Saturday, January 12, 2008

အိပ်မက်လှလှမက်ပါစေ



လူသားဆိုတဲ့ဘ၀တစ်ခု အစပြုလိုက်ပြီဆိုကတည်းက ဘယ်နေ့ဘာဖြစ်မယ်၊ ဘယ်လိုဘ၀မျိုးကို ပိုင်ဆိုင်ခွင့်ရမယ်၊ ဘယ်သူနဲ့နေရမယ်၊ ဘယ်နေ့သေရမယ် ဆိုတာတွေက ပါလာပြီးသားတဲ့။ ဒါဆိုရင် ဘ၀မှာ အရမ်းကြိုးစားတဲ့ လူတွေကကြိုးစားချင်တဲ့စိတ် ပါလာပြီးသား၊ ဘာမှကို မလုပ်ချင်တဲ့လူက ဘာမှမလုပ်ချင်တဲ့ စိတ်ကလေး ပါလာတာမျိုးလား။ မမြင်နိုင်တဲ့ ကံကြမ္မာ အဆိုးကောင်းတွေ ဘယ်လိုပဲ ကြိုတင်ပြဌာန်းနေပါစေ၊ လူတွေကတော့ ကိုယ့်စိတ်ကူးထဲက အိပ်မက်လေးတွေကို မဖြစ်ဖြစ်အောင်ကြိုးစားရင်း နေ့စဉ်ဘ၀မှာ နေထိုင်ကြရတာပါပဲ။ ကျွန်တော်ဆိုတဲ့ အမိုက်အမဲလေးလည်း ၂၀၀၈ ရောက်သည့်တိုင် အိပ်မက်ထဲမှာ စမ်းတ၀ါးဝါး လျှောက်လှမ်းနေဆဲ။ လွတ်လပ်ပေါ့ပါးစွာ ရယ်မောနိုင်ဘို့ ကြိုးစားနေဆဲ။ ပြုမိမှားတဲ့ အပြစ်အနည်းငယ် လျော့ပေါ့ခွင့်ရဘို့ လျှောက်လဲနေဆဲ။ လူသားဖန်တီးတဲ့ သက္ကရာဇ်ဆိုတာက လူသားတွေကို နေ့တိုင်းပြန်စား၊ အသက်ကို အစားခံရမယ့် အတူတူ လိပ်ပြာသန့်သန့်ကျွေးနိုင်ဘို့ ကြိုးစားနေဆဲ။

ဘ၀တစ်လျှောက်လုံး မက်နေခဲ့တဲ့ ကိုယ့်အိပ်မက်လေးတွေကို ပြန်စဉ်းစားကြည့်တော့ တချို့ကိုလဲ လုံးဝမဖြစ်လာနိုင်ပါဘူးဆိုပြီး ပယ်ဖျက် (ဥပမာ Professional Guitarist ဖြစ်ချင်တာမျိုး၊ F16 Pilot ဖြစ်ချင်တာမျိုး)၊ ဖြစ်နိုင်ချေရှိတာလေးတွေအားတင်း။ ဖြစ်ပြီးသွားတဲ့ အိပ်မက်လေးတွေအတွက် ပျော်ရွှင်ကျေနပ်။ ဘ၀ဆိုတာ ကိုယ်ဖြစ်ကိုယ်ခံ ဆိုပေမယ့် တခါတလေတော့ ကျေနပ်စရာကောင်းပါတယ်လေ။
ကျွန်တော့်ဘ၀ရဲ့ အကြီးမားဆုံးအိပ်မက်က စာသင်ကျောင်းလေးတစ်ခုပိုင်ဆိုင်ချင်တာပါ။ အဲဒီစာသင်ကျောင်းလေးကို အေးမြတဲ့ မြန်မာပြည်ရဲ့ တောင်ပေါ်ဒေသ တစ်ခုခုမှာ ဖွင့်ချင်တယ်။ မိဘမဲ့ကလေးတွေချည်းပဲတက်ရောက်ခွင့်ရှိပြီး အဆင့်မြင့် IT ပညာနဲ့ အင်္ဂလိပ်စာကို အဓိက သင်ကြားပေးမယ့် နိုင်ငံတကာစံချိန်မီ ကျောင်းမျိုးလေးပေါ့။
ဪ...အိပ်မက်ပါဆိုဗျာ။ ရယ်စရာလဲဖြစ်ချင်ဖြစ်မှာပေါ့။ ခင်ဗျားရယ်လိုက်တာနဲ့ ကျွန်တော်ပြောနေတာဘယ်ရောက်သွားပါလိမ့်။ အဲ... ကျွန်တော့်ကျောင်းလေးမှာ ကလေးတွေက တူညီဝတ်စုံဝတ်ကြရမယ်။ မိန်းကလေးရော၊ ယောကျာင်္းလေးရော၊ အင်္ကျီအဖြူ လေးတွေနဲ့၊ ဘောင်းဘီနက်ပြာရောင်နဲ့။ ဆံပင်လေးတွေ သပ်သပ်ရပ်ရပ်ဖြီးလို့၊ ဖွာလန်ကြဲမနေရဘူး။ ဆရာ၊ ဆရာမကို တွေ့ရင် ခေါင်းညွတ်နှုတ်ဆက်ရမယ်။ ကျောင်းဝင်းထဲမှာ ပန်းခြံနဲ့၊ ခေတ်မီကစားကွင်းနဲ့။ စိတ်စွမ်းအားကောင်းစေဘို့နဲ့ လောကဓံကို ခံနိုင်ရည်ရှိဘို့ တရားထိုင်တဲ့ အချိန်က ၁၅ မိနစ်ပဲဖြစ်ဖြစ် ကလေးအားလုံး
မထိုင်မနေရ။ မိဘမဲ့ ကလေးတွေချည်းပဲ ဆိုပေမယ့် အားငယ်တယ်ဆိုတာ ဘာလဲလို့ မိစုံဖစုံကလေးတွေကို ပြန်မေးကြရမယ့် ကျွန်တော့်ကျောင်းက ကလေးငယ်များ။ ကဲ... အဲဒီလိုကျောင်းလေး ပိုင်ဆိုင်ခွင့်ရခဲ့ရင် ဘယ်လောက်နိပ်မလဲ။ တော်တော်စိတ်ကူးယဉ်လို့ကောင်းတဲ့ ကျွန်တော့် အိပ်မက်လေးပေါ့ဗျာ။


နောက်ပြီးရှိသေးတယ်။ ကျွန်တော် စပျစ်ခြံလဲ ပိုင်ချင်သေးတယ်။ ဪ ခင်ဗျားက ရယ်ပြန်ပြီ။ ဟုတ်တယ်... ၀ိုင်ချက်တဲ့လုပ်ငန်းလေးရှိချင်တာ။ သောက်စရာရိက္ခာအဆင်သင့်ရှိအောင် မဟုတ်ပါဘူးဗျာ။ ကျွန်တော်က အဲဒီလို စိမ်းစိုနေတဲ့ စိုက်ခင်းတွေကြားမှာ လမ်းလျှောက်ရတာကြိုက်တယ်။ တောင်ကြောကြီးတစ်ခုလုံးနီးပါး ပိုင်ဆိုင်ခွင့်ရရင်တော့...
ဒါကတော့ နိုးနေတဲ့အချိန်မက်တဲ့ အိပ်မက်တွေပေါ့လေ။

နိုးတ၀က်ဖြစ်နေတဲ့အချိန်မက်တဲ့ အိပ်မက်တွေလည်းရှိသေးတယ်။ နိုးတ၀က် အိပ်မက်တွေလို့လဲ ဆိုနိုင်တာပေါ့လေ။ မှတ်မှတ်ရရဖြစ်နေတဲ့ အိပ်မက်တွေ၊ ခဏခဏပြန်မက်တဲ့ အိပ်မက်တွေ၊ မကြာမကြာပြန်မက်တဲ့ အိပ်မက်ကတော့ ချောက်ထဲပြုတ်ကျတဲ့ အိပ်မက်ဗျ။ နောက်ကတစ်စုံတစ်ယောက်လိုက်လို့ရှေ့ကပြေးရင်း၊ ပြေးရင်းနဲ့ အမြင့်ကြီးကနေ ပြုတ်ကျသွားတယ်လို့ခံစားရတဲ့ အိပ်မက်မျိုး၊ နောက်... ရေတွေနောက်ကျိနေတာကနေ တဖြည်းဖြည်းကြည်လင်လာပြီး ရေတံခွန်လို တဝေါဝေါစီးကျနေတာမျိုး၊ အဲဒီရေတွေကြားထဲမှာ လမ်းလျှောက်ရတာမျိုး။ ၈တန်းလောက်တုန်းက မက်ဘူးတဲ့ အိပ်မက်ကတော့ ရှမ်းပြည်လို ဒေသထဲက ရှေးဟောင်းဘုရားတွေကြားထဲမှာ ကျွန်တော်ကရောက်နေတာ။ကျွန်တော်လဲ တခြားအဘိုးကြီးနှစ်ယောက်ရယ်၊ မိန်းမကြီးတစ်ယောက်ရယ်နဲ့ မြေကြီးပေါ်မှာ လူးပြီးဖူးခဲ့တာ။ ကျွန်တော်တို့ ပုံမှန်ဖူးတွေ့နေကျ မြတ်စွာဘုရားရဲ့ မျက်နှာတော်ထက်တော်တော်လေး ပိန်သွယ်ပြီး တော်တော်လေး သပ္ပါယ်တယ်လို့ ခံစားခဲ့ဘူးတယ်။

နောက်တစ်ခါ မက်ဖူးတဲ့ အိပ်မက်ကတော့ ဘုရားကြွလာမှာမို့ဆိုပြီး လူတော်များများက အလုပ်တွေရှုပ်နေကြတာ။ ကျွန်တော်ကတော့ စိတ်မ၀င်စားဘူးတဲ့။ သိပ်မကြာပါဘူး။ ရဟန်းတော်တွေ အများကြီးတန်းစီပြီးကြွလာလိုက်တာ။ လူတိုင်းက လက်အုပ်ချီပြီး ရှိခိုးပြီး ဆုတွေတောင်းနေလိုက်ကြတာ။ ကျွန်တော်ကငေးပြီး ဟိုကြည့်ဒီကြည့်လုပ်နေတာတဲ့။ နောက်ဆုံး ကျွန်တော့်ရှေ့ကို ခြေတော်တစ်စုံ ရောက်လာပြီး ကျွန်တော်ကနဖူးနဲ့ ဦးတိုက်ရှိခိုးလိုက်ပြီး မျက်နှာတော်ကို မော်ဖူးလိုက်တော့၊ ဘေးနားကလူတွေက အဲဒါ မြတ်စွာဘုရား၊ မြတ်စွာဘုရား လို့ဝိုင်းအော်ကြသတဲ့။ အဲဒီအချိန်ကျမှ ကျွန်တော်လဲ မျက်ရည်တွေပေါက်ပေါက် ကျပြီး ငိုလိုက်ရတာ။ အိပ်မက်ထဲမှာတော့ ကြည်နူးပြီးငိုတယ်ပေါ့ဗျာ။ ထူးထူးဆန်းဆန်းမက်ဖူးတဲ့ အိပ်မက်တွေဆိုပါတော့လေ။

အဖေ၊အမေ သေဆုံးသွားတယ်လို့အိပ်မက်၊ မက်တုန်းကလဲ လန့်နိုးလာတော့ မဟုတ်ဘူးပဲ ဆိုပြီး ပျော်လိုက်သည်ဖြစ်ခြင်း။ လူတွေက ပျော်ရွှင်ကြည်းနူးရတဲ့ အိပ်မက်ကျတော့ လန့်နိုးမှာကြောက်၊ အိပ်မက်ဆိုးမက်တဲ့ အခါကျတော့ လန့်နိုးသွားရင် တော်ပါသေးရဲ့ ဆိုပြီးပျော်တယ်။

ကိုယ့်ရည်မှန်းချက် အိပ်မက်လေးတွေ အကောင်အထည်ပေါ်လာတော့ ပျော်ရွှင်၊ ပျက်သုံးတဲ့ အခါကျတော့ မေ့ပစ်ချင်လောက်အောင် ခါးသီး။ တချို့လူတွေကျပြန်တော့ စိတ်ကူးအိပ်မက်နဲ့ ညအိပ်မက်တွေ ရောထွေးနေတတ်ကြသေးတယ်။ အိပ်မက်လိုလို၊ တကယ့်ဘ၀လိုလို မပီပြင် ၀ိုးတ၀ါး။ တချို့ကျတော့ အိပ်မက်၊ မက်ချိန်မရှိပါဘူးကွာတဲ့။ တချို့ကတော့ အိပ်မက်မက်မနေနဲ့၊ လုပ်စရာရှိတာလုပ်တဲ့။ တချို့ကျတော့လည်း ထူးထွေဆန်းပြား ရှေ့ဘ၀၊ နောက်ဘ၀တွေအထိမက်လို့။ ကျွန်တော်ကတော့ နိုးနေတဲ့ အခါမှာလည်း အိပ်မက်လေးတွေရှိတယ်။ အိပ်ပျော်တဲ့ အခါလည်း အိပ်မက်လှလှလေးတွေ မက်နေချင်တယ်။

4 comments:

nu-san said...

လူတိုင်းဟာသိစိတ်နဲ့ပဲဖြစ်ဖြစ်၊ မသိစိတ်ကနေပဲဖြစ်ဖြစ် အိပ်မက်တွေမက်တတ်ကြတယ်နော်၊ မသိစိတ်နဲ့ မက်တာကိုတော့ စိတ်ကူးယဉ်တယ်ခေါ်မလားပဲ။ ဒါပေမယ့် မသိစိတ်နဲ့မက်တဲ့အိပ်မက်က အပြင်မှာ တကယ်ဖြစ်လာနိုင်တာမို့ See n be Seen ရဲ့ ဘ၀အိပ်မက်တွေလည်း တကယ်ဖြစ်လာပါစေ....

ခင်မင်းဇော် said...

အဲဒီကျောင်းပိုင်ဆိုင်ချင်တဲ့ အိပ်မက်ကလေး ကို တနေ့နေ့မှာ အကောင်အထည်ဖော်ကြရအောင်နော်..
အမတို့ နယ်စပ်မှာ အမမိတ်ဆွေတယောက်ရဲ့ မိဘမဲ့ ကလေးတွေကို စောင့်ရှောက်တဲ့ ဂေဟာတခုကို ရောက်သွားကတည်းက အမလဲ အဲဒီအိပ်မက်မျိုး မက်ချင်ခဲ့တာ... ကဲ see and be seen ရေ..
တနေ့နေ့ တို့ အိပ်မက်တွေ ဖြစ်မလာဘူး ဘယ်သူပြောနိုင်မလဲ နော်...

Anonymous said...

အဲလိုကျောင်းလေးဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်တယ် ။

ဝိုင်ခြံအိပ်မက်ဖြစ်လာရင်တော့ .. လှမ်းခေါ်လိုက်နော်း)

တခြားမက်ဖူးတဲ့အိပ်မက်တွေက ထူးဆန်းတယ်နော် .. အရင်ဘ၀က မြွေများဖြစ်ဖူးလား ။

See N B Seen said...

မနု-စံ၊ မခင်မင်းဇော်၊ မဂျစ်တူး

ဆုတောင်းပေးတဲ့ အတွက်ကျေးဇူးပါ မနု-စံ။ ကျောင်းဖွင့်ဖြစ်ရင် မခင်မင်းဇော်ကို အကြောင်းကြားပြီး ၀ိုင်ခြံပိုင်ရင်တော့ မဂျစ်တူးကို အကြောင်းကြားမယ်နော်။ အရင်ဘ၀က မြွှေ ဖြစ်ခဲ့သလား တော့ မသိဘူး။ ငါးရှဥ့်လောက်တော့ ဖြစ်ခဲ့သလားမသိ။