See And Be Seen Remix 2
တခါတုန်းကပေါ့။ မြန်မာပြည်ရဲ့ ဒုတိယမြို့တော်ကြီးမှာ အလွန်ချမ်းသာတဲ့ ဆရာဝန်ကြီး လင်မယားရှိသတဲ့။ သူတို့မှာ သားလေးနှစ်ယောက်လည်း ရှိတယ်။ ချမ်းသာတာနဲ့ အမျှ ကပ်စီးနဲလိုက်တာလဲ လွန်ပါရောတဲ့။ မိသားစု လေးယောက်စားဘို့ တစ်ထွာကျော်ကျော်လောက်ရှိတဲ့ ငါးကိုကြော်ပြီး မနက်စာကို အပေါ်ယံတစ်ပိုင်းစားသတဲ့။ ညနေကျတော့ ငါးကို ပြောင်းပြန်လှန်ပြီး နောက်တစ်ပိုင်းကို စားကြသတဲ့။ ဟင်းချက်ဘို့ဆားကို အထုပ်လိုက်ဝယ်ရင် ဈေးကြီးလို့ ဆားခဲကြီးလိုက်ဝယ်ပြီး အိမ်ဖော်ကောင်မလေးခမျာ အားတဲ့ အချိန်တိုင်း အမှုန့်ဖြစ်အောင် ထောင်းရရှာသတဲ့။ မိသားစု ၄ ယောက်နဲ့ အိမ်ဖော်လေး ၁ ယောက်၊ စုစုပေါင်း လူ ၅ ယောက်ပဲရှိတဲ့ အိမ်မှာ အိမ်ဖော်အတွက် ဆန်ကွဲသာသာဆန်ကို တစ်အိုးခွဲပြီး ချက်ရသတဲ့။ အိမ်ဖော်လေးဟာ ဟိုအရင်ခေတ် တောင်ပေါ်ဒေသတစ်ခုက ခေါ်လာတာဆိုတော့ ထမင်းနပ်မှန်အောင်စားရတာကိုပဲ ကျေးဇူးတင်နေတာမျိုးမို့ပေါ့။ အခုခေတ် အိမ်ဖေါ်သာဆိုရင် ထတောင်ရိုက်မလားဘဲ။ ထားပါတော့လေ။ ဒါနဲ့ပဲ တိုက်တွေ၊ ကားတွေ၊ ငွေကြေးတွေ အများကြီးပိုင်ပြီး ငတ်မွတ်နေတဲ့ မိသားစု ဆိုပါတော့။ ကလေးတွေကလဲ ကျောင်းမှာ ဘုရားစူး ဆရာဝန်ကြီးသား ဆိုတဲ့ ဘ၀နဲ့ ကြီးပြင်းလာရရှာတယ်။ မိဘဆိုတာကို သားသမီးက ရွေးချယ်ပိုင်ခွင့် မရှိ။ သားသမီးကို မိဘက ရွေးချယ်ပိုင်ခွင့် မရှိတဲ့ လူ့ဘ၀ကြီးမှာ မှားယွင်းစွာ လူဖြစ်လာရရှာတာပေါ့။
ဆရာဝန်မကြီးရဲ့ အမေက ဘုန်းကြီးကျောင်းမှာ နောက်ထပ်သမီး တစ်ယောက်နဲ့ ကိုယ်ပိုင် ဇရပ်လေးဆောက်ပြီး နေသတဲ့။ အသက် ၉၀ ကျော်မှာ အမေဆုံးခါနီးတော့ ဇရပ်မှာ သေရင် ရှက်စရာကောင်းလှချည်ရဲ့ ဆိုပြီး သူ့အိမ်ကို ခေါ်သွားမယ်လို့ ဆွေမျိုးတွေနဲ့ အတိုက်အခံ လုပ်သတဲ့။ ဆရာတော်ကြီးကိုယ်တိုင်က ကျုပ်မယ်တော်ကြီးကို ကျုပ်တရားဟောနေရင်း ဆုံးသွားပါစေလို့ ပြောပြီး တားတာတောင် မရဘူးတဲ့။ ပြီးတော့ တိုက်ကြီး ၃ လုံးနဲ့ ဂိုထောင် သာသာ ပျဉ်ထောင်အိမ်လေး တစ်လုံးရှိတဲ့ သူ့အိမ်ဝင်းကြီးထဲမှာ အမေအို ဆုံးခါနီးကြီးကို အဲဒီပျဉ်ထောင်အိမ် အောက်ထပ်မှာ ထားသတဲ့။ မျက်စိမှုန်နေတဲ့ အဘွားကြီးတစ်ယောက်က သူနာပြုပေါ့လေ။ မနက်မိုးလင်းတော့ အမေကြီးလဲ ဆုံးတာပါပဲ။ တရားနာရင်း ဘ၀ပြောင်းချင်တဲ့ အမေကို ဇွတ်အတင်းခေါ်သွားတော့ သေတာပဲ အေးတယ်ဆိုပြီး စိတ်လျော့လိုက်တယ်တူပါရဲ့။ တစ်ခုဆိုးတာက အမေကြီးတစ်ကိုယ်လုံးကို နီရဲနေအောင် တစ်ညလုံး ပုရွက်ဆိတ်တွေ ကိုက်ထားလိုက်တာ ဘယ်သူမှ မသိတာပါပဲ။ မသေခင် တော်တော် ဆိုးတဲ့ ဝေဒနာ ခံစားပြီးမှ ဆုံးသွားရရှာသတဲ့။ နောက်တော့ အလောင်းကို တိုက်ကြီးထဲ ရွေ့သတဲ့။ သေပြီးမှပဲ တိုက်ပေါ် ရောက်ရတော့တာပေါ့။ ဆရာဝန် အသိုင်းအ၀ိုင်းက ဧည့်သည်တွေ လာတော့မယ်လေ။ အကုသိုလ်ကို နောက်ထပ် ဘ၀ ဘယ်နှစ်ခုစာ ယူနေမှန်းတောင် မသိတော့ပါဘူး။
ဒီလိုနဲ့ပဲ သားအကြီး မင်္ဂလာဆောင်တဲ့ အခါ ကျွေးတဲ့ မုန့်တွေ မလောက်လို့ မနေနိုင်တဲ့ အစ်ကို ၀မ်းကွဲတွေက ပျာယီးပျာယာ သွားဝယ်ပေးရ၊ သားအငယ်ကတော့ မင်္ဂလာဆောင်ရမှာ ကြောက်ပြီး ခိုးပြေးလေသတဲ့။ သူတို့ လင်မယားနှစ်ယောက်လဲ တိုက်ကြီး တစ်ယောက်တစ်လုံးနဲ့ အိမ်ရှေ့ အိမ်နောက်နေကြပြီး သူ့ငွေ၊ ကိုယ့်ငွေ လုရင်း မခေါ်မပြောကြဘူးတဲ့။
သားတွေက စီးပွားရေး လုပ်ဘို့ ပိုက်ဆံတောင်းတဲ့ အခါ ၅ ကျပ်တိုးနဲ့ ချေးသတဲ့။ ကိုယ့်သားသမီးကိုယ်တောင် အတိုးယူတယ်ဆိုတော့ ပြီးပါလေရော။ တကယ်လို့ လဆန်းတဲ့ အထိ အတိုးလာမပေးသေးရင် ဖုန်းတဂွမ်ဂွမ်ဆက်နေသတဲ့။ သူ့သားတွေက ဘာပြောသလဲဆိုတော့ သူတို့ရဲ့ နှလုံးသားထဲက သွေးတွေက အမေကတစ်ခြမ်း၊ အဖေက တစ်ခြမ်း စီးဆင်းနေရင်တောင် အဲဒီ နှလုံးတစ်ခုလုံး ဖောက်ထုတ်ပစ်ချင်တယ်တဲ့။ ဘ၀တစ်လျှောက်လုံးလဲ ကျိန်စာသင့်နေသလို ခံစားရတယ်တဲ့။ မိဘမေတ္တာဆိုတာ ဘာမှန်းမသိ၊ အမွေခွဲဘို့ သေမယ့်နေ့ကို ထိုင်စောင့်နေကြသတဲ့။
ငွေကြေး ပစ္စည်းဥစ္စာ ဆိုတာ ဘာအတွက်လဲ။ မိသားစုဆိုတာရဲ့ အနှစ်သာရတစ်ခုလုံးနဲ့ လဲလှယ်ရလောက်အောင် တန်ဘိုးကြီးရဲ့လား။ ကိုယ့်ဝမ်းကိုယ်လဲ မစားရက်၊ သားသမီးကိုလဲ မကျွေး၊ ရှိသမျှ အကုန်စုပြီး လှူလည်းမလှူ၊ တစ်ဆွေမျိုးလုံး အောချရတဲ့ လူမျိုးပေါ့။ ဆွေမျိုးအိမ်တွေကို အလည်လာတဲ့ အခါ သူ့အိမ်ကနေ ဆွေမျိုးအိမ်အထိ ဓါတ်ဆီကို တိုင်းပြီးထည့် လာသတဲ့။ ဆွေမျိုးအိမ်က ပြန်မယ်ဆိုတော့ ကားက ဓါတ်ဆီပြတ်ပြီး နှိုးလို့မရတော့ မြန်မြန်ပြန်စေချင်တဲ့ ဆွေမျိုးကပဲ ထည့်ပေးလိုက်ရတာပေါ့။ ကိုးကွယ်မှု မှားယွင်းကြတဲ့ ဘ၀တွေလို့ ဆိုရမှာပေါ့လေ။ မြတ်စွာဘုရား တရားတော်နှင့် ကြည့်ရင်တော့ လွန်ခဲ့တဲ့ ဘ၀တုန်းက အလှူလုပ်ခဲ့တိုင်း စိတ်မထားတတ်ခဲ့လို့ပဲလို့ ဆိုရမလိုပါပဲ။ ငွေကြေးဥစ္စာ အများကြီးကို လုံးဝ မသုံးရက်၊ မစွဲရက် နောက်ဆုံးသေတော့လဲ သူများအတွက် ဖြစ်မှာပဲ မဟုတ်လား။
ငွေဟာ မရှိမဖြစ် လိုအပ်တာ မှန်ပေမယ့်၊ ငွေရှုံးလို့ ဘ၀မဆုံးနိုင်သလို ငွေလျှံတိုင်းလဲ ဘ၀ ကို အနိုင်နဲ့ မပိုင်းနိုင်ကြပါဘူး။ အသက်အရွယ် အပိုင်းအခြားကို လိုက်ပြီး ကိုယ်လိုချင်တဲ့ ဘ၀ကို တည်ဆောက်နိုင်ဘို့ ဘ၀ အထောက်အကူ ပစ္စည်းတစ်ခုအဖြစ်ပဲ လိုအပ်တာပါ။ ဒါပေမယ့် ငွေကြေးအတွက် မိဘနဲ့ သားသမီးတွေ မုန်းတီးကြ၊ ချစ်သူတွေ လမ်းခွဲကြ၊ ညီအစ်ကို မောင်နှမတွေ အမွေလုကြ၊ မိတ်ဆွေ သူငယ်ချင်းတွေ အခင်အမင်ပျက်ကြ၊ ဒါတွေတော့ မဖြစ်သင့်ပါဘူးလေ။
လူတွေက ဘာသာရေးက ပြဌာန်းထားတဲ့ ဘုရားသခင်ပြီးရင် ဒုတိယ ကိုးကွယ်တဲ့ အရာပေါ်မှာ မူတည်ပြီး စိတ်နေသဘောထားတွေ အများကြီး ကွဲပြားသွားကြတယ်။ ဘ၀တွေ အများကြီး ပြောင်းလဲကြတယ်။ တကယ်တော့ ဒုတိယ ဘုရားသခင်ဆိုတာ ကိုယ် ရဲ့ Soul ပါဘဲ။ ကိုယ့်ရဲ့ နှလုံးသားထဲက Soul ကို ဖမ်းဆုပ်နိုင်သူများသာ ဘ၀ကို အနိုင်နဲ့ ပိုင်းနိုင်သူများလို့ ဆိုနိုင်ပါတယ်။
Money lost, nothing lost
Courage lost, something lost
Soul lost, all lost ဆိုတဲ့ လူတိုင်းကြားဖူးနေတဲ့ ဆိုရိုးလေးအတိုင်းပေါ့။
တကယ်တော့ လူသားတွေရဲ့ ဘ၀များစွာကို သူ့တို့ ယုံကြည်ကိုးကွယ်နေတဲ့ Second God က ပြဌာန်းနေတာပါပဲလေ။ ။
9 comments:
ဒီပုံပြင် ဘယ်ကဖတ်တာလဲ..
(မိဘဆိုတာကို သားသမီးက ရွေးချယ်ပိုင်ခွင့် မရှိ။ သားသမီးကို မိဘက ရွေးချယ်ပိုင်ခွင့် မရှိတဲ့ လူ့ဘ၀ကြီးမှာ မှားယွင်းစွာ လူဖြစ်လာရရှာတာပေါ့။)
အပေါ်က စာကြောင်းလေးကို ခံစားသွားတယ် ။
ကျွန်တော့်ပို့စ်တွေကို Comments လေးတွေရေးရေးပေးတာ ကျေးဇူးပါအစ်မရေ။ ကျွန်တော် အခု MRT ပေါ်မှာ စာရေးတတ်တဲ့ အကျင့်ဖြစ်လာလို့ ပို့စ်တွေစိတ်လာတာပါ :) ကျွန်တော့် Remix Series က ကျွန်တော်တွေ့ဖူးကြုံဖူး ကြားဖူးတဲ့ ပုံပြင်ဆန်တဲ့ လူတွေအကြောင်းကို ကျွန်တော် ဖတ်ဖူးတဲ့ စာအုပ်တွေထဲက အကြောင်းတွေရယ်၊ ကျွန်တော့်ခံစားချက်တွေရယ် ပေါင်းထားတာပါ။ ကောင်းသောညပါ အစ်မရေ။ အိပ်မက်လှလှမက်ပါစေဗျာ။
အဲလို မိသားစု ရှိတယ်တဲ့လား.. အော် တကယ် မယုံနိုင်စရာ.. ရထားပေါ် အချိန်ကို အကျိုးရှိစွာ အသုံးချတာ ကောင်းလေစွ ။
ကောင်းသောညပါရှင် ။
အဲဒါပုံပြင်လားဟင်..
ဒါပေမယ့် ကျွန်မ တကယ်ကြုံဖူးတယ် အပြင်မှာ အဲဒီ့လို လူမျိုးတွေကိုလေ။ သားသမီးက စီးပွားလုပ်ဖို့ကို အမေဆီက အတိုးပေးပြီး ပိုက်ဆံချေးတာလည်း ကာယကံရှင်ပြောပြလို့ တအံ့တသြ ကြားဖူးတယ်။ ”ငွေကြေးအတွက် မိဘနဲ့ သားသမီးတွေ မုန်းတီးကြ၊ ချစ်သူတွေ လမ်းခွဲကြ၊ ညီအစ်ကို မောင်နှမတွေ အမွေလုကြ၊ မိတ်ဆွေ သူငယ်ချင်းတွေ အခင်အမင်ပျက်ကြ” အဲဒါတွေလည်း မြင်ဘူးတယ်.. ဘာပဲဖြစ်ဖြစ် တကယ်ကို ကောင်းတဲ့ပို့စ်ပါ။ အားပေးနေပါတယ်။
အစ်မရန်ကုန်သူရေ..
အားပေးတာကျေးဇူးတင်ပါတယ်ဗျာ။ အစ်မလဲ ဒီလိုလူမျိုးတွေတွေ့ဘူးတယ်လား။
အံ့သြစရာကောင်းတဲ့ ၀ဋ်ကြွေးတွေပေါ့အစ်မရယ်…
တော်တော်ကို ဆိုးတာပဲ
ပေါင်ချိန်ကားထဲကလို ဒါမျိုးတကယ်ရှိသလားလို့ မေးရမလိုတောင် ဖြစ်နေပြီ
ဝဋ်ပဲ...
ဟုတ်တယ်အစ်မပန်ဒိုရာရေ..
မြန်မာပြည်မှာပေါင်ချိန်ရှိလဲ ကောင်းသား။ ဓါးစက်ကို အားမှာ မဟုတ်တော့ဘူး။
ဒီလိုလူမျိုးတကယ်ရှိတယ်ဆိုတာမယုံနိုင်စရာပါပဲ...
ွRemix Series ကိုစောင့်ဖတ်လျက်ပါ...
Nay Nay ရေ…
အားပေးတာကျေးဇူးတင်ပါတယ်။ ဟုတ်တယ်။ လောကကြီးမှာ လူဖြစ်လာဘို့ မထိုက်တန်တဲ့ လူတွေအမျာကြီးပဲ…
Post a Comment