Wednesday, September 12, 2007

ကျွန်တော်နှင့် လီယိုမလေး

Leo မလေးဆိုလို့ ဘာများပါလိမ့်လို့ မတွေးကြနဲ့။ သိဟ်ရာသီဖွား ကောင်မလေးတစ်ယောက် အကြောင်းပါ။ တခြား Leo တွေတော့ မသိဘူး။ ဒီ Leo လေးကတော့ သူ့ကိုယ်သူ ဒီရာသီဖွား ဖြစ်ရတာအလွန် ဂုဏ်ယူတယ်ဗျ။ ပြောလိုက်ရင် "ငါတို့က တစ်ကောင်တည်း၊ ဒါပေမယ့် ခြင်္သေ့တဲ့"။ အဲဒီ ခြင်္သေ့မလေးနဲ့ ကျွန်တော် စတွေ့ပုံက ဒီလို။


တစ်နေ့တော့ ကျွန်တော် Trainer လုပ်နေတဲ့ ကုမ္ပဏီကို ဆရာမအသစ်ကလေး တစ်ယောက်ရောက်လာတယ်ဗျ။ ပုံစံက ခပ်အေးအေးလေးပါပဲ။ စကားပြောတော့လည်း သာမန်ထက် တိုးသေးတယ်။ ကျွန်တော့် စိတ်ထဲမှာ ဒီလို ပျော့စိစိလေး စာသင်ရင် ငါ့ကျောင်းသားတွေနဲ့တော့ ဒုက္ခတွေ့တော့မှာပဲလို့ တွေးမိသေး။ ဒါနဲ့ပဲ သူ့ရဲ့ ပထမဆုံးအတန်းကို ဆရာမအသစ်အတွက် အထောက်အကူအဖြစ် Senoir ဖြစ်တဲ့ ကျွန်တော် ၀င်ကူညီရပါလေရော။ ခြင်္သေ့မလေးက အတန်းထဲလည်း ၀င်လာရော၊ ပြုံးပြုံးလေးနဲ့ သူ့အတန်းကို နှုတ်ဆက်ပြီး စာသင်သွားလိုက်တာ ၃ နာရီ ဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ အသံကလည်း စာသင်ခန်းထဲမှာ ဟိန်းလို့။ ကျောင်းသားတွေသာမက ဘေးကလူတွေကိုပါ သူ့စေတနာကို မြင်နေရအောင် သင်နိုင်တယ်ဗျာ။ အဲဒီမှာ စတွေ့တာပဲပေါ့ဗျာ။ ကျွန်တော် သူ့ကို နဲနဲ ဖြုံသွားတယ်။

နောက်တစ်နေ့ကြတော့ ကျွန်တော့်စိတ်ထဲ ရုံးသွားချင်နေသလိုပဲ။ ဒီကောင်မလေးက ဘယ်လိုလေးပါလိမ့်လို့ စိတ်ဝင်စားမိတာလဲ ပါတာပေါ့ဗျာ။ ဒါနဲ့ ပထမဆုံးအကြိမ် စကားကြီးတစ်ခွန်းစပြီး သွားပြောလိုက်တယ်။ "အစ်မက ဒီကပဲလား" လို့။ သူက ဆတ်ခနဲ မော့ကြည့်ပြီး "မဟုတ်ပါဘူး နယ်က" တဲ့။ ဒါပဲပြောတယ်။ ကျွန်တော်က ဆက်ပြောချင်ပေမယ့် သူကမော့မလာတော့ဘူး။ တော်တော် ဆက်ဆံရေးကြဲတဲ့ ခြင်္သေ့မဗျာ။

နောက်နေ့ကျတော့ ကျွန်တော်စာသင်ရတဲ့ အတန်းကို သူက Junior အနေနဲ့ ၀င်ကြည့်ရတယ်။ နောက်ဆုံးတန်းမှာ လက်လေးပိုက်ပြီး ကြည့်နေတဲ့ သူမရှေ့မှာ ကျွန်တော့် စကားလုံး တချို့မှားကုန်တယ်။ ချွေးမပြန်ဘူးတဲ့ ကျွန်တော် ချွေးတွေစို့လို့။ သူမကတော့ မရိပ်မိပါဘူး။ အေးအေးဆေးဆေး ထိုင်ကြည့်နေတာပါပဲ။ ပြီးသွားတော့ စကားအရမ်းပြောချင်နေတဲ့ ကျွန်တော်က ဘာမဆိုင် ညာမဆိုင် "အဆင်ပြေလား အစ်မ" လို့ မေးလိုက်တယ်။ သူမက "ဟုတ်ကဲ့.." တဲ့။ ဒါပဲ။ တော်တော်ကပ်စီးနည်းတဲ့ ခြင်္သေ့မဗျာ။

ဒီလိုနဲ့ ၁ လလောက်နေတော့ မေးထူးခေါ်ပြောအဆင့်က နည်းနည်းတော့ တက်လာပြီ။ ထမင်းစားခန်းထဲမှာ၊ စာသင်ခန်းထဲမှာ တွေ့တဲ့အခါ အေးအေးလေး ပြန်ပြုံးပြတယ်။ တစ်ရက်တော့ ညနေ ၄ နာရီကနေ ၇ နာရီ အထိ အတန်းအတွက် သူမက အကူ အနေနဲ့ ၀င်ရမှာ၊ သူ့ကို ကြည့်ရတာ နေမကောင်းနေသလိုပဲ။ ဒါနဲ့ ကျွန်တော်က "အစ်မ နေမကောင်းရင်ပြန်လေ။ ကျွန်တော် ၀င်ပေးလိုက်မယ်" လို့ပြောလိုက်တယ်။ သူ့မျက်လုံးတွေ လက်ကနဲ ဖြစ်သွားပြီး "တကယ်လား... အဲလိုရတယ်လား" တဲ့ ကျွန်တော့်ကို ပြန်မေးတယ်။ သူ့မျက်လုံးလေးတွေက ပီဘိ ကလေးငယ်တစ်ယောက်လိုပဲ။ ကျွန်တော်က စိုက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တော့ "ဟီးဟီး.. ပျော်စရာကြီး၊ ပြန်ရတော့မယ်ကွ.. " တဲ့။ ပြီးတော့ လှည့်တောင်မကြည့်ဘဲ ပြန်သွားပါလေရော။ တော်တော် လူမှုရေး ခေါင်းပါးတဲ့ ခြင်္သေ့မဗျာ။ ကျေးဇူးပဲနော် လို့တောင် မပြောသွားဘူး။ နင် ဒီလောက်ဝင်ချင်တာ ၀င်ပေါ့ လို့များ တွေးနေသလား မသိပါဘူးဗျာ။

ဘာပဲပြောပြော အဲဒီနေ့မှာပဲ ကျွန်တော် သူ့ကို စချစ်သွားခဲ့တယ်။ လောကမှာ ချစ်ရတဲ့လူက စစ်အရှုံးဆုံးလူပါတဲ့။ ကျွန်တော် လက်နက်ချ အရှုံးပေးလိုက်တော့မယ်ဗျာ။

ကျွန်တော်လည်း ညပေါင်းများစွာ ကီသွင်းပြီး လူရှင်းတဲ့ တစ်နေ့ သူထိုင်နေတဲ့ နေရာနားသွားပြီး "ကျွန်တော် ချစ်တယ်" လို့ တုံးတိတိပဲ ပြောလိုက်တယ်။ ဖွဲ့နွဲ့နေရင် လိုရင်းရောက်လိုက်မှာ မဟုတ်ဘူး။ ကိုယ်တကယ် တော်တာ ကိုယ်ပဲသိတယ်လေ။ သူ တော်တော်ကြီးကို အံ့သြသွားပုံရတယ်။ ကျွန်တော့်ကိုလည်း အလွန်ထူးဆန်းတဲ့ သတ္တ၀ါတစ်ကောင်လို ကြည့်ပြီး "ခင်ဗျားက ကျွန်တော့် အကြောင်းဘယ်လောက်သိလို့လဲ။ ကျွန်တော်က ရည်းစားတော်ဖို့မကောင်းဘူး။ သူငယ်ချင်းတော်ဖို့ပဲ ကောင်းတဲ့ အမျိုးအစားဗျ" တဲ့။ သူများတွေလို ရှက်ပြီး ခေါင်းလေးလဲ မငုံ့သွားဘူး။ ရင်တုန်တာတောင် ဘယ်ရောက်သွားမှန်း မသိပါဘူးဗျာ။ ဘာဆက်ပြောရမှန်းလည်း မသိတော့ဘူး။ ဒါနဲ့ "သွားဦးမယ်နော်.." ဆိုပြီး ထထွက်တော့ "ဟုတ်ကဲ့ပါ.." တဲ့။ သူ့နှုတ်က ခင်ဗျားတွေ၊ ကျွန်တော်တွေ သုံးပြီးပြောတာ ဒီတစ်ခါ ပထမဆုံးပဲ။ ဘယ်နဲ့ဗျာ တခြားအချိန်ဆို ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် စကားကို လေးလေးစားစား ပြန်ပြောလေ့ရှိတာ၊ ရည်းစားစကားပြောတော့မှပဲ ခြင်္သေ့ ဇာတိက ပြတော့တာပဲ။ ရက်စက်ပါပေ့ Leo ရယ်။

ကျွန်တော်လည်း ဘယ်လိုပါလိမ့်လို့ တစ်ညလုံး စဉ်းစားပြီး နောက်နေ့ မနက်ကျ အဖြေရသွားတယ်။ သူ့ကိုတွေ့တော့ "ဒါဆို သူငယ်ချင်း လုပ်မယ်နော်.." လို့သွားပြောလိုက်တယ်။ သူက ရယ်ပြီး "ဟဲဟဲ.. ခင်ဗျား အမြင်မှန်ရသွားပြီ။ ကောင်းပါလေ့ဗျာ.." တဲ့။ ထားလိုက်ပါတော့လေ။ ကျွန်တော်ဆိုတဲ့ ကောင်မှာလည်း Plan B နဲ့ပါဗျ။

တဖြည်းဖြည်းနဲ့ သူ့အကြောင်းလေးတွေ သိလာတဲ့အခါ တကယ့်ကို အေးအေးလေးနဲ့ ငပေလေးဗျ။ သူ့အပေါင်းအသင်း နည်းနည်းလေးကို အရမ်းခင်တယ်။ လောကကြီးက ဒီလိုပဲလုပ်၊ ဒါအမှန်ပဲဆိုရင် ဟိုလိုလုပ်တော့ ဘာဖြစ်လည်း ဆိုတာမျိုး။ စိတ်မထင်ရင် Shit, Stupid လို့ တိုးတိုးလေး ရေရွတ်တတ်သေးတယ်။ တစ်ယောက်တည်း ကော်ဖီတစ်ခွက်နဲ့ စာအုပ်ဖတ်နေရတာကို ကြိုက်တယ်။ သူများအကြောင်းပြောရမှာ ပျင်းတယ်။ တခါတခါ စကားတွေ အများကြီး ပြောတတ်ပြီး တခါတရံ အရမ်းတိတ်ဆိတ်တယ်။ မိန်းကလေးဆန်တဲ့ အ၀တ်အစားတွေမကြိုက်ဘူး။ ယားလို့တဲ့။ နှုတ်ခမ်းနီလည်း မဆိုးတတ်ဘူး။ ဂျူးရဲ့ အမှတ်တရ ထဲက အချစ်မျိုးကြိုက်တယ်တဲ့။ မိဘမဲ့ မိန်ကလေးကျောင်း ဖွင့်ချင်တယ်တဲ့။ ပြီးတော့ ရည်းစားတစ်ယောက် ထားဖူးတယ်တဲ့။

ရည်းစားနဲ့ ဘာဖြစ်လို့ ပြတ်သွားတာလည်း မေးကြည့်တော့ "ကျွန်တော်က ကြိုက်နေချင်တာ၊ တွဲကြည့်လိုက်တော့ ကြိုက်လို့မရလို့" တဲ့။ မချစ်ဘူးလားလို့ မေးကြည့်တော့ "ခင်ဗျားတော့ မသိဘူး၊ ကျွန်တော့်အတွက် ကြိုက်ဖို့ ပိုအရေးကြီးတယ်ဗျ" တဲ့။ ဒီငပေမလေး သီအိုရီက တစ်မျိုးဗျ။ လူတစ်ယောက်က ကော်ဖီကြိုက်တယ်ဆိုပါတော့။ ဒါပေမယ့် သူချစ်မိတဲ့လူက လ္ဘက်ရည်မှ ကြိုက်တယ်ဆိုရင် သူက ချစ်လို့ အဲဒီ လ္ဘက်ရည်ကို အတူလိုက်သောက်ချင်သောက်မယ်။ ဒါပေမယ့် သူ့ကို တရေးနိုးထမေးလည်း သူကြိုက်တာ ကော်ဖီတဲ့လေ။ လူတစိမ်းတစ်ယောက် အတွက် ကိုယ့်ဆန္ဒကို ချိုးနှိမ်ပြီး ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ။ မနေနိုင်တဲ့ အချိန်ကျ သေပြီပေါ့တဲ့။ ကြိုက်နေရတာက ပိုမိုက်တယ်တဲ့လေ။ သူပြောတော့လည်း ဟုတ်တုတ်တုတ်။ ခေါင်းစားရပါလား Leo ရယ်။

အပေါင်းအသင်းတစ်ယောက်အနေနဲ့ နေရတဲ့ကာလတွေမှာ သူ့စိတ်ရင်းလေး ကို ကျွန်တော်သဘောကျ ပါတယ်။ ဘယ်သူ့ကိုမဆို တတ်နိုင်သမျှ ကူညီတတ်တယ်။ ယောက်ျားလေးနဲ့ မိန်းကလေး ပေါင်းနေရတာမျိုးမဟုတ်ဘဲ ယောက်ျားလေး အချင်းချင်း ပေါင်းရသလို လွတ်လပ်စေတယ်။ သူဖြူဖြူစင်စင် နေတတ်တာလဲ ပါတာပေါ့လေ။ တခါတလေ ချစ်တဲ့ အကြောင်း စကားစပ်လို့ ပြန်စမိရင် သူဖတ်ဖူးတဲ့ စာအုပ်ထဲက သီအိုရီကြီးနဲ့ ကျွန်တော့်ကို ကိုင်ပေါက်တော့တာပဲ။ အချစ်ဆိုတာ သားရေကွင်းနဲ့ တူတယ်တဲ့ဗျာ။ အတူတူဆွဲထားလို့ရှိရင် ပြဿနာ မရှိပေမယ့် တစ်ယောက်ကလွှတ်လိုက်တဲ့အခါ လွှတ်လိုက်တဲ့ ဘက်က မနာဘဲ ဆွဲကိုင်ထားတဲ့ လူဘက်က နာတတ်တယ်တဲ့။ သူက စိတ်မထင်ရင် လွှတ်လိုက်ဖို့ ၀န်မလေးဘူးတဲ့။ ခင်ဗျားနာကျင်မှာ စိုးလို့ပါ။ "ကိုယ့်လူရာ..အေးအေးနေစမ်းပါ။ မနာချင်စမ်းပါနဲ့" တဲ့။ ကဲ... ပြီးရော။ ဒီသားရေကွင်းနဲ့တော့ ဒုက္ခပါဘဲဗျာ။

တခါတလေများ ယောက်ျားနဲ့ မိန်းမ ဘယ်သူက ပိုမြတ်သလဲလို့ သူမခံချင်အောင်ငြင်းမိပါတယ်။ ကျွန်တော်က ယောက်ျားလေးတွေရဲ့ ထုံးစံအတိုင်း "ယောက်ျား စင်စစ်မှ ဘုရားဖြစ်နိုင်တာလေ" လို့အနိုင်ပိုင်းလိုက်တယ်။ ဒီတော့ သူက "လောကမှာ မိန်းမထက်ယုတ်ညံ့တဲ့ ယောက်ျားတွေ အများကြီး ရှိတယ်။ "ခင်ဗျား သတင်းစာ မဖတ်ဘူးလား" တဲ့။ အဲ... ဘယ်လိုပါလိမ့်။ ပြီးတော့ ပြောသေးတယ်။ "ခင်ဗျားတို့ ယောက်ျားတွေ တော်တော်လွဲတာပဲ။ ဒီဘ၀မှာ မိန်းမဘ၀ ရထားတဲ့ ဘယ်မိန်းမမှ ဘုရားမဖြစ်ချင်ပါဘူးဗျာ။ ဖြစ်ချင်းဖြစ် ဘုရား မယ်တော်ပဲ ဖြစ်ချင်မှာပေါ့" တဲ့။ အရှုံးပေးပြီးသားလူပါ Leo လေးရယ်။ ဟုတ်ပါပြီဗျာ။

တစ်နေ့တော့ ကျွန်တော်လည်း Leo တွေရဲ့ စိတ်နေသဘာဝဆိုတာလေးကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်မိတယ်ဗျ။ ဟုတ်မဟုတ်တော့ မသိဘူး။ Leo တွေက ချစ်မိပြီဆိုရင် သွေးကို အရည်ဖျော်၊ အရိုးကို ကလောင်လုပ်ပြီး သူ့တို့ရဲ့ အရေပြားပေါ်မှာ ရေးရင်တောင် သူတို့ရဲ့ ချစ်ခြင်းဋီကာက မဆုံးဘူးဆိုပဲ။ တော်တော် ချစ်နိုင်တဲ့ Leo တွေပါတကား။ ဒါနဲ့ ကျွန်တော် သူ့ကို ပြောပြတော့ "အဲဒီ Leo က လည်ဆံမွှေးကျွှတ်ပြီး အမြီးပြတ်နေတာနေမှာ" တဲ့။ ဪ... Leo တွေရဲ့ ချစ်ခြင်းပြ သမိုင်းလည်း သူပြောတာနဲ့ ပျက်ပါပြီ။

ကျွန်တော်လေးစားတဲ့ မော်ဒန်စာရေးဆရာတစ်ယောက် ရေးထားလေး ကြိုက်လွန်းလို့ သူ့ကို ရွတ်ပြမိတဲ့ နေ့ကလည်း ဒီလိုဗျ။ ရေးထားတာက "နောင်ခေတ်လူသားတို့ ကမ္ဘာမြေကို တူးဖော်သော အခါ ကျွန်တော်၏ ရင်ဘတ်သည် သူ၏ အကြောင်းများနှင့် ပြည့်နေသော ခရမ်းပြာကျောက်စာ တစ်ချပ် ဖြစ်ချင်သည်" တဲ့။ ကျွန်တော် ဖီလင် အပြည့်နဲ့ ရွတ်ပြတော့ ပြောပုံက "အေးနော်... ကျွန်တော်သာ ယောက်ျားလေးတစ်ယောက် ဖြစ်ခဲ့ရင် ကျွန်တော့် ချစ်သူကို ဒီလိုပဲ ချစ်မယ်နဲ့တူတယ်။ ဒီစာရေးဆရာ တကယ်တော်တယ်ဗျာ" တဲ့။ အေးရော...အေးရော... လိုရင်းကို ဘယ်ပျောက်ပျောက်သွားမှန်း မသိဘူးဗျာ။

ဒီကျွန်းလေးပေါ် သူရောက်လာပြီး အလုပ်လုပ်တော့ ကျွန်တော်က အကြံနဲ့ Merlion Park ကို အရင်ဆုံး ခေါ်သွားတာပေါ့။ Merlion ဆိုတာ ခြင်္သေ့နဲ့ ငါးနဲ့ ပေါင်းထားတဲ့အကြောင်း သူ့ကို ရှင်းပြတာပေါ့ဗျာ။ ဒီမှာ တစ်ခုဖြတ်ပြောရဦးမယ်။ ကျွန်တော်က မိန်ရာသီဖွားဆိုတော့ သင်္ကေတက ငါးရုပ် မဟုတ်လား။ ကျွန်တော်က သူ့ကို Merlion ရှိတဲ့ကျွန်းလေးက ခြင်္သေ့နဲ့ ငါးတို့ရဲ့ ပေါင်းစပ်ခြင်း သင်္ကေတပေါ့လို့ ပြောပြနေတာ။ အံမယ် ငြိမ်ငြိမ်လေး နားထောင်နေတယ်ဗျ။ ပြီးတော့မှ "ဒီနှစ်ကောင် ပေါင်းထားတာက Statue တစ်ခုအနေနဲ့သာ ခန့်ထည်ပြီး ကြည့်လို့ကောင်းနေတာ။ တကယ်လို့ သူသာ သတ္တ၀ါတစ်ကောင် ဖြစ်ခဲ့ရင် ရေထဲမှာလည်း တော်မှာ မဟုတ်ဘူး။ ကုန်းပေါ်မှာလည်း ဘုရင်ဖြစ်မှာ မဟုတ်ဘူး။ ဂွကျကျကြီး ဖြစ်နေမယ် ထင်တယ်" တဲ့။ Merlion ရေ... ခဲလေသမျှ သဲရေကျ ပါပေါ့လား။

နောက်ဆုံးတော့ ကျွန်တော်လည်း See And Be Seen Remix 4 လေးရေးပြီး သူ့ကို ဖတ်ခိုင်းလိုက်တယ်။ ကျွန်တော့်ရဲ့ အချစ်ကို သူမြင်စေချင်တယ်လေ။ ကျေကျေနပ်နပ်ကြီး ခွင့်လွှတ် နားလည် နိုင်တဲ့ အချစ်၊ တန်ဘိုးရှိတဲ့ အချစ်၊ ရှားပါးတဲ့ အချစ်၊ ခြင်္သေ့မလေး ဒီတစ်ခါတော့ နားလည်လောက်ပြီပေါ့။ သူဖတ်ပြီးလောက်တဲ့ အချိန်ကို မှန်းပြီး ဖုန်းဆက်လိုက်တော့ "ရေးထားတာ ကောင်းပါတယ်။ စုံနေတာပဲ" တဲ့။ ဒါနဲ့ အားတက်ပြီး "အဲလို ချစ်နိုင်တဲ့လူတစ်ယောက် ရှိနေတာရော သိလား" ဆိုတော့ "အမှန်အတိုင်း ပြောရမလား" တဲ့။ ကျွန်တော့် အထင် ဒီတစ်ခါတော့ ခြင်္သေ့ လည်ဆံမွှေး ကျွှတ်ပြီပေါ့။ "ပြောလေ..." ဆိုပြီး ရင်ခုန်စွာ စောင့်စားနေတော့ "လူတစ်ယောက်ကို ဘာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်ကြီး သည်းခံခွင့်လွှတ်ပြီး ချစ်ရအောင် ခင်ဗျား ရူးနေပြီလားဗျာ" တဲ့။ ကဲ... ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ... ရေးချင်ဦးဟ အိမ်ထောင်ရေးဘလော့ဂ်။ ခံလိုက်ဦးပေါ့ကွာ။ ။

8 comments:

pandora said...

ဟားဟား မိုက်တယ် မိုက်တယ် ဆက်လုပ်

nu-san said...

See And Be Seen ရေ.. ဒီလိုလေးလည်း ရှိသေးလားဟ.. အဆင်ပြေပါစေကွာ...

Anonymous said...

ဟားဟား ရေးထားတာ ဖတ်လို့ သိပ်ကောင်း ။ ရေးတတ်ပါပေ့း) ။ စိတ်ဓါတ်မကျနဲ့..

အဆင်ပြေမယ်း) ကြိုးစားဗျို့ ။

slt said...

kya naw lae leo par pae byar but.

kaphyo said...

Mouse....

very nice. very funny. but.... buu nyant, a lin and sai tun case were better than u. :D

TZA said...

ဟားဟား.. ရေးတတ်လိုက်တာ၊ ရီရတယ်ဗျား။

Soe Mya Nandar Thet Lwin (Borros Roxo) said...

ဒီအတွေ့အကြုံလေး ဖတ်ရတာတော့ Hilarious ပဲ.. အရမ်းရီရတယ်.. :)))

Soe Mya Nandar Thet Lwin

nno said...

She love you but she consider both are not in same direction.So that she pretend do not like you.Be patient !!

Rgds
NNO