အမေ့မွေးနေ့ (၁၁.၁.၁၁)
ဒီနေ့ အမေ့အသက် (၆၀) ပြည့်သည်။ အသည်းရောဂါ၊ သွေးအားကျရောဂါတွေ အမေခံစားနေရပြီ။ တရားဘာဝနာ အားထုက်လို့ စိတ်ရောလူရော အမေ အေးချမ်းစွာနေတတ်ပြီ။ ဒီနေ့ အမေ ကျန်းကျန်းမာမာနဲ့ အလှူဒါနတွေ ကိုယ်တိုင်စိတ်တိုင်းကျ သွားလုပ်နေနိုင်တဲ့အတွက် ကံကြမ္မာကို ကျေးဇူးတင်ပါတယ်။
တရားရှိတဲ့အမေဖြစ်လို့ အနေတတ်ခဲ့သလို အသေမြတ်ဘို့ ကြိုးစားနေတဲ့အချိန်။ တရားမရှိတဲ့ ကိုယ်ကတော့ အမေမရှိရင်ဆိုတာ မတွေးကြည့်ချင်ပါဘူး။ ကိုယ်တို့မိသားစုအတွက် အမေရှိနေခြင်းဆိုတာ ငြိမ်းချမ်းရေးသံတမန်ရှိနေခြင်းလည်းဖြစ်ပါတယ်။ အဖေနဲ့သားတွေရဲ့ ပြဿနာကို အမေတစ်ဦးတည်းသာ ဖြေရှင်းနိုင်တယ်လေ။ သားတွေနားလည်အောင် အမေပဲ ပြောပြတတ်သလို၊ အဖေ့ကိုလည်း အမေပဲ နားချတတ်တယ်။ မိသားစုကို ပျော်ရွှင်အောင်ထားခဲ့တဲ့အမေ... အမေ့ဘ၀တစ်လျှောက်လုံး ပျော်ရွှင်ခဲ့ပါရဲ့လား။
ကိုယ်တို့အဘွား (အမေ့အမေ) ဆုံးတော့ အမေ့အသက်က ၅၀။ အဘွားရဲ့ အလောင်းကို အမေပဲ ရေချိုးပေး၊ အ၀တ်အစားလဲပေး။ နယ်မှာ ဆုံးတာဆိုတော့ ရေခဲတိုက်လဲပို့စရာမလို၊ အိမ်မှာပဲ ပြင်ထားပြီး နောက်နေ့သွားချလိုက်ရော။ အဘွားအလောင်းလဲ ပြင်ပြီးရော အမေက အိမ်အောက်ဆင်းပြီး မြို့က၀ယ်လာခဲ့တဲ့ လုံချည်တွေ၊ ပုဆိုးတွေ ရပ်ကွက်ထဲက နွမ်းပါးတဲ့ လူတွေ တစ်ယောက်တစ်မျိုး ကြိုက်တာလာယူ လှူပါလေရော။
မြစ်ကမ်းဆိပ်က မြို့ငယ်လေးလဲဖြစ်၊ နွမ်းပါးသူများတဲ့နေရာမျိုးလဲဖြစ်ဆိုတော့၊ အမေ့ အိမ်အောက်မှာ လူတွေအများကြီး အော်ကြ၊ ဟစ်ကြ၊ နှုတ်ဆက်ကြ၊ ထမိန်အဆင်တွေရွေးကြ၊ ပျော်ကြ၊ ရွှင်ကြနဲ့ ပူပူနွေးနွေး အသုဘအိမ်ကနေ သမ၀ါယမဆိုင် ပစ္စည်းတွေဝေသလို ဖြစ်ခဲ့လို့ ရပ်ကွက်ထဲက တချို့လူတွေက အမေ့ကို ကဲ့ရဲ့ကြဘူးတယ်။ အမေကတော့ ပြုံးပြုံးပဲ။ သေမှငိုနေလို့ ဘာလုပ်မလဲ။ မသေခင် စိတ်ချမ်းသာအောင် ထားရမယ်။ အဘွားဖြစ်ချင်တာ၊ ဘုရားတည်၊ ကျောင်းဆောက်၊ ဘုရားပြင် အကုန်လုံး အမေကလုပ်ပေးခဲ့တာ။ အဘွားမဆုံးခင် အချိန်အထိ လိုလေသေးမရှိထားခဲ့ပြီးပြီ။ အဘွားစိတ်ဆင်းရဲအောင်လည်း ဘာတစ်ခုမှမလုပ်ခဲ့ဘူး။ ဆုံးပါးသွားတော့လဲ အမေ့လက်ထဲမှာ။ အမေ့မှာ အဘွားအတွက် မျက်ရည်ကျအော်ဟစ် ငိုစရာမလိုတော့ဘူးတဲ့။
ဒီနေ့တော့ အမေ့အသက်က (၆၀)။ ကိုယ့်အသက်က (၃၀) ကျော်၊ အမေ့လို လိပ်ပြာမသန့်သေး။ ထူးထူးခြားခြား မွေးနေ့မို့ အဖေက သူ့မိန်းမကို အသက်နဲ့ အညီ မွေးနေ့လက်ဆောင်အဖြစ် သူ့အနုပညာနဲ့ စုဆောင်းထားတဲ့ သိန်း(၆၀) ပေးတယ်တဲ့။ ကိုယ်တို့သုံးယောက်ကတော့ အဖေပေးတာနဲ့ သားတွေပေးတာ အတူတူလို ဘာလိုလိုနဲ့ ရောချလိုက်ရော။ အမေ့ကို ဘာလိုချင်လဲလို့ ၀ိုင်းမေးတော့ အမြဲပိုက်ဆံပြတ်နေတဲ့ ကိုယ့်ကို ပိုက်ဆံလေးဘာလေး စုဆောင်းတာမြင်ချင်တယ်တဲ့။ အကို့ကိုတော့ အဖေနဲ့ တည့်အောင်ပေါင်းတဲ့။ သားအငယ်ကိုတော့ အဘွားကြီး၊ အဘိုးကြီးတွေ ပိုက်ဆံတောင်းနေတဲ့ ဘုရားစောင်းတန်းတွေမှာ အလှူသွားလုပ်ချင်လို့ လိုက်ပို့ခိုင်းပြီး တွေ့သမျှ အဘိုး၊ အဘွားတွေကို တစ်ယောက် တစ်ထောင် လှူခဲ့တယ်။ အမေလိုချင်တဲ့ လက်ဆောင်တွေကလဲ နောက်ဆုံးတော့ ကိုယ်တို့ဘ၀တွေအတွက်ချည်း ဖြစ်သွားတာပါပဲ။
အမေဘေးရန်ကင်းပါစေ။
စိတ်ဆင်းရဲကင်းပါစေ။
ကိုယ်ဆင်းရဲကင်းပါစေ။
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့်
အမေ့ခန္ဓာဝန်ကို သာသနာ့ဝန်ကို
လွယ်ကူစွာ ဆောင်ရွက်နိုင်ပါစေ။ ။
ကိုယ်ကိုတိုင်လဲ မိသားစုနဲ့ အမြန်ဆုံး ပြန်နေခွင့်ရပါစေ။
10 comments:
အမေအဖေ သက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ။
စာရေးကောင်းပါတယ်ထင်မိတာ မျိုးရိုးရှိတာကိုး။
၁ ငါးလုံးနဲ့ တိုက်တိုက်ဆိုင်ဆိုင်။ ပေါ်တော်မူ ဘလော့ဂါဆီမှ ပို့စ်အသစ်တွေ့လို့ ဝမ်းသာအားရနဲ့ လာဖတ်သွားပါတယ်။ :D
ကမ္ဘာပေါ်မှာ ရှိသမျှ မိဘတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ။ ကိုယ်မိဘ အပေါ် ကိုယ်ဘာလုပ်ပေးနိုင် ခဲ့သလဲဆိုတာ ဒီပိုစ့်ကို ဖတ်ရင်းနဲ့ သုံးသပ်မိသွားပါတယ်။
စောင့်ဖတ်ရ ကျိုး နပ်ပါပေတယ်။
Sayar ပေါ်တော်မူ :)
စာရေးကောင်းလွန်းလို့ ခဏ ခဏ ၀င် ၀င်ဖတ်ရတယ်။ အဟောင်းချည်း ပြန်ဖတ်နေရတာ၊ ဒီတစ်ခါတော့ အသစ်နဲ့ တိုးပြီ။
အမေ ကျန်းမာချမ်းသာပါစေ။
မရောက်ဖြစ်တာကြာပြီးမှ ဒီနေ့သတိတရ ၀င်ကြည့်မိတာ။
စာရေးကျဲပေမယ့် အဟောင်းတွေလဲ မွှေနှောက် ဖတ်သလို အသစ်တွေ့ရင်လဲ အမြဲဖတ်ဖြစ်တယ်။
စာတွေဆက်ရေးစေချင်ပါတယ်ရှင်။
အမေ ကျန်းမာရွှင်လန်းပါစေ။
မိသားစုနဲ့ အမြန်ဆုံး ပြန်နေခွင့်ရပါစေ။
ခင်မင်စွာ
နန္ဒာ
အမေအတွက် ဆုတောင်းပေးတဲ့သူတွေရော၊ စောင့်စားဖတ်ရှုသူတွေ၊ သတိသရ လာရောက် ဖတ်ရှုသူတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်...
O MG this really hit my heart!
Post a Comment