Monday, September 10, 2007

စီးဆင်းတေးသံ

နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော သမီးလေးတစ်ဦးထံသို့ သူမ၏ဖခင်ဖြစ်သူက ရေးပို့လိုက်သော စာလေးတစ်စောင်ဖြစ်ပါတယ်။ ဖခင်တစ်ဦးရဲ့ မေတ္တာတရားက ဖွဲ့နွဲ့ပေးသော စကားလုံးလေးများသည် ကဗျာတစ်ပုဒ်ကဲ့သို့ နုးညံ့သော ခံစားမှုကို ပေးစွမ်းနိုင်သဖြင့် မေတ္တာတရားရဲ့ ကဗျာရွတ်သံလေးကို ၀ိုင်းပြီး နားထောင်ကြည့်ရအောင်လားဗျာ။



ဖေ့အချစ်ဆုံးသမီးသို့
သမီးရဲ့ မွေးနေ့အတွက် လက်ဆောင်ပေးဘို့ စဉ်းစားတဲ့အခါ သမီးရဲ့ ဘ၀တစ်သက်တာလုံးအတွက် စာတစ်ပုဒ်ရေးပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ တန်ဘိုးမဖြတ်နိုင်တဲ့ အရာကို ပေးဘို့ဆိုရင်ဖေ့ဖေ့ရင်ထဲက စကားတွေသာဖြစ်ပေလိမ့်မယ်။ မွေးနေ့မှာ ပျော်ရွှင်ပါချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလေ့ရှိကြတယ်။ ဖေဖေကတော့ သမီးဘ၀တစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့မှုဆိုတာကို ရယူတတ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သမီးရေ... လူတိုင်းပျော်ရွှင်ချမ်းမြေ့မှုကို ဖမ်းဆုပ်နိုင်ကြတယ် လို့မထင်လေနဲ့။ တချို့ကပျော်ရွှင်ချမ်းမြေ့မှုတွေကို ဖျက်ဆီးလေ့ရှိကြတယ်။ လောကကြီးမှာ ပြီးပြည့်စုံသူမရှိလို့ ဆိုတယ်။ ဒါဆိုရင် ပြီးပြည့်စုံမှုဆိုတာ ပျော်ရွှင်ချမ်းမြေ့မှုကို မဖန်တီးနိုင်တာ သေချာပြီပေါ့။ ဒါဆိုရင် အနာဂတ်အတွက် မျှော်မှန်းချက်များစွာနဲ့ လှုပ်ရှားရုန်းကန်နေတဲ့ ဘ၀တွေထဲမှာ ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ ရှိနေတာပေါ့။ အဆင်မပြေမှုမှန်သမျှကို ဖော့တွေးတတ်ရမှာပေါ့။ အဆင်ပြေမှုတွေကို အလေးအနက် ခံယူတတ်ရမှာပေါ့။ အဆင်ပြေမှုက စိတ်ချမ်းသာမှုကို တဒင်္ဂ ဖြစ်စေနိုင်မှာပဲ။ အဲဒီ တဒင်္ဂလေးကို ရယူခံစားနိုင်ခဲ့ရင် ထာဝရ ဖြစ်ဖို့ မခဲယဉ်းတော့ဘူးလေ။

ဒီတော့ ဖြစ်နေတဲ့ ဖြစ်စဉ်များကို ဘ၀အဖြစ် ခံယူရဲရမယ်။ ဘ၀ရုန်းကန်မှုဖြစ်စဉ်တွေထဲက အဆင်ပြေမှုများကို နည်းသည်ဖြစ်စေ၊ ပျော်ရွှင်ချမ်းမြေ့မှုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိရမယ်လေ။ မမေ့ပျောက်နိုင်တဲ့ အဆင်မပြေမှုများကိုတော့ နာကျည်းချက်များအဖြစ် နှလုံးသားတစ်နေရာမှာ လုံခြုံစွာ သိမ်းထားလိုက်ရုံပေါ့။ ဖြစ်ခဲ့တယ်။ ခွင့်လွှတ်လိုက်တယ်။ သို့သော် မမေ့နိုင်ဘူး... ဆိုတဲ့ ခံစားမှုမျိုးထက် ဥပေက္ခာပြုလိုက်နိုင်ရင်တော့ ချမ်းမြေ့မှုဆိုတာလေး ပေါ်လာတတ်ပြန်ရော။ ဒါကြောင့် အဆင်ပြေမှုထဲမှာရော၊ မပြေမှုထဲမှာပါ ပျော်ရွှင်ချမ်းမြေ့မှုကို ရယူနိုင်တယ်ဆိုတာ သမီးနားလည်ထားပါ။ ပတ်ဝန်းကျင်မှာ အခက်အခဲတွေ အမြဲဝန်းရံနေပေမယ့် ပျော်ရွှင်မှုရောင်ခြည် အမြဲယှက်သန်းနေတယ်ဆိုတာ သမီးလက်တွေ့ နားလည်နိုင်ပါစေ။

အလေးအနက် ထားတာနဲ့ ဥပေက္ခာတရားကို ပြောရဦးမယ်။ သမီးလေးမိသားစုရင်ခွင်က ခွဲခွာသွားတာ ၁ နှစ်ကျော်ပြီလေ။ ပြည့်စုံမှုနှင့်အတူ ခွဲခွာသွားတာမဟုတ်ပေမယ့် အသိနဲ့ အတူခွဲခွာသွားတဲ့ သမီးအတွက် ဖေဖေ ဖြေသာခဲ့ပါတယ်။ သမီးမှာ အသိတရားတွေ ပါသွားတယ်ဆိုတဲ့ အသိနဲ့ ဖေဖေ နေပျော်ခဲ့ပါတယ်။

သို့ပေမယ့် အသိတရားရှိသူတွေရော မမှားနိုင်ဘူးလား။ လောကမှာ အမှားကင်းသူရယ်လို့ မရှိနိုင်ဘူးလေ။ လူရယ်လို့ဖြစ်လာကတည်းက မှားဘို့ဖြစ်လာတယ်လို့ ပြောရလောက်အောင် အမှားတွေများပါဘိသနဲ့။ ဒီတော့ မှားနိုင်တယ်၊ မှားတတ်တယ် ဆိုတာကို လက်ခံရမှာပေါ့။ တစ်ခုတော့ ရှိတယ်။ မှားတာကို မြန်မြန်သိဖို့တော့ လိုတယ်။ မြန်မြန်သိပြီး မြန်မြန်ပြင်နိုင်ရဲဘို့က အရေးကြီးတယ်။ ပြုပြင်လို့ မရတဲ့ အမှားဆိုတာ အသိရှိသူတိုင်းအတွက် မဖြစ်နိုင်ဘူး။ လူမုန်းမှာကို မကြောက်နဲ့။ ကံကြမ္မာ မုန်းမှာကို ကြောက်ပါလို့ ပြောလေ့ရှိကြတယ် မဟုတ်လား။

ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့ ဘ၀ရဲ့ အချိန်ကာလတွေဟာ မှားယွင်းတတ်တဲ့ အချိန်တွေဖြစ်ပြီး၊ ကံကြမ္မာက မှားတဲ့ လမ်းဘက်ကို အတင်းတွန်းပို့နေသလို ခံစားရတတ်တယ်။ အမှားအယွင်းတိုင်းကို ဖြတ်ကျော်နိုင်ဘို့က အဓိက ကျတယ်လေ။ မှားရလေခြင်း၊ မှားခဲ့ပြီးပြီ မထူးပါဘူး.. ဆိုတဲ့ အတွေးကျဉ်းကျဉ်းတွေကို အလေးအနက် မထားတတ်ဘို့ လိုတယ်။ မေ့မေ့ပျောက်ပျောက် မဖြစ်နိုင်တဲ့ အမှားမျိုးအတွက်တော့ ဥပေက္ခာတရားက အရေးအကြီးဆုံးပါပဲ။

ဥပေက္ခာဆိုတာက (ထိုပုဂ္ဂိုလ်၊ ထိုအကြောင်းအရာ၊ အဖြစ်အပျက် မှန်သမျှကို ခံစားမှုမဲ့စွာ ဆင်ခြင်ခြင်း) လို့ အဓိပ္ပါယ်ကောက်ယူထားရမယ်။ ခံစားမှုမဲ့စွာ ဆင်ခြင်နိုင်ဘို့ဆိုတာ တော်တော်ခက်ပါတယ်။ သို့ပေမယ့် တဖြေးဖြေး လေ့ကျင့်ယူထားပြီး လက်တွေ့ ကြုံလာတဲ့အခါ ကျင့်သုံးတတ်ရမယ်။ သမီးလေး နားလည်ထားရမှာက ဘယ်လို အမှားမျိုးကို ကျူးလွန်မိသည်ဖြစ်စေ ဖေဖေ ခွင့်လွှတ်နိုင်တယ်။ ကျန်တာ အားလုံးကို ဥပေက္ခာပြုထားနိုင်တယ် ဆိုတာ ယုံကြည်ဘို့ပါပဲ။ အသိတရားနဲ့ အတူ ရုန်းကန်လှုပ်ရှားနေတဲ့ သမီးအတွက် မိသားစုရဲ့ အကြွင်းမဲ့ မေတ္တာကို ပိုင်ဆိုင်ထားတယ်လို့ ခံယူပါ။ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်စေ၊ သမီးဘက်မှာ မိသားစုရှိနေတယ်ဆိုတာ နားလည်ထားရင် သမီးဘ၀ ဖြတ်သန်းဘို့အတွက် အားအင်တွေပဲ မဟုတ်လား။

ကိုယ်ဖြစ်ချင်တာ တစ်ခုအတွက် မစွန့်လွှတ်သင့်တဲ့ အရာတွေရှိတယ် သမီး။ ကျန်းမာရေးနဲ့ ကိုယ်ကျင့်သိက္ခာတရားပေါ့။ အဲဒီ နှစ်ခုက ဘာနဲ့မှ မလဲကောင်းတဲ့ အရာတွေလို့ ခိုင်မြဲစွာ ယုံကြည်ထားသင့်တယ်။ ကိုယ်မျှော်လင့်ချက်တစ်ခုအတွက် အတတ်နိုင်ဆုံး ကြိုးစားရတယ်။ ဖြစ်လာတဲ့ရလဒ်အပေါ် မူတည်ပြီး ပန်းတိုင်ရောက်အောင် ခရီးဆက်မယ်လို့လည်း တွေးတတ်ရတယ်။ ပြီးရင် လွတ်လပ်ပေါ့ပါးစွာ လျှောက်လှမ်းသွားနိုင်ဘို့ မိမိစိတ်ကိုလည်း ပြင်ဆင်ထားရတယ်။ ဘ၀သင်ခန်းစာတွေထဲမှာ အနားယူချိန်ဆိုတာ သိပ်ရှိတာမှ မဟုတ်ပဲ သမီးရယ်။

ကူညီတတ်ခြင်းနဲ့ ကျေးဇူးတရားကို ပြောကြဦးစို့။ သန့်စင်စွာ ကူညီခြင်းတွေမှာ ကူညီလိုက်တဲ့ အချိန်မှာ ရလိုက်တဲ့ ပီတိလေးကို တုန့်ပြန်မှုလို့ ခံစားတတ်ဘို့ လိုတယ်။ မိမိကူညီပေးလိုက်ရတဲ့ လူဆီက ကျေးဇူးဆပ်မှု၊ အပြန်အလှန်ကူညီမှု စတဲ့ တုန့်ပြန်မှုမျိုးတွေကိုလဲ လျစ်လျူရှုထားနိုင်ရမယ်။ အတုန့်အပြန်နဲ့ အတုန့်အလှည့် ဆိုတဲ့ စကားတွေက နီးစပ်မလိုလိုနဲ့ ဆန့်ကျင်ဘက်တွေ မဟုတ်လား။

ကိုယ့်ဘက်က မျှော်လင့်ချက် ဘာမှ မထားဘဲ ကူညီခဲ့တာဖြစ်ပေမယ့် သူ့အလှည့်ကြုံတဲ့အခါ မသိယောင်ဆောင်နေတာမျိုး၊ ကျေးဇူးကန်းတာမျိုးတွေ လူ့လောကမှာ ဒုနဲ့ဒေး သမီးရယ်။ ဈေးပေါပါတယ်။ ဈေးခပ်ပေါပေါတွေနဲ့ တုပြီး မိမိစိတ်ကို ထိခိုက်စေရင်၊ ခံစားစေရင် ကိုယ့်လောက်ညံ့တဲ့လူ ဘယ်ရှိတော့မှာလဲ။

ဒါဆိုရင် ကိုယ်ကကျေးဇူးဆပ်ရမယ့် အလှည့်ကျတော့ရော။ ကျေးဇူးတရားဆိုတာ သိတတ်လွန်းရင် ၀န်ပိလွန်းတယ်ဆိုပေမယ့် ထိုက်တန်တယ်ထင်တဲ့ မိမိသတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုထိ ပေးဆပ်ရလိမ့်မယ်။ အသိအမှတ်ပြုပေးရမယ်။ တစ်လုတ်စားဖူး သူ့ကျေးဇူး ဆိုသကိုး။ သို့ပေမယ့် အလုတ်တစ်သန်းဖိုးလောက် ပြန်စားချင်သူမျိုး၊ ဘ၀တစ်လျှောက်လုံး ကျေးဇူးဆပ်ခံခြင်းလွန်းသူများကိုတော့ သမီးရေ... ဥပေက္ခာ ဦးနှောက်အကန့်တွေဆီ ပို့လိုက်ကြရတာပေါ့။ မရိုင်းမိစေဘို့ ကင်းကင်းကွာကွာလေး နေလိုက်ဘို့ပဲပေါ့။

ဖြစ်ချင်ရာဖြစ်နေတဲ့ဖြစ်ရပ် Random Process ကို စိတ်ဝင်စားတဲ့ သိပံ္ပပညာရှင်တွေက Chaos out of order နဲ့ Order out of Chaos ကိုမြင်အောင်ကြည့်နိုင်ခဲ့ကြတယ်တဲ့။ စနစ်တကျ ရှိနေတယ်လို့ ထင်ရတဲ့ အဖွဲ့အစည်း၊ လူဘ၀ထဲက ဖြစ်စဉ်တွေထဲက ဖြစ်ချင်တာတွေဖြစ်လာတတ်သလို ကသောင်းကနင်း ဗရုတ်သုတ်ခ ဖြစ်စဉ်တွေထဲမှာလဲ စည်းစနစ်အမှန် တကယ်ရှိနေတယ်လို့ သက်သေပြခဲ့ကြတယ်လေ။

ကဲ... ကိုယ့်ဘ၀ကို ပြန်သုံးသပ်ကြည့်ရအောင်။ စနစ်တကျလား၊ ကသောင်းကနင်းလား။ ဘ၀တိုင်း နှစ်ခုရောနေတာချည်းပါပဲ သမီးရေ။ ဒီတော့ ဘ၀နဲ့ ဆိုင်တဲ့ Chaos ကို ဘယ်လို ရှုမြင်ကြမလဲ။

"အကောင်းအဆိုးဟူသမျှတို့သည် မျှော်လင့်ထားချိန်တွင် လည်းကောင်း၊ မမျှော်လင့်သော အချိန်တွင်လည်းကောင်း ဖြစ်ပေါ်လာတတ်ကြပေသည်။ ထိုလာသမျှ အကောင်းအဆိုးမှန်သမျှကို တပါးသူအကျိုး မထိခိုက်စေလျှက် မိမိ ဘ၀ကို တည်ဆောက်နိုင်စွမ်းရှိရေး၊ ကြိုးပမ်းရင်ဆိုင်သင့်သည်" ဟု သမီးလေးယုံကြည်ထားလိုက်စမ်းပါကွယ်။

နောက်တစ်ခုကတော့ Time Factor ကို ပေါ့ပေါ့ပါးပါး စောင့်ဆိုင်းတတ်ဘို့လိုတယ်။ အဲဒီအတွက် Maturity က အရေးအကြီးဆုံး ဖြစ်လာတယ်။ ရင့်ကျက်တဲ့သူများဟာ သာမန်လူတွေလို မတွေးဘူး။ သာမန်ကိစ္စတွေကို မခံစားဘူး။ သာမန်ကိစ္စတွေနဲ့ အချိန်ကုန် မခံဘူးလေ။ ဘ၀ နဲ့ ဆန္ဒ ချိန်ခွင် လျှာကို ကောင်းကောင်းညှိတတ်တဲ့ လူတွေပေါ့။

ဒီတော့ သမီး မိသားစုအတွက် နောက်ဆံမတင်းပါနဲ့။ မိသားစုအတွက် ဆိုတာက ရင်ထဲမှာ ရှိထားပြီးသားဖြစ်တဲ့အတွက် သမီးရည်မှန်းချက် အောင်မြင်တဲ့ အချိန်ရောက်လာရင် အချိန်မရွေး လုပ်ပေးနိုင်တာပဲ။ သမီးကို တစ်ကိုယ်ကောင်းဆန်ဘို့ ပြောနေတာ မဟုတ်ဘူးနော်။ မိမိရည်မှန်းချက်ကို ရောက်ဘို့အတွက် ၀န်ထုတ်ဝန်ပိုးနဲ့ သွားရင် အချိန်ကြာမယ်။ ပိုပင်ပန်းမယ်ဆိုရင် မလိုလားအပ်တဲ့ ၀န်ထုပ်ဝန်ပိုး မှန်သမျှကို စွန့်ပစ်ထားနိုင်ရမယ်။ အဲဒါကလည်း သတ္တိတစ်မျိုးပဲ။

ဦးနှောက်မှာ အကန့်ပေါင်းများစွာရှိနေတာ သူ့အကန့်နဲ့ သူ အသုံးပြုနိုင်ဘို့လေ။ သမီးတို့ကွန်ပျူတာမှာသာ Undo နှိပ်လို့ရတာလေ။ ဘ၀မှာ Undo မရှိဘူး။ ဖြစ်ခဲ့တာက ဖြစ်ခဲ့တာပဲ။ လုပ်ခဲ့တာက လုပ်ခဲ့တာပဲလေ။ လက်တွေ့ ဘ၀က လက်တွေ့ ဘ၀ပဲ သမီး။ လက်တွေ့ ဘ၀ကို လက်ခံပြီး ဖော့သင့်တာဖော့၊ လေးသင့်တာလေး၊ မေ့သင့်တာမေ့၊ အကန့်ထဲမှာ ခဏသိမ်းထားသင့်တာ သိမ်းထားပြီး ခရီးဆက်နိုင်အောင် ကြိုးစားပါသမီးရယ်။ ဒါဆိုရင် သမီးလေး ပိုမိုပေါ့ပါးသွားမယ်လို့ ဖေဖေထင်ပါတယ်။ ဖေဖေသမီးဖြစ်နေလို့ကို မညံ့နိုင်တာလို့ ဖေဖေ ကပြောရင် သမီး မေမေက ရီနေမှာပေါ့။ ဟုတ်လားသမီး။

ချစ်တဲ့ ဖေဖေ

No comments: