နေရာလေးတစ်နေရာ
တရေးမှမအိပ်ရသေးသော ကျိန်းစပ်နေသည့် ကိုယ့်မျက်လုံးကို ဇွတ်အတင်းဖြဲပြီး ရေအမြန်ချိုးလိုက်သည်။ သည့်နေ့ နောက်ကျ၍မရ။ ရထားပေါ်မှာ ခဏပဲဖြစ်ဖြစ် အိပ်လိုက်တော့မယ်လို့ အားတင်းပြီး ခြေလှမ်းတို့က ဘူတာရုံဆီသို့။
ဘူတာရုံဝရောက်တော့ ရထားထွက်ရန် ၂ မိနစ်မျှသာလိုတော့သည်။ နောက်တစ်စီးစောင့်လျှင် ၆ မိနစ်စောင့်ရမည်။ မဖြစ်နိုင်။ အမြန်ပြေးပြီး တံခါးပိတ်ခါနီး ရထားထဲကို အမောတကောပြေးဝင်လိုက်ရသည်။ တစ်စီးလုံးထိုင်စရာ နေရာမရှိ။ ခုံအပြည့် လူအပြည့်မို့ အိပ်လို့ကောင်းမည့် ထောင့်စွန်းကခုံလေးရှေ့မှာ မတ်တပ်ရပ်ရင်း မြန်မြန်ထိုင်ရပါစေဟု ဆုတောင်းနေမိသည်။ မျက်လုံးတွေက လေအေးစက် အရှိန်ကြောင့် စပ်ဖျဉ်းဖျဉ်း၊ ငိုက်မြည်းလုလု ဖြစ်နေပြီမို့ ခဏလောက်ထိုင်ပြီး မှိတ်ထားခွင့်ရလိုက်ချင်သည်။
၂ ဘူတာကျော်လာတော့ ကိုယ့်ရှေ့က အမျိုးသမီးက ခါးကိုမတ်လိုက်သည်။ အိတ်ထဲက တစုံတရာကိုရှာဖွေဟန်ရှိသည်။ ဪ...ဆင်းတော့မှာမို့ ရထားစီးကဒ်ပြားရှာနေဟန်တူရဲ့ ။ ထိုင်ရတော့မည်။ အိပ်ရတော့မည်။ ပျော်သည်။ ပျော်သည်။ ခက်ခက်ခဲခဲရှာပြီး သကာလ သူမလက်ထဲပါလာသည်က နှုတ်ခမ်းနီလေးတစ်ဗူး။ ဪ...ဆင်းခါနီးမို့ အလှပြင်ရလေသည် ဟုလိုရာဆွဲတွေးလိုက်သည်။ နှုတ်ခမ်းနီဆိုးသည်။ ပေါင်ဒါရိုက်သည်။ ပါးနီဆိုးသည်။ မျက်တောင်ကော့သည်။ အားလုံးပြီးတော့ နောက် ၂ ဘူတာလောက် ကျော်လာပြီ။ အလှပြင်ပြီးသွားပြီမို့ ရှေ့ဘူတာတော့ ဆင်းလောက်ပြီ။ ဖန်စပ်နေသော မျက်လုံးကို အနားပေးရတော့မည်။
ရှေ့ဘူတာရောက်ခါနီးတော့ သီချင်းနားထောင်နေသည့် သူမနားကြပ်ကို ဖြုတ်သိမ်းလိုက်သည်။ ၀ါယာကြိုးတွေကို ခေါက်ပြီး အိတ်သေးသေးလေးနဲ့ သေချာထည့်သည်။ ကိုယ့်မျှော်လင့်ချက်တို့ နိုးထလာချေပြီ။ အိပ်ရတော့မည်။ သို့နှင့် ဒီတစ်ခါတော့ တကယ်ဆင်းတော့မည်ထင်ရဲ့။ ဖုန်းကိုထုတ်ပြီး SMS ပို့နေသည်။ ပုံစံကြည့်ရတာ ရှေ့ဘူတာတော့ တကယ်ဆင်းပြီ။ အချိန်းအချက် SMS ပို့နေတာဖြစ်ပေလိမ့်မည်။ အရမ်းကာရော အိပ်ချင်နေသော စိတ်ဖြင့်တမက်တမော ထိုင်ခုံလေးကို လိုချင်မိသည်။ ဒီအချိန်ထိုင်ရလျှင် နောက်နာရီဝက်လောက်တော့ အိပ်ရနိုင်သည်။
နောက်ဘူတာကျော်လာတော့ အိတ်ပြားပြားလေးတစ်ခုထုတ်လာပြန်သည်။ ဒါတော့ သေချာပြီ။ ရထားစီးကဒ် အဆင့်သင့်ထုတ်ထားတာ ဖြစ်ရမည်။ ဇစ်ပိစိကွေးလေးကို လက်နှစ်ဖက်နှင့် သေချာဖွင့်သည်။ ကဒ်ဘူးပြားပြားလေးတစ်ခုကို ထုတ်သည်။ စက္ကူလိုလို၊ ပလတ်စတစ်လိုလို အပြာရောင် Tissue လေးပါလာသည်။ မျက်နှာက အဆီတွေကို နှာခေါင်း၊ မေးစေ့၊ မျက်လုံး၊ နဖူး အကုန်ကပ်ပြီး စုတ်ယူသည်။ ဪ...မတ်တတ်အိပ်တတ်လျှင် အလွန်ကောင်းပေလိမ့်မည်။ မျှော်လင့်စောင့်စားရသော ဒုက္ခကြီးလှချည်တကား။
ဘာပဲဖြစ်ဖြစ် ၁၅ မိနစ်ပဲရရ ခုံဘေးက မှန်ကိုမှီပြီး ခဏမှေးလိုက်ရလျှင်တော်ပြီ။ အိပ်မရတာ ၃ ရက်ဆက်တိုက်၊ အလုပ်ကရှုပ်၊ ခွင့်ယူလို့မရ၍ တွေ့သည့်နေရာလှဲအိပ်ချင်စိတ်ကို မနည်းမျိုချနေရသည်။ ကိုယ်ထိုင်ပြီး အိပ်ဖို့နေရာလေး တစ်နေရာလောက်အတွက် ဘာမဆိုင်ညာမဆိုင် ထိုင်ခွင့်ရသည့်သူကို ရထားပေါ်မှ တွန်းမချရုံတမယ် အဘိဇ္ဇာ ပွားနေမိသည်။ လူ့စိတ်သည် တခါတရံ စောစောစီးစီးလည်း မိုက်ရိုင်းတတ်လေသည်။
အမျိုးသမီးခမျာ ဘာမှ မသိရှာ။ အလှပြင်ပြီး SMS ပို့ကာ အိပ်သွားရှာလေသည်။ မတ်တပ်ရပ်စီးသူအားလုံး ရင်ချင်းအပ်ပြီး စီးနေရသည့်အချိန် အေးအေးဆေးဆေးသူအိပ်နေတာကို လွန်စွာအားကျနေမိသည်။ မိမိမျက်လုံးသည် တော်တော်သနားစရာ ကောင်းနေလှပြီ။ ထိုင်ရတော့မည်ဟုထင်လိုက် တဖျတ်ဖျတ်တောက်လာလိုက်။ မဟုတ်လိုက် ပြန်အိပ်ငိုက်လိုက်နှင့် နောက်ထပ် ၃ ဘူတာလောက်ကျော်သွားပြန်ပြီ။
ကိုယ်စိတ်ဒုန်းဒုန်းချလိုက်ပြီ။ တော်ပြီ။ မအိပ်တော့ဘူးဟု ဆုံးဖြတ်လိုက်သည်။ အိပ်ငိုက်ပြေစေရန် ချိုချဉ်တစ်လုံး ထုတ်စားပစ် လိုက်သည်။ စိတ်လျှော့ပြီး စဉ်းစားချင်ရာ စဉ်းစားနေတုန်း ရုတ်တရက်ကြီး အမျိုးသမီးက ထလိုက်သည်။ ဪ...ဒီတခါတော့ မပြင်ဆင်ပါဘဲ တကယ်ဆင်းသွားချေပြီ။ ဘာပဲဖြစ်ဖြစ် ထိုင်တော့ထိုင်လိုက်ရဦးမည်။ မျှော်လင့်ချက် ကုန်လုလုတွင် လိုတာရသော ပျော်ရွှင်မှုမျိုးဖြင့် အားရပါးရထိုင်ချလိုက်သည်။ တမနက်လုံး မျှော်လင့်ခဲ့ရသော အိပ်စက်ခြင်းအတွက် ရသည့် အချိန်လေး ဇိမ်ယူလိုက်ဦးမည်။ ၁၅ မိနစ်လောက် အိပ်ပျော်သွားလျှင် ဒီနေ့တစ်နေ့လုံး ခေါင်းကြည်သွားနိုင်သည်။ ဘေးလွယ်အိတ်ကို ပွေ့၊ ခေါင်းကို ကျကျနန မှီပြီး မျက်လုံးကို အမှိတ်။ ရုတ်တရက်ရှေ့ကလာရပ်သူကို ဖျတ်ကနဲ မြင်လိုက်မိသည်။ ပုံမှန်ဝနေတာ နေမှာပါဟုဖြေတွေးလိုက်သည်။ မလေးမများ ထွားကြသည်လေ။ မသင်္ကာ၍ မျက်စိကို ချက်ချင်းပြန်ဖွင့်လိုက်သည်။ သေချာအောင် ဗိုက်ကို ပြန်ပြူးကြည့်လိုက်သည်။ ဒီနေရာက ပူအောင်မထိုင်ရခင် ထရတော့မည်။ သူက ကိုယ့်ထက် Priority ပိုမြင့်နေချေသည်။ လူသားချင်း စာနာရမည် မဟုတ်ပါလား။
ဘ၀သည်တခါတရံ နေရာလေးတစ်နေရာရဘို့ အလွန်ခက်ခဲသည်ဟု စိတ်နာနာနှင့် ကြီးကြီးကျယ်ကျယ် တွေးပစ်လိုက်သည်။ တဆက်တည်း ကိုယ့်ဘ၀တွင် မက်မက်မောမောရယူခဲ့ရသော နှလုံးသားများထဲက နေရာများဆီ အတွေးက ရောက်သွားပြန်သည်။
ကိုယ်တို့သည် ကျောင်းသားဘ၀မှစ၍ နေရာလေးတစ်နေရာရဘို့ ကြိုးစားခဲ့ရသည်။ ဆရာ၊ ဆရာမတွေရင်ထဲ နေရာလေးတစ်နေရာရဘို့ ဆိုသည်မှာ စာတော်ရသည်။ လိမ္မာယဉ်ကျေးရသည်။ အတန်းသားအချင်းချင်း ရိုင်းပင်းကူညီကြရသည်။ သို့ဖြင့် ဆရာ၊ဆရာမတွေရင်ထဲ တပည့်ကောင်းဟူသော နေရာလေးတွေရယူခဲ့ကြသည်။
လုပ်ငန်းခွင်ထဲရောက်လာတော့ မိမိလုပ်ငန်းတွင် နေရာလေးတစ်နေရာရအောင် ကြိုးစားရပြန်သည်။ လုပ်ငန်းခွင်ထဲက မိမိ၏ ရာထူးဆိုသည်မှာ မိမိပိုင်သောနေရာ မဟုတ်။ လုပ်ဖော်ကိုင်ဖက်များ ရင်ထဲက နေရာလေးကသာ ကိုယ့်နေရာဖြစ်သည်။ အထက်ဖား၊ အောက်ဖိ မလုပ်တတ်သောစိတ်။ မျှတသောအတွေး။ ကိုယ်ချင်းစာသော နှလုံးသားဖြင့် လုပ်ငန်းခွင်ရှိ ကိုယ့်နေရာလေးကို တည်ဆောက်ရပြန်သည်။ ကိုယ်တာဝန်ကိုယ် ကျေအောင် ကြိုးစားရပြန်သည်။ နေရာလေးတစ်ခုအတွက် ပေးဆပ်ရသော အရင်းအနှီးကား မသေးလှချေ။
အလုပ်လုပ်ရင်း ပိုက်ဆံရှာဖွေနိုင်လာတော့ မိသားစုတွင် နေရာလေးတစ်နေရာ ရဖို့ ကြိုးစားရပြန်သည်။ မိဘတွေရင်ထဲက ကျေးဇူးသိတတ်သော သားသမီးအတွက် သီးသန့်ထားသောနေရာလေးကို လိုချင်လာပြန်သည်။ ငြိုငြင်မဲ့စွာ ကျွေးမွေးခဲ့သော ထမင်းလုတ်တိုင်းအတွက်၊ သူများတန်းတူ သုံးနိုင် စားနိုင်စေခဲ့သော အနစ်နာခံမှုများအတွက် ကိုယ်အလှည့်တွင်လည်း အဖြူစင်ဆုံး စေတနာဖြစ်အောင်၊ စိတ်ကို ရှင်းနေအောင်၊ မငြိုငြင်မိအောင် အားထုတ်ရပြန်သည်။ မိဘ၏ ရင်ခွင်သည် သားသမီးတိုင်းအတွက် နေရာတစ်နေရာစီ ရှိပေငြားသော်လည်း ကိုယ့်နေရာလေးက ကြည့်လျှင် မိဘတွေ ပြုံးနေတာပဲမြင်ရတာမျိုးဖြစ်ချင်သဖြင့် အစွမ်းကုန် ကြိုးစားရပြန်သည်။
ကိုယ်မြတ်နိုး သဘောကျတဲ့သူတွေ့လာပြန်တော့ သူ့ရင်ထဲ ကိုယ်တစ်ယောက်တည်း နေရာယူနိုင်အောင် ကြိုးစားရပြန်သည်။ အခက်ခဲဆုံးပါပေ။ ဒီနေရာသည် ပုံသေနည်း မရှိသောနေရာဖြစ်သည်။ ဒီနေရာသည် သီအိုရီတိုင်း မမှန်သော နေရာဖြစ်သည်။ ဒီနေရာသည် ဖြည့်ဆည်းပေးဆပ်မှုတိုင်းကို ကြိုဆိုသည်မဟုတ်။ နားလည်မှုတိုင်းကို လက်ခံစဉ်းစားပေးသည်မဟုတ်။ လက်လွတ်စပယ် အပြုအမူ တခုတလေမှ လက်မခံသောနေရာဖြစ်သည်။ တခါတရံ အယူခံဝင်ခွင့် မရှိသော ရုံးတော်တစ်ခုလည်း ဖြစ်သည်။ သူမျှော်လင့်သော ချစ်ခြင်းမေတ္တာနှင့် ကိုယ်ပေးနိုင်သော ချစ်ခြင်းမေတ္တာတို့ တထပ်တည်းကျဖို့ လိုအပ်သောနေရာလည်း ဖြစ်သည်။ နေရာများများလိုချင်လေလေ ပင်ပန်းလေလေဖြစ်သည်။ မိမိကိုယ်တိုင်ကလည်း ထိုနေရာလေးကို မက်မောသဖြင့် ပင်ပန်းသည်ဟု နည်းနည်းမျှ မပြောရဲ။ Blog မှာသာပြောရဲသည်။ ကျေးဇူးပြု၍ နှုတ်ပိတ်နေကြပါကုန်။
ကိုယ်ချစ်သောအပေါင်းအသင်းတွေရင်ထဲ ကိုယ့်အတွက် နေရာလေး ရှိနေဘို့ ကိစ္စကလည်း လွယ်ကူသောကိစ္စ မဟုတ်ပါပေ။ ကိုယ့်အလုပ်နှင့် ကို မရှုပ်ချင်ဘဲ ရှုပ်နေကြရသော ဘ၀အခြေအနေမျိုးတွင် သူသူကိုယ်ကိုယ် မိမိကိုယ်ပိုင် နားနေချိန်ကို ဖဲ့ပေးနိုင်မှ အပေါင်းအသင်းဆိုတာလေးရှိနေမည်ဖြစ်သည်။ အပေါင်းအသင်းနည်းသော ကိုယ့်အတွက် ရှိတဲ့ ၄၊ ၅ ယောက်လေးပင် တွယ်တာရာဖြစ်သည်။ မိဘနှင့် နားလည်မှုလွဲလည်း သူငယ်ချင်းကို ရင်ဖွင့်။ ရည်းစားနှင့် စိတ်ဆိုးလည်း သူငယ်ချင်းဆီသွား။ စိတ်ညစ်လည်းသွား၊ ပျော်လည်းသွား။ တန်ဖိုးရှိသော နေရာလေးများ ဖြစ်သောကြောင့်ပင် အလေးအနက် ထားရပြန်လေသည်။
မိမိကိုယ်ပိုင် မိသားစုလေးတစ်ခုရလာပြန်လျှင်လည်း သားသမီးတွေရင်ထဲ ကိုယ့်နေရာလေးရှိအောင် ကြိုးစားရပေဦးမည်။ နေရာတစ်ခုပြီးတစ်ခု ယူနိုင်ဘို့ ကြိုးစားနေရတာနှင့်ပင် တိုတောင်းသောလူ့ဘ၀သည် ကုန်ဆုံးသွားပြန်ပေဦးမည်။ နေရာယူပြီးသူတို့ နေရာတွင် နေရာယူမည့်သူတို့ကလည်း အဆင့်သင့် စောင့်စားပေလိမ့်ဦးမည်။ ဟော...အတွေးလွန်နေ၍မဖြစ်။ ကိုယ်ဆင်းရမည့် ဂိတ်ဆုံးဘူတာ ရောက်နေပြီ။ ကမ္ဘာမြေကြီးက လဲလျောင်းစရာနေရာလေးတစ်ခုမပေးခင် ကိုယ်လိုချင်တဲ့ နေရာလေးတွေ ယူခဲ့နိုင်ဘို့ အိပ်ချင်မူးတူးဖြင့် နေရာမရခဲ့သော ရထားပေါ်မှ ဆင်းလိုက်သည်။ ရထားထဲက အသံလွင့်စက်ကတော့ ကိုယ့်အတွေးတွေကို ဟာသလုပ်လေသည်လားမသိ။တစ်လုံးချင်း အာပြဲကြီးနှင့်အော်သည်။ "Please mind the platform Gap" ။ ။
9 comments:
နေရာလေးတစ်နေရာတွေ - ရယူနိုင်ပါစေ..
အတွေးတွေနယ်ချဲ့ပြီး ရေးသွားတာ သဘောကျပါတယ်။
း)
ရထားစီးရင်း ရဖို့ နေရာလေး တစ်နေရာရယ် ဘ၀မှာကြုံတွေ့ရမယ့် နေရာတွေရယ် ယှဉ်ရေးပြသွားတာ တကယ်ဖတ်လို့ကောင်းပါတယ်။
တခါတလေပေါ့.. အရမ်းမျှော်လင့်နေချိန်မှာ အဲဒီနေရာက ကိုယ့်အတွက် ရချင်မှ ရတာ။ ကိုယ်က တော်ပါပြီ။ မလိုချင်တော့ပါဘူးမှ ရချင် ရလာတတ်တာမျိုးနော်..
ဒီပို့စ်ကို ဖတ်ပြီး အရင် ရန်ကုန်မှာ ဘတ်စကား စီးရတုန်းကအမြဲကြုံနေရတဲ့ အဖြစ်ကို သွားသတိရမိတယ်.. ယောင်္ကျားလေးတွေက အမျိုးသမီးတွေနဲ့ ယှဉ်ပြီးနေရာဦးလို့ မိန်းကလေးတွေက ယောင်္ကျားကြီးတန်မဲ့ နေရာယှဉ်လုတယ်လို့ဆိုရင် ယောင်္ကျားလည်း လူပဲဗျ လို့ပြန်ဖြေတာကို ကြားယောင်မိတယ်။
ကိုယ်လိုချင်တဲ့ နေရာလေး တစ်နေရာအတွက် အတ္တကင်းကင်းနဲ့ ရယူနိုင်ပါစေ..
မှတ်သားသွားပါတယ်။
SMNTL
မျှော်လင့်တိုင်းမှမရနိုင်တာ...
MRT ပေါ် ဖြစ်တာကို ရေးထားတာ ပီပြင်သလို ၊ အတွေးပိုင်းကို အဲဒီကနေ ဆွဲသွားတာလဲ ချောမွေ့ ပါပေတယ် ။ တပုဒ်လုံးကို နှစ်သက်စွာ ဖတ်သွားတယ် ။
ပညာရှိပါပေတယ်။
byo,brother ... one more pls.. wanna read something.... Abt Ur's Leo... :P or some thought...
နေရာလေးတွေ အကြောင်းရေးထားတာ သိတ်ကောင်းတာပါဘဲ...
မြင်ကွင်းက ပီပြင်သလို အတွေးကလဲ အဓိပ္ပါယ် အလွန်ရှိလှပါတယ်...။
နောက်ဆုံးထွက်သက်အလွန်...ကမ္ဘာမြေကြီးပေါ်မှာ ၆ပေ x ၃ပေ မြေကွက်နေရာလေးအတွက်လဲ ငွေကြိုဖယ်ထားဦးနော် .... နေရာလေးတွေကြိုက်တယ်ဆိုလို့ :P
Post a Comment