Monday, February 25, 2008

ကျွန်တော့်နှင့်စင်္ကာပူမှ ခရုခွံလေးများ

"လာထိုင်ညီလေး၊ အစ်ကိုတို့ Rules and Regulations လေးအရင်ပြောရအောင်"
"ဟုတ်ကဲ့ အစ်ကို"
"အဓိက အချက်ကတော့ မင်းမိန်းမ ခေါ်လာလို့ မရဘူး"
"ခင်ဗျာ"
"ဪ...ဟုတ်ကဲ့။ ကျွန်တော့်မှာ အစီအစဉ် မရှိပါဘူးခင်ဗျာ"
"ကောင်းတယ်။ နောက်တစ်ခုအနေနဲ့ကတော့ သန့်သန့်ရှင်းရှင်းနေဘို့"
"ကိုယ့်အိမ်ကို အမြဲသန့်ရှင်းနေမှ ကိုယ်ကြိုက်တယ်"
"ဒါလေးတစ်ခုတော့ သတိထားပေါ့ကွာ"
"ဪ...ဒါနဲ့ မင်း Internet သုံးမှာလား"
"ဟုတ်ကဲ့"
"အေး... ဒါဆို မင်းနည်းနည်းပိုပေးရမှာနော်"
"ဟုတ်ကဲ့အစ်ကို"
"အေး...မင်းလည်းပင်ပန်းလာတယ်။ နားလိုက်ပါဦး"
"ဪ... ပြီးတော့ အခန်းဌားနေတယ်ဆိုပေမယ့် ကိုယ့်အိမ်လို သဘေားထားပေါ့ကွာ။ ဒီလို ပြောတာ ၂ ချက်ရှိတယ်ကွ။ လွတ်လွတ်လပ်လပ်နေဆိုတဲ့ အဓိပ္ပါယ်ဖြစ်သလို စည်းကမ်းရှိရှိနေ ဆိုတာလည်း ပါတာပေါ့ကွာ။ ဒါပဲကွာ...ငါ ဟင်းချက်လိုက်ဦးမယ်"


ဒီနိုင်ငံကို ရောက်ရောက်ခြင်း အိမ်ရှင်နဲ့ စကားပြောဖြစ်တာပါ။ ဒီကိုလာပြီး အလုပ်လုပ်တဲ့ လူတော်တော်များများ အခန်းလေးတွေ ဌားနေကြရပါတယ်။ သူများမိသားစုနဲ့ အတူနေရတာဖြစ်တဲ့အတွက် အဆင်ပြေတာလည်းရှိ၊ စိတ်ညစ်ရတာတွေလည်း ဒုနှင့်ဒေးပါပဲ။ ကျွန်တော့်ရဲ့ ပထမဆုံး နားခိုရာ ခရုခွံလေးကတော့ စိုးရိမ်ပူပန်စိတ်လွန်ကဲတဲ့ လူပျိုကြီးပါ ခင်ဗျာ။

ဒီလိုနဲ့ တစ်ပတ်လောက်နေတော့ အခန်းထဲမှာ Computer တစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ ကျွန်တော့်ကို သူကြည့်ရတော့ပါဘူး။ အခန်းတံခါးကို ခဏခဏ လာခေါက်ပြီး "ဘာလုပ်နေတာလ" လို့ မေးပါတယ်။ ၃ ရက်လောက်နေတော့ "မင်းအခန်းတံခါးကို
ဖွင့်ထားရင်ကောင်းမယ်" လို့ပြောပြန်ရော။ ကျွန်တော် တော်တော်လေး စိတ်ညစ်သွားပါတယ်။ သီးသီးသန့်သန့် နေချင်တဲ့ ကျွန်တော့်အတွက် အပြင်က လူတစ်ယောက် လှုပ်ရှားသွားလာနေတာတွေ မသိချင်ပါဘူး။ ဒါပေမယ့် မတတ်နိုင်တဲ့ အခြေအနေမှာ
တံခါးဖွင့်ထားမှ ကြိုက်တယ်ဆိုတော့လည်း ဖွင့်လိုက်ရတာပေါ့ဗျာ။

နောက်ရက်ကျတော့ သူနဲ့အတူ အမျိုးသမီးတစ်ယောက် ပါလာပါတယ်။ သူနဲ့ အတူတူပဲ လာနေပါတယ်။ ဒါလည်းပဲ Rules and Regulations တူပါရဲ့။ သူတို့ကို ကြည့်ရတာ ပျော်ပျော်ပါးပါး ပါပဲ။ ကျွန်တော့်ကိုလည်း လာ၊လာ မကြည့်တော့ပြန်ဘူး။
တံခါးပိတ်လို့လဲ ရသွားပြန်ရော၊ သူရောကိုယ်ရော အဆင်ကိုပြေလို့။

တစ်နေ့တော့ သူတို့နှစ်ယောက် ရန်ဖြစ်ကြပါလေရော။ စကားမပြောကြတော့ဘူး။ သူတို့ တစ်ယောက်နှင့် တစ်ယောက်ပြောချင်တာတွေ ကျွန်တော်ကနေ တဆင့်ပြောခိုင်းတယ်။ ကြားထဲက စကားပြန်ပေါ့ဗျာ။ အဲဒီမှာ ကျွန်တော်ကို ပြန်ရစ် ပြန်ရော။ အိမ်ပြန်လာရင် မီးဖိုထဲ တန်းဝင်သွားတယ်။ ဟင်းအိုးတွေ၊ အ၀တ်လျှော်စက်တွေ အကုန်ဖွင့်ကြည့်၊ "ဒီနေ့ဘာလို့ အ၀တ်နည်းနည်းပဲ ရှိတာကို လျှော်တာလဲ။ မီးရော၊ ရေရော ကုန်တာပေါ့ကွ"။ "ဒီနေ့ ဘာလို့ အ၀တ်ကများတာလဲ။ စက်နာတာပေါ့ကွ" ဆိုတာမျိုး။ "မင်း ဟင်းချက်ရင် ကြာတဲ့ ဟင်းတွေမချက်နဲ့၊ Gas ကုန်တယ်ကွ" ဆိုတာမျိုး။ ဟင်းမချက်တတ်တဲ့လို့ တော်တော်များများကို ပြုတ်စားတာပါ ဆိုလည်း မရဘူး။ "မင်းတံခါးကို ပိတ်၊ ပိတ်မထားနဲ့"။ အမြဲတမ်း Computer ကိုဖွင့်ထားတော့ မီးအားကုန်တာပေါ့ကွ။ Internet ကလဲ တချိန်လုံး သုံးနေဘို့ လိုလို့လား။ အလုပ်ရှာနေတဲ့ IT သမားတစ်ယောက် အတွက် Internet ရှိမှ အသက်ရှင်နေသလို ဖြစ်နေတဲ့ အချိန်မှာ Computer မပါဘဲ အလုပ်လုပ်ရတဲ့ သူ့အမြင်က တော်တော်စောင်းနေလေရဲ့။ ဒါနဲ့ သူရုံးက ပြန်လာခါနီးရင် ကျွန်တော် အပြင်ခဏထွက်နေမှပဲ ဆိုပြီးညဘက်မှ ပြန်လာတော့လည်း ဧည့်ခန်းမှာ စောင့်ပြီး ပြောပြီးမှ အိပ်တော်မူတယ်။ အလုပ်ရှာရ၊ Interview သွားရလို့ စိတ်ဖိစီးမှု များတဲ့အချိန်မှာ အ၀တ်လျှော်တဲ့ အပြစ်၊ ရေချိုးတဲ့အပြစ်၊ အိမ်သာတက်တဲ့ အပြစ်၊ တော်တော်သည်းခံရတဲ့ ဘ၀ပါပဲဗျာ။

နောက်တစ်ခါကျတော့ ကုပ္မဏီတစ်ခုက အကန့်အသန့်နဲ့ ဈေးလျှော့ရောင်းတဲ့ ရေနွေးကရားအိုး ကို လိုချင်လှချည်ရဲ့ ဆိုပြီး ကျွန်တော့်ကို မနက် ၄ နာရီ သွားတန်းစီ ခိုင်းပါတယ်။ ကျွန်တော်လည်း စိတ်ပေါက်ပေါက်ရှိတာနဲ့ ၈ နာရီမှသွားကြည့်လိုက်ပါတယ်။ ဒေါ်လာ ၂၀ တန်ရေနွေးအိုးကို ၂ ဒေါ်လာနဲ့ အလုံး ၂၀၀ ရောင်းတာ။ နာရီဝက်လောက်အတွင်း ကုန်ပြီပေါ့။ ကျွန်တော်ဖြင့် အံ့သြလို့။ လက်ဗလာနဲ့ ပြန်လာတဲ့ ကျွန်တော့်ကို ဒီရေနွေးအိုး မပါလာရကောင်းလား လို့ပြောနေလိုက်တာ၊ စွဲချက်တွေထဲမှာ မိသားစုစိတ်ဓါတ် မရှိတာက ပါသေး။ ဆိုင်လား မဆိုင်လား မသိပေမယ့် အမေခိုင်းလဲ ၄ နာရီထပြီး ၂ ဒေါ်လာတန် ရေနွေးအိုးကို သွားဝယ်ပေးမှာ မဟုတ်၊ အမေကလည်း ဒါမျိုး ခိုင်းမှာ မဟုတ်တော့ မကြားသလိုပဲ နေ၊ နေလိုက်တယ်။ အာရုံတော့ နောက်တာပေါ့ဗျာ။ ဟာ...ဒီဘဲကြီးတော့...ဆိုပြီး...။ ဥပေက္ခာပြုထားလိုက်တာပဲ ကောင်းတယ် ဆိုပြီး တံခါးပိတ်ထားလိုက်တယ်။ နောက်တစ်နေ့ ကျွန်တော် Interview သွားပြီး ပြန်လာတော့ သူနဲ့ သူ့ချစ်ချစ်နဲ့ ဧည့်ခန်းမှာ လက်သည်းညှပ်ပေးနေကြတယ်။ "ညီလေး၊ ထမင်းစားပြီးပြီလား။ မစားရသေးရင် အတူတူစားကြမယ်၊ အစ်ကိုဟင်းချက်ထားတယ်ကွ" တဲ့။ ဪ...မိန်းမ၊ မိန်းမ၊ တယ်လည်းအစွမ်းထက်ပေသကိုး လို့ တွေးပြီး ကျွန်တော်လည်း "စားခဲ့ပြီးပြီအစ်ကို" လို့ပြောပြီး အခန်းတံခါးပိတ်ပြီး တစ်ယောက်ထဲ ပြုံးမိတယ်။ တတ်လဲတတ်နိုင်တဲ့ အစ်ကိုကြီးဗျာ။

ဒီလိုနဲ့ အလုပ်ရတော့ အလုပ်နဲ့နီးတော့ နောက် ခရုခွံလေးတစ်ခုစီ ရောက်ခဲ့ပြန်တယ်။ ဒီတစ်ခါတော့ ခရုခွံက လင်မယားနှစ်ယောက်၊ ယောင်္ကျားက မိန်းမကို ကြောက်ရတဲ့ ခရုခွံ။ ပြောပုံက "ညီလေး၊ အစ်ကိုကတော့ ဘော်ဒါလိုပဲ၊ အေးဆေးပဲ၊ မင်းအစ်မကို လေးလေးစားစား ဆက်ဆံကွ" တဲ့။ "ဪ...ဟုတ်ကဲ့၊ သဘောပေါက်ပါတယ်ခင်ဗျာ"။ တနင်္ဂနွေ တိုင်းတစ်အိမ်လုံး သန့်ရှင်းရေး ၀ိုင်းကူလုပ်ရတာရယ်၊ ရုံးရောက်နေတဲ့ အချိန်ဖုန်းဆက်ပြီး "မင်းအစ်မ ကဟိုဟာ လုပ်တာ မကြိုက်ဘူး။ ဒီဟာလုပ်တာ မကြိုက်ဘူး၊ ဆင်ခြင်လိုက်ပါဦးကွာ" ဆိုတာရယ်ကလွဲရင် ကျန်တာအားလုံး အဆင်ပြေတဲ့ ခရုခွံလေးပါပဲ။

ဒါနဲ့ ကျွန်တော် သူငယ်ချင်းတွေလာတော့ သူတို့အတွက် ခရုခွံ လိုက်ရှာရပြန်တယ်။ ရလိုက်တဲ့ ခရုခွံက ကိုယ့်အိမ်နဲ့ နီးနီး၊ စဘော်လည်း မပေးနဲ့ ဆိုတာနဲ့ သူငယ်ချင်းတွေအတွက် စိတ်ချမ်းသာလို့။ သူတို့ ရောက်လာပြီး တစ်လမပြည့်ခင်မှာပဲ Deposit
တောင်းပါတယ်။ "Rules အရပေါ့ကွာ၊ အစ်ကိုက အခုမှ အိမ်စ ဌားဖူးတာဆိုတော့ ပထမ မသိလို့"။ ဪ...Rules ဆိုတော့လည်း Rules အရပေါ့လေ။ ငြင်းရခက်တယ် မဟုတ်လား။ ဒါနဲ့ Deposit ပေးလိုက်ရရော။ မကြာခင်ပဲ ရေဘိုး၊ မီးဘိုးအတွက် ကြိုတင် Deposit ဆိုပြီး တစ်ယောက် ၅၀ စီတဲ့။ အလုပ်လာရှာတဲ့ သူငယ်ချင်းတွေလည်း မျက်လုံးပြူးလာပြီ။ ဒါနဲ့ပဲ...ကဲ မတတ်နိုင်ဘူး၊ ပေးပေါ့ကွာ။ ကျွန်တော့် သူငယ်ချင်းတွေ အလုပ်ရတော့ သူတို့လခက ၁ ရက်နေ့မှ ရတယ်။ ဒါပေမယ့် အိမ်လခကို လကုန်တဲ့ နေ့ ပေးကို ပေးရမယ်။ တစ်ရက် မဆိုင်းနိုင်ဘူးဆိုတော့ သူတို့တွေ မျက်လုံးထပ်ပြူး၊ ကျွန်တော့်လခကလည်း ၇ ရက်နေ့မှ ရတာဆိုတော့ စိုက်ပေးစရာ ၃ ယောက်စာ အိမ်လခက မရှိ။ လုပ်ကြပါဦး။ တခြားသူငယ်ချင်း တစ်ယောက်စီမှာ အကျိုးအကြောင်း ပြောပြီး ချေးဌား။ ဪ...စင်္ကာပူ ခရုခွံလေးတွေက တယ်လည်း Rules သကိုး။

အရမ်းကောင်းတဲ့ ခရုခွံ၊ တကယ့်ကို Shelter လေးနဲ့တူတဲ့ ခရုခွံလေးတွေလည်း ရှိပါတယ်။ ရှားတော့ရှားတယ်ပေါ့လေ။ တချို့လည်း ခင်ရာဆွေမျိုးကို ဖြစ်ပြီး မိသားစုလေးလိုဖြစ်လို့။ ဘာပဲပြောပြော အဆင်ပြေဘို့ ဆိုတာ နှစ်ဘက်စလုံးနဲ့ ဆိုင်ပါတယ်လေ။ ခရုခွံလေးဘက်ကလည်း ငါ့ဆီမှာ လာနေရတဲ့လူ၊ ငါ နေစရာပေးထားရတဲ့ လူတို့မတွေးဘဲ ငါ့အရိပ်မှာ ခဏလာခိုတဲ့ လူလို့ တွေးပေးသင့်သလို၊ ခဏတာလာရောက်ခိုလှုံတဲ့ ဘက်ကလည်း တန်ရာတန်ကြေးပေးနေတာပဲ၊ သူတို့လည်း ပိုက်ဆံလိုလို့ ဌားတာပဲဆိုတဲ့ အတွေးမျိုးဖျောက်ပစ်သင့်ပါတယ်။ တကယ်လို့သာ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ်ချင်းစာစိတ် နှစ်ဘက်စလုံးမှာ ရှိခဲ့ရင်တော့ တခါတလေ မြန်မာပြည်ကို လွမ်းပေမယ့်လည်း ခရုခွံလေးတွေက Home Sweet Home ပဲပေါ့ဗျာ။

14 comments:

Anonymous said...

ကိုယ်ချင်းစာတယ် ခရုလေးတွေကို

ဒါပေမဲ့ ကိုယ်ကိုယ်တိုင် အိမ်ပိုင်ဖြစ်ရင်တော့
ကိုယ်ချင်းစာနော် သိလား


သိချင်သူ

Myanmar Pyay Thar said...

ပြီးခဲ့တဲ့နှစ်က အသိလင်မယားအတွဲ နဲ့ ပေါင်းငှားနေတယ်။ နှစ်ပြားတစ်ပြားခွာတတ်လွန်းတာ(ဟဲဟဲ..မီးရေ ချွေတာဖို့ပြောပြီး သူတို့ကျတော့ ခိုးခိုးလျှော်ပြီး အခန်းထဲမှာလှမ်းတယ်) ဘော်ဒါစိတ် မရှိတာကလွဲလို့ အဆင်ပြေကြပါတယ်။ အဲ နှစ်ကုန်တော့ 450 များလို့ဆိုပြီး ပြောင်းသွားလေရဲ့။ ခုအဆင်ပြေလားမပြေလားမသိ။ အဲ့နောက်တော့ ဦးလေးကြီး တစ်ယောက်နေပါရစေလို့ တောင်းပန်တိုလျှိုးတာနဲ့ မိသားစု မို့လို့ အားနာနာနဲ့ မာစတာရွန်းကို ဖယ်ပေးလိုက်တယ်(သမီးအပျိုကလေးတစ်ယောက်ပါတယ်)။ တစ်ယောက် 250 နဲ့..သုံးယောက်။ နှစ်ယောက်အိပ်ကုတင်ကော၊ တစ်ယောက်အိပ်ကုတင်နဲ့ ဘီဒိုပါထည့်ပေး။ ပြီးတော့..ဖလက်တစ်ခုလုံးကို မောင်ပိုင်စီးလိုက်တော့တာပဲ။ အဲကွန်းကို 24 နာရီဖွင့်တဲ့ မိသားစုပါ။ တစ်ပါတ်မှာအားတဲ့ တစ်ရက်လောက် တီဗွီထွက်ကြည့်ရင် နေရာဖယ်ခိုင်းရတာနဲ့ ချယ်နယ်ပြောင်းခိုင်းရတာနဲ့။ တစ်ဒုံးဒုံးနဲ့ သီချင်းအကျယ်ကြီး ဖွင့်လိုဖွင့်(ဧည့်ခန်းက ပလေယာနဲ့ စော်တာပါ)။ အမေကလည်း ညစ်ပတ်လိုက်တာလွန်ရောပဲ...မီးဖိုခန်းဘေဇင်ထဲ တံတွေးထွေး နပ်ချီးညစ် (သူတို့ပြောတော့ ရန်ကုန်မှာ high class နေတယ်ဆိုလား)။ အဲ့အကျဉ်းချုံးရရင် one month notice မပါပဲ စဘော်သက်သက်ပြန်အမ်းပြီး ဆင်းခိုင်းလိုက်ရတယ်။ ထွက်သွားတော့ မာစတာရွန်းထဲက ဘေဇင်မှာ တံတွေးနပ်ချေးတွေ ခေါက်ဆွဲဖတ်တွေနဲ့..တော်တော်ကို ညစ်ပတ်စုတ်ပြတ်သတ်တဲ့ မိသားစုပါ(အဟိ..ဇွန်းတွေတောင် ဘတ်သွားသေးတယ်)။ ခုတော့ ခရုခွံလေးထဲမှာ ရန်ကုန်က အလုပ်လာရှာတဲ့သူငယ်ချင်းတွေနေကြတယ်။ အလုပ်ရရင်တော့ ပြောင်းလို့ပြောထားတယ်။ ကိုယ်က အားနာတော့ သူများကို ဟိုလိုလုပ်၊ ဒီလိုမလုပ်ရဘူး မပြောတတ်ဘူး။ လူဆိုတာက တယ်ခက်တဲ့ သတ္တ၀ါတွေမလား။

See N B Seen said...

အင်း... ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ပါဘူး အစ်ကိုရာ။ အစ်ကို့ အဖြစ်ကလည်း..ဖတ်ရတာ မသက်မသာရှိလိုက်တာဗျာ။ အရမ်းကောင်းတဲ့ ခရုခွံလေးတွေလည်း ရှိပါတယ်။ ရှားတော့ရှားတယ်ပေါ့။ ခရုခွံ ကောင်းသလောက် ၀င်ကစွပ်ကလည်း ကောင်းဦးမှဗျ၊ နို့မိုဆိုလို့ကတော့......
လာရောက်အားပေးတဲ့အတွက် ကျေးဇူးပါပဲ။

Nge said...

yes, that's right. I moved 3 times a year after I reached here. But I found 1 good owner. I 'm really really appricate this family.

kay said...

ဖတ်သွားတယ်ဗျို့... ခံစားနားလည်သွားတယ်.. ဒါ..စလုံး ရဲ့ ရိုးရာ လေ.. ရိုးရာ ကိုင်ရင်တော့.. ပြေးပေတော့။

Anonymous said...

see n be seen & myanmar pyay thar တို့ရဲ့ ခရုခွံလေးတွေအကြောင်း စိတ်ဝင်တစား ဖတ်သွားပါတယ် ။ ခုလိုပြန် share တာ ကျေးဇူးပါ ။ ဒါလည်း ဗဟုသုတ တမျိုးပေပဲး) ခရုခွံမကောင်းရင် ခံရတဲ့သူအတွက်တော့ တယ် ဒုက္ခရောက်တာပဲလို့ တွေးမိတယ် ။

Tin said...

yes , you all are correct. some people are good n some are not. But , as long as we understand each other for why we all are staying small pigeon hole ???? not b coz we wanna to ?? < or > as a stepping stone for y(our) future??? .

sawphonelu2010@hotmail.com said...

အစ်ကို ကိစ္စ က တော့ ခရု ခွံ က ဖြစ် တာ ၊ အခန်း ဖော် အချင်း ချင်း ၊ သူငယ် ချင်း အချင်း ချင်း အတူ တူ နေ ရင် လည်း ပြဿနာ တွေ ဖြစ် ကြ တာ ပဲ ။ ဝင် က စွပ် အချင်း ချင်း ကို ဖြစ် ကြ တာ ။ ကျွန်တော် က တော့ ၄ နှစ် လောက် အတွင်းမှာ ၆ နေ ရာ ပြောင်း နေ ဖူး တယ် ။ နည်း နည်း တော့ နား လည် နေ ပါ ပြီ ။ သူငယ် ချင်း တစ် ယောက် ကတော့ ပြော ဖူး တယ်။ ကိုယ့် လောက် လည်း ညစ် ပတ် မှ ၊ ကိုယ့် လောက် လည်း သန့် ရှင်း မှ နေ လို့ ရ တာ တဲ့ ။ ကိုယ့် ထက် ညစ်ပတ် ၊ သန့် ရှင်း နေ ရင် လည်း နေ လို့ မ ရ ပြန် ဘူး တဲ့ ။

December Cinderella said...

yeah, me too ..I have faced the similar problems. But, now my room is okay.. so far so good.

anyway ..we r in the same boat now.

FFOX said...

ကျွန်တော်လည်း ဒီခရုဘ၀ကမထွက်နိုင်သေးပါဘူး...
ခရုခွံတွေကလည်း ခဏတာလာနေတဲ့ခရုလေးတွေကို ကြင်နာတရားနဲ့ဆက်ဆံနိုင်ရင် ပိုပြီးသာယာတဲ့ အဝေးရောက် မိသားစုဘ၀လေးကို ရရှိနိုင်မယ်လို့ထင်ပါတယ်။ နည်းနည်းလေး ကြင်နာတရားရှိရင်ကို ရနိုင်ပါတယ်...ငွေမျက်နှာတော့ ခဏမေ့နိုင်ရင်ပိုကောင်းတာပေါ့....ဒါပေမယ့်.......
ကိုယ့်ဖက်ကလျှော့ပေးပေမယ့် ခရုခွံလေးတွေက ညစ်လာတော့ ကျွန်တော်တစ်ခါတစ်လေ တော်တော်စိတ်ညစ်ဖူးခဲ့တယ်.
ခရုခွံပြောင်းချင်ပေမယ့် ခရုခွံက ၀င်ကတည်းက ၀င်ကြေးကောက်ထားတော့ ပြန်ရဖို့လမ်းလည်း မရှိဆိုတော့ သည်းခံပြီးနေနေရတယ်... ၀င်ကစွတ်ချင်းအတူတူ ပေတေနေပြီး အလိုက်မသိတဲ့အဖော်တွေလည်းရှိဆိုတော့... သြော်...တစ်ခါတစ်လေတွေးကြည့်တော့ ကိုယ်ကပဲ ခံနေရတာများနေပါလားလို့....တွေးရင်းနဲ့..နေပါစေတော့...
သူ့ကုသိုလ်ကံနဲ့သူဖြစ်သွားမှာပါဆိုပြီး လျှော့လိုက်ရတယ်...(ကိုယ်ကိုတိုင်မှ ခရုခွံလေးမပိုင်ဆိုင်နိုင်သေးတာကိုး...)

အဝေးရောက် ခရုခွံလေးနဲ့ ခရုလေးတွေအတွက်...

(အခုလိုခရုခွံလေးနဲ့ခရုလေး Post ကိုတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ခုလိုနည်းနည်းရေးပြောလိုက်ရတော့..ခံစားရတာ နည်းနည်းသက်သာသွားတာပေါ့..)

diLo said...

inn naw..Sg with its many attractions also have such problems for us..!
nevertheless jia you!!!somehow ..we have to make the best oout of it .hoat?

JulyDream said...

ခရုခွံပို့စ်လေးက အတော်ကောင်းတယ်ဗျာ။
ကိုယ်ပိုင်အိမ် မ၀ယ်နိုင်သေးတဲ့ဘ၀မှာ သည်းခံရတာက အများသားဗျ။ တခါတလေ အိမ်ရှင်က အဲဒီလောက် မဟုတ်ပဲ အိမ်မှာ အတူနေတဲ့ အခန်းဖော်တွေ ပညာပြတာတွေ ရှိတတ်တယ်လေ။

အင်း ဘာပဲဖြစ်ဖြစ် သည်းခံပေးရတာပါပဲ။

hunt said...

ကျွန်တော်တိုမလေးရှား ကခရုခွံ 70% နန်ကတော့ သူဋ္ဌေး တွေရဲ့ဟာတွေပါ ဒီမှာကတော့ သူဋ္ဌေး ကိုမပိုင် ရင်တေခိုးနေပေါ့ ပိုင်တဲ့လူကတော့ဒီလိုဘဲ နေလို့ရပါတယ် ....http://www.zorpia.com/huntaung

minlu said...

4 sar par tal byar.................di htet pyaw sa yar ma shi dot par woo..........pyaw bo ma loz dot ag ko kg nay loz par..............................:)