Thursday, June 21, 2007

ကျွန်တော်နှင့်တရုတ်ကုလားဗျူးဆရာများ



ကျွန်တော်အသက် ၂၃ နှစ်မှာ အလုပ်စလုပ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး အလုပ်က IT ကုမ္ပဏီတစ်ခုမှာ စာသင်ရတာပါ။ အဲဒီတုန်းက ကျွန်တော့်အစ်ကိုက အဲဒီကုမ္ပဏီမှာရှိနေတော့ Interview ရယ်လို့ မယ်မယ်ရရ မလုပ်လိုက်ရဘဲ အလုပ်ရတာပါ။ စာသင်ခါစမှာ ချွေးနဲနဲ ပြန်တာကလွဲလို့ အစ်ကို ရှိတဲ့အတွက် စိတ်မပင်ပန်းခဲ့ဘူး ဆိုပါတော့ဗျာ။

ကျွန်တော့်ရဲ့ ဒုတိယအလုပ်ကတော့ အလုပ်ရှင်က အမေရိကားမှာနေပြီး မြန်မာပြည်မှာရှိတဲ့ သူ့အိမ်ကလေးမှာ Project တွေရေးရတာပါ။ လူ ၆ ယောက်ပဲရှိတာပါ။ ဒီအလုပ်ရဘို့ကတော့ စာမေးပွဲဖြေရပါတယ်။ Program တစ်ပုဒ်ရေးပြီးတင်ရပါတယ်။ ဒါကို သူကကြိုက်ပြီဆိုမှ သူ့အိမ်သွားပြီး Pshycho Test ဖြေရပါတယ်။ အဲဒီအဆင့်အောင်သွားမှ Interview က chatting နဲ့ပါ။ Personal question တွေပဲမေးတာပါ။ ဒါနဲ့ပဲ တကယ့် interview ဆိုတဲ့အရသာကို မသိလိုက်ရဘဲ အလုပ်ရပြန်တယ် ဆိုပါတော့ဗျာ။

ကျွန်တော့်ရဲ့ Interview စစ်စစ်ဆိုတာတွေကို စင်္ကာပူရောက်ပြီး

တပတ်ကျော်ကျော်လောက်မှာ စ ဖြေရပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး interviewer ကတရုတ်မတစ်ယောက်ပါ။ သူက Agent ဆိုပါတော့။ သူက ကျွန်တော့် resume ထဲက အချက်အလက်တွေကို ပြန်မေးတယ်။ နည်းပညာဆိုင်ရာ မေးခွန်းလေးကို ရိုးရိုးလေးတွေပဲမေးတာပါ။ Java နဲ့ J2EE ဘာကွာလဲဆိုတာမျိုးပေါ့။ စိတ်လှုပ်ရှားတာရော၊ ရင်တုန်တာရော ပေါင်းပြီး ဖြေခဲ့ရတဲ့ interview ဆိုပါတော့ဗျာ။

ဒုတိယမြောက် interview ကျတော့ ကုလား ၂ ယောက်ဗျ။ ဒီ interview ကတော့ ကျွန်တော့် စိတ်တိုရတဲ့ interview လို့ပြောရမယ်။ ကျွန်တော်ရောက်ပြီး နာရီဝက်လောက်နေတဲ့အထိ ဒီကုလားတွေက ၀င်လိုက်၊ ထွက်လိုက်နဲ့ အလုပ်ရှုပ်နေကြတာဗျ။ မေးတဲ့အခါကျတော့လဲ သူတို့ကုမ္ပဏီရဲ့ လက်ရှိသုံးနေတဲ့ အကြောင်းအရာတွေနဲ့ ဘာမှမဆိုင်တဲ့ နည်းပညာအသစ်တွေချည်းပဲ လှိမ့်မေးတော့တာပဲ။ ဘာမှန်းညာမှန်းတောင် ကောင်းကောင်းမသိလိုက်ရပဲ ပြီးသွားတဲ့ interview ဆိုပါတော့လေ။

ဟဲဟဲ... တတိယမြောက် interview ကျတော့ ကျွန်တော်နဲနဲ interview ပါးဝလာပြီဆိုရမလားဘဲ။ ကြောက်စိတ်လန့်စိတ်သိပ်မရှိတော့ဘူးဗျ။ ဒီတခါ ကုလားမေးတဲ့ မေးခွန်းအားလုံး ကျွန်တော်ဖြေနိုင်တယ်။ ပျော်ပြီးပြန်လာတဲ့ interview တစ်ခုပေါ့ဗျာ။

စတုထ္ထမြောက် interview ကတော့ ကုမ္ပဏီသေးသေးလေးဗျ။ စုစုပေါင်းလူ ၄ ယောက် လောက်ပဲရှိတယ်။ ကျွန်တော်ကို ရောက်ရောက်ခြင်း စာရွက်နဲ့ဖောင်တိန်နဲ့ပေးပြီး Java နဲ့ Drag And Drop ဘယ်လိုလုပ်ရေးမလဲ..ရေးဆိုပြီး ထွက်သွားပါလေရော။ ကျွန်တော်လဲ ရေးချင်တာတွေရေးပြီး တင်လိုက်တယ်။ ဘာမေးခွန်းမှလဲ မမေးဘူးဗျာ။ တကယ်ပဲ။

ပဉ္စမမြောက် interview ကတော့ သူတို့ရေးထားတဲ့ exam ကိုဖြေရတယ်။ ပြီးတော့ ကျွန်တော့်ကို ၇၅ မှတ်ပဲရလို့ဆိုပြီး မခန့်ဘူးတဲ့ဗျာ။

ကျွန်တော့်ရဲ့ ၆ ကြိမ်မြောက် interview ကတော့ အလွန့်အလွန် ပြုံးရွှင်ဖော်ရွှေတဲ့ ကုလားမဗျ။ Agent ပဲဆိုပါတော့။ သူက Client တစ်ခုနဲ့ ချိတ်ပေးမယ်။ ဖုန်း စောင့်နေပါလို့ပြောတယ်။ ည ၉ နာရီ ခွဲ လောက်ကြတော့ ကုလားတစ်ယောက်က ဖုန်း ဆက်ပြီး ဗျူးလိုက်တာ ၁၁ နာရီ ခွဲ ရောပဲ။ Technical question တွေချည်းပဲ မေးတာ၊ ဖုန်းကိုင်ထားတဲ့ လက်ကိုချွေးပြန်ရောဗျို့။ အဲ ၃ ရက်လောက်နေတော့ offer letter ပေးမယ်ဆိုပြီး ခေါ်ရော။ ပျော်လိုက်သည် ဖြစ်ခြင်းပေါ့ဗျာ။ လေတချွှန်ချွှန်နဲ့ ငါကွ ဆိုပြီးသွားတာပေါ့။ ဟိုလဲရောက်ရော နောက် ၆ လ လောက်နေမှ စပြီးဆင်းရမဲ့ အလုပ်အတွက်တဲ့ဗျာ။ မြန်မာပြည်ပြန်ပြီး ၆ လ နေမှပြန်လာခဲ့တဲ့ဗျာ။ အလုပ်က ၂ နှစ် contract ကို passport လဲသိမ်းဦးမယ်ဆိုပဲ။ ကျွန်တော် မြန်မြန်ပြန်ပြေးလာခဲ့ရတဲ့ မှတ်မှတ်ရရ ဗျူးပါပဲဗျာ။

နောက်ကုလားတစ်ယောက်ကတော့ ဒီထက် ပိုဆိုးရောဗျို့။ သူက ကျွန်တော့်ကို စာသင်နိုင်မလားဆိုပြီးမေးတယ်။ ကျွန်တော်လဲ အလုပ်တစ်ခု မြန်မြန်ရဘို့က အရေးကြီးတော့ သင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ကို သောကြာနေ့မှာ interview လုပ်တယ်။ စနေနေ့ မနက် ၉ နာရီမှာ အစမ်းသဘောနဲ့ အတန်းတစ်ခု သင်ခိုင်းတယ်။ Course မရှိဘူး။ ကိုယ့်ဟာကိုယ်ရေးယူလာခဲ့တဲ့ဗျာ။ ဒါနဲ့ ကျွန်တော်လဲ ၃ နာရီစာပြင်ဆင်ပြီး သွားတယ်ပေါ့ဗျာ။ တကယ်က သူတို့က အတန်းဖွင့်ပြီးသား။ ဆရာမရှိသေးလို့ ကျွန်တော့်ကို ဆွဲခန့်လိုက်တာပေါ့ဗျာ။ စနေနေ့ သင်ပြီးသွားတော့ တနင်္ဂနွေနေ့လဲ သင်လိုက်ပါဦးတဲ့ဗျာ။ တနင်္လာနေ့ကျရင် MOM မှာကျွန်တော့်အတွက် SPass တင်ပေးမယ်လို့ဆိုတယ်။ ကျွန်တော်လဲ ဪ..ငါကံကောင်းလာပြီပေါ့... ဒါနဲ့ စောင့်နေလိုက်တာ တနင်္လာ ၂ ခါပြန်ကုန်သွားပြီ။ ဘာမှလဲ မပြောဘူး။ ကျွန်တော်သွားတိုင်း အလုပ်ရှုပ်ချင်ယောင်ဆောင်နေတော့တာပဲ။ ဒါနဲ့ ကျွန်တော် ဇွတ်ဝင်ပြောတော့မှ သူတို့ကုမ္ပဏီက Quota မပြည့်လို့ မရဘူးတဲ့ဗျာ။ ဒါပေမယ့် ဒီအတန်းကိုတော့ ပြီးအောင် သင်ပေးပါ။ ၂၀% ပေးပါမယ်တဲ့။ ဒါနဲ့ပဲ နောက်ဆုံး ၃၀% နဲ့ဈေးတည့်သွားရောဆိုပါတော့ဗျာ။ ကျွန်တော့်ကို နောက်နေ့မှာ တ၀က်ပေးမယ်။ သင်တန်းပြီးသွားရင် ကျန်ငွေအကုန်ရှင်းပေးမယ် ပေါ့ဗျာ။

နောက်တော့ ကုလားက စရံမပေးပြန်ဘူး။ ကျွန်တော်လဲ သည်းခံနေသေးတယ်။ နောက်နေ့ကြတော့ စာသင်ခန်းမအားလို့ဆိုပြီး ဧည့်ခန်းမှာ ကျွန်တော့်ကို computer မပါဘဲ Java သင်ခိုင်းတယ်။ ကျွန်တော်လဲပေါက်ကွဲပြီး သင်ပြီးသား အချိန်တွေအတွက် ပိုက်ဆံရအောင် တောင်းပြီးပြန်လာခဲ့တော့တယ်။ ကျွန်တော့် သင်တန်းသားတစ်ယောက်ကိုတော့ အပြင်မှာ အလကား သွားသင်ပေးလိုက်တယ်။ သူက SCJP ဖြေဖို့ အချိန်အရမ်းကပ်နေလို့ပါဆိုပြီးတောင်းပန်တာနဲ့။ တကယ်ပါဗျာ... သူတို့နိုင်ငံက ကန့်သတ်ပေးထားတဲ့ အချိန်ကလေး အတွင်းမှာ အလုပ်တစ်ခုရဖို့ အတွက်ကြိုးစားရတာ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးပါတယ်။

ဒီလိုနဲ့ ကျွန်တော်လဲ ၀ါးတားတား interview ၂ ခုလောက်ထပ်ဖြေပြီး အခုလက်ရှိ အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ချိတ်မိသွားပါတယ်။ မိဘလုပ်ကျွေးနိုင်တဲ့ အခြေအနေလေးတစ်ခု ဆိုပါတော့ဗျာ။ မိဘကို ၀ရုံကျွေးနိုင်တာပါ။ အလျှံပယ်တောင် မဟုတ်သေးပါဘူး။ ဒါပေမယ့် ဒီအခြေအနေတစ်ခု ရလာဘို့ ဖြတ်သန်းခဲ့ရတဲ့ ခါးသီးမှုကတော့ မမေ့နိုင်ဘူးဗျာ။ တစ်ယောက်ထဲနေပြီး မရေရာမှုတွေကြားမှာ ရေရာတာလေးတစ်ခုတစ်လေများရှိမလားလို့ ရှာရတဲ့ အချိန်မှာ ဘုရားချည်းလှိမ့်ရှိခိုးနေမိတော့တာပဲ။

Pass ကျလာပြီး collect လုပ်ဘို့ဆေးစစ်တော့လဲ ကျွန်တော့် result က ၂ ပတ်နေတဲ့အထိထွက်မလာပြန်ဘူး။ မဟုတ်တာ မလုပ်ခဲ့ပေမယ့် (ဆေးလိပ်အရမ်းသောက်တာကလွဲလို့) ပုံမှန်မဟုတ်ဘဲ ကြာနေတော့ လူကသွေးပျက်လာပြန်ရော။ ဟာ.. နောက်ဆုံးအဆင့်ရောက်မှ ငါ့ကို ရိုက်ချပြီလားဆိုပြီးအိပ်မပျော်ပြန်ဘူး။ တစ်ယောက်ယောက်နဲ့ စကားပြောရရင် သက်သာမယ်ဆိုတာ သိပေမယ့် ဖုန်းဖိုးနဲ့ ပါလာတဲ့ ပိုက်ဆံလဲ ပြောင်ခါနီးနေပြီ။ ထိုင်လဲမဟုတ်၊ ထလဲမဟုတ်၊ တော်တော်ဆိုးတဲ့ ဘ၀ဗျာ။ အခုအချိန်မှာ အေးအေးဆေးဆေးပြန်ပြောနိုင်ပေမယ့် အဲ့ဒီအချိန်က ပူပင်သောကတွေက အခုစာရေးနေတဲ့ အချိန်မှာတောင် အငွေ့ဟပ်နေတုန်း။ ဘာပဲပြောပြော ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ၁ လ ခွဲတာကာလကို တစ်ယောက်သောသူကတော့ ဂုဏ်ယူပါလိမ့်မယ်။ တော်ပြီပေါ့ဗျာ...နော့။ နာမည်ကြီးကဗျာဆရာကြီးတစ်ယောက်ရဲ့ စကားနဲ့ပြောရင်
ကဗျာတွေ အမှန်လှပေမယ့်
ဒဏ်ကတော့ ပြင်းပါတယ်... ဆိုတာမျိုးလေ။ ။

8 comments:

Rock ရူး။ said...

အတွေ့အကြုံတွေကို ခံစားချက်နဲ့ရေးထားတာဆိုတော့..
အရင်နှစ်ခုထက် ပိုကောင်းသလိုပဲ..

kaphyo said...

mouse ကောင်းမှကောင်းဗျို့။

အောင်ကို said...

Interview အတေူအြကြံဍ္ဎကို share လုပ်ပေးတဲ့ အတူက် ကျေးဇူးပ္ဌ။

Anonymous said...

အခုလို အတွေ့ အကြုံတွေကို အားလုံး ရှင်း၂လေး ရေးထားတာ ဖတ်ကောင်းတယ် ။ နောက်ဆုံး စာကြောင်းလေးကို အကြိုက်ဆုံးပဲ ။

အင်တာဗျူးပါး တော်၂၀သွားပြီပဲး)

Unknown said...

very nice experiences...thanks a lot

Nge said...

ဟုတ်တယ်ဗျို့ ။ SG မှာ job apply ရ တာ စိတ်တော်တော် ကျ တယ်။

Nge said...

ဟုတ်တယ်ဗျို့ ။ SG မှာ job apply ရ တာ စိတ်ဓါတ်တော်တော် ကျ တယ်။ ကျွန်တော်. တုန်းက Interview တခုမှာ Interviewer က ဘာလို့  SG လာတာလဲ. . . BKK သွား ပါလား အတင်းလုပ်နေလို့ . . . စိတ်ပေါက်ပေါက်နဲ့  it's up to me လို့  ပြောပြီး ပြန်လာရတယ်။

night said...

ပို့ စ် ကအပောာင်းပေမယ့်..ကျွန်တော်ကအလုပ်ရှာ နေသူဆိုတော့ ..အသစ်ပဲပေါ့...မေးချင်တာလေးရှိလို့ ပါ...NTU မှာ မာစတာ ပြီးထားပြီးသားပါ...ခုဆို၈လကျော်နေပြီ ..ဗီဇာလည်းကုန်တော့မယ်..အလုပ်ကမရသေးဘူး...ရှားရှားပါးပါး အင်တာဗျူးလည်း ၂ခုပဲရတယ်ဗျာ...အတွေ့ ကြုံမရှိတော့ ကောင်းကောင်းလည်းမဖြေနိုင်ခဲ့ပါဘူး...ကြံရာမရတော့ စလုံးအေးဂျင့်ဆီမှာ သွားပြီးလုပ်ရင်ကောင်းမလားလို့ တွေးမိတယ်...ပိုက်ပိုက်တော့ပေးရတာပေါ့...သိချင်တာက ကျွန်တော်ပဲ ကံဆိုးတာလား...ဘာများမှားနေလဲမသိဘူး...အလုပ်မရတော့ပိုဆိုးတာပေါ့...အေးဂျင့်ကလည်းယုံရလားဆိုတာ စီနီယာတွေအကြံပေးပါဦး...