Sunday, July 13, 2008

လိပ်ပြာလှတယ်၊ ကောက်မယ်


ဒီတပတ်ရုံးပိတ်ရက်မှာ ဆရာမခင်ခင်ထူးရဲ့ "၀တ်လဲတော်ရွှေပုဆိုး၊ တန်းထိုးလို့ကြိုမယ်" ဆိုတဲ့ဝတ္ထုလေးဖတ်မိပြီး ကျွန်တော်တို့အိမ်က အဖေနဲ့အမေရဲ့ နတ်ကိုးကွယ်မှုဆိုင်ရာအမြင်မတူတာလေးတွေတွေးမိရင်း တစ်ယောက်တည်း ပြုံးမိတယ်။

အဖေကနတ်ကိုးကွယ်တာတွေကို လုံးဝအယုံအကြည်မရှိပါဘူး။ တကယ်တော့သူက သူ့ကိုယ်သူကလွဲရင် ဘယ်သူ့ကိုမှ မယုံတဲ့ လူမျိုးဆို ပိုမှန်ပါတယ်။ အမေကတော့ ရတနာသုံးပါးကို အရမ်းကြည်ညိုဆည်းကပ်သူ၊ (၃၇) နတ်မင်းတွေကိုလည်း အမြဲမေတ္တာပို့နေသူ၊ ဒီနတ်မင်းတွေရှိတယ်လို့လည်း ယုံကြည်သူပါ။ သားသမီးတွေကတော့ အဖေရော အမေရောနဲ့ အဆင်ပြေအောင် မပြစ်မှား၊ မရှိခိုးတဲ့ သူတွေပါ။ ဒီလိုမမြင်နိုင်တဲ့ အရာတွေ ရှိချင်လည်းရှိနေနိုင်တာပဲ ဆိုတဲ့ စိတ်နဲ့ မပြစ်မှားမိအောင် နေတယ်ဆို ပိုမှန်ပါတယ်။ အမေက ယုံကြည်တယ်ဆိုတာလည်း သူရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေက ယုံချင်စရာ ကောင်းနေပြန်တယ်လေ။


အမေအသက် (၂၀) ကျော်လောက်အထိ နတ်ကနားပေးတာတွေ၊ နတ်ပွဲတွေကို တစ်ခါမှ မသွားခဲ့ဘူးတဲ့။ တစ်ရက်တော့ အမေကရုံးက အပြန်လမ်းမှာ သူ့အသိအိမ်က အိမ်တွင်းနတ်ကနားပွဲလေးတစ်ခုပေးနေတဲ့ အသံကြားသတဲ့။ ရုံးနဲ့အိမ် ၁၅ မိနစ်လောက်ပဲ လမ်းလျှောက်ရတဲ့ နယ်မြို့လေးက အိမ်လေး တစ်အိမ်မှာပေါ့။ ဒါနဲ့ အမေက သူ့အသိအိမ်ဆိုတော့ အိမ်ထရံကြားကနေ ချောင်းကြည့်နေသတဲ့။ ထရံပေါက်လေးဆိုတာကလည်း မျက်လုံးလေးတစ်လုံးစာအပေါက်ကလေးပါ။ ဒီလိုနဲ့ မမြင်ဘူးတာတွေ အထူးအဆန်းဖြစ်ပြီး ကြည့်နေတုန်း အထဲက နတ်ကတော်က "လိပ်ပြာလှတယ်၊ ကောက်မယ်" လို့ ပြောသတဲ့။ ဒါနဲ့ ၀ိုင်းထိုင်နေကြတဲ့ အဘွားကြီးတွေက "ဘယ်သူကိုကောက်မလဲ" လို့မေးတဲ့အခါ "ဟိုထရံကြားက ချောင်းကြည့်နေတဲ့ အင်္ကျီအ၀ါလေး မျက်မှန်လေးနဲ့ နှမတော်ကို ကောက်မယ်၊ လာခဲ့" လို့ပြောသတဲ့။ အဲဒီလိုလည်း ကြားလိုက်ရော အမေလည်း ကြောက်အားလန့်အားနဲ့ ပြေးလိုက်တာ အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းတောင်မသိဘူးတဲ့လေ။

တကယ်တော့ လိပ်ပြာလှတာတွေ၊ ကောက်တာတွေကို သိလို့ မဟုတ်ပါဘူး။ သူချောင်းကြည့်နေတာကို တိတိကျကျ ကြီး သိသွားတာရယ်၊ လာခဲ့ ဆိုတာကြီးကိုကြောက်လို့ အရမ်းလန့်ပြီး ပြေးတာပါ။ အဲဒီနောက်ပိုင်း အမေလည်း နတ်ကနားပွဲနားကို ခြေဦးမလှည့်တော့ပါဘူး။

ဒီလိုနဲ့ ၁၀ နှစ်လောက်ကြာပြီးတရက်တော့ အထက်အညာရဲ့ နာမည်ကြီး တောင်ပြုန်းပွဲကို ငြင်းမရတဲ့ ဆွေမျိုးတွေခေါ်လို့ အမေကလိုက်သွားပါလေရော။ အဖေမသိအောင်ခိုးပြီး လိုက်သွားတာပေါ့လေ။ ဟိုရောက်တော့ သူများတွေက ပန်းတွေ ဘာတွေကပ်၊ အမေကတော့ နန်းဆောင်ရှေ့က ကွက်လပ် လေးမှာရပ်ပြီး ဟိုကြည့်ဒီကြည့်ပေါ့။ အဲဒီအချိန် ဘယ်သူမှ မရှိတဲ့ ဒီကွက်လပ်ကြီးထဲမှာ အမေ့ကို တစ်ယောက်ယောက်ကနောက်ကနေ ဆောင့်ပြီးတွန်းလိုက်သလိုမျိုးဖြစ်ပြီး အမေချော်လဲ ပါလေရော။ အားလုံးကလည်း အံ့သြလို့။ အမေလည်း အဖေ့ကို ကြောက်တာနဲ့ သူ့ခြေထောက်နာသွားတာကို မပြောဘဲ သူ့ဘာသာသူ တိတ်တိတ်လေး ကြိတ်ခံနေခဲ့တာပေါ့လေ။

နောက်တစ်လလောက်နေတော့ ၀န်ထမ်းတွေ အပြောင်းအရွေ့ အမိန့်စာတွေ ထွက်တော့မယ်လို့ သတင်းထွက်လာပါရော။ အဝေးကြီး ပြောင်းရရင်တော့ မိသားစုနဲ့ ခွဲနေရရင် ဒုက္ခလို့ အမေက စိတ်ညစ်နေတဲ့အချိန်၊ အမေ့သူငယ်ချင်း အမျိုးသမီးတစ်ယောက်က အကြားအမြင် အရမ်းမှန်တယ်ပြောလို့ အမေက လိုက်သွားပါလေရော။ အမေက လက္ခဏာဗေဒင်တွေ တခါတရံ သွားမေးတတ်တယ်။ သူ့အယူအဆက ဗေဒင်ဆိုတာ မကောင်းတာဆိုမှန်တတ်လို့ ကြိုတင်ကာကွယ်ရအောင်လို့တဲ့လေ။ အကြားအမြင်တော့ သိပ်မေးလေ့မရှိပါဘူး။ အပြောင်းအရွေ့ကိစ္စလေးမေးကြည့်မယ်ပေါ့။ အကြားအမြင် ဟောတာကလည်း နုနုသွယ်သွယ်၊ အမျိုးသမီးပဲ။ အမေတို့ အုပ်စုလိုက်ကြီး တစ်ယောက်ပြီးတစ်ယောက် ဟောလာလိုက်တာ၊ အမေအလှည့်လဲရောက်ရော အကြားအမြင်ဆရာမက "ကျွန်မမဟောဘူး၊ ရှင့်ကိုဟောမယ့်သူက သူကိုယ်တိုင်ဟောမယ်တဲ့" လို့ပြောပြီး အဲဒီ အမျိုးသမီးလေးဆီက ယောင်္ကျားသံကြီး ထွက်လာပါလေရော။ "ဟားဟား..." လို့အော်ရယ်တာတဲ့လေ။ အမေအပါအ၀င် တစ်ဖွဲ့လုံး လန့်သွားလိုက်တာ ထမပြေးမိရုံ တမယ်ပဲတဲ့။ သူက ဘယ်က စပြောသလဲဆိုတော့ "ဟိုတုန်းက အင်္ကျီ အ၀ါရောင်လေးနဲ့ ထွက်ပြေးလိုက်တာ၊ မောင်တော်ခေါ်တာ ဘာလို့မလာဘဲ ပြေးရတာလဲ" လို့ စပြောသတဲ့။ အမေလည်းအံ့သြတာရော၊ လန့်တာရောလို့ ဘာမှ ပြန်မဖြေမိဘူးပေါ့။ ဒါနဲ့ "လွန်ခဲ့တဲ့ တစ်လလောက်က ပွဲတော်ကိုလာတာ မောင့်တော့်နတ်နန်းကို အရင်မလာဘဲ မယ်တော့်နတ်နန်းကို အရင်သွားလို့ မောင်တော်နောက်ကနေ တွန်းပြီးကြည်စားလိုက်တာရော မှတ်မိလား" လို့မေးသတဲ့။ ဒီမေးခွန်းကိုတော့ အမေက "ဟုတ်ကဲ့ မှတ်မိပါတယ်" လို့ ဖြေသတဲ့။ "ကဲ အခု ဘာသိချင်လဲပြောလို့" မေးသတဲ့။ အမေက သူက promotion အခြေအနေကိုပဲ သိချင်တာပါလို့ မေးတဲ့ အခါ "မ အက္ခရာနဲ့ စတဲ့ မြို့ပဲ ပြောင်းရမယ်၊ ဒါပေမယ့် နာမည်ပဲ ပြောင်းရမယ်၊ လူကတော့ မပြောင်းရဘူး၊ မောင်တော့် နယ်မြေထဲမှာပဲ ထားမယ်" လို့ဟောသတဲ့။ ပြီးတော့ "ကဲ...ဒီတခါရော ထွက်ပြေးဦးမလား" လို့ အမေကို မေးတဲ့အခါ၊ ဒီအဖွဲ့ကို ဦးဆောင်ပြီး ခေါ်သွားတဲ့ အမေ့ သူငယ်ချင်းက ဖင်ထောင်အောင်ရှိခိုးပြီး "မလုပ်ပါနဲ့၊ သူ့ယောကျာ်းကို ကျွန်မတို့အားလုံး ကြောက်လွန်းလို့ပါ၊ အရမ်းဆိုးတာပါ" လို့ ပြောပြီး အတင်း တောင်းပန်တော့တာပါပဲ။ အဲဒီလို ကြားတော့ "ဟားဟားဟားဟား" လို့ အကျယ်ကြီး အော်ရီပြီး "ကဲ.. စိတ်ချမ်းချမ်းသာသာနေ၊ နှမတော်" လို့ပြောပြီး အကြားအမြင် အမျိုးသမီး ရဲ့ အသံပြန်ဖြစ်သွားရောတဲ့။

အမေလည်း ဘာတွေပါလိမ့်ဆိုပြီး ပြန်လာခဲ့တာပေါ့။ Transfer order တွေ မထွက်မချင်း အမေက အဖေကို မပြောပြဘူး။ Order ထွက်လာတော့ အမေက မိုးကုတ်ကို ပြောင်းရပါတယ်။ ဒါပေမယ့် နာမည်ပဲ ပြောင်းပြီး လူကတော့ အခု လက်ရှိ ရုံးမှာပဲ Attachment အနေနဲ့ နေရတာပါ။ အဲဒီအချိန်ကျတော့ အမေက မနေနိုင်တော့ဘူး။ သူ့အကြားအမြင် မှန်တဲ့ အကြောင်း မနက်စာစားရင်း အဖေ့ကို ပြောပြပါလေရော။ ကျွန်တော်တို့ လည်း နားထောင်လို့ပေါ့။ အဖေက ဒေါသတွေ ထွက်လိုက်တာပြောမနေပါနဲ့တော့။ ကျွန်တော်တို့လည်း ကုပ်ကုပ်ကလေး စားစရာရှိတာ စားနေကြတာပေါ့။ "အေး... ငါကောက်ထားတဲ့ မိန်းမကို ဘယ်မောင်တော်မှ လာကောက်လို့ မရဘူးကွ၊ နားလည်လား၊ ဒီမောင်တော် ကောက်ထားပြီးသား" လို့လဲပြောရော ကျွန်တော်တို့တွေလည်း ၀ါးကနဲ ရယ်လိုက်မိပါလေရော။ "ပြီးတော့ အသုံးမကျတဲ့ အတွေးအခေါ်တွေ ငါ့သားသမီးတွေ ရင်ထဲရောက်ကုန်မယ်၊ နောက်ဘယ်တော့မှ ဒါမျိုးမကြားချင်ဘူး" ဆိုပြီး စိတ်တွေဆိုးလိုက်တာ။ "မင်း နတ်ကတော် လုပ်ချင်တာလား" လို့ အမေ့ကိုမေးသေးတာ။ အမေက "ငါ့ အဖြစ်အပျက်လေးပြန်ပြောပြတာလေ၊ ဘာမှ မလုပ်ချင်ပါဘူး" လို့ ဘယ်လိုပဲ ဖြေရှင်းလဲ အကြားအမြင် မမေးရ၊ နတ်ကတော်မမေးရ၊ ဒီနေ့ကစပြီး ကလေးတွေကို နတ်အကြောင်းတွေ မပြောရနဲ့ ဒေါသပုန်တွေထလိုက်တာ ကျွန်တော်တို့ တတွေကတော့ ပြုံးစိပြုံးစိနဲ့ အဖေ့ ကြည့်လိုက်၊ အမေ့ကြည့်လိုက်ပေါ့။

အဖေ့ကို ကျွန်တော်က "နတ်" ဆိုတာတကယ်ရှိတာလားလို့မေးကြည့်တဲ့အခါ "ရှေးခေတ် ဘုရင်တွေက တိုင်းသူပြည်သားတွေထဲမှာ တစ်ယောက်ယောက် တန်ခိုးသြဇာကြီးမားလာပြီ ဆိုရင်သူတို့ကို ပုန်ကန်မှာစိုးလို့ သတ်ပစ်လိုက်ပြီး တိုင်းပြည်က မကျေနပ်မှာစိုးလို့ နတ်အဖြစ်ကိုးကွယ်ခိုင်းလိုက်တဲ့ လှည့်စားမှုတစ်ခုပဲတဲ့။ ဒီလောက်ပဲ ပြောပြတယ်။ ဒါတွေကို ဆုတောင်းနေလို့ ဘာထူးမှာလဲတဲ့။ ဘုရားကိုယ်တိုင်က "ငါဘုရားသည် ဘယ်သူတစ်ဦးတစ်ယောက်၏ ကံကြမ္မာကိုမှ မဖန်တီးနိုင်" လို့ဟောထားတာ၊ သူတို့ဆို ပိုဝေးရောပေါ့တဲ့။ လူဆိုတာ ကိုယ်ဘ၀နဲ့ ကိုယ် ကိုယ်ဖြစ်ကိုယ်ခံ ပဲတဲ့။ အမေကတော့ သူတို့တွေကို မေတ္တာပို့ပေးရမယ်။ မပြစ်မှားရဘူး။ ရှိချင်လဲရှိနေနိုင်တာပဲတဲ့လေ။ ဒါနဲ့ပဲ ကျွန်တော်လည်း (၃၇) မင်းနတ်တွေအကြောင်းအသေအချာ မသိခဲ့ရသလို၊ တခါမှလည်း မပြစ်မှားမိခဲ့ပါဘူး။ အင်းလေ... လောကကြီးဆိုတာက မမြင်နိုင်တဲ့ အရာတွေ အများကြီး နဲ့ တည်ဆောက်ထားနိုင်တာပဲ မဟုတ်လား။ ။

4 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

Thanks for sharing. It's remind me to my grand mum while i read your post.

Please continue to posts often to share your experiences when you have spare times if you could as your writing style is very persuasiveness and tempted to read to readers.

Looking forward to see new posts soon again.

Have a good week there.
Soe Mya Nandar Thet Lwin

Anonymous said...

See N Be Seen ... မင်းရေးဖူးတဲ့ ခရုခွံလေးအကြောင်း ဖတ်ပြီး အမ ဘလောဂ့်မှာ မကြာသေးခင်က ပို့စ်တခု တင်ဖြစ်သေးတယ် ။ အားရင် ဖတ်လိုက် ။

ဒီပို့စ်လေးဖတ်ပြီး မင်းအမေဖြစ်ရပ်မှန်က သိပ်စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်မိတယ် ။ တိုက်၂ဆိုင်၂ ဒီနေ့ ရုံးမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီလို ကိုယ်မမြင်နိုင်တဲ့ အကြောင်းတွေ ဆွေးနွေးဖြစ်တယ် ... ဥပမာ .. life after life.. heaven .. nirvana.. etc

We came to conclusion that certain things in life are beyond our comprehension and such things are better left alone.

nu-san said...

အမလည်း အဲဒီလိုပဲ နတ်တွေ သရဲတွေ ယုံတယ်လည်း မဟုတ်ဘူး မယုံဘူးလည်း မဟုတ်ဘူး။ ဒါပေမယ့်လည်း ဘယ်တော့မှ မစော်ကားဘူး။ တကယ်လို့ ပုပ္ပါးတို့ ကျိုက်ထီးရိုးတို့ဘက်သွားရင် ပါးစပ်မဆော့ရဘူး ပုပ္ပါးဆို အင်္ကျီအနီလား အနက်လား မ၀တ်ရဘူးဆိုပြီး လူကြီးတွေက သတိပေးရင်တော့ ကိုယ်က လိုက်နာပြီး ပြောစကား နားထောင်ဖြစ်တာပေါ့။ တချို့တွေကျတော့လည်း နတ်တွေအပေါ် အတော်လေးယုံကြည်ကျတယ်။ အဲဒီလို လူမျိုးတွေလည်း တွေ့ဖူးတယ်။ Seen & Be Seen ရဲ့မေမေအဖြစ်ကတော့ အခုမှ ကြားဖူးတာ။ ထူးဆန်းတယ်။

လင်း said...

ထူးဆန်းတယ်နော်။အဲလိုမျိုးအဖြစ်တွေတွေ့ ဖူးတယ်။ ယုံရခက် မယုံရခက်ကြီး။