Sunday, March 1, 2009

ချစ်လို့ခေါ်တယ် မှတ်ပါ

လူတစ်ယောက်မှာ ဇာတာထဲက နာမည်ရယ်၊ အိမ်ကခေါ်တဲ့နာမည်၊ မှတ်ပုံတင်ထဲက နာမည်၊ ချစ်သူက ခေါ်သူတဲ့နာမည်၊ သူငယ်ချင်းတွေက ချစ်စနိုးနဲ့ခေါ်တဲ့နာမည် အမျိုးမျိုးရှိတာ ကိုယ်တို့လူမျိုးပဲရှိမယ်ထင်တယ်။ နာမည်ကို တစ်လုံးထဲ အဖျားဆွတ်ခေါ်ရတာနဲ့၊ အက္ခရာ နှစ်လုံးဆင်တူပါနေရင် အဲဒီနှစ်လုံးပဲခေါ်ရတာနဲ့၊ ချစ်သူတွေအတွက်ကလည်း သီးသန့်ဝေါဟာရတွေ အစုံပါပဲ။ နာမည်လေးတွေက များသောအားဖြင့် မိန်ကလေးဆိုရင် "လေး" ထည့်ပြီးခေါ်လိုက်ရင် နုးညံ့သွားသလိုလို။ ယောက်ျားလေးဆိုရင်လည်း "ကြီး" ထည့်ခေါ်လိုက်ရင် ပိုပြီး ခန့်သလိုလို၊ မာကျောသလိုလို။ ဥပမာ ဖြိုးကြီး၊ မျိုးကြီး စသည်ဖြင့်ပေါ့။


ကိုယ်တို့အိမ်မှာ ကိုယ့်အစ်ကိုက နူးညံ့တဲ့ နာမည်လေးတွေ ခေါ်တတ်တယ်။ သူ့အမျိုးသမီး နာမည်က "စိမ်း" တဲ့။ နာမည်ကြီးပဲ အဖျားဆွတ်ခေါ်ရင် တစ်မျိုးပဲ။ သိပ်ချစ်စရာ မကောင်းဘူး။ အစ်ကိုကတော့ ခေါ်တတ်တယ်။ "စိမ်းငယ်" တဲ့။
ကိုယ်ကြားဖူးတဲ့တစ်ယောက်လဲ သူ့အမျိုးသမီးကိုခေါ်တဲ့ နာမည်က ချစ်စရာလေး။ "ခေးသက်" တဲ့။ ကလေးသက် လို့ခေါ်ရာကနေ ကြာလာတော့ ခေးသက်တဲ့။ အလဲ့။ တယ်ဟုတ်။ ကိုယ်သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်က သန္တာတဲ့။ သူ့အမျိုးသားက သူ့ကို ချစ်စနိုးနဲ့ခေါ်တော့ "အတာ" တဲ့။ သူငယ်ချင်းတစ်ယောက်ကို သူတို့ မောင်နှမ အချင်းချင်း ချစ်စနိုးနဲ့ ခေါ်တာ ခွေးလေးပု တဲ့။ မြန်မြန်ခေါ်လိုက်တော့ "ကွေးလေးပူ" တဲ့။ နာမည်မှာ "မီ" ဆိုတာပါတဲ့ မိန်းကလေးဆိုလည်း သူ့ကိုချစ်တဲ့လူတွေက ခေါ်လိုက်တော့ "မီလေး" ရေတဲ့။ သူငယ်ချင်းကောင်မလေး တစ်ယောက်ကတော့ သူ့ချစ်သူကို အရမ်း ၀၊ ၀ လာလို့တဲ့ ခေါ်ပုံက "လုံးတုံ" ရေတဲ့။

ကိုယ့်အစ်မတစ်ယောက်ကတော့ အိမ်ထောင်ကျပြီး ၀လာလိုက်တာ။ ကိုယ်တို့အားလုံးက ယောက်ျားပစ်သွားလိမ့်မယ်လို့ စနေကြတာ။ အမယ်... သူ့အမျိုးသားက ၀၊ ၀ တုတ်တုတ်နဲ့မို့ ချစ်စနိုးနဲ့ "တာတီးပိုးလေး" တဲ့။ စန္ဒာ ဆိုတဲ့ နာမည်လေးကို သူ့ချစ်သူက မြတ်မြတ်နိုးနိုးခေါ်လိုက်တော့ "လမင်း" ရေတဲ့။

ကိုယ်အဖေရဲ့ မိတ်ဆွေတစ်ယောက်က သူ့သမီးလေးကို ခေါ်တာ "ယုန်လေး" တဲ့။ အရမ်းချစ်စရာကောင်းတာ၊ ဖြူစင်တာလို့ ပြောလို့ ကိုယ်တို့ မျက်လုံးထဲ သနားစရာ ယုန်သူငယ်လေး မျက်နှာမြင်လို့။ အိမ်အပေါ်ထပ်က ဆင်းလာတော့ နည်းတဲ့ ယုန်မဲကြီး မဟုတ်ဘူး။ ကိုယ်တို့ သားအဖ ရယ်ရအခက်၊ ပြုံးရအခက်။ ဒါပေမယ့် ဖခင်တစ်ယောက်က သူ့ခံစားချက်နဲ့ သူခေါ်တော့လည်း ဟုတ်နေတာပဲ။ကိုယ့်အဖေကပြောတော့ သူ့ယုန်က ဂေါ်ဇီလာယုန်ကွ တဲ့။

သူငယ်ချင်းတစ်ယောက်ပထမဆုံး သားလေးရတော့ ခေါ်လိုက်တာ "ဘလန်လူး" တဲ့။ ကိုယ်က ဘာနာမည်လဲဟ ဆိုတော့ ရုပ်ဆိုးဆိုးလေးမို့ ဘီလူးလန်၊ ဘလန်လူး တဲ့။ အံမယ်...အဲဒီဘလန်လူးလေးက အခုတော့ ချောလာလိုက်တာ၊ ကိုရီးယားမင်းသားရှုံး။ ကိုယ်အစ်ကိုတစ်ယောက်က မိန်းမရတော့ ပိန်ပိန်သေးသေးလေးမို့ ခေါ်လိုက်တာ ပိစိတဲ့။ အခုများ တခါတလေ ပြောပုံက "ငါပိစိလို့ ခေါ်တာတောင် ဒီလောက် ၀ လာတာ။ တုတ်တုတ် လို့များခေါ်ခဲ့ရင် င့ါဒုက္ခတော့ မတွေးရဲစရာပဲ" တဲ့။

သူငယ်ချင်းတစ်ယောက်ကတော့ သူ့ချစ်သူနာမည်က "လေး" တွေ၊ "ငယ်" တွေ ထည့်ခေါ်လို့ မကောင်းတာရယ်၊ သူချစ်တာကို အမြဲတမ်း သတိရနေစေချင်တာရယ်ကြောင့်ခေါ်တာက "ချစ်တာ" တဲ့။ သူ့ချစ်သူလည်း ဒီနာမည်နဲ့ အထာကျဘို့ တော်တော်လေ့ကျင့်ရမယ်ထင်တယ်။ ခေါ်လိုက်တော့လည်း ဟုတ်တုတ်တုတ်။ "ချစ်တာရေ" တဲ့။

ကိုယ်အဒေါ်တစ်ယောက်ကတော့ အခုထိ အပျိုကြီး။ သူ့နာမည်က "ခင်မေမေ" တဲ့။ သူ့ပထမဆုံး ရည်းစားက ကချင်လူမျိုး၊ ချစ်စနိုးနဲ့ ခေါ်လိုက်ပုံက "မေမေ" ဆိုလို့ ဒေါသတွေ ထွက်လိုက်တာ အရမ်း။ တကယ်လို့ "မေလေး" လို့ခေါ်လိုက်ရင် အဒေါ်လည်း အပျိုကြီး ဖြစ်ချင်မှ ဖြစ်မှာ။

"မိုး" ပါတဲ့ ကိုယ့်သူငယ်ချင်းလဲ သူ့အမေက ခေါ်တော့ "မိုးသဲ" တဲ့။ ချစ်စရာကောင်းသွားသလိုပဲ။ "သိင်္ဂီ" ပါတဲ့နာမည်ပိုင်ရှင်လေး သူ့ကိုယ်သူ စကားပြောတော့ "ဂီဂီ" တဲ့။ သူငယ်ချင်းတွေကလည်း ဂီဂီ လို့ခေါ်လိုက်တော့ ချစ်စရာလေးဖြစ်လို့။

ကျွန်တော်ကြားဖူးတာ တစ်ခုလည်းရှိသေးတယ်။ မိသားစုတစ်ခုမှာ ပထမဆုံးသားဦးလေးမွေးလာတော့ "ခန့်" တဲ့။ နောက်တစ်ခါ သမီးလေးရ လာတော့ "သန့်" တဲ့။ အငယ်ဆုံးလေးမွေးလာတော့ မိဘတွေ နာမည်ပေးစရာမလိုတော့ဘူး။ တစ်ရွာလုံးက ၀ိုင်းပြီး ကင်ပွန်းတပ်ပေးလိုက်တာ "ဂန့်" တဲ့။ အေးရော...။

ကျွန်တော် ငယ်ငယ်တုန်းကတော့ အဘွားက ခေါ်တာ "ဒိတ်ဂျစ်" တဲ့။ ဂျစ်ကျတဲ့ နေရာမှာ ဒိတ် လို့ဆိုပဲ။

တခါတလေစဉ်းစားကြည့်တော့ နာမည်ခေါ်တာချင်း အတူတူ ထူးထူးခြားခြားလေး ခေါ်တဲ့လူဆိုမှတ်မိနေတတ်ကြတယ်။ မတွေ့တာကြာလို့ ဖုန်းဆက်ရင်သူခေါ်လိုက်တဲ့ ကိုယ့်နာမည်ကြားတာနဲ့ ဘယ်သူဆိုတာ တန်းသိနေတာမျိုး။ ကျွန်တော့်မှာဆိုလည်း ဇာတာထဲက နာမည်၊ မှတ်ပုံတင်ထဲက နာမည်၊ အဖေခေါ်တဲ့နာမည်၊ အမေခေါ်တဲ့နာမည်၊ သူငယ်ချင်းတွေက ခေါ်တဲ့နာမည်၊ ဘယ်သူနဲ့မှ မတူအောင် ခေါ်တဲ့သူကပေးတဲ့ နာမည် ၊ blog လောက၊ က ခေါ်တဲ့နာမည်စုံနေတာပဲ။ ဘာပဲဖြစ်ဖြစ် ချစ်တဲ့သူတွေက ခေါ်ကြတဲ့ နာမည်တွေချ ရေးကြည့်ရင် ၁၅ ခုလောက်တောင်ရှိနေမလားဘဲ။

19 comments:

Phyo Evergreen said...

ဒီပို့်စ်လေး ဖတ်လို့ကောင်းတယ်.. ဖတ်ရင်းလဲရီနေရတယ်..။ အဒေါ်တယောက်ရှိတယ်.. သူများကလေ သူများကလေ ပြောတာများတာနဲ့ သွပ်ပြားကလေဖြစ်ရေ...။

Phyo Evergreen said...

ဖြစ်ရော*

ပုံရိပ် / Pon Yate said...

ဖတ်ရင်းနဲ့ ရယ်သွားပါတယ်။ ဗမာ နာမည်တွေက ဥာဏ်ကွန့်မြူးချင် သလောက် ကွန့်မြူးလို့ ရတယ် နော်

sonata-cantata said...

"ဗျို့"...လို့ ခေါ်လိုက်ရင် နာမည်ခေါ်တာ မဟုတ်ဘူးနော်
ကြားလောက်တဲ့ တစ်ခေါ်စာ မို့ပါဗျ...

sonata-cantata said...
This post has been removed by the author.
Phyu said...

ဖတ်လို့ ကောင်းတယ်.....ဖတ်ရင်းနဲ့ ငယ်ငယ်က သူငယ်ချင်းတစ်ယောက်နာမည်ကိုသွားသတိရမိတယ်။
သူငယ်ငယ်က နေတဲ့ရွာကနေ မြို့ကိုတက်ရင် စက်လှေ ၈နာရီ လောက်စီး ရပါတယ်။ သူ စက်လှေစီးတိုင်း အီးတွေပါပါချသမျှကို သူ့ အဖေက အထုပ်ထုပ်ပြီး ရေထဲ ပစ်ပစ်ချရလွန်းလို့  " အီးထုပ်"လို့ ခုချိန်ထိနာမည်တွင် သွားပါတယ်။ ကျောင်းနေ တုံးက သူငယ်ချင်း တစ်ယောက်နာမည် က " ခင်ဝင်းစိန် " အတန်းထဲမှာ ဘယ်သူကအရင်ခေါ်လိုက်တယ်မသိ " ခွေးဝဲစား " တဲ့ ။ အင်း........ဒါမျိုး ကျတော့ ချစ်လို့ ခေါ်တာ မှတ်ရမှာ တော့တစ်မျိုးပဲ........:)

ZT said...

ကိုယ့်ရည်းစားက ကိုယ့်ကို နာမည် အပြည့်အစုံကို ခေါ်တာလောက် နားဝင်မချိုတာတော့ မရှိဘူးဗျ။

မီယာ said...

သူငယ်ချင်းတွေကတမျိုး ဆွေမျိုးတွေကတမျိုး ခေါ်တာတွေ အစုံပဲ.. လူတယောက်ထဲကို ဒီလောက် အစုံခေါ်ကြတာလေ.. ခေါ်တဲ့ နံမည်ကို လိုက်ပြီး ဖုန်းဆက်ရင် ဘယ်သူဆိုတာ တန်းသိတယ် ဆိုတာ ဟုတ်ပါ့

sin dan lar said...

ဘားအံက အသိတစ်ယောက်ရဲ့သားလေးက
ပေါ်တာတွေခေါ်တဲ့ အချိန်မွေးလို့ "ပေါ်ပေါ်လေး"တဲ့။
နောက်တစ်ယောက်နာမည်ကတော့ ဘာအမှတ်တရလည်းမသိ "ဖုထုံးထုံး"တဲ့...။

kyawkyaw said...

GOOD, man! Keep on! I am a fan of your blog.

See N B Seen said...

သွပ်ပြားရဲ့တူလေးရေ... မှန်မှန်လာဖတ်တာကျေးဇူးပါ။

ဟုတ်ပ ပုံရိပ်ရေ...

ဗျို့ Sonata-Cantata ကြားလားဗျို့။ ကျွန်တော် တိတ်တိတ်လေး ပို့စ်တွေလာဖတ်သွားတယ်ဗျ။ :)

အမယ်လေးဗျာ.. အဲလို နာမည်မျိုးတွေတော့ ချစ်လို့ခေါ်တယ် မမှတ်ရဲပါဘူး Phyu ရယ်။

ဟုတ်တယ် ZT။ ဘယ့်နဲ့ဗျာ..တော်တော်မအီမလည်နိုင်တဲ့ ခံစားမှုမျိုးပဲ..ချစ်သူက ဝေါဟာရ ရှားပါးမှု ပြဿနာ ရှိပုံရတယ်။ ဒါမဖြစ်သင့်ဘူး :)

ဟုတ်တယ် မီယာ။ ကျွန်တော်တို့လည်း သူငယ်ချင်း အချင်းချင်း နာမည်ပြောင်တွေ ခေါ်ရင်း ကြာတော့ နာမည်ရင်းတောင် မေ့ နေကြတယ်။

ပေါ်ပေါ်လေးကတော့ ဟုတ်ပါပြီ။ ဖုထုံးထုံး ကိစ္စကတော့ စဉ်းစားစရာပဲ။ ဖုထုံးထုံး ... ဖုံးထုထု.. ဒီလိုလဲဟုတ်သေးပါဘူး။

ကျေးဇူး ကိုကျော်ကျော်။ နောက်လည်း လာလည်ပါဗျာ။

ခင်မင်းဇော် said...

အင်တာနက်မတက်နိုင်ဖြစ်နေလို့
ခုမှ လိုက်ဖတ်နေရတယ်...
ပို့စ်တွေက အရေးကျဲသော်လည်း ကောင်းပါပေ့..
ခုပို့စ်လဲ ထိုင်ရယ်နေတာ.. အမတူလေးတယောက်ကိုလဲ သူတို့အရပ်က လူတွေက ပေါင်ပေါင်တဲ့ ဘာလို့ဆိုတော့ သူ့မိဘတွေက အမိန့်ရ အပေါင်ဆိုင် လုပ်တာလေ.

JulyDream said...

အမည်ခေါ်နည်း မျိုးစုံကို ဖတ်မိပြီး ဘယ်လိုအမည် ခေါ်ရမလဲ စိတ်ကူးယဉ် စဉ်းစားခန်း ၀င်လိုက်ပါအုံးမယ် ခင်ဗျာ။

chit thar said...

ချစ်သူကို " ဥ " လိုတယုတယချစ်လို့ " ဥဥလေး " လို့ ခေါ်ရမလားလို့  ပဲာပဲာ

See N B Seen said...

အစ်မခင်မင်းဇော်ရေ..ကျွန်တော်လည်း အစ်မ ပီအေအတွက်ရေးထားတဲ့ မွေးနေ့အမှတ်တရ ကဗျာလေးဖတ်ပြီး သဘောကျနေတာ။ လေးစားပါတယ် အစ်မရေ။

စစ်ကူလိုရင်ပြောနော် အစ်ကိုJuly. Blog ပေါ်တင်ပြီး ၀ိုင်းစဉ်းစားကြတာပေါ့ :)

ဥဥလေး ဆိုတော့ နဲနဲတော့ရှင်းရခက်မယ်နဲ့တူတယ်... အတွေးခေါင်တတ်ရင်ပြောပါတယ်။

အိပ်မက်ရှင် said...

ဒီပိုစ့်ကလေး ဖတ်မိတော့ ကျွန်တော် ပြုံးတုံးပြုံးတုံးနဲ့ တော်တော်လေး သဘောကျသွားတယ်ဗျာ ... ဟုတ်တယ် ငယ်နာမည်၊ ချစ်စနိုးခေါ်တဲ့နာမည်တွေက တကယ့်နာမည်အရင်းထက် အများကြီးတာသွားပြီး မိသားစု၊ သူငယ်ချင်းနဲ့ ဆွေမျိုးအသိုင်းအ၀ိုင်းတွေထဲမှာ ရင်းနှီးခင်မင်မှုကို အဆ ထောင်သောင်းတိုးပွားစေတဲ့သဘောလေးကို နဂိုသိထက် ပိုလို့ ကွက်ကွက်ကွင်းကွင်းမြင်သွားကြောင်းပါ ...။

taungpor said...

အကို
အရမ်းရီရတယ်.လုပ်ရီရတဲ့ ဟာသတွေမကြိုက်ပေမဲ့ အဲလို သဘာသဆန်တဲ့ အရာလေးတွေတော့ ကြိက်တတ်ပါတယ်.မျက်စိလည်လမ်းမှားလာပေမဲ့ နောက်ကျယင်စောင့်ဖတ်မယ်နော်
တောင်ပေါ်သူ

frigga said...

အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးတာ ဖြစ်ပေမယ့်
သေချာတာကတော့ နောက်ဆို ခဏ..ခဏ.. ရောက်ဖြစ်တော့မယ်ဆိုတာလေ ......

T T Sweet said...

ဖတ်လို့ကောင်းတယ်။တို့မှာလဲ ဇာတာနာမည်ရှိတယ်။ သိချင်ရင်သွားဖတ်နော်။ ကြော်ငြာတာ။