Tuesday, January 27, 2009

ဘာသာပြန်ရခက်သော စကားလုံးများ

အခုတလော အလုပ်ရှုပ်လွန်းလို့ ချာလပတ်လည်ရမ်းနေရတဲ့ အထဲ ဘာသာပြန်ရတဲ့ အလုပ်တစ်ခုကို တာဝန်ယူမိတယ်။ အလုပ်ထဲက သူငယ်ချင်းတစ်ယောက် မြန်မာမိန်းကလေးအကူခေါ်ထားလို့ပါ။ ဘာသာပြန်ရင်း၊ စကားပြောရင်း အခုတော့ သူငယ်ချင်းကိုတောင် သိပ်မခင်ချင်တော့သလိုလို။ ဪ... ပြောရတော့လဲ့ ခက်သား။
သူမနာမည်က "ခိုင်"တဲ့။ သူတို့ အလုပ်လျှောက်တဲ့ Agent ကလည်း ဒီမှာရှိတဲ့ မြန်မာအမျိုးသမီး။ ဓါတ်ပုံတွေ အများကြီးထဲက ဒီတစ်ယောက်ကို ကိုယ့်လုပ်ဖော်ကိုင်ဖက် အမျိုးသမီးက ရွေးလာရော။ ရောက်လာပြီး နောက်နေ့ကစလို့ ကိုယ်လဲဘာသာပြန်ဆရာ ဖြစ်တော့တာပါပဲ။


အစကတော့ ပြောသမျှ နားလည်တာကို ပြန်ဖြေတာ အဆင်မပြေတာလို့ ထင်လိုက်တာ။ နောက်ပိုင်းမှ ပြဿနာက သူတို့နှစ်ယောက် အဆင်မပြေတာက စကားကို နဲနဲပဲ နားလည်တာကို ပြန်မမေးရဲတာဆိုတာ သေချာသွားတာ။ အစအဆုံး အိမ်ရှင်း၊ ဟင်းချက်၊ ထမင်းချက်ပုံအားလုံး ဘာသာပြန်ပေးပေမယ့် စင်းလုံးချော မဖြစ်။ သူ့ခမျာ ကိုယ့်သူငယ်ချင်းစင်္ကာပူမနဲ့ ပြောရင် ဗမာ စကားတွေထွက်၊ ကိုယ်နဲ့ ပြောတဲ့အခါ အင်္ဂလိပ်လိုတွေပြော ရှုပ်ယှက်ခတ်ကုန်တော့တာပါပဲ။

ဧည့်သည်လာလို့ Drink တစ်ခုခုယူလာပေးပါဆိုရင် ရေခပ်လာတာမျိုး၊ နေမကောင်းလို့ ဆန်ပြုတ် ပြုတ်ခိုင်းလိုက်တာ Porriage လို့ပြောတော့ ၀က်သားဟင်း ချက်လိုက်တာမျိုး။ ကော်ဖီဖျော်တာ ခါးနေလို့ သကြားနဲနဲ ထည့်ပေးပါဆိုတာ အားလုံးယူပြီး သွန်ပစ်လိုက်တာမျိုး။ အိမ်ရှင်ရဲ့အဖေ (အဘိုးကြီး) လာလည်တာ Look after လို့ပြောထားလိုက်တာ ရှေ့တည့်တည့်က သွားထိုင်နေတာမျိုး။ နေ့တိုင်း သူက တစ်ခုခု တလွဲလုပ်လိုက်၊ အိမ်ရှင်သူငယ်ချင်းမက Help Me Pls ဆိုပြီး သူ့ဖုန်း ကိုယ့်ဆီလာထိုးပေးလိုက်နဲ့ တဖြည်းဖြည်း "ခိုင်" ကနေသားကျလာသလားတော့ မသိဘူး။ ကိုယ်ကတော့ အိမ်ရှင်မနဲ့ တူလာသလိုပဲ။

တခါတလေကျတော့လည်း "ခိုင်" ကသူ့အမေကိုလွမ်းလို့ငို။ အိမ်ရှင်က သူ့အိမ်မှာ အလကားနေရင်း မျက်ရည်ကျတာ မကြိုက်၊ အယူသီး။ ဒါနဲ့ ဘာလို့ ငိုသလဲမေးတော့ "I remember, I remember" လို့ အကျယ်ကြီး အော်ဖြေသတဲ့။ ဒါနဲ့ အိမ်ရှင် က "What do you remember?" လို့မေးတဲ့အခါ "I remember is I remember" ဆိုပြီး ရှိုက်ကြီးတငင်ငိုလေရော။ သတိရတာကို သတိရ၊ ရ မလားမေးတယ်လို့ထင်ပြီး ပိုဝမ်းနည်းတယ်ထင်ရဲ့။ ဒါနဲ့ပဲ အိမ်ရှင်လုပ်တဲ့သူက ကိုယ့်ကို ဖုန်းဆက်၊ သူမက အိမ်မှာ ငိုနေတော့ လန့်လာသတဲ့။ ရေခြားမြေခြားမှာ အလုပ်လာလုပ်ရသူတွေရဲ့ ခံစားချက်ကို သူတို့က နားမလည်၊ သူနားလည်အောင် ရှင်းပြပေးလို့ ခံစားချက်ကို နားလည်ပေမယ့် သူ့တို့က ဆုံးဖြတ်ချက်ချပြီး လုပ်လိုက်တဲ့ အလုပ်တစ်ခုရဲ့ အဖြေက ငိုနေရမှာ မဟုတ်ဘူးလေတဲ့။ ဒါနဲ့ပဲ "ခိုင်" ကို မငိုပါနဲ့၊ အားလုံးက ဒီလိုပါပဲ ဆိုတော့ သူက ပြောလေ၊ ငိုလေ။ အိမ်ရှင်က Agent ကို ဖုန်းဆက်ပြောတော့ "အဆင်မပြေ ပြန်ပို့ရုံပဲ။ ကျွန်မတို့က နာမည်ပျက်မခံဘူး" တဲ့။ စင်္ကာပူ အိမ်ရှင်မကတောင် အံ့သြလို့။ ဒီလောက်ပြတ်သားရလားတဲ့။ ကိုယ့်ကိုလဲ Agent က ပြန်ပို့လိမ့်မယ်ဆိုတာ ပြောပေးပါတဲ့။ ကိုယ်ကလည်း ငိုနေတဲ့ လူကို မပြောချင်တာနဲ့ Agent တွေက အိမ်ရှင်စိတ်ညစ်ရင် နောက်တစ်အိမ်ပို့လိမ့်မယ်။ အဲဒီကျရင် အားလုံး အစကနေ ပြန်စရမှာ အိမ်ရှင်မှာ မြန်မာသူငယ်ချင်း မရှိရင် ပိုဆိုးလိမ့်မယ်။ သည်းခံပါလို့ ဘာသာပြန်ရတယ်။ ဪ...လူပင်ပန်းတာထက် စိတ်ပင်ပန်းတာ ပိုနေရခက်ပါတယ်လေ။

တကယ်တော့ ဒီအလုပ်မျိုးလာလုပ်ရတဲ့ သူတွေ တော်တော်စဉ်းစားသင့်ပါတယ်။ တစ်လ $၁၀ နဲ့ ရှစ်လ တိတိ အလုပ်ပြီးမှ တစ်လကို $၃၂၀ ရမှာပါ။ စားပြီး သောက်ပြီး တစ်လကို ၃၂၀ ကျန်တာမှန်ပေမယ့် ဘွဲ့ရမိန်းကလေးတွေအတွက် လုပ်ဖူးနေကျ မဟုတ်တဲ့ လုပ်ငန်းသဘာဝမို့ စိတ်ပင်ပန်းမှုက နှိုင်းစရာရှိမယ်မထင်။

ကိုယ်တို့တွေ ရန်ကုန်မှာလဲ ကွန်ပျူတာ၊ ဒီမှာလည်း ကွန်ပျူတာရတာခြင်းအတူတူတောင် ခံစားချက်က တခြားစီ။ ABCD အတူတူခြင်းတောင် ဒီမှာရေးရတဲ့ ABCD ကမွန်းကျပ်မှုအပြည့်။ သူတို့လို တနေကုန် ဒီအိမ်ထဲမှာ မိုးလင်းက မိုးချုပ် အလုပ်ခွင်ဖြစ်နေရတာ တော်တော် မလွယ်တဲ့ဘ၀ပါ။ ကိုယ်တွေ့ဘူးတဲ့ မြန်မာအိမ်တွေကလည်း အကူခေါ်ရင် အင်ဒိုနီးရှားမတွေ၊ ဖိလစ်ပိုင်မတွေချည်းပဲ။ စကားအားလုံးနားလည်နေတော့ စကားရှုပ်လို့တဲ့။ မြန်မာအချင်းချင်း မခေါ်ချင်ကြဘူးတဲ့။ ကိုယ်လဲ မကြားဘူးတာတွေ ကြားရ၊ သက်ပြင်းပဲ ခဏခဏ ချမိပါတော့တယ်။

တရက်ကျတော့ အိမ်ရှင်ခရယာန်က "ခိုင်" rule ကို ဖောက်ဖျက်တယ်။ အရမ်းစိတ်ဆိုးတယ် အဆင်မပြေဘူး ဆိုပြီး ပြဿနာယူလာပြန်ရော။ သူ့အိမ်မှာ ဘုရားရှိခိုးလို့တဲ့လေ။ သူတို့ရဲ့ စာချုပ်ထဲမှာ ဘာသာ မတူရင် ကိုယ့်ဘာသာနဲ့ ပတ်သက်တာတွေ ဘာမှ မလုပ်ပါဘူးလို့ ပါတယ်ဆိုပဲ။ ကိုယ်လဲ တော်တော် စိတ်တိုသွားမိတယ်။ ဘာလို့ မရတာလဲ မေးတော့ သူ့အိမ်မှာ God နှစ်ယောက် ဘယ်လိုနေမလဲတဲ့။ သူ့ God က စိတ်ညစ်နေမှာပေါ့တဲ့။ နင် ဓါးအိမ်ထဲကို ဓါးနှစ်ချောင်းထည့်လို့ ရလို့လားတဲ့။ သူ့ဓါးနဲ့ သူ့ဓါးအိမ်နဲ့ပဲ အဆင်ပြေသလို သူတို့ရဲ့ ခရစ်ယာန် God ကလဲ သူ့အိမ်မှာ အဆင်ပြေပြေလေးနေတာ တခြားဘာသာက God ရောက်လာလို့ မရဘူး ဘာညာနဲ့ စိတ်တွေဆိုးပြီး လုံးဝဘုရားမရှိခိုးပါနဲ့လို့ ပြောပေးပါတဲ့။ ဖုန်းကို အတင်းထိုးပေးပြန်ရော။

ကိုယ်လည်း ခဏနေပါဦးဆိုပြီး သူ့ကို မေးရတယ်။ နင်တို့ စင်္ကာပူကျွန်းမှာ ခရစ်ယာန်တွေပဲ ရှိတာလား။ တခြားဘာသာဝင်တွေ အများကြီးရှိတယ် မဟုတ်လား။ နင်ပြောသလို God တွေသာ စိတ်ညစ်ရမယ်ဆိုရင် နင်တို့ ကျွန်းရေမြုပ်သွားတာ ကြာလှရောပေါ့လို့ ပြောလိုက်တယ်။ ဒီနေ့ တော့ God ပျော်နေတယ်။ ဒီနေ့ တော့ God စိတ်ညစ်နေတယ်။ ဒီနေ့တော့ God ဘာလုပ်လုပ် Feel မလာဘူးဆိုတာရှိလားလို့ ပြန်မေးရတယ်။ သေချာစဉ်းစားပါဦး။ နေရာ သေးသေးလေးတစ်ခုမှာ God နှစ်မျိုးရှိနေတာ ပိုအေးချမ်းစေမှာ မဟုတ်လား ဆိုတော့ ပြန်မဖြေဘူး။ အကြာကြီးနေမှ သူ့ God ကို သူက မြင်ဘူးတယ်တဲ့။ God က သူစိတ်ညစ်ရင် အိပ်မက်ပေးတယ်တဲ့။ ကိုယ့်မှာလဲ ခရစ်ယာန် အပေါင်းအသင်းတွေ အများကြီးပါ။ သူ့လို မဟုတ်ပါဘူး။ ဘယ်လိုပြောပြော သူ့ God စိတ်ညစ်နေပြီ။ နင် မပြောပေးရင် ငါ ပြန်လွှတ်လိုက်တော့မယ်တဲ့။ ဒါနဲ့ ကိုယ်က အဲဒါဆိုလည်း ခရစ်ယာန်ဘာသာဝင်ပဲ ခေါ်ပါလား။ ဘာလို့ ဗုဒ္ဓဘာသာခေါ်တာလဲ ဆိုတော့ မဖြေဘူး။ မရဘူးဆိုတာပဲ ကြောက်အားလန့်အား ပြောနေတော့တာပဲ။ Please Please ဆိုပြီး ဒီဘုရားစာ ရွတ်လို့မရ၊ ဘုရားရှိခိုးလို့ မရဘူးဆိုတာ သေသေချာချာ ဘာသာပြန်ပေးပါ ဆိုပြီး ဇွတ်ပြောတော့တာပါပဲ။

ဒါနဲ့ပဲ "ညီမရေ... ဘယ်အချိန်ဘုရားရှိခိုးလဲ" လို့ မေးတော့ ညအိပ်ရာဝင်၊ ပရိတ်ကြီး ၁၁ သုတ် အကုန်ရွတ်တယ်တဲ့။ အလွတ်ရလားဆိုတော့ ဟုတ်ကဲ့ တဲ့။ ဒါဆိုရင် တနေကုန် အလုပ်လုပ်ရင်း ရွတ်နေပါလား။ ဘုရားဆိုတာ တစ်နေ့တစ်ခါ ဖင်ထောင်အောင် ရှိခိုးမှ ကုသိုလ်စိတ်ဖြစ်တာ မဟုတ်ဘူးလေ။ ပုံတော်ကို ထိုင်ကန်တော့နေရတာမျိုး မဟုတ်ဘူး။ ဂုဏ်တော်ကို ရင်ထဲက ပူဇော်ရတာမျိုး။ တစ်နေကုန် မနက် အိပ်ယာနိုးကတည်းက အိမ်ထဲမှာ အလုပ်လုပ်ရင်း ဂုဏ်တော်လေးတွေ ရွတ်ဖတ်ပူဇော်နေပေါ့။ ညဘက် လူတွေ အားလုံးပြန်ရောက်လာမှ မရှိခိုးနဲ့ပေါ့။ သူတို့က ခရစ်ယာန်တွေ ဆိုတော့ အမြင်တစ်မျိုးလေ။ သူတို့လဲ အပြစ်ဖြစ်တာပေါ့ လို့ ဘုရားမရှိခိုးရဘူးဆိုတာကို အကောင်းဆုံးဖြစ်အောင် ဘာသာပြန်ပေးလိုက်တာ လေကြောတော့ ရှည်သွားတာပေါ့။ ဘာပဲပြောပြော အဆင်ပြေဘို့က အရေးကြီးနေတယ်မဟုတ်လား။

တကယ်တော့ ကိုယ့်အနေနဲ့ ကိုယ့်မြန်မာ မိန်းကလေးတစ်ယောက်ကို တရုတ်၊ ကုလားရဲ့ အိမ်မှာ ဖိနပ်စင် အမြဲ ဖုန်ခါ၊ သူတို့စားပြီးမှစား၊ အိမ်သာပြောင်အောင်ဆေး ဆိုတာတွေ ဘာသာပြန်ရတာကို တော်တော် "ခါး" နေပါပြီ။ မပြောချင်လို့လဲ လုပ်ငန်းခွင်မှာ မြန်မာတစ်ယောက်တည်း ရှိတာမို့ ရှောင်ပြေးလို့မရ။ သူတို့ နိုင်ငံခြားသားတွေက အိမ်အကူဆိုတာ မီးဖိုချောင်နှင့် တကွ တအိမ်လုံးကို စီမံကွပ်ကဲနိုင်သူလို့ သတ်မှတ်တာပါ။ ရောက်လာတာနဲ့ မီးဖိုထဲက နံရံကပ် ဗီဒိုကို စစ်ပြီးသား။ ရေခဲသေတ္တာကို ဖွင့်ပြီး ဘာ အသားငါးတွေ ရှိလဲ စစ်ပြီးသား။ ကလေးတွေရဲ့ ကျောင်းချိန်တွေ၊ ကျူရှင်ချိန်တွေမေး၊ သူတို့စားတတ်တဲ့ မနက်စာတွေ ဟင်းတွေမေး၊ ဒါမျိုးကိုလိုချင်တာတဲ့။ ကိုယ်တို့လူမျိုးက သူများအိမ်မှာ ဟိုပစ္စည်းလှန်ကြည့်၊ ဒီဗီဒိုဖွင့်ကြည့်၊ စပ်စပ်စုစု လျှောက်ကြည့်ဘို့ အလွန်ဝန်လေးတဲ့ လူမျိုးပါ။ ရောက်ရောက်ခြင်း ရေခဲသေတ္တာဖွင့် စစ်ဘို့နေနေသာသာ အိမ်ရှင်လိုက်ပြလို့ကြည့်ရရင်တောင် အထဲက ပစ္စည်းကိုင်ကြည့်မိမှာ မဟုတ်ဘူး။ ကလေးတွေကို ကျောင်းချိန်အမှီ နှိုပေးရတာတွေ၊ မနက်စာပြင်ပေးပြီး ကျူရှင်ချိန်ဆိုလည်း သတိပေးရတာတွေ ရောက်ရောက်ခြင်း ဘယ်တတ်ပါ့မလဲ။ တစ်နေကုန် အလုပ်သွားလုပ်တဲ့ အမေတွေက အိမ်အကူအပေါ်မှာ အများကြီး အားကိုးနေရတဲ့ ဘ၀တွေ သူတို့ ဘယ်နားလည်ဦးပါ့မလဲ။ အမေတွေက ညဘက်ပြန်လာပြီး သူ့ကလေးတွေကို နှုတ်ဆက်ရုံ၊ ညစာ စားပြီးပြီလားမေးပြီးရုံနဲ့ အိပ်ယာထဲ တန်းဝင်ရတာတွေကို ကိုယ့်လူမျိုးက မခံစားဘူးတော့ ဘယ်ဒီလောက်တွေးထားမိမလဲ။ သူ့အလုပ်က အိမ်ရှင်းရုံ၊ ထမင်းချက်ပေးရုံလေးပဲ ထင်မှာပဲပေါ့။ ဒါတွေကပဲ အဆင်မပြေတာတွေ အများကြီးကို ဖြစ်လာစေတာပဲပေါ့။

ကိုယ့်အနေနဲ့ကတော့ ဒီအလုပ်မျိုးလာလုပ်ရတဲ့ ဘ၀မျိုးတွေ ရှိကို မရှိစေချင်ပါဘူး။ အစစ အရာရာ အဆင်မပြေကြတဲ့ ဘ၀မျိုးတွေမှာ နိုင်ငံရဲ့ အခြေအနေအရ မတတ်သာလို့ လာကြရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ နှုတ်ပိုင်းဆိုင်ရာပါ အများကြီး ပြင်ဆင်လာဘို့ လိုတယ်ဆိုတာလေး ပြောပြချင်တာပါပဲ။ မိဘကို ပြောခဲ့တဲ့ အလုပ်က တစ်မျိုး၊ ဒီမှာ လုပ်ရတော့ တစ်မျိုးနဲ့ ဒုက္ခရောက်ရတဲ့ သာဓကတွေလည်း အများကြီး ရှိတာမို့ သေသေချာချာ စဉ်းစားစေချင်ပါတယ်။ ဘယ်သူရှိတယ်၊ ဘယ်ဝါရှိတယ် ဆိုတဲ့ အားကိုးချင်တဲ့ စိတ်တွေလဲ ဖျောက်ခဲ့ဘို့လိုပါတယ်။ နိုင်ငံရပ်ခြားမှာ ကိုယ့်ကိစ္စမဟုတ်ရင် အချိန်ပေးနိုင်တဲ့သူတော်တော် ရှားပါတယ်။ သေသေချာချာ Plan ချပြီး ကြိုတင်ပြင်ဆင်၊ ဘယ်လိုမှ မမှားနိုင်ဘူး၊ အဘက်ဘက်က ဟာကွက်မရှိဘူးဆိုပြီး လုပ်ခဲ့ရင်တောင် ဘ၀ဆိုတာ ကိုယ်လုံးဝ ထင်မထားတဲ့ နေရာကနေ အရှိုက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်တတ်တာမျိုး မဟုတ်လား။ ။

16 comments:

khin oo may said...

သက်ပြင်းချသွားသည်။

Zatlite said...

what she said.

ZT said...

အင်း။ သူတို့ကိုလည်း သနားတယ်။ သူတို့ကို အခြား အလုပ်သမားတွေနဲ့တန်းတူ အလုပ်သမားဥပဒေအရ ခံစားခွင့်တွေ မပေးတဲ့ စလုံး ဥပဒေကိုလည်း တစ်ခါတစ်လေ ဒေါသဖြစ်တယ်။

ဒူကဘာ said...

ပြောပြန်ရင်လဲ မစာနာသလို ဆောက်နဲ့ထွင်းရာကျမယ်၊ အမေရိကားမှာတောင် အမေရိကန် အလက်ထရစ်ရှင် တယောက် အလုပ်ပြုတ်သွားပြီး လစဉ် Payment တွေရှိလို့ သူငယ်ချင်းစက်ရုံမှာ သန့်ရှင်းရေး အလုပ်သမား ဝင်လုပ်တာ အားတဲ့အချိန်မှာ လျှပ်စစ်ဋ္ဌာနမှာ သန့်ရှင်းရေး အလုပ်သမား နှုန်းထားနဲ့ပဲ ဝင်လုပ်ပေးရသတဲ့ .... အင်း ... ရွာမှာ ရွှေထီးဆောင်းခဲ့တာ မေ့လိုက်ပြီး လက်ရှိအခြေအနေကို ကိုယ်အကြောင်းကိုသိလို့ ပြောရင် ရိုင်းတယ်လို့ ပြောကြမှာပဲ မဟုတ်လား? ဘာများ တတ်နိုင်ဦးမည်နည်း!

သက်ဝေ said...

သက်ပြင်းချသွားသည်။

Life is for Success said...

Hi,

I really proud of u for helping weak person honestly. According on ur post, i assume that ur friend's look like not bad. Tell ma khine that in sg very difficult to get good boss. She be better after six months...


with rgrds

Phyo Evergreen said...

ရေးလိုက်ရင်တော့ ထိထိမိမိဘဲ..။ အကြိမ်ကြိမ်ချ သက်ပြင်း..။ အရေးနည်းပေမယ့် ကောင်းတော့ အမြဲအားပေးနေတယ်..။

ThuHninSee said...

ဘုရားမရှိခိုးရဘူးဆိုတာတော့ ဖိနှိပ်လွန်းပါတယ်။

P.Ti said...

ရေးသားတာကောင်းတော့ စိတ်မကောင်းဖြစ်မိပါတယ်။ အိမ်ရှင်ကြည့်ရတာ တခြားလူတွေနဲ့ယှဉ်ရင် တော်တော်လေးကောင်းမယ်ပုံပါပဲ။

ဒူကဘာပြောသလို သင့်သလို နေပြီးလုပ်ကိုင်ရတာပါပဲ။ ကျွန်တော်တို့ကျောင်းတက်တုန်းကဆို အချိန်ပိုင်းအလုပ်ဝင်လုပ်ခဲ့တာ စုံနေတာပဲ... လုပ်တဲ့နေရာမှာ တာဝန်ကျေ စေတနာထားဖို့ အဓိကပါ။ စေတနာထားတတ်ရင် စိတ်ချမ်းသာပါတယ်။

nu-san said...

ဒီပို့စ်ဖတ်ပြီး သက်ပြင်းအခါခါ ချမိပါတယ်.. အိမ်ရှင် အိမ်ငှားပြဿနာတွေက ရန်ကုန်မှာတုန်းကတောင် ဒီလောက် ရှုတ်နေတာ နိုင်ငံခြားဆို ပိုဆိုးမှာပဲ.. See And Be Seen က ကြားထဲကနေ ဖြေရှင်းပေးနေတာကပဲ ခိုင့်အတွက် ကံကောင်းတာပါပဲ.. အနည်းဆုံးတော့ ကိုယ့်မျက်နှာကြောင့် စင်ကာပူ သူငယ်ချင်းက ပစ်ပစ်ခါခါ မလုပ်ဘူးပေါ့လေ..။

ဒီမှာတော့လေ အမ သိရသလောက် အိမ်ဖော်ဆိုတာ မရှိဘူးရယ်.. နာရီပိုင်းနဲ့ သန့်ရှင်းရေး လုပ်ပေးတဲ့ service တွေရှိတယ်.. ချက်တာပြုတ်တာကတော့ အဆင်ပြေသလို ဖြေရှင်းနေကြတာပဲ.. နောက်ပြီး ကလေးထိန်းဖို့ ကိစ္စကတော့ ကလေးထိန်းကျောင်း ပို့လို့ရပေမယ့် တကယ်တမ်း ထိန်းမယ့်သူ မရှိမှ ကျောင်းက လက်ခံတယ်.. ပိုက်ဆံပေးပါမယ်ဆိုတာတောင် အိမ်မှာ အဘိုးအဖွားတစ်ယောက်ယောက်ရှိရင် ကလေးထိန်းကျောင်းက လက်မခံဘူး.. နောက်တစ်ချက်က လခပေါ့.. အိမ်ဖော်တစ်ယောက်ရဲ့ လခက ဈေးမသေးလို့ ဂျပန်တွေတောင် အလုပ်ထွက်ပြီး ကိုယ့်ကလေးကို ကိုယ်ပဲ ထိန်းတယ်.. ကလေး ကျောင်းတက်မှသာ သူတို့ ရရာ အလုပ်ပြန်လျှောက်ကြတာ.. စင်ကာပူမှာက တခြားထက်ယှဉ်ရင် ဈေးသက်သာတော့ အိမ်ဖော်ဆိုတာ ဖြစ်လာတာပေါ့..

မီယာ said...

ကြားက ဘာသာ ပြန်ပေးနေရတာ စိတ်ရှုပ်စရာနော်.. ကိုယ်မလုပ်ဖူးတဲ့ အလုပ်ဆို ပိုသတိထားရမှာပေါ့.. လုပ်နေကျလည်းမဟုတ် တခြားလူမျိုးတွေရဲ့ အလေ့အထနဲ့ မရင်းနှီးရင်လည်း အဆင်ပြေမှာ မဟုတ်ဘူး။ ဘာသာမတူပေမယ့်လည်း အဆင်ပြေနေကြတဲ့ အိမ်ရှင်-အလုပ်သမားတွေ ရှိဦးမှာပါ။ သူတို့ နှစ်ယောက်လုံး ညှိကြဖို့လိုတာ

Unknown said...
This comment has been removed by the author.
Unknown said...

first of all, i don't know much about labour law in SG. but the contract prohibiting the religious belief is too far.
i think we can report that.
but ...the thing is she already signed the contract. she should have read the fine prints in the first place. nonetheless, she might have read it and signed it because she needed the job badly. if that's the case, she shouldn't be complaining. its her choice.

another thing is, according to the facts u mentioned, the employer doesn't seem that bad, she wanted a house keeper who can manage her household. ( i said it because u mentioned ur colleague told u she wants who knows everything) she doesn't want a maid who simply follows her order and do nothing proactive.

burmese girls tend to be introvert and passive. she seems to be that kind. i'm not judging her.
she needs to adapt and find the sliver lining there.
anyway, big up to you for helping out those in need.

ခင်မင်းဇော် said...

ဘာပြောရမယ်မှန်းကို မသိတော့ဘူး။
ဟူးးးးးးးးးးး

ပုံရိပ် / Pon Yate said...

ကြားထဲက ၀င်ပြီး စကားပြန်လုပ်ပေးတာကို ဖတ်ပြီး ချီးကျူးပါတယ်။ ဘုရားရှိမခိုးရ ဆိုတဲ့ ကန့်သတ်ချက်ကတော့ တော်တော် ၀မ်းနည်းစရာပါ။ See and Be Seen ကကြားထဲက ၀င်ဖြေရှင်းပေးတဲ့ နည်းကိုတော့ သဘောကျတယ်။ သူများနိုင်ငံမှာ ရုန်းကန်ကြရတဲ့ ဘ၀တွေက မလွယ်ပါဘူး။

မိုးတိမ်ညို said...

ဖတ်ရတာ မောလိုက်တာဗျာ။ လူတိုင်းကတော့ ကိုယ့်အပူ နဲ့ကိုယ်ပဲနော်။