Thursday, August 2, 2007

See And Be Seen Remix 1



တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည် မုံရွာမြို့နယ်နားက ရွာကလေးရွာမှာ ရွာသားနှစ်ယောက် စကားများ ရန်ဖြစ်ကြသတဲ့။ တစ်ယောက်က လက်ထဲမှာ ဌက်ကြီးတောင်ဓါးကြီှးဆွဲလို့၊ နောက်တစ်ယောက်ကတော့ လက်နက်မဲ့ ဗလာနထ္ထိ ဆိုပါတော့။ အဲဒီတော့ သိပ်မကြာခင်မှာဘဲ ထုံးစံအရ လက်နက်ရှိတဲ့လူက လက်ဗလာနဲ့ လူရဲ့ ဘယ်ဘက်လက်မောင်းကို အရင်းကနေ တိတိရိရိ ဖြတ်ပစ်လိုက် ပါရောတဲ့။ ပုံမှန်ဆိုရင်တော့ ဗလာသမားက သွေးပျက် ဒူးထောက်အရှုံးပေး၊ ရန်ပွဲကလဲ ဒီမှာပဲ ပြီးသွားပါပြီ။ ဒါပေမယ့် ဒီရန်ပွဲ ကတော့ အခုမှ စတာပါ။


လက်နက်မဲ့ သူက သူရဲ့ ညာဘက်လက်နဲ့ ဗယ်ဘက်လက်ပြတ်ကြီးကို ကောက်ကိုင် လိုက်တယ်ဆိုရင်ဘဲ ရန်ပွဲက အစကို ပြန်ရောက်သွားပါရောတဲ့။ တစ်ယောက်က ဓါးနဲ့၊ တစ်ယောက်က ခန္ဓာကိုယ်ရဲ့ အပိုင်းအစတစ်ခုကို ဓါးအဖြစ် ကိုင်ဆွဲလျှက်ပေါ့လေ။ ဓါးသမားနဲနဲ သွေးပျက်သွားပါတယ်။ သွေးတွေ အများကြီး မြင်တော့လဲ လန့်စပြုလာတာပေါ့။ ဓါးတစ်ချက်ဝေ့လိုက်တိုင်း ၀ှီးကနဲ၊ လက်ပြတ်ကလဲ တစ်ချက်ရိုက်မိလိုက်တိုင်း သွေးတွေက ဖြန်းကနဲ၊ အရိုးကလဲ ဖွေးကနဲပေါ့။ နောက်ဆုံးတော့ လက်ပြတ်သမားက ဓါးသမားရဲ့ ခန္ဓာကိုယ် အနှံ့ကို မှီသလောက် သူရဲ့ လက်ပြတ်ကြီးနဲ့ အဆက်မပြတ် ရိုက်လိုက်တယ်ဆိုရင်ဘဲ သွေးအလိမ်းလိမ်းနဲ့ စုတ်ဖွာနေတဲ့ လက်ပြတ်ရဲ့ ဒဏ်နဲ့ ဓါးသမား အသက်ပျောက် ရှာပါလေရော။ (ဒါက တကယ့်အဖြစ်အပျက်ပါ။)

လက်နက်သမားရဲ့ သဘာဝက လက်နက်အားကိုးကြောင့်တခြား ကိုယ်ပိုင်အရည်အသွေးတချို့ ကျဆင်းသွားတာပါ။ နောက်ထပ် ကျန်တဲ့ လက်တစ်ဖက် ကို ထပ် ဖြတ်နိုင်ဘို့ အင်အားကို၊ ကိုယ့်လက်ပြတ်ကိုယ် ကောက်ကိုင်ပြီး တစ်ဖက်လူကို အရှုံးမပေးဘဲ ရိုက်လိုက်တဲ့ စိတ်ဓါတ်က အနိုင်ယူလိုက်တာပါပဲ။ ကိုယ်ပိုင်အစွမ်းအစကို မသေမချင်း အစွမ်းကုန် အသုံးချနိုင်တဲ့ လူကို ဘယ်လိုမှ မယှဉ်နိုင်တာလဲ ဖြစ်နိုင်တာပေါ့လေ။

လက်နက်အားကိုးတဲ့လူက လက်နက်ကို အသုံးချနိုင်ဘို့ကိုပဲ ဦးစားပေးကြိုးစားပါလိမ့်မယ်။ တကယ်လို့ လက်နက်မဲ့တဲ့ အခါ သူ့စွမ်းအားလဲ ကုန်ရှာပါပြီ။ ဂဏန်းတွက်စက်ကိုပဲ အမြဲသုံးလာတဲ့ လူက စက်မပါဘဲ စိတ်နဲ့ တွက်စမ်းဟေ့ဆိုရင် လ္ဘက်ရည်ဆိုင်က စားပွဲထိုးလေးကိုပင်ရှုံးပါလိမ့်မည်။ တစ်စုံတစ်ခု (သို့မဟုတ်) တစ်စုံတရာ (သို့မဟုတ်) တစ်စုံတစ်ယောက် ကို အားကိုး၍ မိမိ၏ ကိုယ်ပိုင် အရည်အချင်းတို့ကို အသုံးမချခဲ့လျှင် ထိုတစ်စုံတရာ ပျောက်ဆုံးသွားသော အချိန်တွင် မိမိကိုယ်ကို မည်သို့ ရပ်တည်နိုင်မည်နည်း။

တချို့လူသားများကတော့ ကိုယ်ပိုင်အရည်အသွေး၏ အနှစ်သာရ ကို သေချာမသိရှာ။ အဖိုးတန်ပစ္စည်းဥစ္စာ၊ ရတနာများနှင့် ပကာသန တို့ကို အရည်အချင်းအဖြစ် ပြသတတ်ကြသည်။ ကိုယ်ပိုင်အရည်အသွေးနည်းပါးသော အမျိုးသမီးက ကျောက်မျက်ရတနာမျိုးစုံ၊ စိန်ထည်မျိုးစုံဝတ်ပြီး ပကာသန အတွက်သက်သက် ပြုလုပ်သော ပွဲများကျင်းပရင်း ပြသပေလိမ့်မည်။ ကိုယ်ပိုင်အရည်အသွေးပြည့်ဝလျှက် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသော အမျိုးသမီးဟူသည် ချည်ထည်ရင်ဖုံးနှင့် ရိုးရိုးချိတ်ထမီလေး ၀တ်ထားသော်လည်း လောကအလယ် တင့်တယ်နေတတ်ပေသည်။ ရွှေထည်မလို၊ လက်ပတ်နာရီ အသေးလေးတစ်လုံးနှင့် ပင် အများက ချစ်ခင်လေးစားနေတတ်ကြသည်။

လူတို့သည် မိမိတို့၏ ယုံကြည်မှုအပေါ်တွင် ရေကဲ့သို့ ကျင့်ကြံနိုင်လျှင် ကောင်းပေလိမ့်မည်။ ရေဟူသည် ရွှေခွက်ထဲ ထည့်လိုက်လျှင် ရွှေရည် ဖြစ်မသွားနိုင်။ ငွေခွက်နဲ့ ထည့်လိုက်လို့လည်း ငွေရည် မဖြစ်နိုင်ပေ။ ရေသည် ရေသာဖြစ်သည်။ ယုတ်စွအဆုံး အိမ်သာခွက်ထဲက ရေသည်လည်း ရေ၏ ဂုဏ်သတ္တိ အပြည့်ရှိသော ရေစင်စစ်ပင် ဖြစ်သည်။

မိမိ၏ ယုံကြည်ချက်တစ်ခုသည် မည်သူက ဘာပြောပြော မပြောင်းလဲနိုင်သော ခိုင်မာမှုမျိုး ရှိသင့်သည်။ ထို့အပြင် ယုံကြည်မှု ခိုင်မာခြင်းနှင့် တစ်ယူသန်ခြင်းကို ခွဲခြားနိုင်သော ဦးနှောက်လဲ ရှိသင့်သည်။ သူတစ်ပါးကို သေးသိမ်နေဘို့ အချိန်မရှိလောက်အောင် တိုတောင်းလှသော လူ့ဘ၀တွင် မိမိ၏ စိတ်တံခါးကို ဖွင့်ထားပြီး ၀င်လာသမျှ ခံစားမှု အားလုံးကို သူ့အကန့်အသတ်နဲ့ သူထည့်ထားနိုင်ရမည်။ လူသားတိုင်းသည် မိမိဦးနှောက်လုပ်နိုင်စွမ်း၏ ၆၅ ရာခိုင်နှုန်း ကိုသာပြည့်ပြည့်၀၀ အသုံးချနိုင်လျှင် လူတိုင်း အိုင်းစတိုင်း ဖြစ်နိုင်သည်ဟု ဆိုထားသည် မဟုတ်ပါလား။ ။

4 comments:

ခင်မင်းဇော် said...

ဟုတ်တယ် အမလည်း ကိုယ်ပိုင်အရည်အသွေးကိုပဲ ယုံကြည်တယ်။ ကိုယ်တိုင် တော်နေရင် ယောက်ျား မိန်းမ မရွေးဘူး။ နေရာရမှာပဲ။ အရည်အချင်း အစစ်အမှန်ရှိနေရင် ဘယ်သူမှ နှိမ်လို့မရဘူး။ အဲဒါအမှန်တရားပဲ။ ကိုယ်တော်နေအောင် ကိုယ်က ပြည့်ဝနေအောင် ကိုယ့်ကိုယ်ကို ဖြည့်နေရမယ်။

Anonymous said...

ဒီပို့စ်လေးကလည်း အတွေးအခေါ်ကောင်းတယ် ။

See N B Seen said...

ဟုတ်တယ်အစ်မ ခင်မင်းဇော် ရေ.. လူတော်တော်များများက ဖြည့်နေရမှာကို ပြည့်နေပြီလို့ ထင်နေကြတာ ခက်တယ် :)

မဂျစ်ရေ.. စာပေအိုး ၁၂ အတွက် ကျေးဇူးပါပဲ ခင်ဗျာ..

NayNay said...

ဒီစာသားလေးကိုသဘောကျမိပါတယ်...
"တစ်စုံတစ်ယောက် ကို အားကိုး၍ မိမိ၏ ကိုယ်ပိုင် အရည်အချင်းတို့ကို အသုံးမချခဲ့လျှင် ထိုတစ်စုံတရာ ပျောက်ဆုံးသွားသော အချိန်တွင် မိမိကိုယ်ကို မည်သို့ ရပ်တည်နိုင်မည်နည်း။"
တချို့လူတွေကပြောကြပါတယ်..၊ ဘယ်သူဘယ်ဝါကပြောပေးလို့ ဒီအလုပ်ကိုရလာတာ၊ ဒီလိုနေရာမျိုးကိုရောက်လာတာ စသဖြင့် ဂုဏ်ယူပြီးပြောတာကိုကြားဖူးပါတယ်။ ကျွန်မအမြင်အရတော့အဲဒါဂုဏ်ယူစရာမဟုတ်ပါဘူး၊
ကိုယ့်ကိုကိုယ် ကိုယ်ပိုင်အရည်အချင်းမရှိကြောင်းထုတ်ဖော်နေသလိုပါပဲ၊
ကျွန်မကတော့ဘယ်သူ့ကိုမှမမှီခိုပဲကိုယ့်ဘာသာကိုယ်အောင်မြင်အောင်လုပ်နိုင်တဲ့အရည်အချင်းမျိုးကိုပဲသဘောကျပါတယ်...