Tuesday, September 4, 2007

ကျေးဇူးပြုပြီး အမေ့ကို ပြန်မပြောပါနဲ့

အမိမြေကနေ ခွဲခွါမှဖြစ်မယ်ဆိုတဲ့ အသိနဲ့ မတတ်သာလို့ ခွဲခွါခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ပုဂ္ဂလိက ခံစားချက်တွေပါ။ နိုင်ငံခြားကိုမှ လူပြည်လို့ထင်တဲ့ လူတချို့အတွက် ဟားစရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လူတစ်ကိုယ် စိတ်တစ်မျိုးစီပဲ မဟုတ်လား…။

ကျွန်တော်ရဲ့ ပင်ကိုစိတ်က အေးအေးချမ်းချမ်းနဲ့ စားနိုင်သောက်နိုင်ဖြစ်ရင်ရပြီ။ ဘာတိုက်ကြီးနဲ့မှ၊ ဘာကားကြီးနဲ့မှ ဆိုတဲ့ လောဘစိတ်တွေမရှိဘူး။ ဘ၀ကို အေးအေးလူလူနဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုကို ကိုယ်လိုချင်တဲ့ အချိန်မှာ ကြောင့်ကြမဲ့စွာ ၀ယ်နိုင်ရင် တော်ပြီ ဆိုတဲ့လူမျိုးပါ။

ကိုယ့်တိုင်းပြည်မှာက တစုံတယောက်ယောက်နဲ့ တည့်အောင်ပေါင်းနိုင်မှ စီးပွားဖြစ်တာဆိုတော့ ပညာနဲ့က လွဲရင် အဲဒီလို ကပ်ဖား စီးပွားရေးမျိုးလဲ မလုပ်တတ်တဲ့ ကျွန်တော့်အတွက် နိုင်ငံခြားထွက် အလုပ်လုပ်ပြီး မိသားစုပြန်ကြည့်ဘို့ကလွဲလို့၊ တခြားနည်းလမ်းကလည်း မရှိ။

ဒီလိုနဲ့ တိုးတက်တဲ့ ကျွန်းလေးတစ်ကျွန်းပေါ် ရောက်လာတယ် ဆိုပါတော့။ ပြီးတော့အလုပ်ရဘို့၊ အလုပ်ရတော့ နေထိုင်ခွင့်ရဘို့၊ ဒါတွေပြီးသွားတော့ လုပ်ငန်းခွင်မှာ အဆင်ပြေဘို့။ အဆင့်ဆင့်ဖြတ်သန်းပြီး နည်းနည်းလေး နေသားကျလာတော့ ပထမဆုံး တွေးမိတာက ငါဟာ လူနဲ့ မတူတော့ပါလားဆိုတဲ့ အတွေးပါဘဲ။


နိုင်ငံခြားမှာ အလုပ်လုပ်ရတာ တန်အောင်ခိုင်းတဲ့အပြင် ကိုယ့်စိတ်နဲ့ကိုယ်တောင် နားခွင့်မပေးရဲတဲ့ ဘ၀မျိုးတွေပါ။ စိတ်ကို လေးလံတဲ့အရာတစ်ခု အမြဲဖိစီးနေတဲ့အပြင် ညှစ်ပါညှစ်ခံထားရတာမျိုးပါ။ မနက် ၆ နာရီထ၊ မျက်စိမဖွင့်ဘဲ ရေချိုး၊ အ၀တ်အစားလဲပြီး Bus ကားတတန်၊ ရထားတတန်စီးပြီး ရုံးကိုရောက်၊ ရောက်တာနဲ့ ရုံးက ကွန်ပျူတာ Server တွေနေကောင်းရဲ့လား၊ ကျန်းကျန်းမာမာရှိရဲ့လား လို့ အရင်စစ်ရတယ်။ သူတို့နေမကောင်း၊ နှာစီး ချောင်းဆိုး ဖြစ်ပြီဆိုရင်တေှာ့တွတ်ပီကံမကောင်းတဲ့နေ့ပါဘဲ။ အဲဒါစစ်ပြီးသွားရင် ရေးစရာရှိတဲ့ Program တွေခေါင်းမဖော်တမ်း ရေးလိုက်ရတာ ၁၂း၃၀ အထိပါဘဲ။ ကျွန်တော့် Team မှာ ကျွန်တော်အပါအ၀င် လူ (၃) ယောက်ပဲရှိရတဲ့ အထဲ ကျန်နှစ်ယောက်က ကုလားနဲ့ ကုလားမပါ။ သူတို့ပြောနေတဲ့ဘာသာ စကားကလဲ ကျွန်တော် နားမလည်တော့ အလုပ်ထဲမှာ တစ်ယောက်တည်း ရေးစရာရှိရေးနေယုံပဲပေါ့။ ဒီလိုနဲ့ ထမင်းစားချိန် ၄၅ မိနစ်၊ ပြီးတာနဲ့ ထပ်ပြီးရေးရပြန်ရော။ Project တွေကလဲ တစ်ခုမပြီးသေးဘူး၊ နောက်အသစ်တစ်ခုက စောင့်နေပြီ။ အရေးထဲ Team Leader က ဘာမှမသိတဲ့ ကုလားဆိုတော့ Project Delivery Date တွေက Programmer တွေအတွက် မဖြစ်နိုင်တဲ့ ရက်အကန့်အသတ်နဲ့။ ဒီလိုနဲ့ တစ်နေကုန်ရေးပြီး ဦးနှောက်က ၇း၀၀ နာရီလောက်ဆို ဒေါင်းသွားပြီ။ အိမ်ကို Bus ကားနဲ့၊ ရထား စီးပြီး ပြန်ရောက်တဲ့ အချိန်က ၉း၀၀ နာရီ။ ညစာစားပြီး ကိုယ့်အခန်းထဲရောက်တဲ့အချိန်က ၁၀း၀၀ နာရီ။ Blog လေး၊ သတင်းလေးဖတ်လိုက်တော့ ၁၁း၀၀ နာရီ၊ နောက်နေ့ ၆ နာရီထဖို့ အိပ်မှဖြစ်တော့မယ်လို့ ဦးနှောက်က အသိပေးနေပြီ။ ဒါပေမယ့် စိတ်က မအိပ်ချင်သေးလို့ ဂီတာလေးကောက်ကိုင်လိုက်တော့ ၁၂း၀၀ နာရီ။ ကဲ... ဒါနဲ့ပဲ တနေ၀င် တနေထွက်... စက်ရုပ်လူသားဘ၀။ စနေ၊ တနင်္ဂနွေ ကျတော့ အ၀တ်လျှော်၊ အခန်းရှင်း၊ မီးပူထိုး၊ တစ်ပတ်စာဈေးဝယ် မြန်မာဟင်း လွမ်းတာလေးတွေ ချက်စား၊ စာအုပ်လေးဖတ်ရင်ဖတ်၊ အဲဒီနေ့တွေဆို အိမ်မှာပဲ အေးအေးဆေးဆေး နေချင်တော့တယ်။ တခါတလေ အလုပ်က Program ပြဿနာတွေဖြေရှင်းဘို့ စာအုပ်တွေ ရှာဖတ်၊ Internet မှာ download လုပ်။ ဘယ်မှာလဲ... အပေါင်းအသင်းအတွက်၊ မိတ်ဆွေသူငယ်ချင်းအတွက်အချိန်... သူငယ်ချင်းနေမကောင်းလဲ Ph နဲ့သတင်းမေး၊ လေဆိပ်ဆင်းရမယ့်ရက်ဆိုလဲ ခွင့်မရလို့ လိုက်မပို့နိုင်၊ လူမှူရေးတွေ ပျက်ကွက်လို့ သူငယ်ချင်းအားလုံးလဲ SMS လောက်နဲ့ နှုတ်ဆက်နေကြရ။ ကြာလာတော့ လူချင်းတွေ့ရင်တောင် SMS စကားတွေဖြစ်လို့။ ဟူး... တကယ်တော့ နိုင်ငံခြားဆိုတာ လူမှူရေးတွေကို တိုတိုတုတ်တုတ် ဖြစ်စေသတဲ့လား။

တစ်လကုန်လို့ရလာတဲ့ လစာကို အိမ်ပို့ဖို့အတွက်၊ အိမ်လခပေးဘို့အတွက် တစ်လလုံးစားဖို့သောက်ဖို့အတွက်၊ Ph ဖိုးနဲ့ အထွေထွေကုန်ကျစရိတ်အတွက်၊ လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ဘို့အတွက် ခွဲခြမ်းစိတ်ဖြာလိုက်တော့ ၁၀ ပုံ ၁ ပုံတောင်စုဖို့က အနိုင်နိုင်။ တခါတလေ အပေါင်းအသင်းကို ကူညီလိုက်လို့ လခမထုတ်ခင် ပိုက်ဆံပြတ်သွားရင် ဥပုသ်စောင့်ရတာကရှိသေး။ ကိုယ့်မြေမှာတုန်းကလို သူငယ်ချင်းရေ... ငါ့ကိုဘယ်လောက်လှည့်ကွာ လို့ပြောဘို့ အားလုံးကလဲ သူမသာ၊ ကိုယ်အသုဘ အဲ... အဲလိုလဲ ဟုတ်သေးပါဘူး ကိုယ်လိုသူလို အတူတူ ဘ၀...။ ဒါ...ဘ၀တဲ့လား။

ကိုယ့်တိုင်းပြည်မှာဆို မနက်မိုးလင်းရင် ပဲပြုတ်ပူပူနွေးနွေး မွှေးမွှေးလေးနဲ့ ထမင်းနဲ့ အမေက ကြော်ကျွေးတယ်။ ဒီမှာဆို ပဲပြုတ်တောင် အေးခဲမာတောင့်၊ အနံ့ကလဲမရှိတော့။ အေးခဲနေတာကို ပူအောင်ပြန်လုပ်စား၊ စားသောက်စရာ တော်တော်များများကို အေးခဲလိုက်၊ ပြန်ပူအောင်လုပ်ပြီးစားလိုက်၊ မြန်မာပြည်မှာလို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်မစားနိုင်တဲ့ဘ၀၊ ဒီက Food Court က ဟင်းတွေကလဲ ကြာကြာစားတော့နံလာပြီ။ အရသာတွေကလဲ အားလုံးတူနေသလိုပဲ။ ဒါနဲ့ပဲ မြန်မာအစားအစာလေးတွေ တတ်သလောက်၊ မှတ်သလောက် လျှောက်လုပ်စား၊ တခါတလေလဲ စားလို့ကောင်း၊ တခါတလေလဲ ဘာဟင်းကြီးမှန်း မသိတဲ့ ဟင်းမျိုးတွေဖြစ်လို့။ အိမ်ပြန်ချင်လိုက်တာအမေရယ်။

လူ့စိတ်ကလဲ မကောင်းတာများပြောပါတယ်။ မရနိုင်ဘူးဆိုမှ ဘိန်းမုန့်လေး၊ မုန့်လင်မယားလေး စားချင်တာက ရှိသေး... ရန်ကုန်မှာဆို ညဘက်လှည်းတန်းမှာ မုန့်အစုံပေါမှပေါ.. ဒီမှာတော့ ငှက်ပျောသီး သရက်သီးတောင် မချိုပါဘူး အမေရာ။
အလုပ်ကအိမ်ပြန်၊ အိမ်မှာအိပ်ပြီး အလုပ်ပြန်သွား၊ အိပ်၊ စား၊ အလုပ်လုပ်၊ ဒီ (၃) ခုပဲရှိတဲ့ တနေ့တာက ပျော်စရာကောင်းတဲ့ ဘ၀တဲ့ လား။ ကျွန်တော်အပျင်းမကြီးပါဘူး။ တနေကုန်လ္ဘက်ရည်ဆိုင်ထိုင်ပြီး ကောင်မလေးတွေအကြောင်း လျှောက်ပြောနေချင်တာမဟုတ်ပါဘူး။ အလုပ်လုပ်ချိန်လုပ်၊ စားချိန်စား၊ အိပ်ချိန်အိပ်၊ ဒါ့အပြင် ကိုယ်ဝါသနာပါတဲ့ ပန်းချီဆွဲချိန်၊ ဒါမှမဟုတ် ဂီတာတီးချိန်၊ ဒါမှမဟုတ် ရုပ်ရှင်ကြည့် အပန်းဖြေချိန်လေးတွေ စတဲ့ ကိုယ်စိတ်ပျော်ရာ ကို စိတ်လက်ပေါ့ပါးစွာ လုပ်ခွင့်ရှိခဲ့တဲ့ ကိုယ်နိုင်ငံမှာတုန်းက အချိန်လေးတွေကို လွမ်းတာပါ။ စိတ်ပန်းဖြေစရာမရှိ၊ အလုပ်ပြီးအလုပ်၊ စားပြီးရင်အိပ်၊ ဒီလိုနဲ့ အလုပ်ကဖိစီးတဲ့ဒဏ်၊ ပတ်ဝန်းကျင်က လူပါးဝတဲ့ လူတချို့ရဲ့ ဒဏ်၊ အထီးကျန်ပြီး အိမ်ကိုလွမ်းတဲ့ဒဏ် တွေနဲ့ ကဗျာရွတ်သံတွေတောင် တိုးတိတ်နေပါပြီ အမေရာ...။

့မြန်မာပြည်က လူတွေက တစ်ယောက်ယောက်များ နိုင်ငံခြားသွားတော့မယ်ဆိုရင် ပုဇွန်ခြောက်ဆိုလဲ ရွှေပုဇွန်ခြောက်လေး၊ လ္ဘက်ဆိုရင်လဲ အညွှန့်လေးတွေချည်းပဲ နှပ်ပေးရတာနဲ့၊ အရာရာကို အကောင်းလေးတွေချည်းပဲ ထည့်ပေးတတ်ကြတယ်။ ငါးပိဆိုရင်လည်း ရခိုင်ငပိလေး၊ ငါးခြောက်ဆိုရင်လည်း ငါးရံ့ခြောက်၊ ငါးပုတ်ခြောက် စသည်ဖြင့်ပေါ့။ ဒီကလူတွေကတော့ ရှိတာလေးကို ဝေပုံချပြီး တိုင်းထွာသုံးနေရတဲ့ ဘ၀မျိုးမှာ မြန်မာပြည်ပြန်လို့ လက်ဆောင်တွေပေးရတော့မယ်ဆိုရင် ဈေးသက်သာတဲ့ ဆိုင်ကိုရွေး၊ လျှော့ဈေးရှာဝယ်ရနဲ့ ဖတ်ဖတ်ကို မောလို့။ ဒါပေမယ့်လည်း ကိုယ်ဝမ်းနာ ကိုယ်သာသိ၊ ကိုယ့်ဒုက္ခနဲ့ ကိုယ်မဟုတ်လား။

စိတ်လက်ရွှင်လန်းပါစေတော့ရယ်လို့ အိမ်ရှေ့မှာ ပန်းအိုးလေးနဲ့ သစ်ပင်လေးတွေ စိုက်ထားပြန်တော့လည်း ဈေးကြီးတဲ့သစ်ပင်လေးဆို ခိုးသွားပါလေရော။ ဟိုနား ဒီနား အလွယ်တကူ သွားလို့ရအောင် စက်ဘီးလေးဝယ်ပြီး အိမ်ရှေ့ ၀ရန်တာ လက်တန်းမှာ သံကြိုးနဲ့ ချည်ထားပြန်တော့ ဖြုတ်လို့ရတဲ့ ဒေါက်နဲ့ ခြေနင်းလေးတွေ ဖြုတ်သွားပြန်ရော။ တွန်းလှည်းလေးနဲ့ အပြည့် ဈေးဝယ်ပြီး အပြန်လမ်းမှာ ဆိုင်လေးတစ်ခုထဲ ခဏ၀င်ပြီး ဖုန်းကတ်ဝယ်လိုက်တော့ ခြင်းတောင်းထဲက လိမ္မော်ရည် ပုလင်းက မရှိတော့ပြန်ဘူး။ ဖိနပ်အသစ်ကလေး ၀ယ်ပြီး အိမ်ရှေ့ ဖိနပ်စင်မှာ တင်ထားမိတော့ တစ်ညအတွင်း ဖိနပ်က မရှိတော့ဘူး။ ကဲ... ဘာများထူးလို့လဲ အမေရာ...။

ကိုယ့်နိုင်ငံမှာ လာနေတဲ့ နိုင်ငံခြားသားကတော့ လုပ်ငန်းရှင် စီးပွားရေးသမားတဲ့။ မျက်နှာငယ်ရတယ် လို့လည်း မကြားဖူးပါဘူး။ သူများနိုင်ငံမှာ ကိုယ်သွားနေရတော့ ပညာဖြင့် အသက်မွေးဝမ်းကျောင်းသော အလုပ်သမားတဲ့။ မျက်နှာငယ်တယ် ဆိုတာထက် သေချာတဲ့ နေထိုင်ခွင့် မရခင် Immigration သွားရတဲ့ ရက်တွေဆို ဒီကျွန်းပေါ်မှာ မျက်နှာထား အဆိုးဆုံး မလေးရှားမတွေနဲ့ ရင်ဆိုင်ရပြန်ရော။ ကိုယ့် ကံကြမ္မာက သူတို့ လက်ထဲမှာ။ ရယ်ပြ၊ ပြုံးပြလို့လည်း အပိုပဲ။ ကဲ... မခက်ဘူးလား အမေရာ...။

အမေကတော့ အဲယားကွန်းထဲမှာ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတဲ့ သားတော်မောင် ကွန်ပျူတာထဲမှာ ABCD တွေ ရေးနေယုံပဲ လို့ထင်နေရှာမှာပဲ။ ဟုတ်တယ် အမေရေ... အဲဒီ ABCD က error တစ်ခုခုများ တက်နေရင် စားလည်းဒါပဲ စဉ်းစား၊ ထမင်းက ဘာအရသာမှန်း မသိလိုက်။ အိပ်လည်း အိပ်မက်ထဲမှာ ABCD ရွတ်၊ နောက်ဆုံး စိတ်ပြေလက်ပြောက် ဂီတာတီးရင်တောင် လက်တွေကသာ ကြိုးပေါ်မှာ၊ သံစဉ်တွေကတော့ ABCD ပဲလေ။ ကဲ... ဖိစီးမှုတွေ ပေါ့ပါးသတဲ့လား အမေရာ...။

စာအုပ်ထဲမှာတော့ လူဆိုတာ ရောင့်ရဲနိုင်တဲ့ နေ့မှာမှ တကယ်ချမ်းသာသွားတာတဲ့။ ဒါပေမယ့် သားတွေအတွက် ဂုဏ်ယူနေတဲ့ အမေ့အပြုံးလေးတွေ၊ ဆွေမျိုးတွေအလယ်မှာ ပျော်ရွှင်ခြင်း အပြည့်နဲ့ တောက်ပနေတဲ့ အမေ မျက်လုံးလေးတွေ၊ အိုဇာတာကောင်းလိုက်တာလို့ ချီးမွမ်းခံနေရတဲ့ အမေ့ရဲ့ ကံဇာတာလေးတွေ၊ အရောင်မှိန်သွားမှာစိုးလို့ အခုချိန်ထိတော့ ရောင့်ရဲခြင်းဆိုတာနဲ့ ဝေးနေပါသေးတယ်။ တချို့အမှန်တရားတွေကို အမေသိသွားရင် စိတ်ဆင်းရဲနေရှာမှာမို့ ကျေးဇူးပြုပြီး ကျွန်တော်ပြောတာတွေ အမေ့ကို ပြန်မပြောကြပါနဲ့ဗျာ။ ။

18 comments:

ခင်မင်းဇော် said...

ခေါင်းစဉ်ရယ် စာသားတွေရယ်က စောင့်ဖတ်ရမယ့် စာရင်းထဲ ထည့်ထားလိုက်ပြီ။
ဆက်ရန် ဆိုတော့ ဘယ်လောက်ကြာဦးမလဲ....

nu-san said...

ဘ၀ကို စိတ်ချမ်းချမ်းသာသာနဲ့ ဖြတ်သန်းနိုင်ရင်ကိုပဲ ဘုရားပေးသနားတဲ့ ဆုလက်ဆောင်ကောင်းလို့ အမလည်း ခံယူထားပါတယ်။ ကိုယ့်စိတ်ကို ဘရိတ်အုပ်တတ်ဖို့လည်း လိုမယ်လို့ အမထင်ပါတယ်။

စောင့်ပြီးဖတ်နေပါ့မယ်။ အားလုံးပေါင်းပြီးမှ comment ရေးတော့မယ်။

မေငြိမ်း said...

တိုက်တိုက်ဆိုင်ဆိုင် အမရဲ့ သားလိုချစ်ရတဲ့ တပည့်လေးတယောက်လည်း အမဆီကို စာတစောင်ရေးဖူးတယ်။ အမေမသိပါစေနဲ့တဲ့..။
သူက ခြင်္သေ့ကျွန်းမှာ စိတ်ကျတာ..။ ဒါမဲ့ ဒီဘလော့ပိုင်ရှင်လေးကတော့ စိတ်မကျတတ်သူလို့ ယုံပါတယ်။ နောက်တခုပြောရရင် အမတို့ဟာ ခံစားချက်တူ ဘ၀တူတွေပါပဲ။ ဒူးထောက်အညံ့မခံနိုင်တဲ့ စိတ် နဲ့ ပြောင်ကျကျ မတော်လှန်နိုငတာကြောင့် ကိုယ့်တိုင်းပြည်ကိုစွန့်ခဲ့ရတာပါပဲ။

Ma Yangon Thu said...

အမဖတ်ပြီးတော့ မျက်ရည်လည်းဝဲတယ်.. အမတုန်းက ခံစားရတာကို သတိရမိလာတယ်။ တခုထဲပါပဲ.. ကိုယ့်မိဘကိုယ်ပြန်ပေးရတယ်၊ သူတို့လည်း အသက်ကြီးပြီ၊ ပင်ပန်းနေရောပေါ့ သူတို့ အေးအေးဆေးဆေး သုံးနိုင်ရင်၊ သူတို့စိတ်ချမ်းသာရင် ငါဒီလိုလုပ်ရတာ တန်ပါတယ်လေ ဆိုတဲ့ စိတ်နဲ့ပဲ နေခဲ့ရတာ.. အမ ကိုယ်ချင်းစာတယ်။ ဘာပဲဖြစ်ဖြစ် see and be seen က မိဘလုပ်ကျွေးတဲ့သူဆိုတော့ မချမ်းသာရင်တောင်မှလေ လူ့အောက်တော့ မကျဘူးပေါ့နော်.. အမက အဲဒီလိုပဲ ယုံတယ်။ အမတို့က ဒီလို ခေတ်မှာ လူဖြစ်လာတော့ ဒီလိုမျိုးပဲ တွေ့ကြုံရတော့တာပေါ့။ ဘယ်ဘ၀က ဘာတွေများလုပ်ခဲ့လို့လား မသိဘူးနော်.. မိဝေး ဖဝေး မှာများ အလုပ်လာလုပ်ကြရတယ်လို့..

Bagyi said...

ကောင်းလိုက်တဲ့စာပလားဗျာ..ကြိုက်သွားပါပြီ

Sai Lwin Thu said...

Very Nice.....


waiting another another ....

khin said...

so sad!
u r a good writer............

ခင်မင်းဇော် said...

သိပ်ဟုတ်တာပဲနော်...
အမတို့လဲ တူတူပါပဲ...နေကောင်းလားလို့တောင် အိမ်ကို ဖုန်းမဆက်ရဲတဲ့ ဘ၀ပါ။ ကိုယ့်ကြောင့်ကိုယ့်မိဘတွေ ဒုက္ခရောက်မှာ စိုးလို့ ထိန်းချူပ်ခဲ့ရတယ်။ ကျန်တာတွေကတော့ .....
အင်း ...ခေတ်ကြီးနဲ့လဲ ဆိုင်ပါတယ် See and Be Seen ရေ.... ဒီလိုအမေ ဒီလိုသားသမီးတွေ အတွက် တနေ့တော့
အဲဒီတနေ့ကို မျှော်လင့်ရင်း ရုန်းကန်နေရတုန်းပါပဲ.....

See N B Seen said...

Bagyi, Sai Lwin Thu and Khin,
အချိန်ပေးပြီးဖတ်ရှုတာရော၊ Comments လေးတွေချန်ပေးခဲ့တာရောအတွက် ကျေးဇူးပါခင်ဗျာ။ ကိုဘကြီး Comment ရေးတဲ့ စတိုင်လ်လေးကို ဖတ်ပြီးပြုံးမိသေးတယ်။

မရန်ကုန်သူရေ...
ဟုတ်ပါတယ်... မိဘနှစ်ပါးစိတ်ချမ်းသာနေတယ်ဆိုတဲ့ အတွေးနဲ့ပဲ မနက်ခင်းတိုင်းကို အားယူဖြတ်သန်းနေရတယ်အစ်မရေ... တစ်နေ့နေ့တော့...

မခင်မင်းဇော်၊ မမေငြိမ်း ခင်ဗျာ...
အစ်မတို့ တိုင်းပြည်ကို စွန့်ခဲ့ရတဲ့ အခြေအနေက ထူးခြားတဲ့ သတ္တိတစ်မျိုးလိုပါတယ်။ အဲဒီသတ္တိကို ကျွန်တော် တကယ်လေးစားပါတယ်။ အစ်မခင်မင်းဇော်ပြောသလို မျှော်နေတဲ့ တစ်နေ့ အမြန်ရောက်ပါစေလို့ ဆုတောင်းမိပါတယ်။ မိဘတွေနဲ့လဲ ပျော်ပျော်ရွှင်ရွှင် အမြန်ပြန်လည်ဆုံတွေ့နိုင်ပါစေလို့လေ...

Noble said...

Thanks for the great writing.

Kyaw said...

I do sympathize your writting style. As you know... our parents fulfilled whatever we need till today. I believe their responsibilities upon us is over.
NOW... here becomes our turns!!!
So...we must fulfil again whatever or however the situations that we are facing & having.

Sai Lwin Thu said...

sar tar twe ka a yan ko kaung par dae.


mother ko pyan ma pyaw par nae so dae har lay ko po pi kyite mi par dae.
sar a yae a tar kaung yaw.koe a phit lay nae par sin to nay loe par.

bar pae phit phit a koe blog ka lar lae thu a phoe kan sar mu 1 khu ko pi pi pyin pyin pay swarn naing par dae.

Cheers!
Sai Lwin Thu

pandora said...

ဒီပို့စ်ကို ဒီနေ့ တစ်ယောက်က အီးမေးလ်နဲ့ ပို့တယ် စလုံးက အတော်များများ ငိုင်သွားကြသတဲ့

Tay Zar Aung said...

နောင်ကြီးရေ
ကျုပ်ငယ်ငယ် မတ်တပ်စမ်းကာစက ခဏခဏ ချော်လဲတာဗျ။
ကျုပ် လဲသွားရင် ဘယ်သူထူပေးတယ်ထင်လဲ အမေ ပဲပေါ့ဗျာ။
"ရပ်နိုင်ပေ့" "ရပ်နိုင်ပေ့" ဆိုတဲ့ အားပေးသံကိုလဲ အမေ့ဆီကပဲ ကျုပ်ကြားခဲ့ရတယ်။
အဲဒီအားပေးသံတွေက ကျုပ်အတွက်တော့ ဘာနဲ့မှ အစားထိုးလို့မရတဲ့ အားအင်တွေပါပဲ။

အမေ့အတွက် လျှောက်လှမ်းနေတဲ့ နောင်ကြီးကို ကျုပ်အားပေးတယ်ဗျာ။
နောင်ကြီးရေ "ရပ်နိုင်ပေ့" "ရပ်နိုင်ပေ့"...

တစ်ချိန်မှာ နောင်ကြီးရဲ့ အမေကလဲ...

ဂျစ်တူး - gyit_tu said...

see & b seen ရေ.. စင်္ကာပူရောက် မောင်ပွတ်ကလည်း ခုလို ရေးထားတယ်..
http://myanmaroa6.blogspot.com/2007/09/blog-post.html

စက်ရုပ်လောကမှာ လူသားဆန်ဆန် နေတတ်အောင် ကြိုးစားကြတာပေါ့ကွာ ။

chaw nu said...

3ီ post ကို mail ကနေ တဆင့် ဖတ် ဖူးပါတယ်။ အခါခါဖတ်ပြီးအခါခါ လွမ်းရတဲ့ blog လေးပါ။ နေ့  သစ်တိုင်းကို အမေ့  လွမ်းစိတ် နဲ့  ပဲ စ နေ ရ တာ မို့ ကိုယ်ချင်းစာပါတယ် . .. .

Chit Lay Pyay said...

ပြောချင်နေတဲ့ စကားလေးတွေကို ကိုယ်စားပြောပေးသွားသလိုပဲ၊ အမလဲ ထပ်တူ ခံစားသွားပါတယ်၊ တော်တော်ကောင်းတဲ့ အရေးအသားပါ၊ မျက်ရည်တောင် ၀ဲမိတယ်။ အမေ့ကို ဘယ်တော့မှ ပြန်မပြောပြဘူးနော် အရမ်းကြိုက်ပါတယ်

FFOX said...

Hello bro,
I like this poem very much.
And so i translated it to english version and post it in my blog.
So, i think you don't mind that I don't ask ur permission and did that, right?

Great Poem...Carry on bro.