Saturday, September 11, 2010

စေတနာ အဆုံးအဖြတ်

ပဒုမုတ္တရမြတ်စွာဘုရားလက်ထက်တော်၌ ခရီးသွားယောက်ျားတစ်ယောက်သည် အမိုးအကာမရှိသဖြင့် နေပူလျက်ရှိသော ဆင်းတုတော်တစ်ဆူ တွေ့သည်နှင့် မိမိစီးလာသောဖိနပ်ကိုချွတ်၍ ဆင်းတုတော်၏ ဦးခေါင်းထက်တွင် တင်ထားခဲ့၏။ များမကြာမီ အခြားခရီးသည် ယောက်ျားတစ်ယောက်ရောက်လာ၍ အမြင်မတော်အလုပ်ကို လုပ်ရက်လေခြင်းဟု ရေရွတ်ကာ ဖိနပ်ကိုလှမ်းယူကာ လွှင့်ပစ်ခဲ့သည်။ ထိုအပြုအမူအတွက် ကြောင့် ၎င်းခရီးသည်အသီးသီးမှာ မည်ကဲ့သို့ အကျိုးပေးသည် ထင်ကြသနည်း။

ဖိနပ်ကို ဆင်းတုတော်မှ ကောက်ယူလွှင့်ပစ်သော ခရီးသည်သာလျှင် ကောင်းကျိုးပေး၍၊ ဆင်းတုတော်၏ ဦးခေါင်းထက်ဝယ် ဖိနပ်မိုးတင်ထားခဲ့သော ခရီးသည်မှာ အ၀ီစိသို့ ကျသည်ထင်ကြသလော။ မဟုတ်ချေ။ ဤသူနှစ်ဦးစလုံးမှာ သေလွန်သောအခါ တာဝတိသာ နတ်ပြည်သို့ရောက်ကြသည်ဟု ကျမ်းအဆိုရှိလေသည်။ ဆင်းတုတော်၏ ဦးခေါင်းထက်ဝယ် ဖိနပ်မိုးတင်ခဲ့ခြင်းတည်းဟူသော အပြုအမူသည် အခြားသူများ၏ မျက်စိ၌ အမြင်မတော်ဟု ဆိုကြမည်ဖြစ်သော်လည်း ထိုသူ၏စေတနာမူကား နှယ်နှယ်မဟုတ်ပေ။ ဆင်းတုတော်၏ မျက်နှာ၌ နေပူခြင်းကို မကြည့်ရက်သည်နှင့် ဖိနပ်ကိုချွတ်တင်ပြီး မိမိကိုယ်တိုင်ခြေပူခံ၍ လမ်းလျှောက်ခဲ့ခြင်းဖြစ်လေသည်။ ဤစာကိုတွေ့ရပြီးသည့်အချိန်မှစ၍ ကျွန်ုပ်အဖို့မှာ လူတစ်ဦးတစ်ယောက်၏ အပြုအမူနှင့် ပတ်သက်၍ အဆောတလျင် ဆုံးဖြတ်ချက် မပေးဝံ့တော့ဘဲ အကြင်သူ၏ ရည်ရွယ်ချက်စေတနာကို နားလည်အောင် စူးစမ်းဆင်ခြင်သော အလေ့အထ ဖြစ်ပေါ်လာခဲ့ပါသည်။

(ဆရာကြီး ရွှေဥဒေါင်း ၏ ဗုဒ္ဗ၀ါဒနှင့် အယူအဆရေးရာများ စာအုပ်မှ နှစ်သက်၍ ကူးယူဖော်ပြပါသည်။)

Sunday, June 27, 2010

လူနဲ့တူလို့ပေးတဲ့လက်မှတ်




နောက်ဆုံးခေတ်ရဲ့ နည်းပညာတွေနဲ့ ထုံမွှမ်းနေတဲ့ ဒီကျွန်းနိုင်ငံလေးက ကျောင်းတွေမှာ လူနဲ့တူရင် အသိအမှတ်ပြုတဲ့ Certificate ပေးရတာကလဲ နောက်ဆုံးခေတ်ရဲ့ ဗျူဟာတစ်ခုထင်ပါရဲ့။ ဒီအသိအမှတ်ပြုလက်မှတ်ရဲ့ နာမည်က
"Caught You Doing Right" ပါတဲ့။

မူလတန်းအရွယ်မှာ iPhone နဲ့စာသင်ကြရတဲ့ ကလေးတွေရဲ့ ကံကြမ္မာက လိုက်မမှီနိုင်ပါဘူး။ Learning Trail လို့ခေါ်တဲ့ သင်ကြားရင်း၊ အလည်သွားရင်း ဆိုတဲ့ Program တွေမှာ သူတို့လေးတွေ iPhone လေးတွေကိုယ်စီနဲ့။ ကျောင်းမှာလဲ White Board ခေတ်မဟုတ်တော့ဘူး။ Smart Board နဲ့။ အတန်းတိုင်းမှာ Net book တွေ၊ Tablet တွေကိုယ်စီနဲ့။ အသံသွင်းစရာတွေ၊ Video တွေအတွက် Studio နဲ့။ အရာရာတိုင်းက နောက်ဆုံးပေါ်၊ နောက်ဆုံးနည်းပညာနဲ့ နောက်ဆုံးခေတ်ရဲ့ ပညာရေး။

ဒီလိုခေတ်မှီကျောင်းမှာ ခေတ်မီဆရာတစ်ယောက် ကွန်ပျူတာနဲ့ အလုပ်ရှုပ်နေတာကို ကျောင်းသားတစ်ယောက်က ဒီလိုမေးတယ်။ "Teacher, are you watching p*** site?" ဆရာဖြစ်သူက ဆုံးမချင်လို့ လာဦးခေါ်တော့ "Teacher is watching p*** site" လို့ အကျယ်ကြီးအော်ပြီး ထွက်ပြေးတယ်။ နောက်ကလိုက်တဲ့ ဆရာက လှေကားပေါ်က လိမ့်ကျလို့ Ambulance ခေါ်ပြီး ဆေးရုံတင်၊ ကလေးနဲ့ မိဘကို ခေါ်ပြီး Warning ပေးတော့ ကလေးက "Not Fair" လို့ အတန်းပိုင် ဆရာမကို ပြောတယ်။ သူ့ကို ဘယ်သူက လိုက်ခိုင်းလို့လဲ၊ သူ့ဟာသူ ချော်ကျတာ ငါနဲ့ မဆိုင်ဘူးတဲ့။ လုံးဝတွန့်ဆုတ်တွေဝေခြင်း၊ နောင်တရခြင်း ကင်းတဲ့ ပကတိမျက်နှာနဲ့။ ဪ... ခေတ်ရဲ့သားကောင်တွေမို့လဲ ခေတ်အတိုင်း စဉ်းစားကြလေသလား။

သူငယ်တန်းက ကလေးမလေးတစ်ယောက်လဲ ဆရာမစာသင်နေတုန်း စကားများနေလို့ ဟန့်လိုက်တာ ဆရာမကို လက်ခလယ်နှစ်ဘက်စလုံး ထောင်ပြသတဲ့။ ဆရာမက ဒီအပြုအမူရိုင်းတယ်၊ မလုပ်ရဘူးပြောတော့ နောက်တစ်ခါထပ်လုပ်ပြတယ်။ ဆရာမဖြစ်သူက မိခင်ကို ဖုန်းဆက်ပြီး "ရှင့်သမီး ဆရာမကို လက်ခလယ် ထောင်ပြတယ်" လို့ပြောတော့ "So, what?" တဲ့။ ဆရာမက "ကျွန်မကို လာတွေ့ပါ" လို့ ပြောတော့ မအားဘူး၊ နောက်မှလာမယ်တဲ့။ ဆရာမလည်း "No wonder" လို့ပဲ ပြောနိုင်တော့တယ်။

ဒီလို ဥပမာတွေရဲ့ အကျိုးဆက်ကတော့ ကျောင်းမှာ Department အသစ်တစ်ခု ဖွဲ့စည်းတာပါပဲ။ Character & Citizenship Education တဲ့။ ဒီဌာနရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်းပိစိသူ၊ ကျွန်းပိစိသား ကလေးသူငယ်များ
လူသားဆန်ရေးပါပဲ။ အဓိက ကတော့ ကျွန်းသား မဆန်ရေး ဆိုပါတော့။ ဒီလိုနဲ့ ဒီ Certificate လေးတစ်ခုပေါ်ထွက်လာပါတယ်။ လိမ္မာနားလည်မှု၊ စာနာတတ်မှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ ကိုယ်ကျိုးစွန့်နိုင်မှု စတာတွေကို လုပ်နိုင်တဲ့ ကလေးတွေကို ပေးတာပါပဲ။ စာအုပ်တွေ တပွေ့တပိုက်နဲ့ ဆရာမလာရင် အသိစိတ်နဲ့ လာကူသယ်ပေးတဲ့ကလေး၊ အတန်းတိုင်းမှာ သူတပါး အခက်အခဲကို ကူညီတဲ့ကလေး၊ ကိုယ်ကျိုးထက် အများအတွက် နားလည်တဲ့ ကလေး။ ဒီလို ကလေးမျိုးတွေကို သတိထားမိတဲ့ ဘယ်ဆရာမ၊ ၀န်ထမ်းမဆို Department head ဆီကို Email ပို့ပြီး ကျောင်းအုပ်ကြီးကိုယ်တိုင်က Approve လုပ်၊ Assembly လို့ခေါ်တဲ့ ကျောင်းသူ၊ကျောင်းသား ဆုံတဲ့အချိန်မှာ အားလုံးရဲ့ရှေ့မှာ သေသေချာချာ ချီးကျူးစကားပြောပြီးမှ ဆုပေးတာပါ။ Certificate နမူနာလေးတွေက ဒါမျိုးလေးတွေပါ။

For her selfless act of extending a helping hand to a friend in need. Kelly readily gave tissue to a friend who vomited in class. She also went the extra mile to clean up her friend’s table and books. She was a comfort to her friend and her ‘Share and Care’ spirit is commendable.

For having gone the extra mile in showing care and concern for others. At a break during a soccer match, Ismail was seen pouring water for all his team mates first though he was perspiring profusely and was thirsty and tired. His selfless act is commendable.

For showing empathy and kindness to a P1 child who was crying. She even offered money to the child to make a call to her mother.

င်္င်္င်္For showing care and concern by voluntarily approaching and assisting a teacher who was carrying heavy books and bags. Wan Syukrina offered help to the teacher who was touched by her concern and thoughtfulness.

ကိုယ်တို့ခေတ်၊ ကိုယ်တို့နိုင်ငံရဲ့ ကျောင်းမှာသာ ဒါမျိုးဆုပေးရရင် စာတောင် သင်ချိန်ရှိပါ့မလားမသိ။ ကလေးအားလုံးနီးပါး ဆုရမယ်ထင်ရဲ့။ ဆရာမ ခင်ခင်ထူးရဲ့ ၀တ္ထုထဲကလို ဆရာမကို ဖိနပ်မပါ ဘူတာရုံထိ မိုးရွာရွာ၊ နေပူပူ လာကြိုရှာတဲ့ ကလေးငယ်တွေဆို ဘယ်လို ဆုမျိုးများ ပေးရပါ့မလဲ။

ဒီခေတ်မှီကျောင်းမှာတော့ ကျောင်းသား ၁၀၀၀ ကျော်မှာ နှစ်ပတ်တစ်ခါ ၃ ယောက်လောက် ဆုရကြတယ်။ အပတ်စဉ်အင်္ဂါနေ့တိုင်း ဆုပေးပွဲရှိပြီး ဆုရတဲ့ ကလေးနဲ့ ဆုရတဲ့ အကြောင်းအရာကို Canteen / Library နဲ့ General Office တွေက TV ကြီးတွေမှာ တစ်နေကုန် ပြပြီး တစ်ကျောင်းလုံးကို ဂုဏ်ယူစေသေးတာ။ ခေတ်မီပါတယ် ဆိုနေမှလေ။

ဒီလိုနဲ့ နှစ်လလောက်ရောက်တော့ ကိုယ့်ကိုကိုယ် သိတတ်လိမ္မာယုံနဲ့ မပြီး၊ သူတပါးရဲ့ မေတ္တာ၊ စေတနာကို တန်ပြန်နားလည်ခြင်းကို လေ့ကျင့်နိုင်ဘို့ "Caught You Being Kind" ဆိုတဲ့ Certificate ကို ခေတ်မှီမှီ တီထွင်လိုက်ပြန်တယ်။ ဒါကတော့ ဆရာမတွေကို ကလေးတွေက ပြန်ပြီး အသိအမှတ်ပြု ပေးရတဲ့ လက်မှတ်။ ကိုယ်ချစ်တဲ့ ဆရာမကို ဘာလို့ ချစ်သလဲ ဆိုတာ အသိအမှတ်ပြု Comment လေးရေးပြီး Canteen ကပုံးကြီးထဲ သွားထည့်လိုက်ရုံပဲ။ လွယ်လိုက်သည့်ဖြစ်ခြင်း။ ဒါနဲ့ပဲ ကလေးတွေကို တစ်လတိတိ ဒီအကြောင်း Assembly မှာ ကျောင်းအုပ်ကြီးက ပြောပြ၊ ရှင်းပြ။ တစ်လပြည့်တော့ ဒီပုံးကြီးကို ဖွင့်ကြည့်တော့ ဆရာမ ၁၀၀ ကျော် ရှိတဲ့ ကျောင်းမှာ စာရွက် ၃ ရွက်ပဲရတယ် ဆိုရင် ခေတ်မီ တယ်ပဲ ပြောရဦးမလား။ ကလေးတွေရဲ့ ရင်ထဲမှာ သူတပါးရဲ့ မေတ္တာ၊ စေတနာ ကို အသိအမှတ်ပြုရဲတဲ့၊ ပြုရကောင်းမှန်းသိတဲ့ ချစ်ခြင်းမေတ္တာတစ်မျိုးလဲ ခေတ်မီစွာ ပျောက်ဆုံးနေပြန်တယ်။ ခေတ်က သင်ကြားပေးတဲ့ အရိုင်းစိတ် တမျိုးလို့ ဆိုကြစို့ရဲ့။

ဆရာမတွေက ဒီလောက်ပဲ မေတ္တာတရား ခေါင်းပါးလို့လား ဆိုတော့လဲ မဟုတ်ပြန်ဘူး။ ကိုယ့်စိတ်ထဲမှာ ဆရာမဖြစ်ဘို့ကို မွေးဖွားလာတယ်လို့ထင်မိတဲ့ ဆရာမ တော်တော်များများလဲ ဒီ ၃ ယောက်ထဲ မှာ မပါပြန်ဘူး။ တခုထူးခြားတာက ဒီ ဆရာမ ၃ ယောက်လုံး ရယ်စရာ အရမ်းပြောတတ်တာပါပဲ။ သူတို့ အချင်းချင်းလဲ အမြဲ ရယ်မောနေတဲ့ ဆရာမတွေ။ သူတပါးကို ရယ်မောစေခြင်း တစ်ခုပဲ အသိအမှတ်ပြုခံရတဲ့ မြို့ပြယဉ်ကျေးမှုလေလား မခွဲခြားတတ်ပါဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ၃ ယောက်မှသည် ၃၀၀ ဆီသို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးတွေကို ဘိုးဘွားရိပ်သာတွေခေါ်သွား၊ အဘိုးအဘွားတွေနဲ့ စကားပြောခိုင်း၊ မိနစ်တိုင်း ကလေးတွေ သေဆုံးနေတဲ့ အာဖရိက အကြောင်း၊ ဆင်းရဲနွမ်းပါးလို့ ပညာကို ခက်ခက်ခဲခဲ သင်ယူရတဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ အကြောင်း ပြောပြပြီး ပြည့်စုံတဲ့ နိုင်ငံမှာ အေးအေးချမ်းချမ်း ခေတ်မီမီ ပညာသင်ကြားခွင့် ရတဲ့ ဘ၀ကို ကျေနပ်ဘို့၊ အမြဲတမ်း Complain တက်ဘို့ပဲ စဉ်းစားမနေကြဘို့ Slide Show တွေ၊ video တွေ မျိုးစုံနဲ့ အင်္ဂါနေ့တိုင်း သင်ကြားပေးကြတယ်။ နုနယ်တဲ့ နှလုံးသားလေးတွေ ခေတ်မီစွာ ရိုသားစေဘို့၊ ပညာတတ်ဆန်စွာ ယဉ်ကျေးစေဘို့ နဲ့ လူသားဆန်စွာ သိမ်မွေ့စေဘို့ ဆိုတာ ခေတ်မီ IT နည်းပညာတွေ၊ iPhone ထဲက Applications တွေထက် သင်ရခက်တယ် မဟုတ်လား။

ကိုယ်တိုင်လဲ Certificate ဘယ်နှစ်ခုလောက်ရှိမလဲစဉ်စားမိတယ်။ "Caught You Doing Right" က ဘယ်နှစ်ခု၊ "Caught You Being Kind" ကဘယ်နှစ်ခု၊ ပြောလို့ပြောတာ မဟုတ်ဘူး။ "Caught You Doing Wrong" တွေက ပိုများနေသလိုလို။ တချို့ Wrong တွေက ကိုယ်တိုင်သိပြီး သိပ်နောက်မကျခင် ရပ်တန့်လိုက်ပေမယ့် တချို့ကျတော့ Wrong နေပါတယ် ဆိုတာကြီးကို သိသိကြီးနဲ့ ကျေနပ်နေတာမျိုးလဲ ရှိတယ်။ ဘ၀မှာ ကျေကျေနပ်နပ်ကြီး အမှားခံလိုက်တဲ့ အဖြစ်အပျက်တွေ ရှိသလို နည်းနည်းလေးမှ အမှားမခံနိုင်တဲ့ စိတ်ပင်ပန်းခဲ့တဲ့ နေ့တွေလဲရှိနေပြန်ရော။ အမှားဆိုတာတွေ၊ လူတွေရဲ့ ပညက်ချက်တွေအားလုံးရဲ့ အပြင်ဘက်မှာ လိပ်ပြာသန့်သန့် ထွက်ရပ်နေချင်တဲ့ ဂေါက်တောက်တောက်နေ့တွေလဲ ရှိတယ်။ "မင်းမှားတော့မယ်ဆိုတာ သိလို့ပြောနေတာကွ" ဆိုတဲ့စေတနာစကားတွေကို မှားကြည့်လိုက်ဦးမယ်လို့ တန်ပြန်ခဲ့တဲ့စိတ်ရိုင်းဝင်တဲ့ နေ့တွေလဲ ရှိတယ်။ သူတပါးရဲ့ အမှားနဲ့ အရှုံးကို စောင့်ကြည့်ပြီး ၀မ်းသာတတ်တဲ့ လူတချို့ကို ပြုံးပြချင်တဲ့ နေ့တွေလဲ ရှိတယ်။ ကိုယ့်အမှားကို သူများအမှားလုပ်ပြီး မျက်နှာပြောင်ပြောင် လွှဲချတတ်တဲ့ လူတချို့ကို အာရုံနောက်တဲ့နေ့တွေလဲရှိတယ်။ အမှားကိုသိမှ အမှန်ပြင်လို့ရမှာပေါ့လို့ ပြောကြတဲ့ လူတွေကို "အမှားတိုင်းရဲ့ ဆန့်ကျင်ဘက်လားရာဟာ အမှန်ဆိုတာ သေချာရဲ့လား" လို့ပြန်မေးချင်တဲ့ နေ့တွေလဲ ရှိခဲ့ဘူးတယ်။

ကလေးတွေကို လူနဲ့ တူဘို့ လူကြီးတွေက ကြိုးစား၊ လူကြီးတွေ လူနဲ့ တူဘို့ကိုတော့ သက်ဆိုင်ရာ ဘာသာရေး သဘောတရား တွေက ကြိုးစား၊ အစွန်းရောက်တဲ့ လူလဲရောက်၊ လမ်းချော်တဲ့လူလဲရှိ၊ ဒီကြားထဲ Certificate ရူး ရူးသွားတဲ့ လူတွေလဲ ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်လုပ်ရပ်ကို ယုံကြည်မှုရှိတဲ့ သူအတွက် ဘယ်သူဘယ်လို ပေးပေး တုန်လှုပ်စရာ မလိုပါဘူးလေ။

တကယ်တမ်းတော့ သူတပါးပေးတာထက် ကိုယ့်ကိုကိုယ်နေ့တိုင်းပေးနေတဲ့ Certificate တွေက ပိုအရေးကြီးတာပါ။ ဒီနေ့ ငါတော်တယ်၊ ဒီနေ့ ငါပျော်တယ်။ ဒီနေ့လောက် ညံ့တာမရှိဘူး စသည်ဖြင့်ပေါ့။ နေ့တိုင်းက ကောင်းမနေနိုင်သလို၊ နေ့တိုင်းလဲ မညံ့နိုင်ပါဘူးလေ။ ကိုယ့်ကိုကိုယ် အဆိပ်ဖြစ်စေမယ့် Certificate မျိုးမပေးမိဘို့လဲ အရေးကြီးပါတယ်။ "Caught You Being An Idiot" ဆိုတာမျိုးပေါ့။ ကိုယ့်ကတော့ အသက် ၃၀ ကျော်မှာ "Certificate of Caught You Doing Stupid" အမျိုးအစားပေါင်း ၃၀ ကျော်နဲ့ ပျော်ပျော်ကြီး ရွက်လွှင့်နေတုန်းပါပဲ။

Sunday, August 16, 2009

အမေ့လို အ ချင်တယ်


ကိုယ်ငယ်ငယ်ကတည်းက အဖေက ကိုယ့်ရဲ့ "Hero" ပါ။ အဖေဘာလုပ်လုပ် "မှန်တယ်ကွာ၊ မိုက်တယ်ကွာ" လို့ထင်မိတယ်။ အကြောင်းအရာတစ်ခုကို အဖေက ဒေါသတကြီး တုံ့ပြန်တဲ့အခါ၊ စိတ်ဆိုးမာန်ဆိုး အော်ဟစ် ပြောဆိုတဲ့အခါ အဖေက မဟုတ်မခံနဲ့ သတ္တိရှိတယ်လို့ပဲ မြင်တယ်။ ပြဿနာကို အေးအေးချမ်းချမ်း ခေါင်းအေးအေးနဲ့ သည်းခံပြီး ဖြေရှင်းတဲ့ အမေ့ကိုတော့ အဖေ့စကားအတိုင်း "အမေက သိပ် "အ" တာပဲ" လို့ထင်ခဲ့မိတယ်။ အဖေ့ရဲ့ လွှမ်းမိုးမှု ဘယ်လောက်ကြီးမားခဲ့သလဲဆိုရင် အဖေသာ သေဆုံးသွားခဲ့ရင် ငါတော့လိုက်သေမှ ဖြစ်မယ်။ အဖေမရှိဘဲ အမေနဲ့သာ ဒီလောကကြီးထဲနေရရင် ကြောက်စရာကြီးလို့ စဉ်းစားမိတဲ့အထိပါဘဲ။ အိမ်ကိုလာတဲ့ ဧည့်သည်တွေ၊ ဆွေမျိုးတွေက အဖေနဲ့ချွတ်စွတ်ပဲနော်၊ သူ့အဖေ ကိုယ်ပွားလေးပဲ လို့ ပြောရင် သဘောကို ကျလို့။ အမေတူပဲလို့ ပြောရင် သိပ်မကြိုက်ချင်ဘူး။ ကလေးအတွေးနဲ့တော့ စိတ်မြန်လက်မြန်ရှိတဲ့ အဖေ၊ ဘာလုပ်လုပ်အောင်မြင်အောင်လုပ်နိုင်တဲ့ အဖေ၊ အရာရာကို ထိပ်ဆုံးမှ အကောင်းဆုံးဖြစ်ချင်တဲ့ အဖေရဲ့ စိတ်ကို သူရဲကောင်းကြီးပေါ့။ အဲဒီ သူရဲကောင်းကြီးနောက်က မှောက်လျက်မလဲအောင်၊ မပြိုလဲအောင် တည့်မတ်နေတဲ့ အမေရဲ့ အင်အားကိုတော့ ပျော့ညံ့တဲ့လူ၊ အရာရာကို သည်းခံတဲ့လူ၊ လူတိုင်းကို နားလည်အောင်ကြိုးစာနေတဲ့လူ ဆိုပြီး ပျော့ပျောင်းမှုရဲ့ အင်အားကို လုံးဝအထင်မကြီးခဲ့မိဘူး။ အမေကတော့ ဘယ်သူဘာပြောပြောပြုံးနေတာပဲ။ မခံစားတတ်ဘူးလား မသိဘူးနော်လို့ သားအဖနှစ်ယောက်ပြောရင်း အဖေ့ခြေရာနင်းဘို့ပဲ ကြိုးစားခဲ့မိတယ်။ အမေ့ကို ချစ်ပေမယ့် Hero မဖြစ်ခဲ့ဘူး ဆိုပါတော့လေ။


ကိုယ့်အမေက စကားတွေ အများကြီး မပြောပါဘူး။ အေးအေးချမ်းချမ်း လေးပဲနေတယ်။ စိတ်ဆိုး၊ စိတ်တိုနေတယ်လို့ မရှိဘူး။ မတည့်တဲ့လူ၊ ကြည့်မရဖြစ်တဲ့လူဆိုတာ မရှိဘူး။ ဘယ်လိုမှ ပေါင်းသင်းလို့ မဖြစ်နိုင်တဲ့ လူကျတော့ အမေက ဘာပြောပြော ခပ်မဆိတ်နေလိုက်ရော။ ပြဿနာ ဆိုတာ မရှိသလောက်ရှားတာ။

အမေ့စကားနဲ့ပြောရရင် လူတိုင်း အားနည်းချက် ကိုယ်စီ ရှိတယ်။ ဘယ်နေရာမှာ အားနည်းသလဲ၊ ဘယ်အကွက်မှာ ရူးနေလဲဆိုတာ သိအောင် ကြိုးစားပြီးရင် ဘာလို့ စိတ်တို ဒေါသ ထွက်နေဦးမလဲ။ အားလုံးကိုသိနေတဲ့လူက စိတ်ကို အညစ်ထေး မခံတော့ဘူးတဲ့။ ကိုယ့်အဖေကတော့ ပြောင်းပြန်။ အမြဲတမ်းတက်ကြွ၊ စိတ်ကလဲမြန်၊ စကားလေးတစ်လုံးတောင် အကြောမခံနိုင်လို့ အမေက စကားလုံးတစ်လုံးနဲ့ကပ်ရှုပ်တတ်လို့ တစ်လုံးရှုပ်မျိုးတဲ့။ အစွန်းရောက်လိုက်တာကလည်း တည့်ချင်တဲ့လူဆို တလောကလုံး မကောင်းပါဘူးပြောလဲ သူတည့်တယ်။ အမြင်ကတ်တဲ့ လူကျတော့ တစ်ဖက်လူက ဘာမှ မလုပ်ရပါဘဲနဲ့ ကြည့်လို့မရဖြစ်နေတတ်တာ။ ကိုယ့်ကိုကိုယ် အထင်ကြီးလိုက်တာကလဲ သူ့အထက် ဌက် နဲ့ လေယာဉ်ပျံပဲ ရှိတော့တဲ့ အတိုင်း။ ယုတ်စွအဆုံး သူ့ကို လာနှိပ်တဲ့ အနှိပ်သည်ဖိုးတုတ် ဆိုတာတောင် သူအမြင်ကတ်တဲ့ လူကိုမနှိပ်ရ။ သူ့ကိုလာနှိပ်ရင် ၂ ယောက်စာပေးလိုက်တာမျိုး။ အမေကတော့ ပြုံးပြီး အရူးက ရင့်နေပြီတဲ့။ ကိုယ်ကတော့ အစွန်းရောက်တဲ့ စိတ်တွေကို ချစ်ခဲ့တယ်လို့ ပြောရမယ်။ အစွန်းရောက်မှုကို ထက်မြက်မှုတစ်မျိုးပဲဆိုပြီး ကိုယ့်ရဲ့အဖေနဲ့တူတဲ့ စိတ်တွေအားလုံးကို အမြဲရွှေချခဲ့တာပေါ့။

မိသားစုအားလုံးစုံလို့ အေးအေးဆေးဆေးထိုင်ပြီး စကားတွေ ပြောကြပြီးဆိုရင် ကိုယ်က အမြဲအဖေ့ဘက်က။ ကျန်တဲ့နှစ်ယောက်က အမေ့သားတွေ။ မိသားစုစကားဝိုင်းတွေမှာ အဖေက စကားကို အမေ့အပေါ် အမြဲတမ်း အနိုင်ယူပြီး ပြောတတ်သလောက်၊ အမေကတော့ ကျိုးကြောင်း ဆင်ခြင်ပြီး ပြောတတ်တယ်။ တခါတလေ ၀ိပဿနာ တရားသက်သက် ကို အေးအေးချမ်းချမ်း အားထုတ်ခွင့်ရှိတဲ့ မယ်သီလရှင် ကျောင်းလေးဆောက်ပြီး လှူချင်လိုက်တာလို့ ပြောရင် အမေ့သားနှစ်ယောက်က သူတို့ပိုက်ဆံရှိရင် အမေ ဖြစ်ချင်တာလုပ်ပေးမယ်ပေါ့။ ကိုယ့်အမေက သီလရှင်တွေ ထမင်းဟင်းချက်ရ၊ ဘုန်းကြီးဆွမ်းကပ်ရနဲ့ လူမိန်းမတွေ အိမ်မှုကိစ္စတွေနဲ့ ရှုပ်နေသလို သာသနာ့ သမီးတော်တွေ အဲလို အရှုပ်တွေ မလုပ်ရတဲ့ အေးအေးချမ်းချမ်း တရားအားထုတ်ခွင့်ရတဲ့ကျောင်းလေးမျိုး ရှိစေချင်တာ။ အဲဒါကို နားထောင်ပြီးတာနဲ့ အဖေကတော့ "ကုန်ရှုံးကြွေးတင်၊ လိုလင်မရ၊ မယ်သီလ တဲ့ကွ။ မင်းက ကုန်လည်းမရှုံး၊ ကြွေးလည်းမတင် တော့ နောက်ဆုံးတစ်ခုပေါ့တဲ့" အဲလို ပစ်ပစ်ခါခါ ပြောတာပါ။ (ကျေးဇူးပြု၍ ဘာသာရေး အရ ၀င်ရောက် ဝေဖန်ခြင်း သည်းခံပါ)။ အမေကတော့ အပြုံးမပျက်ပါဘူး။ အမေစိတ်မဆိုးဘူးလားဆိုတော့ သူ့အကြောင်းသိနေတာပဲ။ အမေ့ Idea လေးတွေဆို အဲလို ပြောလိုက်ရမှ၊ ပြီးတော့ တကယ်လုပ်ချင်ရင်လဲ လုပ်ပေးတာပဲ။ ပြိုင်ပြီးပြောမနေတော့ဘူးလေ။ "၀စီဗေဒ ထွက်တိုင်းရှ" တဲ့ အဖေကြီးရေလို့ပဲ ပြုံးပြီးပြောတာ။ ကိုယ့်အဖေကတော့ အမေဘာပြောပြော သူ့အတွေးပဲ မှန်တယ်လို့ ယူဆလေ့ရှိတယ်။ ဘုရား တရား အရမ်းကြည်ညိုတဲ့ အမေ့ကို အဖေက အတ္တသိပ်ကြီးတယ်တဲ့။ သူစိတ်ချမ်းသာဘို့ပဲ အမြဲ တည်ဆောက်နေတဲ့သူ လို့ အမြဲစွပ်စွဲလေ့ရှိတယ်။ မိသားစုပြဿနာလေးတွေဖြစ်ရင် အဖေက အရမ်းစိတ်ပူ၊ အရမ်းဒေါသထွက်၊ အရမ်းပျာလောင်ခတ် နေသလောက် အမေကတော့ ဘာလုပ်လိုက် ဆိုတာပြောပြီးရင် ဘာမှ မဖြစ်တဲ့ အတိုင်းပါပဲ။

ပြဿနာတိုင်းကတော့ အချိန်တန်ရင် ပြီးသွားတာပါပဲ။ ဒါပေမယ့် ကိုယ့်အဖေဖြေရှင်းတဲ့နည်းနဲ့ဆို ဒေါသထွက်တာရယ်၊ အသုံးမကျတာရယ်က အရင်လာတာ။ ဆူပူတာကအရင်။ ပြဿနာဖြေရှင်းတာထက် တအိမ်လုံးလဲပူလောင်၊ စကားလုံးတွေ ထိန်းမရ၊ ခံရတဲ့သူတွေက ပြဿနာပြီးလို့ အနည်ထိုင်တဲ့အထိ အပြောခံရတာကိုနာကျင်နေတုန်း။ တစ်ယောက်ကိုတစ်ယောက် မိသားစုဝင်တွေဆိုတာ မေ့လျော့တဲ့အထိဖြစ်ကုန်ကြ။ ကိုယ့်အမေဆုံးဖြတ်လိုက်ရင် ဘာဒေါသမှ မပါဘူး။ ဘယ်သူမှလည်း စိတ်မညစ်ရဘူး။ ပြဿနာကို အေးအေးချမ်းချမ်းဝိုင်းဝန်းဖြေရှင်းနိုင်ကြတယ်။ အမေကစိတ်မတိုတတ်တော့ အားလုံးက ရင်ထဲရှိတာတွေလည်း အကုန်ပြောထွက်တယ်။ အားလုံးရဲ့ အမှန်တရားကို အမေက မြင်ရတယ်။ အဖေကတော့ နဲနဲပြောလိုက်ရုံနဲ့ "အဲဒါမင်းအသုံးမကျတာပေါ့ကွ" ဆိုပြီး မျက်နှာကလည်း နီလာတာနဲ့ အမှန်အတိုင်းပြောဘို့ တွန့်ဆုတ်၊ ဟိုချန်ဒီချန်ပြောရာက ပြဿနာက ပိုကြီး။ အမှန်တရားလဲပျောက်၊ လုပ်သင့်တာကိုလည်း နောက်ဆုံးမှ ရှာတွေ့တော့တယ်။

ကိုယ်ကိုတိုင်လည်း အဖေနဲ့တူတော့ သွေးဆူလွယ်တယ်။ နည်းနည်းလေးအပြောခံရရင် အများကြီး ဒေါသထွက်၊ နာကျင်တတ်တယ်။ ပြောတဲ့သူ၊ လုပ်တဲ့သူက ပြောပြီးလို့ သူလုပ်ချင်တာလုပ်နေတဲ့အထိ ကိုယ့်မှာ ခံစားလို့ မပြီးသေးဘူး။ စိတ်မထားတတ်တော့ တွေးတွေးပြီး ပူလောင်နေလိုက်တာ။ ရင်ထဲမှာ တနုံနုံ။ အမေကတော့ မလိုအပ်တာတွေ ရင်ထဲထည့်တာလောက် ညံ့တာမရှိဘူးတဲ့။ ကိုယ်ကလည်း အဖေအတိုင်း "မေမေတို့သာ ဘာမှမဖြစ်သလို သူများပြောသမျှ ခံနေတာ ကျွန်တော်တော့မရပါဘူး" လို့ပြောရင် အမေက "မေမေတို့က မခံစားတော့ ဘယ်တော့မှ မခံရဘူး" တမင်ခံစားရအောင်သူများက လုပ်တာသိနေရဲ့သားနဲ့။ ကိုယ့်ကို အပြောခံရပြီဆိုရင် ဟုတ်တာနဲ့၊ မဟုတ်တာ နှစ်မျိုးပဲရှိနိုင်တာ။ အပြောခံရတဲ့ ကိစ္စတစ်ခုက ဟုတ်နေတာဆိုရင် ဟုတ်နေလို့ ခံစားဘို့မလိုဘူး။ မဟုတ်ရင်လဲ မဟုတ်တာကြီး ပြောနေကြလို့ကို ခံစားဘို့မလိုဘူးတဲ့။

ကိုယ်ကလည်း အဖေ့သွေး အပြည့်နဲ့ အဖေဒီလို စိတ်မောလူမောဖြစ်နေရတာတွေက အမေ မမောလို့၊ အမေအရမ်းအေးချမ်းနေလို့ အဖေခမျာ တစ်ယောက်တည်း နှစ်ယောက်စာမောရလို့ ပင်ပန်းနေရှာတယ်ဆိုပြီး အမြဲတမ်း အဖေ ပူသလိုပူ၊ အဖေမောသလိုမော၊ သူခံစားသလိုခံစား၊ သားအဖနှစ်ယောက် ဖေးဖေးမမ မောခဲ့ကြလေသတည်းပေါ့လေ။

ပြီးခဲ့တဲ့ နှစ် ကိုယ်အိမ်ခဏ ပြန်သွားတော့ အဖေက တော်တော်ပြောင်းလဲနေပြီ။ အရင်လို မဟုတ်တော့ဘူး။ ဒေါသတကြီး တုန့်ပြန်တာ၊ ခွင့်မလွှတ်နိုင်တာတွေ လျော့သွားပြီ။ အဖေနဲ့စကားပြောရတာ တမျိုးကြီးပဲ။ အကြောင်းအရာ တစ်ခုကို မကြေလည်ရင် စကားဝိုင်းတွေမှာ ကိုယ်တစ်ယောက်တည်း ငေါလောကြီး ဖြစ်နေသလိုလို။ ဆန္ဒတွေစောနေသလိုလို။ အလိုမကျမှုတွေ များနေသလိုလို။ ကိုယ်ကိုကြည့်ပြီး အဖေက "လောကကြီးမှာ ဒီလောက် အရေးကြီးတဲ့ ကိစ္စမျိုး ရှိသလား" တဲ့။ ပြာယာခတ်နေလို့ စိတ်တိုနေလို့။ အမယ်... အဲဒါသူ့ကိုကြည့်ပြီးတတ်ခဲ့တာတွေကြီးပဲ။ သူအဲလိုကြီး မေးလိုက်တော့ စိတ်ဆိုးလိုက်တာ။ သင်းကွဲမျောက်လေး ငါပါဆိုပြီး ၀မ်းပမ်းတနည်း။

အခုနောက်ပိုင်း တစ်နှစ်ကြာလာတော့ ကိုယ့်ကို ထိခိုက်အောင်လုပ်တဲ့သူတွေပဲ များလာလို့လား။ အသိတရားလေးရှိလာလို့လား။ ရှေ့ကပင်တိုင်မြှောက်ပေးနေတဲ့ အဖေပဲမရှိတော့လို့လား၊ ကိုယ်နေတဲ့ အိမ်ရှင်အစ်မက အမြဲ တရားခွေတွေဖွင့်နေလို့လား၊ ဘယ် "လား" ကြောင့်လဲမသိဘူး။ ကိုယ့်စိတ်ကို မထိခိုက်အောင် နေတတ်လာပြီ။ စိတ်ထဲမှာလည်း ဪ... အမေပြောတာမှန်သားပဲ။ "သိ" နေဘို့ပဲလိုတယ်။ သိအောင်ကြိုးစားခြင်းဟာ ညံ့တာမဟုတ်ဘူး။ တော်တာလို့ တွေးမိလာပြီ။ စိတ်ထိခိုက်စရာ တစ်ခုခုဖြစ်ရင် ကိုယ့်စိတ်ကို သူများလာမထိုးနှက်နိုင်အောင်ကာကွယ်တတ်လာပြီ။ အရင်တုန်းကလို သူများတစ်ခုခုခုလုပ်လိုက်တာနဲ့ ကိုယ့်စိတ်က ရဲကနဲ ဒေါသထွက်လိုက်၊ ပူလိုက်၊ အေးလိုက် မဖြစ်တော့ဘူး။ စိတ်ထဲမှာ အမေက "အ" တယ်၊ သူများလုပ်သမျှခံတယ်လို့ အဖေ့ပြောခဲ့တာတွေ မှားနေသလိုလို၊ အမေကဘယ်တော့မှ သူများထိုးနှက်လို့မရတာ နည်းနည်းသိလာပြီ။ ကိုယ့်သာသူများထိုးနှက်သမျှ လိုက်ပြီး ဒေါသထွက်၊ တုံ့ပြန်နေလို့ ခံနေရတဲ့ ကောင်ပါလားလို့ ၀ိုးတိုးဝါးတား မြင်လာသလိုလို၊ ရေးတေးတေး သိလာသလိုလို၊ ပြဿနာတစ်ခုခု၊ ဒါမှမဟုတ် စိတ်ဆင်းရဲစရာ တစ်ခုခု ကြုံလာရင် "အမေသာဆိုရင် ဘာပြောမလဲ" လို့သိချင်လာတယ်။ အမေ့ ဖြေရှင်းနည်းကို ကြားချင်သလိုလို။ ရိုးရိုးသားသားဝန်ခံရရင်တော့ အမေ့လို့ နှလုံးသားမျိုးလေး ပိုင်ဆိုင်ချင်လာတယ်။ အဖေ့စကားအတိုင်းဆိုရင်တော့
"အမေလို့ပဲ အ ချင်လာတယ်" ပေါ့လေ။

Saturday, May 9, 2009

လွမ်းမိသော အတိတ်ကနွေ


အခုတလော ကျောင်းမှာ မြန်မာစကားသံလေးတွေ ဟိုတစ်စ၊ ဒီတစ်စ ကြားနေရပါတယ်။ ၂၀၁၀ မှာ စင်္ကာပူက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပမယ့် ကလေး အိုလံပစ်ပွဲတော် Youth Olympic Games 2010 (YOG 2010) အတွက် ကိုယ့်ကျောင်းကို မြန်မာနိုင်ငံက ကလေးတွေ ရောက်လာမှာမို့ မြန်မာအငွေ့အသက်ကလေးတွေ သူတို့ကို သင်ပေးနေလို့ပါ။ "မင်္ဂလာပါ"၊ "နေကောင်းလား"၊ "အဘိုကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး၊ နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး" သူတို့ဆိုတတ်နေကြပြီ။ ဆရာမလေးတွေလည်း သနပ်ခါးလေးတွေ လိမ်းဘူးကြပြီ။ ကလေးတွေလည်း မြန်မာအကလေးတွေ ကနေကြပြီ။ ကိုယ့်ကိုတွေ့ရင် မင်္ဂလာပါ လို့ပြောတတ်နေကြပြီ။ မေသန်းနုကို လှတယ်တဲ့။ နန္ဒာလှိုင်ကိုတော့ ၀ တယ်နော်တဲ့။ ဒါတွေသိဆို အသက် (၁၂) နှစ် အရွယ်ကလေးတွေ လုပ်ရတဲ့ Project ကလဲကြည့်ပါဦး...


Dear Students,

As fellow Singaporeans, you should be excited about the upcoming 2010 Youth Olympic that our country Singapore is playing host to all the youth athletes from over the world. It is indeed an exciting event that we Singaporeans can truly be part of and an excellent opportunity for us to show our hospitality to all our friends from around the world during their stay in our country.
Pupils of our Primary School have the honour of being “buddy” to athletes from Myanmar prior to the start of the YOG 2010. For your Project Work (PW), you are required to design and publish an information booklet detailing some information for a foreign student athlete from Myanmar (your buddy from Myanmar) coming for a 1 year stay in Singapore prior to YOG 2010.

You may source for information from the internet or reference materials like books and magazines but you must cite the source of information under references at the end of information booklet.

Part 1: Brief Background of Myanmar & its people
Bried background on Myanmar (eg, historical background, geographical location, climate and population)

Religious practices
Festivals and customs
National dress
Food

You may present the information in the form of a word document with subheadings. You will also be required to share your findings with your classmates during class oral presentation time.

ကိုယ်လည်း ကလေးတွေနဲ့သူတို့ သိချင်တာလေးတွေ ပြောပြလိုက်၊ ဗီဒီယိုဖိုင်လေးတွေပြပြီး ရှင်းပြလိုက်နဲ့ စိတ်ချမ်းသာနေပါတယ်။ မြန်မာ့အလှ၊ မြန်မာ့ရှုခင်းကို သူတို့က သဘောတွေကျလို့၊ တချို့ဆရာတွေကလည်း ပင်နီဆူလာမှာ ကြေးအိုးစားကြ၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ တွေ စားကြ၊ ဒုတိယကျောင်းအုပ်ကလည်း မြန်မာပြည်အနှံ့ သူသွားခဲ့တဲ့ ဗီဒီယိုဖိုင်လေးတွေ ပြပြီး ကလေးတွေကို ရှင်းပြရ၊ လုံချည်လေးဝတ်ပြရနဲ့။ သူတို့တွေ လိုအပ်သမျှ ကိုယ်လည်း မမောနိုင် မပန်းနိုင်။ တရုတ်၊ ကုလား ကလေးတွေက မင်္ဂလာပါလို့ နှုတ်ဆက်ရင် သဘောတွေကျလို့။
ကိုယ့်နိုင်ငံအကြောင်းနေ့တိုင်းပြောနေရလို့လားမသိ၊ အခုတစ်လော အိမ်ကို ပိုလွမ်းမိတယ်။ အိမ်ပြန်ချင်စိတ်တွေလည်း အရင်ကထက် ပိုများနေသလိုလို။ သရက်သီးမစားဘူးတဲ့လူကို အ၀ါရောင်လေး၊ စားရင်ချိုတယ်လို့ ပြောနေရတဲ့အတိုင်း တခါတလေလည်း သူတို့တွေအားလုံး ကိုယ့်နိုင်ငံကို ရောက်ဖူးစေချင်တဲ့ စိတ်တွေဖြစ်လို့။ ကိုယ့်စိတ်တွေကလည်း အချိန်တော်တော်များများ အတိတ်ဆီမှာ၊ ကိုယ်ရောက်ဖူးခဲ့တဲ့ ကိုယ့်နိုင်ငံရဲ့ မြို့တွေဆီမှာ တ၀ဲလည်လည်၊ အထူးသဖြင့် ပုဂံမြေပေါ့။ လွန်ခဲ့တဲ့ ၆ နှစ်လောက်တုန်းက သူငယ်ချင်းတွေ ကျောင်း Project အတွက် Documentary Video လေးတစ်ခုရိုက်တာကို ပါလေရာ ငါးပိချက် လိုက်လုပ်ဘူးတာလည်း သတိရနေပြန်တယ်။ မနေ့ကလည်း ဒီ Video လေးကို ပြန်ကြည့်ရင်း ကမ္ဘာမြေကြီးပေါ်မှာ တစ်ယောက်တစ်နေရာဆီ ရောက်နေကြတဲ့ သူတို့တွေကို လွမ်းနေမိပါသေးတယ်။ သူတို့ရဲ့ Video Clip လေးကို ကိုယ့် ဘလောဂ့်မှာ လွမ်းလွမ်းနဲ့ အမှတ်တရ တင်ထားပါတယ်။

Friday, April 10, 2009

စိတ်တေလေရဲ့ ငိုချင်း

တစ်နေ့က အမေရိကားရောက်ပြီး အမြဲတမ်း အိမ် (မြန်မာပြည်) ပြန်ချင် နေတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စကားအကြာကြီး ပြောဖြစ်တယ်။ သူပြောပြမှပဲ အမေရိကားဆိုတာကြီးကို ရောက်ဘို့ ကြိုးစားကြတဲ့ နည်းလမ်းပေါင်းစုံ၊ ညစ်ပတ်နည်းမျိုးစုံ၊ လိမ်နည်းမျိုးစုံ၊ အခက်အခဲမျိုးစုံ ကြားဖူးတော့တယ်။ အဆိုးဆုံးကတော့ အသက် ၅၀ အရွယ် အမေက အရင်သွားပြီး ယောက်ျားတစ်ယောက် ရအောင်ယူ၊ ယောက်ျားယူလို့ရသွားတဲ့ အခါ ရန်ကုန်မှာရှိတဲ့ အရွယ်ရောက်နေပြီဖြစ်တဲ့ သားသမီးတွေဆီအကြောင်းကြားပေါ့။ ဒီသားသမီးတွေက "ဟေး... အမေယောက်ျားရပြီကွ US သွားရတော့မယ်" ဆိုပြီး အလွန်ပျော်ရွှင် ၀မ်းမြောက်ကြတယ် ဆိုပဲ။ ဘ၀ဆိုတာ တိုက်ပွဲဆိုပေမယ့် အမေကို ချကျွေးရတဲ့ အထိ ဆိုတော့ တော်တော်လေး ပြင်းထန်တဲ့ တိုက်ပွဲပေပဲ လို့ တွေးရင်း ....


၇ ရက်တရားအားထုတ်ပြီး မဂ်ရတယ်ဆိုတဲ့ တရားစခန်းတစ်ခုမှာ လူတွေကို တရားထိုင်လို့ ၁၅ မိနစ်လောက်ရှိတဲ့ အခါ ခေါင်းကနေတစ်ယောက်က မ၊ ခြေထောက်ကနေ တစ်ယောက် မ၊ ခုံနှစ်ခုံပေါ် ကို အပြားလိုက်တင်၊ အလယ်က ကြမ်းပြင်နဲ့ လွတ်နေတဲ့ ခါးနေရာကို ဓါတ်ပုံတွေရိုက်၊ လေပေါ်မြောက်နေတယ်ပေါ့။ သူတို့ အခေါ် မဂ်ဆိုက်နေတယ်ဆိုလား။ မိဘတွေ မဂ်ဆိုက်ပြီးရင် သားသမီးတွေလည်း မကြာခင် မဂ်ရတယ်ဆိုလား။ လွယ်လိုက်သည်ဖြစ်ခြင်း။ ဟောတဲ့ လူပုဂ္ဂိုလ်ကိုလည်း အံ့သြ၊ ခုံပေါ်မှာ စန့်စန့်ကြီး မဂ်ဆိုက်နေကြတဲ့ ပြည်ပရောက် ပညာတတ်ဆိုသူများ ကိုလည်း အံ့သြ။ ကိုယ်နားလည်တဲ့ အကြောင်းအရာ မဟုတ်ပေမယ့် ထိုနေ့ကလည်း တော်တော် စိတ်လေမိတယ်။

သူငယ်ချင်းနှစ်ယောက်နဲ့ Pennisular မှာ ခဏတွေ့တုန်း သူငယ်ချင်းရဲ့ အစ်ကို ၀မ်းကွဲဆိုလား ရောက်လာပြီး ကျွန်တော်တို့ကို စင်္ကာပူဆိုင်ရာ ဗဟုသုတ တွေပို့ချပါတယ်။ နောက်တော့ တစ်လ ဘယ်လောက်စုထားလဲ။ လစာရဲ့ ဘယ်လောက်ကို စုနိုင်လဲ။ ကျွန်တော်တို့ အားလုံးက ကိုယ်သုံးဖို့ချန်ပြီး အိမ်ကို အကုန်ပို့ရတဲ့ လူတွေဆိုတော့ သူ့မေးခွန်းတွေကို မဖြေနိုင်။ ဒါနဲ့ပဲ Management ဆိုတာက ဘာကွ၊ ညာကွ၊ Theory တွေဘာတွေနဲ့ အမျိုးစုံ နားထောင်ရတော့တယ်။ ကိုယ့်အတွက် ရထားစရိတ်နဲ့ စားဖို့ချန်ပြီး အားလုံးပို့ပါတယ် ဆိုတာ ဘယ်ငွေကြေး Amount ပမာဏကို ထပ်ပြီး Manage လုပ်ရဦးမလဲဆိုတော့ မိဘတွေသုံးနေတဲ့ ပမာဏကို Manage လုပ်ရမယ်။ မိဘတွေကို ငွေကြေး Management သင်ပေးနိုင်မှ ရမယ်တဲ့။ သူဆို ၂၅၀ ပဲပို့လို့ ရသွားပြီတဲ့။ ဗုဒ္ဓေါ။ ကိုယ့်အဖေကို ပိုက်ဆံ ၂၅၀ ပဲ ပို့ပြီး Management လုပ်ပြီး သုံးလို့ပြောရင် ကိုယ့်ကို အဲဒီပိုက်ဆံ ပြန်ပို့ပြီး ပညာသားပါပါ ယဉ်ယဉ်ကျေးကျေး ဆဲပါလိမ့်မယ်ဗျာ။ အခြေအနေချင်း မတူလို့ ဘာမှ မငြင်းပဲ ငြိမ်ငြိမ်လေး ကော်ဖီသောက်နေလဲ မရ။ ညီလေး မင်းရော ပြောပါဦး။ ဘယ်လို Manage လုပ်လဲ။ ညီလေး မင်း အစ်ကို ပြောတာ သဘောပေါက်ရဲ့လား။ မင်း ဒီမှာ ဘယ်နှစ် နှစ် ရှိပြီလဲ။ တစ်ပြားမှ မစုမိရင် ညံ့တာပေါ့ကွာ။ ဟုတ်ကဲ့... ညံ့တယ်ပဲ ထားလိုက်ပါတော့ဗျာ။ ထိုနေ့ကလည်း တော်တော်ကြီးကို စိတ်လေမိသည်။

တခြားကျောင်းတစ်ခုမှာ International Friendship Day ကျင်းပနေတုန်း ကိုယ်နဲ့ ကိုယ့် Department Head နဲ့ ခဏ ရောက်နေတာနဲ့ ကြုံကြိုက်လို့ ၀င် ကြည့်မိကြတယ်။ လားလား.... Hall ထဲမှာ Video ပြနေလေရဲ့။ ကြည့်လိုက်တော့ တခြား အရှေ့တောင်အာရှ နိုင်ငံတွေပြီးလို့ မြန်မာပြည် အကြောင်း။ ရွှေရောင်ဝင်းနေတဲ့ ရွှေတိဂုံစေတီပုံမပါ။ ပုဂံမြို့ရဲ့ရှေးဟောင်းအမွေအနှစ်တွေမပါ၊ ရန်ကုန်မပါ၊ မန္တလေး နန်းမြို့ရိုးမပါ၊ ငပလီ မပါ၊ ဦးသန့်မပါ၊ ဒေါ်အောင်ဆန်းစုကြည် မပါ။ တောကြိုအုံကြား၊ နှပ်ချေးတွဲလောင်း၊ ခေါင်းရွက်ဗျက်ထိုး၊ ဆင်းရဲပေ့၊ စုတ်ပြတ်ပေ့ ဆိုတဲ့နေရာတွေ၊ ကျောင်းဝတ်စုံမပါတဲ့ ကလေးငယ် ဘုစုခရုတွေချည်းပဲ။ ပြီးတော့ ဆရာမက "What is the difference between Myanmar and Singapore?" တဲ့။ ကလေးတွေက "Singapore is so rich" တဲ့ပြီးရော။ ကိုယ့်အလုပ်ခွင်မဟုတ်တော့ ဘာမှလုပ်မရ။ ထိုနေ့ကလည်း တော်တော်စိတ်လေသွားသည်။

ရန်ကုန်က အဒေါ်က အားမနာရတဲ့ လူကြုံနဲ့ ပုဇွန်ထုပ် ၂ ပိဿာ ကြော်ပေးလိုက်တယ်တဲ့။ လူကြုံတ၀က်၊ ကိုယ်တ၀က်ပေါ့။ လူကြုံက ဖုန်းဆက်တော့ ပြီးခဲ့တဲ့ တစ်ပတ်လုံး ကိုယ့်အလုပ်ချိန်က မနက် ၅ နာရီ ထသွားပြီး ည ၉ နာရီခွဲမှ ပြန်ရောက်နေလို့ စနေနေ့မှ လာယူပါမယ်လို့ ပြောလိုက်တယ်။ ဘာပစ္စည်းလဲဆိုတာ သူသိနေတဲ့အတွက် ရေခဲသေတ္တာထဲ ထည့်ထားမှာပါလေ ဆိုပြီးဘာမှ မပြောမိ။ သွားယူတဲ့နေ့ ကျတော့ ပုပ်စော်နံ နေပြီဖြစ်တဲ့ အထုပ်ကိုပေးတယ်။ ခပ်တည်တည်ပဲ။ သူအနံ့မရဘူးလား မသိ။ ကိုယ့်မှာ ပုဇွန်ထုပ်မျက်နှာနဲ့ အဝေးကြီးသွားယူ၊ ပြီးတော့ သူတို့အိမ်နားက အမှိုက်ပုံးမှာ လွှင့်ပစ်၊ MRT က သန့်စင်ခန်းမှာ လက်ဆေးပြီး အိမ်ပြန်လာ၊ ကြက်ဥကြော်နဲ့ ထမင်းစား။ ထိုနေ့ကလည်း တော်တော် စိတ်လေပါတယ်လေ။

ဒီနိုင်ငံရဲ့ ကျောင်းတွေမှာ E-Learning Week ဆိုတာရှိပါတယ်။ ကျောင်းသားတွေက ကျောင်းလာစရာ မလိုဘဲ Online Study လုပ်ပြီး Assignment တွေ ဖြေကြရတာ။ တချို့ကျောင်းတွေက တစ်ပတ်လုံး ကျောင်းပိတ်ပြီး တချို့ကျောင်းတွေက ၃ ရက်ပါဘဲ။ ဆရာ၊ ဆရာမတွေ အားလုံးက ကျောင်းရဲ့ Learning Portal မှာ exercise တွေ၊ Quiz တွေ၊ Assignment တွေကို Level လိုက် Assign လုပ်ထားတာပါ။ ကျောင်းသားတွေက အိမ်ကနေ ဇိမ်နဲ့ လေ့လာ သင်ကြားရုံပါဘဲ။ ဒါနဲ့ပဲ School Portal မှာ Starhub Internet သုံးထားရင် နှေးပါမယ်။ Singtel သုံးရင် မြန်ပါမယ်လို့လဲ အတိအလင်း ကြေငြာထားပါတယ်။ ကလေးမိဘတစ်ယောက်က ဖုန်းဆက်ပါတယ်။ သူ့သားအနေနဲ့ ဘာ Lesson တွေကိုမှ မမြင်ရပါဘူးတဲ့။ ဒါနဲ့ပဲ ဘယ် ISP သုံးလဲဆိုတော့ Starhub တဲ့။ ဒါဆို နည်းနည်းတော့ နှေးပါမယ်။ စောင့်ရပါမယ်ဆိုတော့ တော်တော် စိတ်ဆိုးပါတယ်။ ဒါဆို နင်တို့ သဘောက SingTel ပြောင်းသုံးခိုင်းတာလား။ ငါ့အချိန်ကို ဘာလို့ waste ဖြစ်အောင် လုပ်ရတာလဲ။ Starhub ကို complian လုပ်ပေးပါ။ ငါတို့က စောင့်လဲမစောင့်နိုင်ဘူး။ လိုင်းလဲမပြောင်းနိုင်ဘူး။ ကျောင်းက စီစဉ်ပါတဲ့။ ဖုန်းချသွားလိုက်တာ ခွပ်ကနဲပဲ။ ဪ... စိတ်လေမိတယ်ဆိုတာထက် ပိုပါတယ်လေ။

အလုပ်မှာရှိတဲ့ Department တစ်ခုက Application တစ်ခုလိုချင်လို့ IT Dept နဲ့ အစည်းအဝေးလုပ်ပါတယ်။ Develop လုပ်ရမယ့်ရက်၊ Testing လုပ်ရမှာနဲ့ ၁ လ ကြာပါမယ် ပြောတော့ ၁ ပတ်နဲ့ ပြီးအောင်လုပ်ပေးဘို့ ပြန်ပြောပါတယ်။ နေ့ရော၊ ညရော ဘာမှမလုပ်ဘဲ ဒီတစ်ခုပဲ ၀ိုင်းလုပ်ရင်တောင် မပြီးနိုင်တဲ့ အခြေအနေမို့ မရနိုင်တဲ့ အကြောင်း ခိုင်ခိုင်မာမာ ရှင်းပြရပါတယ်။ အားလုံးပြီးသွားတော့ အဲဒီ ဌာနရဲ့ ဒုတိယ အကြီးဆုံးအမျိုးသမီးက အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ရင် ဘယ်လို အကျိုးရှိတဲ့ အကြောင်း ရုတ်တရက် ကြီးဆွေးနွေးပါတယ်။ သူမက သူအမြဲတမ်း အနက်ရောင် ပဲ ၀တ်တာ သတိထားမိပါသလားတဲ့။ သူပြောမှပဲ ကိုယ်တို့တွေအားလုံး ပြန်စဉ်းစားကြည့်ကြပြီး ဟုတ်သားပဲပေါ့။ သူမမှာ ကလေး ၃ ယောက်နဲ့ အလုပ်ကြိုးစားရတာ၊ အ၀တ်အစား အရောင် ကိုက်၊မကိုက် ဘာဝယ်ရရင် ကောင်းမလဲစဉ်းစားဘို့ အချိန် မပေးနိုင်ပါတဲ့။ အမြဲတမ်း အနက်ရောင်ပဲ ၀တ်ဘို့ ဆုံးဖြတ်ပြီး ဘာဝယ်ဝယ် အနက်ဆိုတော့ ထွေထွေထူးထူး စိတ်ရှုပ်စရာမလိုတဲ့ အတွက် အချိန်တွေကို လုပ်ငန်းခွင်မှာ အသုံးချနိုင်ပါတယ်တဲ့။ သူ့သီအိုရီက သူ့အတွက်တော့ မှန်ကောင်းမှန်ပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်တို့တွေက ကလေး ၃ ယောက် မွေးထားတာလဲမဟုတ်၊ အမြဲတမ်း မည်းမည်းကြီး ၀တ်နေဘို့ကလည်း အဆင်မပြေတဲ့ အကြောင်း တော်တော်လေး ပြန်ရှင်း ရပါတယ်။ စိတ်လေသောနေ့များပါလေ...။

ပြီးခဲ့တဲ့အပတ်က 1818 ကဒ် လက်ကျန် သုံးခုကို ၁ ကဒ်ထဲပေါင်းထည့်၊ ပြီးတော့ ၂ ကဒ်ကို သေသေချာချာ အိမ်အပြင်ဘက်က အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်တယ်။ နောက် ၂ ရက်နေတော့ ရုံးချိန်မှာ အမေက Miss Call လုပ်ထားတာတွေတော့ Ph ကဒ် က နံပါတ်တွေကို အမြန်နိုပ်လိုက်ပါတယ်။ လေလှိုင်းထဲက အမျိုးသမီးက တစ်စုံတစ်ခု ပြောပါတယ်။ IDD နာရီဝက် လောက် အမေ့ဆီကို ပြန်ခေါ်လိုက်ရတယ်။ စိတ်အလေဆုံး နေ့ပါဘဲဗျာ။

Sunday, March 1, 2009

ချစ်လို့ခေါ်တယ် မှတ်ပါ

လူတစ်ယောက်မှာ ဇာတာထဲက နာမည်ရယ်၊ အိမ်ကခေါ်တဲ့နာမည်၊ မှတ်ပုံတင်ထဲက နာမည်၊ ချစ်သူက ခေါ်သူတဲ့နာမည်၊ သူငယ်ချင်းတွေက ချစ်စနိုးနဲ့ခေါ်တဲ့နာမည် အမျိုးမျိုးရှိတာ ကိုယ်တို့လူမျိုးပဲရှိမယ်ထင်တယ်။ နာမည်ကို တစ်လုံးထဲ အဖျားဆွတ်ခေါ်ရတာနဲ့၊ အက္ခရာ နှစ်လုံးဆင်တူပါနေရင် အဲဒီနှစ်လုံးပဲခေါ်ရတာနဲ့၊ ချစ်သူတွေအတွက်ကလည်း သီးသန့်ဝေါဟာရတွေ အစုံပါပဲ။ နာမည်လေးတွေက များသောအားဖြင့် မိန်ကလေးဆိုရင် "လေး" ထည့်ပြီးခေါ်လိုက်ရင် နုးညံ့သွားသလိုလို။ ယောက်ျားလေးဆိုရင်လည်း "ကြီး" ထည့်ခေါ်လိုက်ရင် ပိုပြီး ခန့်သလိုလို၊ မာကျောသလိုလို။ ဥပမာ ဖြိုးကြီး၊ မျိုးကြီး စသည်ဖြင့်ပေါ့။


ကိုယ်တို့အိမ်မှာ ကိုယ့်အစ်ကိုက နူးညံ့တဲ့ နာမည်လေးတွေ ခေါ်တတ်တယ်။ သူ့အမျိုးသမီး နာမည်က "စိမ်း" တဲ့။ နာမည်ကြီးပဲ အဖျားဆွတ်ခေါ်ရင် တစ်မျိုးပဲ။ သိပ်ချစ်စရာ မကောင်းဘူး။ အစ်ကိုကတော့ ခေါ်တတ်တယ်။ "စိမ်းငယ်" တဲ့။
ကိုယ်ကြားဖူးတဲ့တစ်ယောက်လဲ သူ့အမျိုးသမီးကိုခေါ်တဲ့ နာမည်က ချစ်စရာလေး။ "ခေးသက်" တဲ့။ ကလေးသက် လို့ခေါ်ရာကနေ ကြာလာတော့ ခေးသက်တဲ့။ အလဲ့။ တယ်ဟုတ်။ ကိုယ်သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်က သန္တာတဲ့။ သူ့အမျိုးသားက သူ့ကို ချစ်စနိုးနဲ့ခေါ်တော့ "အတာ" တဲ့။ သူငယ်ချင်းတစ်ယောက်ကို သူတို့ မောင်နှမ အချင်းချင်း ချစ်စနိုးနဲ့ ခေါ်တာ ခွေးလေးပု တဲ့။ မြန်မြန်ခေါ်လိုက်တော့ "ကွေးလေးပူ" တဲ့။ နာမည်မှာ "မီ" ဆိုတာပါတဲ့ မိန်းကလေးဆိုလည်း သူ့ကိုချစ်တဲ့လူတွေက ခေါ်လိုက်တော့ "မီလေး" ရေတဲ့။ သူငယ်ချင်းကောင်မလေး တစ်ယောက်ကတော့ သူ့ချစ်သူကို အရမ်း ၀၊ ၀ လာလို့တဲ့ ခေါ်ပုံက "လုံးတုံ" ရေတဲ့။

ကိုယ့်အစ်မတစ်ယောက်ကတော့ အိမ်ထောင်ကျပြီး ၀လာလိုက်တာ။ ကိုယ်တို့အားလုံးက ယောက်ျားပစ်သွားလိမ့်မယ်လို့ စနေကြတာ။ အမယ်... သူ့အမျိုးသားက ၀၊ ၀ တုတ်တုတ်နဲ့မို့ ချစ်စနိုးနဲ့ "တာတီးပိုးလေး" တဲ့။ စန္ဒာ ဆိုတဲ့ နာမည်လေးကို သူ့ချစ်သူက မြတ်မြတ်နိုးနိုးခေါ်လိုက်တော့ "လမင်း" ရေတဲ့။

ကိုယ်အဖေရဲ့ မိတ်ဆွေတစ်ယောက်က သူ့သမီးလေးကို ခေါ်တာ "ယုန်လေး" တဲ့။ အရမ်းချစ်စရာကောင်းတာ၊ ဖြူစင်တာလို့ ပြောလို့ ကိုယ်တို့ မျက်လုံးထဲ သနားစရာ ယုန်သူငယ်လေး မျက်နှာမြင်လို့။ အိမ်အပေါ်ထပ်က ဆင်းလာတော့ နည်းတဲ့ ယုန်မဲကြီး မဟုတ်ဘူး။ ကိုယ်တို့ သားအဖ ရယ်ရအခက်၊ ပြုံးရအခက်။ ဒါပေမယ့် ဖခင်တစ်ယောက်က သူ့ခံစားချက်နဲ့ သူခေါ်တော့လည်း ဟုတ်နေတာပဲ။ကိုယ့်အဖေကပြောတော့ သူ့ယုန်က ဂေါ်ဇီလာယုန်ကွ တဲ့။

သူငယ်ချင်းတစ်ယောက်ပထမဆုံး သားလေးရတော့ ခေါ်လိုက်တာ "ဘလန်လူး" တဲ့။ ကိုယ်က ဘာနာမည်လဲဟ ဆိုတော့ ရုပ်ဆိုးဆိုးလေးမို့ ဘီလူးလန်၊ ဘလန်လူး တဲ့။ အံမယ်...အဲဒီဘလန်လူးလေးက အခုတော့ ချောလာလိုက်တာ၊ ကိုရီးယားမင်းသားရှုံး။ ကိုယ်အစ်ကိုတစ်ယောက်က မိန်းမရတော့ ပိန်ပိန်သေးသေးလေးမို့ ခေါ်လိုက်တာ ပိစိတဲ့။ အခုများ တခါတလေ ပြောပုံက "ငါပိစိလို့ ခေါ်တာတောင် ဒီလောက် ၀ လာတာ။ တုတ်တုတ် လို့များခေါ်ခဲ့ရင် င့ါဒုက္ခတော့ မတွေးရဲစရာပဲ" တဲ့။

သူငယ်ချင်းတစ်ယောက်ကတော့ သူ့ချစ်သူနာမည်က "လေး" တွေ၊ "ငယ်" တွေ ထည့်ခေါ်လို့ မကောင်းတာရယ်၊ သူချစ်တာကို အမြဲတမ်း သတိရနေစေချင်တာရယ်ကြောင့်ခေါ်တာက "ချစ်တာ" တဲ့။ သူ့ချစ်သူလည်း ဒီနာမည်နဲ့ အထာကျဘို့ တော်တော်လေ့ကျင့်ရမယ်ထင်တယ်။ ခေါ်လိုက်တော့လည်း ဟုတ်တုတ်တုတ်။ "ချစ်တာရေ" တဲ့။

ကိုယ်အဒေါ်တစ်ယောက်ကတော့ အခုထိ အပျိုကြီး။ သူ့နာမည်က "ခင်မေမေ" တဲ့။ သူ့ပထမဆုံး ရည်းစားက ကချင်လူမျိုး၊ ချစ်စနိုးနဲ့ ခေါ်လိုက်ပုံက "မေမေ" ဆိုလို့ ဒေါသတွေ ထွက်လိုက်တာ အရမ်း။ တကယ်လို့ "မေလေး" လို့ခေါ်လိုက်ရင် အဒေါ်လည်း အပျိုကြီး ဖြစ်ချင်မှ ဖြစ်မှာ။

"မိုး" ပါတဲ့ ကိုယ့်သူငယ်ချင်းလဲ သူ့အမေက ခေါ်တော့ "မိုးသဲ" တဲ့။ ချစ်စရာကောင်းသွားသလိုပဲ။ "သိင်္ဂီ" ပါတဲ့နာမည်ပိုင်ရှင်လေး သူ့ကိုယ်သူ စကားပြောတော့ "ဂီဂီ" တဲ့။ သူငယ်ချင်းတွေကလည်း ဂီဂီ လို့ခေါ်လိုက်တော့ ချစ်စရာလေးဖြစ်လို့။

ကျွန်တော်ကြားဖူးတာ တစ်ခုလည်းရှိသေးတယ်။ မိသားစုတစ်ခုမှာ ပထမဆုံးသားဦးလေးမွေးလာတော့ "ခန့်" တဲ့။ နောက်တစ်ခါ သမီးလေးရ လာတော့ "သန့်" တဲ့။ အငယ်ဆုံးလေးမွေးလာတော့ မိဘတွေ နာမည်ပေးစရာမလိုတော့ဘူး။ တစ်ရွာလုံးက ၀ိုင်းပြီး ကင်ပွန်းတပ်ပေးလိုက်တာ "ဂန့်" တဲ့။ အေးရော...။

ကျွန်တော် ငယ်ငယ်တုန်းကတော့ အဘွားက ခေါ်တာ "ဒိတ်ဂျစ်" တဲ့။ ဂျစ်ကျတဲ့ နေရာမှာ ဒိတ် လို့ဆိုပဲ။

တခါတလေစဉ်းစားကြည့်တော့ နာမည်ခေါ်တာချင်း အတူတူ ထူးထူးခြားခြားလေး ခေါ်တဲ့လူဆိုမှတ်မိနေတတ်ကြတယ်။ မတွေ့တာကြာလို့ ဖုန်းဆက်ရင်သူခေါ်လိုက်တဲ့ ကိုယ့်နာမည်ကြားတာနဲ့ ဘယ်သူဆိုတာ တန်းသိနေတာမျိုး။ ကျွန်တော့်မှာဆိုလည်း ဇာတာထဲက နာမည်၊ မှတ်ပုံတင်ထဲက နာမည်၊ အဖေခေါ်တဲ့နာမည်၊ အမေခေါ်တဲ့နာမည်၊ သူငယ်ချင်းတွေက ခေါ်တဲ့နာမည်၊ ဘယ်သူနဲ့မှ မတူအောင် ခေါ်တဲ့သူကပေးတဲ့ နာမည် ၊ blog လောက၊ က ခေါ်တဲ့နာမည်စုံနေတာပဲ။ ဘာပဲဖြစ်ဖြစ် ချစ်တဲ့သူတွေက ခေါ်ကြတဲ့ နာမည်တွေချ ရေးကြည့်ရင် ၁၅ ခုလောက်တောင်ရှိနေမလားဘဲ။

Sunday, February 22, 2009

ပျော်ရာမှာ အလုပ်လုပ်ရတဲ့ အခါ


ကိုယ်နေတဲ့ အိမ်ရှင်အစ်မက တစ်ခါမှ အလုပ်မလုပ်ဘူးပါဘူး။ တစ်နေ့တော့ သတင်းစာထဲမှာ Daiso က အလုပ်ခေါ်စာတွေ့တော့ သွားလျှောက်မယ်ဆိုပြီး သွားလေရဲ့။ အစ်မရဲ့ အမျိုးသားကလဲ အစ်မပင်ပန်းရင် နှစ်ရက်လောက်ဆို မလုပ်နိုင်တော့ဘူးဆိုပြီး ပြန်ပြေးလာမှာပဲလို့ မျှော်လင့်ပြီး သွားချင်လဲသွားပေါ့။ ကိုယ်တို့ကလဲ အစ်မ အပင်ပန်းခံနိုင်မှာမဟုတ်ဘူးပေါ့။ ဒီလိုနဲ့ လုပ်လာတာ ၂ လ ကျော်လောက်ရှိသွားပြီ။ အစ်မလဲ ကျန်းမာရေးပိုကောင်း၊ ပျော်ရွှင်တက်ကြွနေလိုက်တာလဲ အလွန်၊ နောက်ပြီး အိမ်မှာလဲ Daiso က ပစ္စည်းဆန်းဆန်းလေးတွေ မျိုးစုံပါပဲ။ အစထဲက Daiso ကြိုက်တဲ့ အစ်မ၊ အဲဒီဆိုင်ထဲရောက်ရင် တော်တော်နဲ့ ပြန်မထွက်နိုင်တဲ့ လူဆိုတော့၊ သူ့အတွက် လုပ်ငန်းခွင်မှာ တစ်နေကုန်နေရတာ ဘာနဲ့တူသလဲဆိုတော့ ချောကလက်တွေ၊ ရေခဲမုန့်တွေကြားထဲရောက်နေတဲ့ ကလေးလေးအတိုင်းပဲ ထင်ပါရဲ့။

ကိုယ်အနေနဲ့ကတော့ Daiso ကို မှတ်မှတ်ရရ တစ်ခါပဲသွားဘူးတာ။ ရန်ကုန်က ဂျပန်ယွန်းထည်လေးတွေလိုချင်တယ်ဆိုလို့ သွားဝယ်ပေးတာ။ ယွန်းထည်ရှိတဲ့ နေရာရှာပြီး လိုချင်တာဝယ်ပြီး ပြန်ထွက်လာခဲ့တာ။ ဒီလောက်ပစ္စည်းတွေ အများကြီးထဲမှာ သေသေချာချာ ရှာဖွေမ၀ယ်တတ်ခဲ့ဘူး။ ၀ယ်စရာကောင်းမယ့် ပစ္စည်းလေးတွေ ရှိနေတာလဲ မသိဘူး။ အခုမှ အစ်မ ၀ယ်လာတဲ့ပစ္စည်းလေးတွေ စိတ်ဝင်တစား ယူကြည့်မိတော့တယ်။ ရှာဝယ်တတ်ရင်တော့ Daiso က ဘာဝယ်ဝယ် ၂ ဒေါ်လာနဲ့ ပျော်စရာကောင်းသား။


ကိုယ့်အစ်မတစ်ယောက်တော့ ဂျပန်စာလဲ ကျက်နေလေရဲ့။ Daiso က ဂျပန်မှာ ဆိုင်ခွဲ ၅၀၀ ရှိပြီး တကမ္ဘာလုံးမှာ ၂၄၀၀ ရှိတာလဲပြောပြရဲ့။ သူတို့ပစ္စည်းတွေက ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ အမေရိကား နဲ့ တရုတ်က သွင်းပြီး Product for Daiso ဆိုပြီး ဂျပန်မှာ Quality Control ပြန်လုပ်ထားတဲ့ အကြောင်း၊ Sales ရယ် Cashier ရယ်မရှိဘဲ လူတိုင်း၊ ရာထူးတိုင်း လုပ်နိုင်အောင် အားလုံးသင်ရတဲ့ အကြောင်း၊ အဲဒီလိုအကုန်သင်ရတာကို သူများတွေက ရှုပ်တယ်ဆိုပြီး ငြိုငြင်ကြတဲ့အကြောင်း၊ သူကတော့ သူသိချင်တာတွေ သိခွင့်ရလို့ ပျော်တဲ့အကြောင်း၊ ဆိုင်မန်နေဂျာက ဂျပန်လူမျိုးဖြစ်တဲ့အတွက် စည်းကမ်းအရမ်းကြီးတဲ့အကြောင်း၊ တော်သေးတယ် သူတို့ရောင်းပေးလို့ ပစ္စည်းလေးတွေဝယ်လို့ရတာ ကျေးဇူးတင်လိုက်တာ ဆိုတာက ပါသေးတယ်။ ကိုယ်တို့အိမ်သားတွေအားလုံး အစ်မကို ကြည့်ပြီး ပြုံးကြရတယ်။

သူတို့အလုပ်သဘာဝက မနက် ၉ နာရီကနေ ညနေ ၆ နာရီ၊ နေ့လည် ၂ နာရီကနေ ည ၁၀း၃၀ ထိ ၂ ဆိုင်း အလှည့်ကျ ကို တစ်ပတ် ၁ ရက် နား။ ကိုယ်အလုပ်ဆင်းရတဲ့ ရက်ဆို Daiso ပစ္စည်းဝယ်ခွင့်မရှိ၊ သုံးစွဲခွင့် မရှိပါဘူး။ ထမင်းဘူးထည့်တဲ့ အိတ်ကလေးကအစ ယူလာခွင့် မရှိပါဘူး။ အဲဒီတော့ ပစ္စည်းလိုချင်တာ ရှိရင် အလုပ်နားရက်မှာ သပ်သပ်သွားဝယ်ရတာပါ။ ကိုယ့်အစ်မကတော့ အလုပ်ပိတ်ရက် အိမ်အလုပ်တွေပြီးရင် Daiso သွားတော့တာပါပဲ။ ပြီးရင်တပုံကြီးဝယ်ပြီး ပြန်လာတတ်တာ။

သူမို့လို့ ရှာရှာဖွေဖွေ ၀ယ်တတ်ပါတယ်။ ဆန်ပိုးမတက်အောင် ထည့်တဲ့ဘူးလေးတွေ၊ ကားမောင်းရင် လက်တွေနေလောင်မှာစိုးလို့ ၀တ်ရတဲ့ လက်အိတ်ရှည်ရှည်လှလှလေးတွေ၊ Microwave ထဲမှာ ဟင်းနွေးရင် သုံးတဲ့ လက်မပူတဲ့ ခွက်ကလေးတွေ၊ ပန်းပင်လုပ်တဲ့ ပစ္စည်းလေးတွေ၊ Screw Drivers အရွယ်စုံ၊ L-Keys အရွယ်စုံ၊ အမျိုးကို စုံနေတာပါပဲ။

ချစ်စရာ ဖောင်တိန်လေးတွေ မီးဖိုဆောင်သုံးပစ္စည်းလေးများထမင်းခပ်စရာ ယောင်းမ
(ဘူးလေးထဲမှာ သိမ်းထားလို့ရတယ်)



ဖိနပ်လှန်းတဲ့ ချိတ်အရေးပေါ် ဆံပင်ဆေးဆိုးတောင့်ကျောက်ကျောလှီးတဲ့ဓား
အညောင်းပြေနှိပ်တဲ့ ဘီးလုံးလေးပေကြိုးခွေမှန်ဘီလူးလေး
 
အနွေးဖိနပ်ကလေးမြန်မာပြည်အလွမ်းပြေ ရွှေဝါဆပ်ပြာတောင့် 

တကယ်လို့များ Sembawang မှာရှိတဲ့ Daiso အသစ်ကြီးကို ရောက်ခဲ့ရင်၊ တကယ်လို့များ ဘာပစ္စည်းတွေဘယ်လို အသုံးတည့်တယ်ဆိုတာ သိချင်ခဲ့ရင် ကောင်းကင်ပေါ်က လူတိုင်းချစ်တဲ့ အရာနဲ့ ထပ်တူညီတဲ့ နာမည်လေး ရင်ဘတ်မှာထိုးထားတဲ့ ၀န်ထမ်း သွားရှာပြီး မေးကြည့်နိုင်ပါတယ်။ ဒါပေမယ့် See And Be Seen ရဲ့ အစ်မလားဟင် လို့တော့ မမေးနဲ့ပေါ့ဗျာ။