲထားတာတဲ့။



နောက်တစ်ယောက်ကတော့ တော်တော်အမြော်အမြင်ရှိတဲ့ကလေးလို့ ပြောရမယ်။ သူရဲ့အရေးကြီးဆုံးက ကြည့်ဦးလေ။ ကမ္ဘာကြီး တဲ့။ ကမ္ဘာကြီးသာမရှိရင် သူ့မှာနေစရာရှိမှာ မဟုတ်လို့တဲ့။ တော်တော် ချစ်စရာကောင်းတယ်။



နောက်တစ်ယောက်ကတော့ လေ့လာသင်ကြားခြင်း ဟာသူ့အတွက်အရေးကြီးဆုံးတဲ့။ ကျောင်းလာရတာ တော်တော်ပျော်ပုံရတယ်။



နောက်တစ်ယောက်ကတော့ သူ့မိသားစု ကအရေးကြီးဆုံးတဲ့။ စိတ်မကောင်းစရာတစ်ခုက ကလေးရဲ့ ဖခင်နဲ့ မိခင်ကကွဲနေပြီး ကလေးက အမေနဲ့ နေတာပါ။ ဒါကြောင့်မို့ ထင်ရဲ့။ သူ့ပုံလေးမှာ Father ဆိုတာ ပါမလာဘူး။ အဘွားပဲပါတယ်။



နောက်တစ်ယောက်ကတော့ ကြီးလာရင် အားကစားချန်ပီယံဖြစ်မလား။ ဆရာဝန်ဖြစ်မလား မသိဘူး။ ဆွဲထားတဲ့ ပုံက ကျန်းမာရေး က အရေးကြီးဆုံးတဲ့။ သူ့အတွေးလေးကို သဘောကျမိတာက လက်မောင်းမှာ ကြွက်သားဖုလုံးလေးဆွဲပြီး + (Plus Sign) လေးထည့်ထားပေးလို့လေ။



နောက်တစ်ယောက်ကတော့ သူ့တိုင်းပြည် ကအရေးကြီးဆုံးတဲ့။ ကြီးလာရင် ကာကွယ်ရေးဝန်ကြီး ခန့်ရမယ်လို့ ပြောပြီး ရယ်ရသေးတယ်။



နောက်တစ်ယောက်ကတော့ သူ့အတန်းပိုင်ဆရာမ ကအရေးကြီးဆုံးတဲ့။ ဆရာမခမျာ သူ့ပုံလေးကြည့်ပြီး မျက်ရည်များတောင်လည်လို့။




နောက်ဆုံးတစ်ယောက်ကိုတော့ ကျွန်တော် သဘောအကျဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို ဆွဲခိုင်းရင်လဲ ဒီပုံမျိုးပဲ ဆွဲမိမှာမို့ပါ။



တခါတရံတော့လည်း ကလေးတွေရဲ့ အပြုအမူလေးတွေက ပင်ပန်းနေတဲ့စိတ်ကို ပေါ့ပါးစေပါတယ်။ ဒီပုံလေးတွေကို ကြည့်ရင်း တစ်ခုစဉ်းစားမိတယ်။ တကယ်လို့များ "ဘယ်သူအရေးကြီးဆုံးလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့သာ ပုံဆွဲခွင့်ရကြရင် ကျွန်တော့်ပုံကို မဆိုင်းမတွချဆွဲမယ့်သူဘယ်သူများရှိနိုင်မလဲပေါ့။ စာဖတ်သူကိုယ်တိုင်လဲ စဉ်းစားကြည့်လို့ မိတ်ဆွေရဲ့ပုံကို မစဉ်းစားပဲ ချဆွဲမယ့်သူ ရှိတယ်ဆိုရင် ကံကောင်းသူပေါ့ဗျာ။ အကယ်၍ တစ်ယောက်မကရှိတယ်ဆိုရင်တော့ လေးစားလောက်တဲ့သူဖြစ်ပြီပေါ့ဗျာ။ တစ်ယောက်မှ မရှိရင်လဲဘာမှတော့ မဖြစ်ပါဘူး။ ကျွန်တော့်လို ကိုယ်ဘာသာကို ပြန်ဆွဲလိုက်ပေါ့ဗျာ။


Saturday, October 18, 2008

အသီးခူးစားသော ချွေးမများ


မနှစ်တုန်းက ဒီအချိန်မှာ အမေနဲ့အဖေက သူတို့ သမီးတစ်ယောက် ဖြစ်လာမယ့် ချွေးမလောင်းလေးကို အစ်ကို့အတွက် သွားတောင်းပေးခဲ့ကြတယ်။ မိဘတွေဟာ သားသမီးတွေကို သစ်ပင်လေးတစ်ပင် ပြုစုစောင့်ရှောက်သလို ကျွေးမွေး ခဲ့ရတယ်ဆိုရင် ပညာစုံ အရွယ်ရောက်တော့ သားတွေအိမ်ထောင်ပြုတဲ့အခါ သားရှာဖွေသမျှ ပစ္စည်းဥစ္စာတွေက ချွေးမခံစားဘို့ အတွက် ဖြစ်သွားတယ်ဆိုပြီး ချွေးမဆိုတာ အသီးခူးစားတယ်လို့ တချို့ကပြောတတ်ကြတယ်။ ဒါပေမယ့် ကျွန်တော့် အဖေနဲ့ အမေကတော့ သူတို့သစ်ပင်လေးကို အသီးခူးစားတဲ့ ချွေးမကို အခုတော့ သားထက်တောင်ပိုပြီး ချစ်နေသေးတယ်။ အဖေနဲ့ အမေတို့ အိုဇာတာကောင်းလေစွ။

မိဘတွေ အသက်ကြီးလာတဲ့ အခါ သားသမီးကံကောင်းတာထက် ချွေးမကံ၊ သမက်ကံတွေပါ ကောင်းမှ အိုဇာတာကောင်းတယ်လို့ ခေါ်ရမယ် မဟုတ်လား။


အမှန်အတိုင်းပြောရရင် အစ်ကို အိမ်ထောင်ပြုမယ်ဆိုတော့ သူယူလာမယ့် မိန်းမအတွက် စိုးရိမ်မိတာ အမှန်ပါပဲ။ အကျင့် စာရိတ္တကောင်းမွန်တာ၊ အရည်အချင်းရှိတာ၊ ထက်မြက်တာကို သူတို့ (၉) နှစ်ကျော်တွဲခဲ့လို့ သိနေပေမယ့် အတူနေတဲ့အခါ အဖေ၊ အမေနဲ့ အဆင်မပြေမှုာကိုတော့ စိတ်ပူမိတယ်။ အထူးသဖြင့် ဂွတီးဂွကျ ကိုယ့်အဖေနဲ့ပေါ့။ ပြီးတော့ အစ်ကိုက အမေ့အတွက် အားအကိုးဆုံးသားဖြစ်နေတာလဲ ပါတယ်။ ဘာပဲလုပ်လုပ် ဒီသားတော်မောင် ပါမှ ယုံကြည်စိတ်ချတယ်ဆိုတော့ အနေအေးပေမယ့် မာနကြီးတဲ့ အမေနဲ့ အစ်ကို့ကို အရမ်းချစ်တဲ့ ဇနီးနဲ့ ပဋိပက္ခဖြစ်မှာလဲ မလိုလားတာ အမှန်။ ဒါပေမယ့် တစ်နှစ်ကြာပြီး အခုတော့ အမေက ဖုန်းဆက်ရင် ချွေးမက သမီးလေးဖြစ်နေပြီ၊ သားက သမက်ဖြစ်နေတာလို့ ပြောရင် ကိုယ် တကယ် ပျော်ရွှင်ရင်အေးမိတယ်။ အဖေနဲ့ အမေအတွက်လဲ ကျန်းမာရေးကအစ စိတ်ချလက်ချ ရှိမိတာအမှန်ပါပဲ။ လူကြီးတွေဆိုတာ စိတ်နေကောင်းနေရင် လူနေကောင်းနေတာမျိုး မဟုတ်လား။

အဖေကတော့ မင်္ဂလာဆောင် ဧည့်ခံပွဲနေ့ ကတည်းကဒီချွေးမနဲ့ တည့်မယ်ဆိုတာ အားလုံးက ရိပ်မိကြတယ်။ ဧည့်ခံနေပုံက ကြည့်ဦးလေ။ "ကျွန်တော့်သမီးက မလှဘူးလားဗျာ။ သမီးရေ...ဒါကအဖေ့အရင်းနှီးဆုံး မိတ်ဆွေတွေ ဘယ်သူ..." နဲ့။ သူ့သမီး မင်္ဂလာဆောင်တာ ကျနေတာပါပဲ။ သားရှင်က သမီး၊ သမီးနဲ့ လုပ်နေလို့ အားလုံးက အဖေ့ကို ပြုံးစိစိ။ ပြီးတော့ အမေ့နားကပ်ပြီး တိုးတိုးလေးနဲ့ "တော်သေးတာပေါ့ကွာ ငါတို့ သမီးလေးက မိတ်ကပ်ပြင်လိုက်တော့ မင်းသမီးလေးလို လှနေလို့" ဆိုပြီးသွားပြောနေသေး။ အမေ့ခမျာမှာလည်း သူဘယ်လောက်ချစ်ချစ်၊ အဖေနဲ့သာ မျက်နှာကြောမတည့်ရင် ဒီမင်္ဂလာပွဲက ပျော်စရာကောင်းမှာ မဟုတ်ဘူးဆိုတာ သိနေလေတော့ အဖေပျော်တာကြည့်ပြီးမှ သက်ပြင်းကို ခိုးချပြီး စိတ်ချလက်ချ ပျော်နိုင်ရှာတော့တယ်။

တကယ်တော့ ယောက္ခမနဲ့ ချွေးမဆိုတာ သမိုင်းစဉ်လာအရ အဆင်ပြေတာ ခပ်ရှားရှားရယ်။ ဒီနိုင်ငံမှာ ကလေးမွေးလို့ ယောက္ခမတွေ လာကြပြီးရင် ငိုပြီးပြန်ကြရတာများများ။ နှစ်ဖက်စလုံး ပျော်ပျော်ရွှင်ရွှင် အမြင်ကြည်ဘို့ဆိုတာ အမျိုးသမီးနှစ်ဦးစလုံးရော၊ သားလုပ်တဲ့ လူကိုယ်တိုင်မှာရော တာဝန်ရှိတာမျိုးလေ။ အထူးသဖြင့် သားကို အားကိုးချစ်နဲ့ ချစ်တဲ့ အမေတွေနဲ့ ဆို ပြသာနာပိုဆိုးတတ်ပါတယ်။ တကယ်ကတော့ နေတတ်ဘို့၊ မြင်တတ်ဘို့ပါပဲ။ သားချစ်၊ မယားချစ် ဆိုတာ အသွင်မတူတဲ့ အချစ် ၂ မျိုးလေ။ ပြိုင်လို့မှ မဖြစ်နိုင်တာ။ ထားပါတော့လေ။ ချွေးမတွေက အဆင်သင့် အသီးခူးစားလိုက်တယ်ပဲ ဆိုပါတော့ ။ ဒီတော့ ချွေးမကလည်း ပြန်ပြောပြီ။ အမေတွေကရော အသီးစားချင်လို့ အပင်စိုက်ခဲ့တာလားပေါ့။ တကယ်တော့ အဲဒီစကားလုံးမျိုးတွေကိုက မရှိသင့်တာပါ။ ဥယျာဉ်မှုးတစ်ယောက်က သူစိုက်ပျိုးလိုက်တဲ့ အပင်လေး အသီးခူးစားနိုင်တဲ့ အရွယ်ရောက်တဲ့အခါ သူကိုယ်တိုင်အသက်ကြီးလာပြီဖြစ်လို့ မြေသြဇာကျွေးတာ၊ ပေါင်းသင်မြက်နုတ်တာတွေလုပ်ဘို့ ဒီသစ်ပင်လေးကို မြတ်နိုးတဲ့ အခြားဥယျာဉ်မှုးတစ်ယောက်စီကို လက်လွဲပေးလိုက်တဲ့ သဘောလို့ စဉ်းစားရင် ယောက္ခမက ချွေးမဆိုတာ ကျေးဇူးတင်စရာပေါ့။ ချွေးမလုပ်တဲ့သူဘက်ကလည်း အနှစ်နှစ် အလလ အပင်ဖြစ်အောင် စိုက်ပျိုးပေးခဲ့ရသူတွေရဲ့ ကျေးဇူးတရားကို နားလည်ခံစားပေးနိုင်တဲ့ နှလုံးသားမျိုးတော့ ရှိသင့်တာပေါ့။ သုံးလေးနှစ် သံယောဇဉ် ရှိလာတဲ့ အချစ်ဆိုတဲ့ အတ္တတွေဟာ အနှစ် နှစ်ဆယ်၊ သုံးဆယ် မိဘသံယောဇဉ်ဆိုတာနဲ့ နှိုင်းယှဉ်နေဘို့ မတန်ဘူးမဟုတ်လား။

ကျွန်တော့် မိတ်ဆွေတစ်ယောက်ရဲ့ အမေဆို အရမ်းနေတတ်တယ်။ ချွေးမတွေကလည်း ချစ်လိုက်တာတုန်လို့။ စားစရာပစ္စည်းတွေ လူကြုံနဲ့ ပို့ပေးရင်တောင် အထုပ်တွေ၊ ဘူးတွေပေါ်မှာ Label တပ်ရင် (သားနာမည် + ချွေးမနာမည်)နဲ့။ ချွေးမလုပ်တဲ့သူက ပို့လိုက်တဲ့ ပစ္စည်းတွေကို ကြည့်ပြီး သူ့သားအတွက်ပဲ စဉ်းစားတယ်လို့ ထင်မှာစိုးလို့တဲ့လေ။ အဲဒီလို အသေးအဖွဲလေးကအစ ဂရုစိုက်ပေးတတ်တာ။ သားလုပ်တဲ့ လူက ဖုန်း ခေါ်ရင် မေမေနေကောင်းလား လို့မေးတဲ့အခါ အေး...သမီးနဲ့သားရော နေကောင်းလားလို့ ချွေးမကိုရှေ့ကထားပြီး ပြန်မေးတတ်တာမျိုး။ အဲဒီတော့ ဖုန်း Speaker ဖွင့်ပြီး နားထောင်နေတဲ့ ချွေးမကလဲ ကျေနပ်လို့။ အသေးအဖွဲလေးတွေပေမယ့် အရေးပါအရာရောက်တာလေးတွေပေါ့။

ကျွန်တော့်အဖေကတော့ Over ပေါ့။ ဖုန်း ဆက်စရာရှိရင် ချွေးမ ဖုန်း ကိုပဲ ခေါ်တော့တယ်။ သူခေါ်တဲ့ ဖုန်းကို ပြန်ထူးတဲ့လေသံက ကွာတယ်လေ။ အစ်ကိုက ဖုန်း ကိုင်လိုက်ရင် ဖေဖေ...ပြော လို့ ခပ်တည်တည်လေသံကြီးစပြောတာ။ ချွေးမကတော့ ဟုတ်ကဲ့ ဖေဖေ..သမီးပါ ဆိုတော့ အဆင်ပြေတယ်လေ။ ပြီးတော့ သူလုပ်သမျှ သားလုပ်သူက ပိုက်ဆံဖြုန်းတယ်လို့ စဉ်းစားလေတော့ ခဏခဏပြသာနာ တတ်ရတာလည်း ချွေးမလေးရောက်လာတော့ မရှိတော့ဘူး။ "သမီးရေ... ဖေဖေဒါတော့လုပ်ချလိုက်ပြီ၊ သမီးယောင်္ကျား ပြောလိုက်ဦးနော်၊ စိတ်ကြည်နေတဲ့ အချိန်ပြော" လို့မှာလိုက်ရင် ပြီးသွားတာမျိုး။ "ဒီကောင် ငါ့သမီးနဲ့ရလို့ တော်သေးတယ် တခြားမိန်းမသာဆို မလွယ်ဘူး" လို့ အမေ့ကို ပြောလို့ အမေက ရယ်လိုက်တာ။ အမေကတော့ သူသွားချင်တာတွေကို စိတ်ရှည်လက်ရှည်နဲ့ လိုက်ပို့ပေး။ ဘုရားမှာ ကြာသပတေးနေ့တိုင်း ပုတီးလိုက်စိပ်ပေး။ ဈေးဝယ်သွားတဲ့အခါ မိန်းကလေးအဖော်လေးနဲ့ သွားရတော့ သားကြီးနဲ့ သွားရတာနဲ့ တခြားစီမို့လား။ အစ်ကိုကတော့ "ဒါလေးလှလား" ဆိုလည်း "မသိပါဘူး မေမေရာ မြန်မြန်ဝယ်ပြီးသွားရအောင်၊ သားချိန်းထားတာရှိသေးတယ်" ဆိုတာမျိုး။ ဘုရားမှာ အမေ့ကိုလိုက်ပို့ထားခဲ့ပြီး ပြန်လာကြိုဘို့မေ့နေလို့ အငယ်ကောင်က လိုက် လိုက်ကြိုရတာ ခဏခဏဆိုတော့ မငြီးမငြူ လိုက်ပို့ပေးတဲ့ ချွေးမကို ချစ်တော့တာပေါ့။ ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့ ချွေးမဆိုတော့ မနက် ၁၀ နာရီထိုးရင် ဟင်းပွဲ အဆင့်သင့် ပြင်ပြီးမှ အလုပ်သွားတော့ အမေနဲ့ အဖွားက လက်ဆေးပြီး စားရုံပဲ။ ခြံဝင်းထဲမှာ အိမ်တစ်လုံးစီနဲ့ အိုးခွဲချက်ပေမယ့် ချွေးမကနေ့တိုင်း ဟင်းပွဲလာပြင်ပေးတယ်။ ညနေသူ့အလုပ်က ပြန်လာရင် မုန့်တစ်မျိုးမျိုးဝယ်လာပြီး အတူတူစားကြ။ တစ်နေ့တာ လုပ်ငန်းခွင် အတွေ့အကြုံတွေကို ပြောပြကြ။ ဪ...လူတစိမ်းတစ်ယောက်ဝင်လာတာကို မိသားစုထဲမှာ သိသိသာသာကြီး ပြောင်းလဲမှု၊ ရိုက်ခတ်မှု မရှိတာကိုပဲ အသက်ကြီးတဲ့ အဖေနဲ့ အမေအတွက် ၀မ်းသာမိပါတယ်။

ကျွန်တော်ငယ်ငယ်က အမေ့ကို ဘာအကြောက်ဆုံးလဲလို့ မေးဘူးတယ်။ မေမေက ဦးဘိုးသာကြီးလို ဖြစ်မှာ အကြောက်ဆုံးပဲ လို့ ဖြေခဲ့တာ။ ဦးဘိုးသာဆိုတာ အမေတို့အိမ်နားက ဆရာဝန်ကြီးရဲ့အဖေ။ ဆရာဝန်ကြီးရဲ့ မိန်းမက ယောင်္ကျားဘက်က မိဘတွေကို ပေးတာ ကမ်းတာ မကြည်ဖြူဘူး။ ယောင်္ကျားရှာသမျှ ပိုက်ဆံအကုန် သူက ထိန်းချုပ်ထားတာပေါ့။ သားလုပ်တဲ့လူနဲ့ ချွေးမက တိုက်ကြီးနဲ့ နေတယ်။ ကားတစ်ယောက်တစ်စီးစီနဲ့။ အဖေအိုကြီးကိုတော့ မိန်းမက မကြည်လင်လို့ တိုက်ပေါ်ခေါ်ထားလို့မရဘူး။ သူတို့ တိုက်ကြီးနဲ့ တစ်ခေါ်လောက်ဝေးတဲ့နေရာမှာ မြေရိုင်းခြံကြီးတစ်ခြံရှိတယ်။ အဲဒီခြံကြီးထဲက ခြံစောင့်တဲ သာသာအိမ်မှာ အဖေအိုကြီးကို ထားတာပေါ့။ အဲဒီမြေကွက်နှစ်ခုရဲ့ အကွာအဝေးဟာ ရန်ကုန်အခေါ် ဆိုရင်တစ်ဘလောက်စာလောက်ဝေးတာပေါ့။ အလယ်မှာ မြောင်းနဲ့ ခနော်ခနဲ့ တံတားလေးတစ်ခုဖြတ်ရသေးတယ်။ လကုန်ရင် ချွေးမဆီမှာ လစာ လာထုတ်ရတယ်။ ကိုယ်ဟာကို ချက်စားလောက်ရုံ မသထာရေစာလေးပေါ့။ ဦးဘိုးသာက ထန်းလျက်နဲ့ ရေနွေးကြမ်းသောက်နေရတာ ကြိုက်တယ်တဲ့။ ဒီတော့ သားလုပ်တဲ့သူက လကုန်လာတဲ့ အခါ ထန်းလျက်ပုံး တစ်ပုံးထည့်ပေးလိုက်ကွာလို့ ပြောလိုက်တယ်တဲ့။ မိန်းမလုပ်တဲ့သူက ဘာလို့အများကြီးပေးထားမှာလဲ။ ပစ်စလက်ခတ်ဖြစ်ကုန်မှာပေါ့။ တစ်နေ့စာ လေးလုံးစီ ညနေတိုင်းလာယူပစေပေါ့။ နီးနီးလေးပဲလို့ ပြန်ပြောသတဲ့။ ယောကျာင်္းကလည်း "အမိန့်...မလွန်ဆန်ဝံ့ဘူး... အာဏာပြင်းလွန်းတဲ့ အမိန့်..." ဆိုတဲ့ သီချင်းထဲကစာသားလိုပဲ ဒါဆိုလည်း အဖေလာယူပလေ့စေပေါ့။ အသက်ကြီးကြီး အဘိုးကြီးက ပုလင်းလေးတစ်လုံး ကိုင်ပြီး တုန်ချိချိနဲ့ မိုးရွာရွာ၊ နေပူပူ ညနေတိုင်း လမ်းလျှောက်ပြီး ထန်းလျက်ကလေး လေးလုံးကို သားလုပ်သူရဲ့ တိုက်ကြီးကြီးမှာ လာ တောင်းစားခဲ့ရတယ်။ တစ်နေ့မှာတော့ ကျွန်တော့် အဖေက တံတားထိပ်မှာ ထန်းလျက်ပုလင်းလေးနဲ့ မိုးရွာထဲ လဲနေတဲ့ ဦးဘိုးသာကို တွေ့လို့ သတိလစ်လုလု အဘိုးကြီးကို သူ့တဲလေးဆီပြန်ပို့ပေးခဲ့ရတယ်။ သိပ်မကြာဘူး အဘိုးကြီး ဆုံးတာပါပဲ။ အမေက သူအသက်ကြီးတဲ့ အခါ ဦးဘိုးသာလိုဖြစ်မှာ အကြောက်ဆုံးပဲ။ အမေ့ မိတ်ဆွေတွေထဲမှာလည်း ချွေးမကို ကြောက်နေရ၊ ချွေးမမျက်နှာကြည့်နေရ၊ ချွေးမဆီမှာ မျက်နှာငယ်ငယ်နဲ့ လက်ဖြန့်တောင်းစားနေရတာ မြင်တိုင်း ကြောက်စရာ ကောင်းလိုက်တာလို့ ကျွန်တော့်တို့တွေကို ပြောပြနေကြ။ ခုတော့ သူအားအကိုးဆုံး သားက ယူလာတဲ့ မိန်းမက သူလိုချင်တဲ့ သမီးမျိုးလေးဖြစ်နေလို့ "မေမေနော်... တော်တော်ကြာ ပုတီးကိုချ၊ မြေးကိုမ၊ မိုက်စွ အဘွားကြီး" ဖြစ်နေဦးမယ်လို့ ကျွန်တော်တို့ အငယ် နှစ်ယောက်က စ စ နေရတယ်။ အဖေနဲ့ အမေကတော့ ပြုံးလို့။

ကိုကိုနဲ့ မမမိုးတို့ အတွက် မင်္ဂလာ သက်တမ်း တစ်နှစ်ပြည့်အမှတ်တရ။

Sunday, October 12, 2008

???

နားလည်တယ် ဆိုတာဘာလဲ?
အဖြစ်အပျက်
တစုံတရာအတွက်
ခံစားမှုတစ်ခုအတွက်
ကိုယ်ချင်းစာပေးနိုင်တာလား။ ။


နားလည်ပါတယ်ကွာ ဆိုတာဘာလဲ?
ဖြစ်နိုင်ပါတယ်လေလို့
စဉ်းစားပေးလိုက်တာလား။ ။

နားလည်နိုင်ပါတယ် ဆိုတာဘာလဲ?
မင်းဘက်မှာ ငါရှိတယ်လို့
သွယ်ဝိုက်ပြီး ပြောတဲ့စကားလား။ ။

နားလည်ပေးလိုက်ပါ ဆိုတာဘာလဲ?
အတွေးအခေါ်တစ်ခုအတွက် ထောက်ခံမဲလား
သည်းခံခြင်းရဲ့ ဂိုဏ်းခွဲတစ်ခုလား
နှစ်သိမ့်တဲ့ စကားလုံးတစ်ခုလား။ ။

ကျေးဇူးပြုပြီး
ငါ့ကို နားမလည်ကြပါနဲ့တော့။ ။

နားလည်ပါတယ်လို့ ပြောပြောနေပြီး
နောက်ဆက်တွဲ လုပ်ဆောင်မှု
တစ်ခုမှမရှိတဲ့
နားလည်ခြင်း ဆိုတာတွေကို
နားမလည်တတ်တဲ့
ရောဂါ ရင့်ရင့်လာလို့ပါ။ ။

Thursday, September 4, 2008

ဆရာများနေ့


စက်တင်ဘာလ ၁ ရက်နေ့က ဒီနိုင်ငံရဲ့ ဆရာများနေ့တဲ့။ ကျောင်းမှာကလေးတွေက Happy Teachers' Day ဆိုပြီး အရုပ်ကလေးတွေ၊ နှင်းဆီပန်းလေးတွေ စတဲ့ လက်ဆောင်လေးတွေကို ဆရာ၊ ဆရာမတွေကို ပေးကြတယ်။ အတန်းကြီးသွားလို့ အခြားကျောင်းကို ရောက်သွားတဲ့ ကလေးတွေကလည်း ငယ်ငယ်တုန်းက ဆရာမတွေဆီ တကူးတက ပြန်လာနှုတ်ဆက်ကြ၊ မုန့်တွေစားကြနဲ့ သူတို့ ဘာသာဘာဝ ဂါရ၀ပြုနည်းတစ်မျိုးပေါ့လေ။


Teachers' Day အတွက် အခမ်းအနားကို ကလေးတွေကပဲ ဦးဆောင်ပြီး ကျင်းပတယ်။ ပွဲစ စချင်းမှာ တီးလုံးတွေဖွင့်ထားပေးပြီး ဆရာ၊ဆရာမတွေက ခန်းမထဲကို အတန်းလိုက်ဝင်လာကြတယ်။ ကလေးတွေက ဘောလုံးသမားတွေ ကွင်းထဲဝင်လာရင် ပရိတ်သတ်အော်သလိုမျိုးနဲ့ လက်ခုပ်တွေတီးလို့ အော်ဟစ်လို့။ ခန်းမအလယ်ထဲမှာ ဆရာ၊ဆရာမတွေ နေရာယူပြီးတာနဲ့ ကျောင်းအုပ်ကြီးက စကားနည်းနည်းပြော၊ MOE ကပို့လာတဲ့ Teachers' Day အတွက် သ၀ဏ်လွှာလေးကို ဖတ်ပြတယ်။ နောက်အစီအစဉ်က (Students Choice Award 2008) တဲ့။ ကလေးတွေက ရွေးတဲ့ဆု။ ဆုအမျိုးအစားတွေကလည်း အမျိုးစုံပ။ Miss Sunsilk တဲ့။ တစ်ကျောင်းလုံးမှာ ဆံပင် အလှဆုံး ဆရာမဆု။ နောက် ဆံပင်အကောက်နဲ့ အလိုက်ဖက်ဆုံးဆု။ ပြုံးအလှပိုင်ရှင်ဆု။ အားကောင်းမောင်းသန် အဖြစ်ဆုံးဆရာဆု။ နောက်ပြီး English လိုပြောတာ အပီဆုံးဆု။ အက အကောင်းဆုံး ဆရာမဆု။ ဟန်ပန်အမူအရာ အရယ်ရဆုံးဆရာမဆု။ သီချင်းဆို အကောင်းဆုံး ဆရာမဆု။ အသံ အပြဲဆုံး ဆရာမဆု။ e-mail အပို့ဆုံးဆရာမဆု။ ကားအကောင်းဆုံးစီးနိုင်တဲ့ ဆရာ၊ ဆရာမဆု။ ဒီဆုတွေအားလုံးကို ကလေးတွေက လူကြီးလေးတွေလုပ်ပြီး စတိုင်လ် အပြည့်နှင့် ဆုချီးမြှင့်ကြတယ်။ ဆရာ၊ ဆရာမတွေကတော့ တ၀ါးဝါးပေါ့။ အက အကောင်းဆုံးဆု ရတဲ့ ဆရာမ က နောက်ခံတီးလုံးနှင့် ကများတောင် ကပြလိုက်သေး။ အကောင်းဆုံးကား ဆုရတဲ့ ဆရာက ကျေးဇူးတင် စကားပြောတော့ သူဆုရတာ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား မသိဘူးတဲ့။ ဆုက သူ့အတွက် မဟုတ်ပဲ သူ့ကားအတွက် ဖြစ်နေလို့ပါတဲ့လေ။ ပျော်ပျော်ရွှင်ရွှင် သဘောတွေကျလို့ ကလေးတွေပေးတဲ့၊ ကလေးတွေစီစဉ်တဲ့ ဆုပေးပွဲတက်ရကိုပဲ ပျော်လို့၊ မော်လို့။

ကိုယ်ကတော့ သူတို့ကျင်းပနေပုံလေးကို ထိုင်ကြည့်နေရင်း အတွေးတွေက ကိုယ်တို့ ငယ်ငယ်က အာစရိယ ပူဇော်ပွဲ ဆီမှာပေါ့။ ကိုယ်တို့နိုင်ငံမှာတော့ ကာယကံ၊ ၀ဇီကံ၊ မနောကံဖြင့် ပြစ်မှားခဲ့မိသည်ရှိသော် ခွင့်လွှတ်ပါဆိုပြီး ရိုရိုကျိုးကျိုး ထိုင်ကန်တော့ ကြတာပါ။ ကိုယ်တို့ ဆယ်တန်းအောင်ပြီး တက္ကသိုလ် အသီးသီးတက်နေတဲ့ အချိန်ကျမှ အထက်ကျောင်းမှာ အမှတ်တရ ပြန်လုပ်တဲ့ အာစရိယ ပူဇော်ပွဲတုန်းကဆို ကျောင်းအုပ်ဆရာမကြီးက စကားပြောရင်းငိုတော့ ဆရာမတွေရော ကလေးတွေပါ အားလုံး လိုက်ငိုကြတာ မှတ်မိသေးတယ်။ ငယ်ငယ်တုန်းက ကလေးတစ်ယောက်ရဲ့ အတွေးနှင့် ချစ်တဲ့ဆရာမ၊ ကြောက်တဲ့ ဆရာမ၊ မချစ်တဲ့ ဆရာမ၊ မျက်နှာလိုက်တယ်လို့ ထင်တဲ့ ဆရာမ၊ ဘယ်တော့မှ မမေ့နိုင်မယ့် ဆရာ၊ ဆရာမတွေလည်း အမျိုးစုံပါပဲလေ။

ကိုယ် ၈တန်းတုန်းက မြန်မာစာသင်တဲ့ ဆရာမက အသင်အပြ အရမ်းကောင်းတာ။ သိမ်မွေ့ပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပို့ချနိုင်လို့ ကိုယ်ချစ်တဲ့ ဆရာမ ဆိုပါတော့။ တစ်နေ့တော့ ဆရာမက မိုးတစိမ့်စိမ့် ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံး အိမ်စာ ရေးခိုင်းတယ်။ အတန်းတွင်း ပြိုင်ပွဲလေးပေါ့။ ကိုယ်လည်း အိမ်ပြန်ရောက်တော့ အဖေ့ကို မိုးနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ ကဗျာ၊ သီချင်း ဘာတွေရှိလည်းလို့မေးတာ၊ အဖေကလည်း ဒါမျိုးဆို အလွန်အမင်း စိတ်အားထက်သန်လေတော့ မိုးဒေ၀ါ သီချင်း၊ မိုးသက်လေနှင် သီချင်းတွေဆိုပြတာပေါ့။ ဒါနဲ့ ကိုယ်စာစီစာကုံးရဲ့ နိဒါန်းဖွင့် ဖွင့်ခြင်းမှာ "မိုးတစိမ့်စိမ့်ရွာနေပါသည်။ မိုးကို လူသားတိုင်းချစ်ကြမည်ဟု ထင်ပါသည်။ မိုးတစိမ့်စိမ့်ရွာသည်ကို ကြည့်ရင်း ပျော်သူပျော်၊ ရွှင်သူရွှင်၊ မြူးသူမြူး၊ ဆွေးသူဆွေး ဖြင့် ခံစားကြမည်ဖြစ်သော်လည်း မိုးကိုတော့ မမုန်းနိုင်ကြပါပေ။ ဖြူဖွေးလှပသော ပုလဲလုံးလေးများ အသွင်ဖြင့် တစိမ့်စိမ့်ရွာသွန်းဖြိုးလျက် ရှိသောကြောင့် အပျော်ဓါတ်ခံ ရှိသူများကို ပြုံးပျော်စေ၍ အဆွေးဓါတ်ခံရှိသူများကို ပူဆွေးတမ်းတ နွမ်းလျစေပါသည်။ ခေတ်အဆက်ဆက် မရိုးနိုင်လောက်အောင် သီဆိုခဲ့ကြသော အဆိုတော် ဒေါ်လှရွှေ၏ မိုးဒေ၀ါ သီချင်း.........." စသည်ဖြင့် ရေးလိုက်တာပေါ့။

ကံကောင်းချင်တော့ ကိုယ်စာစီစာကုံးလေးက ပထမ ရတာပါ။ ကံဆိုးချင်တော့ ဆရာမက အသံနေ အသံထားနှင့် အခန်းထဲမှာ ဖတ်ပြတာပါ။ ကိုယ့်စကားလုံးလေးတွေကို ကိုယ်ချစ်တဲ့ ဆရာမက သူကြိုက်တဲ့ နေရာလေးတွေ ရှင်းပြနေသေးတော့ ကိုယ်လည်း ပျော်နေတာပေါ့။ ဒါပေမယ့် အဲဒီ အပျော်က နောက်နေ့မနက်ကျ ကုန်ပါလေရော။ ကိုယ်အတန်းထဲလည်း ၀င်ရော ခပ်နောက်နောက် ကျောင်းသားတစ်ယောက်က "ဒေါ်လှရွှေ လာပြီဟေ့" လို့ အော်ပြီးနောက်လိုက်တာ ကိုယ့်ရဲ့ အထက်တန်းကျောင်းသားဘ၀နေ့ရက်များက ဒေါ်လှရွှေ အဖြစ်နှင့် တက်ခဲ့ရတဲ့ အထိပါပဲ။ ဒါကြောင့်လည်း ဘယ်တော့မှ မမေ့နိုင်မယ့် ချစ်သော ဆရာမ များထဲက တစ်ယောက်ပေါ့။

နောက်ပြီး သင်္ချာ သင်တဲ့ ဆရာ တစ်ယောက်လည်း ကိုယ်ရဲ့စိတ်ကို တစုံတရာ ပြောင်းလဲ ပေးနိုင်ခဲ့လို့ မမေ့နိုင်ပြန်ဘူး။ အတန်းထဲမှာ သချာင်္အမှတ်တွေ ကြေငြာတဲ့တစ်ရက်ကပေါ့။ ကိုယ့်သူငယ်ချင်းက ၉၉ မှတ်ရတယ်။ အမှတ်ပြည့် ရတဲ့ လူကလည်း တစ်ယောက်တည်းရှိတယ်။ ဒါနဲ့ ၉၉ မှတ်ရတဲ့ သူငယ်ချင်း ကောင်မလေးက မျက်ရည်ပေါက်ပေါက်ကျအောင် ငိုပါလေရော။ ဆရာက မြင်သွားပြီး ဘယ်နှစ်မှတ် ရလို့ငိုတာလည်း မေးတော့ ၁၀၀ မရလို့ပေါ့။ ဆရာက ဘာလို့ ဒီလောက် ကိုယ်ချင်းစာစိတ်နည်းပါးရတာလဲ၊ ၃၉ မှတ်ရနေတဲ့ သူကို မစဉ်းစားပေးတော့ဘူးလား။ ၁ မှတ်လျော့တာချင်းအတူတူ သူက ကျတောင်ကျနေပြီ။ ကိုယ်စိတ်ထဲမှာ ခံစားစရာ တစ်ခုခုဖြစ်တိုင်း ကိုယ်လောက် အဆင်မပြေတဲ့သူတွေ၊ ကိုယ်ထက် နိမ့်ကျနေတဲ့သူတွေ အတွက် စဉ်းစားကြည့်ပါဦး။ ကိုယ့်ထက်မြင့်တဲ့၊ အဆင်ပြေတဲ့လူတွေချည်းကိုပဲ တွေးနေပြီး ငိုနေလို့ ဘာအဓိပ္ပါယ်ရှိမှာလဲ။ အတန်းထဲမှာ ဒါမျိုး မမြင်ချင်ဘူးလို့ လေသံမာမာနှင့် ဆူလိုက်တော့ အဆူခံရတဲ့ ကောင်မလေးတော့ မသိဘူး။ အံ့သြပြီး နားထောင်နေတဲ့ ကိုယ့်ရင်ထဲကို အတွေးလေးတစ်ခု ထည့်ပေးလိုက်တာပါပဲ။ အဲဒီ အရွယ်မှာ ရှိတဲ့ အသိတရားနဲ့ ဒီလို ဘယ်စဉ်းစားမိမလဲ။ ရမှတ်ဆိုတာ ပြိုင်စရာ တစ်ခုလို ဖြစ်ခဲ့ကြတာကိုး။ အဲဒီနောက်ပိုင်း ကိုယ်စားမေးပွဲ ဖြေရင် အကောင်းဆုံး ကြိုးစားတယ်။ နောက်ဆုံး ရလဒ်တွေ အတွက်လည်း ဘာကြီးပဲရရ၊ ၀မ်းမနည်းတတ်တော့တဲ့ အကျင့်လေးတစ်ခု ဘ၀ စာမေးပွဲ ပေါင်းများစွာအထိ ပါသွားခဲ့ရော။ ဒါကြောင့်မို့ ဆရာကြီးကလည်း ကိုယ်မမေ့နိုင်တဲ့ ဆရာများထဲက တစ်ယောက်ပါပဲ။

ဪအတွေးလွန်နေလိုက်တာ......ပွဲပြီးလို့ ကလေးတွေက အပိတ်သီချင်းအနေနဲ့ Do I Make You Proud ဆိုတဲ့ သီချင်းလေးကို အမူအယာအပြည့်နဲ့ ဆိုနေကြပြီ။ ကိုယ့်လက်ထဲက ကျောင်းအုပ်ကြီးပေးတဲ့ ပို့စ်ကဒ်လေးထဲက စာသားလေးတွေကို ဖတ်ကြည့်နေရင်း ကိုယ့်ဘ၀ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို သတိရနေမိပါတယ်။

There is no job more important than yours,
no job anywhere else in the land.
You are the keepers of the futures;
You hold the smallest of hands.

Into your care you are trusted,
to nurture and care for the young.
You encourage the shy and unsure child.
You make sure they are safe from all harm.

You foster the bonds of friendships,
letting no child go away mad.
You respect and you honour their emotions.
You give hugs to each child when they’re sad.

You have more impact than you can imagine,
a child’s mild is moulded by four;
so whatever you lay on the table
is whatever the child will explore.

Give each child the tools for adventure,
let them be artists and writers and more;
let them fly on the wind and dance on the stars
and build castles of sand on the shore.

It is true that you don’t make much money
and you don’t get a whole lot of praise,
but when one small child say “I love you”,
you are reminded of how this job pays.

Happy Teachers’ Day!

Saturday, August 23, 2008

နေရာလေးတစ်နေရာ


တရေးမှမအိပ်ရသေးသော ကျိန်းစပ်နေသည့် ကိုယ့်မျက်လုံးကို ဇွတ်အတင်းဖြဲပြီး ရေအမြန်ချိုးလိုက်သည်။ သည့်နေ့ နောက်ကျ၍မရ။ ရထားပေါ်မှာ ခဏပဲဖြစ်ဖြစ် အိပ်လိုက်တော့မယ်လို့ အားတင်းပြီး ခြေလှမ်းတို့က ဘူတာရုံဆီသို့။

ဘူတာရုံဝရောက်တော့ ရထားထွက်ရန် ၂ မိနစ်မျှသာလိုတော့သည်။ နောက်တစ်စီးစောင့်လျှင် ၆ မိနစ်စောင့်ရမည်။ မဖြစ်နိုင်။ အမြန်ပြေးပြီး တံခါးပိတ်ခါနီး ရထားထဲကို အမောတကောပြေးဝင်လိုက်ရသည်။ တစ်စီးလုံးထိုင်စရာ နေရာမရှိ။ ခုံအပြည့် လူအပြည့်မို့ အိပ်လို့ကောင်းမည့် ထောင့်စွန်းကခုံလေးရှေ့မှာ မတ်တပ်ရပ်ရင်း မြန်မြန်ထိုင်ရပါစေဟု ဆုတောင်းနေမိသည်။ မျက်လုံးတွေက လေအေးစက် အရှိန်ကြောင့် စပ်ဖျဉ်းဖျဉ်း၊ ငိုက်မြည်းလုလု ဖြစ်နေပြီမို့ ခဏလောက်ထိုင်ပြီး မှိတ်ထားခွင့်ရလိုက်ချင်သည်။


၂ ဘူတာကျော်လာတော့ ကိုယ့်ရှေ့က အမျိုးသမီးက ခါးကိုမတ်လိုက်သည်။ အိတ်ထဲက တစုံတရာကိုရှာဖွေဟန်ရှိသည်။ ဪ...ဆင်းတော့မှာမို့ ရထားစီးကဒ်ပြားရှာနေဟန်တူရဲ့ ။ ထိုင်ရတော့မည်။ အိပ်ရတော့မည်။ ပျော်သည်။ ပျော်သည်။ ခက်ခက်ခဲခဲရှာပြီး သကာလ သူမလက်ထဲပါလာသည်က နှုတ်ခမ်းနီလေးတစ်ဗူး။ ဪ...ဆင်းခါနီးမို့ အလှပြင်ရလေသည် ဟုလိုရာဆွဲတွေးလိုက်သည်။ နှုတ်ခမ်းနီဆိုးသည်။ ပေါင်ဒါရိုက်သည်။ ပါးနီဆိုးသည်။ မျက်တောင်ကော့သည်။ အားလုံးပြီးတော့ နောက် ၂ ဘူတာလောက် ကျော်လာပြီ။ အလှပြင်ပြီးသွားပြီမို့ ရှေ့ဘူတာတော့ ဆင်းလောက်ပြီ။ ဖန်စပ်နေသော မျက်လုံးကို အနားပေးရတော့မည်။

ရှေ့ဘူတာရောက်ခါနီးတော့ သီချင်းနားထောင်နေသည့် သူမနားကြပ်ကို ဖြုတ်သိမ်းလိုက်သည်။ ၀ါယာကြိုးတွေကို ခေါက်ပြီး အိတ်သေးသေးလေးနဲ့ သေချာထည့်သည်။ ကိုယ့်မျှော်လင့်ချက်တို့ နိုးထလာချေပြီ။ အိပ်ရတော့မည်။ သို့နှင့် ဒီတစ်ခါတော့ တကယ်ဆင်းတော့မည်ထင်ရဲ့။ ဖုန်းကိုထုတ်ပြီး SMS ပို့နေသည်။ ပုံစံကြည့်ရတာ ရှေ့ဘူတာတော့ တကယ်ဆင်းပြီ။ အချိန်းအချက် SMS ပို့နေတာဖြစ်ပေလိမ့်မည်။ အရမ်းကာရော အိပ်ချင်နေသော စိတ်ဖြင့်တမက်တမော ထိုင်ခုံလေးကို လိုချင်မိသည်။ ဒီအချိန်ထိုင်ရလျှင် နောက်နာရီဝက်လောက်တော့ အိပ်ရနိုင်သည်။

နောက်ဘူတာကျော်လာတော့ အိတ်ပြားပြားလေးတစ်ခုထုတ်လာပြန်သည်။ ဒါတော့ သေချာပြီ။ ရထားစီးကဒ် အဆင့်သင့်ထုတ်ထားတာ ဖြစ်ရမည်။ ဇစ်ပိစိကွေးလေးကို လက်နှစ်ဖက်နှင့် သေချာဖွင့်သည်။ ကဒ်ဘူးပြားပြားလေးတစ်ခုကို ထုတ်သည်။ စက္ကူလိုလို၊ ပလတ်စတစ်လိုလို အပြာရောင် Tissue လေးပါလာသည်။ မျက်နှာက အဆီတွေကို နှာခေါင်း၊ မေးစေ့၊ မျက်လုံး၊ နဖူး အကုန်ကပ်ပြီး စုတ်ယူသည်။ ဪ...မတ်တတ်အိပ်တတ်လျှင် အလွန်ကောင်းပေလိမ့်မည်။ မျှော်လင့်စောင့်စားရသော ဒုက္ခကြီးလှချည်တကား။

ဘာပဲဖြစ်ဖြစ် ၁၅ မိနစ်ပဲရရ ခုံဘေးက မှန်ကိုမှီပြီး ခဏမှေးလိုက်ရလျှင်တော်ပြီ။ အိပ်မရတာ ၃ ရက်ဆက်တိုက်၊ အလုပ်ကရှုပ်၊ ခွင့်ယူလို့မရ၍ တွေ့သည့်နေရာလှဲအိပ်ချင်စိတ်ကို မနည်းမျိုချနေရသည်။ ကိုယ်ထိုင်ပြီး အိပ်ဖို့နေရာလေး တစ်နေရာလောက်အတွက် ဘာမဆိုင်ညာမဆိုင် ထိုင်ခွင့်ရသည့်သူကို ရထားပေါ်မှ တွန်းမချရုံတမယ် အဘိဇ္ဇာ ပွားနေမိသည်။ လူ့စိတ်သည် တခါတရံ စောစောစီးစီးလည်း မိုက်ရိုင်းတတ်လေသည်။

အမျိုးသမီးခမျာ ဘာမှ မသိရှာ။ အလှပြင်ပြီး SMS ပို့ကာ အိပ်သွားရှာလေသည်။ မတ်တပ်ရပ်စီးသူအားလုံး ရင်ချင်းအပ်ပြီး စီးနေရသည့်အချိန် အေးအေးဆေးဆေးသူအိပ်နေတာကို လွန်စွာအားကျနေမိသည်။ မိမိမျက်လုံးသည် တော်တော်သနားစရာ ကောင်းနေလှပြီ။ ထိုင်ရတော့မည်ဟုထင်လိုက် တဖျတ်ဖျတ်တောက်လာလိုက်။ မဟုတ်လိုက် ပြန်အိပ်ငိုက်လိုက်နှင့် နောက်ထပ် ၃ ဘူတာလောက်ကျော်သွားပြန်ပြီ။

ကိုယ်စိတ်ဒုန်းဒုန်းချလိုက်ပြီ။ တော်ပြီ။ မအိပ်တော့ဘူးဟု ဆုံးဖြတ်လိုက်သည်။ အိပ်ငိုက်ပြေစေရန် ချိုချဉ်တစ်လုံး ထုတ်စားပစ် လိုက်သည်။ စိတ်လျှော့ပြီး စဉ်းစားချင်ရာ စဉ်းစားနေတုန်း ရုတ်တရက်ကြီး အမျိုးသမီးက ထလိုက်သည်။ ဪ...ဒီတခါတော့ မပြင်ဆင်ပါဘဲ တကယ်ဆင်းသွားချေပြီ။ ဘာပဲဖြစ်ဖြစ် ထိုင်တော့ထိုင်လိုက်ရဦးမည်။ မျှော်လင့်ချက် ကုန်လုလုတွင် လိုတာရသော ပျော်ရွှင်မှုမျိုးဖြင့် အားရပါးရထိုင်ချလိုက်သည်။ တမနက်လုံး မျှော်လင့်ခဲ့ရသော အိပ်စက်ခြင်းအတွက် ရသည့် အချိန်လေး ဇိမ်ယူလိုက်ဦးမည်။ ၁၅ မိနစ်လောက် အိပ်ပျော်သွားလျှင် ဒီနေ့တစ်နေ့လုံး ခေါင်းကြည်သွားနိုင်သည်။ ဘေးလွယ်အိတ်ကို ပွေ့၊ ခေါင်းကို ကျကျနန မှီပြီး မျက်လုံးကို အမှိတ်။ ရုတ်တရက်ရှေ့ကလာရပ်သူကို ဖျတ်ကနဲ မြင်လိုက်မိသည်။ ပုံမှန်ဝနေတာ နေမှာပါဟုဖြေတွေးလိုက်သည်။ မလေးမများ ထွားကြသည်လေ။ မသင်္ကာ၍ မျက်စိကို ချက်ချင်းပြန်ဖွင့်လိုက်သည်။ သေချာအောင် ဗိုက်ကို ပြန်ပြူးကြည့်လိုက်သည်။ ဒီနေရာက ပူအောင်မထိုင်ရခင် ထရတော့မည်။ သူက ကိုယ့်ထက် Priority ပိုမြင့်နေချေသည်။ လူသားချင်း စာနာရမည် မဟုတ်ပါလား။

ဘ၀သည်တခါတရံ နေရာလေးတစ်နေရာရဘို့ အလွန်ခက်ခဲသည်ဟု စိတ်နာနာနှင့် ကြီးကြီးကျယ်ကျယ် တွေးပစ်လိုက်သည်။ တဆက်တည်း ကိုယ့်ဘ၀တွင် မက်မက်မောမောရယူခဲ့ရသော နှလုံးသားများထဲက နေရာများဆီ အတွေးက ရောက်သွားပြန်သည်။

ကိုယ်တို့သည် ကျောင်းသားဘ၀မှစ၍ နေရာလေးတစ်နေရာရဘို့ ကြိုးစားခဲ့ရသည်။ ဆရာ၊ ဆရာမတွေရင်ထဲ နေရာလေးတစ်နေရာရဘို့ ဆိုသည်မှာ စာတော်ရသည်။ လိမ္မာယဉ်ကျေးရသည်။ အတန်းသားအချင်းချင်း ရိုင်းပင်းကူညီကြရသည်။ သို့ဖြင့် ဆရာ၊ဆရာမတွေရင်ထဲ တပည့်ကောင်းဟူသော နေရာလေးတွေရယူခဲ့ကြသည်။

လုပ်ငန်းခွင်ထဲရောက်လာတော့ မိမိလုပ်ငန်းတွင် နေရာလေးတစ်နေရာရအောင် ကြိုးစားရပြန်သည်။ လုပ်ငန်းခွင်ထဲက မိမိ၏ ရာထူးဆိုသည်မှာ မိမိပိုင်သောနေရာ မဟုတ်။ လုပ်ဖော်ကိုင်ဖက်များ ရင်ထဲက နေရာလေးကသာ ကိုယ့်နေရာဖြစ်သည်။ အထက်ဖား၊ အောက်ဖိ မလုပ်တတ်သောစိတ်။ မျှတသောအတွေး။ ကိုယ်ချင်းစာသော နှလုံးသားဖြင့် လုပ်ငန်းခွင်ရှိ ကိုယ့်နေရာလေးကို တည်ဆောက်ရပြန်သည်။ ကိုယ်တာဝန်ကိုယ် ကျေအောင် ကြိုးစားရပြန်သည်။ နေရာလေးတစ်ခုအတွက် ပေးဆပ်ရသော အရင်းအနှီးကား မသေးလှချေ။

အလုပ်လုပ်ရင်း ပိုက်ဆံရှာဖွေနိုင်လာတော့ မိသားစုတွင် နေရာလေးတစ်နေရာ ရဖို့ ကြိုးစားရပြန်သည်။ မိဘတွေရင်ထဲက ကျေးဇူးသိတတ်သော သားသမီးအတွက် သီးသန့်ထားသောနေရာလေးကို လိုချင်လာပြန်သည်။ ငြိုငြင်မဲ့စွာ ကျွေးမွေးခဲ့သော ထမင်းလုတ်တိုင်းအတွက်၊ သူများတန်းတူ သုံးနိုင် စားနိုင်စေခဲ့သော အနစ်နာခံမှုများအတွက် ကိုယ်အလှည့်တွင်လည်း အဖြူစင်ဆုံး စေတနာဖြစ်အောင်၊ စိတ်ကို ရှင်းနေအောင်၊ မငြိုငြင်မိအောင် အားထုတ်ရပြန်သည်။ မိဘ၏ ရင်ခွင်သည် သားသမီးတိုင်းအတွက် နေရာတစ်နေရာစီ ရှိပေငြားသော်လည်း ကိုယ့်နေရာလေးက ကြည့်လျှင် မိဘတွေ ပြုံးနေတာပဲမြင်ရတာမျိုးဖြစ်ချင်သဖြင့် အစွမ်းကုန် ကြိုးစားရပြန်သည်။

ကိုယ်မြတ်နိုး သဘောကျတဲ့သူတွေ့လာပြန်တော့ သူ့ရင်ထဲ ကိုယ်တစ်ယောက်တည်း နေရာယူနိုင်အောင် ကြိုးစားရပြန်သည်။ အခက်ခဲဆုံးပါပေ။ ဒီနေရာသည် ပုံသေနည်း မရှိသောနေရာဖြစ်သည်။ ဒီနေရာသည် သီအိုရီတိုင်း မမှန်သော နေရာဖြစ်သည်။ ဒီနေရာသည် ဖြည့်ဆည်းပေးဆပ်မှုတိုင်းကို ကြိုဆိုသည်မဟုတ်။ နားလည်မှုတိုင်းကို လက်ခံစဉ်းစားပေးသည်မဟုတ်။ လက်လွတ်စပယ် အပြုအမူ တခုတလေမှ လက်မခံသောနေရာဖြစ်သည်။ တခါတရံ အယူခံဝင်ခွင့် မရှိသော ရုံးတော်တစ်ခုလည်း ဖြစ်သည်။ သူမျှော်လင့်သော ချစ်ခြင်းမေတ္တာနှင့် ကိုယ်ပေးနိုင်သော ချစ်ခြင်းမေတ္တာတို့ တထပ်တည်းကျဖို့ လိုအပ်သောနေရာလည်း ဖြစ်သည်။ နေရာများများလိုချင်လေလေ ပင်ပန်းလေလေဖြစ်သည်။ မိမိကိုယ်တိုင်ကလည်း ထိုနေရာလေးကို မက်မောသဖြင့် ပင်ပန်းသည်ဟု နည်းနည်းမျှ မပြောရဲ။ Blog မှာသာပြောရဲသည်။ ကျေးဇူးပြု၍ နှုတ်ပိတ်နေကြပါကုန်။

ကိုယ်ချစ်သောအပေါင်းအသင်းတွေရင်ထဲ ကိုယ့်အတွက် နေရာလေး ရှိနေဘို့ ကိစ္စကလည်း လွယ်ကူသောကိစ္စ မဟုတ်ပါပေ။ ကိုယ့်အလုပ်နှင့် ကို မရှုပ်ချင်ဘဲ ရှုပ်နေကြရသော ဘ၀အခြေအနေမျိုးတွင် သူသူကိုယ်ကိုယ် မိမိကိုယ်ပိုင် နားနေချိန်ကို ဖဲ့ပေးနိုင်မှ အပေါင်းအသင်းဆိုတာလေးရှိနေမည်ဖြစ်သည်။ အပေါင်းအသင်းနည်းသော ကိုယ့်အတွက် ရှိတဲ့ ၄၊ ၅ ယောက်လေးပင် တွယ်တာရာဖြစ်သည်။ မိဘနှင့် နားလည်မှုလွဲလည်း သူငယ်ချင်းကို ရင်ဖွင့်။ ရည်းစားနှင့် စိတ်ဆိုးလည်း သူငယ်ချင်းဆီသွား။ စိတ်ညစ်လည်းသွား၊ ပျော်လည်းသွား။ တန်ဖိုးရှိသော နေရာလေးများ ဖြစ်သောကြောင့်ပင် အလေးအနက် ထားရပြန်လေသည်။

မိမိကိုယ်ပိုင် မိသားစုလေးတစ်ခုရလာပြန်လျှင်လည်း သားသမီးတွေရင်ထဲ ကိုယ့်နေရာလေးရှိအောင် ကြိုးစားရပေဦးမည်။ နေရာတစ်ခုပြီးတစ်ခု ယူနိုင်ဘို့ ကြိုးစားနေရတာနှင့်ပင် တိုတောင်းသောလူ့ဘ၀သည် ကုန်ဆုံးသွားပြန်ပေဦးမည်။ နေရာယူပြီးသူတို့ နေရာတွင် နေရာယူမည့်သူတို့ကလည်း အဆင့်သင့် စောင့်စားပေလိမ့်ဦးမည်။ ဟော...အတွေးလွန်နေ၍မဖြစ်။ ကိုယ်ဆင်းရမည့် ဂိတ်ဆုံးဘူတာ ရောက်နေပြီ။ ကမ္ဘာမြေကြီးက လဲလျောင်းစရာနေရာလေးတစ်ခုမပေးခင် ကိုယ်လိုချင်တဲ့ နေရာလေးတွေ ယူခဲ့နိုင်ဘို့ အိပ်ချင်မူးတူးဖြင့် နေရာမရခဲ့သော ရထားပေါ်မှ ဆင်းလိုက်သည်။ ရထားထဲက အသံလွင့်စက်ကတော့ ကိုယ့်အတွေးတွေကို ဟာသလုပ်လေသည်လားမသိ။တစ်လုံးချင်း အာပြဲကြီးနှင့်အော်သည်။ "Please mind the platform Gap" ။ ။

Thursday, August 14, 2008

လိုက်လို့ရယ်တဲ့ မမှီ


ကိုယ့်ဘ၀မှာ ကိုယ်တိုင်ကြုံဘူးတွေ့ဘူးပြီး ဒီနေ့အထိ "ဘာဖြစ်လို့ဒီလိုဖြစ်ရတာပါလိမ့်" လို့ စဉ်းစားနေမိတာတွေ အများကြီးရှိပါတယ်။ ဒီအသက်အရွယ်ရောက်တဲ့ အထိ "ဘယ်လိုပါလိမ့်" ဆိုပြီး အဖြေရှာမတွေ့နိုင်တဲ့ အတွေးစလေးတွေ ဆိုပါတော့။ ပထမဆုံး တစ်ခုကတော့ ကိုယ်ငယ်ငယ်က တွေ့ဘူးတဲ့ လက်သည်းခွံလေးပေါ်မှာ သူခိုးဖမ်းတဲ့ ပညာရပ်တစ်ခုပါ။

ကိုယ့်အသက် ၁၁ နှစ်လောက်တုန်းကပေါ့။ ကိုယ့်အဒေါ်အိမ်မှာ အဖိုးတန် ပစ္စည်းတစ်ခုပျောက်ပါတယ်။ အဲဒီအချိန်တုန်းက အဒေါ်အိမ်မှာ ဧည့်သည်တွေအများကြီး ပြန်သွားခါစ။ အဒေါ်က ပစ္စည်းကို နှမြောတာထက် ဘယ်သူကလုပ်ရက်တယ် ဆိုတာကို ပိုသိချင်တာပါ။ ဒါနဲ့ပဲ ကိုယ်တို့မောင်နှမ ကလေးငယ် (၄) ယောက်ကို ခေါ်ပြီး သူခိုး ဘယ်သူဆိုတာ သိနိုင်တယ်ဆိုတဲ့ ပုဏ္ဏားကြီးဆီ သွားပါတယ်။


ပုဏ္ဏားရဲ့ အိမ်က ခြေတံရှည် သေးသေးလေးပါ။ သူ့ဆီမှာ သမီးလေးတစ်ယောက်ရှိတယ်။ တကယ်တော့ အဲဒီ သမီးလေးရဲ့ လက်သည်းခွံပေါ်မှာ ကြည့်ရတာပါ။ ဒါပေမယ့် အဒေါ်က ကိုယ်တို့ကလေး (၄) ယောက်လုံးနဲ့ အရင်စမ်းကြည့်ပြီး ကိုယ်တို့တွေ မမြင်ရမှ အဲဒီ ပုဏ္ဏားသမီးနဲ့ ကြည့်မယ်လို့ တောင်းဆိုပါတယ်။ ပုဏ္ဏားက ပထမဆုံး ကိုယ့်အစ်မရဲ့ ညာဘက်လက်မ လက်သည်းခွံပေါ်မှာ ဆေးအပြာလေးတွေ ဆိုးလိုက်ပါတယ်။ ပြီးတော့ ပွစိပွစိနဲ့ ဘာတွေရွတ်လဲ မသိပါဘူး။ ကိုယ့်အစ်မကလည်း ပြူးပြီးသူ့လက်မကို ကြည့်နေတာပါပဲ။ ဒါပေမယ့် သူဘာမှ မမြင်ရပါဘူး။ ပြီးတော့ ကိုယ့်အလှည့်။ ကိုယ်လည်း ကိုယ်လက်မထဲကို အရမ်းကို အာရုံစိုက်ပြီး သေချာကြည့်တာပါပဲ။ ဒါပေမယ့် အပြာရောင်ကြီး ဖြစ်နေတာက လွဲလို့ ဘာမှ မမြင်ရပါဘူး။ တတိယမြောက် ကလေးရဲ့ အလှည့်ကျတော့ ဆေးဆိုးပြီး ပုဏ္ဏားလည်း ရွတ်လိုက်ရော အဲဒီကောင်က "ဟာ...အန်တီဘယ်သူ" ဆိုပြီး ထအော်ပါလေရော ။ ပြီးတော့ ကြောက်အားလန့်အားနဲ့ သူ့လက်မကဆေးတွေကို အကျီ င်္နဲ့ သုတ်ပစ်လိုက်ရော။ တော်တော်လန့်သွားတဲ့ပုံပါပဲ။ သူပြောတာတော့ လက်မပေါ်မှာ မျက်နှာချည်းပဲ အကြီးကြီး ရုပ်ရှင်ပိတ်ကားလိုပေါ်လာတာဆိုပဲ။ သူ့ကို နောက်တစ်ခါ ထပ်ကြည့်ခိုင်းတော့ အကြောက်လွန်ပြီး မကြည့်ချင်တော့ဘူးဆို ငိုပါလေရော။ သူငိုတော့ နောက်ဆုံးတစ်ယောက်ကလည်း မလုပ်ချင်ဘူးတဲ့။ ကိုယ်ဖြင့် မခံချိမခံသာ ဖြစ်လိုက်တာ။ ကိုယ့်ကျ မမြင်ရဘူး။ စပ်စုဆိုတော့ မြင်ဘူးချင်တာလေ။ ဒါနဲ့ပဲ အဒေါ်က ပုဏ္ဏားသမီးလေးကို ကြည့်ခိုင်းလိုက်တယ်။ သူပြောပြတာ နားထောင်ရတာ တကယ်ကို ရုပ်ရှင်တစ်ခုကို ပြန်ပြောနေသလိုပါပဲ။ ပြောပုံက... အိမ်ရှေ့မှာ မဲမဲလုံးလုံး အမျိုးသမီးတစ်ယောက် တံမြက်စည်းလှည်းနေတယ်။ အိမ်ဖော်ကို ပြောတာပါ။ အချိန်က မနက်စောစော။ ဧည့်ခန်းက နာရီက ၆း၃၀ တဲ့။ အသားဖြူဖြူ၊ ဆံပင်ကောက်ကောက် နဲ့ အမျိုးသမီး၊ မျက်နှာပုံစံ အတိအကျ၊ မှဲ့ ပါတာတောင် ပြောသေး။ အဲဒီ အမျိုးသမီး ထွက်လာပြီး ခုနက မဲမဲလုံးလုံး နဲ့ ရယ်ပြတယ်။ ပြီးတော့ စင်္ကြလမ်းလေးတစ်ခုထဲ လျှောက်ဝင်သွားပြီး ဘေးဘီကို ကြည့်တယ်။ ဘီဒိုဖွင့်ပြီး ပစ္စည်းယူတယ်။ အိတ်ထဲ ထည့်တယ်။ ပြီးတော့ ကား (အရောင်၊ အမျိုးအစား) အတိအကျနဲ့ ထွက်သွားပြီတဲ့။ ပြီးတော့ ဈေးကိုရောက်တယ်။ (ဈေးနာမည် အတိအကျ) နဲ့။ ဈေးက နာရီစင်က ၇း၀၀ နာရီ ထိုးခါနီးနေပြီတဲ့။ ဆိုင်တစ်ခုရှေ့ မှာ ရပ်တယ်တဲ့။ အဒေါ်က ဆိုင်နာမည်နဲ့ နံပါတ်ကြည့်ပေးပါဆိုတော့ နံပါတ်ပြောတယ်။ ဈေးညိုနေကြတယ်တဲ့။ ဆိုင်ရှင်က လက်နှစ်ချောင်း ထောင်ပြတယ်။ သူက သုံးချောင်း ထောင်ပြတယ်တဲ့။ ဈေးတည့်သွားပြီ။ ပိုက်ဆံယူလိုက်ပြီ။ ပြန်သွားပြီတဲ့။ ကဲ... မဆန်းဘူးလား။

မယုံသေးတဲ့ အဒေါ်က အဲဒီဆိုင်ရှေ့ထိ ရောက်အောင်သွားပြီး သူ့ပစ္စည်းကို ဈေးမေး၊ လာရောင်းသွားတဲ့လူပုံစံတွေမေး လုပ်နေသေးတာ။ တိတိကျကျကြီးကို ရှာတွေ့တာပါပဲ။ အဒေါ်က သူသိချင်တာသိသွားပြီး ဇာတ်လမ်းက ပြီးသွားပေ့မယ့် ကိုယ်က ဒီနေ့အထိ ကိုယ်ကျတော့ ဘာလို့ မမြင်ရတာလဲ။ သူလိမ်းလိုက်တဲ့ လက်သည်းပေါ်က ဆေးကဘာလဲ။ သူက လက်မကို ကြည့်ပြီး ပွစိပွစိ ရွတ်လိုက်ယုံနဲ့ တစ်ပတ်အတွင်း အခိုးခံရတဲ့ ပစ္စည်းနဲ့ ခိုးနေတဲ့ အချိန်ကို ရုပ်ရှင်ကြည့်သလို ဘာမဆိုင်၊ ညာမဆိုင်တဲ့ သူ့သမီးကျမှ မြင်ရတာလဲ အစုံပါပဲ။ ဒါကြောင့်ပေါ့...လိုက်လို့မမှီပါဘူးဆိုနေဗျာ။

နောက်တစ်ခုကတော့ သူများပြုစားခံရတဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်ပါ။ သူစားမယ့် မုန့်ဟင်းခါးကို ဈေးသည်ဆီက ယူပြီး သူ့ကိုပေးတဲ့ အချိန်ခဏလေးမှာ ပြုစားတဲ့လူက ဟင်းရည်ကို လက်ညိုးလေးနဲ့ တောက်လိုက်တာတဲ့။ လွယ်လိုက်တဲ့ ဖြစ်ခြင်း။ ဒါပေမယ့် ကိုယ့်သူငယ်ချင်း ခံရတာတော့ နှစ်ပေါင်းများစွာ။ သူ့ခံစားရတဲ့ ဝေဒနာက နာမည်တပ်ရခက်ပါတယ်။ သက်ရှိတွေအကုန် သက်မဲ့တွေလို့ ထင်ပြီး သက်မဲ့တွေအကုန်ကျတော့ သက်ရှိတွေလို့ထင်တာပါ။ ဥပမာ ကားတွေ၊ အိမ်တွေကို သူက အကောင်တွေလို့ ထင်တာပါ။ ဒီတော့ သူက လူတွေနဲ့က လွဲရင် သက်မဲ့တွေကို စကားပြောပါတယ်။ သူ့အိမ်က ဦးနှောက်နဲ့ အာရုံကြော သမားတော်နဲ့ ကုတာ ဘာရောဂါမှ ရှာမတွေ့ဘူး။ ဒီထက်ဆိုးတာက လုံးဝ မဆဲတတ်၊ ကြမ်းကြမ်းတမ်းတမ်း မပြောတတ်တဲ့ သူက ဘုရားစင်ရှေ့ထိုင်ပြီး ဘုရားကို မဟုတ်မရုတ်တွေ၊ ညစ်ညမ်းတာတွေ အကုန်ဆဲတာပါ။ ကိုယ်က သူများပြုစားတာတွေ အစက မယုံပါဘူး။ သူ့ကိုတွေ့ဘူးမှ ယုံတာပါ။

သူ့အိမ်ကဆရာခေါ်ပြီး ကုတဲ့နေက ပိုဆိုးသေး။ ဆရာက အိမ်ထဲ မ၀င်ဘူး။ အိမ်ရှေ့ကနေ့ ဘာလုပ်ရမယ်ဆိုတာပဲ ပြောတာ။ ပထမဆုံး ဧည့်ခန်းထဲမှာရှိတဲ့ မယ်တော်ကြီး ဂမုန်းပင်ကြီးကို အမြစ်ကနေတူးပြီး အောက်ကို ကြည့်တဲ့အခါ အင်းချထားတဲ့ ကြေးပြားလေးတွေ အများကြီးပဲ။ စီစီရီရီနဲ့။ ဘယ်လိုမှ ကိုယ်တိုင်လာပြီး စီစီရီရီ ထည့်ဘို့ မဖြစ်နိုင်တဲ့ ပုံစံမျိုးပါ။ ဆရာက ပြောတာတော့ ဒါတွေက ညဘက်မှ ပျံလာပြီး ဒီပန်းအိုးထဲမှာ ၀င်နေတာတဲ့။ သူပြောလို့တာ ယုံရတယ်။ ကိုယ်ဖြင့် စဉ်းစားလို့မရ။ ပြီးတော့ သူတို့ မသိဘဲ ဘုရားစင်ပေါ်မှာ ရောက်နေတဲ့ ဆံပင်လုံးတွေ၊ သွေးစွန်းနေတဲ့ ဓါတ်ပုံတွေ၊ အစုံပဲ။ ဆရာပေါင်းစုံ၊ ကုသနည်းပေါင်းစုံ အကုန်ပဲ။ ပုပ္ပါးအထိ သွားပြီး ကျောကို ထောက်ပြီး ကုတော့လည်း ဆံပင်တွေ အန်တယ် ဆိုပဲ။ နောက်ဆုံးတော့ ဆရာတော်ကြီးတစ်ပါး မန်းပေးလိုက်တဲ့ ဆေးနဲ့ ပျောက်သွားပါတယ်။ အဲဒီရောဂါကြီးကို ကိုယ့်သူငယ်ချင်းက ၅ နှစ်လောက်ခံရတာပါ။ ကိုယ်လိုက်မမှီတာက ဒီလောက် ကပြောင်းကပြန် ဖြစ်နေတဲ့ စိတ်နဲ့ ကျောင်းတက်တာတောင် ၅ နှစ် ဆက်တိုက် သူချည်းပဲ Roll 1 ရတာကိုပါ။ သူက ကိုယ့်ကို အရမ်းခင်တာ။ ကိုယ်ကလည်း သူ့ရောဂါတွေကို သိနေလို့ အစစအရာရာ သည်းခံပြီး ဘယ်သူနဲ့ မှ အဆင်မပြေတဲ့ သူ့ကို အတိုက်အခံလုပ်ပြီးကို ပေါင်းခဲ့တာ။ သူငိုလိုက်၊ ဆဲလိုက်၊၊ ကားတွေ၊ ဆိုင်ကယ်တွေကို နှုတ်ဆက်လိုက်၊ စာကျက်လိုက် လုပ်နေတာပဲ အမြဲတွေ့နေတာ။ ပြီးတော့ အောင်စာရင်းထွက်ရင် သူကထိပ်။ ပြီးတော့ပြောသေးတယ်။ ငါ NO 1 ရရင်ပျော်တာ နင်တစ်ယောက်တည်း ရှိတယ်တဲ့။ ဟုတ်တယ်လေ။ သူ့ဘ၀အခြေအနေမှာ ပျော်စရာဒါလေးဘဲ ရှိတာ မဟုတ်လား။ အဲဒါပေါ့...တကယ်လိုက်လို့ကို မမှီပါဘူး ဆိုနေဗျာ။

နောက်တစ်ခုလိုက်မမှီတာကတော့ ကိုယ်ရဲ့ပိတုပါ။ ကျွန်တော့်အဖေက အရက်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်တတ်ပါတယ်။ များသွားရင်လည်း အလွန်သွေးဆိုးတတ်တာပါ။ သူများလို ဆဲတာ၊ ဆိုတာ၊ ရိုက်တာ၊ နှက်တာမျိုး မဟုတ်ပါဘူး။ ဘယ်လိုပြောရမှန်းမသိတဲ့ သည်းထိတ်ရင်ဖိုတွေလုပ်တာပါ။ အရက်တွေအရမ်းမူး၊ လူကဖြင့် ဒေါင်ချာဆိုင်းနေပြီ။ အဲဒီအချိန် ညကြီးသန်းခေါင် အိမ်မှာ ရှိတဲ့ တော်တော်နက်တဲ့ ရေတွင်းကြီးထဲ ဆင်းသွားတာမျိုးပါ။ လှေကားနဲ့ ဆင်းရတာမျိုး မဟုတ်ဘူးဗျာ။ ဘေးနရံက အထစ်တွေကို ခြေနဲ့ ကန်ပြီးဆင်းသွားတာ။ ပြီးတော့မှ ရေတွင်းထဲကနေ ချမ်းပြီဆို ကုန်းအော်တာ။ အမေနဲ့ ကလေးတွေကဘာနဲ့ ဆင်းဆယ်ရမှန်းမသိ၊ ဆင်းတုန်းက တိတ်တိတ်လေးဆင်းသွားတာလေ။ တကယ်လို့များ ချော်ကျ၊ ပြုတ်ကျ မူးမူးနဲ့ ရေနစ်နေရင် ဘယ်သူကဆင်းကယ်နိုင်မှာလဲ။ တွင်းနှုတ်ခမ်းကနေ အမေရာ၊ ကလေးတွေရော ငိုယိုရှိခိုးတောင်းပန်ရတာ။ တစ်ထစ်ချင်းသူပြန်တတ်လာတဲ့ အချိန်စောင့်ကြည့်နေရတဲ့ မိသားစုရင်ထဲ ဘယ်လိုရှိမလဲ။ တထိတ်ထိတ်နဲ့ ပူပန်ရတဲ့ခံစားမှု။ စဉ်းစားသာကြည့်ကြပေတော့။

တခါတလေကျတော့လဲ ကားတောင်မမောင်းနိုင်လောက်အောင်မူးပြီးပြန်လာ၊ အပေါင်းအသင်းတွေလည်း ပြန်သွားရော၊ သူဘယ်ရောက်သွားပါလိမ့်လို့ အမေကလိုက်ရှာ။ အမယ်လေး...အုန်းပင်ပေါ်မှာ အုန်းသီးတက်ချိုင်နေတာဗျို့။ ပြီးတော့ ကလေးတွေ အကုန်နိုး၊ အုန်းသီးစားရအောင်တဲ့လေ။ အမေနဲ့ ကျွန်တော်တို့ အုန်းပင်အောက်ကနေ မော့ကြည့်၊ အရမ်းကာရော တောင်းပန်ပြီး ပြန်ဆင်းခိုင်းရတာ။ သူပြုတ်ကျမှာ ကြောက်ရတဲ့ စိတ်နဲ့၊ အိပ်ချင်မူးတူး၊ ညသန်းခေါင်ထစားရတော့ အုန်းသီးလည်း ဘာအရသာမှန်း မသိပါဘူး။ မစားရင်လည်း စိတ်တိုပြီး ဒေါသတွေထွက်ဦးမယ်။ စားကောင်းတယ်ပြောရင်လည်း နောက်တစ်ခါထပ်တက်ဦးမယ်။ အဲဒီလို သည်းထိတ်ရင်ဖို အုန်းသီးတွေ စားရလွန်းလို့ အုန်းထမင်း၊ အုန်းနို့ခေါက်ဆွဲ၊ အုန်းသီးနဲ့ လုပ်တဲ့ မြန်မာမုန့်တွေ ဘာတစ်ခုမှ မကြိုက်တဲ့ အထိပါပဲဗျာ။

ကျွန်တော်တို့ အိမ်ပြောင်းတော့ အမေက အုန်းပင်မပါတဲ့ အိမ်၊ ရေတွင်းမရှိတဲ့အိမ်ကို ရွေးပြီးဝယ်ခဲ့တာပါ။ ခေါင်မိုးပေါ်မှာ လသာဆောင်လေးပါလို့ ကျွန်တော်တို့ အားလုံး လသာတဲ့ညတွေဆို လေညင်းခံရ၊ ကြယ်လေးတွေကြည့်ကြနဲ့ အိမ်အသစ်မှာ အဖေလည်း ငြိမ်နေတာပေါ့။ သူဆင်းစရာတွင်း၊ တက်စရာအုန်းပင်တွေမှ မရှိပဲကိုး။ တစ်ရက်တော့ အမေက အိပ်ယာထဲကို သုတ်သီးသုတ်ပျာလာနိုးပါတယ်။ "ထ...ထ..နင့်အဖေ ဂျိမ်းစ်ဘွန်း လုပ်နေပြန်ပြီ" တဲ့လေ။ အဖေဘာလုပ်နေတယ်မှတ်လဲ။ လသာဆောင်ကနေ တဆင့်ဆက်နေတဲ့ အိမ်ခေါင်မိုးပေါ်ကို အမြင့်ဆုံးအထိ ရောက်အောင်တက်၊ အိမ်ခေါင်မိုးအစွန်းလေးမှာ လေတ၀ူးဝူးနဲ့ လွင့်နေတာ။ သူ့ကိုသူ သိုင်းလောကဂိုဏ်းချုပ်စတိုင်နဲ့လေ။ တကယ်...အိပ်ချင်စိတ်ဆိုတာ ဘယ်ရောက်သွားမှန်းမသိဘူး။ နဲနဲလေးယိုင်သွားတာနဲ့ ပြုတ်ကျပြီပဲ။ နောက်နေ့မနက် အမူးပြေလို့ သူ့ကိုမေးကြည့်။ ငါ ဒါမျိုးတွေ မလုပ်ပါဘူး။ မဖြစ်နိုင်ပါဘူး တဲ့။ ဇွတ်အတင်းငြင်းတာ။ အရက်မသောက်တဲ့အချိန်ဆို အသည်းက ငယ်လိုက်တာ ပြောမနေနဲ့တော့။ အုန်းပင်တက်ဖို့ ဝေလာဝေး။ ကုလားခေါ်ပြီးတက်ခိုင်းတဲ့။ အုန်းပင်ပြင်တဲ့ အမျိုးမဟုတ်ဘူးကွ။ ယောင်္ကျား အမြင့်ကြောက်တာ မသိဘူးလားတဲ့။ ရေချိုးဖို့ စပ်ပေးထားတဲ့ ရေများပူနေရင် မချိုးဘူးစောင့်နေသေးတာ။ နည်းနည်းမှ သတိမလွတ်ဘူး။ တခါတလေ အမေက တစ်ယောက်စီ အကြိုက်လိုက်ချက်ရင်း ဟင်းစပ်က ကမောက်ကမ ဖြစ်သွားကြည့်။ "မိန်းမ...မင့်ကဘာသဘောလဲကွ။ ၀က်သားနဲ့ မျှစ်ချဉ်၊ ကြက်ဟင်းခါးသီး၊ ငါးချဉ်သုတ်တဲ့သဘောက ယောင်္ကျားကို မျှင်းပြီးသတ်နေတာလား။ အနီးကပ် ရန်သူကို သတိထားဆိုတဲ့ စကားတယ်မှန်တာပဲ" တဲ့။ အမေက ရီပြီး "မင်းကို ဘယ်သူက အမျိုးစုံ အကုန်စားခိုင်းလို့လဲ။ သားသမီးတွေစားချင်လို့ ချက်ထားပေးထာကြိုက်တာပဲရွေးစားပေါ့" လို့ပြောရင် "ဟ...ချက်ထားမှ တော့စားချင်တာပေါ့ကွ။ တန်ဆေး၊ လွန်ကောင်း၊ များ ဘဲရီးဂွတ်" တဲ့။ ပြီးရင် ဆေးတွေသောက်ပါတော့တယ်။ အခုအသက် ၆၀ နားနီးလာတော့ ဒါမျိုးတွေ မလုပ်တော့ပါဘူး။ တခါတရံ အရမ်းမူးမှ ညကြီးမှောင်မည်း ဆိုင်ကယ်စီးပြီး မန္တလေးနဲ့ မေမြို့ ကို အတက်အဆင်း လုပ်ရုံလောက်ပါပဲ။

Wednesday, August 13, 2008

Happy Birthday my lovely LEO !!!


Birthday Song 4 little LEO!

Thursday, August 7, 2008

ကလေးတွေကတဲ့ ပွဲ


မနေ့တုန်းကကျောင်းမှာ ကလေးတွေက သီချင်းဆိုပြီး ကတဲ့ပွဲတခု လုပ်ပါတယ်။ သူတို့နိုင်ငံရဲ့ National Day ကိုဂုဏ်ပြုကြိုဆိုတဲ့ အနေတဲ့ ဒီနိုင်ငံအတွက် စပ်ဆိုထားတဲ့ သီချင်းတွေနဲ့ ကလေးတွေက အကပြိုင်တာပါ။ သူတို့ကတော့ Sing Singapore 2008 တဲ့။ အဆင့်ဆင့်ပြိုင်လာပြီး နောက်ဆုံး ကလေးပေါင်း ၁၁၀၀ ကျော်ပါဝင်တဲ့ ကပွဲတစ်ခုပေါ့။ ဒီနိုင်ငံရဲ့ Minister for Defense ကတက်ရောက်အားပေးပါတယ်။ ဒီပွဲအတွက် ကကွက်တွေကို သက်ဆိုင်ရာ အတန်းပိုင်ဆရာ/ဆရာမတွေ
တီထွင် သင်ကြားပေးတာပါ။သူတို့ကပွဲရဲ့လက်မှတ်တွေက $၄၀၀ ကနေ $၅၀ အထိ။ Primary 1 နှင့် Primary 2 ကလေးတွေမပါ မနေရဆိုတော့ Primary 1 ကလေးတွေရဲ့ မိဘ အကုန်နီးပါးက လာကြည့်ကြတာပေါ့။ ကလေးကို ကျောင်းစထားတဲ့ အချိန်ဆိုတာ မိဘတွေ အသည်းဆုံး အချိန်ပဲ မဟုတ်လား။ ပြိုင်ပွဲအတွက် လွန်ခဲ့တဲ့ (၂) လလောက်ကတည်းက ကျောင်းက ခန်းမထဲမှာ သူတို့ နိုင်ငံရဲ့ သီချင်းတွေ က ပျံ့လွင့်လို့။သူတို့ကပွဲဆိုတာက၊ သီချင်းကို ဖွင့်ပေးထားပြီး ကလေးတွေက အမူအယာ လုပ်ရုံပါပဲ။ ကိုယ်တို့ ငယ်ငယ်က ကပွဲတွေက ၊ ကလေးတွေကိုယ်တိုင် ဆိုပြီး ကခဲ့ကြရတာ။ ဪ... ကိုယ်တို့ ငယ်ငယ်ကလည်း ဒီလိုကျောင်းကပွဲမျိုးတွေ ကခဲ့ဘူးတာပါပဲလေ။



ကိုယ်တို့ လေးတန်းလောက်တုန်းက ကျောင်းမှာ လွတ်လပ်ရေးနေ့ စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျောင်းကပွဲတွေ ရှိတာပေါ့။ ပြဇာတ်ကတာတွေ၊ အဖွဲ့လိုက် နိုင်ငံတော် သီချင်းဆို ပြိုင်ပွဲတွေလည်း ရှိခဲ့တာပေါ့။ "ဗိုလ်ချုပ်အောင်ဆန်း၊ ခပ်ငယ်ငယ်၊ ကျွန်တော်တို့လို ကလေးအရွယ်" အစချီတဲ့ ကဗျာလေးတွေ ရွတ်ပြီး အမူအယာ အပြည့်နဲ့ ကခဲ့ပျော်ခဲ့ ဘူးတာပေါ့။ ကိုယ်တို့ ခေတ်တုန်းက ဗိုလ်ချုပ်အောင်ဆန်း ကို မချစ်တဲ့ ကလေး မရှိပါဘူး ထင်ပါရဲ့။ အမေ့မွေးနေ့ကို မသိပေမယ့် ကဗျာတွေ ရွတ်ရလို့ ဗိုလ်ချုပ် မွေးနေ့ကိုတော့ ကလေးတွေက သိကြတာပေါ့။



ကိုယ်နဲ့ (၁၁) နှစ်ကွာတဲ့ အငယ်ဆုံးလေးတို့ ခေတ်ရဲ့ ကျောင်းသားပွဲတော် ကပွဲရွှင်ပွဲ ကျတော့ အခြေအနေတွေက မတူတော့ဘူး။ ဗိုလ်ချုပ်သီချင်း နေရာမှာ ကြော်ငြာသီချင်းဖြစ်သွားပြီ။ ကြော်ငြာသီချင်းတွေနဲ့ ကလေးတွေက အဆို၊အက ပြိုင်ကြသတဲ့။ "ကျွန်မကို ချစ်ရင်၊ မောင်ကြီးရေ...၀ယ်ပေးပါလား" တဲ့လေ။

ကိုယ်မှာကလည်း ကလေးတွေကတဲ့ ပွဲနဲ့ ပတ်သက်ရင် စိတ်ဒဏ်ရာ တစ်ခုက ရှိသေးတယ်။ ဘာမှ မသိတဲ့ ပကတိဖြူစင်တဲ့ မျက်နှာလေးတွေနဲ့ ကနေတဲ့ ကလေးတွေကို ကြည့်ပြီး ကြည်နူးမယ့်အစား ၀မ်းနည်းပြီး ငိုချင်တဲ့ ဝေဒနာပေါ့။ ဒီ ရောဂါကလည်း ကိုယ်တို့အိမ်က အငယ်ဆုံးကလေးရဲ့ ကျောင်းကပွဲနေ့ က စခဲ့တာပေါ့။

အဲဒီနေ့မျိုးဆိုတာ တကယ်တော့ မိဘတွေလိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ကြည့်ရတဲ့ ပွဲမျိုးလေ။ ဒါပေမယ့် အဲဒီနေ့ မတိုင်ခင်တစ်ရက်က အဖေနှင့် အမေ က ပြဿနာတွေတက်ပြီး ကွဲကွာကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဆုံးဖြတ်ချက်ကြီးကိုလည်း ကိုယ်တို့ မောင်နှမတွေထဲမှာ ကိုယ်တစ်ယောက်တည်းသိနေခဲ့တာ။ ဒီတော့ ကလေးရဲ့ကပွဲကို သူတို့က မလိုက်ဘူးပေါ့။ ကိုယ့်ကို လူကြီးလုပ်ပြီး လိုက်သွားခိုင်းတာ။ အငယ်ဆုံးလေးကတော့ ဘာမှမသိရှာ။ စိတ်လှုပ်ရှားပြီး ပျော်လို့။ သူတို့ အဖွဲ့က ရမယ့် အချိန်က နေ့လည် ၁ နာရီ။ ကိုယ့်အဖေက မိသားစုက ချန်ရစ်ပြီး တခြားတနေရာကို သွားမယ့် ခရီးကို စီစဉ်ထားတာကလည်း ၁ နာရီဆိုတာ ကိုယ်သိနေတာ။ စိတ်ထဲမှာ ပူလောင်လိုက်တာ မပြောပါနဲ့တော့။

ကိုယ့်အငယ်ဆုံးလေးကအရမ်းသရုပ်ဆောင်တတ်တာ။ ကိုယ်တို့ မောင်နှမတွေထဲမှာ သူတစ်ယောက်ပဲ Stage တွေ၊ လူပရိတ်သတ်တွေ အများကြီးကို မကြောက်တတ်တာ။ သူနဲ့အတူတူတွဲပြီး သရုပ်ဆောင်တဲ့ ကလေးမလေးကလည်း တော်လိုက်တာ။ ၂၀ ရာစုရဲ့ ကလေးငယ်တွေဆိုတော့ လာကြည့်တဲ့ ပရိတ်သတ်က သဘောကျလွန်းလို့ တ၀ါးဝါးပေါ့။ အဲဒီအချိန် ဘာအပူအပင်မှ မရှိတဲ့ မျက်နှာလေးနဲ့ မီးရောင်စုံတွေ အောက်မှာ ကနေတဲ့ ကလေးကို ကြည့်ရင်းကိုယ့်မှာ မျက်ရည်ပေါက်ပေါက်ကျ။ သူများတွေက လက်ခုပ်တွေတဖြောင်းဖြောင်းတီး၊ကိုယ်က ပိုးပိုးပေါက်ပေါက်ကျနေတဲ့ မျက်ရည်တွေကို ခေါင်းငုံ့ပြီးသုတ်။ တချို့ကလည်း ကိုယ့်ကို စူးစူးဝါးဝါးကြည့်၊ တချို့ကလည်း အရူးတစ်ယောက်လိုကြည့်။ ဟုတ်တယ်လေ။မိသားစုမှာ ကိုယ်အချစ်ဆုံး အဖေက ရှိမနေချင်တော့ဘူး။ သွားတော့မှာဆိုတာ သိရတာလောက် ရူးသွပ်ချင်စရာကောင်းတာ ဘယ်ရှိပါ့မလဲ။

ကလေးတို့အဖွဲ့ကိုလည်း ပထမဆုရတယ်လို့ ကြေငြာလိုက်ရော ကိုယ့်ကအဖေ့ကို ဖုန်းဆက်ပြီးပြောပြ၊ ကိုယ့်အသံတွေ တုန်နေတာကို အဖေက အပျော်လွန်နေတာထင်နေတာ။ သူစီစဉ်ထားတာတွေ ဘယ်သူမှ မသိဘူးလို့ပဲ သူကမှတ်နေတာကိုး။ ကိုယ်ဖုန်းဆက်တာ မှီယုံလေးပါပဲ။ အဲဒီအချိန် အဖေ့ကားက ကိုယ်တို့ မြို့နယ်နမိတ်လိုင်းကို ဖြတ်နေပြီ။ ကိုယ့်အဖေကို "စောစောပြန်လာခဲ့နော်၊ ဒီနေ့ည ကိုယ်တို့မောင်နှမကို တစ်ခုခုလိုက်ကျွေး၊ စောင့်နေမှာနော်" လို့ နှစ်ခါ၊ သုံးခါလောက် ထပ်ပြောလိုက်တယ်။ မာနကြီးတဲ့ အမေ့ကိုယ်စား ဆိုပါတော့လေ။ ည (ရ) နာရီလောက်ကျ အဖေက တရုတ်ဟင်းမျိုးစုံဝယ်ပြီး ပြန်လာတာပေါ့။ လမ်းတ၀က်က ခရီးစဉ်ဖျက်ပြီး ပြန်ကွေ့လာတာလေ။ မှတ်မှတ်ယယ အဲဒီကျောင်းကပွဲညက ကိုယ်တို့တွေ အဖေနဲ့ ထမင်းတူတူစားဖြစ်ကြတယ်။ အဖေက ရီစရာတွေပြောလို့။ ဘာမှမသိလိုက်ကြတဲ့ ကိုယ့်မောင်နှမတွေအားလုံးက စားလိုက်ကြတာ ၀က်ဝက်ကွဲ၊ ပျော်နေလိုက်ကြတာ။ တစ်နေကုန် ပူပန်ဝမ်းနည်းထားတဲ့ ဒဏ်နဲ့ ပြုံးရုံပဲ ပြုံးနိုင်တာ
ကိုယ်တစ်ယောက်တည်း။ အဖေကတကယ်ပြန်လာတာလား။ ပြီးရင်ပြန်သွားဦးမှာလား ဆိုတဲ့သံသယနဲ့ အဖေ့မျက်နှာပဲ တချိန်လုံးလိုက်ကြည့်ပြီး အများကြီးမစားနိုင်တာလည်း ကိုယ်တစ်ယောက်တည်း။ နောက်ပြီး ဒီနေ့အထိ ကလေးတွေကတဲ့ ပွဲကိုကြည့်ရတိုင်း စိတ်ထဲမှာ လှိုက်ပြီး ဘာကို မှန်းမသိ ၀မ်းနည်းနေတတ်တာလည်း ကိုယ့်မိသားစုမှာ ကိုယ်တစ်ယောက်တည်းရှိတဲ့ဒဏ်ရာပါပဲလေ။

Wednesday, July 30, 2008

ချစ်သူ. . . ပြုံးလိုက်ပါ။

မတွေဝေတတ်တဲ့စိတ်နဲ့
စူးရှနေတဲ့ကိုယ့်အတ္တတွေက
မင်းကိုနာကျင်စေတာ။

လောဘကြီးတဲ့နှလုံးသားနဲ့
အထိမခံတဲ့မာနတွေက
မင်းကိုနာကျင်စေတာ။

နားလည်ရခက်လွန်းတဲ့ ရိုက်ခတ်မှုတွေနဲ့
ကြေကွဲခဲ့ရတဲ့ကိုယ့် တိတ်ဆိတ်ခြင်းတွေက
မင်းကိုနာကျင်စေတာ။



ဉပေက္ခာပြုနိုင်ရက်တဲ့
မင်းရယ်မောခြင်းတွေကိုမှ
ဂုဏ်ယူအားကျမိတဲ့
ကိုယ့်ယုံကြည်ခြင်းတွေက
မင်းကိုနာကျင်စေတာ။

မင်းပြုံးနေတာမြင်ချင်လို့
ပတ်ဝန်းကျင်ကို မေ့ထားခဲ့တဲ့
ကိုယ့်ရူးသွပ်ခြင်းတွေက
မင်းကိုနာကျင်စေတာ။


ချစ်သူရေ...
လွတ်လွတ်လပ်လပ် ကြီးပြောခွင့်ရှိပါရဲ့လား

အရိုးသားဆုံးနှလုံးသားနဲ့
အမြတ်နိုးဆုံးဖြစ်တည်ခဲ့တဲ့
ထက်မြက်သူတစ်ယောက်ရဲ့
ခပ်တုံးတုံးအချစ်တွေက
မင်းကိုနာကျင်စေတာပါလို့လေ။ ။

Sunday, July 13, 2008

လိပ်ပြာလှတယ်၊ ကောက်မယ်


ဒီတပတ်ရုံးပိတ်ရက်မှာ ဆရာမခင်ခင်ထူးရဲ့ "၀တ်လဲတော်ရွှေပုဆိုး၊ တန်းထိုးလို့ကြိုမယ်" ဆိုတဲ့ဝတ္ထုလေးဖတ်မိပြီး ကျွန်တော်တို့အိမ်က အဖေနဲ့အမေရဲ့ နတ်ကိုးကွယ်မှုဆိုင်ရာအမြင်မတူတာလေးတွေတွေးမိရင်း တစ်ယောက်တည်း ပြုံးမိတယ်။

အဖေကနတ်ကိုးကွယ်တာတွေကို လုံးဝအယုံအကြည်မရှိပါဘူး။ တကယ်တော့သူက သူ့ကိုယ်သူကလွဲရင် ဘယ်သူ့ကိုမှ မယုံတဲ့ လူမျိုးဆို ပိုမှန်ပါတယ်။ အမေကတော့ ရတနာသုံးပါးကို အရမ်းကြည်ညိုဆည်းကပ်သူ၊ (၃၇) နတ်မင်းတွေကိုလည်း အမြဲမေတ္တာပို့နေသူ၊ ဒီနတ်မင်းတွေရှိတယ်လို့လည်း ယုံကြည်သူပါ။ သားသမီးတွေကတော့ အဖေရော အမေရောနဲ့ အဆင်ပြေအောင် မပြစ်မှား၊ မရှိခိုးတဲ့ သူတွေပါ။ ဒီလိုမမြင်နိုင်တဲ့ အရာတွေ ရှိချင်လည်းရှိနေနိုင်တာပဲ ဆိုတဲ့ စိတ်နဲ့ မပြစ်မှားမိအောင် နေတယ်ဆို ပိုမှန်ပါတယ်။ အမေက ယုံကြည်တယ်ဆိုတာလည်း သူရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေက ယုံချင်စရာ ကောင်းနေပြန်တယ်လေ။


အမေအသက် (၂၀) ကျော်လောက်အထိ နတ်ကနားပေးတာတွေ၊ နတ်ပွဲတွေကို တစ်ခါမှ မသွားခဲ့ဘူးတဲ့။ တစ်ရက်တော့ အမေကရုံးက အပြန်လမ်းမှာ သူ့အသိအိမ်က အိမ်တွင်းနတ်ကနားပွဲလေးတစ်ခုပေးနေတဲ့ အသံကြားသတဲ့။ ရုံးနဲ့အိမ် ၁၅ မိနစ်လောက်ပဲ လမ်းလျှောက်ရတဲ့ နယ်မြို့လေးက အိမ်လေး တစ်အိမ်မှာပေါ့။ ဒါနဲ့ အမေက သူ့အသိအိမ်ဆိုတော့ အိမ်ထရံကြားကနေ ချောင်းကြည့်နေသတဲ့။ ထရံပေါက်လေးဆိုတာကလည်း မျက်လုံးလေးတစ်လုံးစာအပေါက်ကလေးပါ။ ဒီလိုနဲ့ မမြင်ဘူးတာတွေ အထူးအဆန်းဖြစ်ပြီး ကြည့်နေတုန်း အထဲက နတ်ကတော်က "လိပ်ပြာလှတယ်၊ ကောက်မယ်" လို့ ပြောသတဲ့။ ဒါနဲ့ ၀ိုင်းထိုင်နေကြတဲ့ အဘွားကြီးတွေက "ဘယ်သူကိုကောက်မလဲ" လို့မေးတဲ့အခါ "ဟိုထရံကြားက ချောင်းကြည့်နေတဲ့ အင်္ကျီအ၀ါလေး မျက်မှန်လေးနဲ့ နှမတော်ကို ကောက်မယ်၊ လာခဲ့" လို့ပြောသတဲ့။ အဲဒီလိုလည်း ကြားလိုက်ရော အမေလည်း ကြောက်အားလန့်အားနဲ့ ပြေးလိုက်တာ အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းတောင်မသိဘူးတဲ့လေ။

တကယ်တော့ လိပ်ပြာလှတာတွေ၊ ကောက်တာတွေကို သိလို့ မဟုတ်ပါဘူး။ သူချောင်းကြည့်နေတာကို တိတိကျကျ ကြီး သိသွားတာရယ်၊ လာခဲ့ ဆိုတာကြီးကိုကြောက်လို့ အရမ်းလန့်ပြီး ပြေးတာပါ။ အဲဒီနောက်ပိုင်း အမေလည်း နတ်ကနားပွဲနားကို ခြေဦးမလှည့်တော့ပါဘူး။

ဒီလိုနဲ့ ၁၀ နှစ်လောက်ကြာပြီးတရက်တော့ အထက်အညာရဲ့ နာမည်ကြီး တောင်ပြုန်းပွဲကို ငြင်းမရတဲ့ ဆွေမျိုးတွေခေါ်လို့ အမေကလိုက်သွားပါလေရော။ အဖေမသိအောင်ခိုးပြီး လိုက်သွားတာပေါ့လေ။ ဟိုရောက်တော့ သူများတွေက ပန်းတွေ ဘာတွေကပ်၊ အမေကတော့ နန်းဆောင်ရှေ့က ကွက်လပ် လေးမှာရပ်ပြီး ဟိုကြည့်ဒီကြည့်ပေါ့။ အဲဒီအချိန် ဘယ်သူမှ မရှိတဲ့ ဒီကွက်လပ်ကြီးထဲမှာ အမေ့ကို တစ်ယောက်ယောက်ကနောက်ကနေ ဆောင့်ပြီးတွန်းလိုက်သလိုမျိုးဖြစ်ပြီး အမေချော်လဲ ပါလေရော။ အားလုံးကလည်း အံ့သြလို့။ အမေလည်း အဖေ့ကို ကြောက်တာနဲ့ သူ့ခြေထောက်နာသွားတာကို မပြောဘဲ သူ့ဘာသာသူ တိတ်တိတ်လေး ကြိတ်ခံနေခဲ့တာပေါ့လေ။

နောက်တစ်လလောက်နေတော့ ၀န်ထမ်းတွေ အပြောင်းအရွေ့ အမိန့်စာတွေ ထွက်တော့မယ်လို့ သတင်းထွက်လာပါရော။ အဝေးကြီး ပြောင်းရရင်တော့ မိသားစုနဲ့ ခွဲနေရရင် ဒုက္ခလို့ အမေက စိတ်ညစ်နေတဲ့အချိန်၊ အမေ့သူငယ်ချင်း အမျိုးသမီးတစ်ယောက်က အကြားအမြင် အရမ်းမှန်တယ်ပြောလို့ အမေက လိုက်သွားပါလေရော။ အမေက လက္ခဏာဗေဒင်တွေ တခါတရံ သွားမေးတတ်တယ်။ သူ့အယူအဆက ဗေဒင်ဆိုတာ မကောင်းတာဆိုမှန်တတ်လို့ ကြိုတင်ကာကွယ်ရအောင်လို့တဲ့လေ။ အကြားအမြင်တော့ သိပ်မေးလေ့မရှိပါဘူး။ အပြောင်းအရွေ့ကိစ္စလေးမေးကြည့်မယ်ပေါ့။ အကြားအမြင် ဟောတာကလည်း နုနုသွယ်သွယ်၊ အမျိုးသမီးပဲ။ အမေတို့ အုပ်စုလိုက်ကြီး တစ်ယောက်ပြီးတစ်ယောက် ဟောလာလိုက်တာ၊ အမေအလှည့်လဲရောက်ရော အကြားအမြင်ဆရာမက "ကျွန်မမဟောဘူး၊ ရှင့်ကိုဟောမယ့်သူက သူကိုယ်တိုင်ဟောမယ်တဲ့" လို့ပြောပြီး အဲဒီ အမျိုးသမီးလေးဆီက ယောင်္ကျားသံကြီး ထွက်လာပါလေရော။ "ဟားဟား..." လို့အော်ရယ်တာတဲ့လေ။ အမေအပါအ၀င် တစ်ဖွဲ့လုံး လန့်သွားလိုက်တာ ထမပြေးမိရုံ တမယ်ပဲတဲ့။ သူက ဘယ်က စပြောသလဲဆိုတော့ "ဟိုတုန်းက အင်္ကျီ အ၀ါရောင်လေးနဲ့ ထွက်ပြေးလိုက်တာ၊ မောင်တော်ခေါ်တာ ဘာလို့မလာဘဲ ပြေးရတာလဲ" လို့ စပြောသတဲ့။ အမေလည်းအံ့သြတာရော၊ လန့်တာရောလို့ ဘာမှ ပြန်မဖြေမိဘူးပေါ့။ ဒါနဲ့ "လွန်ခဲ့တဲ့ တစ်လလောက်က ပွဲတော်ကိုလာတာ မောင့်တော့်နတ်နန်းကို အရင်မလာဘဲ မယ်တော့်နတ်နန်းကို အရင်သွားလို့ မောင်တော်နောက်ကနေ တွန်းပြီးကြည်စားလိုက်တာရော မှတ်မိလား" လို့မေးသတဲ့။ ဒီမေးခွန်းကိုတော့ အမေက "ဟုတ်ကဲ့ မှတ်မိပါတယ်" လို့ ဖြေသတဲ့။ "ကဲ အခု ဘာသိချင်လဲပြောလို့" မေးသတဲ့။ အမေက သူက promotion အခြေအနေကိုပဲ သိချင်တာပါလို့ မေးတဲ့ အခါ "မ အက္ခရာနဲ့ စတဲ့ မြို့ပဲ ပြောင်းရမယ်၊ ဒါပေမယ့် နာမည်ပဲ ပြောင်းရမယ်၊ လူကတော့ မပြောင်းရဘူး၊ မောင်တော့် နယ်မြေထဲမှာပဲ ထားမယ်" လို့ဟောသတဲ့။ ပြီးတော့ "ကဲ...ဒီတခါရော ထွက်ပြေးဦးမလား" လို့ အမေကို မေးတဲ့အခါ၊ ဒီအဖွဲ့ကို ဦးဆောင်ပြီး ခေါ်သွားတဲ့ အမေ့ သူငယ်ချင်းက ဖင်ထောင်အောင်ရှိခိုးပြီး "မလုပ်ပါနဲ့၊ သူ့ယောကျာ်းကို ကျွန်မတို့အားလုံး ကြောက်လွန်းလို့ပါ၊ အရမ်းဆိုးတာပါ" လို့ ပြောပြီး အတင်း တောင်းပန်တော့တာပါပဲ။ အဲဒီလို ကြားတော့ "ဟားဟားဟားဟား" လို့ အကျယ်ကြီး အော်ရီပြီး "ကဲ.. စိတ်ချမ်းချမ်းသာသာနေ၊ နှမတော်" လို့ပြောပြီး အကြားအမြင် အမျိုးသမီး ရဲ့ အသံပြန်ဖြစ်သွားရောတဲ့။

အမေလည်း ဘာတွေပါလိမ့်ဆိုပြီး ပြန်လာခဲ့တာပေါ့။ Transfer order တွေ မထွက်မချင်း အမေက အဖေကို မပြောပြဘူး။ Order ထွက်လာတော့ အမေက မိုးကုတ်ကို ပြောင်းရပါတယ်။ ဒါပေမယ့် နာမည်ပဲ ပြောင်းပြီး လူကတော့ အခု လက်ရှိ ရုံးမှာပဲ Attachment အနေနဲ့ နေရတာပါ။ အဲဒီအချိန်ကျတော့ အမေက မနေနိုင်တော့ဘူး။ သူ့အကြားအမြင် မှန်တဲ့ အကြောင်း မနက်စာစားရင်း အဖေ့ကို ပြောပြပါလေရော။ ကျွန်တော်တို့ လည်း နားထောင်လို့ပေါ့။ အဖေက ဒေါသတွေ ထွက်လိုက်တာပြောမနေပါနဲ့တော့။ ကျွန်တော်တို့လည်း ကုပ်ကုပ်ကလေး စားစရာရှိတာ စားနေကြတာပေါ့။ "အေး... ငါကောက်ထားတဲ့ မိန်းမကို ဘယ်မောင်တော်မှ လာကောက်လို့ မရဘူးကွ၊ နားလည်လား၊ ဒီမောင်တော် ကောက်ထားပြီးသား" လို့လဲပြောရော ကျွန်တော်တို့တွေလည်း ၀ါးကနဲ ရယ်လိုက်မိပါလေရော။ "ပြီးတော့ အသုံးမကျတဲ့ အတွေးအခေါ်တွေ ငါ့သားသမီးတွေ ရင်ထဲရောက်ကုန်မယ်၊ နောက်ဘယ်တော့မှ ဒါမျိုးမကြားချင်ဘူး" ဆိုပြီး စိတ်တွေဆိုးလိုက်တာ။ "မင်း နတ်ကတော် လုပ်ချင်တာလား" လို့ အမေ့ကိုမေးသေးတာ။ အမေက "ငါ့ အဖြစ်အပျက်လေးပြန်ပြောပြတာလေ၊ ဘာမှ မလုပ်ချင်ပါဘူး" လို့ ဘယ်လိုပဲ ဖြေရှင်းလဲ အကြားအမြင် မမေးရ၊ နတ်ကတော်မမေးရ၊ ဒီနေ့ကစပြီး ကလေးတွေကို နတ်အကြောင်းတွေ မပြောရနဲ့ ဒေါသပုန်တွေထလိုက်တာ ကျွန်တော်တို့ တတွေကတော့ ပြုံးစိပြုံးစိနဲ့ အဖေ့ ကြည့်လိုက်၊ အမေ့ကြည့်လိုက်ပေါ့။

အဖေ့ကို ကျွန်တော်က "နတ်" ဆိုတာတကယ်ရှိတာလားလို့မေးကြည့်တဲ့အခါ "ရှေးခေတ် ဘုရင်တွေက တိုင်းသူပြည်သားတွေထဲမှာ တစ်ယောက်ယောက် တန်ခိုးသြဇာကြီးမားလာပြီ ဆိုရင်သူတို့ကို ပုန်ကန်မှာစိုးလို့ သတ်ပစ်လိုက်ပြီး တိုင်းပြည်က မကျေနပ်မှာစိုးလို့ နတ်အဖြစ်ကိုးကွယ်ခိုင်းလိုက်တဲ့ လှည့်စားမှုတစ်ခုပဲတဲ့။ ဒီလောက်ပဲ ပြောပြတယ်။ ဒါတွေကို ဆုတောင်းနေလို့ ဘာထူးမှာလဲတဲ့။ ဘုရားကိုယ်တိုင်က "ငါဘုရားသည် ဘယ်သူတစ်ဦးတစ်ယောက်၏ ကံကြမ္မာကိုမှ မဖန်တီးနိုင်" လို့ဟောထားတာ၊ သူတို့ဆို ပိုဝေးရောပေါ့တဲ့။ လူဆိုတာ ကိုယ်ဘ၀နဲ့ ကိုယ် ကိုယ်ဖြစ်ကိုယ်ခံ ပဲတဲ့။ အမေကတော့ သူတို့တွေကို မေတ္တာပို့ပေးရမယ်။ မပြစ်မှားရဘူး။ ရှိချင်လဲရှိနေနိုင်တာပဲတဲ့လေ။ ဒါနဲ့ပဲ ကျွန်တော်လည်း (၃၇) မင်းနတ်တွေအကြောင်းအသေအချာ မသိခဲ့ရသလို၊ တခါမှလည်း မပြစ်မှားမိခဲ့ပါဘူး။ အင်းလေ... လောကကြီးဆိုတာက မမြင်နိုင်တဲ့ အရာတွေ အများကြီး နဲ့ တည်ဆောက်ထားနိုင်တာပဲ မဟုတ်လား။ ။

Sunday, June 15, 2008

အိမ်ပြန်တဲ့နေ့


အမေ့အိမ်ကို ပြန်မယ်လို့ ဆုံးဖြတ်ပြီး ပထမဆုံးသွားရတာက မြန်မာသံရုံးပါ။ မနက် (၃) နာရီခွဲသွားပြီး နာမည်ရေးရတယ်ဆိုလို့ အဲဒီအချိန်သွားတော့ ကိုယ့်နံပါတ်က (၁၃) ဖြစ်နေပြီ။ နံပါတ် (၁) ရတဲ့လူက ဘယ်အချိန်တုန်းကများ လာရေးသွားပါလိမ့်။ ထားပါတော့လေ။ ဒါနဲ့ အိမ်ကိုတစ်ခေါက်ပြန်လာပြီး (၁၀) နာရီလောက်မှ ပြန်သွားလိုက်တယ်။

သံရုံးရဲ့ အခွန်ပေးရတဲ့စနစ်က ကျွန်တော်သွားတဲ့နေ့ကတော့ WP ဆိုရင် $၄၀၊ SP ဆိုရင် $၈၀၊ EP ဆိုရင် $၁၀၀ နှင့် PR ဆိုရင် $၁၂၀ ကနေ ၁၅၀ ကြားတဲ့။ ဘာစာရွက်စာတမ်းမှလဲ ကြည့်မနေပါဘူး။ ပြလည်း အလကားပါပဲ။ ဒါနဲ့ပဲ ကိုယ်နဲ့ ဆိုင်တဲ့ အတိုင်း ၂၅ လ စာဆောင်ပြီး ပြန်လာတော့တယ်။ Passport ကလဲ သက်တမ်းကုန်နေလို့ သက်တမ်းတိုးလို့ ၃၀၀ ထပ်ပေးရသေးတယ်။ အမေ့မျက်နှာကို မှန်းပြီးပေးလိုက်လို့သာ ဖြေသာတော့တယ်။ အိမ်ပြန်ချင်ဇောနဲ့ မမောပါဘူးလေ။


နောက်တော့ မိသားစုဝင်တွေအတွက် သူတို့အကြိုက်၊ သူတို့လိုချင်မယ့် ပစ္စည်းမျိုးလေးတွေလိုက်ရှာဝယ်ရတဲ့အဆင့်။ သူများလို ကြိုတင်ဝယ်ထားတာလည်းမရှိတော့ ရုံးဆင်းတာနဲ့ shopping mall တွေမှာအချိန်ကုန်၊ ဆိုင်တွေအားလုံး ပိတ်တဲ့အချိန်ရောက်မှ ကိုယ်လဲအိမ်ပြန်ရောက်။ ပစ္စည်းတွေကို အိတ်တစ်လုံးထဲ ပစ်ထည့်ထားပြီး စာရင်းထဲက ဘယ်သူ့အတွက် ဘာဝယ်ဘို့ကျန်သေးလဲ။ မနက်ဖြန်ဘယ်မှာ ၀ယ်ရမလဲစဉ်းစား။ ကိုယ့်လက်ဆောင်လေးတွေပေးလိုက်တဲ့အခါ သူတို့ဘယ်လိုလေးဖြစ်သွားမှာ၊ အမေကတော့ ဈေးတွေမေးတော့မှာနဲ့ စဉ်းစားပြီး စိတ်ကူးတွေယဉ်၊ တစ်ယောက်တည်းပြုံးလို့။ အိမ်ပြန်ချင်ဇောနဲ့ဆိုတော့ မမောပါဘူးဗျာ။

သွားရမယ့်နေ့ကျတော့ ပစ္စည်းထည့်တာ၊ ပစ္စည်းပြင်တာနဲ့ ကောင်းကောင်းတောင်မအိပ်လိုက်ရပါဘူး။ လေယာဉ်ကွင်းကို မနက်အစောကြီးဆင်းပြီးချိန်စရာရှိတာချိန်၊ စစ်စရာရှိတာတွေစစ်။ အဲဒီအချိန် "အိမ်ပြန်ရတော့မယ်ကွ" ဆိုတဲ့စိတ်က ဘယ်လိုခံစားချက်မျိုးပေးမှန်း မသိဘူး။ ပျော်တယ်ဆိုတာထက် ပိုတာပေါ့ဗျာ။

"ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်ပါတော့မယ်" ဆိုတဲ့ လေယာဉ်မှုးရဲ့ အသံကြားလိုက်ရတော့ လူက ဂနာမငြိမ်တော့ဘူး။ တကယ်တော့ အိမ်ကို ပြန်ရောက်ဘို့ ပြည်တွင်း လေကြောင်းတစ်ခုကို ပြောင်းစီးရဦးမှာပါ။ ရန်ကုန်မှာ အမေ့အိမ်မရှိပေမယ့် အိမ်တံခါးဝကို ရောက်သလိုပေါ့။ တွေ့ရတော့မယ်ကွ ဆိုတဲ့ စိတ်နဲ့ ပျော်လိုက်သည်ဖြစ်ခြင်း။
Immigration ဖြတ်တော့ အလုပ်က ခွင့်စာမေ့ကျန်ခဲ့မှန်းသိပါလေရော။ US $ ၂၅ ကျမယ်တဲ့။ ခွင့်စာမပါတဲ့ ဒဏ်ကြေးပေါ့လေ။ Custom ကတော့ ကွန်ပျူတာ တစ်လုံးထဲလားလို့ မေးပြီး မရစ်တော့ပါဘူး။ အမှန်ကတော့ လက်ဆွဲ Chocolate အိတ်ထဲမှာ Laptop တစ်လုံး နဲ့ phone handset ၂ ခုပါတော့ မျက်လုံးပြူးသွားသေးတယ်။ ဒါပေမယ့် ရုပ်တည်နဲ့ "အင်း..တစ်လုံးတည်း" လို့ပြောလိုက်တော့ luggage အသေးတစ်လုံးကိုတော့ ဖွင့်ပြခိုင်းသေးတယ်။ ထားပါတော့ သိပ်မရစ်ပါဘူး။ ဒါနဲ့ပဲ ၂၅ $ နဲ့
လေဆိပ်ထဲက ထွက်လာနိုင်ခဲ့တယ်။ အိမ်ကို phone ဆက်ပြီး ရန်ကုန်ရောက်နေပြီဆိုတော့ သူတို့လည်း ဟိုဖက်မှာ လှုပ်လှုပ်ရွရွ။ နောက်ထပ် ပြည်တွင်းထွက်ခွာကို ခရီးဆက်တော့ ခြေလှမ်းတွေက မြန်မှမြန်။ ခြံတံခါးရောက်မှတော့ အိမ်ပေါက်ဝရောက်အောင်ပြေးလိုက်ချင်တောပေါ့လေ။

ပြည်တွင်းသွားရတဲ့ လေယာဉ်က air con မဖွင့်ပါဘူး။ Fan ပဲဖွင့်ပေးတာပါ။ လေယာဉ်ပေါ်မှာ အားလုံး ယပ်တောင်တဖျတ်ဖျတ်နဲ့။ ပူပူလောင်လောင် လေယာဉ်ဒီတစ်ခါပဲ စီးဘူးတယ်။ ဘာပဲဖြစ်ဖြစ် ရောက်ဘို့သာအဓိက၊ မြန်မြန်ရောက်ပြီးတာပဲ ဆိုတဲ့စိတ်နဲ့ လေယာဉ် ယပ်ခတ်စီးရလည်း မငြူစူတော့ပါဘူး။ လေယာဉ်လည်းဆင်းရော မှန်ရဲ့ ထိပ်ဆုံးမှာ ထီးထီးကြီးရပ်နေတာက အဖေ။ လက်ကလည်း မနားတမ်းပြလို့။ မတွေ့ရတဲ့ ၂ နှစ်အတွင်း အိုသွားတယ်လို့တွေးမိတော့ စိတ်မကောင်းဘူး။ တွေ့တွေ့ချင်းမှာ ၀မ်းသာတာရော၊ ၀မ်းနည်းတာရော ရောမွှေခံစားရတယ်။

နောက်တစ်ဆင့်ကားစီးပြီး အမေရှိတဲ့ တောင်ပေါ်မြို့လေးဆီ ခရီးဆက်ရပြန်တယ်။ မနက် ၅ နာရီ ကစခဲ့တဲ့ ခရီးစဉ်ဟာ ညနေ ၅ နာရီရောက်တဲ့ အထိ အမေနဲ့ မတွေ့ရသေး။ အမေကလွဲပြီး မိသားစုဝင်အားလုံးနဲ့ တွေ့ရပြီ ဆိုပေမယ့် အမေ့ကို မမြင်ရသေးတော့ ဟာတာတာဖြစ်နေတုန်း။ အမေ့ကို ဖုန်းဆက်လိုက်တော့ အိမ်ရှေ့မှာ ထွက်စောင့်နေတယ်တဲ့။ ဪ... တောင်တက်လမ်းခရီး ကားကလည်း ကြာလိုက်ပါဘိ။

အမေ့အိမ်လေးကိုရောက်တော့ ည ၇ နာရီ။ အမေက တွေ့တွေ့ချင်း အတင်းဖက်ပြီး အသံတွေလည်းတုန်လို့။ ကိုယ်လည်း မျက်ရည်ကျ၊ သူလည်းမျက်ရည်ကျ။ ဧည့်ခန်းမှာ ပစ္စည်းတွေချပြီး မိသားစုတွေကို လက်ဆောင်တွေပေးရတဲ့ အချိန်က အကြည်နူးဆုံးပါဘဲ။ တစ်ယောက်တစ်ပေါက် အ၀တ်တွေဝတ်ကြ၊ ပစ္စည်းတွေလုပ်ကြည့်ကြ၊ အငယ်ဆုံး ဆေးကျောင်းသားကလည်း သူ့အတွက် ၀ယ်လာပေးတဲ့ Stethoscope တွေ၊ Mercurial Sphygmomanometer တွေနဲ့ ဟိုလူ့လိုက်တိုင်းလိုက်၊ ရီလိုက်ကြနဲ့ မောခဲ့သမျှ အမောပြေတဲ့နေ့ပါဘဲ။ ငယ်ငယ်တုန်းကတော့ ကိုယ့်အတွက် ပစ္စည်းတစ်ခုခု မိဘက၀ယ်ပေးရင် လိုချင်တာ ရလို့ပျော်တယ်။ အခုတော့ ကိုယ်က မိဘကို သူတို့လိုချင်တာလေးတွေ ၀ယ်ပေးပြီး သူတို့ပျော်တာတွေ့တော့ ကိုယ်ကြည်နူးလိုက်တာ။ သူတစ်ပါးကို သူတို့လိုချင်တာ၊ လိုအပ်တာ ဖြည့်ဆည်းပေးနိုင်တဲ့ ဘ၀က ပိုပြီးကျေနပ်စရာကောင်းပါတယ်။

အဲဒီနေ့ညစာ အမေ့ထမင်းဝိုင်းကတော့ မမေ့ရက်စရာ၊ ရေချိုငါးမျိုးစုံ၊ အကြော်၊ အချက်၊ ကိုယ်သိပ်ကြိုက်တဲ့ ချဉ်ပေါင်ဟင်း၊ ရုံးပတီနဲ့ မျှစ်၊ ပဲပုတ်ချက်၊ ငရုတ်သီးထောင်း၊ စိန်တလုံးသရက်သီး၊ ပိန္နဲသီး ဘယ်ကစလို့ ဘာစားရမှန်းမသိ။ ဒီနိုင်ငံမှာ ဖြစ်သလို ဟင်းနည်းနည်းလေးနဲ့ စားနေကျဆိုတော့ ဟင်းတွေ အများကြီးနှင့် စားတောင်မစားတတ်တော့ဘူး လို့ပြောတော့ အဖေနှင့် အမေက မျက်နှာမကောင်း။ အမေ့အိမ်နဲ့ အမေ့မီးဖိုချောင်ကိုတော့ ဘယ်တိုးတက်တဲ့ တိုင်းပြည်ကမှ မမှီနိုင်ပါဘူးလေ။

နောက်နေ့ မနက်လင်းတော့ တို့ဖူးနွေး၊ ကောက်ညှင်းပေါင်း၊ အကြော်၊ ပူတီ အစုံပြင်ဆင်ထားလိုက်တာ။ မနက်စာကို ကော်ဖီတစ်ခွက်ပဲ သောက်ပြီး ရုံးသွားတဲ့ ကိုယ့်အတွက် အများကြီး မစားနိုင်တာကို အမေကအားမရ။ ဘာလို့ မစားရတာလဲဆိုပြီး ဇွတ်အတင်းကျွေးနေတော့တာပဲ။ အူကကျဉ်းတတ်တယ်ဆိုတာ တကယ်လား မသိပါဘူးအမေရာ။

၁၀ ရက်လောက် နေခဲ့ရတဲ့ ရက်တွေမှာ စားစရာတွေက တစ်နေ့ ၂ မျိုး ၃ မျိုး။ ကိုယ်လည်း ပန်းချီဆွဲလိုက်၊ မောင်နှမတွေနဲ့ သီချင်းဆိုလိုက်၊ ဂီတာတီးလိုက်၊ ဈေးသွားလိုက်။ ဈေးတွေကလည်း ကြီးလိုက်တာ။ ဘာကိုင်ကိုင် အနည်းဆုံး ၅၀၀ ဆိုတာချည်းပဲ။ ဟင်းရွတ်လတ်လတ်ဆတ်ဆတ်ဆိုလည်း ၂ စည်း ၅၀၀။ ၁၀၀ လောက်များ ပိုနေရင် မအမ်းတော့ဘူး။ Tissue paper တွေ၊ coffee mix တွေပေးလိုက်ရော။ ၅၀၀ တန်က အသေးသုံးဖြစ်နေပြီ။ ကိုယ့်စိတ်ထဲမှာတော့ ကိုယ်လစဉ်ပို့နေကျ ပိုက်ဆံထက် ပိုပြီး ပို့ဘို့လိုအပ်နေပါလားလို့ တွေးမိတယ်။ လူ ၄ ယောက် ရှမ်းထမင်းချဉ် သွားစားရင် ၁၀၀၀၀၊ မာလာငါးဟင်း သွားစားရင် ၂၅၀၀၀၊ ကြေးအိုးစားရင် ၂၅၀၀၀။ ပိုက်ဆံရှင်းတိုင်း အမယ်လေး အော်နေတော့ အားလုံးက ကိုယ့်ကို ရယ်ကြတယ်။ မျိုမကျဘူး၊ မစားရက်ဘူး ပြောတော့ ကိုယ် ပင်ပင်ပန်းပန်းရှာရတဲ့ ပိုက်ဆံ သုံးရတာလဲ မျိုမကျပါဘူးလို့ အမေကပြောတယ်။ သားသမီးရော၊ မိဘရော စားရသောက်ရ မျိုမကျတဲ့ ဘ၀တွေပါတကား။

အချိန်တန်တော့ ပြန်ရတော့မယ်။ မီးမလာ၊ ရေမရှိ၊ Internet မရှိ၊ ဘာလုပ်ပိုင်ခွင့်မှ မရှိပေမယ့် မိသားစု နွေးထွေးပြည့်စုံ မှုနဲ့ အသက်ရှင်ရတဲ့ တိုင်းပြည်ကနေ အစစအရာရာ ပြည့်စုံပေမယ့် အေးစက်မာကျောနေတဲ့ ဒီတိုင်းပြည်ကိုပြန်လာဘို့ ကိုယ်တော်တော် ၀န်လေးနေမိတယ်။ မပြန်ချင်းဘူးကွာလို့ စိတ်ထဲက ရေရွတ်နေလို့လားမသိ၊ တစ်ခါမှ မပျက်ဘူးတဲ့ Silk Air လေကြောင်းလိုင်း က လေယာဉ်ပျက်လို့ ခရီးစဉ် Cancel လုပ်ပါလေရော။ လေယာဉ်ပြေးလမ်းပေါ် ရောက်ပြီး တက်ခါနီးမှ ၀ါယာညှော်နံ့တွေ၊ လေယာဉ်ဆီနံ့တွေ ထွက်လာပြီး Terminal ဆီပြန်သွားရပါတယ်။ ညနေ ၄း၃၅ ထွက်ရမယ့်လေယာဉ်က ည ၁၁ နာရီထိ စောင့်ခိုင်းပြီး မှ Cancel လို့ကြေငြာတယ်။ ဒါနဲ့ ရန်ကုန်မှာ နောက်တစ်ည ပိုအိပ်လိုက်ရတယ်။ အကြာကြီးစောင့်လိုက်ရတာ စိတ်ညစ်ပေမယ့် မပြန်ရသေးတာပဲ ပျော်သလိုလို ဖြစ်မိသေး။

ဒါပေမယ့် ဘ၀က မိသားစုနဲ့ နွေးနွေးထွေးထွေး နေနိုင်ခွင့် အကြာကြီး မပေးပါဘူး။ တစိမ်းတရံတွေကြားမှာ တစ်ယောက်တည်း နေတတ်အောင်ပဲ သင်ကြားပေးနေလေရဲ့။ သူကတစ်ယောက်တည်း နေတတ်ဘို့ သင်ကြားလေလေ၊ ကိုယ်ကလည်း အမြဲတမ်း အိမ်ပြန်ဖို့ပဲ စဉ်းစားလေလေ ဖြစ်သလား မပြောတတ်ပါဘူး။
အင်း... နောက်တစ်ခေါက်ပြန်ဘို့ အချိန်တော်တော်ကြာ ပိုက်ဆံ စုရဦးမယ်လေ...

Tuesday, March 18, 2008

တခါတလေ...

တခါတလေ
ပေါက်ကွဲခံစား
ခံပြင်းနာကျည်း
လောကကြီးကို စိတ်နာ
အနက်ရောင် ကမ္ဘာကြီးတဲ့လား။

တခါတလေ
ပျော်ရွှင်ကြည်နူး
ပြုံးပျော်ရွှင်သာ
ပီတိကိုစား
အဖြူရောင် ကမ္ဘာကြီးတဲ့လား။


တခါတလေ
တစ်ယောက်တည်းနေ
တစ်ယောက်တည်းသွား
တစ်ယောက်တည်း ပဲစား
ဘာမဆို
တစ်ယောက်တည်းပဲဆိုတဲ့
အစိမ်းရောင် ကမ္ဘာကြီးတဲ့လား။

တခါတလေ
ယောင်္ကျား၊ မိန်းမ သာမည
လွတ်လပ်မှုသာ အဓိက
လုပ်ချင်ရာလုပ်
သွားချင်ရာ သွား
ပြောချင်တာ ပြောလိုက်မိတဲ့အခါ
အ၀ါရောင် ကမ္ဘာကြီးတဲ့လား။

တခါတလေ
မရီချင်ပဲ ရီရ
မပြုံးချင်ပဲ ပြုံးပြရ
မလိုအပ်တဲ့ စကားတွေပြောရ
ညှီစော်နံ နေတဲ့
ကြက်သွေးရောင် ကမ္ဘာကြီးတဲ့လား။

တခါတလေ
ငွေကြေးနောက်လိုက်
ပိုက်ဆံက ဒုတိယဘုရား
ကျန်တာတွေ မေ့လိုက် ဆိုတဲ့
အညိုပုပ်ရောင် ကမ္ဘာကြီးတဲ့လား

တခါတလေ
ပင်ပန်းလွန်းလို့
အိပ်မပျော်တဲ့ ည
ပင်ပန်းလွန်းလို့
မစားနိုင်တဲ့ ဘဝ
ခရမ်းရင့်ရောင် ကမ္ဘာကြီးတဲ့လား။

စိတ်ကူးနဲ့ ကမ္ဘာကြီးကို
အရောင်ခြယ်
နီလိုက်၊ ၀ါလိုက်
ပြာလိုက်၊ စိမ်းလိုက်
ငါ မေ့နေတာက
ဘယ် သီအိုရီနဲ့ ပဲတွက်တွက်
ကမ္ဘာ တစ်ခြမ်းက
အမြဲတမ်း မှောင်နေတယ် ဆိုတာပဲ။ ။

Monday, February 25, 2008

ကျွန်တော့်နှင့်စင်္ကာပူမှ ခရုခွံလေးများ

"လာထိုင်ညီလေး၊ အစ်ကိုတို့ Rules and Regulations လေးအရင်ပြောရအောင်"
"ဟုတ်ကဲ့ အစ်ကို"
"အဓိက အချက်ကတော့ မင်းမိန်းမ ခေါ်လာလို့ မရဘူး"
"ခင်ဗျာ"
"ဪ...ဟုတ်ကဲ့။ ကျွန်တော့်မှာ အစီအစဉ် မရှိပါဘူးခင်ဗျာ"
"ကောင်းတယ်။ နောက်တစ်ခုအနေနဲ့ကတော့ သန့်သန့်ရှင်းရှင်းနေဘို့"
"ကိုယ့်အိမ်ကို အမြဲသန့်ရှင်းနေမှ ကိုယ်ကြိုက်တယ်"
"ဒါလေးတစ်ခုတော့ သတိထားပေါ့ကွာ"
"ဪ...ဒါနဲ့ မင်း Internet သုံးမှာလား"
"ဟုတ်ကဲ့"
"အေး... ဒါဆို မင်းနည်းနည်းပိုပေးရမှာနော်"
"ဟုတ်ကဲ့အစ်ကို"
"အေး...မင်းလည်းပင်ပန်းလာတယ်။ နားလိုက်ပါဦး"
"ဪ... ပြီးတော့ အခန်းဌားနေတယ်ဆိုပေမယ့် ကိုယ့်အိမ်လို သဘေားထားပေါ့ကွာ။ ဒီလို ပြောတာ ၂ ချက်ရှိတယ်ကွ။ လွတ်လွတ်လပ်လပ်နေဆိုတဲ့ အဓိပ္ပါယ်ဖြစ်သလို စည်းကမ်းရှိရှိနေ ဆိုတာလည်း ပါတာပေါ့ကွာ။ ဒါပဲကွာ...ငါ ဟင်းချက်လိုက်ဦးမယ်"


ဒီနိုင်ငံကို ရောက်ရောက်ခြင်း အိမ်ရှင်နဲ့ စကားပြောဖြစ်တာပါ။ ဒီကိုလာပြီး အလုပ်လုပ်တဲ့ လူတော်တော်များများ အခန်းလေးတွေ ဌားနေကြရပါတယ်။ သူများမိသားစုနဲ့ အတူနေရတာဖြစ်တဲ့အတွက် အဆင်ပြေတာလည်းရှိ၊ စိတ်ညစ်ရတာတွေလည်း ဒုနှင့်ဒေးပါပဲ။ ကျွန်တော့်ရဲ့ ပထမဆုံး နားခိုရာ ခရုခွံလေးကတော့ စိုးရိမ်ပူပန်စိတ်လွန်ကဲတဲ့ လူပျိုကြီးပါ ခင်ဗျာ။

ဒီလိုနဲ့ တစ်ပတ်လောက်နေတော့ အခန်းထဲမှာ Computer တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ကျွန်တော့်ကို သူကြည့်ရတော့ပါဘူး။ အခန်းတံခါးကို ခဏခဏ လာခေါက်ပြီး "ဘာလုပ်နေတာလ" လို့ မေးပါတယ်။ ၃ ရက်လောက်နေတော့ "မင်းအခန်းတံခါးကို
ဖွင့်ထားရင်ကောင်းမယ်" လို့ပြောပြန်ရော။ ကျွန်တော် တော်တော်လေး စိတ်ညစ်သွားပါတယ်။ သီးသီးသန့်သန့် နေချင်တဲ့ ကျွန်တော့်အတွက် အပြင်က လူတစ်ယောက် လှုပ်ရှားသွားလာနေတာတွေ မသိချင်ပါဘူး။ ဒါပေမယ့် မတတ်နိုင်တဲ့ အခြေအနေမှာ
တံခါးဖွင့်ထားမှ ကြိုက်တယ်ဆိုတော့လည်း ဖွင့်လိုက်ရတာပေါ့ဗျာ။

နောက်ရက်ကျတော့ သူနဲ့အတူ အမျိုးသမီးတစ်ယောက် ပါလာပါတယ်။ သူနဲ့ အတူတူပဲ လာနေပါတယ်။ ဒါလည်းပဲ Rules and Regulations တူပါရဲ့။ သူတို့ကို ကြည့်ရတာ ပျော်ပျော်ပါးပါး ပါပဲ။ ကျွန်တော့်ကိုလည်း လာ၊လာ မကြည့်တော့ပြန်ဘူး။
တံခါးပိတ်လို့လဲ ရသွားပြန်ရော၊ သူရောကိုယ်ရော အဆင်ကိုပြေလို့။

တစ်နေ့တော့ သူတို့နှစ်ယောက် ရန်ဖြစ်ကြပါလေရော။ စကားမပြောကြတော့ဘူး။ သူတို့ တစ်ယောက်နှင့် တစ်ယောက်ပြောချင်တာတွေ ကျွန်တော်ကနေ တဆင့်ပြောခိုင်းတယ်။ ကြားထဲက စကားပြန်ပေါ့ဗျာ။ အဲဒီမှာ ကျွန်တော်ကို ပြန်ရစ် ပြန်ရော။ အိမ်ပြန်လာရင် မီးဖိုထဲ တန်းဝင်သွားတယ်။ ဟင်းအိုးတွေ၊ အ၀တ်လျှော်စက်တွေ အကုန်ဖွင့်ကြည့်၊ "ဒီနေ့ဘာလို့ အ၀တ်နည်းနည်းပဲ ရှိတာကို လျှော်တာလဲ။ မီးရော၊ ရေရော ကုန်တာပေါ့ကွ"။ "ဒီနေ့ ဘာလို့ အ၀တ်ကများတာလဲ။ စက်နာတာပေါ့ကွ" ဆိုတာမျိုး။ "မင်း ဟင်းချက်ရင် ကြာတဲ့ ဟင်းတွေမချက်နဲ့၊ Gas ကုန်တယ်ကွ" ဆိုတာမျိုး။ ဟင်းမချက်တတ်တဲ့လို့ တော်တော်များများကို ပြုတ်စားတာပါ ဆိုလည်း မရဘူး။ "မင်းတံခါးကို ပိတ်၊ ပိတ်မထားနဲ့"။ အမြဲတမ်း Computer ကိုဖွင့်ထားတော့ မီးအားကုန်တာပေါ့ကွ။ Internet ကလဲ တချိန်လုံး သုံးနေဘို့ လိုလို့လား။ အလုပ်ရှာနေတဲ့ IT သမားတစ်ယောက် အတွက် Internet ရှိမှ အသက်ရှင်နေသလို ဖြစ်နေတဲ့ အချိန်မှာ Computer မပါဘဲ အလုပ်လုပ်ရတဲ့ သူ့အမြင်က တော်တော်စောင်းနေလေရဲ့။ ဒါနဲ့ သူရုံးက ပြန်လာခါနီးရင် ကျွန်တော် အပြင်ခဏထွက်နေမှပဲ ဆိုပြီးညဘက်မှ ပြန်လာတော့လည်း ဧည့်ခန်းမှာ စောင့်ပြီး ပြောပြီးမှ အိပ်တော်မူတယ်။ အလုပ်ရှာရ၊ Interview သွားရလို့ စိတ်ဖိစီးမှု များတဲ့အချိန်မှာ အ၀တ်လျှော်တဲ့ အပြစ်၊ ရေချိုးတဲ့အပြစ်၊ အိမ်သာတက်တဲ့ အပြစ်၊ တော်တော်သည်းခံရတဲ့ ဘ၀ပါပဲဗျာ။

နောက်တစ်ခါကျတော့ ကုပ္မဏီတစ်ခုက အကန့်အသန့်နဲ့ ဈေးလျှော့ရောင်းတဲ့ ရေနွေးကရားအိုး ကို လိုချင်လှချည်ရဲ့ ဆိုပြီး ကျွန်တော့်ကို မနက် ၄ နာရီ သွားတန်းစီ ခိုင်းပါတယ်။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိတာနဲ့ ၈ နာရီမှသွားကြည့်လိုက်ပါတယ်။ ဒေါ်လာ ၂၀ တန်ရေနွေးအိုးကို ၂ ဒေါ်လာနဲ့ အလုံး ၂၀၀ ရောင်းတာ။ နာရီဝက်လောက်အတွင်း ကုန်ပြီပေါ့။ ကျွန်တော်ဖြင့် အံ့သြလို့။ လက်ဗလာနဲ့ ပြန်လာတဲ့ ကျွန်တော့်ကို ဒီရေနွေးအိုး မပါလာရကောင်းလား လို့ပြောနေလိုက်တာ၊ စွဲချက်တွေထဲမှာ မိသားစုစိတ်ဓါတ် မရှိတာက ပါသေး။ ဆိုင်လား မဆိုင်လား မသိပေမယ့် အမေခိုင်းလဲ ၄ နာရီထပြီး ၂ ဒေါ်လာတန် ရေနွေးအိုးကို သွားဝယ်ပေးမှာ မဟုတ်၊ အမေကလည်း ဒါမျိုး ခိုင်းမှာ မဟုတ်တော့ မကြားသလိုပဲ နေ၊ နေလိုက်တယ်။ အာရုံတော့ နောက်တာပေါ့ဗျာ။ ဟာ...ဒီဘဲကြီးတော့...ဆိုပြီး...။ ဥပေက္ခာပြုထားလိုက်တာပဲ ကောင်းတယ် ဆိုပြီး တံခါးပိတ်ထားလိုက်တယ်။ နောက်တစ်နေ့ ကျွန်တော် Interview သွားပြီး ပြန်လာတော့ သူနဲ့ သူ့ချစ်ချစ်နဲ့ ဧည့်ခန်းမှာ လက်သည်းညှပ်ပေးနေကြတယ်။ "ညီလေး၊ ထမင်းစားပြီးပြီလား။ မစားရသေးရင် အတူတူစားကြမယ်၊ အစ်ကိုဟင်းချက်ထားတယ်ကွ" တဲ့။ ဪ...မိန်းမ၊ မိန်းမ၊ တယ်လည်းအစွမ်းထက်ပေသကိုး လို့ တွေးပြီး ကျွန်တော်လည်း "စားခဲ့ပြီးပြီအစ်ကို" လို့ပြောပြီး အခန်းတံခါးပိတ်ပြီး တစ်ယောက်ထဲ ပြုံးမိတယ်။ တတ်လဲတတ်နိုင်တဲ့ အစ်ကိုကြီးဗျာ။

ဒီလိုနဲ့ အလုပ်ရတော့ အလုပ်နဲ့နီးတော့ နောက် ခရုခွံလေးတစ်ခုစီ ရောက်ခဲ့ပြန်တယ်။ ဒီတစ်ခါတော့ ခရုခွံက လင်မယားနှစ်ယောက်၊ ယောင်္ကျားက မိန်းမကို ကြောက်ရတဲ့ ခရုခွံ။ ပြောပုံက "ညီလေး၊ အစ်ကိုကတော့ ဘော်ဒါလိုပဲ၊ အေးဆေးပဲ၊ မင်းအစ်မကို လေးလေးစားစား ဆက်ဆံကွ" တဲ့။ "ဪ...ဟုတ်ကဲ့၊ သဘောပေါက်ပါတယ်ခင်ဗျာ"။ တနင်္ဂနွေ တိုင်းတစ်အိမ်လုံး သန့်ရှင်းရေး ၀ိုင်းကူလုပ်ရတာရယ်၊ ရုံးရောက်နေတဲ့ အချိန်ဖုန်းဆက်ပြီး "မင်းအစ်မ ကဟိုဟာ လုပ်တာ မကြိုက်ဘူး။ ဒီဟာလုပ်တာ မကြိုက်ဘူး၊ ဆင်ခြင်လိုက်ပါဦးကွာ" ဆိုတာရယ်ကလွဲရင် ကျန်တာအားလုံး အဆင်ပြေတဲ့ ခရုခွံလေးပါပဲ။

ဒါနဲ့ ကျွန်တော် သူငယ်ချင်းတွေလာတော့ သူတို့အတွက် ခရုခွံ လိုက်ရှာရပြန်တယ်။ ရလိုက်တဲ့ ခရုခွံက ကိုယ့်အိမ်နဲ့ နီးနီး၊ စဘော်လည်း မပေးနဲ့ ဆိုတာနဲ့ သူငယ်ချင်းတွေအတွက် စိတ်ချမ်းသာလို့။ သူတို့ ရောက်လာပြီး တစ်လမပြည့်ခင်မှာပဲ Deposit
တောင်းပါတယ်။ "Rules အရပေါ့ကွာ၊ အစ်ကိုက အခုမှ အိမ်စ ဌားဖူးတာဆိုတော့ ပထမ မသိလို့"။ ဪ...Rules ဆိုတော့လည်း Rules အရပေါ့လေ။ ငြင်းရခက်တယ် မဟုတ်လား။ ဒါနဲ့ Deposit ပေးလိုက်ရရော။ မကြာခင်ပဲ ရေဘိုး၊ မီးဘိုးအတွက် ကြိုတင် Deposit ဆိုပြီး တစ်ယောက် ၅၀ စီတဲ့။ အလုပ်လာရှာတဲ့ သူငယ်ချင်းတွေလည်း မျက်လုံးပြူးလာပြီ။ ဒါနဲ့ပဲ...ကဲ မတတ်နိုင်ဘူး၊ ပေးပေါ့ကွာ။ ကျွန်တော့် သူငယ်ချင်းတွေ အလုပ်ရတော့ သူတို့လခက ၁ ရက်နေ့မှ ရတယ်။ ဒါပေမယ့် အိမ်လခကို လကုန်တဲ့ နေ့ ပေးကို ပေးရမယ်။ တစ်ရက် မဆိုင်းနိုင်ဘူးဆိုတော့ သူတို့တွေ မျက်လုံးထပ်ပြူး၊ ကျွန်တော့်လခကလည်း ၇ ရက်နေ့မှ ရတာဆိုတော့ စိုက်ပေးစရာ ၃ ယောက်စာ အိမ်လခက မရှိ။ လုပ်ကြပါဦး။ တခြားသူငယ်ချင်း တစ်ယောက်စီမှာ အကျိုးအကြောင်း ပြောပြီး ချေးဌား။ ဪ...စင်္ကာပူ ခရုခွံလေးတွေက တယ်လည်း Rules သကိုး။

အရမ်းကောင်းတဲ့ ခရုခွံ၊ တကယ့်ကို Shelter လေးနဲ့တူတဲ့ ခရုခွံလေးတွေလည်း ရှိပါတယ်။ ရှားတော့ရှားတယ်ပေါ့လေ။ တချို့လည်း ခင်ရာဆွေမျိုးကို ဖြစ်ပြီး မိသားစုလေးလိုဖြစ်လို့။ ဘာပဲပြောပြော အဆင်ပြေဘို့ ဆိုတာ နှစ်ဘက်စလုံးနဲ့ ဆိုင်ပါတယ်လေ။ ခရုခွံလေးဘက်ကလည်း ငါ့ဆီမှာ လာနေရတဲ့လူ၊ ငါ နေစရာပေးထားရတဲ့ လူတို့မတွေးဘဲ ငါ့အရိပ်မှာ ခဏလာခိုတဲ့ လူလို့ တွေးပေးသင့်သလို၊ ခဏတာလာရောက်ခိုလှုံတဲ့ ဘက်ကလည်း တန်ရာတန်ကြေးပေးနေတာပဲ၊ သူတို့လည်း ပိုက်ဆံလိုလို့ ဌားတာပဲဆိုတဲ့ အတွေးမျိုးဖျောက်ပစ်သင့်ပါတယ်။ တကယ်လို့သာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ်ချင်းစာစိတ် နှစ်ဘက်စလုံးမှာ ရှိခဲ့ရင်တော့ တခါတလေ မြန်မာပြည်ကို လွမ်းပေမယ့်လည်း ခရုခွံလေးတွေက Home Sweet Home ပဲပေါ့ဗျာ။

Saturday, January 12, 2008

အိပ်မက်လှလှမက်ပါစေ



လူသားဆိုတဲ့ဘ၀တစ်ခု အစပြုလိုက်ပြီဆိုကတည်းက ဘယ်နေ့ဘာဖြစ်မယ်၊ ဘယ်လိုဘ၀မျိုးကို ပိုင်ဆိုင်ခွင့်ရမယ်၊ ဘယ်သူနဲ့နေရမယ်၊ ဘယ်နေ့သေရမယ် ဆိုတာတွေက ပါလာပြီးသားတဲ့။ ဒါဆိုရင် ဘ၀မှာ အရမ်းကြိုးစားတဲ့ လူတွေကကြိုးစားချင်တဲ့စိတ် ပါလာပြီးသား၊ ဘာမှကို မလုပ်ချင်တဲ့လူက ဘာမှမလုပ်ချင်တဲ့ စိတ်ကလေး ပါလာတာမျိုးလား။ မမြင်နိုင်တဲ့ ကံကြမ္မာ အဆိုးကောင်းတွေ ဘယ်လိုပဲ ကြိုတင်ပြဌာန်းနေပါစေ၊ လူတွေကတော့ ကိုယ့်စိတ်ကူးထဲက အိပ်မက်လေးတွေကို မဖြစ်ဖြစ်အောင်ကြိုးစားရင်း နေ့စဉ်ဘ၀မှာ နေထိုင်ကြရတာပါပဲ။ ကျွန်တော်ဆိုတဲ့ အမိုက်အမဲလေးလည်း ၂၀၀၈ ရောက်သည့်တိုင် အိပ်မက်ထဲမှာ စမ်းတ၀ါးဝါး လျှောက်လှမ်းနေဆဲ။ လွတ်လပ်ပေါ့ပါးစွာ ရယ်မောနိုင်ဘို့ ကြိုးစားနေဆဲ။ ပြုမိမှားတဲ့ အပြစ်အနည်းငယ် လျော့ပေါ့ခွင့်ရဘို့ လျှောက်လဲနေဆဲ။ လူသားဖန်တီးတဲ့ သက္ကရာဇ်ဆိုတာက လူသားတွေကို နေ့တိုင်းပြန်စား၊ အသက်ကို အစားခံရမယ့် အတူတူ လိပ်ပြာသန့်သန့်ကျွေးနိုင်ဘို့ ကြိုးစားနေဆဲ။

ဘ၀တစ်လျှောက်လုံး မက်နေခဲ့တဲ့ ကိုယ့်အိပ်မက်လေးတွေကို ပြန်စဉ်းစားကြည့်တော့ တချို့ကိုလဲ လုံးဝမဖြစ်လာနိုင်ပါဘူးဆိုပြီး ပယ်ဖျက် (ဥပမာ Professional Guitarist ဖြစ်ချင်တာမျိုး၊ F16 Pilot ဖြစ်ချင်တာမျိုး)၊ ဖြစ်နိုင်ချေရှိတာလေးတွေအားတင်း။ ဖြစ်ပြီးသွားတဲ့ အိပ်မက်လေးတွေအတွက် ပျော်ရွှင်ကျေနပ်။ ဘ၀ဆိုတာ ကိုယ်ဖြစ်ကိုယ်ခံ ဆိုပေမယ့် တခါတလေတော့ ကျေနပ်စရာကောင်းပါတယ်လေ။
ကျွန်တော့်ဘ၀ရဲ့ အကြီးမားဆုံးအိပ်မက်က စာသင်ကျောင်းလေးတစ်ခုပိုင်ဆိုင်ချင်တာပါ။ အဲဒီစာသင်ကျောင်းလေးကို အေးမြတဲ့ မြန်မာပြည်ရဲ့ တောင်ပေါ်ဒေသ တစ်ခုခုမှာ ဖွင့်ချင်တယ်။ မိဘမဲ့ကလေးတွေချည်းပဲတက်ရောက်ခွင့်ရှိပြီး အဆင့်မြင့် IT ပညာနဲ့ အင်္ဂလိပ်စာကို အဓိက သင်ကြားပေးမယ့် နိုင်ငံတကာစံချိန်မီ ကျောင်းမျိုးလေးပေါ့။
ဪ...အိပ်မက်ပါဆိုဗျာ။ ရယ်စရာလဲဖြစ်ချင်ဖြစ်မှာပေါ့။ ခင်ဗျားရယ်လိုက်တာနဲ့ ကျွန်တော်ပြောနေတာဘယ်ရောက်သွားပါလိမ့်။ အဲ... ကျွန်တော့်ကျောင်းလေးမှာ ကလေးတွေက တူညီဝတ်စုံဝတ်ကြရမယ်။ မိန်းကလေးရော၊ ယောကျာင်္းလေးရော၊ အင်္ကျီအဖြူ လေးတွေနဲ့၊ ဘောင်းဘီနက်ပြာရောင်နဲ့။ ဆံပင်လေးတွေ သပ်သပ်ရပ်ရပ်ဖြီးလို့၊ ဖွာလန်ကြဲမနေရဘူး။ ဆရာ၊ ဆရာမကို တွေ့ရင် ခေါင်းညွတ်နှုတ်ဆက်ရမယ်။ ကျောင်းဝင်းထဲမှာ ပန်းခြံနဲ့၊ ခေတ်မီကစားကွင်းနဲ့။ စိတ်စွမ်းအားကောင်းစေဘို့နဲ့ လောကဓံကို ခံနိုင်ရည်ရှိဘို့ တရားထိုင်တဲ့ အချိန်က ၁၅ မိနစ်ပဲဖြစ်ဖြစ် ကလေးအားလုံး
မထိုင်မနေရ။ မိဘမဲ့ ကလေးတွေချည်းပဲ ဆိုပေမယ့် အားငယ်တယ်ဆိုတာ ဘာလဲလို့ မိစုံဖစုံကလေးတွေကို ပြန်မေးကြရမယ့် ကျွန်တော့်ကျောင်းက ကလေးငယ်များ။ ကဲ... အဲဒီလိုကျောင်းလေး ပိုင်ဆိုင်ခွင့်ရခဲ့ရင် ဘယ်လောက်နိပ်မလဲ။ တော်တော်စိတ်ကူးယဉ်လို့ကောင်းတဲ့ ကျွန်တော့် အိပ်မက်လေးပေါ့ဗျာ။


နောက်ပြီးရှိသေးတယ်။ ကျွန်တော် စပျစ်ခြံလဲ ပိုင်ချင်သေးတယ်။ ဪ ခင်ဗျားက ရယ်ပြန်ပြီ။ ဟုတ်တယ်... ၀ိုင်ချက်တဲ့လုပ်ငန်းလေးရှိချင်တာ။ သောက်စရာရိက္ခာအဆင်သင့်ရှိအောင် မဟုတ်ပါဘူးဗျာ။ ကျွန်တော်က အဲဒီလို စိမ်းစိုနေတဲ့ စိုက်ခင်းတွေကြားမှာ လမ်းလျှောက်ရတာကြိုက်တယ်။ တောင်ကြောကြီးတစ်ခုလုံးနီးပါး ပိုင်ဆိုင်ခွင့်ရရင်တော့...
ဒါကတော့ နိုးနေတဲ့အချိန်မက်တဲ့ အိပ်မက်တွေပေါ့လေ။

နိုးတ၀က်ဖြစ်နေတဲ့အချိန်မက်တဲ့ အိပ်မက်တွေလည်းရှိသေးတယ်။ နိုးတ၀က် အိပ်မက်တွေလို့လဲ ဆိုနိုင်တာပေါ့လေ။ မှတ်မှတ်ရရဖြစ်နေတဲ့ အိပ်မက်တွေ၊ ခဏခဏပြန်မက်တဲ့ အိပ်မက်တွေ၊ မကြာမကြာပြန်မက်တဲ့ အိပ်မက်ကတော့ ချောက်ထဲပြုတ်ကျတဲ့ အိပ်မက်ဗျ။ နောက်ကတစ်စုံတစ်ယောက်လိုက်လို့ရှေ့ကပြေးရင်း၊ ပြေးရင်းနဲ့ အမြင့်ကြီးကနေ ပြုတ်ကျသွားတယ်လို့ခံစားရတဲ့ အိပ်မက်မျိုး၊ နောက်... ရေတွေနောက်ကျိနေတာကနေ တဖြည်းဖြည်းကြည်လင်လာပြီး ရေတံခွန်လို တဝေါဝေါစီးကျနေတာမျိုး၊ အဲဒီရေတွေကြားထဲမှာ လမ်းလျှောက်ရတာမျိုး။ ၈တန်းလောက်တုန်းက မက်ဘူးတဲ့ အိပ်မက်ကတော့ ရှမ်းပြည်လို ဒေသထဲက ရှေးဟောင်းဘုရားတွေကြားထဲမှာ ကျွန်တော်ကရောက်နေတာ။ကျွန်တော်လဲ တခြားအဘိုးကြီးနှစ်ယောက်ရယ်၊ မိန်းမကြီးတစ်ယောက်ရယ်နဲ့ မြေကြီးပေါ်မှာ လူးပြီးဖူးခဲ့တာ။ ကျွန်တော်တို့ ပုံမှန်ဖူးတွေ့နေကျ မြတ်စွာဘုရားရဲ့ မျက်နှာတော်ထက်တော်တော်လေး ပိန်သွယ်ပြီး တော်တော်လေး သပ္ပါယ်တယ်လို့ ခံစားခဲ့ဘူးတယ်။

နောက်တစ်ခါ မက်ဖူးတဲ့ အိပ်မက်ကတော့ ဘုရားကြွလာမှာမို့ဆိုပြီး လူတော်များများက အလုပ်တွေရှုပ်နေကြတာ။ ကျွန်တော်ကတော့ စိတ်မ၀င်စားဘူးတဲ့။ သိပ်မကြာပါဘူး။ ရဟန်းတော်တွေ အများကြီးတန်းစီပြီးကြွလာလိုက်တာ။ လူတိုင်းက လက်အုပ်ချီပြီး ရှိခိုးပြီး ဆုတွေတောင်းနေလိုက်ကြတာ။ ကျွန်တော်ကငေးပြီး ဟိုကြည့်ဒီကြည့်လုပ်နေတာတဲ့။ နောက်ဆုံး ကျွန်တော့်ရှေ့ကို ခြေတော်တစ်စုံ ရောက်လာပြီး ကျွန်တော်ကနဖူးနဲ့ ဦးတိုက်ရှိခိုးလိုက်ပြီး မျက်နှာတော်ကို မော်ဖူးလိုက်တော့၊ ဘေးနားကလူတွေက အဲဒါ မြတ်စွာဘုရား၊ မြတ်စွာဘုရား လို့ဝိုင်းအော်ကြသတဲ့။ အဲဒီအချိန်ကျမှ ကျွန်တော်လဲ မျက်ရည်တွေပေါက်ပေါက် ကျပြီး ငိုလိုက်ရတာ။ အိပ်မက်ထဲမှာတော့ ကြည်နူးပြီးငိုတယ်ပေါ့ဗျာ။ ထူးထူးဆန်းဆန်းမက်ဖူးတဲ့ အိပ်မက်တွေဆိုပါတော့လေ။

အဖေ၊အမေ သေဆုံးသွားတယ်လို့အိပ်မက်၊ မက်တုန်းကလဲ လန့်နိုးလာတော့ မဟုတ်ဘူးပဲ ဆိုပြီး ပျော်လိုက်သည်ဖြစ်ခြင်း။ လူတွေက ပျော်ရွှင်ကြည်းနူးရတဲ့ အိပ်မက်ကျတော့ လန့်နိုးမှာကြောက်၊ အိပ်မက်ဆိုးမက်တဲ့ အခါကျတော့ လန့်နိုးသွားရင် တော်ပါသေးရဲ့ ဆိုပြီးပျော်တယ်။

ကိုယ့်ရည်မှန်းချက် အိပ်မက်လေးတွေ အကောင်အထည်ပေါ်လာတော့ ပျော်ရွှင်၊ ပျက်သုံးတဲ့ အခါကျတော့ မေ့ပစ်ချင်လောက်အောင် ခါးသီး။ တချို့လူတွေကျပြန်တော့ စိတ်ကူးအိပ်မက်နဲ့ ညအိပ်မက်တွေ ရောထွေးနေတတ်ကြသေးတယ်။ အိပ်မက်လိုလို၊ တကယ့်ဘ၀လိုလို မပီပြင် ၀ိုးတ၀ါး။ တချို့ကျတော့ အိပ်မက်၊ မက်ချိန်မရှိပါဘူးကွာတဲ့။ တချို့ကတော့ အိပ်မက်မက်မနေနဲ့၊ လုပ်စရာရှိတာလုပ်တဲ့။ တချို့ကျတော့လည်း ထူးထွေဆန်းပြား ရှေ့ဘ၀၊ နောက်ဘ၀တွေအထိမက်လို့။ ကျွန်တော်ကတော့ နိုးနေတဲ့ အခါမှာလည်း အိပ်မက်လေးတွေရှိတယ်။ အိပ်ပျော်တဲ့ အခါလည်း အိပ်မက်လှလှလေးတွေ မက်နေချင်တယ်။