Saturday, October 18, 2008

အသီးခူးစားသော ချွေးမများ


မနှစ်တုန်းက ဒီအချိန်မှာ အမေနဲ့အဖေက သူတို့ သမီးတစ်ယောက် ဖြစ်လာမယ့် ချွေးမလောင်းလေးကို အစ်ကို့အတွက် သွားတောင်းပေးခဲ့ကြတယ်။ မိဘတွေဟာ သားသမီးတွေကို သစ်ပင်လေးတစ်ပင် ပြုစုစောင့်ရှောက်သလို ကျွေးမွေး ခဲ့ရတယ်ဆိုရင် ပညာစုံ အရွယ်ရောက်တော့ သားတွေအိမ်ထောင်ပြုတဲ့အခါ သားရှာဖွေသမျှ ပစ္စည်းဥစ္စာတွေက ချွေးမခံစားဘို့ အတွက် ဖြစ်သွားတယ်ဆိုပြီး ချွေးမဆိုတာ အသီးခူးစားတယ်လို့ တချို့ကပြောတတ်ကြတယ်။ ဒါပေမယ့် ကျွန်တော့် အဖေနဲ့ အမေကတော့ သူတို့သစ်ပင်လေးကို အသီးခူးစားတဲ့ ချွေးမကို အခုတော့ သားထက်တောင်ပိုပြီး ချစ်နေသေးတယ်။ အဖေနဲ့ အမေတို့ အိုဇာတာကောင်းလေစွ။

မိဘတွေ အသက်ကြီးလာတဲ့ အခါ သားသမီးကံကောင်းတာထက် ချွေးမကံ၊ သမက်ကံတွေပါ ကောင်းမှ အိုဇာတာကောင်းတယ်လို့ ခေါ်ရမယ် မဟုတ်လား။


အမှန်အတိုင်းပြောရရင် အစ်ကို အိမ်ထောင်ပြုမယ်ဆိုတော့ သူယူလာမယ့် မိန်းမအတွက် စိုးရိမ်မိတာ အမှန်ပါပဲ။ အကျင့် စာရိတ္တကောင်းမွန်တာ၊ အရည်အချင်းရှိတာ၊ ထက်မြက်တာကို သူတို့ (၉) နှစ်ကျော်တွဲခဲ့လို့ သိနေပေမယ့် အတူနေတဲ့အခါ အဖေ၊ အမေနဲ့ အဆင်မပြေမှုာကိုတော့ စိတ်ပူမိတယ်။ အထူးသဖြင့် ဂွတီးဂွကျ ကိုယ့်အဖေနဲ့ပေါ့။ ပြီးတော့ အစ်ကိုက အမေ့အတွက် အားအကိုးဆုံးသားဖြစ်နေတာလဲ ပါတယ်။ ဘာပဲလုပ်လုပ် ဒီသားတော်မောင် ပါမှ ယုံကြည်စိတ်ချတယ်ဆိုတော့ အနေအေးပေမယ့် မာနကြီးတဲ့ အမေနဲ့ အစ်ကို့ကို အရမ်းချစ်တဲ့ ဇနီးနဲ့ ပဋိပက္ခဖြစ်မှာလဲ မလိုလားတာ အမှန်။ ဒါပေမယ့် တစ်နှစ်ကြာပြီး အခုတော့ အမေက ဖုန်းဆက်ရင် ချွေးမက သမီးလေးဖြစ်နေပြီ၊ သားက သမက်ဖြစ်နေတာလို့ ပြောရင် ကိုယ် တကယ် ပျော်ရွှင်ရင်အေးမိတယ်။ အဖေနဲ့ အမေအတွက်လဲ ကျန်းမာရေးကအစ စိတ်ချလက်ချ ရှိမိတာအမှန်ပါပဲ။ လူကြီးတွေဆိုတာ စိတ်နေကောင်းနေရင် လူနေကောင်းနေတာမျိုး မဟုတ်လား။

အဖေကတော့ မင်္ဂလာဆောင် ဧည့်ခံပွဲနေ့ ကတည်းကဒီချွေးမနဲ့ တည့်မယ်ဆိုတာ အားလုံးက ရိပ်မိကြတယ်။ ဧည့်ခံနေပုံက ကြည့်ဦးလေ။ "ကျွန်တော့်သမီးက မလှဘူးလားဗျာ။ သမီးရေ...ဒါကအဖေ့အရင်းနှီးဆုံး မိတ်ဆွေတွေ ဘယ်သူ..." နဲ့။ သူ့သမီး မင်္ဂလာဆောင်တာ ကျနေတာပါပဲ။ သားရှင်က သမီး၊ သမီးနဲ့ လုပ်နေလို့ အားလုံးက အဖေ့ကို ပြုံးစိစိ။ ပြီးတော့ အမေ့နားကပ်ပြီး တိုးတိုးလေးနဲ့ "တော်သေးတာပေါ့ကွာ ငါတို့ သမီးလေးက မိတ်ကပ်ပြင်လိုက်တော့ မင်းသမီးလေးလို လှနေလို့" ဆိုပြီးသွားပြောနေသေး။ အမေ့ခမျာမှာလည်း သူဘယ်လောက်ချစ်ချစ်၊ အဖေနဲ့သာ မျက်နှာကြောမတည့်ရင် ဒီမင်္ဂလာပွဲက ပျော်စရာကောင်းမှာ မဟုတ်ဘူးဆိုတာ သိနေလေတော့ အဖေပျော်တာကြည့်ပြီးမှ သက်ပြင်းကို ခိုးချပြီး စိတ်ချလက်ချ ပျော်နိုင်ရှာတော့တယ်။

တကယ်တော့ ယောက္ခမနဲ့ ချွေးမဆိုတာ သမိုင်းစဉ်လာအရ အဆင်ပြေတာ ခပ်ရှားရှားရယ်။ ဒီနိုင်ငံမှာ ကလေးမွေးလို့ ယောက္ခမတွေ လာကြပြီးရင် ငိုပြီးပြန်ကြရတာများများ။ နှစ်ဖက်စလုံး ပျော်ပျော်ရွှင်ရွှင် အမြင်ကြည်ဘို့ဆိုတာ အမျိုးသမီးနှစ်ဦးစလုံးရော၊ သားလုပ်တဲ့ လူကိုယ်တိုင်မှာရော တာဝန်ရှိတာမျိုးလေ။ အထူးသဖြင့် သားကို အားကိုးချစ်နဲ့ ချစ်တဲ့ အမေတွေနဲ့ ဆို ပြသာနာပိုဆိုးတတ်ပါတယ်။ တကယ်ကတော့ နေတတ်ဘို့၊ မြင်တတ်ဘို့ပါပဲ။ သားချစ်၊ မယားချစ် ဆိုတာ အသွင်မတူတဲ့ အချစ် ၂ မျိုးလေ။ ပြိုင်လို့မှ မဖြစ်နိုင်တာ။ ထားပါတော့လေ။ ချွေးမတွေက အဆင်သင့် အသီးခူးစားလိုက်တယ်ပဲ ဆိုပါတော့ ။ ဒီတော့ ချွေးမကလည်း ပြန်ပြောပြီ။ အမေတွေကရော အသီးစားချင်လို့ အပင်စိုက်ခဲ့တာလားပေါ့။ တကယ်တော့ အဲဒီစကားလုံးမျိုးတွေကိုက မရှိသင့်တာပါ။ ဥယျာဉ်မှုးတစ်ယောက်က သူစိုက်ပျိုးလိုက်တဲ့ အပင်လေး အသီးခူးစားနိုင်တဲ့ အရွယ်ရောက်တဲ့အခါ သူကိုယ်တိုင်အသက်ကြီးလာပြီဖြစ်လို့ မြေသြဇာကျွေးတာ၊ ပေါင်းသင်မြက်နုတ်တာတွေလုပ်ဘို့ ဒီသစ်ပင်လေးကို မြတ်နိုးတဲ့ အခြားဥယျာဉ်မှုးတစ်ယောက်စီကို လက်လွဲပေးလိုက်တဲ့ သဘောလို့ စဉ်းစားရင် ယောက္ခမက ချွေးမဆိုတာ ကျေးဇူးတင်စရာပေါ့။ ချွေးမလုပ်တဲ့သူဘက်ကလည်း အနှစ်နှစ် အလလ အပင်ဖြစ်အောင် စိုက်ပျိုးပေးခဲ့ရသူတွေရဲ့ ကျေးဇူးတရားကို နားလည်ခံစားပေးနိုင်တဲ့ နှလုံးသားမျိုးတော့ ရှိသင့်တာပေါ့။ သုံးလေးနှစ် သံယောဇဉ် ရှိလာတဲ့ အချစ်ဆိုတဲ့ အတ္တတွေဟာ အနှစ် နှစ်ဆယ်၊ သုံးဆယ် မိဘသံယောဇဉ်ဆိုတာနဲ့ နှိုင်းယှဉ်နေဘို့ မတန်ဘူးမဟုတ်လား။

ကျွန်တော့် မိတ်ဆွေတစ်ယောက်ရဲ့ အမေဆို အရမ်းနေတတ်တယ်။ ချွေးမတွေကလည်း ချစ်လိုက်တာတုန်လို့။ စားစရာပစ္စည်းတွေ လူကြုံနဲ့ ပို့ပေးရင်တောင် အထုပ်တွေ၊ ဘူးတွေပေါ်မှာ Label တပ်ရင် (သားနာမည် + ချွေးမနာမည်)နဲ့။ ချွေးမလုပ်တဲ့သူက ပို့လိုက်တဲ့ ပစ္စည်းတွေကို ကြည့်ပြီး သူ့သားအတွက်ပဲ စဉ်းစားတယ်လို့ ထင်မှာစိုးလို့တဲ့လေ။ အဲဒီလို အသေးအဖွဲလေးကအစ ဂရုစိုက်ပေးတတ်တာ။ သားလုပ်တဲ့ လူက ဖုန်း ခေါ်ရင် မေမေနေကောင်းလား လို့မေးတဲ့အခါ အေး...သမီးနဲ့သားရော နေကောင်းလားလို့ ချွေးမကိုရှေ့ကထားပြီး ပြန်မေးတတ်တာမျိုး။ အဲဒီတော့ ဖုန်း Speaker ဖွင့်ပြီး နားထောင်နေတဲ့ ချွေးမကလဲ ကျေနပ်လို့။ အသေးအဖွဲလေးတွေပေမယ့် အရေးပါအရာရောက်တာလေးတွေပေါ့။

ကျွန်တော့်အဖေကတော့ Over ပေါ့။ ဖုန်း ဆက်စရာရှိရင် ချွေးမ ဖုန်း ကိုပဲ ခေါ်တော့တယ်။ သူခေါ်တဲ့ ဖုန်းကို ပြန်ထူးတဲ့လေသံက ကွာတယ်လေ။ အစ်ကိုက ဖုန်း ကိုင်လိုက်ရင် ဖေဖေ...ပြော လို့ ခပ်တည်တည်လေသံကြီးစပြောတာ။ ချွေးမကတော့ ဟုတ်ကဲ့ ဖေဖေ..သမီးပါ ဆိုတော့ အဆင်ပြေတယ်လေ။ ပြီးတော့ သူလုပ်သမျှ သားလုပ်သူက ပိုက်ဆံဖြုန်းတယ်လို့ စဉ်းစားလေတော့ ခဏခဏပြသာနာ တတ်ရတာလည်း ချွေးမလေးရောက်လာတော့ မရှိတော့ဘူး။ "သမီးရေ... ဖေဖေဒါတော့လုပ်ချလိုက်ပြီ၊ သမီးယောင်္ကျား ပြောလိုက်ဦးနော်၊ စိတ်ကြည်နေတဲ့ အချိန်ပြော" လို့မှာလိုက်ရင် ပြီးသွားတာမျိုး။ "ဒီကောင် ငါ့သမီးနဲ့ရလို့ တော်သေးတယ် တခြားမိန်းမသာဆို မလွယ်ဘူး" လို့ အမေ့ကို ပြောလို့ အမေက ရယ်လိုက်တာ။ အမေကတော့ သူသွားချင်တာတွေကို စိတ်ရှည်လက်ရှည်နဲ့ လိုက်ပို့ပေး။ ဘုရားမှာ ကြာသပတေးနေ့တိုင်း ပုတီးလိုက်စိပ်ပေး။ ဈေးဝယ်သွားတဲ့အခါ မိန်းကလေးအဖော်လေးနဲ့ သွားရတော့ သားကြီးနဲ့ သွားရတာနဲ့ တခြားစီမို့လား။ အစ်ကိုကတော့ "ဒါလေးလှလား" ဆိုလည်း "မသိပါဘူး မေမေရာ မြန်မြန်ဝယ်ပြီးသွားရအောင်၊ သားချိန်းထားတာရှိသေးတယ်" ဆိုတာမျိုး။ ဘုရားမှာ အမေ့ကိုလိုက်ပို့ထားခဲ့ပြီး ပြန်လာကြိုဘို့မေ့နေလို့ အငယ်ကောင်က လိုက် လိုက်ကြိုရတာ ခဏခဏဆိုတော့ မငြီးမငြူ လိုက်ပို့ပေးတဲ့ ချွေးမကို ချစ်တော့တာပေါ့။ ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့ ချွေးမဆိုတော့ မနက် ၁၀ နာရီထိုးရင် ဟင်းပွဲ အဆင့်သင့် ပြင်ပြီးမှ အလုပ်သွားတော့ အမေနဲ့ အဖွားက လက်ဆေးပြီး စားရုံပဲ။ ခြံဝင်းထဲမှာ အိမ်တစ်လုံးစီနဲ့ အိုးခွဲချက်ပေမယ့် ချွေးမကနေ့တိုင်း ဟင်းပွဲလာပြင်ပေးတယ်။ ညနေသူ့အလုပ်က ပြန်လာရင် မုန့်တစ်မျိုးမျိုးဝယ်လာပြီး အတူတူစားကြ။ တစ်နေ့တာ လုပ်ငန်းခွင် အတွေ့အကြုံတွေကို ပြောပြကြ။ ဪ...လူတစိမ်းတစ်ယောက်ဝင်လာတာကို မိသားစုထဲမှာ သိသိသာသာကြီး ပြောင်းလဲမှု၊ ရိုက်ခတ်မှု မရှိတာကိုပဲ အသက်ကြီးတဲ့ အဖေနဲ့ အမေအတွက် ၀မ်းသာမိပါတယ်။

ကျွန်တော်ငယ်ငယ်က အမေ့ကို ဘာအကြောက်ဆုံးလဲလို့ မေးဘူးတယ်။ မေမေက ဦးဘိုးသာကြီးလို ဖြစ်မှာ အကြောက်ဆုံးပဲ လို့ ဖြေခဲ့တာ။ ဦးဘိုးသာဆိုတာ အမေတို့အိမ်နားက ဆရာဝန်ကြီးရဲ့အဖေ။ ဆရာဝန်ကြီးရဲ့ မိန်းမက ယောင်္ကျားဘက်က မိဘတွေကို ပေးတာ ကမ်းတာ မကြည်ဖြူဘူး။ ယောင်္ကျားရှာသမျှ ပိုက်ဆံအကုန် သူက ထိန်းချုပ်ထားတာပေါ့။ သားလုပ်တဲ့လူနဲ့ ချွေးမက တိုက်ကြီးနဲ့ နေတယ်။ ကားတစ်ယောက်တစ်စီးစီနဲ့။ အဖေအိုကြီးကိုတော့ မိန်းမက မကြည်လင်လို့ တိုက်ပေါ်ခေါ်ထားလို့မရဘူး။ သူတို့ တိုက်ကြီးနဲ့ တစ်ခေါ်လောက်ဝေးတဲ့နေရာမှာ မြေရိုင်းခြံကြီးတစ်ခြံရှိတယ်။ အဲဒီခြံကြီးထဲက ခြံစောင့်တဲ သာသာအိမ်မှာ အဖေအိုကြီးကို ထားတာပေါ့။ အဲဒီမြေကွက်နှစ်ခုရဲ့ အကွာအဝေးဟာ ရန်ကုန်အခေါ် ဆိုရင်တစ်ဘလောက်စာလောက်ဝေးတာပေါ့။ အလယ်မှာ မြောင်းနဲ့ ခနော်ခနဲ့ တံတားလေးတစ်ခုဖြတ်ရသေးတယ်။ လကုန်ရင် ချွေးမဆီမှာ လစာ လာထုတ်ရတယ်။ ကိုယ်ဟာကို ချက်စားလောက်ရုံ မသထာရေစာလေးပေါ့။ ဦးဘိုးသာက ထန်းလျက်နဲ့ ရေနွေးကြမ်းသောက်နေရတာ ကြိုက်တယ်တဲ့။ ဒီတော့ သားလုပ်တဲ့သူက လကုန်လာတဲ့ အခါ ထန်းလျက်ပုံး တစ်ပုံးထည့်ပေးလိုက်ကွာလို့ ပြောလိုက်တယ်တဲ့။ မိန်းမလုပ်တဲ့သူက ဘာလို့အများကြီးပေးထားမှာလဲ။ ပစ်စလက်ခတ်ဖြစ်ကုန်မှာပေါ့။ တစ်နေ့စာ လေးလုံးစီ ညနေတိုင်းလာယူပစေပေါ့။ နီးနီးလေးပဲလို့ ပြန်ပြောသတဲ့။ ယောကျာင်္းကလည်း "အမိန့်...မလွန်ဆန်ဝံ့ဘူး... အာဏာပြင်းလွန်းတဲ့ အမိန့်..." ဆိုတဲ့ သီချင်းထဲကစာသားလိုပဲ ဒါဆိုလည်း အဖေလာယူပလေ့စေပေါ့။ အသက်ကြီးကြီး အဘိုးကြီးက ပုလင်းလေးတစ်လုံး ကိုင်ပြီး တုန်ချိချိနဲ့ မိုးရွာရွာ၊ နေပူပူ ညနေတိုင်း လမ်းလျှောက်ပြီး ထန်းလျက်ကလေး လေးလုံးကို သားလုပ်သူရဲ့ တိုက်ကြီးကြီးမှာ လာ တောင်းစားခဲ့ရတယ်။ တစ်နေ့မှာတော့ ကျွန်တော့် အဖေက တံတားထိပ်မှာ ထန်းလျက်ပုလင်းလေးနဲ့ မိုးရွာထဲ လဲနေတဲ့ ဦးဘိုးသာကို တွေ့လို့ သတိလစ်လုလု အဘိုးကြီးကို သူ့တဲလေးဆီပြန်ပို့ပေးခဲ့ရတယ်။ သိပ်မကြာဘူး အဘိုးကြီး ဆုံးတာပါပဲ။ အမေက သူအသက်ကြီးတဲ့ အခါ ဦးဘိုးသာလိုဖြစ်မှာ အကြောက်ဆုံးပဲ။ အမေ့ မိတ်ဆွေတွေထဲမှာလည်း ချွေးမကို ကြောက်နေရ၊ ချွေးမမျက်နှာကြည့်နေရ၊ ချွေးမဆီမှာ မျက်နှာငယ်ငယ်နဲ့ လက်ဖြန့်တောင်းစားနေရတာ မြင်တိုင်း ကြောက်စရာ ကောင်းလိုက်တာလို့ ကျွန်တော့်တို့တွေကို ပြောပြနေကြ။ ခုတော့ သူအားအကိုးဆုံး သားက ယူလာတဲ့ မိန်းမက သူလိုချင်တဲ့ သမီးမျိုးလေးဖြစ်နေလို့ "မေမေနော်... တော်တော်ကြာ ပုတီးကိုချ၊ မြေးကိုမ၊ မိုက်စွ အဘွားကြီး" ဖြစ်နေဦးမယ်လို့ ကျွန်တော်တို့ အငယ် နှစ်ယောက်က စ စ နေရတယ်။ အဖေနဲ့ အမေကတော့ ပြုံးလို့။

ကိုကိုနဲ့ မမမိုးတို့ အတွက် မင်္ဂလာ သက်တမ်း တစ်နှစ်ပြည့်အမှတ်တရ။

7 comments:

nu-san said...

အဓိက က စိတ်ပါပဲ။ See and Be Seen ရဲ့ ဖေဖေက သမီးမရှိတာရယ် ပြီးတော့ အကို့မိန်းမကလည်း မိဘလို သဘောထားတော့ ချစ်တာပေါ့။ အခုလို အကြောင်းလေး ဖတ်လိုက်ရတော့ တကယ်ကြည်နူးမိပါတယ်။ အခုလို ချွေးမတွေနဲ့ ယောက္ခမမျိုးတွေ များလာလေ ကောင်းလေပဲ.. အကိုနဲ့ အမအတွက် ပါ ဆုတောင်းပေးပါတယ်.. See and Be Seen လည်း နောင်ဆိုရင် တူ၊တူမလေးတွေအကြောင်း ရေးနိုင်ပါစေလို့.. :)

Soe Mya Nandar Thet Lwin (Borros Roxo) said...

ဒီ Post ဖတ်ပြီး အတွေးများစွာ ဖြစ်သွားတယ်။

See And Be Seen အနေနဲ့ ရွေးချယ်တဲ့ Leo မလေး ကလဲ မိဘတွေနဲ့ အဆင်ပြေပါစေ ဆုတောင်းပေးပါတယ်။

ပျော်ရွှင်ပါစေ
SMNTL

Life is for Success said...

above ur example, i think it is very rudeful son attitude feel like happen in s'pore. In s'pore there are a lot of cases happen like that.....

Taungoo said...

ချွေးမရကံကောင်းသူတွေကြားမှာ ဦးသုမောင်တို့ အမေလည်းရှေ့ဆုံးကပါတယ်ဗျ။ ဦးသုမောင်စာတွေထဲမှာ ပါလေ့ရှိတယ်။
အကို့မိဘတွေရော၊ အကို့မရီးရော နှစ်ဦးနှစ်ဖက်လုံး သဘောဖြူလို့သာ အဆင်ပြေကြတာပေါ့။ ကြည်နူးပျော်ရွှင်စရာကောင်းလိုက်တာ။

ခင်မင်းဇော် said...

ဖတ်ရတာ ကြည်နူးလိုက်တာ။

See N B Seen said...

အစ်မ နု-စံရေ... ပို့စ်တွေပြန်ရေးနေလို့ ၀မ်းသာပါတယ်။ ကြာဇံဟင်းလည်း လာစားသွားပါတယ်။ အစ်မပြောသလို အဓိက က စိတ်ပါပဲ။

ညီမ SMNTL ရေ... ပေးတဲ့ဆုနှင့် ပြည့်ပါစေဗျာ။

Thanks a lot for your comment, Phyo Phyo.

ဟုတ်တယ် ကိုတောင်ငူသားရေ။ နှစ်ဦးနှစ်ဖက်လုံး သဘောဖြူ၊ စိတ်ရှင်းကြရင် တော့ အဆင်မပြေဘူးဆိုတာ မရှိနိုင်ပါဘူး။

အစ်မ ခင်မင်းဇော်ရေ... မအားတဲ့ ကြားထဲက လာရောက်အားပေးတာကျေးဇူးပါ။ အစ်မရဲ့ ရေတိုက်ပွဲ ကို ဖတ်ပြီး ရင်မောသွားတယ်။

အားလုံးကို ကျေးဇူးပါ။

Anonymous said...

အမခင်မင်းဇော်ပြောသလို ဖတ်ပြီး ကြည်နူးစရာပဲ ။ အမရဲ့ အကိုဝမ်းကွဲရဲ့ အမျိုးသမီးကလည်း အဲဒီအတိုင်းပဲ ။ သူက အမ အကိုဝမ်းကွဲရဲ့ အဖေ အမေတွေအပေါ် အရင်းလို ကောင်းတာတင်မက ၊ အမ အလည်ပြန်တယ်ဆိုလည်း အိမ်က အမအမေ မှာသမျှ ပစ္စည်းကို စာရင်းနဲ့ ပေးလိုက်ရုံပဲ ။ သူက အကုန် သေချာ ၀ယ်ချမ်းပြီး ၊ ထုတ်ပိုးပေး ၊ ကီလိုပါ ချိန်ပေး ။ အမက ပြန်တဲ့နေ့မှ အထုတ်လေးကို ဆွဲ ပြန် ရုံပဲ ။ အဲလောက် ကောင်းတာ ။