Sunday, December 9, 2007

Apex Harmony Lodge သို့တစ်ခေါက်


စင်္ကာပူနိုင်ငံမှာရှိတဲ့ ဘိုးဘွားရိပ်သာတစ်ခုကို ရုံးကအစီအစဉ်နဲ့ သွားလည်ပြီး မုန့်တွေ၊ ပစ္စည်းတွေ သွားရောက်လှူဒါန်းတဲ့နေ့ကပေါ့။
ရိပ်သာထဲကို ရောက်ရောက်ခြင်း သိကောင်းစရာလေး အနည်းငယ်ကို Slide Show နဲ့ရှင်းပြပါတယ်။ တချို့ အဘိုး၊အဘွားတွေကတော့ မိသားစုဝင်တွေက တစ်ပါတ်တစ်ခါ ဆိုသလို လာကြည့်ပေမယ့် တစ်ချို့ကတော့ လမ်းဘေးက၊ ဆေးရုံကနေ ဆွေမျိုးသားချင်းမရှိ၊ သူ့ကိုယ်သူ ဘယ်သူမှန်းမသိဘဲ ရောက်လာတာလဲရှိသတဲ့။ ထူးထူးခြားခြား အနေနဲ့ သူနာပြုစာရင်းမှာ မြန်မာလူမျိုးက အများဆုံးဖြစ်ပြီး တခြားနိုင်ငံအနေနဲ့ ဖိလစ်ပိုင်နဲ့ မလေးရှား လူမျိုးတွေများပါတယ်။


အဲဒီနောက်တော့ ဧည့်သည်တွေအားလုံးကို ၁၁ ယောက်စီ လူစုခွဲပြီး အဘိုးအဘွားတွေရှိတဲ့နေတဲ့ အခန်းတွေထဲကို လိုက်ပို့ပါတယ်။ ၀န်ထမ်းတွေသာဝင်ခွင့်ရအောင် လုံခြုံရေးတွေကို စီစဉ်ထားတာတွေ့ပါတယ်။ အခန်းတွင်းမှာတော့ အဘွားနှစ်ယောက်ကရှေ့ဆုံးမှာ Wheel Chair နဲ့ TV ထိုင်ကြည့်နေလေရဲ့။ တစ်ယောက်က လက်ထဲမှာ ကလေးရုပ်လေးကို ပွေ့ချီပြီး ၀ူးဝူးဝါးဝါးတွေအော်နေလိုက်တာ။ မြင်မြင်ချင်းလန့်တောင်လန့်သွားမိတယ်။ နောက်တော့မှ သူနာပြုဆရာမလေးက ပြေးလာပြီး အရုပ်ကလေးရဲ့ အင်္ကျီလက်တစ်ဖက်ကျွတ်နေတာကို ပြန်ဝတ်ပေးလိုက်တော့ ငြိမ်ပြီး ကလေးရုပ်ကိုပွေ့လို့ ပြုံးနေလေရဲ့။ နောက်အဘွားတစ်ယောက်ကတော့ ရောင်စုံခဲတံနဲ့ ပုံတွေကို ဆေးချယ်နေတယ်။ လျှောက်ခြစ်နေတယ်ဆို ပိုမှန်ပါတယ်။ အဲဒီနားက စားပွဲဝိုင်းကြီးမှာ အဘိုးအဘွားတွေဝိုင်းထိုင်ပြီး ဆော့တဲ့လူကဆော့၊ ဘောလုံးသေးသေးလေးကို လှိမ့်တဲ့လူကလှိမ့်၊ ကျွတ်ကျွတ်အိတ်တွေကို ဖြန့်လိုက်၊ ခေါက်လိုက် လုပ်တဲ့လူကလုပ်နဲ့။ စကားသွားပြောရင် ပြန်ပြောတဲ့လူရှိသလို၊ ဘာမှမသိတော့တဲ့ အဘိုးအဘွားတွေလဲ အများကြီးပါပဲ။ နေ၀င်ခါနီး ခရီးသည်တွေရဲ့ ဆည်းဆာအိပ်မက် ကိုယ်စီနဲ့ ပေါ့လေ။

တချို့အဘိုးအဘွားတွေကျတော့ အိပ်ယာခင်း၊ လက်သုတ်ပ၀ါလေးတွေကို သူနာပြုလေးတွေကို ကူခေါက်ပေးနိုင်သေးတယ်။ ဧရာမအ၀တ်ပုံကြီးထဲက အင်္ကျီလေးတစ်ထည်၊ လက်ကိုင်ပ၀ါလေးတစ်ထည်ကို ရွေးခေါက်ပြီး အဘွားတစ်ယောက်ကို သွားပေးနေတဲ့ အဘိုးကိုတွေ့တော့ ကြည်နူးပြီး ပြုံးမိတယ်။ အိန္ဒိယအဘိုးတစ်ယောက်ကတော့ ၂ မိနစ်တစ်ခါလောက် အသံကျယ်ကြီးနဲ့ ဟေ့ ဟေ့ လို့အော်နေလေရဲ့။ သူနာပြုဆရာမလေးကို မေးကြည့်တော့ ဧည့်သည်တွေလာရင် အမြဲအော်တယ်တဲ့လေ။ ဒါနဲ့ သူငယ်ချင်းအိန္ဒိယအမျိုးသမီးက သူတို့ ဘာသာစကားနဲ့ သွားနှုတ်ဆက်တော့ တွေတွေလေးပြန်ကြည့်ပြီး တဖက်လှည့် အိပ်ချင်ယောင်ဆောင်နေပါလေရော။ ဘယ်လိုခေါ်ခေါ်ပြန်လှည့်မလာတော့ဘူး။ အော်လည်းမအော်တော့ပြန်ဘူး။

ရိပ်သာက အခန်းလေးတွေက အများအားဖြင့် ရေချိုးခန်း၊ အိမ်သာပါတဲ့ ၄ ယောက်ခန်းလေးတွေပါ။ အခန်းထဲမှာ သံကုတင်ဖြူဖြူလေးတွေနဲ့။ စားပွဲသေးသေးလေးရှိတယ်။ သူနာပြုဆရာမလေးတွေက တော်တော်စိတ်ရှည်တဲ့အပြင် သူတို့တွေရဲ့ အပြုံးလေးတွေက ဒီနိုင်ငံမှာ တော်တော်တွေ့ရခဲတဲ့ အပြုံးမျိုးပဲ။ ပြောရမယ်ဆိုရင် ကလေးပြုစုရေး ကျောင်းနဲ့ ပိုတူပါတယ်။ ဆရာဝန်တွေကလည်း အမြဲတမ်းလာပြီး စောင့်ကြည့်ကုသပေးတယ်။ လေဖြတ်နေတဲ့ အဘိုးအဘွားတွေကလည်း ဆရာမလေးတွေ အကူအညီနဲ့ လေ့ကျင့်ခန်းတွေလုပ်လို့။ အခန်းတွေနဲ့ ပတ်ဝန်းကျင်ကတော့ ဟိုတယ်လေးတစ်ခုလိုပါပဲ။ အဘိုးအဘွားတွေ ကွယ်လွန်သွားရင်တော့ သူတို့ဆီက လေအေးစက်တွေ အများကြီးဖွင့်ထားတဲ့ အခန်းလေးထဲကို ခဏရွေ့ထားတယ်တဲ့။ ပြီးတော့ သက်ဆိုင်ရာသားသမီးတွေ ဆွေမျိုးတွေကို အကြောင်းကြားတယ်။ ဆရာဝန်က လာပြီး သေဆုံးကြောင်း အတည်ပြု လက်မှက်ထိုးပြီးမှ သယ်ဆောင်ခွင့် ရတယ်လို့သိရတယ်။

ကိုယ့်နိုင်ငံမှာတော့ သားသမီးရှိရက်နဲ့ မိဘကို ဘိုးဘွားရိပ်သာသွားထားတဲ့ ယဉ်ကျေးမှု မထွန်းကားသေးတာ ဂုဏ်ယူစရာပါပဲ။ နိုင်ငံခြားတိုင်းပြည်တွေထဲမှာတော့ ဘိုးဘွားရိပ်သာမှာ ပိုက်ဆံပေးပြီး သွားထားနိုင်တာ ချီုးကျူးရမလိုလို၊ ကျေးဇူးပဲတင်ရမလိုလို။ ဂရုစိုက်မဲ့သူ၊ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ သူတို့အတွက် ပိုအဆင်ပြေသတဲ့လေ။
ရိပ်သာကပြန်ထွက်လာတော့ အပြင်မှာ မိုးဖွဲဖွဲလေးရွာလို့။ အပြန်လမ်းတစ်လျှောက် အတမ်းတမိဆုံးက အဖေနဲ့အမေပါဘဲ။ အသက်ကြီးလာရင် အဖေနဲ့အမေနဲ့ ပြန်ပြီးနေမယ်လို့ စဉ်းစားမိပေမယ့် ကလေးတစ်ယောက်ရဲ့ အသိဥာဏ်လောက်တောင်မရှိတော့တဲ့ လူကြီးလူအိုတွေအများကြီး တွေ့ရတဲ့အခါ ဒီလိုအသက်အရွယ်တွေကို ဘယ်လိုပြုစုစောင့်ရှောက်ရတယ်ဆိုတာ လေ့လာထားသင့်တဲ့ အချက်တစ်ခုပါလားလို့ အံ့သြစွာတွေးမိတယ်။
နောက်ထပ်တစ်ခုတွေးမိတာက ရိပ်သာက သူနာပြုဆရာမလေးတွေက အဘိုးအဘွားတွေ ဘာလုပ်လုပ် အပြုံးချိုချိုနဲ့ တုံ့ပြန်ကြတယ်။ ငါကော အဖေ၊အမေ အတွက် ဒီလောက်ချိုသာတဲ့ အပြုံးလေးကို အမြဲပြုံးပြနိုင်ပါ့မလား ဆိုတဲ့အတွေးပါပဲ။

မြန်မာသူနာပြုဆရာမလေးကို “အစ်မတို့က ဒီလိုနေရာလေးမှာ အလုပ်လုပ်ရတာ ကံကောင်းတယ်နော်။ ကုသိုလ်လဲရ၊ ၀မ်းလဲဝတဲ့ အပြင် နောင်တချိန် ကိုယ့်မိဘကို စောင့်ရှောက်တဲ့ အချိန်ကျရင် ခေတ်မှီမှီ စောင့်ရှောက်နိုင်တဲ့ ပညာလည်းရတယ်” လို့ပြောမိတော့ “ဟုတ်ပါတယ်။ အဖေ၊ အမေကို လွမ်းတဲ့စိတ်နဲ့ ငါ့အဖေ၊အမေ သာဖြစ်ခဲ့ရင် ဆိုပြီး လုပ်ငန်းခွင် တစ်နေ့တာကို ဖြတ်သန်းရတယ်။ အဖေ၊အမေက အသက်ကြီးပြီ။ ဒါပေမယ့် အခုထိ မပြန်နိုင်သေးပါဘူး” တဲ့လေ။
လာတုန်းကလည်း တစ်ယောက်နော်၊ လက်တွဲခေါ်ကာ ဖော်မပါဘူး။ ပြန်သွားတော့လည်း တစ်ယောက်ထဲနော်…. ဆိုပေမယ့် မပြန်ခင် အချိန်ကလေး အို၊နာ၊ဘေး ကို ကျော်လွှားဘို့ အခက်အခဲတွေ အများကြီး ရှိနေပါသေးလားလို့ တွေးမိပြီး အမေ ပြောပြောနေပေမယ့် အလေးအနက် မထားမိခဲ့တဲ့ အိုစာမင်းစာ ဆိုတဲ့ စကားလုံးလေးကို သဘောပေါက်မိတဲ့ နေ့တစ်နေ့ပါပဲ။


ရိပ်သာထဲမှာ ဓါတ်ပုံရိုက်ခွင့် မရှိတဲ့အတွက် ရိပ်သာအပြင်ဖက်က ပုံလေးကို တင်ပေးလိုက်ပါတယ်။

2 comments:

ခင်မင်းဇော် said...

အင်း အသက်ကြီးလာတဲ့မိဘတွေကို သားသမီးတွေက ဘယ်လောက် စောင့်ရှောက်နိုင်ပါ့မလဲ လို့ စဉ်းစားမိနေတယ်။ အမတို့တွေဆို ပြန်ဖို့တောင် မလွယ်တော့ .........
လူကြီးတွေဟာ သူတို့ အသက်ကြီးလာတဲ့အခါမှာ စကားများများပြောချင်ကြသတဲ့..
အဲဒီအခါမှာ စိတ်ပါဝင်စား နားထောင်ဖို့ အချိန်ပေးနိုင်တဲ့သားသမီး ဘ၀ ဖြစ်ချင်ပါတယ်....

Tin said...

My friend said if we can not go back our country , one day our life will be end up in that kind of place. Sad to say that.