Thursday, August 9, 2007

See And Be Seen Remix 3


တစ်ခါတုန်းကပေါ့။ ဟိုးအထက်မြန်မာပြည် ချင်းတွင်းမြစ်ဘေးက ဆိပ်ကမ်းမြို့ကလေးကိုအရူးမတစ်ယောက်ရောက်လာသတဲ့။ သင်္ဘောပေါ်ကဆင်းလာကတည်းက တွေ့သမျှလူတိုင်းကို ဘုရားဘယ်နားမှာ ရှိသလဲလို့မေးသတဲ့။ သူရောက်သွားတဲ့ မြို့လေးက လမ်းလျှောက်ပြီး မြို့ကိုပတ်ရင် နာရီဝက်လောက်ဆို တမြို့လုံးနှံ့ပြီ။ ဒီလိုမြို့လေးမှာ စေတီကလဲ သုံးဆူလောက်ပဲ ရှိတာပေါ့။ အဲဒီအရူးမကြီး အဲဒီဘုရားတွေမှာ တစ်နေကုန်လျှောက်သွားပြီး တံမြက်စည်းလှည်းသတဲ့။ ဘုရားပန်းအိုးတွေလဲသတဲ့။ ဘုရားပန်းအိုးလဲတယ်ဆိုတာကလဲ သူ့မျက်စိထဲမှာ ပန်းညှိုးနေတာတွေ့ရင် တွေ့ရာ သစ်ရွက်ကိုင်းတွေ၊ ပန်းအရိုင်းတွေကို လက်လှမ်းမှီရာ လိုက်ချိုးပြီးလဲတာပါ။ ဗိုက်ဆာလာရင် မြို့ထဲမှာ လိုက်တောင်းပြီး စားပေါ့။ အိပ်ရင်လဲ ဘုရားစောင်းတန်းမှာ အိပ်တာပေါ့။ ဘုရားမှာ သစ်ရွက်မှိုက်လေးတစ်ရွက်ကျလဲ သူကောက်မယ်။ တံမြက်စည်းကတော့ တစ်နေ့ကို အခေါက်ခေါက်၊ အခါခါ လှဲလွန်းလို့ မရေတွက်နိုင်ဘူးပေါ့။ ကြာလာတော့ မြို့ကလူတွေကလဲ သူ့ကိုခင်လာကြတယ်။ တစ်ချို့အိမ်တွေက သူဘယ်အချိန်သွားသွား ထမင်းကျွေးသတဲ့။ ဒါပေမယ့် ဒီအရူးမကြီး တစ်ခုဆိုးတာက လုံးဝရေ မချိုးတာပါပဲ။


ရေကို ခါးခါးသီးသီးမုန်းတာပါ။ အဲဒီတော့ သူ့တစ်ကိုယ်လုံးက နံစော်ညစ်ပတ်နေတာပေါ့။ သူ့ကိုယ်က ထွက်နေတဲ့ အနံကို မှီအောင် ဘာအနံနဲ့မှ နှိုင်းယှဉ်ပြီး ပြောလို့မရတဲ့ အတွက်သူ့နာမည်အတိုင်း ဒေါ်သိန်းမေအနံ့လို့ မြို့ကလူတွေက သတ်မှတ်ထားကြသတဲ့။ အဲဒီမြို့မှာရှိတဲ့ ကျောင်းဆရာမကြီး တစ်ယောက်ကတော့ သူ့ကို အမြဲဟင်းကောင်းကောင်းနဲ့ ကျွေးတော့သူက ခင်နေသတဲ့။ တစ်လတစ်ခါလောက်ကို ချော့ပြီး ကြက်သားဟင်းနဲ့ ကျွေးမယ်။ ရေချိုးလို့ပြောရတယ်တဲ့။ နို့မို့ဆို တစ်အိမ်သားလုံး သူလာတာနဲ့ အိမ်ပေါ်တက်ပြေးကြရတယ်တဲ့။ သူ့ကို ရေချိုးပေးတဲ့အခါ ၀ူးဝူးဝါးဝါးတွေ တအားအော်လွန်း၊ရုန်းလွန်းလို့ လူ ၃ ယောက်လောက်နဲ့ ၀ိုင်းချုပ်ပြီး ချိုးပေးရတယ်တဲ့။ ပြီးရင် အဲဒီကျောင်းဆရာမကြီးက သူ့အ၀တ်အစားတွေ ၀တ်ပေးလိုက်တာပေါ့။ ဒါပေမယ့်လည်း သူ့အနံ့က ဆိုးမြဲဆိုးနေတာပဲတဲ့လေ။

အရူးမဆိုပေမယ့် ဘယ်သူ့ကိုမှလည်း ဒုက္ခမပေး၊ လမ်းပေါ်မှာ ခွေးတရုန်းရုန်း၊ ကလေးတစီစီနဲ့ လျှောက်သွားနေတာမျိုးလည်းမဟုတ်၊ ဘုရားစောင်းတန်းမှာနေ၊ ဘုရားဝေယာဝစ္စ တွေပဲလုပ်နေတဲ့ အပြင် ရုပ်ရည်ကလဲ လူရည်သန့်ဆိုတော့ သူ့ရဲ့နောက်ကြောင်းကို စပ်စုကြည့်ကြတာပေါ့။ တကယ်တော့ သူက တခြားမြို့တစ်ခုက မင်းကတော်တစ်ယောက်ပါ။ သိပ်ကိုမောက်မာပြီး နေရာတကာ ခွဲခြားဆက်ဆံတတ်တဲ့၊ လူတွေကို မတူဘူး မတန်ဘူးထင်တဲ့ မိန်းမမျိုးပေါ့။ နေရာတကာရွံ့တတ်ပြီး သူသောက်တဲ့ ရေခွက်နှင့် ဘယ်သူမှ မသောက်ရ။ အတန်းအစားအလွန်ခွဲတတ်သတဲ့။ ဘ၀မှာ အသက်ရှင်တုန်း ရွှေထီးဆောင်းခွင့်ရတဲ့ လူတန်းစားပေါ့။ ဒီနောက်မှာ လောကဓံ မုန်တိုင်းကြမ်းကြမ်းတစ်ခုကြောင့် ရူးသွပ်သွားရတယ်ဆိုပါတော့လေ။ မရူးခင်က မွှေးကြိုင်ပြီး အမြဲလှပနေတဲ့ ဘ၀၊ ရူးသွားပြီးတော့ အနံ့ဆိုးလွန်းလို့ ဘယ်သူမှ အနားမကပ်နိုင်တဲ့ ဘ၀မျိုးပေါ့။

ဒီလိုနဲ့ပဲ တချိန်လုံး ဘုရားစောင်းတန်းတွေ တံမြက်စည်လှည်းရင်၊ ဘုရားပန်းလဲရင်း ဘုရားပေါ်မှာပဲ သေရှာပါလေရော။ ဒီတော့လဲ အုတ်ဂူမပါ၊ နာမည်ရေးထားတဲ့ သစ်သားတိုင်လဲ မရှိ။ သုသာန်အစွန်မှာ ဒီလိုပဲမြုပ်လိုက်တာပေါ့။

ဒီလိုနဲ့ ၃၊၄ လလောက်ကြာတော့ မြို့ကလဲ သူ့ကို မေ့သွားကြပါပြီ။ ဘုရားစေတီနဲ့ ဘုရားစောင်းတန်းတွေကတော့ ၂၄ နာရီ ထိုင်စောင့်ပြီး တံမြက်စည်းလှည်းမယ့်သူ မရှိတော့တဲ့ အတွက် အရင်ကလောက် သန့်ရှင်းမနေဘူးပေါ့။

တစ်နေ့မှာတော့ နွားကျောင်းသားလေးနှစ်ယောက်က သုသာန်အလွန်မှာ နွားကျောင်းရင်းနဲ့ လက်ကြီးတစ်ဖက်မြေပေါ်ထွက်နေတာတွေ့ပြီး ဖော်ကြည့်ကြပါလေရောတဲ့။ ပြီးတော့ အလောင်းကိုထုတ်၊ သစ်ပင်မှာ တွဲလောင်းကြီးချည်ပြီး ပါးစပ်မှာလဲ ဆေးလိပ်တိုကြီးတပ်ပေးခဲ့သတဲ့။ ဘာပြောကောင်းမလဲ။ တစ်မြို့လုံး အုံးအုံးကျက်ကျက်ဖြစ်လိုက်ကြတာ။ ဒေါ်သိန်းမေကြီး မပုပ်ဘူးပေါ့။ အကောင်းအတိုင်းကြီးပဲဆိုပြီး လာကြည့်လိုက်ကြတာ မြို့ကလူကြီးသေတုန်းကထက်တောင် စည်ကားသေးဆိုပဲ။

ရဟန္တာတွေနဲ့ သူတော်စင်တွေသာ ပျံလွန်တော်မူပြီးနောက်မှာ ခန္ဓာကိုယ်က မပုပ်မသိုးပဲ ကျန်နေတယ်လို့ နားလည်ထားကြတဲ့ လူတွေခမျာ အရူးမတစ်ယောက်သေပြီး မပုပ်တဲ့ ကိစ္စက ပဟေဠိကြီးဖြစ်နေတော့တာပေါ့။ တချို့ကလဲ ဘုရားတွေကို အမြဲတန်း သန့်ရှင်းအောင်ထားတဲ့ အကျိုးပေါ့။ အချို့ကလဲ သူ့စိတ်က တခြား စားရေးသောက်ရေး လူမှူရေး အကုသိုလ်တွေမသိတော့ဘဲ ဘုရားတစ်ဆူပြီးတစ်ဆူ လှည့်ပြီး သန့်ရှင်းရေးလုပ်ဘို့ဘဲ သိတော့တဲ့ အတွက် စိတ်ကြည်လင်လို့ ဒီလိုဖြစ်တာပေါ့။ ဘာပဲပြောပြော သူ့ရဲ့ ဒုတိယ အကြိမ်မြောက် မသာချပွဲကတော့ စည်လိုက်တာ ပြောမနေနဲ့။ တစ်မြို့လုံးနီးပါး လာကြသတဲ့။

ဒေါ်သိန်းမေကြီးရဲ့ ကံကြမ္မာအလှည့်အပြောင်းက ကြောက်စရာကောင်းလိုက်တာ။ လူတိုင်းမော်ကြည့်ရတဲ့ မင်းကတော်ဘ၀၊ ဘယ်သူမှ အနားမကပ်နိုင်တဲ့ အရူးမဘ၀၊ သေပြီးသွားပြန်တော့ သူတော်ကောင်းမကြီးဆိုပြီး လူတိုင်းလာကြည့်ကြတဲ့ ဘ၀၊ ကံဇာတ်ဆရာက ချော့လိုက်၊ ရက်စက်လိုက်၊ အပေါ်ဆုံးတင်ပေးလိုက်၊ အောက်ဆုံးပြန်ရိုက်ချလိုက်။ ဘာပဲဖြစ်ဖြစ် ဇာတ်ဆရာက ခိုင်းတဲ့ ဇာတ်ကွက်တိုင်းကို တည်တည်ငြိမ်ငြိမ် ကပြနိုင်ဘို့ စွမ်းအားတစ်မျိုးရှိအောင် ကြိုးစားကြရတာကပဲ ဘ၀ထင်ပါရဲ့။

ကျွန်တော်တို့ ဘ၀တွေလဲ အလှည့်အပြောင်းတွေများလိုက်တာ။ ဆိုက်ကားစီးကျောင်းတက်ခဲ့ရတဲ့ဘ၀၊ ဘတ်စ်ကားတိုးပြီး ရုံးသွားခဲ့ရတဲ့ဘ၀၊ အခုကျွန်းလေးတစ်ကျွန်းပေါ်မှာ နေပြီး ရထားစီးရတဲ့ ဘ၀။ ပြီးရင် ဘယ်လိုအကွေ့အပြောင်းတွေလာဦးမလဲဆိုတာ ဘယ်သူက ကြိုသိနိုင်မလဲ။

ကျွန်တော်ချစ်တဲ့လူတွေ၊ ကျွန်တော့်ကို ချစ်တဲ့ လူတွေကရော ဘယ်လိုဘ၀မျိုးတွေ၊ ကံကြမ္မာ အဆိုးအကောင်းတွေနဲ့ ရင်ဆိုင်ကြရမလဲ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတစ်နေ့ကျရင် လူတိုင်းအပေါ်မှာ လိပ်ပြာသန့်တဲ့၊ နောင်တကင်းတဲ့ စိတ်အခြေအနေမျိုးနဲ့ သေဆုံးသွားရရင် အကောင်းဆုံးပါပဲ။ ကျွန်တော့်ဆရာတစ်ယောက်က ပြောဘူးတယ်။ “ဘာဖြစ်မယ်၊ ဘယ်နေ့သေမယ်ဆိုတာ သေချာမသိနိုင်တဲ့ ဘ၀မှာ လူတိုင်းကို နောက် ၃ ရက်နေရင်သေတော့မယ့် လူတွေလို သဘောထားပြီး ဆက်ဆံကြည့်စမ်းပါ” တဲ့။ သူပြောပြီးကတည်းက ကျွန်တော်လည်း ကြိုးစားပါတယ်။ ဒါပေမယ့်လည်း အထုံ ပါရမီ တော်တော်နည်းပါးခဲ့တဲ့ ကျွန်တော်၊ အခုချိန်ထိတော့ မအောင်မြင်သေးပါဘူးဗျာ။ ။

4 comments:

Ma Yangon Thu said...

တကယ်ကို သင်ခန်းစာ ယူစရာပါပဲ။ ဘ၀မှာ အပြောင်းအလဲတွေကို ကြုံရတဲ့အခါတိုင်း ကောင်းတဲ့အပြောင်းအလဲပေါ်မှာလည်း စိတ်ကို ထားတတ်ရမှာဖြစ်သလို မကောင်းတဲ့ အပြောင်းအလဲ အတွက်လည်း စိတ်ဓာတ်မကျအောင် အမြဲနှလုံးသွင်းထားရမှာပေါ့.. ဒါမှလည်း စိတ်ရှင်းတော့မှာပေါ့လေ.. အမနားလည်မိတာလေးပါ။ See And Be Seen ရဲ့ Remix series တွေက ယူတတ်မယ်ဆိုရင် တကယ်ကို အဖိုးတန်ပါတယ်။ အမကတော့ ကိုယ်နားလည်မိသလောက် ခံစားမိသလောက် ယူသွားပါတယ်။

Anonymous said...

Remix series တွေကို အားပေးလျက် ။ လေဘယ်လ်လေး လုပ်ပါလား ။ ဘလောဂ့်မှာ စီးရီးတခုလုံး လင့်ခ်ချင်လို့ ။

See N B Seen said...

မဂျစ်တူးရေ…
လင့်ခ်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ လေဘယ်လ် လေးလည်း လုပ်ပေးထားပါတယ်။

See N B Seen said...

အစ်မ မရန်ကုန်သူ ပြန်ရေးပြထားတဲ့ စကားလုံးလေးတွေက ကျွန်တော် ပြောပြချင်တာ ထက်ပိုထိရောက်ပါတယ်။ ကျေးဇူးပါပဲ အစ်မရေ…