Thursday, August 14, 2008

လိုက်လို့ရယ်တဲ့ မမှီ


ကိုယ့်ဘ၀မှာ ကိုယ်တိုင်ကြုံဘူးတွေ့ဘူးပြီး ဒီနေ့အထိ "ဘာဖြစ်လို့ဒီလိုဖြစ်ရတာပါလိမ့်" လို့ စဉ်းစားနေမိတာတွေ အများကြီးရှိပါတယ်။ ဒီအသက်အရွယ်ရောက်တဲ့ အထိ "ဘယ်လိုပါလိမ့်" ဆိုပြီး အဖြေရှာမတွေ့နိုင်တဲ့ အတွေးစလေးတွေ ဆိုပါတော့။ ပထမဆုံး တစ်ခုကတော့ ကိုယ်ငယ်ငယ်က တွေ့ဘူးတဲ့ လက်သည်းခွံလေးပေါ်မှာ သူခိုးဖမ်းတဲ့ ပညာရပ်တစ်ခုပါ။

ကိုယ့်အသက် ၁၁ နှစ်လောက်တုန်းကပေါ့။ ကိုယ့်အဒေါ်အိမ်မှာ အဖိုးတန် ပစ္စည်းတစ်ခုပျောက်ပါတယ်။ အဲဒီအချိန်တုန်းက အဒေါ်အိမ်မှာ ဧည့်သည်တွေအများကြီး ပြန်သွားခါစ။ အဒေါ်က ပစ္စည်းကို နှမြောတာထက် ဘယ်သူကလုပ်ရက်တယ် ဆိုတာကို ပိုသိချင်တာပါ။ ဒါနဲ့ပဲ ကိုယ်တို့မောင်နှမ ကလေးငယ် (၄) ယောက်ကို ခေါ်ပြီး သူခိုး ဘယ်သူဆိုတာ သိနိုင်တယ်ဆိုတဲ့ ပုဏ္ဏားကြီးဆီ သွားပါတယ်။


ပုဏ္ဏားရဲ့ အိမ်က ခြေတံရှည် သေးသေးလေးပါ။ သူ့ဆီမှာ သမီးလေးတစ်ယောက်ရှိတယ်။ တကယ်တော့ အဲဒီ သမီးလေးရဲ့ လက်သည်းခွံပေါ်မှာ ကြည့်ရတာပါ။ ဒါပေမယ့် အဒေါ်က ကိုယ်တို့ကလေး (၄) ယောက်လုံးနဲ့ အရင်စမ်းကြည့်ပြီး ကိုယ်တို့တွေ မမြင်ရမှ အဲဒီ ပုဏ္ဏားသမီးနဲ့ ကြည့်မယ်လို့ တောင်းဆိုပါတယ်။ ပုဏ္ဏားက ပထမဆုံး ကိုယ့်အစ်မရဲ့ ညာဘက်လက်မ လက်သည်းခွံပေါ်မှာ ဆေးအပြာလေးတွေ ဆိုးလိုက်ပါတယ်။ ပြီးတော့ ပွစိပွစိနဲ့ ဘာတွေရွတ်လဲ မသိပါဘူး။ ကိုယ့်အစ်မကလည်း ပြူးပြီးသူ့လက်မကို ကြည့်နေတာပါပဲ။ ဒါပေမယ့် သူဘာမှ မမြင်ရပါဘူး။ ပြီးတော့ ကိုယ့်အလှည့်။ ကိုယ်လည်း ကိုယ်လက်မထဲကို အရမ်းကို အာရုံစိုက်ပြီး သေချာကြည့်တာပါပဲ။ ဒါပေမယ့် အပြာရောင်ကြီး ဖြစ်နေတာက လွဲလို့ ဘာမှ မမြင်ရပါဘူး။ တတိယမြောက် ကလေးရဲ့ အလှည့်ကျတော့ ဆေးဆိုးပြီး ပုဏ္ဏားလည်း ရွတ်လိုက်ရော အဲဒီကောင်က "ဟာ...အန်တီဘယ်သူ" ဆိုပြီး ထအော်ပါလေရော ။ ပြီးတော့ ကြောက်အားလန့်အားနဲ့ သူ့လက်မကဆေးတွေကို အကျီ င်္နဲ့ သုတ်ပစ်လိုက်ရော။ တော်တော်လန့်သွားတဲ့ပုံပါပဲ။ သူပြောတာတော့ လက်မပေါ်မှာ မျက်နှာချည်းပဲ အကြီးကြီး ရုပ်ရှင်ပိတ်ကားလိုပေါ်လာတာဆိုပဲ။ သူ့ကို နောက်တစ်ခါ ထပ်ကြည့်ခိုင်းတော့ အကြောက်လွန်ပြီး မကြည့်ချင်တော့ဘူးဆို ငိုပါလေရော။ သူငိုတော့ နောက်ဆုံးတစ်ယောက်ကလည်း မလုပ်ချင်ဘူးတဲ့။ ကိုယ်ဖြင့် မခံချိမခံသာ ဖြစ်လိုက်တာ။ ကိုယ့်ကျ မမြင်ရဘူး။ စပ်စုဆိုတော့ မြင်ဘူးချင်တာလေ။ ဒါနဲ့ပဲ အဒေါ်က ပုဏ္ဏားသမီးလေးကို ကြည့်ခိုင်းလိုက်တယ်။ သူပြောပြတာ နားထောင်ရတာ တကယ်ကို ရုပ်ရှင်တစ်ခုကို ပြန်ပြောနေသလိုပါပဲ။ ပြောပုံက... အိမ်ရှေ့မှာ မဲမဲလုံးလုံး အမျိုးသမီးတစ်ယောက် တံမြက်စည်းလှည်းနေတယ်။ အိမ်ဖော်ကို ပြောတာပါ။ အချိန်က မနက်စောစော။ ဧည့်ခန်းက နာရီက ၆း၃၀ တဲ့။ အသားဖြူဖြူ၊ ဆံပင်ကောက်ကောက် နဲ့ အမျိုးသမီး၊ မျက်နှာပုံစံ အတိအကျ၊ မှဲ့ ပါတာတောင် ပြောသေး။ အဲဒီ အမျိုးသမီး ထွက်လာပြီး ခုနက မဲမဲလုံးလုံး နဲ့ ရယ်ပြတယ်။ ပြီးတော့ စင်္ကြလမ်းလေးတစ်ခုထဲ လျှောက်ဝင်သွားပြီး ဘေးဘီကို ကြည့်တယ်။ ဘီဒိုဖွင့်ပြီး ပစ္စည်းယူတယ်။ အိတ်ထဲ ထည့်တယ်။ ပြီးတော့ ကား (အရောင်၊ အမျိုးအစား) အတိအကျနဲ့ ထွက်သွားပြီတဲ့။ ပြီးတော့ ဈေးကိုရောက်တယ်။ (ဈေးနာမည် အတိအကျ) နဲ့။ ဈေးက နာရီစင်က ၇း၀၀ နာရီ ထိုးခါနီးနေပြီတဲ့။ ဆိုင်တစ်ခုရှေ့ မှာ ရပ်တယ်တဲ့။ အဒေါ်က ဆိုင်နာမည်နဲ့ နံပါတ်ကြည့်ပေးပါဆိုတော့ နံပါတ်ပြောတယ်။ ဈေးညိုနေကြတယ်တဲ့။ ဆိုင်ရှင်က လက်နှစ်ချောင်း ထောင်ပြတယ်။ သူက သုံးချောင်း ထောင်ပြတယ်တဲ့။ ဈေးတည့်သွားပြီ။ ပိုက်ဆံယူလိုက်ပြီ။ ပြန်သွားပြီတဲ့။ ကဲ... မဆန်းဘူးလား။

မယုံသေးတဲ့ အဒေါ်က အဲဒီဆိုင်ရှေ့ထိ ရောက်အောင်သွားပြီး သူ့ပစ္စည်းကို ဈေးမေး၊ လာရောင်းသွားတဲ့လူပုံစံတွေမေး လုပ်နေသေးတာ။ တိတိကျကျကြီးကို ရှာတွေ့တာပါပဲ။ အဒေါ်က သူသိချင်တာသိသွားပြီး ဇာတ်လမ်းက ပြီးသွားပေ့မယ့် ကိုယ်က ဒီနေ့အထိ ကိုယ်ကျတော့ ဘာလို့ မမြင်ရတာလဲ။ သူလိမ်းလိုက်တဲ့ လက်သည်းပေါ်က ဆေးကဘာလဲ။ သူက လက်မကို ကြည့်ပြီး ပွစိပွစိ ရွတ်လိုက်ယုံနဲ့ တစ်ပတ်အတွင်း အခိုးခံရတဲ့ ပစ္စည်းနဲ့ ခိုးနေတဲ့ အချိန်ကို ရုပ်ရှင်ကြည့်သလို ဘာမဆိုင်၊ ညာမဆိုင်တဲ့ သူ့သမီးကျမှ မြင်ရတာလဲ အစုံပါပဲ။ ဒါကြောင့်ပေါ့...လိုက်လို့မမှီပါဘူးဆိုနေဗျာ။

နောက်တစ်ခုကတော့ သူများပြုစားခံရတဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်ပါ။ သူစားမယ့် မုန့်ဟင်းခါးကို ဈေးသည်ဆီက ယူပြီး သူ့ကိုပေးတဲ့ အချိန်ခဏလေးမှာ ပြုစားတဲ့လူက ဟင်းရည်ကို လက်ညိုးလေးနဲ့ တောက်လိုက်တာတဲ့။ လွယ်လိုက်တဲ့ ဖြစ်ခြင်း။ ဒါပေမယ့် ကိုယ့်သူငယ်ချင်း ခံရတာတော့ နှစ်ပေါင်းများစွာ။ သူ့ခံစားရတဲ့ ဝေဒနာက နာမည်တပ်ရခက်ပါတယ်။ သက်ရှိတွေအကုန် သက်မဲ့တွေလို့ ထင်ပြီး သက်မဲ့တွေအကုန်ကျတော့ သက်ရှိတွေလို့ထင်တာပါ။ ဥပမာ ကားတွေ၊ အိမ်တွေကို သူက အကောင်တွေလို့ ထင်တာပါ။ ဒီတော့ သူက လူတွေနဲ့က လွဲရင် သက်မဲ့တွေကို စကားပြောပါတယ်။ သူ့အိမ်က ဦးနှောက်နဲ့ အာရုံကြော သမားတော်နဲ့ ကုတာ ဘာရောဂါမှ ရှာမတွေ့ဘူး။ ဒီထက်ဆိုးတာက လုံးဝ မဆဲတတ်၊ ကြမ်းကြမ်းတမ်းတမ်း မပြောတတ်တဲ့ သူက ဘုရားစင်ရှေ့ထိုင်ပြီး ဘုရားကို မဟုတ်မရုတ်တွေ၊ ညစ်ညမ်းတာတွေ အကုန်ဆဲတာပါ။ ကိုယ်က သူများပြုစားတာတွေ အစက မယုံပါဘူး။ သူ့ကိုတွေ့ဘူးမှ ယုံတာပါ။

သူ့အိမ်ကဆရာခေါ်ပြီး ကုတဲ့နေက ပိုဆိုးသေး။ ဆရာက အိမ်ထဲ မ၀င်ဘူး။ အိမ်ရှေ့ကနေ့ ဘာလုပ်ရမယ်ဆိုတာပဲ ပြောတာ။ ပထမဆုံး ဧည့်ခန်းထဲမှာရှိတဲ့ မယ်တော်ကြီး ဂမုန်းပင်ကြီးကို အမြစ်ကနေတူးပြီး အောက်ကို ကြည့်တဲ့အခါ အင်းချထားတဲ့ ကြေးပြားလေးတွေ အများကြီးပဲ။ စီစီရီရီနဲ့။ ဘယ်လိုမှ ကိုယ်တိုင်လာပြီး စီစီရီရီ ထည့်ဘို့ မဖြစ်နိုင်တဲ့ ပုံစံမျိုးပါ။ ဆရာက ပြောတာတော့ ဒါတွေက ညဘက်မှ ပျံလာပြီး ဒီပန်းအိုးထဲမှာ ၀င်နေတာတဲ့။ သူပြောလို့တာ ယုံရတယ်။ ကိုယ်ဖြင့် စဉ်းစားလို့မရ။ ပြီးတော့ သူတို့ မသိဘဲ ဘုရားစင်ပေါ်မှာ ရောက်နေတဲ့ ဆံပင်လုံးတွေ၊ သွေးစွန်းနေတဲ့ ဓါတ်ပုံတွေ၊ အစုံပဲ။ ဆရာပေါင်းစုံ၊ ကုသနည်းပေါင်းစုံ အကုန်ပဲ။ ပုပ္ပါးအထိ သွားပြီး ကျောကို ထောက်ပြီး ကုတော့လည်း ဆံပင်တွေ အန်တယ် ဆိုပဲ။ နောက်ဆုံးတော့ ဆရာတော်ကြီးတစ်ပါး မန်းပေးလိုက်တဲ့ ဆေးနဲ့ ပျောက်သွားပါတယ်။ အဲဒီရောဂါကြီးကို ကိုယ့်သူငယ်ချင်းက ၅ နှစ်လောက်ခံရတာပါ။ ကိုယ်လိုက်မမှီတာက ဒီလောက် ကပြောင်းကပြန် ဖြစ်နေတဲ့ စိတ်နဲ့ ကျောင်းတက်တာတောင် ၅ နှစ် ဆက်တိုက် သူချည်းပဲ Roll 1 ရတာကိုပါ။ သူက ကိုယ့်ကို အရမ်းခင်တာ။ ကိုယ်ကလည်း သူ့ရောဂါတွေကို သိနေလို့ အစစအရာရာ သည်းခံပြီး ဘယ်သူနဲ့ မှ အဆင်မပြေတဲ့ သူ့ကို အတိုက်အခံလုပ်ပြီးကို ပေါင်းခဲ့တာ။ သူငိုလိုက်၊ ဆဲလိုက်၊၊ ကားတွေ၊ ဆိုင်ကယ်တွေကို နှုတ်ဆက်လိုက်၊ စာကျက်လိုက် လုပ်နေတာပဲ အမြဲတွေ့နေတာ။ ပြီးတော့ အောင်စာရင်းထွက်ရင် သူကထိပ်။ ပြီးတော့ပြောသေးတယ်။ ငါ NO 1 ရရင်ပျော်တာ နင်တစ်ယောက်တည်း ရှိတယ်တဲ့။ ဟုတ်တယ်လေ။ သူ့ဘ၀အခြေအနေမှာ ပျော်စရာဒါလေးဘဲ ရှိတာ မဟုတ်လား။ အဲဒါပေါ့...တကယ်လိုက်လို့ကို မမှီပါဘူး ဆိုနေဗျာ။

နောက်တစ်ခုလိုက်မမှီတာကတော့ ကိုယ်ရဲ့ပိတုပါ။ ကျွန်တော့်အဖေက အရက်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်တတ်ပါတယ်။ များသွားရင်လည်း အလွန်သွေးဆိုးတတ်တာပါ။ သူများလို ဆဲတာ၊ ဆိုတာ၊ ရိုက်တာ၊ နှက်တာမျိုး မဟုတ်ပါဘူး။ ဘယ်လိုပြောရမှန်းမသိတဲ့ သည်းထိတ်ရင်ဖိုတွေလုပ်တာပါ။ အရက်တွေအရမ်းမူး၊ လူကဖြင့် ဒေါင်ချာဆိုင်းနေပြီ။ အဲဒီအချိန် ညကြီးသန်းခေါင် အိမ်မှာ ရှိတဲ့ တော်တော်နက်တဲ့ ရေတွင်းကြီးထဲ ဆင်းသွားတာမျိုးပါ။ လှေကားနဲ့ ဆင်းရတာမျိုး မဟုတ်ဘူးဗျာ။ ဘေးနရံက အထစ်တွေကို ခြေနဲ့ ကန်ပြီးဆင်းသွားတာ။ ပြီးတော့မှ ရေတွင်းထဲကနေ ချမ်းပြီဆို ကုန်းအော်တာ။ အမေနဲ့ ကလေးတွေကဘာနဲ့ ဆင်းဆယ်ရမှန်းမသိ၊ ဆင်းတုန်းက တိတ်တိတ်လေးဆင်းသွားတာလေ။ တကယ်လို့များ ချော်ကျ၊ ပြုတ်ကျ မူးမူးနဲ့ ရေနစ်နေရင် ဘယ်သူကဆင်းကယ်နိုင်မှာလဲ။ တွင်းနှုတ်ခမ်းကနေ အမေရာ၊ ကလေးတွေရော ငိုယိုရှိခိုးတောင်းပန်ရတာ။ တစ်ထစ်ချင်းသူပြန်တတ်လာတဲ့ အချိန်စောင့်ကြည့်နေရတဲ့ မိသားစုရင်ထဲ ဘယ်လိုရှိမလဲ။ တထိတ်ထိတ်နဲ့ ပူပန်ရတဲ့ခံစားမှု။ စဉ်းစားသာကြည့်ကြပေတော့။

တခါတလေကျတော့လဲ ကားတောင်မမောင်းနိုင်လောက်အောင်မူးပြီးပြန်လာ၊ အပေါင်းအသင်းတွေလည်း ပြန်သွားရော၊ သူဘယ်ရောက်သွားပါလိမ့်လို့ အမေကလိုက်ရှာ။ အမယ်လေး...အုန်းပင်ပေါ်မှာ အုန်းသီးတက်ချိုင်နေတာဗျို့။ ပြီးတော့ ကလေးတွေ အကုန်နိုး၊ အုန်းသီးစားရအောင်တဲ့လေ။ အမေနဲ့ ကျွန်တော်တို့ အုန်းပင်အောက်ကနေ မော့ကြည့်၊ အရမ်းကာရော တောင်းပန်ပြီး ပြန်ဆင်းခိုင်းရတာ။ သူပြုတ်ကျမှာ ကြောက်ရတဲ့ စိတ်နဲ့၊ အိပ်ချင်မူးတူး၊ ညသန်းခေါင်ထစားရတော့ အုန်းသီးလည်း ဘာအရသာမှန်း မသိပါဘူး။ မစားရင်လည်း စိတ်တိုပြီး ဒေါသတွေထွက်ဦးမယ်။ စားကောင်းတယ်ပြောရင်လည်း နောက်တစ်ခါထပ်တက်ဦးမယ်။ အဲဒီလို သည်းထိတ်ရင်ဖို အုန်းသီးတွေ စားရလွန်းလို့ အုန်းထမင်း၊ အုန်းနို့ခေါက်ဆွဲ၊ အုန်းသီးနဲ့ လုပ်တဲ့ မြန်မာမုန့်တွေ ဘာတစ်ခုမှ မကြိုက်တဲ့ အထိပါပဲဗျာ။

ကျွန်တော်တို့ အိမ်ပြောင်းတော့ အမေက အုန်းပင်မပါတဲ့ အိမ်၊ ရေတွင်းမရှိတဲ့အိမ်ကို ရွေးပြီးဝယ်ခဲ့တာပါ။ ခေါင်မိုးပေါ်မှာ လသာဆောင်လေးပါလို့ ကျွန်တော်တို့ အားလုံး လသာတဲ့ညတွေဆို လေညင်းခံရ၊ ကြယ်လေးတွေကြည့်ကြနဲ့ အိမ်အသစ်မှာ အဖေလည်း ငြိမ်နေတာပေါ့။ သူဆင်းစရာတွင်း၊ တက်စရာအုန်းပင်တွေမှ မရှိပဲကိုး။ တစ်ရက်တော့ အမေက အိပ်ယာထဲကို သုတ်သီးသုတ်ပျာလာနိုးပါတယ်။ "ထ...ထ..နင့်အဖေ ဂျိမ်းစ်ဘွန်း လုပ်နေပြန်ပြီ" တဲ့လေ။ အဖေဘာလုပ်နေတယ်မှတ်လဲ။ လသာဆောင်ကနေ တဆင့်ဆက်နေတဲ့ အိမ်ခေါင်မိုးပေါ်ကို အမြင့်ဆုံးအထိ ရောက်အောင်တက်၊ အိမ်ခေါင်မိုးအစွန်းလေးမှာ လေတ၀ူးဝူးနဲ့ လွင့်နေတာ။ သူ့ကိုသူ သိုင်းလောကဂိုဏ်းချုပ်စတိုင်နဲ့လေ။ တကယ်...အိပ်ချင်စိတ်ဆိုတာ ဘယ်ရောက်သွားမှန်းမသိဘူး။ နဲနဲလေးယိုင်သွားတာနဲ့ ပြုတ်ကျပြီပဲ။ နောက်နေ့မနက် အမူးပြေလို့ သူ့ကိုမေးကြည့်။ ငါ ဒါမျိုးတွေ မလုပ်ပါဘူး။ မဖြစ်နိုင်ပါဘူး တဲ့။ ဇွတ်အတင်းငြင်းတာ။ အရက်မသောက်တဲ့အချိန်ဆို အသည်းက ငယ်လိုက်တာ ပြောမနေနဲ့တော့။ အုန်းပင်တက်ဖို့ ဝေလာဝေး။ ကုလားခေါ်ပြီးတက်ခိုင်းတဲ့။ အုန်းပင်ပြင်တဲ့ အမျိုးမဟုတ်ဘူးကွ။ ယောင်္ကျား အမြင့်ကြောက်တာ မသိဘူးလားတဲ့။ ရေချိုးဖို့ စပ်ပေးထားတဲ့ ရေများပူနေရင် မချိုးဘူးစောင့်နေသေးတာ။ နည်းနည်းမှ သတိမလွတ်ဘူး။ တခါတလေ အမေက တစ်ယောက်စီ အကြိုက်လိုက်ချက်ရင်း ဟင်းစပ်က ကမောက်ကမ ဖြစ်သွားကြည့်။ "မိန်းမ...မင့်ကဘာသဘောလဲကွ။ ၀က်သားနဲ့ မျှစ်ချဉ်၊ ကြက်ဟင်းခါးသီး၊ ငါးချဉ်သုတ်တဲ့သဘောက ယောင်္ကျားကို မျှင်းပြီးသတ်နေတာလား။ အနီးကပ် ရန်သူကို သတိထားဆိုတဲ့ စကားတယ်မှန်တာပဲ" တဲ့။ အမေက ရီပြီး "မင်းကို ဘယ်သူက အမျိုးစုံ အကုန်စားခိုင်းလို့လဲ။ သားသမီးတွေစားချင်လို့ ချက်ထားပေးထာကြိုက်တာပဲရွေးစားပေါ့" လို့ပြောရင် "ဟ...ချက်ထားမှ တော့စားချင်တာပေါ့ကွ။ တန်ဆေး၊ လွန်ကောင်း၊ များ ဘဲရီးဂွတ်" တဲ့။ ပြီးရင် ဆေးတွေသောက်ပါတော့တယ်။ အခုအသက် ၆၀ နားနီးလာတော့ ဒါမျိုးတွေ မလုပ်တော့ပါဘူး။ တခါတရံ အရမ်းမူးမှ ညကြီးမှောင်မည်း ဆိုင်ကယ်စီးပြီး မန္တလေးနဲ့ မေမြို့ ကို အတက်အဆင်း လုပ်ရုံလောက်ပါပဲ။

10 comments:

Anonymous said...

ဟားဟား မင်းအဖေအကြောင်းရေးတာ ရယ်လိုက်ရတာ ။

ဟို သူခိုးဖမ်းတာနဲ့ လူပြုစားတာဖတ်ပြီး စိတ်ထဲ ယုံရမလို မယုံရမလို... တမျိုးပါပဲ ။

အမလည်း မြန်မာပြည်မှာ အကြားအမြင် တခါ မေ၂ တို့နဲ့ မေးဖူးတယ် ။ ကိုယ်မေးချင်တဲ့ မေးခွန်းကို စာရွက်သေး၂လေးထဲ ကိုယ့်ဘာသာရေးပြီး လက်ချောင်းကြားထဲ လိပ်ပြီး ကိုင်ထားရတာလေ ။ ဟောတဲ့ ဗေဒင်ဆရာမက ကိုယ်ဘာမေးထားတယ်ဆိုတာ အဲဒီစာရွက်ကို မကြည့်ဘဲ တမ်း ဟောနိုင်တယ် ။ အံ့ကိုအောရော ။

ခုထိ အဲဒီကိစ္စကို စဉ်းစားတုန်း ... အဲဒီတုန်းက စာရွက်ကိုလည်း သူ ပေးတဲ့ စာရွက်မှာပဲ ရေးရတယ် .. နောက် မှင်နီမသုံးရ .. နောက် လိပ်ပြီး လက်ချောင်းကြားမှာ ထားရတယ် ။ အဲလိုစည်းကမ်းတွေက ပါသေး ။ တချို့ ကတော့ သူ က သရဲတွေကို မွေးထားပြီး ပြောခိုင်းတယ် ပြောတာပဲ ။ အဲဒီ ဗေဒင်ဆရာမ နောက်ကျတော့ နိုင်ငံခြားရောက်ပြီး .. ဟောတာ သိပ်မမှန်တော့ဖူး ၊ သူ့ အချိန် မဟုတ်တော့လို့လို့ ပြောတာ ကြားဖူးတာပဲ ။ ယုံရ ခက်၂ တွေပါပဲကွာ ... ။ မယုံလို့လည်း ကိုယ်တွေ့ ဆိုတော့ မဖြစ်ပြန် .... ။

khin oo may said...

အပြောကောင်း။

P.Ti said...

စာအရေးအသားကောင်းလို့ လာဖတ်ဖြစ်ပါတယ်။
အဲလိုထူးဆန်းတာတွေကိုတော့ ကြားရုံပဲကြားဖူးပါတယ်။ မကြုံးဖူးသေးဘူး၊ ကျွန်တော်လည်း အဲဒါတွေကို စပ်စုချင်တယ်။း)

အဖေ့အကြောင်းရေးထားတာ စိတ်ဝင်စားစရာပဲနော်။ မူးရင်လုပ်ရဲပြီး အမှားအယွင်းလည်းမရှိဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင်မသိဘူး။
ကြားဖူးတာကတော့ ဟန်ဆောင်ထားတဲ့ အတွင်းထဲကစိတ်တွေက မူးတဲ့အချိန်မှာ ပေါ်တတ်တယ်တဲ့။ ဥပမာ သာမန်အချိန်မှာ အေးဆေးပြီး မူးတဲ့အချိန်မှာ သွေးဆိုးရင်.. အဲဒီလူရဲ့ အတွင်းစိတ်က ဆိုးတယ်လို့ပြောတာပါ။

ကျွန်တော့်ဦးလေးတယောက်ဆို.. သာမန်အချိန်မှာဆို အေးအေးဆေးဆေးပဲနေတယ်၊ အရက်သောက်ရင်တော့ အနားပတ်ဝန်းကျင်မှာ အော်ဟစ်ဆဲဆိုနေတတ်တော့တာပဲ။ သူမကျေနပ်တဲ့လူတွေအိမ်တွေကိုသွားပြီး ဓားကြိမ်းကြိမ်းတတ်သေးတယ်…

Conello said...
This comment has been removed by the author.
Conello said...

ဘာတဲ့"တခါတရံအရမ်းမူးမှညကြီးမှောင်မည်းဆိုင်ကယ်နဲ့ မန္တလေးနဲ့ မေမြို့ ကိုအတက်အဆင်း လုပ်ရုံလောက်ပါပဲ"တဲ့တွေးရင်းတွေးရင်းလန့် လာပြီဗျ။

ဇနိ said...

စာရေးကောင်းတယ်
ထူးထူးဆန်းဆန်းတွေ ဖတ်ရတယ်..
း)

nu-san said...

အကြားအမြင်ပညာတွေက တကယ်ရှိလား မရှိဘူးလားဆိုတာ ပြောရခက်တယ်နော်။ သူ့ဟာသူတော့လည်း မှန်နေကြတာပဲ။ တချို့လည်း အတော်လေးယုံယုံကြည်ကြည် မေးတဲ့သူတွေလည်း တွေ့ဖူးတယ်။ ပြုစားတာတွေ၊ အောက်လမ်းနည်းတွေရော။ အမကတော့ ဘာနည်းကိုမဆို ကြောက်တယ်။ တချို့လည်းလေချွန်နတ်တဲ့။ သေသွားတဲ့သူနဲ့ စကားပြောလို့ရတယ်ပြောတာ ကြားဖူးတယ်။ ဒါပေမယ့် အခုပို့စ်ထဲက အကြောင်းအရာတွေက တကယ်ထူးဆန်းတယ်။ အင်း. လောကကြီးမှာ ကိုယ်မသိတာတွေ အများကြီးပါပဲ..

ခင်မင်းဇော် said...

လာဖတ်ဖြစ်တာ နောက်တောင် ကျနေပါပကော.. ခုလိုလေးတွေလဲ လုပ်ပါဦးနော်... စိတ်ဝင်စားစရာ နဲ့ ရယ်စရာ မောစရာတွေ ပဲ မဟုတ်လား..။
မိသားစု ဆိုတာ ဒီလိုပဲလေ...

အမတို့ ဖက်မှာလဲ ကြားဖူးတယ်။ ဖန်ခွက်ဖင်မှာ မှိုင်းတိုက်လိုက်ပြီး ကြည့်ရတာ။ ခိုးတဲ့လူ ခိုးနေတာကို ရုပ်ရှင်လိုပဲ ပြန်မြင်ရတာတဲ့။ အမတို့ အိမ်သူခိုးခိုး ခံရတုန်းက အမ အဖေ သွားကြည့်ခဲ့တာ။

သက်ဝေ said...

တကယ်ထူးဆန်းတဲ့ လောကကြီးမှာ ကိုယ်မသိတာတွေ အများကြီးပါပဲနော်...

See N B Seen said...

ဟုတ်ပ မဂျစ်တူးရေ...အဖေကတော့ သူ့တပည့်တွေ နောက်ကွယ်မှာခေါ်တာ မိုက်ကယ်ရှက်ခ်ဘဲကြီးတဲ့။ အမပြောတာ ET ဆိုတာများလား။

မခင်ဦးမေလည်း အပြောကောင်းပါ့။ ကျွန်တော်နေ့တိုင်းလာဖတ်ပါတယ်။

ကိုပီတိ...ကျေးဇူးပါဗျာ။ အရက်မူးရင်လူတချို့လည်း ပြောင်းပြန်ဖြစ်သွားတတ်ကြတယ်။

ကို Phyo Thet ဟားဟား မလန့်ပါနဲ့ဗျာ။ ကျေးဇူးပါ ဇနိ။ နောက်လည်းလာလည်ပါဦးဗျာ။

အစ်မနုစံရေ... လေချွန်နတ်ကို ကျွန်တော်လည်း ရွှေဘိုသွားတုန်းက တွေ့ဖူးတယ်။ ဘုရားစင်နောက်မှ အသံထွက်တာပဲ။ ရန်ကုန်မှာလည်း သေသွားတဲ့ သူနဲ့စကားပြောလို့ရတဲ့ နေရာရောက်ဖူးတယ်။ သူငယ်ချင်းအဘွားလေ။ အဲဒီအခန်းကျယ်ကြီးထဲမှာ သေပြီးသားလူတွေနဲ့ တွေ့လို့ ငိုတဲ့လူကငို၊ ရီတဲ့လူကရီနဲ့။ ကျွန်တော်တောင် တရားကျမိသေး။

သက်ဝေခင်ဗျား... comment လေးချန်ထားပေးခဲ့တာ ကျေးဇူးပါ။

အစ်မ ခင်မင်းဇော်ရေ.. ဟီးဟီး ပုလင်းဖင် မီးတိုက်ပြီး ကြည့်ရတယ်လား။ ကျွန်တော် မြင်ဖူးချင်လိုက်တာ။ ကျေးဇူးပါ အစ်မရေ။ အစ်မအားပေးတာနဲ့ ကျွန်တော် အိပဲ့အိပဲ့ ချီတက်နေပါတယ်။