ကလေးတွေကတဲ့ ပွဲ
မနေ့တုန်းကကျောင်းမှာ ကလေးတွေက သီချင်းဆိုပြီး ကတဲ့ပွဲတခု လုပ်ပါတယ်။ သူတို့နိုင်ငံရဲ့ National Day ကိုဂုဏ်ပြုကြိုဆိုတဲ့ အနေတဲ့ ဒီနိုင်ငံအတွက် စပ်ဆိုထားတဲ့ သီချင်းတွေနဲ့ ကလေးတွေက အကပြိုင်တာပါ။ သူတို့ကတော့ Sing Singapore 2008 တဲ့။ အဆင့်ဆင့်ပြိုင်လာပြီး နောက်ဆုံး ကလေးပေါင်း ၁၁၀၀ ကျော်ပါဝင်တဲ့ ကပွဲတစ်ခုပေါ့။ ဒီနိုင်ငံရဲ့ Minister for Defense ကတက်ရောက်အားပေးပါတယ်။ ဒီပွဲအတွက် ကကွက်တွေကို သက်ဆိုင်ရာ အတန်းပိုင်ဆရာ/ဆရာမတွေ
တီထွင် သင်ကြားပေးတာပါ။သူတို့ကပွဲရဲ့လက်မှတ်တွေက $၄၀၀ ကနေ $၅၀ အထိ။ Primary 1 နှင့် Primary 2 ကလေးတွေမပါ မနေရဆိုတော့ Primary 1 ကလေးတွေရဲ့ မိဘ အကုန်နီးပါးက လာကြည့်ကြတာပေါ့။ ကလေးကို ကျောင်းစထားတဲ့ အချိန်ဆိုတာ မိဘတွေ အသည်းဆုံး အချိန်ပဲ မဟုတ်လား။ ပြိုင်ပွဲအတွက် လွန်ခဲ့တဲ့ (၂) လလောက်ကတည်းက ကျောင်းက ခန်းမထဲမှာ သူတို့ နိုင်ငံရဲ့ သီချင်းတွေ က ပျံ့လွင့်လို့။သူတို့ကပွဲဆိုတာက၊ သီချင်းကို ဖွင့်ပေးထားပြီး ကလေးတွေက အမူအယာ လုပ်ရုံပါပဲ။ ကိုယ်တို့ ငယ်ငယ်က ကပွဲတွေက ၊ ကလေးတွေကိုယ်တိုင် ဆိုပြီး ကခဲ့ကြရတာ။ ဪ... ကိုယ်တို့ ငယ်ငယ်ကလည်း ဒီလိုကျောင်းကပွဲမျိုးတွေ ကခဲ့ဘူးတာပါပဲလေ။
ကိုယ်တို့ လေးတန်းလောက်တုန်းက ကျောင်းမှာ လွတ်လပ်ရေးနေ့ စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျောင်းကပွဲတွေ ရှိတာပေါ့။ ပြဇာတ်ကတာတွေ၊ အဖွဲ့လိုက် နိုင်ငံတော် သီချင်းဆို ပြိုင်ပွဲတွေလည်း ရှိခဲ့တာပေါ့။ "ဗိုလ်ချုပ်အောင်ဆန်း၊ ခပ်ငယ်ငယ်၊ ကျွန်တော်တို့လို ကလေးအရွယ်" အစချီတဲ့ ကဗျာလေးတွေ ရွတ်ပြီး အမူအယာ အပြည့်နဲ့ ကခဲ့ပျော်ခဲ့ ဘူးတာပေါ့။ ကိုယ်တို့ ခေတ်တုန်းက ဗိုလ်ချုပ်အောင်ဆန်း ကို မချစ်တဲ့ ကလေး မရှိပါဘူး ထင်ပါရဲ့။ အမေ့မွေးနေ့ကို မသိပေမယ့် ကဗျာတွေ ရွတ်ရလို့ ဗိုလ်ချုပ် မွေးနေ့ကိုတော့ ကလေးတွေက သိကြတာပေါ့။
ကိုယ်နဲ့ (၁၁) နှစ်ကွာတဲ့ အငယ်ဆုံးလေးတို့ ခေတ်ရဲ့ ကျောင်းသားပွဲတော် ကပွဲရွှင်ပွဲ ကျတော့ အခြေအနေတွေက မတူတော့ဘူး။ ဗိုလ်ချုပ်သီချင်း နေရာမှာ ကြော်ငြာသီချင်းဖြစ်သွားပြီ။ ကြော်ငြာသီချင်းတွေနဲ့ ကလေးတွေက အဆို၊အက ပြိုင်ကြသတဲ့။ "ကျွန်မကို ချစ်ရင်၊ မောင်ကြီးရေ...၀ယ်ပေးပါလား" တဲ့လေ။
ကိုယ်မှာကလည်း ကလေးတွေကတဲ့ ပွဲနဲ့ ပတ်သက်ရင် စိတ်ဒဏ်ရာ တစ်ခုက ရှိသေးတယ်။ ဘာမှ မသိတဲ့ ပကတိဖြူစင်တဲ့ မျက်နှာလေးတွေနဲ့ ကနေတဲ့ ကလေးတွေကို ကြည့်ပြီး ကြည်နူးမယ့်အစား ၀မ်းနည်းပြီး ငိုချင်တဲ့ ဝေဒနာပေါ့။ ဒီ ရောဂါကလည်း ကိုယ်တို့အိမ်က အငယ်ဆုံးကလေးရဲ့ ကျောင်းကပွဲနေ့ က စခဲ့တာပေါ့။
အဲဒီနေ့မျိုးဆိုတာ တကယ်တော့ မိဘတွေလိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ကြည့်ရတဲ့ ပွဲမျိုးလေ။ ဒါပေမယ့် အဲဒီနေ့ မတိုင်ခင်တစ်ရက်က အဖေနှင့် အမေ က ပြဿနာတွေတက်ပြီး ကွဲကွာကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဆုံးဖြတ်ချက်ကြီးကိုလည်း ကိုယ်တို့ မောင်နှမတွေထဲမှာ ကိုယ်တစ်ယောက်တည်းသိနေခဲ့တာ။ ဒီတော့ ကလေးရဲ့ကပွဲကို သူတို့က မလိုက်ဘူးပေါ့။ ကိုယ့်ကို လူကြီးလုပ်ပြီး လိုက်သွားခိုင်းတာ။ အငယ်ဆုံးလေးကတော့ ဘာမှမသိရှာ။ စိတ်လှုပ်ရှားပြီး ပျော်လို့။ သူတို့ အဖွဲ့က ရမယ့် အချိန်က နေ့လည် ၁ နာရီ။ ကိုယ့်အဖေက မိသားစုက ချန်ရစ်ပြီး တခြားတနေရာကို သွားမယ့် ခရီးကို စီစဉ်ထားတာကလည်း ၁ နာရီဆိုတာ ကိုယ်သိနေတာ။ စိတ်ထဲမှာ ပူလောင်လိုက်တာ မပြောပါနဲ့တော့။
ကိုယ့်အငယ်ဆုံးလေးကအရမ်းသရုပ်ဆောင်တတ်တာ။ ကိုယ်တို့ မောင်နှမတွေထဲမှာ သူတစ်ယောက်ပဲ Stage တွေ၊ လူပရိတ်သတ်တွေ အများကြီးကို မကြောက်တတ်တာ။ သူနဲ့အတူတူတွဲပြီး သရုပ်ဆောင်တဲ့ ကလေးမလေးကလည်း တော်လိုက်တာ။ ၂၀ ရာစုရဲ့ ကလေးငယ်တွေဆိုတော့ လာကြည့်တဲ့ ပရိတ်သတ်က သဘောကျလွန်းလို့ တ၀ါးဝါးပေါ့။ အဲဒီအချိန် ဘာအပူအပင်မှ မရှိတဲ့ မျက်နှာလေးနဲ့ မီးရောင်စုံတွေ အောက်မှာ ကနေတဲ့ ကလေးကို ကြည့်ရင်းကိုယ့်မှာ မျက်ရည်ပေါက်ပေါက်ကျ။ သူများတွေက လက်ခုပ်တွေတဖြောင်းဖြောင်းတီး၊ကိုယ်က ပိုးပိုးပေါက်ပေါက်ကျနေတဲ့ မျက်ရည်တွေကို ခေါင်းငုံ့ပြီးသုတ်။ တချို့ကလည်း ကိုယ့်ကို စူးစူးဝါးဝါးကြည့်၊ တချို့ကလည်း အရူးတစ်ယောက်လိုကြည့်။ ဟုတ်တယ်လေ။မိသားစုမှာ ကိုယ်အချစ်ဆုံး အဖေက ရှိမနေချင်တော့ဘူး။ သွားတော့မှာဆိုတာ သိရတာလောက် ရူးသွပ်ချင်စရာကောင်းတာ ဘယ်ရှိပါ့မလဲ။
ကလေးတို့အဖွဲ့ကိုလည်း ပထမဆုရတယ်လို့ ကြေငြာလိုက်ရော ကိုယ့်ကအဖေ့ကို ဖုန်းဆက်ပြီးပြောပြ၊ ကိုယ့်အသံတွေ တုန်နေတာကို အဖေက အပျော်လွန်နေတာထင်နေတာ။ သူစီစဉ်ထားတာတွေ ဘယ်သူမှ မသိဘူးလို့ပဲ သူကမှတ်နေတာကိုး။ ကိုယ်ဖုန်းဆက်တာ မှီယုံလေးပါပဲ။ အဲဒီအချိန် အဖေ့ကားက ကိုယ်တို့ မြို့နယ်နမိတ်လိုင်းကို ဖြတ်နေပြီ။ ကိုယ့်အဖေကို "စောစောပြန်လာခဲ့နော်၊ ဒီနေ့ည ကိုယ်တို့မောင်နှမကို တစ်ခုခုလိုက်ကျွေး၊ စောင့်နေမှာနော်" လို့ နှစ်ခါ၊ သုံးခါလောက် ထပ်ပြောလိုက်တယ်။ မာနကြီးတဲ့ အမေ့ကိုယ်စား ဆိုပါတော့လေ။ ည (ရ) နာရီလောက်ကျ အဖေက တရုတ်ဟင်းမျိုးစုံဝယ်ပြီး ပြန်လာတာပေါ့။ လမ်းတ၀က်က ခရီးစဉ်ဖျက်ပြီး ပြန်ကွေ့လာတာလေ။ မှတ်မှတ်ယယ အဲဒီကျောင်းကပွဲညက ကိုယ်တို့တွေ အဖေနဲ့ ထမင်းတူတူစားဖြစ်ကြတယ်။ အဖေက ရီစရာတွေပြောလို့။ ဘာမှမသိလိုက်ကြတဲ့ ကိုယ့်မောင်နှမတွေအားလုံးက စားလိုက်ကြတာ ၀က်ဝက်ကွဲ၊ ပျော်နေလိုက်ကြတာ။ တစ်နေကုန် ပူပန်ဝမ်းနည်းထားတဲ့ ဒဏ်နဲ့ ပြုံးရုံပဲ ပြုံးနိုင်တာ
ကိုယ်တစ်ယောက်တည်း။ အဖေကတကယ်ပြန်လာတာလား။ ပြီးရင်ပြန်သွားဦးမှာလား ဆိုတဲ့သံသယနဲ့ အဖေ့မျက်နှာပဲ တချိန်လုံးလိုက်ကြည့်ပြီး အများကြီးမစားနိုင်တာလည်း ကိုယ်တစ်ယောက်တည်း။ နောက်ပြီး ဒီနေ့အထိ ကလေးတွေကတဲ့ ပွဲကိုကြည့်ရတိုင်း စိတ်ထဲမှာ လှိုက်ပြီး ဘာကို မှန်းမသိ ၀မ်းနည်းနေတတ်တာလည်း ကိုယ့်မိသားစုမှာ ကိုယ်တစ်ယောက်တည်းရှိတဲ့ဒဏ်ရာပါပဲလေ။
7 comments:
အဲ့ဒီ့ပုံတွေကြည့်တော့ ငယ်ငယ်က မူကြိုကျောင်းမှာ ပုံပြောပြိုင်ပွဲတွေဝင်၊ အကတွေကခဲ့တာတွေ သတိရမိသဗျာ...။
see n be seen ရေ ... မိသားစုအဖြစ်အပျက်လေး ဖတ်ပြီး စိတ်မကောင်း ။ ဘ၀ဆိုတာ ဒီလိုပဲပေါ့လေ ။ ခုတော့ အားလုံးအဆင်ပြေပါစေ ။
ဒီပို့စ်လေးစဖတ်တော့ ပျော်စရာငယ်ငယ်က ကျောင်းကပွဲတွေကို သတိရမိပါရဲ့
ဖတ်ပြီး ပို့စ်အဆုံးမှာတော့ စိတ်ထဲမှာ မကောင်းဘူးဗျာ ကျနော်တို့ အဖေနဲ့အမေက ကိုယ်တွေကလေးတုန်းက အဲလိုမခံစားစေချင်လို့ တိတ်တိတ်လေးနဲ့ ဒေါသတွေကို ဖြေရှင်းကြတာကိုလဲ သွားသတိရတယ်ဗျ
mmhan ကျေးဇူးအထူးပါခင်ဗျာ။
မဂျစ်တူးရေ။အမြဲလာဖတ်တာကျေးဇူးပါ။ကျွန်တော်လဲအမပိုစ့်အသစ်တင်တိုင်းလာဖတ်ပါတယ်။
မင်္ဂလာပါ အမ MELODYMAUNG ခင်ဗျာ။
ဟုတ်ပါတယ်။ကလေးတွေရဲ့စိတ်ဒဏ်ရာတွေက မိဘအဆင်မပြေတာက အစပြုတာပါ။
အမတို့ကကံကောင်းတာပေါ့။
ဒါနဲ့ကျွန်တော်တောင် အမရဲ့ပိုစ့်ကိုဖတ်ပြီး
Handerson Waves ကိုသွားလည်မလို့:)
ထပ်တူထပ်မျှခံစားသွားပါတယ်ဗျာ..။
ဟုတ်တယ်လေ။မိသားစုမှာ ကိုယ်အချစ်ဆုံး အဖေက ရှိမနေချင်တော့ဘူး။ သွားတော့မှာဆိုတာ သိရတာလောက် ရူးသွပ်ချင်စရာကောင်းတာ ဘယ်ရှိပါ့မလဲ။
Yeah.It's really hurt.
Post a Comment