Thursday, August 14, 2008

လိုက်လို့ရယ်တဲ့ မမှီ


ကိုယ့်ဘ၀မှာ ကိုယ်တိုင်ကြုံဘူးတွေ့ဘူးပြီး ဒီနေ့အထိ "ဘာဖြစ်လို့ဒီလိုဖြစ်ရတာပါလိမ့်" လို့ စဉ်းစားနေမိတာတွေ အများကြီးရှိပါတယ်။ ဒီအသက်အရွယ်ရောက်တဲ့ အထိ "ဘယ်လိုပါလိမ့်" ဆိုပြီး အဖြေရှာမတွေ့နိုင်တဲ့ အတွေးစလေးတွေ ဆိုပါတော့။ ပထမဆုံး တစ်ခုကတော့ ကိုယ်ငယ်ငယ်က တွေ့ဘူးတဲ့ လက်သည်းခွံလေးပေါ်မှာ သူခိုးဖမ်းတဲ့ ပညာရပ်တစ်ခုပါ။

ကိုယ့်အသက် ၁၁ နှစ်လောက်တုန်းကပေါ့။ ကိုယ့်အဒေါ်အိမ်မှာ အဖိုးတန် ပစ္စည်းတစ်ခုပျောက်ပါတယ်။ အဲဒီအချိန်တုန်းက အဒေါ်အိမ်မှာ ဧည့်သည်တွေအများကြီး ပြန်သွားခါစ။ အဒေါ်က ပစ္စည်းကို နှမြောတာထက် ဘယ်သူကလုပ်ရက်တယ် ဆိုတာကို ပိုသိချင်တာပါ။ ဒါနဲ့ပဲ ကိုယ်တို့မောင်နှမ ကလေးငယ် (၄) ယောက်ကို ခေါ်ပြီး သူခိုး ဘယ်သူဆိုတာ သိနိုင်တယ်ဆိုတဲ့ ပုဏ္ဏားကြီးဆီ သွားပါတယ်။


ပုဏ္ဏားရဲ့ အိမ်က ခြေတံရှည် သေးသေးလေးပါ။ သူ့ဆီမှာ သမီးလေးတစ်ယောက်ရှိတယ်။ တကယ်တော့ အဲဒီ သမီးလေးရဲ့ လက်သည်းခွံပေါ်မှာ ကြည့်ရတာပါ။ ဒါပေမယ့် အဒေါ်က ကိုယ်တို့ကလေး (၄) ယောက်လုံးနဲ့ အရင်စမ်းကြည့်ပြီး ကိုယ်တို့တွေ မမြင်ရမှ အဲဒီ ပုဏ္ဏားသမီးနဲ့ ကြည့်မယ်လို့ တောင်းဆိုပါတယ်။ ပုဏ္ဏားက ပထမဆုံး ကိုယ့်အစ်မရဲ့ ညာဘက်လက်မ လက်သည်းခွံပေါ်မှာ ဆေးအပြာလေးတွေ ဆိုးလိုက်ပါတယ်။ ပြီးတော့ ပွစိပွစိနဲ့ ဘာတွေရွတ်လဲ မသိပါဘူး။ ကိုယ့်အစ်မကလည်း ပြူးပြီးသူ့လက်မကို ကြည့်နေတာပါပဲ။ ဒါပေမယ့် သူဘာမှ မမြင်ရပါဘူး။ ပြီးတော့ ကိုယ့်အလှည့်။ ကိုယ်လည်း ကိုယ်လက်မထဲကို အရမ်းကို အာရုံစိုက်ပြီး သေချာကြည့်တာပါပဲ။ ဒါပေမယ့် အပြာရောင်ကြီး ဖြစ်နေတာက လွဲလို့ ဘာမှ မမြင်ရပါဘူး။ တတိယမြောက် ကလေးရဲ့ အလှည့်ကျတော့ ဆေးဆိုးပြီး ပုဏ္ဏားလည်း ရွတ်လိုက်ရော အဲဒီကောင်က "ဟာ...အန်တီဘယ်သူ" ဆိုပြီး ထအော်ပါလေရော ။ ပြီးတော့ ကြောက်အားလန့်အားနဲ့ သူ့လက်မကဆေးတွေကို အကျီ င်္နဲ့ သုတ်ပစ်လိုက်ရော။ တော်တော်လန့်သွားတဲ့ပုံပါပဲ။ သူပြောတာတော့ လက်မပေါ်မှာ မျက်နှာချည်းပဲ အကြီးကြီး ရုပ်ရှင်ပိတ်ကားလိုပေါ်လာတာဆိုပဲ။ သူ့ကို နောက်တစ်ခါ ထပ်ကြည့်ခိုင်းတော့ အကြောက်လွန်ပြီး မကြည့်ချင်တော့ဘူးဆို ငိုပါလေရော။ သူငိုတော့ နောက်ဆုံးတစ်ယောက်ကလည်း မလုပ်ချင်ဘူးတဲ့။ ကိုယ်ဖြင့် မခံချိမခံသာ ဖြစ်လိုက်တာ။ ကိုယ့်ကျ မမြင်ရဘူး။ စပ်စုဆိုတော့ မြင်ဘူးချင်တာလေ။ ဒါနဲ့ပဲ အဒေါ်က ပုဏ္ဏားသမီးလေးကို ကြည့်ခိုင်းလိုက်တယ်။ သူပြောပြတာ နားထောင်ရတာ တကယ်ကို ရုပ်ရှင်တစ်ခုကို ပြန်ပြောနေသလိုပါပဲ။ ပြောပုံက... အိမ်ရှေ့မှာ မဲမဲလုံးလုံး အမျိုးသမီးတစ်ယောက် တံမြက်စည်းလှည်းနေတယ်။ အိမ်ဖော်ကို ပြောတာပါ။ အချိန်က မနက်စောစော။ ဧည့်ခန်းက နာရီက ၆း၃၀ တဲ့။ အသားဖြူဖြူ၊ ဆံပင်ကောက်ကောက် နဲ့ အမျိုးသမီး၊ မျက်နှာပုံစံ အတိအကျ၊ မှဲ့ ပါတာတောင် ပြောသေး။ အဲဒီ အမျိုးသမီး ထွက်လာပြီး ခုနက မဲမဲလုံးလုံး နဲ့ ရယ်ပြတယ်။ ပြီးတော့ စင်္ကြလမ်းလေးတစ်ခုထဲ လျှောက်ဝင်သွားပြီး ဘေးဘီကို ကြည့်တယ်။ ဘီဒိုဖွင့်ပြီး ပစ္စည်းယူတယ်။ အိတ်ထဲ ထည့်တယ်။ ပြီးတော့ ကား (အရောင်၊ အမျိုးအစား) အတိအကျနဲ့ ထွက်သွားပြီတဲ့။ ပြီးတော့ ဈေးကိုရောက်တယ်။ (ဈေးနာမည် အတိအကျ) နဲ့။ ဈေးက နာရီစင်က ၇း၀၀ နာရီ ထိုးခါနီးနေပြီတဲ့။ ဆိုင်တစ်ခုရှေ့ မှာ ရပ်တယ်တဲ့။ အဒေါ်က ဆိုင်နာမည်နဲ့ နံပါတ်ကြည့်ပေးပါဆိုတော့ နံပါတ်ပြောတယ်။ ဈေးညိုနေကြတယ်တဲ့။ ဆိုင်ရှင်က လက်နှစ်ချောင်း ထောင်ပြတယ်။ သူက သုံးချောင်း ထောင်ပြတယ်တဲ့။ ဈေးတည့်သွားပြီ။ ပိုက်ဆံယူလိုက်ပြီ။ ပြန်သွားပြီတဲ့။ ကဲ... မဆန်းဘူးလား။

မယုံသေးတဲ့ အဒေါ်က အဲဒီဆိုင်ရှေ့ထိ ရောက်အောင်သွားပြီး သူ့ပစ္စည်းကို ဈေးမေး၊ လာရောင်းသွားတဲ့လူပုံစံတွေမေး လုပ်နေသေးတာ။ တိတိကျကျကြီးကို ရှာတွေ့တာပါပဲ။ အဒေါ်က သူသိချင်တာသိသွားပြီး ဇာတ်လမ်းက ပြီးသွားပေ့မယ့် ကိုယ်က ဒီနေ့အထိ ကိုယ်ကျတော့ ဘာလို့ မမြင်ရတာလဲ။ သူလိမ်းလိုက်တဲ့ လက်သည်းပေါ်က ဆေးကဘာလဲ။ သူက လက်မကို ကြည့်ပြီး ပွစိပွစိ ရွတ်လိုက်ယုံနဲ့ တစ်ပတ်အတွင်း အခိုးခံရတဲ့ ပစ္စည်းနဲ့ ခိုးနေတဲ့ အချိန်ကို ရုပ်ရှင်ကြည့်သလို ဘာမဆိုင်၊ ညာမဆိုင်တဲ့ သူ့သမီးကျမှ မြင်ရတာလဲ အစုံပါပဲ။ ဒါကြောင့်ပေါ့...လိုက်လို့မမှီပါဘူးဆိုနေဗျာ။

နောက်တစ်ခုကတော့ သူများပြုစားခံရတဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်ပါ။ သူစားမယ့် မုန့်ဟင်းခါးကို ဈေးသည်ဆီက ယူပြီး သူ့ကိုပေးတဲ့ အချိန်ခဏလေးမှာ ပြုစားတဲ့လူက ဟင်းရည်ကို လက်ညိုးလေးနဲ့ တောက်လိုက်တာတဲ့။ လွယ်လိုက်တဲ့ ဖြစ်ခြင်း။ ဒါပေမယ့် ကိုယ့်သူငယ်ချင်း ခံရတာတော့ နှစ်ပေါင်းများစွာ။ သူ့ခံစားရတဲ့ ဝေဒနာက နာမည်တပ်ရခက်ပါတယ်။ သက်ရှိတွေအကုန် သက်မဲ့တွေလို့ ထင်ပြီး သက်မဲ့တွေအကုန်ကျတော့ သက်ရှိတွေလို့ထင်တာပါ။ ဥပမာ ကားတွေ၊ အိမ်တွေကို သူက အကောင်တွေလို့ ထင်တာပါ။ ဒီတော့ သူက လူတွေနဲ့က လွဲရင် သက်မဲ့တွေကို စကားပြောပါတယ်။ သူ့အိမ်က ဦးနှောက်နဲ့ အာရုံကြော သမားတော်နဲ့ ကုတာ ဘာရောဂါမှ ရှာမတွေ့ဘူး။ ဒီထက်ဆိုးတာက လုံးဝ မဆဲတတ်၊ ကြမ်းကြမ်းတမ်းတမ်း မပြောတတ်တဲ့ သူက ဘုရားစင်ရှေ့ထိုင်ပြီး ဘုရားကို မဟုတ်မရုတ်တွေ၊ ညစ်ညမ်းတာတွေ အကုန်ဆဲတာပါ။ ကိုယ်က သူများပြုစားတာတွေ အစက မယုံပါဘူး။ သူ့ကိုတွေ့ဘူးမှ ယုံတာပါ။

သူ့အိမ်ကဆရာခေါ်ပြီး ကုတဲ့နေက ပိုဆိုးသေး။ ဆရာက အိမ်ထဲ မ၀င်ဘူး။ အိမ်ရှေ့ကနေ့ ဘာလုပ်ရမယ်ဆိုတာပဲ ပြောတာ။ ပထမဆုံး ဧည့်ခန်းထဲမှာရှိတဲ့ မယ်တော်ကြီး ဂမုန်းပင်ကြီးကို အမြစ်ကနေတူးပြီး အောက်ကို ကြည့်တဲ့အခါ အင်းချထားတဲ့ ကြေးပြားလေးတွေ အများကြီးပဲ။ စီစီရီရီနဲ့။ ဘယ်လိုမှ ကိုယ်တိုင်လာပြီး စီစီရီရီ ထည့်ဘို့ မဖြစ်နိုင်တဲ့ ပုံစံမျိုးပါ။ ဆရာက ပြောတာတော့ ဒါတွေက ညဘက်မှ ပျံလာပြီး ဒီပန်းအိုးထဲမှာ ၀င်နေတာတဲ့။ သူပြောလို့တာ ယုံရတယ်။ ကိုယ်ဖြင့် စဉ်းစားလို့မရ။ ပြီးတော့ သူတို့ မသိဘဲ ဘုရားစင်ပေါ်မှာ ရောက်နေတဲ့ ဆံပင်လုံးတွေ၊ သွေးစွန်းနေတဲ့ ဓါတ်ပုံတွေ၊ အစုံပဲ။ ဆရာပေါင်းစုံ၊ ကုသနည်းပေါင်းစုံ အကုန်ပဲ။ ပုပ္ပါးအထိ သွားပြီး ကျောကို ထောက်ပြီး ကုတော့လည်း ဆံပင်တွေ အန်တယ် ဆိုပဲ။ နောက်ဆုံးတော့ ဆရာတော်ကြီးတစ်ပါး မန်းပေးလိုက်တဲ့ ဆေးနဲ့ ပျောက်သွားပါတယ်။ အဲဒီရောဂါကြီးကို ကိုယ့်သူငယ်ချင်းက ၅ နှစ်လောက်ခံရတာပါ။ ကိုယ်လိုက်မမှီတာက ဒီလောက် ကပြောင်းကပြန် ဖြစ်နေတဲ့ စိတ်နဲ့ ကျောင်းတက်တာတောင် ၅ နှစ် ဆက်တိုက် သူချည်းပဲ Roll 1 ရတာကိုပါ။ သူက ကိုယ့်ကို အရမ်းခင်တာ။ ကိုယ်ကလည်း သူ့ရောဂါတွေကို သိနေလို့ အစစအရာရာ သည်းခံပြီး ဘယ်သူနဲ့ မှ အဆင်မပြေတဲ့ သူ့ကို အတိုက်အခံလုပ်ပြီးကို ပေါင်းခဲ့တာ။ သူငိုလိုက်၊ ဆဲလိုက်၊၊ ကားတွေ၊ ဆိုင်ကယ်တွေကို နှုတ်ဆက်လိုက်၊ စာကျက်လိုက် လုပ်နေတာပဲ အမြဲတွေ့နေတာ။ ပြီးတော့ အောင်စာရင်းထွက်ရင် သူကထိပ်။ ပြီးတော့ပြောသေးတယ်။ ငါ NO 1 ရရင်ပျော်တာ နင်တစ်ယောက်တည်း ရှိတယ်တဲ့။ ဟုတ်တယ်လေ။ သူ့ဘ၀အခြေအနေမှာ ပျော်စရာဒါလေးဘဲ ရှိတာ မဟုတ်လား။ အဲဒါပေါ့...တကယ်လိုက်လို့ကို မမှီပါဘူး ဆိုနေဗျာ။

နောက်တစ်ခုလိုက်မမှီတာကတော့ ကိုယ်ရဲ့ပိတုပါ။ ကျွန်တော့်အဖေက အရက်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်တတ်ပါတယ်။ များသွားရင်လည်း အလွန်သွေးဆိုးတတ်တာပါ။ သူများလို ဆဲတာ၊ ဆိုတာ၊ ရိုက်တာ၊ နှက်တာမျိုး မဟုတ်ပါဘူး။ ဘယ်လိုပြောရမှန်းမသိတဲ့ သည်းထိတ်ရင်ဖိုတွေလုပ်တာပါ။ အရက်တွေအရမ်းမူး၊ လူကဖြင့် ဒေါင်ချာဆိုင်းနေပြီ။ အဲဒီအချိန် ညကြီးသန်းခေါင် အိမ်မှာ ရှိတဲ့ တော်တော်နက်တဲ့ ရေတွင်းကြီးထဲ ဆင်းသွားတာမျိုးပါ။ လှေကားနဲ့ ဆင်းရတာမျိုး မဟုတ်ဘူးဗျာ။ ဘေးနရံက အထစ်တွေကို ခြေနဲ့ ကန်ပြီးဆင်းသွားတာ။ ပြီးတော့မှ ရေတွင်းထဲကနေ ချမ်းပြီဆို ကုန်းအော်တာ။ အမေနဲ့ ကလေးတွေကဘာနဲ့ ဆင်းဆယ်ရမှန်းမသိ၊ ဆင်းတုန်းက တိတ်တိတ်လေးဆင်းသွားတာလေ။ တကယ်လို့များ ချော်ကျ၊ ပြုတ်ကျ မူးမူးနဲ့ ရေနစ်နေရင် ဘယ်သူကဆင်းကယ်နိုင်မှာလဲ။ တွင်းနှုတ်ခမ်းကနေ အမေရာ၊ ကလေးတွေရော ငိုယိုရှိခိုးတောင်းပန်ရတာ။ တစ်ထစ်ချင်းသူပြန်တတ်လာတဲ့ အချိန်စောင့်ကြည့်နေရတဲ့ မိသားစုရင်ထဲ ဘယ်လိုရှိမလဲ။ တထိတ်ထိတ်နဲ့ ပူပန်ရတဲ့ခံစားမှု။ စဉ်းစားသာကြည့်ကြပေတော့။

တခါတလေကျတော့လဲ ကားတောင်မမောင်းနိုင်လောက်အောင်မူးပြီးပြန်လာ၊ အပေါင်းအသင်းတွေလည်း ပြန်သွားရော၊ သူဘယ်ရောက်သွားပါလိမ့်လို့ အမေကလိုက်ရှာ။ အမယ်လေး...အုန်းပင်ပေါ်မှာ အုန်းသီးတက်ချိုင်နေတာဗျို့။ ပြီးတော့ ကလေးတွေ အကုန်နိုး၊ အုန်းသီးစားရအောင်တဲ့လေ။ အမေနဲ့ ကျွန်တော်တို့ အုန်းပင်အောက်ကနေ မော့ကြည့်၊ အရမ်းကာရော တောင်းပန်ပြီး ပြန်ဆင်းခိုင်းရတာ။ သူပြုတ်ကျမှာ ကြောက်ရတဲ့ စိတ်နဲ့၊ အိပ်ချင်မူးတူး၊ ညသန်းခေါင်ထစားရတော့ အုန်းသီးလည်း ဘာအရသာမှန်း မသိပါဘူး။ မစားရင်လည်း စိတ်တိုပြီး ဒေါသတွေထွက်ဦးမယ်။ စားကောင်းတယ်ပြောရင်လည်း နောက်တစ်ခါထပ်တက်ဦးမယ်။ အဲဒီလို သည်းထိတ်ရင်ဖို အုန်းသီးတွေ စားရလွန်းလို့ အုန်းထမင်း၊ အုန်းနို့ခေါက်ဆွဲ၊ အုန်းသီးနဲ့ လုပ်တဲ့ မြန်မာမုန့်တွေ ဘာတစ်ခုမှ မကြိုက်တဲ့ အထိပါပဲဗျာ။

ကျွန်တော်တို့ အိမ်ပြောင်းတော့ အမေက အုန်းပင်မပါတဲ့ အိမ်၊ ရေတွင်းမရှိတဲ့အိမ်ကို ရွေးပြီးဝယ်ခဲ့တာပါ။ ခေါင်မိုးပေါ်မှာ လသာဆောင်လေးပါလို့ ကျွန်တော်တို့ အားလုံး လသာတဲ့ညတွေဆို လေညင်းခံရ၊ ကြယ်လေးတွေကြည့်ကြနဲ့ အိမ်အသစ်မှာ အဖေလည်း ငြိမ်နေတာပေါ့။ သူဆင်းစရာတွင်း၊ တက်စရာအုန်းပင်တွေမှ မရှိပဲကိုး။ တစ်ရက်တော့ အမေက အိပ်ယာထဲကို သုတ်သီးသုတ်ပျာလာနိုးပါတယ်။ "ထ...ထ..နင့်အဖေ ဂျိမ်းစ်ဘွန်း လုပ်နေပြန်ပြီ" တဲ့လေ။ အဖေဘာလုပ်နေတယ်မှတ်လဲ။ လသာဆောင်ကနေ တဆင့်ဆက်နေတဲ့ အိမ်ခေါင်မိုးပေါ်ကို အမြင့်ဆုံးအထိ ရောက်အောင်တက်၊ အိမ်ခေါင်မိုးအစွန်းလေးမှာ လေတ၀ူးဝူးနဲ့ လွင့်နေတာ။ သူ့ကိုသူ သိုင်းလောကဂိုဏ်းချုပ်စတိုင်နဲ့လေ။ တကယ်...အိပ်ချင်စိတ်ဆိုတာ ဘယ်ရောက်သွားမှန်းမသိဘူး။ နဲနဲလေးယိုင်သွားတာနဲ့ ပြုတ်ကျပြီပဲ။ နောက်နေ့မနက် အမူးပြေလို့ သူ့ကိုမေးကြည့်။ ငါ ဒါမျိုးတွေ မလုပ်ပါဘူး။ မဖြစ်နိုင်ပါဘူး တဲ့။ ဇွတ်အတင်းငြင်းတာ။ အရက်မသောက်တဲ့အချိန်ဆို အသည်းက ငယ်လိုက်တာ ပြောမနေနဲ့တော့။ အုန်းပင်တက်ဖို့ ဝေလာဝေး။ ကုလားခေါ်ပြီးတက်ခိုင်းတဲ့။ အုန်းပင်ပြင်တဲ့ အမျိုးမဟုတ်ဘူးကွ။ ယောင်္ကျား အမြင့်ကြောက်တာ မသိဘူးလားတဲ့။ ရေချိုးဖို့ စပ်ပေးထားတဲ့ ရေများပူနေရင် မချိုးဘူးစောင့်နေသေးတာ။ နည်းနည်းမှ သတိမလွတ်ဘူး။ တခါတလေ အမေက တစ်ယောက်စီ အကြိုက်လိုက်ချက်ရင်း ဟင်းစပ်က ကမောက်ကမ ဖြစ်သွားကြည့်။ "မိန်းမ...မင့်ကဘာသဘောလဲကွ။ ၀က်သားနဲ့ မျှစ်ချဉ်၊ ကြက်ဟင်းခါးသီး၊ ငါးချဉ်သုတ်တဲ့သဘောက ယောင်္ကျားကို မျှင်းပြီးသတ်နေတာလား။ အနီးကပ် ရန်သူကို သတိထားဆိုတဲ့ စကားတယ်မှန်တာပဲ" တဲ့။ အမေက ရီပြီး "မင်းကို ဘယ်သူက အမျိုးစုံ အကုန်စားခိုင်းလို့လဲ။ သားသမီးတွေစားချင်လို့ ချက်ထားပေးထာကြိုက်တာပဲရွေးစားပေါ့" လို့ပြောရင် "ဟ...ချက်ထားမှ တော့စားချင်တာပေါ့ကွ။ တန်ဆေး၊ လွန်ကောင်း၊ များ ဘဲရီးဂွတ်" တဲ့။ ပြီးရင် ဆေးတွေသောက်ပါတော့တယ်။ အခုအသက် ၆၀ နားနီးလာတော့ ဒါမျိုးတွေ မလုပ်တော့ပါဘူး။ တခါတရံ အရမ်းမူးမှ ညကြီးမှောင်မည်း ဆိုင်ကယ်စီးပြီး မန္တလေးနဲ့ မေမြို့ ကို အတက်အဆင်း လုပ်ရုံလောက်ပါပဲ။

Wednesday, August 13, 2008

Happy Birthday my lovely LEO !!!


Birthday Song 4 little LEO!

Thursday, August 7, 2008

ကလေးတွေကတဲ့ ပွဲ


မနေ့တုန်းကကျောင်းမှာ ကလေးတွေက သီချင်းဆိုပြီး ကတဲ့ပွဲတခု လုပ်ပါတယ်။ သူတို့နိုင်ငံရဲ့ National Day ကိုဂုဏ်ပြုကြိုဆိုတဲ့ အနေတဲ့ ဒီနိုင်ငံအတွက် စပ်ဆိုထားတဲ့ သီချင်းတွေနဲ့ ကလေးတွေက အကပြိုင်တာပါ။ သူတို့ကတော့ Sing Singapore 2008 တဲ့။ အဆင့်ဆင့်ပြိုင်လာပြီး နောက်ဆုံး ကလေးပေါင်း ၁၁၀၀ ကျော်ပါဝင်တဲ့ ကပွဲတစ်ခုပေါ့။ ဒီနိုင်ငံရဲ့ Minister for Defense ကတက်ရောက်အားပေးပါတယ်။ ဒီပွဲအတွက် ကကွက်တွေကို သက်ဆိုင်ရာ အတန်းပိုင်ဆရာ/ဆရာမတွေ
တီထွင် သင်ကြားပေးတာပါ။သူတို့ကပွဲရဲ့လက်မှတ်တွေက $၄၀၀ ကနေ $၅၀ အထိ။ Primary 1 နှင့် Primary 2 ကလေးတွေမပါ မနေရဆိုတော့ Primary 1 ကလေးတွေရဲ့ မိဘ အကုန်နီးပါးက လာကြည့်ကြတာပေါ့။ ကလေးကို ကျောင်းစထားတဲ့ အချိန်ဆိုတာ မိဘတွေ အသည်းဆုံး အချိန်ပဲ မဟုတ်လား။ ပြိုင်ပွဲအတွက် လွန်ခဲ့တဲ့ (၂) လလောက်ကတည်းက ကျောင်းက ခန်းမထဲမှာ သူတို့ နိုင်ငံရဲ့ သီချင်းတွေ က ပျံ့လွင့်လို့။သူတို့ကပွဲဆိုတာက၊ သီချင်းကို ဖွင့်ပေးထားပြီး ကလေးတွေက အမူအယာ လုပ်ရုံပါပဲ။ ကိုယ်တို့ ငယ်ငယ်က ကပွဲတွေက ၊ ကလေးတွေကိုယ်တိုင် ဆိုပြီး ကခဲ့ကြရတာ။ ဪ... ကိုယ်တို့ ငယ်ငယ်ကလည်း ဒီလိုကျောင်းကပွဲမျိုးတွေ ကခဲ့ဘူးတာပါပဲလေ။



ကိုယ်တို့ လေးတန်းလောက်တုန်းက ကျောင်းမှာ လွတ်လပ်ရေးနေ့ စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျောင်းကပွဲတွေ ရှိတာပေါ့။ ပြဇာတ်ကတာတွေ၊ အဖွဲ့လိုက် နိုင်ငံတော် သီချင်းဆို ပြိုင်ပွဲတွေလည်း ရှိခဲ့တာပေါ့။ "ဗိုလ်ချုပ်အောင်ဆန်း၊ ခပ်ငယ်ငယ်၊ ကျွန်တော်တို့လို ကလေးအရွယ်" အစချီတဲ့ ကဗျာလေးတွေ ရွတ်ပြီး အမူအယာ အပြည့်နဲ့ ကခဲ့ပျော်ခဲ့ ဘူးတာပေါ့။ ကိုယ်တို့ ခေတ်တုန်းက ဗိုလ်ချုပ်အောင်ဆန်း ကို မချစ်တဲ့ ကလေး မရှိပါဘူး ထင်ပါရဲ့။ အမေ့မွေးနေ့ကို မသိပေမယ့် ကဗျာတွေ ရွတ်ရလို့ ဗိုလ်ချုပ် မွေးနေ့ကိုတော့ ကလေးတွေက သိကြတာပေါ့။



ကိုယ်နဲ့ (၁၁) နှစ်ကွာတဲ့ အငယ်ဆုံးလေးတို့ ခေတ်ရဲ့ ကျောင်းသားပွဲတော် ကပွဲရွှင်ပွဲ ကျတော့ အခြေအနေတွေက မတူတော့ဘူး။ ဗိုလ်ချုပ်သီချင်း နေရာမှာ ကြော်ငြာသီချင်းဖြစ်သွားပြီ။ ကြော်ငြာသီချင်းတွေနဲ့ ကလေးတွေက အဆို၊အက ပြိုင်ကြသတဲ့။ "ကျွန်မကို ချစ်ရင်၊ မောင်ကြီးရေ...၀ယ်ပေးပါလား" တဲ့လေ။

ကိုယ်မှာကလည်း ကလေးတွေကတဲ့ ပွဲနဲ့ ပတ်သက်ရင် စိတ်ဒဏ်ရာ တစ်ခုက ရှိသေးတယ်။ ဘာမှ မသိတဲ့ ပကတိဖြူစင်တဲ့ မျက်နှာလေးတွေနဲ့ ကနေတဲ့ ကလေးတွေကို ကြည့်ပြီး ကြည်နူးမယ့်အစား ၀မ်းနည်းပြီး ငိုချင်တဲ့ ဝေဒနာပေါ့။ ဒီ ရောဂါကလည်း ကိုယ်တို့အိမ်က အငယ်ဆုံးကလေးရဲ့ ကျောင်းကပွဲနေ့ က စခဲ့တာပေါ့။

အဲဒီနေ့မျိုးဆိုတာ တကယ်တော့ မိဘတွေလိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ကြည့်ရတဲ့ ပွဲမျိုးလေ။ ဒါပေမယ့် အဲဒီနေ့ မတိုင်ခင်တစ်ရက်က အဖေနှင့် အမေ က ပြဿနာတွေတက်ပြီး ကွဲကွာကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဆုံးဖြတ်ချက်ကြီးကိုလည်း ကိုယ်တို့ မောင်နှမတွေထဲမှာ ကိုယ်တစ်ယောက်တည်းသိနေခဲ့တာ။ ဒီတော့ ကလေးရဲ့ကပွဲကို သူတို့က မလိုက်ဘူးပေါ့။ ကိုယ့်ကို လူကြီးလုပ်ပြီး လိုက်သွားခိုင်းတာ။ အငယ်ဆုံးလေးကတော့ ဘာမှမသိရှာ။ စိတ်လှုပ်ရှားပြီး ပျော်လို့။ သူတို့ အဖွဲ့က ရမယ့် အချိန်က နေ့လည် ၁ နာရီ။ ကိုယ့်အဖေက မိသားစုက ချန်ရစ်ပြီး တခြားတနေရာကို သွားမယ့် ခရီးကို စီစဉ်ထားတာကလည်း ၁ နာရီဆိုတာ ကိုယ်သိနေတာ။ စိတ်ထဲမှာ ပူလောင်လိုက်တာ မပြောပါနဲ့တော့။

ကိုယ့်အငယ်ဆုံးလေးကအရမ်းသရုပ်ဆောင်တတ်တာ။ ကိုယ်တို့ မောင်နှမတွေထဲမှာ သူတစ်ယောက်ပဲ Stage တွေ၊ လူပရိတ်သတ်တွေ အများကြီးကို မကြောက်တတ်တာ။ သူနဲ့အတူတူတွဲပြီး သရုပ်ဆောင်တဲ့ ကလေးမလေးကလည်း တော်လိုက်တာ။ ၂၀ ရာစုရဲ့ ကလေးငယ်တွေဆိုတော့ လာကြည့်တဲ့ ပရိတ်သတ်က သဘောကျလွန်းလို့ တ၀ါးဝါးပေါ့။ အဲဒီအချိန် ဘာအပူအပင်မှ မရှိတဲ့ မျက်နှာလေးနဲ့ မီးရောင်စုံတွေ အောက်မှာ ကနေတဲ့ ကလေးကို ကြည့်ရင်းကိုယ့်မှာ မျက်ရည်ပေါက်ပေါက်ကျ။ သူများတွေက လက်ခုပ်တွေတဖြောင်းဖြောင်းတီး၊ကိုယ်က ပိုးပိုးပေါက်ပေါက်ကျနေတဲ့ မျက်ရည်တွေကို ခေါင်းငုံ့ပြီးသုတ်။ တချို့ကလည်း ကိုယ့်ကို စူးစူးဝါးဝါးကြည့်၊ တချို့ကလည်း အရူးတစ်ယောက်လိုကြည့်။ ဟုတ်တယ်လေ။မိသားစုမှာ ကိုယ်အချစ်ဆုံး အဖေက ရှိမနေချင်တော့ဘူး။ သွားတော့မှာဆိုတာ သိရတာလောက် ရူးသွပ်ချင်စရာကောင်းတာ ဘယ်ရှိပါ့မလဲ။

ကလေးတို့အဖွဲ့ကိုလည်း ပထမဆုရတယ်လို့ ကြေငြာလိုက်ရော ကိုယ့်ကအဖေ့ကို ဖုန်းဆက်ပြီးပြောပြ၊ ကိုယ့်အသံတွေ တုန်နေတာကို အဖေက အပျော်လွန်နေတာထင်နေတာ။ သူစီစဉ်ထားတာတွေ ဘယ်သူမှ မသိဘူးလို့ပဲ သူကမှတ်နေတာကိုး။ ကိုယ်ဖုန်းဆက်တာ မှီယုံလေးပါပဲ။ အဲဒီအချိန် အဖေ့ကားက ကိုယ်တို့ မြို့နယ်နမိတ်လိုင်းကို ဖြတ်နေပြီ။ ကိုယ့်အဖေကို "စောစောပြန်လာခဲ့နော်၊ ဒီနေ့ည ကိုယ်တို့မောင်နှမကို တစ်ခုခုလိုက်ကျွေး၊ စောင့်နေမှာနော်" လို့ နှစ်ခါ၊ သုံးခါလောက် ထပ်ပြောလိုက်တယ်။ မာနကြီးတဲ့ အမေ့ကိုယ်စား ဆိုပါတော့လေ။ ည (ရ) နာရီလောက်ကျ အဖေက တရုတ်ဟင်းမျိုးစုံဝယ်ပြီး ပြန်လာတာပေါ့။ လမ်းတ၀က်က ခရီးစဉ်ဖျက်ပြီး ပြန်ကွေ့လာတာလေ။ မှတ်မှတ်ယယ အဲဒီကျောင်းကပွဲညက ကိုယ်တို့တွေ အဖေနဲ့ ထမင်းတူတူစားဖြစ်ကြတယ်။ အဖေက ရီစရာတွေပြောလို့။ ဘာမှမသိလိုက်ကြတဲ့ ကိုယ့်မောင်နှမတွေအားလုံးက စားလိုက်ကြတာ ၀က်ဝက်ကွဲ၊ ပျော်နေလိုက်ကြတာ။ တစ်နေကုန် ပူပန်ဝမ်းနည်းထားတဲ့ ဒဏ်နဲ့ ပြုံးရုံပဲ ပြုံးနိုင်တာ
ကိုယ်တစ်ယောက်တည်း။ အဖေကတကယ်ပြန်လာတာလား။ ပြီးရင်ပြန်သွားဦးမှာလား ဆိုတဲ့သံသယနဲ့ အဖေ့မျက်နှာပဲ တချိန်လုံးလိုက်ကြည့်ပြီး အများကြီးမစားနိုင်တာလည်း ကိုယ်တစ်ယောက်တည်း။ နောက်ပြီး ဒီနေ့အထိ ကလေးတွေကတဲ့ ပွဲကိုကြည့်ရတိုင်း စိတ်ထဲမှာ လှိုက်ပြီး ဘာကို မှန်းမသိ ၀မ်းနည်းနေတတ်တာလည်း ကိုယ့်မိသားစုမှာ ကိုယ်တစ်ယောက်တည်းရှိတဲ့ဒဏ်ရာပါပဲလေ။

Wednesday, July 30, 2008

ချစ်သူ. . . ပြုံးလိုက်ပါ။

မတွေဝေတတ်တဲ့စိတ်နဲ့
စူးရှနေတဲ့ကိုယ့်အတ္တတွေက
မင်းကိုနာကျင်စေတာ။

လောဘကြီးတဲ့နှလုံးသားနဲ့
အထိမခံတဲ့မာနတွေက
မင်းကိုနာကျင်စေတာ။

နားလည်ရခက်လွန်းတဲ့ ရိုက်ခတ်မှုတွေနဲ့
ကြေကွဲခဲ့ရတဲ့ကိုယ့် တိတ်ဆိတ်ခြင်းတွေက
မင်းကိုနာကျင်စေတာ။



ဉပေက္ခာပြုနိုင်ရက်တဲ့
မင်းရယ်မောခြင်းတွေကိုမှ
ဂုဏ်ယူအားကျမိတဲ့
ကိုယ့်ယုံကြည်ခြင်းတွေက
မင်းကိုနာကျင်စေတာ။

မင်းပြုံးနေတာမြင်ချင်လို့
ပတ်ဝန်းကျင်ကို မေ့ထားခဲ့တဲ့
ကိုယ့်ရူးသွပ်ခြင်းတွေက
မင်းကိုနာကျင်စေတာ။


ချစ်သူရေ...
လွတ်လွတ်လပ်လပ် ကြီးပြောခွင့်ရှိပါရဲ့လား

အရိုးသားဆုံးနှလုံးသားနဲ့
အမြတ်နိုးဆုံးဖြစ်တည်ခဲ့တဲ့
ထက်မြက်သူတစ်ယောက်ရဲ့
ခပ်တုံးတုံးအချစ်တွေက
မင်းကိုနာကျင်စေတာပါလို့လေ။ ။

Sunday, July 13, 2008

လိပ်ပြာလှတယ်၊ ကောက်မယ်


ဒီတပတ်ရုံးပိတ်ရက်မှာ ဆရာမခင်ခင်ထူးရဲ့ "၀တ်လဲတော်ရွှေပုဆိုး၊ တန်းထိုးလို့ကြိုမယ်" ဆိုတဲ့ဝတ္ထုလေးဖတ်မိပြီး ကျွန်တော်တို့အိမ်က အဖေနဲ့အမေရဲ့ နတ်ကိုးကွယ်မှုဆိုင်ရာအမြင်မတူတာလေးတွေတွေးမိရင်း တစ်ယောက်တည်း ပြုံးမိတယ်။

အဖေကနတ်ကိုးကွယ်တာတွေကို လုံးဝအယုံအကြည်မရှိပါဘူး။ တကယ်တော့သူက သူ့ကိုယ်သူကလွဲရင် ဘယ်သူ့ကိုမှ မယုံတဲ့ လူမျိုးဆို ပိုမှန်ပါတယ်။ အမေကတော့ ရတနာသုံးပါးကို အရမ်းကြည်ညိုဆည်းကပ်သူ၊ (၃၇) နတ်မင်းတွေကိုလည်း အမြဲမေတ္တာပို့နေသူ၊ ဒီနတ်မင်းတွေရှိတယ်လို့လည်း ယုံကြည်သူပါ။ သားသမီးတွေကတော့ အဖေရော အမေရောနဲ့ အဆင်ပြေအောင် မပြစ်မှား၊ မရှိခိုးတဲ့ သူတွေပါ။ ဒီလိုမမြင်နိုင်တဲ့ အရာတွေ ရှိချင်လည်းရှိနေနိုင်တာပဲ ဆိုတဲ့ စိတ်နဲ့ မပြစ်မှားမိအောင် နေတယ်ဆို ပိုမှန်ပါတယ်။ အမေက ယုံကြည်တယ်ဆိုတာလည်း သူရဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေက ယုံချင်စရာ ကောင်းနေပြန်တယ်လေ။


အမေအသက် (၂၀) ကျော်လောက်အထိ နတ်ကနားပေးတာတွေ၊ နတ်ပွဲတွေကို တစ်ခါမှ မသွားခဲ့ဘူးတဲ့။ တစ်ရက်တော့ အမေကရုံးက အပြန်လမ်းမှာ သူ့အသိအိမ်က အိမ်တွင်းနတ်ကနားပွဲလေးတစ်ခုပေးနေတဲ့ အသံကြားသတဲ့။ ရုံးနဲ့အိမ် ၁၅ မိနစ်လောက်ပဲ လမ်းလျှောက်ရတဲ့ နယ်မြို့လေးက အိမ်လေး တစ်အိမ်မှာပေါ့။ ဒါနဲ့ အမေက သူ့အသိအိမ်ဆိုတော့ အိမ်ထရံကြားကနေ ချောင်းကြည့်နေသတဲ့။ ထရံပေါက်လေးဆိုတာကလည်း မျက်လုံးလေးတစ်လုံးစာအပေါက်ကလေးပါ။ ဒီလိုနဲ့ မမြင်ဘူးတာတွေ အထူးအဆန်းဖြစ်ပြီး ကြည့်နေတုန်း အထဲက နတ်ကတော်က "လိပ်ပြာလှတယ်၊ ကောက်မယ်" လို့ ပြောသတဲ့။ ဒါနဲ့ ၀ိုင်းထိုင်နေကြတဲ့ အဘွားကြီးတွေက "ဘယ်သူကိုကောက်မလဲ" လို့မေးတဲ့အခါ "ဟိုထရံကြားက ချောင်းကြည့်နေတဲ့ အင်္ကျီအ၀ါလေး မျက်မှန်လေးနဲ့ နှမတော်ကို ကောက်မယ်၊ လာခဲ့" လို့ပြောသတဲ့။ အဲဒီလိုလည်း ကြားလိုက်ရော အမေလည်း ကြောက်အားလန့်အားနဲ့ ပြေးလိုက်တာ အိမ်ကို ဘယ်လိုပြန်ရောက်လာမှန်းတောင်မသိဘူးတဲ့လေ။

တကယ်တော့ လိပ်ပြာလှတာတွေ၊ ကောက်တာတွေကို သိလို့ မဟုတ်ပါဘူး။ သူချောင်းကြည့်နေတာကို တိတိကျကျ ကြီး သိသွားတာရယ်၊ လာခဲ့ ဆိုတာကြီးကိုကြောက်လို့ အရမ်းလန့်ပြီး ပြေးတာပါ။ အဲဒီနောက်ပိုင်း အမေလည်း နတ်ကနားပွဲနားကို ခြေဦးမလှည့်တော့ပါဘူး။

ဒီလိုနဲ့ ၁၀ နှစ်လောက်ကြာပြီးတရက်တော့ အထက်အညာရဲ့ နာမည်ကြီး တောင်ပြုန်းပွဲကို ငြင်းမရတဲ့ ဆွေမျိုးတွေခေါ်လို့ အမေကလိုက်သွားပါလေရော။ အဖေမသိအောင်ခိုးပြီး လိုက်သွားတာပေါ့လေ။ ဟိုရောက်တော့ သူများတွေက ပန်းတွေ ဘာတွေကပ်၊ အမေကတော့ နန်းဆောင်ရှေ့က ကွက်လပ် လေးမှာရပ်ပြီး ဟိုကြည့်ဒီကြည့်ပေါ့။ အဲဒီအချိန် ဘယ်သူမှ မရှိတဲ့ ဒီကွက်လပ်ကြီးထဲမှာ အမေ့ကို တစ်ယောက်ယောက်ကနောက်ကနေ ဆောင့်ပြီးတွန်းလိုက်သလိုမျိုးဖြစ်ပြီး အမေချော်လဲ ပါလေရော။ အားလုံးကလည်း အံ့သြလို့။ အမေလည်း အဖေ့ကို ကြောက်တာနဲ့ သူ့ခြေထောက်နာသွားတာကို မပြောဘဲ သူ့ဘာသာသူ တိတ်တိတ်လေး ကြိတ်ခံနေခဲ့တာပေါ့လေ။

နောက်တစ်လလောက်နေတော့ ၀န်ထမ်းတွေ အပြောင်းအရွေ့ အမိန့်စာတွေ ထွက်တော့မယ်လို့ သတင်းထွက်လာပါရော။ အဝေးကြီး ပြောင်းရရင်တော့ မိသားစုနဲ့ ခွဲနေရရင် ဒုက္ခလို့ အမေက စိတ်ညစ်နေတဲ့အချိန်၊ အမေ့သူငယ်ချင်း အမျိုးသမီးတစ်ယောက်က အကြားအမြင် အရမ်းမှန်တယ်ပြောလို့ အမေက လိုက်သွားပါလေရော။ အမေက လက္ခဏာဗေဒင်တွေ တခါတရံ သွားမေးတတ်တယ်။ သူ့အယူအဆက ဗေဒင်ဆိုတာ မကောင်းတာဆိုမှန်တတ်လို့ ကြိုတင်ကာကွယ်ရအောင်လို့တဲ့လေ။ အကြားအမြင်တော့ သိပ်မေးလေ့မရှိပါဘူး။ အပြောင်းအရွေ့ကိစ္စလေးမေးကြည့်မယ်ပေါ့။ အကြားအမြင် ဟောတာကလည်း နုနုသွယ်သွယ်၊ အမျိုးသမီးပဲ။ အမေတို့ အုပ်စုလိုက်ကြီး တစ်ယောက်ပြီးတစ်ယောက် ဟောလာလိုက်တာ၊ အမေအလှည့်လဲရောက်ရော အကြားအမြင်ဆရာမက "ကျွန်မမဟောဘူး၊ ရှင့်ကိုဟောမယ့်သူက သူကိုယ်တိုင်ဟောမယ်တဲ့" လို့ပြောပြီး အဲဒီ အမျိုးသမီးလေးဆီက ယောင်္ကျားသံကြီး ထွက်လာပါလေရော။ "ဟားဟား..." လို့အော်ရယ်တာတဲ့လေ။ အမေအပါအ၀င် တစ်ဖွဲ့လုံး လန့်သွားလိုက်တာ ထမပြေးမိရုံ တမယ်ပဲတဲ့။ သူက ဘယ်က စပြောသလဲဆိုတော့ "ဟိုတုန်းက အင်္ကျီ အ၀ါရောင်လေးနဲ့ ထွက်ပြေးလိုက်တာ၊ မောင်တော်ခေါ်တာ ဘာလို့မလာဘဲ ပြေးရတာလဲ" လို့ စပြောသတဲ့။ အမေလည်းအံ့သြတာရော၊ လန့်တာရောလို့ ဘာမှ ပြန်မဖြေမိဘူးပေါ့။ ဒါနဲ့ "လွန်ခဲ့တဲ့ တစ်လလောက်က ပွဲတော်ကိုလာတာ မောင့်တော့်နတ်နန်းကို အရင်မလာဘဲ မယ်တော့်နတ်နန်းကို အရင်သွားလို့ မောင်တော်နောက်ကနေ တွန်းပြီးကြည်စားလိုက်တာရော မှတ်မိလား" လို့မေးသတဲ့။ ဒီမေးခွန်းကိုတော့ အမေက "ဟုတ်ကဲ့ မှတ်မိပါတယ်" လို့ ဖြေသတဲ့။ "ကဲ အခု ဘာသိချင်လဲပြောလို့" မေးသတဲ့။ အမေက သူက promotion အခြေအနေကိုပဲ သိချင်တာပါလို့ မေးတဲ့ အခါ "မ အက္ခရာနဲ့ စတဲ့ မြို့ပဲ ပြောင်းရမယ်၊ ဒါပေမယ့် နာမည်ပဲ ပြောင်းရမယ်၊ လူကတော့ မပြောင်းရဘူး၊ မောင်တော့် နယ်မြေထဲမှာပဲ ထားမယ်" လို့ဟောသတဲ့။ ပြီးတော့ "ကဲ...ဒီတခါရော ထွက်ပြေးဦးမလား" လို့ အမေကို မေးတဲ့အခါ၊ ဒီအဖွဲ့ကို ဦးဆောင်ပြီး ခေါ်သွားတဲ့ အမေ့ သူငယ်ချင်းက ဖင်ထောင်အောင်ရှိခိုးပြီး "မလုပ်ပါနဲ့၊ သူ့ယောကျာ်းကို ကျွန်မတို့အားလုံး ကြောက်လွန်းလို့ပါ၊ အရမ်းဆိုးတာပါ" လို့ ပြောပြီး အတင်း တောင်းပန်တော့တာပါပဲ။ အဲဒီလို ကြားတော့ "ဟားဟားဟားဟား" လို့ အကျယ်ကြီး အော်ရီပြီး "ကဲ.. စိတ်ချမ်းချမ်းသာသာနေ၊ နှမတော်" လို့ပြောပြီး အကြားအမြင် အမျိုးသမီး ရဲ့ အသံပြန်ဖြစ်သွားရောတဲ့။

အမေလည်း ဘာတွေပါလိမ့်ဆိုပြီး ပြန်လာခဲ့တာပေါ့။ Transfer order တွေ မထွက်မချင်း အမေက အဖေကို မပြောပြဘူး။ Order ထွက်လာတော့ အမေက မိုးကုတ်ကို ပြောင်းရပါတယ်။ ဒါပေမယ့် နာမည်ပဲ ပြောင်းပြီး လူကတော့ အခု လက်ရှိ ရုံးမှာပဲ Attachment အနေနဲ့ နေရတာပါ။ အဲဒီအချိန်ကျတော့ အမေက မနေနိုင်တော့ဘူး။ သူ့အကြားအမြင် မှန်တဲ့ အကြောင်း မနက်စာစားရင်း အဖေ့ကို ပြောပြပါလေရော။ ကျွန်တော်တို့ လည်း နားထောင်လို့ပေါ့။ အဖေက ဒေါသတွေ ထွက်လိုက်တာပြောမနေပါနဲ့တော့။ ကျွန်တော်တို့လည်း ကုပ်ကုပ်ကလေး စားစရာရှိတာ စားနေကြတာပေါ့။ "အေး... ငါကောက်ထားတဲ့ မိန်းမကို ဘယ်မောင်တော်မှ လာကောက်လို့ မရဘူးကွ၊ နားလည်လား၊ ဒီမောင်တော် ကောက်ထားပြီးသား" လို့လဲပြောရော ကျွန်တော်တို့တွေလည်း ၀ါးကနဲ ရယ်လိုက်မိပါလေရော။ "ပြီးတော့ အသုံးမကျတဲ့ အတွေးအခေါ်တွေ ငါ့သားသမီးတွေ ရင်ထဲရောက်ကုန်မယ်၊ နောက်ဘယ်တော့မှ ဒါမျိုးမကြားချင်ဘူး" ဆိုပြီး စိတ်တွေဆိုးလိုက်တာ။ "မင်း နတ်ကတော် လုပ်ချင်တာလား" လို့ အမေ့ကိုမေးသေးတာ။ အမေက "ငါ့ အဖြစ်အပျက်လေးပြန်ပြောပြတာလေ၊ ဘာမှ မလုပ်ချင်ပါဘူး" လို့ ဘယ်လိုပဲ ဖြေရှင်းလဲ အကြားအမြင် မမေးရ၊ နတ်ကတော်မမေးရ၊ ဒီနေ့ကစပြီး ကလေးတွေကို နတ်အကြောင်းတွေ မပြောရနဲ့ ဒေါသပုန်တွေထလိုက်တာ ကျွန်တော်တို့ တတွေကတော့ ပြုံးစိပြုံးစိနဲ့ အဖေ့ ကြည့်လိုက်၊ အမေ့ကြည့်လိုက်ပေါ့။

အဖေ့ကို ကျွန်တော်က "နတ်" ဆိုတာတကယ်ရှိတာလားလို့မေးကြည့်တဲ့အခါ "ရှေးခေတ် ဘုရင်တွေက တိုင်းသူပြည်သားတွေထဲမှာ တစ်ယောက်ယောက် တန်ခိုးသြဇာကြီးမားလာပြီ ဆိုရင်သူတို့ကို ပုန်ကန်မှာစိုးလို့ သတ်ပစ်လိုက်ပြီး တိုင်းပြည်က မကျေနပ်မှာစိုးလို့ နတ်အဖြစ်ကိုးကွယ်ခိုင်းလိုက်တဲ့ လှည့်စားမှုတစ်ခုပဲတဲ့။ ဒီလောက်ပဲ ပြောပြတယ်။ ဒါတွေကို ဆုတောင်းနေလို့ ဘာထူးမှာလဲတဲ့။ ဘုရားကိုယ်တိုင်က "ငါဘုရားသည် ဘယ်သူတစ်ဦးတစ်ယောက်၏ ကံကြမ္မာကိုမှ မဖန်တီးနိုင်" လို့ဟောထားတာ၊ သူတို့ဆို ပိုဝေးရောပေါ့တဲ့။ လူဆိုတာ ကိုယ်ဘ၀နဲ့ ကိုယ် ကိုယ်ဖြစ်ကိုယ်ခံ ပဲတဲ့။ အမေကတော့ သူတို့တွေကို မေတ္တာပို့ပေးရမယ်။ မပြစ်မှားရဘူး။ ရှိချင်လဲရှိနေနိုင်တာပဲတဲ့လေ။ ဒါနဲ့ပဲ ကျွန်တော်လည်း (၃၇) မင်းနတ်တွေအကြောင်းအသေအချာ မသိခဲ့ရသလို၊ တခါမှလည်း မပြစ်မှားမိခဲ့ပါဘူး။ အင်းလေ... လောကကြီးဆိုတာက မမြင်နိုင်တဲ့ အရာတွေ အများကြီး နဲ့ တည်ဆောက်ထားနိုင်တာပဲ မဟုတ်လား။ ။

Sunday, June 15, 2008

အိမ်ပြန်တဲ့နေ့


အမေ့အိမ်ကို ပြန်မယ်လို့ ဆုံးဖြတ်ပြီး ပထမဆုံးသွားရတာက မြန်မာသံရုံးပါ။ မနက် (၃) နာရီခွဲသွားပြီး နာမည်ရေးရတယ်ဆိုလို့ အဲဒီအချိန်သွားတော့ ကိုယ့်နံပါတ်က (၁၃) ဖြစ်နေပြီ။ နံပါတ် (၁) ရတဲ့လူက ဘယ်အချိန်တုန်းကများ လာရေးသွားပါလိမ့်။ ထားပါတော့လေ။ ဒါနဲ့ အိမ်ကိုတစ်ခေါက်ပြန်လာပြီး (၁၀) နာရီလောက်မှ ပြန်သွားလိုက်တယ်။

သံရုံးရဲ့ အခွန်ပေးရတဲ့စနစ်က ကျွန်တော်သွားတဲ့နေ့ကတော့ WP ဆိုရင် $၄၀၊ SP ဆိုရင် $၈၀၊ EP ဆိုရင် $၁၀၀ နှင့် PR ဆိုရင် $၁၂၀ ကနေ ၁၅၀ ကြားတဲ့။ ဘာစာရွက်စာတမ်းမှလဲ ကြည့်မနေပါဘူး။ ပြလည်း အလကားပါပဲ။ ဒါနဲ့ပဲ ကိုယ်နဲ့ ဆိုင်တဲ့ အတိုင်း ၂၅ လ စာဆောင်ပြီး ပြန်လာတော့တယ်။ Passport ကလဲ သက်တမ်းကုန်နေလို့ သက်တမ်းတိုးလို့ ၃၀၀ ထပ်ပေးရသေးတယ်။ အမေ့မျက်နှာကို မှန်းပြီးပေးလိုက်လို့သာ ဖြေသာတော့တယ်။ အိမ်ပြန်ချင်ဇောနဲ့ မမောပါဘူးလေ။


နောက်တော့ မိသားစုဝင်တွေအတွက် သူတို့အကြိုက်၊ သူတို့လိုချင်မယ့် ပစ္စည်းမျိုးလေးတွေလိုက်ရှာဝယ်ရတဲ့အဆင့်။ သူများလို ကြိုတင်ဝယ်ထားတာလည်းမရှိတော့ ရုံးဆင်းတာနဲ့ shopping mall တွေမှာအချိန်ကုန်၊ ဆိုင်တွေအားလုံး ပိတ်တဲ့အချိန်ရောက်မှ ကိုယ်လဲအိမ်ပြန်ရောက်။ ပစ္စည်းတွေကို အိတ်တစ်လုံးထဲ ပစ်ထည့်ထားပြီး စာရင်းထဲက ဘယ်သူ့အတွက် ဘာဝယ်ဘို့ကျန်သေးလဲ။ မနက်ဖြန်ဘယ်မှာ ၀ယ်ရမလဲစဉ်းစား။ ကိုယ့်လက်ဆောင်လေးတွေပေးလိုက်တဲ့အခါ သူတို့ဘယ်လိုလေးဖြစ်သွားမှာ၊ အမေကတော့ ဈေးတွေမေးတော့မှာနဲ့ စဉ်းစားပြီး စိတ်ကူးတွေယဉ်၊ တစ်ယောက်တည်းပြုံးလို့။ အိမ်ပြန်ချင်ဇောနဲ့ဆိုတော့ မမောပါဘူးဗျာ။

သွားရမယ့်နေ့ကျတော့ ပစ္စည်းထည့်တာ၊ ပစ္စည်းပြင်တာနဲ့ ကောင်းကောင်းတောင်မအိပ်လိုက်ရပါဘူး။ လေယာဉ်ကွင်းကို မနက်အစောကြီးဆင်းပြီးချိန်စရာရှိတာချိန်၊ စစ်စရာရှိတာတွေစစ်။ အဲဒီအချိန် "အိမ်ပြန်ရတော့မယ်ကွ" ဆိုတဲ့စိတ်က ဘယ်လိုခံစားချက်မျိုးပေးမှန်း မသိဘူး။ ပျော်တယ်ဆိုတာထက် ပိုတာပေါ့ဗျာ။

"ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်ပါတော့မယ်" ဆိုတဲ့ လေယာဉ်မှုးရဲ့ အသံကြားလိုက်ရတော့ လူက ဂနာမငြိမ်တော့ဘူး။ တကယ်တော့ အိမ်ကို ပြန်ရောက်ဘို့ ပြည်တွင်း လေကြောင်းတစ်ခုကို ပြောင်းစီးရဦးမှာပါ။ ရန်ကုန်မှာ အမေ့အိမ်မရှိပေမယ့် အိမ်တံခါးဝကို ရောက်သလိုပေါ့။ တွေ့ရတော့မယ်ကွ ဆိုတဲ့ စိတ်နဲ့ ပျော်လိုက်သည်ဖြစ်ခြင်း။
Immigration ဖြတ်တော့ အလုပ်က ခွင့်စာမေ့ကျန်ခဲ့မှန်းသိပါလေရော။ US $ ၂၅ ကျမယ်တဲ့။ ခွင့်စာမပါတဲ့ ဒဏ်ကြေးပေါ့လေ။ Custom ကတော့ ကွန်ပျူတာ တစ်လုံးထဲလားလို့ မေးပြီး မရစ်တော့ပါဘူး။ အမှန်ကတော့ လက်ဆွဲ Chocolate အိတ်ထဲမှာ Laptop တစ်လုံး နဲ့ phone handset ၂ ခုပါတော့ မျက်လုံးပြူးသွားသေးတယ်။ ဒါပေမယ့် ရုပ်တည်နဲ့ "အင်း..တစ်လုံးတည်း" လို့ပြောလိုက်တော့ luggage အသေးတစ်လုံးကိုတော့ ဖွင့်ပြခိုင်းသေးတယ်။ ထားပါတော့ သိပ်မရစ်ပါဘူး။ ဒါနဲ့ပဲ ၂၅ $ နဲ့
လေဆိပ်ထဲက ထွက်လာနိုင်ခဲ့တယ်။ အိမ်ကို phone ဆက်ပြီး ရန်ကုန်ရောက်နေပြီဆိုတော့ သူတို့လည်း ဟိုဖက်မှာ လှုပ်လှုပ်ရွရွ။ နောက်ထပ် ပြည်တွင်းထွက်ခွာကို ခရီးဆက်တော့ ခြေလှမ်းတွေက မြန်မှမြန်။ ခြံတံခါးရောက်မှတော့ အိမ်ပေါက်ဝရောက်အောင်ပြေးလိုက်ချင်တောပေါ့လေ။

ပြည်တွင်းသွားရတဲ့ လေယာဉ်က air con မဖွင့်ပါဘူး။ Fan ပဲဖွင့်ပေးတာပါ။ လေယာဉ်ပေါ်မှာ အားလုံး ယပ်တောင်တဖျတ်ဖျတ်နဲ့။ ပူပူလောင်လောင် လေယာဉ်ဒီတစ်ခါပဲ စီးဘူးတယ်။ ဘာပဲဖြစ်ဖြစ် ရောက်ဘို့သာအဓိက၊ မြန်မြန်ရောက်ပြီးတာပဲ ဆိုတဲ့စိတ်နဲ့ လေယာဉ် ယပ်ခတ်စီးရလည်း မငြူစူတော့ပါဘူး။ လေယာဉ်လည်းဆင်းရော မှန်ရဲ့ ထိပ်ဆုံးမှာ ထီးထီးကြီးရပ်နေတာက အဖေ။ လက်ကလည်း မနားတမ်းပြလို့။ မတွေ့ရတဲ့ ၂ နှစ်အတွင်း အိုသွားတယ်လို့တွေးမိတော့ စိတ်မကောင်းဘူး။ တွေ့တွေ့ချင်းမှာ ၀မ်းသာတာရော၊ ၀မ်းနည်းတာရော ရောမွှေခံစားရတယ်။

နောက်တစ်ဆင့်ကားစီးပြီး အမေရှိတဲ့ တောင်ပေါ်မြို့လေးဆီ ခရီးဆက်ရပြန်တယ်။ မနက် ၅ နာရီ ကစခဲ့တဲ့ ခရီးစဉ်ဟာ ညနေ ၅ နာရီရောက်တဲ့ အထိ အမေနဲ့ မတွေ့ရသေး။ အမေကလွဲပြီး မိသားစုဝင်အားလုံးနဲ့ တွေ့ရပြီ ဆိုပေမယ့် အမေ့ကို မမြင်ရသေးတော့ ဟာတာတာဖြစ်နေတုန်း။ အမေ့ကို ဖုန်းဆက်လိုက်တော့ အိမ်ရှေ့မှာ ထွက်စောင့်နေတယ်တဲ့။ ဪ... တောင်တက်လမ်းခရီး ကားကလည်း ကြာလိုက်ပါဘိ။

အမေ့အိမ်လေးကိုရောက်တော့ ည ၇ နာရီ။ အမေက တွေ့တွေ့ချင်း အတင်းဖက်ပြီး အသံတွေလည်းတုန်လို့။ ကိုယ်လည်း မျက်ရည်ကျ၊ သူလည်းမျက်ရည်ကျ။ ဧည့်ခန်းမှာ ပစ္စည်းတွေချပြီး မိသားစုတွေကို လက်ဆောင်တွေပေးရတဲ့ အချိန်က အကြည်နူးဆုံးပါဘဲ။ တစ်ယောက်တစ်ပေါက် အ၀တ်တွေဝတ်ကြ၊ ပစ္စည်းတွေလုပ်ကြည့်ကြ၊ အငယ်ဆုံး ဆေးကျောင်းသားကလည်း သူ့အတွက် ၀ယ်လာပေးတဲ့ Stethoscope တွေ၊ Mercurial Sphygmomanometer တွေနဲ့ ဟိုလူ့လိုက်တိုင်းလိုက်၊ ရီလိုက်ကြနဲ့ မောခဲ့သမျှ အမောပြေတဲ့နေ့ပါဘဲ။ ငယ်ငယ်တုန်းကတော့ ကိုယ့်အတွက် ပစ္စည်းတစ်ခုခု မိဘက၀ယ်ပေးရင် လိုချင်တာ ရလို့ပျော်တယ်။ အခုတော့ ကိုယ်က မိဘကို သူတို့လိုချင်တာလေးတွေ ၀ယ်ပေးပြီး သူတို့ပျော်တာတွေ့တော့ ကိုယ်ကြည်နူးလိုက်တာ။ သူတစ်ပါးကို သူတို့လိုချင်တာ၊ လိုအပ်တာ ဖြည့်ဆည်းပေးနိုင်တဲ့ ဘ၀က ပိုပြီးကျေနပ်စရာကောင်းပါတယ်။

အဲဒီနေ့ညစာ အမေ့ထမင်းဝိုင်းကတော့ မမေ့ရက်စရာ၊ ရေချိုငါးမျိုးစုံ၊ အကြော်၊ အချက်၊ ကိုယ်သိပ်ကြိုက်တဲ့ ချဉ်ပေါင်ဟင်း၊ ရုံးပတီနဲ့ မျှစ်၊ ပဲပုတ်ချက်၊ ငရုတ်သီးထောင်း၊ စိန်တလုံးသရက်သီး၊ ပိန္နဲသီး ဘယ်ကစလို့ ဘာစားရမှန်းမသိ။ ဒီနိုင်ငံမှာ ဖြစ်သလို ဟင်းနည်းနည်းလေးနဲ့ စားနေကျဆိုတော့ ဟင်းတွေ အများကြီးနှင့် စားတောင်မစားတတ်တော့ဘူး လို့ပြောတော့ အဖေနှင့် အမေက မျက်နှာမကောင်း။ အမေ့အိမ်နဲ့ အမေ့မီးဖိုချောင်ကိုတော့ ဘယ်တိုးတက်တဲ့ တိုင်းပြည်ကမှ မမှီနိုင်ပါဘူးလေ။

နောက်နေ့ မနက်လင်းတော့ တို့ဖူးနွေး၊ ကောက်ညှင်းပေါင်း၊ အကြော်၊ ပူတီ အစုံပြင်ဆင်ထားလိုက်တာ။ မနက်စာကို ကော်ဖီတစ်ခွက်ပဲ သောက်ပြီး ရုံးသွားတဲ့ ကိုယ့်အတွက် အများကြီး မစားနိုင်တာကို အမေကအားမရ။ ဘာလို့ မစားရတာလဲဆိုပြီး ဇွတ်အတင်းကျွေးနေတော့တာပဲ။ အူကကျဉ်းတတ်တယ်ဆိုတာ တကယ်လား မသိပါဘူးအမေရာ။

၁၀ ရက်လောက် နေခဲ့ရတဲ့ ရက်တွေမှာ စားစရာတွေက တစ်နေ့ ၂ မျိုး ၃ မျိုး။ ကိုယ်လည်း ပန်းချီဆွဲလိုက်၊ မောင်နှမတွေနဲ့ သီချင်းဆိုလိုက်၊ ဂီတာတီးလိုက်၊ ဈေးသွားလိုက်။ ဈေးတွေကလည်း ကြီးလိုက်တာ။ ဘာကိုင်ကိုင် အနည်းဆုံး ၅၀၀ ဆိုတာချည်းပဲ။ ဟင်းရွတ်လတ်လတ်ဆတ်ဆတ်ဆိုလည်း ၂ စည်း ၅၀၀။ ၁၀၀ လောက်များ ပိုနေရင် မအမ်းတော့ဘူး။ Tissue paper တွေ၊ coffee mix တွေပေးလိုက်ရော။ ၅၀၀ တန်က အသေးသုံးဖြစ်နေပြီ။ ကိုယ့်စိတ်ထဲမှာတော့ ကိုယ်လစဉ်ပို့နေကျ ပိုက်ဆံထက် ပိုပြီး ပို့ဘို့လိုအပ်နေပါလားလို့ တွေးမိတယ်။ လူ ၄ ယောက် ရှမ်းထမင်းချဉ် သွားစားရင် ၁၀၀၀၀၊ မာလာငါးဟင်း သွားစားရင် ၂၅၀၀၀၊ ကြေးအိုးစားရင် ၂၅၀၀၀။ ပိုက်ဆံရှင်းတိုင်း အမယ်လေး အော်နေတော့ အားလုံးက ကိုယ့်ကို ရယ်ကြတယ်။ မျိုမကျဘူး၊ မစားရက်ဘူး ပြောတော့ ကိုယ် ပင်ပင်ပန်းပန်းရှာရတဲ့ ပိုက်ဆံ သုံးရတာလဲ မျိုမကျပါဘူးလို့ အမေကပြောတယ်။ သားသမီးရော၊ မိဘရော စားရသောက်ရ မျိုမကျတဲ့ ဘ၀တွေပါတကား။

အချိန်တန်တော့ ပြန်ရတော့မယ်။ မီးမလာ၊ ရေမရှိ၊ Internet မရှိ၊ ဘာလုပ်ပိုင်ခွင့်မှ မရှိပေမယ့် မိသားစု နွေးထွေးပြည့်စုံ မှုနဲ့ အသက်ရှင်ရတဲ့ တိုင်းပြည်ကနေ အစစအရာရာ ပြည့်စုံပေမယ့် အေးစက်မာကျောနေတဲ့ ဒီတိုင်းပြည်ကိုပြန်လာဘို့ ကိုယ်တော်တော် ၀န်လေးနေမိတယ်။ မပြန်ချင်းဘူးကွာလို့ စိတ်ထဲက ရေရွတ်နေလို့လားမသိ၊ တစ်ခါမှ မပျက်ဘူးတဲ့ Silk Air လေကြောင်းလိုင်း က လေယာဉ်ပျက်လို့ ခရီးစဉ် Cancel လုပ်ပါလေရော။ လေယာဉ်ပြေးလမ်းပေါ် ရောက်ပြီး တက်ခါနီးမှ ၀ါယာညှော်နံ့တွေ၊ လေယာဉ်ဆီနံ့တွေ ထွက်လာပြီး Terminal ဆီပြန်သွားရပါတယ်။ ညနေ ၄း၃၅ ထွက်ရမယ့်လေယာဉ်က ည ၁၁ နာရီထိ စောင့်ခိုင်းပြီး မှ Cancel လို့ကြေငြာတယ်။ ဒါနဲ့ ရန်ကုန်မှာ နောက်တစ်ည ပိုအိပ်လိုက်ရတယ်။ အကြာကြီးစောင့်လိုက်ရတာ စိတ်ညစ်ပေမယ့် မပြန်ရသေးတာပဲ ပျော်သလိုလို ဖြစ်မိသေး။

ဒါပေမယ့် ဘ၀က မိသားစုနဲ့ နွေးနွေးထွေးထွေး နေနိုင်ခွင့် အကြာကြီး မပေးပါဘူး။ တစိမ်းတရံတွေကြားမှာ တစ်ယောက်တည်း နေတတ်အောင်ပဲ သင်ကြားပေးနေလေရဲ့။ သူကတစ်ယောက်တည်း နေတတ်ဘို့ သင်ကြားလေလေ၊ ကိုယ်ကလည်း အမြဲတမ်း အိမ်ပြန်ဖို့ပဲ စဉ်းစားလေလေ ဖြစ်သလား မပြောတတ်ပါဘူး။
အင်း... နောက်တစ်ခေါက်ပြန်ဘို့ အချိန်တော်တော်ကြာ ပိုက်ဆံ စုရဦးမယ်လေ...

Tuesday, March 18, 2008

တခါတလေ...

တခါတလေ
ပေါက်ကွဲခံစား
ခံပြင်းနာကျည်း
လောကကြီးကို စိတ်နာ
အနက်ရောင် ကမ္ဘာကြီးတဲ့လား။

တခါတလေ
ပျော်ရွှင်ကြည်နူး
ပြုံးပျော်ရွှင်သာ
ပီတိကိုစား
အဖြူရောင် ကမ္ဘာကြီးတဲ့လား။


တခါတလေ
တစ်ယောက်တည်းနေ
တစ်ယောက်တည်းသွား
တစ်ယောက်တည်း ပဲစား
ဘာမဆို
တစ်ယောက်တည်းပဲဆိုတဲ့
အစိမ်းရောင် ကမ္ဘာကြီးတဲ့လား။

တခါတလေ
ယောင်္ကျား၊ မိန်းမ သာမည
လွတ်လပ်မှုသာ အဓိက
လုပ်ချင်ရာလုပ်
သွားချင်ရာ သွား
ပြောချင်တာ ပြောလိုက်မိတဲ့အခါ
အ၀ါရောင် ကမ္ဘာကြီးတဲ့လား။

တခါတလေ
မရီချင်ပဲ ရီရ
မပြုံးချင်ပဲ ပြုံးပြရ
မလိုအပ်တဲ့ စကားတွေပြောရ
ညှီစော်နံ နေတဲ့
ကြက်သွေးရောင် ကမ္ဘာကြီးတဲ့လား။

တခါတလေ
ငွေကြေးနောက်လိုက်
ပိုက်ဆံက ဒုတိယဘုရား
ကျန်တာတွေ မေ့လိုက် ဆိုတဲ့
အညိုပုပ်ရောင် ကမ္ဘာကြီးတဲ့လား

တခါတလေ
ပင်ပန်းလွန်းလို့
အိပ်မပျော်တဲ့ ည
ပင်ပန်းလွန်းလို့
မစားနိုင်တဲ့ ဘဝ
ခရမ်းရင့်ရောင် ကမ္ဘာကြီးတဲ့လား။

စိတ်ကူးနဲ့ ကမ္ဘာကြီးကို
အရောင်ခြယ်
နီလိုက်၊ ၀ါလိုက်
ပြာလိုက်၊ စိမ်းလိုက်
ငါ မေ့နေတာက
ဘယ် သီအိုရီနဲ့ ပဲတွက်တွက်
ကမ္ဘာ တစ်ခြမ်းက
အမြဲတမ်း မှောင်နေတယ် ဆိုတာပဲ။ ။