Saturday, October 18, 2008

အသီးခူးစားသော ချွေးမများ


မနှစ်တုန်းက ဒီအချိန်မှာ အမေနဲ့အဖေက သူတို့ သမီးတစ်ယောက် ဖြစ်လာမယ့် ချွေးမလောင်းလေးကို အစ်ကို့အတွက် သွားတောင်းပေးခဲ့ကြတယ်။ မိဘတွေဟာ သားသမီးတွေကို သစ်ပင်လေးတစ်ပင် ပြုစုစောင့်ရှောက်သလို ကျွေးမွေး ခဲ့ရတယ်ဆိုရင် ပညာစုံ အရွယ်ရောက်တော့ သားတွေအိမ်ထောင်ပြုတဲ့အခါ သားရှာဖွေသမျှ ပစ္စည်းဥစ္စာတွေက ချွေးမခံစားဘို့ အတွက် ဖြစ်သွားတယ်ဆိုပြီး ချွေးမဆိုတာ အသီးခူးစားတယ်လို့ တချို့ကပြောတတ်ကြတယ်။ ဒါပေမယ့် ကျွန်တော့် အဖေနဲ့ အမေကတော့ သူတို့သစ်ပင်လေးကို အသီးခူးစားတဲ့ ချွေးမကို အခုတော့ သားထက်တောင်ပိုပြီး ချစ်နေသေးတယ်။ အဖေနဲ့ အမေတို့ အိုဇာတာကောင်းလေစွ။

မိဘတွေ အသက်ကြီးလာတဲ့ အခါ သားသမီးကံကောင်းတာထက် ချွေးမကံ၊ သမက်ကံတွေပါ ကောင်းမှ အိုဇာတာကောင်းတယ်လို့ ခေါ်ရမယ် မဟုတ်လား။


အမှန်အတိုင်းပြောရရင် အစ်ကို အိမ်ထောင်ပြုမယ်ဆိုတော့ သူယူလာမယ့် မိန်းမအတွက် စိုးရိမ်မိတာ အမှန်ပါပဲ။ အကျင့် စာရိတ္တကောင်းမွန်တာ၊ အရည်အချင်းရှိတာ၊ ထက်မြက်တာကို သူတို့ (၉) နှစ်ကျော်တွဲခဲ့လို့ သိနေပေမယ့် အတူနေတဲ့အခါ အဖေ၊ အမေနဲ့ အဆင်မပြေမှုာကိုတော့ စိတ်ပူမိတယ်။ အထူးသဖြင့် ဂွတီးဂွကျ ကိုယ့်အဖေနဲ့ပေါ့။ ပြီးတော့ အစ်ကိုက အမေ့အတွက် အားအကိုးဆုံးသားဖြစ်နေတာလဲ ပါတယ်။ ဘာပဲလုပ်လုပ် ဒီသားတော်မောင် ပါမှ ယုံကြည်စိတ်ချတယ်ဆိုတော့ အနေအေးပေမယ့် မာနကြီးတဲ့ အမေနဲ့ အစ်ကို့ကို အရမ်းချစ်တဲ့ ဇနီးနဲ့ ပဋိပက္ခဖြစ်မှာလဲ မလိုလားတာ အမှန်။ ဒါပေမယ့် တစ်နှစ်ကြာပြီး အခုတော့ အမေက ဖုန်းဆက်ရင် ချွေးမက သမီးလေးဖြစ်နေပြီ၊ သားက သမက်ဖြစ်နေတာလို့ ပြောရင် ကိုယ် တကယ် ပျော်ရွှင်ရင်အေးမိတယ်။ အဖေနဲ့ အမေအတွက်လဲ ကျန်းမာရေးကအစ စိတ်ချလက်ချ ရှိမိတာအမှန်ပါပဲ။ လူကြီးတွေဆိုတာ စိတ်နေကောင်းနေရင် လူနေကောင်းနေတာမျိုး မဟုတ်လား။

အဖေကတော့ မင်္ဂလာဆောင် ဧည့်ခံပွဲနေ့ ကတည်းကဒီချွေးမနဲ့ တည့်မယ်ဆိုတာ အားလုံးက ရိပ်မိကြတယ်။ ဧည့်ခံနေပုံက ကြည့်ဦးလေ။ "ကျွန်တော့်သမီးက မလှဘူးလားဗျာ။ သမီးရေ...ဒါကအဖေ့အရင်းနှီးဆုံး မိတ်ဆွေတွေ ဘယ်သူ..." နဲ့။ သူ့သမီး မင်္ဂလာဆောင်တာ ကျနေတာပါပဲ။ သားရှင်က သမီး၊ သမီးနဲ့ လုပ်နေလို့ အားလုံးက အဖေ့ကို ပြုံးစိစိ။ ပြီးတော့ အမေ့နားကပ်ပြီး တိုးတိုးလေးနဲ့ "တော်သေးတာပေါ့ကွာ ငါတို့ သမီးလေးက မိတ်ကပ်ပြင်လိုက်တော့ မင်းသမီးလေးလို လှနေလို့" ဆိုပြီးသွားပြောနေသေး။ အမေ့ခမျာမှာလည်း သူဘယ်လောက်ချစ်ချစ်၊ အဖေနဲ့သာ မျက်နှာကြောမတည့်ရင် ဒီမင်္ဂလာပွဲက ပျော်စရာကောင်းမှာ မဟုတ်ဘူးဆိုတာ သိနေလေတော့ အဖေပျော်တာကြည့်ပြီးမှ သက်ပြင်းကို ခိုးချပြီး စိတ်ချလက်ချ ပျော်နိုင်ရှာတော့တယ်။

တကယ်တော့ ယောက္ခမနဲ့ ချွေးမဆိုတာ သမိုင်းစဉ်လာအရ အဆင်ပြေတာ ခပ်ရှားရှားရယ်။ ဒီနိုင်ငံမှာ ကလေးမွေးလို့ ယောက္ခမတွေ လာကြပြီးရင် ငိုပြီးပြန်ကြရတာများများ။ နှစ်ဖက်စလုံး ပျော်ပျော်ရွှင်ရွှင် အမြင်ကြည်ဘို့ဆိုတာ အမျိုးသမီးနှစ်ဦးစလုံးရော၊ သားလုပ်တဲ့ လူကိုယ်တိုင်မှာရော တာဝန်ရှိတာမျိုးလေ။ အထူးသဖြင့် သားကို အားကိုးချစ်နဲ့ ချစ်တဲ့ အမေတွေနဲ့ ဆို ပြသာနာပိုဆိုးတတ်ပါတယ်။ တကယ်ကတော့ နေတတ်ဘို့၊ မြင်တတ်ဘို့ပါပဲ။ သားချစ်၊ မယားချစ် ဆိုတာ အသွင်မတူတဲ့ အချစ် ၂ မျိုးလေ။ ပြိုင်လို့မှ မဖြစ်နိုင်တာ။ ထားပါတော့လေ။ ချွေးမတွေက အဆင်သင့် အသီးခူးစားလိုက်တယ်ပဲ ဆိုပါတော့ ။ ဒီတော့ ချွေးမကလည်း ပြန်ပြောပြီ။ အမေတွေကရော အသီးစားချင်လို့ အပင်စိုက်ခဲ့တာလားပေါ့။ တကယ်တော့ အဲဒီစကားလုံးမျိုးတွေကိုက မရှိသင့်တာပါ။ ဥယျာဉ်မှုးတစ်ယောက်က သူစိုက်ပျိုးလိုက်တဲ့ အပင်လေး အသီးခူးစားနိုင်တဲ့ အရွယ်ရောက်တဲ့အခါ သူကိုယ်တိုင်အသက်ကြီးလာပြီဖြစ်လို့ မြေသြဇာကျွေးတာ၊ ပေါင်းသင်မြက်နုတ်တာတွေလုပ်ဘို့ ဒီသစ်ပင်လေးကို မြတ်နိုးတဲ့ အခြားဥယျာဉ်မှုးတစ်ယောက်စီကို လက်လွဲပေးလိုက်တဲ့ သဘောလို့ စဉ်းစားရင် ယောက္ခမက ချွေးမဆိုတာ ကျေးဇူးတင်စရာပေါ့။ ချွေးမလုပ်တဲ့သူဘက်ကလည်း အနှစ်နှစ် အလလ အပင်ဖြစ်အောင် စိုက်ပျိုးပေးခဲ့ရသူတွေရဲ့ ကျေးဇူးတရားကို နားလည်ခံစားပေးနိုင်တဲ့ နှလုံးသားမျိုးတော့ ရှိသင့်တာပေါ့။ သုံးလေးနှစ် သံယောဇဉ် ရှိလာတဲ့ အချစ်ဆိုတဲ့ အတ္တတွေဟာ အနှစ် နှစ်ဆယ်၊ သုံးဆယ် မိဘသံယောဇဉ်ဆိုတာနဲ့ နှိုင်းယှဉ်နေဘို့ မတန်ဘူးမဟုတ်လား။

ကျွန်တော့် မိတ်ဆွေတစ်ယောက်ရဲ့ အမေဆို အရမ်းနေတတ်တယ်။ ချွေးမတွေကလည်း ချစ်လိုက်တာတုန်လို့။ စားစရာပစ္စည်းတွေ လူကြုံနဲ့ ပို့ပေးရင်တောင် အထုပ်တွေ၊ ဘူးတွေပေါ်မှာ Label တပ်ရင် (သားနာမည် + ချွေးမနာမည်)နဲ့။ ချွေးမလုပ်တဲ့သူက ပို့လိုက်တဲ့ ပစ္စည်းတွေကို ကြည့်ပြီး သူ့သားအတွက်ပဲ စဉ်းစားတယ်လို့ ထင်မှာစိုးလို့တဲ့လေ။ အဲဒီလို အသေးအဖွဲလေးကအစ ဂရုစိုက်ပေးတတ်တာ။ သားလုပ်တဲ့ လူက ဖုန်း ခေါ်ရင် မေမေနေကောင်းလား လို့မေးတဲ့အခါ အေး...သမီးနဲ့သားရော နေကောင်းလားလို့ ချွေးမကိုရှေ့ကထားပြီး ပြန်မေးတတ်တာမျိုး။ အဲဒီတော့ ဖုန်း Speaker ဖွင့်ပြီး နားထောင်နေတဲ့ ချွေးမကလဲ ကျေနပ်လို့။ အသေးအဖွဲလေးတွေပေမယ့် အရေးပါအရာရောက်တာလေးတွေပေါ့။

ကျွန်တော့်အဖေကတော့ Over ပေါ့။ ဖုန်း ဆက်စရာရှိရင် ချွေးမ ဖုန်း ကိုပဲ ခေါ်တော့တယ်။ သူခေါ်တဲ့ ဖုန်းကို ပြန်ထူးတဲ့လေသံက ကွာတယ်လေ။ အစ်ကိုက ဖုန်း ကိုင်လိုက်ရင် ဖေဖေ...ပြော လို့ ခပ်တည်တည်လေသံကြီးစပြောတာ။ ချွေးမကတော့ ဟုတ်ကဲ့ ဖေဖေ..သမီးပါ ဆိုတော့ အဆင်ပြေတယ်လေ။ ပြီးတော့ သူလုပ်သမျှ သားလုပ်သူက ပိုက်ဆံဖြုန်းတယ်လို့ စဉ်းစားလေတော့ ခဏခဏပြသာနာ တတ်ရတာလည်း ချွေးမလေးရောက်လာတော့ မရှိတော့ဘူး။ "သမီးရေ... ဖေဖေဒါတော့လုပ်ချလိုက်ပြီ၊ သမီးယောင်္ကျား ပြောလိုက်ဦးနော်၊ စိတ်ကြည်နေတဲ့ အချိန်ပြော" လို့မှာလိုက်ရင် ပြီးသွားတာမျိုး။ "ဒီကောင် ငါ့သမီးနဲ့ရလို့ တော်သေးတယ် တခြားမိန်းမသာဆို မလွယ်ဘူး" လို့ အမေ့ကို ပြောလို့ အမေက ရယ်လိုက်တာ။ အမေကတော့ သူသွားချင်တာတွေကို စိတ်ရှည်လက်ရှည်နဲ့ လိုက်ပို့ပေး။ ဘုရားမှာ ကြာသပတေးနေ့တိုင်း ပုတီးလိုက်စိပ်ပေး။ ဈေးဝယ်သွားတဲ့အခါ မိန်းကလေးအဖော်လေးနဲ့ သွားရတော့ သားကြီးနဲ့ သွားရတာနဲ့ တခြားစီမို့လား။ အစ်ကိုကတော့ "ဒါလေးလှလား" ဆိုလည်း "မသိပါဘူး မေမေရာ မြန်မြန်ဝယ်ပြီးသွားရအောင်၊ သားချိန်းထားတာရှိသေးတယ်" ဆိုတာမျိုး။ ဘုရားမှာ အမေ့ကိုလိုက်ပို့ထားခဲ့ပြီး ပြန်လာကြိုဘို့မေ့နေလို့ အငယ်ကောင်က လိုက် လိုက်ကြိုရတာ ခဏခဏဆိုတော့ မငြီးမငြူ လိုက်ပို့ပေးတဲ့ ချွေးမကို ချစ်တော့တာပေါ့။ ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့ ချွေးမဆိုတော့ မနက် ၁၀ နာရီထိုးရင် ဟင်းပွဲ အဆင့်သင့် ပြင်ပြီးမှ အလုပ်သွားတော့ အမေနဲ့ အဖွားက လက်ဆေးပြီး စားရုံပဲ။ ခြံဝင်းထဲမှာ အိမ်တစ်လုံးစီနဲ့ အိုးခွဲချက်ပေမယ့် ချွေးမကနေ့တိုင်း ဟင်းပွဲလာပြင်ပေးတယ်။ ညနေသူ့အလုပ်က ပြန်လာရင် မုန့်တစ်မျိုးမျိုးဝယ်လာပြီး အတူတူစားကြ။ တစ်နေ့တာ လုပ်ငန်းခွင် အတွေ့အကြုံတွေကို ပြောပြကြ။ ဪ...လူတစိမ်းတစ်ယောက်ဝင်လာတာကို မိသားစုထဲမှာ သိသိသာသာကြီး ပြောင်းလဲမှု၊ ရိုက်ခတ်မှု မရှိတာကိုပဲ အသက်ကြီးတဲ့ အဖေနဲ့ အမေအတွက် ၀မ်းသာမိပါတယ်။

ကျွန်တော်ငယ်ငယ်က အမေ့ကို ဘာအကြောက်ဆုံးလဲလို့ မေးဘူးတယ်။ မေမေက ဦးဘိုးသာကြီးလို ဖြစ်မှာ အကြောက်ဆုံးပဲ လို့ ဖြေခဲ့တာ။ ဦးဘိုးသာဆိုတာ အမေတို့အိမ်နားက ဆရာဝန်ကြီးရဲ့အဖေ။ ဆရာဝန်ကြီးရဲ့ မိန်းမက ယောင်္ကျားဘက်က မိဘတွေကို ပေးတာ ကမ်းတာ မကြည်ဖြူဘူး။ ယောင်္ကျားရှာသမျှ ပိုက်ဆံအကုန် သူက ထိန်းချုပ်ထားတာပေါ့။ သားလုပ်တဲ့လူနဲ့ ချွေးမက တိုက်ကြီးနဲ့ နေတယ်။ ကားတစ်ယောက်တစ်စီးစီနဲ့။ အဖေအိုကြီးကိုတော့ မိန်းမက မကြည်လင်လို့ တိုက်ပေါ်ခေါ်ထားလို့မရဘူး။ သူတို့ တိုက်ကြီးနဲ့ တစ်ခေါ်လောက်ဝေးတဲ့နေရာမှာ မြေရိုင်းခြံကြီးတစ်ခြံရှိတယ်။ အဲဒီခြံကြီးထဲက ခြံစောင့်တဲ သာသာအိမ်မှာ အဖေအိုကြီးကို ထားတာပေါ့။ အဲဒီမြေကွက်နှစ်ခုရဲ့ အကွာအဝေးဟာ ရန်ကုန်အခေါ် ဆိုရင်တစ်ဘလောက်စာလောက်ဝေးတာပေါ့။ အလယ်မှာ မြောင်းနဲ့ ခနော်ခနဲ့ တံတားလေးတစ်ခုဖြတ်ရသေးတယ်။ လကုန်ရင် ချွေးမဆီမှာ လစာ လာထုတ်ရတယ်။ ကိုယ်ဟာကို ချက်စားလောက်ရုံ မသထာရေစာလေးပေါ့။ ဦးဘိုးသာက ထန်းလျက်နဲ့ ရေနွေးကြမ်းသောက်နေရတာ ကြိုက်တယ်တဲ့။ ဒီတော့ သားလုပ်တဲ့သူက လကုန်လာတဲ့ အခါ ထန်းလျက်ပုံး တစ်ပုံးထည့်ပေးလိုက်ကွာလို့ ပြောလိုက်တယ်တဲ့။ မိန်းမလုပ်တဲ့သူက ဘာလို့အများကြီးပေးထားမှာလဲ။ ပစ်စလက်ခတ်ဖြစ်ကုန်မှာပေါ့။ တစ်နေ့စာ လေးလုံးစီ ညနေတိုင်းလာယူပစေပေါ့။ နီးနီးလေးပဲလို့ ပြန်ပြောသတဲ့။ ယောကျာင်္းကလည်း "အမိန့်...မလွန်ဆန်ဝံ့ဘူး... အာဏာပြင်းလွန်းတဲ့ အမိန့်..." ဆိုတဲ့ သီချင်းထဲကစာသားလိုပဲ ဒါဆိုလည်း အဖေလာယူပလေ့စေပေါ့။ အသက်ကြီးကြီး အဘိုးကြီးက ပုလင်းလေးတစ်လုံး ကိုင်ပြီး တုန်ချိချိနဲ့ မိုးရွာရွာ၊ နေပူပူ ညနေတိုင်း လမ်းလျှောက်ပြီး ထန်းလျက်ကလေး လေးလုံးကို သားလုပ်သူရဲ့ တိုက်ကြီးကြီးမှာ လာ တောင်းစားခဲ့ရတယ်။ တစ်နေ့မှာတော့ ကျွန်တော့် အဖေက တံတားထိပ်မှာ ထန်းလျက်ပုလင်းလေးနဲ့ မိုးရွာထဲ လဲနေတဲ့ ဦးဘိုးသာကို တွေ့လို့ သတိလစ်လုလု အဘိုးကြီးကို သူ့တဲလေးဆီပြန်ပို့ပေးခဲ့ရတယ်။ သိပ်မကြာဘူး အဘိုးကြီး ဆုံးတာပါပဲ။ အမေက သူအသက်ကြီးတဲ့ အခါ ဦးဘိုးသာလိုဖြစ်မှာ အကြောက်ဆုံးပဲ။ အမေ့ မိတ်ဆွေတွေထဲမှာလည်း ချွေးမကို ကြောက်နေရ၊ ချွေးမမျက်နှာကြည့်နေရ၊ ချွေးမဆီမှာ မျက်နှာငယ်ငယ်နဲ့ လက်ဖြန့်တောင်းစားနေရတာ မြင်တိုင်း ကြောက်စရာ ကောင်းလိုက်တာလို့ ကျွန်တော့်တို့တွေကို ပြောပြနေကြ။ ခုတော့ သူအားအကိုးဆုံး သားက ယူလာတဲ့ မိန်းမက သူလိုချင်တဲ့ သမီးမျိုးလေးဖြစ်နေလို့ "မေမေနော်... တော်တော်ကြာ ပုတီးကိုချ၊ မြေးကိုမ၊ မိုက်စွ အဘွားကြီး" ဖြစ်နေဦးမယ်လို့ ကျွန်တော်တို့ အငယ် နှစ်ယောက်က စ စ နေရတယ်။ အဖေနဲ့ အမေကတော့ ပြုံးလို့။

ကိုကိုနဲ့ မမမိုးတို့ အတွက် မင်္ဂလာ သက်တမ်း တစ်နှစ်ပြည့်အမှတ်တရ။

Sunday, October 12, 2008

???

နားလည်တယ် ဆိုတာဘာလဲ?
အဖြစ်အပျက်
တစုံတရာအတွက်
ခံစားမှုတစ်ခုအတွက်
ကိုယ်ချင်းစာပေးနိုင်တာလား။ ။


နားလည်ပါတယ်ကွာ ဆိုတာဘာလဲ?
ဖြစ်နိုင်ပါတယ်လေလို့
စဉ်းစားပေးလိုက်တာလား။ ။

နားလည်နိုင်ပါတယ် ဆိုတာဘာလဲ?
မင်းဘက်မှာ ငါရှိတယ်လို့
သွယ်ဝိုက်ပြီး ပြောတဲ့စကားလား။ ။

နားလည်ပေးလိုက်ပါ ဆိုတာဘာလဲ?
အတွေးအခေါ်တစ်ခုအတွက် ထောက်ခံမဲလား
သည်းခံခြင်းရဲ့ ဂိုဏ်းခွဲတစ်ခုလား
နှစ်သိမ့်တဲ့ စကားလုံးတစ်ခုလား။ ။

ကျေးဇူးပြုပြီး
ငါ့ကို နားမလည်ကြပါနဲ့တော့။ ။

နားလည်ပါတယ်လို့ ပြောပြောနေပြီး
နောက်ဆက်တွဲ လုပ်ဆောင်မှု
တစ်ခုမှမရှိတဲ့
နားလည်ခြင်း ဆိုတာတွေကို
နားမလည်တတ်တဲ့
ရောဂါ ရင့်ရင့်လာလို့ပါ။ ။

Thursday, September 4, 2008

ဆရာများနေ့


စက်တင်ဘာလ ၁ ရက်နေ့က ဒီနိုင်ငံရဲ့ ဆရာများနေ့တဲ့။ ကျောင်းမှာကလေးတွေက Happy Teachers' Day ဆိုပြီး အရုပ်ကလေးတွေ၊ နှင်းဆီပန်းလေးတွေ စတဲ့ လက်ဆောင်လေးတွေကို ဆရာ၊ ဆရာမတွေကို ပေးကြတယ်။ အတန်းကြီးသွားလို့ အခြားကျောင်းကို ရောက်သွားတဲ့ ကလေးတွေကလည်း ငယ်ငယ်တုန်းက ဆရာမတွေဆီ တကူးတက ပြန်လာနှုတ်ဆက်ကြ၊ မုန့်တွေစားကြနဲ့ သူတို့ ဘာသာဘာဝ ဂါရ၀ပြုနည်းတစ်မျိုးပေါ့လေ။


Teachers' Day အတွက် အခမ်းအနားကို ကလေးတွေကပဲ ဦးဆောင်ပြီး ကျင်းပတယ်။ ပွဲစ စချင်းမှာ တီးလုံးတွေဖွင့်ထားပေးပြီး ဆရာ၊ဆရာမတွေက ခန်းမထဲကို အတန်းလိုက်ဝင်လာကြတယ်။ ကလေးတွေက ဘောလုံးသမားတွေ ကွင်းထဲဝင်လာရင် ပရိတ်သတ်အော်သလိုမျိုးနဲ့ လက်ခုပ်တွေတီးလို့ အော်ဟစ်လို့။ ခန်းမအလယ်ထဲမှာ ဆရာ၊ဆရာမတွေ နေရာယူပြီးတာနဲ့ ကျောင်းအုပ်ကြီးက စကားနည်းနည်းပြော၊ MOE ကပို့လာတဲ့ Teachers' Day အတွက် သ၀ဏ်လွှာလေးကို ဖတ်ပြတယ်။ နောက်အစီအစဉ်က (Students Choice Award 2008) တဲ့။ ကလေးတွေက ရွေးတဲ့ဆု။ ဆုအမျိုးအစားတွေကလည်း အမျိုးစုံပ။ Miss Sunsilk တဲ့။ တစ်ကျောင်းလုံးမှာ ဆံပင် အလှဆုံး ဆရာမဆု။ နောက် ဆံပင်အကောက်နဲ့ အလိုက်ဖက်ဆုံးဆု။ ပြုံးအလှပိုင်ရှင်ဆု။ အားကောင်းမောင်းသန် အဖြစ်ဆုံးဆရာဆု။ နောက်ပြီး English လိုပြောတာ အပီဆုံးဆု။ အက အကောင်းဆုံး ဆရာမဆု။ ဟန်ပန်အမူအရာ အရယ်ရဆုံးဆရာမဆု။ သီချင်းဆို အကောင်းဆုံး ဆရာမဆု။ အသံ အပြဲဆုံး ဆရာမဆု။ e-mail အပို့ဆုံးဆရာမဆု။ ကားအကောင်းဆုံးစီးနိုင်တဲ့ ဆရာ၊ ဆရာမဆု။ ဒီဆုတွေအားလုံးကို ကလေးတွေက လူကြီးလေးတွေလုပ်ပြီး စတိုင်လ် အပြည့်နှင့် ဆုချီးမြှင့်ကြတယ်။ ဆရာ၊ ဆရာမတွေကတော့ တ၀ါးဝါးပေါ့။ အက အကောင်းဆုံးဆု ရတဲ့ ဆရာမ က နောက်ခံတီးလုံးနှင့် ကများတောင် ကပြလိုက်သေး။ အကောင်းဆုံးကား ဆုရတဲ့ ဆရာက ကျေးဇူးတင် စကားပြောတော့ သူဆုရတာ ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား မသိဘူးတဲ့။ ဆုက သူ့အတွက် မဟုတ်ပဲ သူ့ကားအတွက် ဖြစ်နေလို့ပါတဲ့လေ။ ပျော်ပျော်ရွှင်ရွှင် သဘောတွေကျလို့ ကလေးတွေပေးတဲ့၊ ကလေးတွေစီစဉ်တဲ့ ဆုပေးပွဲတက်ရကိုပဲ ပျော်လို့၊ မော်လို့။

ကိုယ်ကတော့ သူတို့ကျင်းပနေပုံလေးကို ထိုင်ကြည့်နေရင်း အတွေးတွေက ကိုယ်တို့ ငယ်ငယ်က အာစရိယ ပူဇော်ပွဲ ဆီမှာပေါ့။ ကိုယ်တို့နိုင်ငံမှာတော့ ကာယကံ၊ ၀ဇီကံ၊ မနောကံဖြင့် ပြစ်မှားခဲ့မိသည်ရှိသော် ခွင့်လွှတ်ပါဆိုပြီး ရိုရိုကျိုးကျိုး ထိုင်ကန်တော့ ကြတာပါ။ ကိုယ်တို့ ဆယ်တန်းအောင်ပြီး တက္ကသိုလ် အသီးသီးတက်နေတဲ့ အချိန်ကျမှ အထက်ကျောင်းမှာ အမှတ်တရ ပြန်လုပ်တဲ့ အာစရိယ ပူဇော်ပွဲတုန်းကဆို ကျောင်းအုပ်ဆရာမကြီးက စကားပြောရင်းငိုတော့ ဆရာမတွေရော ကလေးတွေပါ အားလုံး လိုက်ငိုကြတာ မှတ်မိသေးတယ်။ ငယ်ငယ်တုန်းက ကလေးတစ်ယောက်ရဲ့ အတွေးနှင့် ချစ်တဲ့ဆရာမ၊ ကြောက်တဲ့ ဆရာမ၊ မချစ်တဲ့ ဆရာမ၊ မျက်နှာလိုက်တယ်လို့ ထင်တဲ့ ဆရာမ၊ ဘယ်တော့မှ မမေ့နိုင်မယ့် ဆရာ၊ ဆရာမတွေလည်း အမျိုးစုံပါပဲလေ။

ကိုယ် ၈တန်းတုန်းက မြန်မာစာသင်တဲ့ ဆရာမက အသင်အပြ အရမ်းကောင်းတာ။ သိမ်မွေ့ပြီး ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပို့ချနိုင်လို့ ကိုယ်ချစ်တဲ့ ဆရာမ ဆိုပါတော့။ တစ်နေ့တော့ ဆရာမက မိုးတစိမ့်စိမ့် ဆိုတဲ့ ခေါင်းစဉ်နဲ့ စာစီစာကုံး အိမ်စာ ရေးခိုင်းတယ်။ အတန်းတွင်း ပြိုင်ပွဲလေးပေါ့။ ကိုယ်လည်း အိမ်ပြန်ရောက်တော့ အဖေ့ကို မိုးနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ ကဗျာ၊ သီချင်း ဘာတွေရှိလည်းလို့မေးတာ၊ အဖေကလည်း ဒါမျိုးဆို အလွန်အမင်း စိတ်အားထက်သန်လေတော့ မိုးဒေ၀ါ သီချင်း၊ မိုးသက်လေနှင် သီချင်းတွေဆိုပြတာပေါ့။ ဒါနဲ့ ကိုယ်စာစီစာကုံးရဲ့ နိဒါန်းဖွင့် ဖွင့်ခြင်းမှာ "မိုးတစိမ့်စိမ့်ရွာနေပါသည်။ မိုးကို လူသားတိုင်းချစ်ကြမည်ဟု ထင်ပါသည်။ မိုးတစိမ့်စိမ့်ရွာသည်ကို ကြည့်ရင်း ပျော်သူပျော်၊ ရွှင်သူရွှင်၊ မြူးသူမြူး၊ ဆွေးသူဆွေး ဖြင့် ခံစားကြမည်ဖြစ်သော်လည်း မိုးကိုတော့ မမုန်းနိုင်ကြပါပေ။ ဖြူဖွေးလှပသော ပုလဲလုံးလေးများ အသွင်ဖြင့် တစိမ့်စိမ့်ရွာသွန်းဖြိုးလျက် ရှိသောကြောင့် အပျော်ဓါတ်ခံ ရှိသူများကို ပြုံးပျော်စေ၍ အဆွေးဓါတ်ခံရှိသူများကို ပူဆွေးတမ်းတ နွမ်းလျစေပါသည်။ ခေတ်အဆက်ဆက် မရိုးနိုင်လောက်အောင် သီဆိုခဲ့ကြသော အဆိုတော် ဒေါ်လှရွှေ၏ မိုးဒေ၀ါ သီချင်း.........." စသည်ဖြင့် ရေးလိုက်တာပေါ့။

ကံကောင်းချင်တော့ ကိုယ်စာစီစာကုံးလေးက ပထမ ရတာပါ။ ကံဆိုးချင်တော့ ဆရာမက အသံနေ အသံထားနှင့် အခန်းထဲမှာ ဖတ်ပြတာပါ။ ကိုယ့်စကားလုံးလေးတွေကို ကိုယ်ချစ်တဲ့ ဆရာမက သူကြိုက်တဲ့ နေရာလေးတွေ ရှင်းပြနေသေးတော့ ကိုယ်လည်း ပျော်နေတာပေါ့။ ဒါပေမယ့် အဲဒီ အပျော်က နောက်နေ့မနက်ကျ ကုန်ပါလေရော။ ကိုယ်အတန်းထဲလည်း ၀င်ရော ခပ်နောက်နောက် ကျောင်းသားတစ်ယောက်က "ဒေါ်လှရွှေ လာပြီဟေ့" လို့ အော်ပြီးနောက်လိုက်တာ ကိုယ့်ရဲ့ အထက်တန်းကျောင်းသားဘ၀နေ့ရက်များက ဒေါ်လှရွှေ အဖြစ်နှင့် တက်ခဲ့ရတဲ့ အထိပါပဲ။ ဒါကြောင့်လည်း ဘယ်တော့မှ မမေ့နိုင်မယ့် ချစ်သော ဆရာမ များထဲက တစ်ယောက်ပေါ့။

နောက်ပြီး သင်္ချာ သင်တဲ့ ဆရာ တစ်ယောက်လည်း ကိုယ်ရဲ့စိတ်ကို တစုံတရာ ပြောင်းလဲ ပေးနိုင်ခဲ့လို့ မမေ့နိုင်ပြန်ဘူး။ အတန်းထဲမှာ သချာင်္အမှတ်တွေ ကြေငြာတဲ့တစ်ရက်ကပေါ့။ ကိုယ့်သူငယ်ချင်းက ၉၉ မှတ်ရတယ်။ အမှတ်ပြည့် ရတဲ့ လူကလည်း တစ်ယောက်တည်းရှိတယ်။ ဒါနဲ့ ၉၉ မှတ်ရတဲ့ သူငယ်ချင်း ကောင်မလေးက မျက်ရည်ပေါက်ပေါက်ကျအောင် ငိုပါလေရော။ ဆရာက မြင်သွားပြီး ဘယ်နှစ်မှတ် ရလို့ငိုတာလည်း မေးတော့ ၁၀၀ မရလို့ပေါ့။ ဆရာက ဘာလို့ ဒီလောက် ကိုယ်ချင်းစာစိတ်နည်းပါးရတာလဲ၊ ၃၉ မှတ်ရနေတဲ့ သူကို မစဉ်းစားပေးတော့ဘူးလား။ ၁ မှတ်လျော့တာချင်းအတူတူ သူက ကျတောင်ကျနေပြီ။ ကိုယ်စိတ်ထဲမှာ ခံစားစရာ တစ်ခုခုဖြစ်တိုင်း ကိုယ်လောက် အဆင်မပြေတဲ့သူတွေ၊ ကိုယ်ထက် နိမ့်ကျနေတဲ့သူတွေ အတွက် စဉ်းစားကြည့်ပါဦး။ ကိုယ့်ထက်မြင့်တဲ့၊ အဆင်ပြေတဲ့လူတွေချည်းကိုပဲ တွေးနေပြီး ငိုနေလို့ ဘာအဓိပ္ပါယ်ရှိမှာလဲ။ အတန်းထဲမှာ ဒါမျိုး မမြင်ချင်ဘူးလို့ လေသံမာမာနှင့် ဆူလိုက်တော့ အဆူခံရတဲ့ ကောင်မလေးတော့ မသိဘူး။ အံ့သြပြီး နားထောင်နေတဲ့ ကိုယ့်ရင်ထဲကို အတွေးလေးတစ်ခု ထည့်ပေးလိုက်တာပါပဲ။ အဲဒီ အရွယ်မှာ ရှိတဲ့ အသိတရားနဲ့ ဒီလို ဘယ်စဉ်းစားမိမလဲ။ ရမှတ်ဆိုတာ ပြိုင်စရာ တစ်ခုလို ဖြစ်ခဲ့ကြတာကိုး။ အဲဒီနောက်ပိုင်း ကိုယ်စားမေးပွဲ ဖြေရင် အကောင်းဆုံး ကြိုးစားတယ်။ နောက်ဆုံး ရလဒ်တွေ အတွက်လည်း ဘာကြီးပဲရရ၊ ၀မ်းမနည်းတတ်တော့တဲ့ အကျင့်လေးတစ်ခု ဘ၀ စာမေးပွဲ ပေါင်းများစွာအထိ ပါသွားခဲ့ရော။ ဒါကြောင့်မို့ ဆရာကြီးကလည်း ကိုယ်မမေ့နိုင်တဲ့ ဆရာများထဲက တစ်ယောက်ပါပဲ။

ဪအတွေးလွန်နေလိုက်တာ......ပွဲပြီးလို့ ကလေးတွေက အပိတ်သီချင်းအနေနဲ့ Do I Make You Proud ဆိုတဲ့ သီချင်းလေးကို အမူအယာအပြည့်နဲ့ ဆိုနေကြပြီ။ ကိုယ့်လက်ထဲက ကျောင်းအုပ်ကြီးပေးတဲ့ ပို့စ်ကဒ်လေးထဲက စာသားလေးတွေကို ဖတ်ကြည့်နေရင်း ကိုယ့်ဘ၀ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို သတိရနေမိပါတယ်။

There is no job more important than yours,
no job anywhere else in the land.
You are the keepers of the futures;
You hold the smallest of hands.

Into your care you are trusted,
to nurture and care for the young.
You encourage the shy and unsure child.
You make sure they are safe from all harm.

You foster the bonds of friendships,
letting no child go away mad.
You respect and you honour their emotions.
You give hugs to each child when they’re sad.

You have more impact than you can imagine,
a child’s mild is moulded by four;
so whatever you lay on the table
is whatever the child will explore.

Give each child the tools for adventure,
let them be artists and writers and more;
let them fly on the wind and dance on the stars
and build castles of sand on the shore.

It is true that you don’t make much money
and you don’t get a whole lot of praise,
but when one small child say “I love you”,
you are reminded of how this job pays.

Happy Teachers’ Day!

Saturday, August 23, 2008

နေရာလေးတစ်နေရာ


တရေးမှမအိပ်ရသေးသော ကျိန်းစပ်နေသည့် ကိုယ့်မျက်လုံးကို ဇွတ်အတင်းဖြဲပြီး ရေအမြန်ချိုးလိုက်သည်။ သည့်နေ့ နောက်ကျ၍မရ။ ရထားပေါ်မှာ ခဏပဲဖြစ်ဖြစ် အိပ်လိုက်တော့မယ်လို့ အားတင်းပြီး ခြေလှမ်းတို့က ဘူတာရုံဆီသို့။

ဘူတာရုံဝရောက်တော့ ရထားထွက်ရန် ၂ မိနစ်မျှသာလိုတော့သည်။ နောက်တစ်စီးစောင့်လျှင် ၆ မိနစ်စောင့်ရမည်။ မဖြစ်နိုင်။ အမြန်ပြေးပြီး တံခါးပိတ်ခါနီး ရထားထဲကို အမောတကောပြေးဝင်လိုက်ရသည်။ တစ်စီးလုံးထိုင်စရာ နေရာမရှိ။ ခုံအပြည့် လူအပြည့်မို့ အိပ်လို့ကောင်းမည့် ထောင့်စွန်းကခုံလေးရှေ့မှာ မတ်တပ်ရပ်ရင်း မြန်မြန်ထိုင်ရပါစေဟု ဆုတောင်းနေမိသည်။ မျက်လုံးတွေက လေအေးစက် အရှိန်ကြောင့် စပ်ဖျဉ်းဖျဉ်း၊ ငိုက်မြည်းလုလု ဖြစ်နေပြီမို့ ခဏလောက်ထိုင်ပြီး မှိတ်ထားခွင့်ရလိုက်ချင်သည်။


၂ ဘူတာကျော်လာတော့ ကိုယ့်ရှေ့က အမျိုးသမီးက ခါးကိုမတ်လိုက်သည်။ အိတ်ထဲက တစုံတရာကိုရှာဖွေဟန်ရှိသည်။ ဪ...ဆင်းတော့မှာမို့ ရထားစီးကဒ်ပြားရှာနေဟန်တူရဲ့ ။ ထိုင်ရတော့မည်။ အိပ်ရတော့မည်။ ပျော်သည်။ ပျော်သည်။ ခက်ခက်ခဲခဲရှာပြီး သကာလ သူမလက်ထဲပါလာသည်က နှုတ်ခမ်းနီလေးတစ်ဗူး။ ဪ...ဆင်းခါနီးမို့ အလှပြင်ရလေသည် ဟုလိုရာဆွဲတွေးလိုက်သည်။ နှုတ်ခမ်းနီဆိုးသည်။ ပေါင်ဒါရိုက်သည်။ ပါးနီဆိုးသည်။ မျက်တောင်ကော့သည်။ အားလုံးပြီးတော့ နောက် ၂ ဘူတာလောက် ကျော်လာပြီ။ အလှပြင်ပြီးသွားပြီမို့ ရှေ့ဘူတာတော့ ဆင်းလောက်ပြီ။ ဖန်စပ်နေသော မျက်လုံးကို အနားပေးရတော့မည်။

ရှေ့ဘူတာရောက်ခါနီးတော့ သီချင်းနားထောင်နေသည့် သူမနားကြပ်ကို ဖြုတ်သိမ်းလိုက်သည်။ ၀ါယာကြိုးတွေကို ခေါက်ပြီး အိတ်သေးသေးလေးနဲ့ သေချာထည့်သည်။ ကိုယ့်မျှော်လင့်ချက်တို့ နိုးထလာချေပြီ။ အိပ်ရတော့မည်။ သို့နှင့် ဒီတစ်ခါတော့ တကယ်ဆင်းတော့မည်ထင်ရဲ့။ ဖုန်းကိုထုတ်ပြီး SMS ပို့နေသည်။ ပုံစံကြည့်ရတာ ရှေ့ဘူတာတော့ တကယ်ဆင်းပြီ။ အချိန်းအချက် SMS ပို့နေတာဖြစ်ပေလိမ့်မည်။ အရမ်းကာရော အိပ်ချင်နေသော စိတ်ဖြင့်တမက်တမော ထိုင်ခုံလေးကို လိုချင်မိသည်။ ဒီအချိန်ထိုင်ရလျှင် နောက်နာရီဝက်လောက်တော့ အိပ်ရနိုင်သည်။

နောက်ဘူတာကျော်လာတော့ အိတ်ပြားပြားလေးတစ်ခုထုတ်လာပြန်သည်။ ဒါတော့ သေချာပြီ။ ရထားစီးကဒ် အဆင့်သင့်ထုတ်ထားတာ ဖြစ်ရမည်။ ဇစ်ပိစိကွေးလေးကို လက်နှစ်ဖက်နှင့် သေချာဖွင့်သည်။ ကဒ်ဘူးပြားပြားလေးတစ်ခုကို ထုတ်သည်။ စက္ကူလိုလို၊ ပလတ်စတစ်လိုလို အပြာရောင် Tissue လေးပါလာသည်။ မျက်နှာက အဆီတွေကို နှာခေါင်း၊ မေးစေ့၊ မျက်လုံး၊ နဖူး အကုန်ကပ်ပြီး စုတ်ယူသည်။ ဪ...မတ်တတ်အိပ်တတ်လျှင် အလွန်ကောင်းပေလိမ့်မည်။ မျှော်လင့်စောင့်စားရသော ဒုက္ခကြီးလှချည်တကား။

ဘာပဲဖြစ်ဖြစ် ၁၅ မိနစ်ပဲရရ ခုံဘေးက မှန်ကိုမှီပြီး ခဏမှေးလိုက်ရလျှင်တော်ပြီ။ အိပ်မရတာ ၃ ရက်ဆက်တိုက်၊ အလုပ်ကရှုပ်၊ ခွင့်ယူလို့မရ၍ တွေ့သည့်နေရာလှဲအိပ်ချင်စိတ်ကို မနည်းမျိုချနေရသည်။ ကိုယ်ထိုင်ပြီး အိပ်ဖို့နေရာလေး တစ်နေရာလောက်အတွက် ဘာမဆိုင်ညာမဆိုင် ထိုင်ခွင့်ရသည့်သူကို ရထားပေါ်မှ တွန်းမချရုံတမယ် အဘိဇ္ဇာ ပွားနေမိသည်။ လူ့စိတ်သည် တခါတရံ စောစောစီးစီးလည်း မိုက်ရိုင်းတတ်လေသည်။

အမျိုးသမီးခမျာ ဘာမှ မသိရှာ။ အလှပြင်ပြီး SMS ပို့ကာ အိပ်သွားရှာလေသည်။ မတ်တပ်ရပ်စီးသူအားလုံး ရင်ချင်းအပ်ပြီး စီးနေရသည့်အချိန် အေးအေးဆေးဆေးသူအိပ်နေတာကို လွန်စွာအားကျနေမိသည်။ မိမိမျက်လုံးသည် တော်တော်သနားစရာ ကောင်းနေလှပြီ။ ထိုင်ရတော့မည်ဟုထင်လိုက် တဖျတ်ဖျတ်တောက်လာလိုက်။ မဟုတ်လိုက် ပြန်အိပ်ငိုက်လိုက်နှင့် နောက်ထပ် ၃ ဘူတာလောက်ကျော်သွားပြန်ပြီ။

ကိုယ်စိတ်ဒုန်းဒုန်းချလိုက်ပြီ။ တော်ပြီ။ မအိပ်တော့ဘူးဟု ဆုံးဖြတ်လိုက်သည်။ အိပ်ငိုက်ပြေစေရန် ချိုချဉ်တစ်လုံး ထုတ်စားပစ် လိုက်သည်။ စိတ်လျှော့ပြီး စဉ်းစားချင်ရာ စဉ်းစားနေတုန်း ရုတ်တရက်ကြီး အမျိုးသမီးက ထလိုက်သည်။ ဪ...ဒီတခါတော့ မပြင်ဆင်ပါဘဲ တကယ်ဆင်းသွားချေပြီ။ ဘာပဲဖြစ်ဖြစ် ထိုင်တော့ထိုင်လိုက်ရဦးမည်။ မျှော်လင့်ချက် ကုန်လုလုတွင် လိုတာရသော ပျော်ရွှင်မှုမျိုးဖြင့် အားရပါးရထိုင်ချလိုက်သည်။ တမနက်လုံး မျှော်လင့်ခဲ့ရသော အိပ်စက်ခြင်းအတွက် ရသည့် အချိန်လေး ဇိမ်ယူလိုက်ဦးမည်။ ၁၅ မိနစ်လောက် အိပ်ပျော်သွားလျှင် ဒီနေ့တစ်နေ့လုံး ခေါင်းကြည်သွားနိုင်သည်။ ဘေးလွယ်အိတ်ကို ပွေ့၊ ခေါင်းကို ကျကျနန မှီပြီး မျက်လုံးကို အမှိတ်။ ရုတ်တရက်ရှေ့ကလာရပ်သူကို ဖျတ်ကနဲ မြင်လိုက်မိသည်။ ပုံမှန်ဝနေတာ နေမှာပါဟုဖြေတွေးလိုက်သည်။ မလေးမများ ထွားကြသည်လေ။ မသင်္ကာ၍ မျက်စိကို ချက်ချင်းပြန်ဖွင့်လိုက်သည်။ သေချာအောင် ဗိုက်ကို ပြန်ပြူးကြည့်လိုက်သည်။ ဒီနေရာက ပူအောင်မထိုင်ရခင် ထရတော့မည်။ သူက ကိုယ့်ထက် Priority ပိုမြင့်နေချေသည်။ လူသားချင်း စာနာရမည် မဟုတ်ပါလား။

ဘ၀သည်တခါတရံ နေရာလေးတစ်နေရာရဘို့ အလွန်ခက်ခဲသည်ဟု စိတ်နာနာနှင့် ကြီးကြီးကျယ်ကျယ် တွေးပစ်လိုက်သည်။ တဆက်တည်း ကိုယ့်ဘ၀တွင် မက်မက်မောမောရယူခဲ့ရသော နှလုံးသားများထဲက နေရာများဆီ အတွေးက ရောက်သွားပြန်သည်။

ကိုယ်တို့သည် ကျောင်းသားဘ၀မှစ၍ နေရာလေးတစ်နေရာရဘို့ ကြိုးစားခဲ့ရသည်။ ဆရာ၊ ဆရာမတွေရင်ထဲ နေရာလေးတစ်နေရာရဘို့ ဆိုသည်မှာ စာတော်ရသည်။ လိမ္မာယဉ်ကျေးရသည်။ အတန်းသားအချင်းချင်း ရိုင်းပင်းကူညီကြရသည်။ သို့ဖြင့် ဆရာ၊ဆရာမတွေရင်ထဲ တပည့်ကောင်းဟူသော နေရာလေးတွေရယူခဲ့ကြသည်။

လုပ်ငန်းခွင်ထဲရောက်လာတော့ မိမိလုပ်ငန်းတွင် နေရာလေးတစ်နေရာရအောင် ကြိုးစားရပြန်သည်။ လုပ်ငန်းခွင်ထဲက မိမိ၏ ရာထူးဆိုသည်မှာ မိမိပိုင်သောနေရာ မဟုတ်။ လုပ်ဖော်ကိုင်ဖက်များ ရင်ထဲက နေရာလေးကသာ ကိုယ့်နေရာဖြစ်သည်။ အထက်ဖား၊ အောက်ဖိ မလုပ်တတ်သောစိတ်။ မျှတသောအတွေး။ ကိုယ်ချင်းစာသော နှလုံးသားဖြင့် လုပ်ငန်းခွင်ရှိ ကိုယ့်နေရာလေးကို တည်ဆောက်ရပြန်သည်။ ကိုယ်တာဝန်ကိုယ် ကျေအောင် ကြိုးစားရပြန်သည်။ နေရာလေးတစ်ခုအတွက် ပေးဆပ်ရသော အရင်းအနှီးကား မသေးလှချေ။

အလုပ်လုပ်ရင်း ပိုက်ဆံရှာဖွေနိုင်လာတော့ မိသားစုတွင် နေရာလေးတစ်နေရာ ရဖို့ ကြိုးစားရပြန်သည်။ မိဘတွေရင်ထဲက ကျေးဇူးသိတတ်သော သားသမီးအတွက် သီးသန့်ထားသောနေရာလေးကို လိုချင်လာပြန်သည်။ ငြိုငြင်မဲ့စွာ ကျွေးမွေးခဲ့သော ထမင်းလုတ်တိုင်းအတွက်၊ သူများတန်းတူ သုံးနိုင် စားနိုင်စေခဲ့သော အနစ်နာခံမှုများအတွက် ကိုယ်အလှည့်တွင်လည်း အဖြူစင်ဆုံး စေတနာဖြစ်အောင်၊ စိတ်ကို ရှင်းနေအောင်၊ မငြိုငြင်မိအောင် အားထုတ်ရပြန်သည်။ မိဘ၏ ရင်ခွင်သည် သားသမီးတိုင်းအတွက် နေရာတစ်နေရာစီ ရှိပေငြားသော်လည်း ကိုယ့်နေရာလေးက ကြည့်လျှင် မိဘတွေ ပြုံးနေတာပဲမြင်ရတာမျိုးဖြစ်ချင်သဖြင့် အစွမ်းကုန် ကြိုးစားရပြန်သည်။

ကိုယ်မြတ်နိုး သဘောကျတဲ့သူတွေ့လာပြန်တော့ သူ့ရင်ထဲ ကိုယ်တစ်ယောက်တည်း နေရာယူနိုင်အောင် ကြိုးစားရပြန်သည်။ အခက်ခဲဆုံးပါပေ။ ဒီနေရာသည် ပုံသေနည်း မရှိသောနေရာဖြစ်သည်။ ဒီနေရာသည် သီအိုရီတိုင်း မမှန်သော နေရာဖြစ်သည်။ ဒီနေရာသည် ဖြည့်ဆည်းပေးဆပ်မှုတိုင်းကို ကြိုဆိုသည်မဟုတ်။ နားလည်မှုတိုင်းကို လက်ခံစဉ်းစားပေးသည်မဟုတ်။ လက်လွတ်စပယ် အပြုအမူ တခုတလေမှ လက်မခံသောနေရာဖြစ်သည်။ တခါတရံ အယူခံဝင်ခွင့် မရှိသော ရုံးတော်တစ်ခုလည်း ဖြစ်သည်။ သူမျှော်လင့်သော ချစ်ခြင်းမေတ္တာနှင့် ကိုယ်ပေးနိုင်သော ချစ်ခြင်းမေတ္တာတို့ တထပ်တည်းကျဖို့ လိုအပ်သောနေရာလည်း ဖြစ်သည်။ နေရာများများလိုချင်လေလေ ပင်ပန်းလေလေဖြစ်သည်။ မိမိကိုယ်တိုင်ကလည်း ထိုနေရာလေးကို မက်မောသဖြင့် ပင်ပန်းသည်ဟု နည်းနည်းမျှ မပြောရဲ။ Blog မှာသာပြောရဲသည်။ ကျေးဇူးပြု၍ နှုတ်ပိတ်နေကြပါကုန်။

ကိုယ်ချစ်သောအပေါင်းအသင်းတွေရင်ထဲ ကိုယ့်အတွက် နေရာလေး ရှိနေဘို့ ကိစ္စကလည်း လွယ်ကူသောကိစ္စ မဟုတ်ပါပေ။ ကိုယ့်အလုပ်နှင့် ကို မရှုပ်ချင်ဘဲ ရှုပ်နေကြရသော ဘ၀အခြေအနေမျိုးတွင် သူသူကိုယ်ကိုယ် မိမိကိုယ်ပိုင် နားနေချိန်ကို ဖဲ့ပေးနိုင်မှ အပေါင်းအသင်းဆိုတာလေးရှိနေမည်ဖြစ်သည်။ အပေါင်းအသင်းနည်းသော ကိုယ့်အတွက် ရှိတဲ့ ၄၊ ၅ ယောက်လေးပင် တွယ်တာရာဖြစ်သည်။ မိဘနှင့် နားလည်မှုလွဲလည်း သူငယ်ချင်းကို ရင်ဖွင့်။ ရည်းစားနှင့် စိတ်ဆိုးလည်း သူငယ်ချင်းဆီသွား။ စိတ်ညစ်လည်းသွား၊ ပျော်လည်းသွား။ တန်ဖိုးရှိသော နေရာလေးများ ဖြစ်သောကြောင့်ပင် အလေးအနက် ထားရပြန်လေသည်။

မိမိကိုယ်ပိုင် မိသားစုလေးတစ်ခုရလာပြန်လျှင်လည်း သားသမီးတွေရင်ထဲ ကိုယ့်နေရာလေးရှိအောင် ကြိုးစားရပေဦးမည်။ နေရာတစ်ခုပြီးတစ်ခု ယူနိုင်ဘို့ ကြိုးစားနေရတာနှင့်ပင် တိုတောင်းသောလူ့ဘ၀သည် ကုန်ဆုံးသွားပြန်ပေဦးမည်။ နေရာယူပြီးသူတို့ နေရာတွင် နေရာယူမည့်သူတို့ကလည်း အဆင့်သင့် စောင့်စားပေလိမ့်ဦးမည်။ ဟော...အတွေးလွန်နေ၍မဖြစ်။ ကိုယ်ဆင်းရမည့် ဂိတ်ဆုံးဘူတာ ရောက်နေပြီ။ ကမ္ဘာမြေကြီးက လဲလျောင်းစရာနေရာလေးတစ်ခုမပေးခင် ကိုယ်လိုချင်တဲ့ နေရာလေးတွေ ယူခဲ့နိုင်ဘို့ အိပ်ချင်မူးတူးဖြင့် နေရာမရခဲ့သော ရထားပေါ်မှ ဆင်းလိုက်သည်။ ရထားထဲက အသံလွင့်စက်ကတော့ ကိုယ့်အတွေးတွေကို ဟာသလုပ်လေသည်လားမသိ။တစ်လုံးချင်း အာပြဲကြီးနှင့်အော်သည်။ "Please mind the platform Gap" ။ ။

Thursday, August 14, 2008

လိုက်လို့ရယ်တဲ့ မမှီ


ကိုယ့်ဘ၀မှာ ကိုယ်တိုင်ကြုံဘူးတွေ့ဘူးပြီး ဒီနေ့အထိ "ဘာဖြစ်လို့ဒီလိုဖြစ်ရတာပါလိမ့်" လို့ စဉ်းစားနေမိတာတွေ အများကြီးရှိပါတယ်။ ဒီအသက်အရွယ်ရောက်တဲ့ အထိ "ဘယ်လိုပါလိမ့်" ဆိုပြီး အဖြေရှာမတွေ့နိုင်တဲ့ အတွေးစလေးတွေ ဆိုပါတော့။ ပထမဆုံး တစ်ခုကတော့ ကိုယ်ငယ်ငယ်က တွေ့ဘူးတဲ့ လက်သည်းခွံလေးပေါ်မှာ သူခိုးဖမ်းတဲ့ ပညာရပ်တစ်ခုပါ။

ကိုယ့်အသက် ၁၁ နှစ်လောက်တုန်းကပေါ့။ ကိုယ့်အဒေါ်အိမ်မှာ အဖိုးတန် ပစ္စည်းတစ်ခုပျောက်ပါတယ်။ အဲဒီအချိန်တုန်းက အဒေါ်အိမ်မှာ ဧည့်သည်တွေအများကြီး ပြန်သွားခါစ။ အဒေါ်က ပစ္စည်းကို နှမြောတာထက် ဘယ်သူကလုပ်ရက်တယ် ဆိုတာကို ပိုသိချင်တာပါ။ ဒါနဲ့ပဲ ကိုယ်တို့မောင်နှမ ကလေးငယ် (၄) ယောက်ကို ခေါ်ပြီး သူခိုး ဘယ်သူဆိုတာ သိနိုင်တယ်ဆိုတဲ့ ပုဏ္ဏားကြီးဆီ သွားပါတယ်။


ပုဏ္ဏားရဲ့ အိမ်က ခြေတံရှည် သေးသေးလေးပါ။ သူ့ဆီမှာ သမီးလေးတစ်ယောက်ရှိတယ်။ တကယ်တော့ အဲဒီ သမီးလေးရဲ့ လက်သည်းခွံပေါ်မှာ ကြည့်ရတာပါ။ ဒါပေမယ့် အဒေါ်က ကိုယ်တို့ကလေး (၄) ယောက်လုံးနဲ့ အရင်စမ်းကြည့်ပြီး ကိုယ်တို့တွေ မမြင်ရမှ အဲဒီ ပုဏ္ဏားသမီးနဲ့ ကြည့်မယ်လို့ တောင်းဆိုပါတယ်။ ပုဏ္ဏားက ပထမဆုံး ကိုယ့်အစ်မရဲ့ ညာဘက်လက်မ လက်သည်းခွံပေါ်မှာ ဆေးအပြာလေးတွေ ဆိုးလိုက်ပါတယ်။ ပြီးတော့ ပွစိပွစိနဲ့ ဘာတွေရွတ်လဲ မသိပါဘူး။ ကိုယ့်အစ်မကလည်း ပြူးပြီးသူ့လက်မကို ကြည့်နေတာပါပဲ။ ဒါပေမယ့် သူဘာမှ မမြင်ရပါဘူး။ ပြီးတော့ ကိုယ့်အလှည့်။ ကိုယ်လည်း ကိုယ်လက်မထဲကို အရမ်းကို အာရုံစိုက်ပြီး သေချာကြည့်တာပါပဲ။ ဒါပေမယ့် အပြာရောင်ကြီး ဖြစ်နေတာက လွဲလို့ ဘာမှ မမြင်ရပါဘူး။ တတိယမြောက် ကလေးရဲ့ အလှည့်ကျတော့ ဆေးဆိုးပြီး ပုဏ္ဏားလည်း ရွတ်လိုက်ရော အဲဒီကောင်က "ဟာ...အန်တီဘယ်သူ" ဆိုပြီး ထအော်ပါလေရော ။ ပြီးတော့ ကြောက်အားလန့်အားနဲ့ သူ့လက်မကဆေးတွေကို အကျီ င်္နဲ့ သုတ်ပစ်လိုက်ရော။ တော်တော်လန့်သွားတဲ့ပုံပါပဲ။ သူပြောတာတော့ လက်မပေါ်မှာ မျက်နှာချည်းပဲ အကြီးကြီး ရုပ်ရှင်ပိတ်ကားလိုပေါ်လာတာဆိုပဲ။ သူ့ကို နောက်တစ်ခါ ထပ်ကြည့်ခိုင်းတော့ အကြောက်လွန်ပြီး မကြည့်ချင်တော့ဘူးဆို ငိုပါလေရော။ သူငိုတော့ နောက်ဆုံးတစ်ယောက်ကလည်း မလုပ်ချင်ဘူးတဲ့။ ကိုယ်ဖြင့် မခံချိမခံသာ ဖြစ်လိုက်တာ။ ကိုယ့်ကျ မမြင်ရဘူး။ စပ်စုဆိုတော့ မြင်ဘူးချင်တာလေ။ ဒါနဲ့ပဲ အဒေါ်က ပုဏ္ဏားသမီးလေးကို ကြည့်ခိုင်းလိုက်တယ်။ သူပြောပြတာ နားထောင်ရတာ တကယ်ကို ရုပ်ရှင်တစ်ခုကို ပြန်ပြောနေသလိုပါပဲ။ ပြောပုံက... အိမ်ရှေ့မှာ မဲမဲလုံးလုံး အမျိုးသမီးတစ်ယောက် တံမြက်စည်းလှည်းနေတယ်။ အိမ်ဖော်ကို ပြောတာပါ။ အချိန်က မနက်စောစော။ ဧည့်ခန်းက နာရီက ၆း၃၀ တဲ့။ အသားဖြူဖြူ၊ ဆံပင်ကောက်ကောက် နဲ့ အမျိုးသမီး၊ မျက်နှာပုံစံ အတိအကျ၊ မှဲ့ ပါတာတောင် ပြောသေး။ အဲဒီ အမျိုးသမီး ထွက်လာပြီး ခုနက မဲမဲလုံးလုံး နဲ့ ရယ်ပြတယ်။ ပြီးတော့ စင်္ကြလမ်းလေးတစ်ခုထဲ လျှောက်ဝင်သွားပြီး ဘေးဘီကို ကြည့်တယ်။ ဘီဒိုဖွင့်ပြီး ပစ္စည်းယူတယ်။ အိတ်ထဲ ထည့်တယ်။ ပြီးတော့ ကား (အရောင်၊ အမျိုးအစား) အတိအကျနဲ့ ထွက်သွားပြီတဲ့။ ပြီးတော့ ဈေးကိုရောက်တယ်။ (ဈေးနာမည် အတိအကျ) နဲ့။ ဈေးက နာရီစင်က ၇း၀၀ နာရီ ထိုးခါနီးနေပြီတဲ့။ ဆိုင်တစ်ခုရှေ့ မှာ ရပ်တယ်တဲ့။ အဒေါ်က ဆိုင်နာမည်နဲ့ နံပါတ်ကြည့်ပေးပါဆိုတော့ နံပါတ်ပြောတယ်။ ဈေးညိုနေကြတယ်တဲ့။ ဆိုင်ရှင်က လက်နှစ်ချောင်း ထောင်ပြတယ်။ သူက သုံးချောင်း ထောင်ပြတယ်တဲ့။ ဈေးတည့်သွားပြီ။ ပိုက်ဆံယူလိုက်ပြီ။ ပြန်သွားပြီတဲ့။ ကဲ... မဆန်းဘူးလား။

မယုံသေးတဲ့ အဒေါ်က အဲဒီဆိုင်ရှေ့ထိ ရောက်အောင်သွားပြီး သူ့ပစ္စည်းကို ဈေးမေး၊ လာရောင်းသွားတဲ့လူပုံစံတွေမေး လုပ်နေသေးတာ။ တိတိကျကျကြီးကို ရှာတွေ့တာပါပဲ။ အဒေါ်က သူသိချင်တာသိသွားပြီး ဇာတ်လမ်းက ပြီးသွားပေ့မယ့် ကိုယ်က ဒီနေ့အထိ ကိုယ်ကျတော့ ဘာလို့ မမြင်ရတာလဲ။ သူလိမ်းလိုက်တဲ့ လက်သည်းပေါ်က ဆေးကဘာလဲ။ သူက လက်မကို ကြည့်ပြီး ပွစိပွစိ ရွတ်လိုက်ယုံနဲ့ တစ်ပတ်အတွင်း အခိုးခံရတဲ့ ပစ္စည်းနဲ့ ခိုးနေတဲ့ အချိန်ကို ရုပ်ရှင်ကြည့်သလို ဘာမဆိုင်၊ ညာမဆိုင်တဲ့ သူ့သမီးကျမှ မြင်ရတာလဲ အစုံပါပဲ။ ဒါကြောင့်ပေါ့...လိုက်လို့မမှီပါဘူးဆိုနေဗျာ။

နောက်တစ်ခုကတော့ သူများပြုစားခံရတဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်ပါ။ သူစားမယ့် မုန့်ဟင်းခါးကို ဈေးသည်ဆီက ယူပြီး သူ့ကိုပေးတဲ့ အချိန်ခဏလေးမှာ ပြုစားတဲ့လူက ဟင်းရည်ကို လက်ညိုးလေးနဲ့ တောက်လိုက်တာတဲ့။ လွယ်လိုက်တဲ့ ဖြစ်ခြင်း။ ဒါပေမယ့် ကိုယ့်သူငယ်ချင်း ခံရတာတော့ နှစ်ပေါင်းများစွာ။ သူ့ခံစားရတဲ့ ဝေဒနာက နာမည်တပ်ရခက်ပါတယ်။ သက်ရှိတွေအကုန် သက်မဲ့တွေလို့ ထင်ပြီး သက်မဲ့တွေအကုန်ကျတော့ သက်ရှိတွေလို့ထင်တာပါ။ ဥပမာ ကားတွေ၊ အိမ်တွေကို သူက အကောင်တွေလို့ ထင်တာပါ။ ဒီတော့ သူက လူတွေနဲ့က လွဲရင် သက်မဲ့တွေကို စကားပြောပါတယ်။ သူ့အိမ်က ဦးနှောက်နဲ့ အာရုံကြော သမားတော်နဲ့ ကုတာ ဘာရောဂါမှ ရှာမတွေ့ဘူး။ ဒီထက်ဆိုးတာက လုံးဝ မဆဲတတ်၊ ကြမ်းကြမ်းတမ်းတမ်း မပြောတတ်တဲ့ သူက ဘုရားစင်ရှေ့ထိုင်ပြီး ဘုရားကို မဟုတ်မရုတ်တွေ၊ ညစ်ညမ်းတာတွေ အကုန်ဆဲတာပါ။ ကိုယ်က သူများပြုစားတာတွေ အစက မယုံပါဘူး။ သူ့ကိုတွေ့ဘူးမှ ယုံတာပါ။

သူ့အိမ်ကဆရာခေါ်ပြီး ကုတဲ့နေက ပိုဆိုးသေး။ ဆရာက အိမ်ထဲ မ၀င်ဘူး။ အိမ်ရှေ့ကနေ့ ဘာလုပ်ရမယ်ဆိုတာပဲ ပြောတာ။ ပထမဆုံး ဧည့်ခန်းထဲမှာရှိတဲ့ မယ်တော်ကြီး ဂမုန်းပင်ကြီးကို အမြစ်ကနေတူးပြီး အောက်ကို ကြည့်တဲ့အခါ အင်းချထားတဲ့ ကြေးပြားလေးတွေ အများကြီးပဲ။ စီစီရီရီနဲ့။ ဘယ်လိုမှ ကိုယ်တိုင်လာပြီး စီစီရီရီ ထည့်ဘို့ မဖြစ်နိုင်တဲ့ ပုံစံမျိုးပါ။ ဆရာက ပြောတာတော့ ဒါတွေက ညဘက်မှ ပျံလာပြီး ဒီပန်းအိုးထဲမှာ ၀င်နေတာတဲ့။ သူပြောလို့တာ ယုံရတယ်။ ကိုယ်ဖြင့် စဉ်းစားလို့မရ။ ပြီးတော့ သူတို့ မသိဘဲ ဘုရားစင်ပေါ်မှာ ရောက်နေတဲ့ ဆံပင်လုံးတွေ၊ သွေးစွန်းနေတဲ့ ဓါတ်ပုံတွေ၊ အစုံပဲ။ ဆရာပေါင်းစုံ၊ ကုသနည်းပေါင်းစုံ အကုန်ပဲ။ ပုပ္ပါးအထိ သွားပြီး ကျောကို ထောက်ပြီး ကုတော့လည်း ဆံပင်တွေ အန်တယ် ဆိုပဲ။ နောက်ဆုံးတော့ ဆရာတော်ကြီးတစ်ပါး မန်းပေးလိုက်တဲ့ ဆေးနဲ့ ပျောက်သွားပါတယ်။ အဲဒီရောဂါကြီးကို ကိုယ့်သူငယ်ချင်းက ၅ နှစ်လောက်ခံရတာပါ။ ကိုယ်လိုက်မမှီတာက ဒီလောက် ကပြောင်းကပြန် ဖြစ်နေတဲ့ စိတ်နဲ့ ကျောင်းတက်တာတောင် ၅ နှစ် ဆက်တိုက် သူချည်းပဲ Roll 1 ရတာကိုပါ။ သူက ကိုယ့်ကို အရမ်းခင်တာ။ ကိုယ်ကလည်း သူ့ရောဂါတွေကို သိနေလို့ အစစအရာရာ သည်းခံပြီး ဘယ်သူနဲ့ မှ အဆင်မပြေတဲ့ သူ့ကို အတိုက်အခံလုပ်ပြီးကို ပေါင်းခဲ့တာ။ သူငိုလိုက်၊ ဆဲလိုက်၊၊ ကားတွေ၊ ဆိုင်ကယ်တွေကို နှုတ်ဆက်လိုက်၊ စာကျက်လိုက် လုပ်နေတာပဲ အမြဲတွေ့နေတာ။ ပြီးတော့ အောင်စာရင်းထွက်ရင် သူကထိပ်။ ပြီးတော့ပြောသေးတယ်။ ငါ NO 1 ရရင်ပျော်တာ နင်တစ်ယောက်တည်း ရှိတယ်တဲ့။ ဟုတ်တယ်လေ။ သူ့ဘ၀အခြေအနေမှာ ပျော်စရာဒါလေးဘဲ ရှိတာ မဟုတ်လား။ အဲဒါပေါ့...တကယ်လိုက်လို့ကို မမှီပါဘူး ဆိုနေဗျာ။

နောက်တစ်ခုလိုက်မမှီတာကတော့ ကိုယ်ရဲ့ပိတုပါ။ ကျွန်တော့်အဖေက အရက်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်တတ်ပါတယ်။ များသွားရင်လည်း အလွန်သွေးဆိုးတတ်တာပါ။ သူများလို ဆဲတာ၊ ဆိုတာ၊ ရိုက်တာ၊ နှက်တာမျိုး မဟုတ်ပါဘူး။ ဘယ်လိုပြောရမှန်းမသိတဲ့ သည်းထိတ်ရင်ဖိုတွေလုပ်တာပါ။ အရက်တွေအရမ်းမူး၊ လူကဖြင့် ဒေါင်ချာဆိုင်းနေပြီ။ အဲဒီအချိန် ညကြီးသန်းခေါင် အိမ်မှာ ရှိတဲ့ တော်တော်နက်တဲ့ ရေတွင်းကြီးထဲ ဆင်းသွားတာမျိုးပါ။ လှေကားနဲ့ ဆင်းရတာမျိုး မဟုတ်ဘူးဗျာ။ ဘေးနရံက အထစ်တွေကို ခြေနဲ့ ကန်ပြီးဆင်းသွားတာ။ ပြီးတော့မှ ရေတွင်းထဲကနေ ချမ်းပြီဆို ကုန်းအော်တာ။ အမေနဲ့ ကလေးတွေကဘာနဲ့ ဆင်းဆယ်ရမှန်းမသိ၊ ဆင်းတုန်းက တိတ်တိတ်လေးဆင်းသွားတာလေ။ တကယ်လို့များ ချော်ကျ၊ ပြုတ်ကျ မူးမူးနဲ့ ရေနစ်နေရင် ဘယ်သူကဆင်းကယ်နိုင်မှာလဲ။ တွင်းနှုတ်ခမ်းကနေ အမေရာ၊ ကလေးတွေရော ငိုယိုရှိခိုးတောင်းပန်ရတာ။ တစ်ထစ်ချင်းသူပြန်တတ်လာတဲ့ အချိန်စောင့်ကြည့်နေရတဲ့ မိသားစုရင်ထဲ ဘယ်လိုရှိမလဲ။ တထိတ်ထိတ်နဲ့ ပူပန်ရတဲ့ခံစားမှု။ စဉ်းစားသာကြည့်ကြပေတော့။

တခါတလေကျတော့လဲ ကားတောင်မမောင်းနိုင်လောက်အောင်မူးပြီးပြန်လာ၊ အပေါင်းအသင်းတွေလည်း ပြန်သွားရော၊ သူဘယ်ရောက်သွားပါလိမ့်လို့ အမေကလိုက်ရှာ။ အမယ်လေး...အုန်းပင်ပေါ်မှာ အုန်းသီးတက်ချိုင်နေတာဗျို့။ ပြီးတော့ ကလေးတွေ အကုန်နိုး၊ အုန်းသီးစားရအောင်တဲ့လေ။ အမေနဲ့ ကျွန်တော်တို့ အုန်းပင်အောက်ကနေ မော့ကြည့်၊ အရမ်းကာရော တောင်းပန်ပြီး ပြန်ဆင်းခိုင်းရတာ။ သူပြုတ်ကျမှာ ကြောက်ရတဲ့ စိတ်နဲ့၊ အိပ်ချင်မူးတူး၊ ညသန်းခေါင်ထစားရတော့ အုန်းသီးလည်း ဘာအရသာမှန်း မသိပါဘူး။ မစားရင်လည်း စိတ်တိုပြီး ဒေါသတွေထွက်ဦးမယ်။ စားကောင်းတယ်ပြောရင်လည်း နောက်တစ်ခါထပ်တက်ဦးမယ်။ အဲဒီလို သည်းထိတ်ရင်ဖို အုန်းသီးတွေ စားရလွန်းလို့ အုန်းထမင်း၊ အုန်းနို့ခေါက်ဆွဲ၊ အုန်းသီးနဲ့ လုပ်တဲ့ မြန်မာမုန့်တွေ ဘာတစ်ခုမှ မကြိုက်တဲ့ အထိပါပဲဗျာ။

ကျွန်တော်တို့ အိမ်ပြောင်းတော့ အမေက အုန်းပင်မပါတဲ့ အိမ်၊ ရေတွင်းမရှိတဲ့အိမ်ကို ရွေးပြီးဝယ်ခဲ့တာပါ။ ခေါင်မိုးပေါ်မှာ လသာဆောင်လေးပါလို့ ကျွန်တော်တို့ အားလုံး လသာတဲ့ညတွေဆို လေညင်းခံရ၊ ကြယ်လေးတွေကြည့်ကြနဲ့ အိမ်အသစ်မှာ အဖေလည်း ငြိမ်နေတာပေါ့။ သူဆင်းစရာတွင်း၊ တက်စရာအုန်းပင်တွေမှ မရှိပဲကိုး။ တစ်ရက်တော့ အမေက အိပ်ယာထဲကို သုတ်သီးသုတ်ပျာလာနိုးပါတယ်။ "ထ...ထ..နင့်အဖေ ဂျိမ်းစ်ဘွန်း လုပ်နေပြန်ပြီ" တဲ့လေ။ အဖေဘာလုပ်နေတယ်မှတ်လဲ။ လသာဆောင်ကနေ တဆင့်ဆက်နေတဲ့ အိမ်ခေါင်မိုးပေါ်ကို အမြင့်ဆုံးအထိ ရောက်အောင်တက်၊ အိမ်ခေါင်မိုးအစွန်းလေးမှာ လေတ၀ူးဝူးနဲ့ လွင့်နေတာ။ သူ့ကိုသူ သိုင်းလောကဂိုဏ်းချုပ်စတိုင်နဲ့လေ။ တကယ်...အိပ်ချင်စိတ်ဆိုတာ ဘယ်ရောက်သွားမှန်းမသိဘူး။ နဲနဲလေးယိုင်သွားတာနဲ့ ပြုတ်ကျပြီပဲ။ နောက်နေ့မနက် အမူးပြေလို့ သူ့ကိုမေးကြည့်။ ငါ ဒါမျိုးတွေ မလုပ်ပါဘူး။ မဖြစ်နိုင်ပါဘူး တဲ့။ ဇွတ်အတင်းငြင်းတာ။ အရက်မသောက်တဲ့အချိန်ဆို အသည်းက ငယ်လိုက်တာ ပြောမနေနဲ့တော့။ အုန်းပင်တက်ဖို့ ဝေလာဝေး။ ကုလားခေါ်ပြီးတက်ခိုင်းတဲ့။ အုန်းပင်ပြင်တဲ့ အမျိုးမဟုတ်ဘူးကွ။ ယောင်္ကျား အမြင့်ကြောက်တာ မသိဘူးလားတဲ့။ ရေချိုးဖို့ စပ်ပေးထားတဲ့ ရေများပူနေရင် မချိုးဘူးစောင့်နေသေးတာ။ နည်းနည်းမှ သတိမလွတ်ဘူး။ တခါတလေ အမေက တစ်ယောက်စီ အကြိုက်လိုက်ချက်ရင်း ဟင်းစပ်က ကမောက်ကမ ဖြစ်သွားကြည့်။ "မိန်းမ...မင့်ကဘာသဘောလဲကွ။ ၀က်သားနဲ့ မျှစ်ချဉ်၊ ကြက်ဟင်းခါးသီး၊ ငါးချဉ်သုတ်တဲ့သဘောက ယောင်္ကျားကို မျှင်းပြီးသတ်နေတာလား။ အနီးကပ် ရန်သူကို သတိထားဆိုတဲ့ စကားတယ်မှန်တာပဲ" တဲ့။ အမေက ရီပြီး "မင်းကို ဘယ်သူက အမျိုးစုံ အကုန်စားခိုင်းလို့လဲ။ သားသမီးတွေစားချင်လို့ ချက်ထားပေးထာကြိုက်တာပဲရွေးစားပေါ့" လို့ပြောရင် "ဟ...ချက်ထားမှ တော့စားချင်တာပေါ့ကွ။ တန်ဆေး၊ လွန်ကောင်း၊ များ ဘဲရီးဂွတ်" တဲ့။ ပြီးရင် ဆေးတွေသောက်ပါတော့တယ်။ အခုအသက် ၆၀ နားနီးလာတော့ ဒါမျိုးတွေ မလုပ်တော့ပါဘူး။ တခါတရံ အရမ်းမူးမှ ညကြီးမှောင်မည်း ဆိုင်ကယ်စီးပြီး မန္တလေးနဲ့ မေမြို့ ကို အတက်အဆင်း လုပ်ရုံလောက်ပါပဲ။

Wednesday, August 13, 2008

Happy Birthday my lovely LEO !!!


Birthday Song 4 little LEO!

Thursday, August 7, 2008

ကလေးတွေကတဲ့ ပွဲ


မနေ့တုန်းကကျောင်းမှာ ကလေးတွေက သီချင်းဆိုပြီး ကတဲ့ပွဲတခု လုပ်ပါတယ်။ သူတို့နိုင်ငံရဲ့ National Day ကိုဂုဏ်ပြုကြိုဆိုတဲ့ အနေတဲ့ ဒီနိုင်ငံအတွက် စပ်ဆိုထားတဲ့ သီချင်းတွေနဲ့ ကလေးတွေက အကပြိုင်တာပါ။ သူတို့ကတော့ Sing Singapore 2008 တဲ့။ အဆင့်ဆင့်ပြိုင်လာပြီး နောက်ဆုံး ကလေးပေါင်း ၁၁၀၀ ကျော်ပါဝင်တဲ့ ကပွဲတစ်ခုပေါ့။ ဒီနိုင်ငံရဲ့ Minister for Defense ကတက်ရောက်အားပေးပါတယ်။ ဒီပွဲအတွက် ကကွက်တွေကို သက်ဆိုင်ရာ အတန်းပိုင်ဆရာ/ဆရာမတွေ
တီထွင် သင်ကြားပေးတာပါ။သူတို့ကပွဲရဲ့လက်မှတ်တွေက $၄၀၀ ကနေ $၅၀ အထိ။ Primary 1 နှင့် Primary 2 ကလေးတွေမပါ မနေရဆိုတော့ Primary 1 ကလေးတွေရဲ့ မိဘ အကုန်နီးပါးက လာကြည့်ကြတာပေါ့။ ကလေးကို ကျောင်းစထားတဲ့ အချိန်ဆိုတာ မိဘတွေ အသည်းဆုံး အချိန်ပဲ မဟုတ်လား။ ပြိုင်ပွဲအတွက် လွန်ခဲ့တဲ့ (၂) လလောက်ကတည်းက ကျောင်းက ခန်းမထဲမှာ သူတို့ နိုင်ငံရဲ့ သီချင်းတွေ က ပျံ့လွင့်လို့။သူတို့ကပွဲဆိုတာက၊ သီချင်းကို ဖွင့်ပေးထားပြီး ကလေးတွေက အမူအယာ လုပ်ရုံပါပဲ။ ကိုယ်တို့ ငယ်ငယ်က ကပွဲတွေက ၊ ကလေးတွေကိုယ်တိုင် ဆိုပြီး ကခဲ့ကြရတာ။ ဪ... ကိုယ်တို့ ငယ်ငယ်ကလည်း ဒီလိုကျောင်းကပွဲမျိုးတွေ ကခဲ့ဘူးတာပါပဲလေ။



ကိုယ်တို့ လေးတန်းလောက်တုန်းက ကျောင်းမှာ လွတ်လပ်ရေးနေ့ စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျောင်းကပွဲတွေ ရှိတာပေါ့။ ပြဇာတ်ကတာတွေ၊ အဖွဲ့လိုက် နိုင်ငံတော် သီချင်းဆို ပြိုင်ပွဲတွေလည်း ရှိခဲ့တာပေါ့။ "ဗိုလ်ချုပ်အောင်ဆန်း၊ ခပ်ငယ်ငယ်၊ ကျွန်တော်တို့လို ကလေးအရွယ်" အစချီတဲ့ ကဗျာလေးတွေ ရွတ်ပြီး အမူအယာ အပြည့်နဲ့ ကခဲ့ပျော်ခဲ့ ဘူးတာပေါ့။ ကိုယ်တို့ ခေတ်တုန်းက ဗိုလ်ချုပ်အောင်ဆန်း ကို မချစ်တဲ့ ကလေး မရှိပါဘူး ထင်ပါရဲ့။ အမေ့မွေးနေ့ကို မသိပေမယ့် ကဗျာတွေ ရွတ်ရလို့ ဗိုလ်ချုပ် မွေးနေ့ကိုတော့ ကလေးတွေက သိကြတာပေါ့။



ကိုယ်နဲ့ (၁၁) နှစ်ကွာတဲ့ အငယ်ဆုံးလေးတို့ ခေတ်ရဲ့ ကျောင်းသားပွဲတော် ကပွဲရွှင်ပွဲ ကျတော့ အခြေအနေတွေက မတူတော့ဘူး။ ဗိုလ်ချုပ်သီချင်း နေရာမှာ ကြော်ငြာသီချင်းဖြစ်သွားပြီ။ ကြော်ငြာသီချင်းတွေနဲ့ ကလေးတွေက အဆို၊အက ပြိုင်ကြသတဲ့။ "ကျွန်မကို ချစ်ရင်၊ မောင်ကြီးရေ...၀ယ်ပေးပါလား" တဲ့လေ။

ကိုယ်မှာကလည်း ကလေးတွေကတဲ့ ပွဲနဲ့ ပတ်သက်ရင် စိတ်ဒဏ်ရာ တစ်ခုက ရှိသေးတယ်။ ဘာမှ မသိတဲ့ ပကတိဖြူစင်တဲ့ မျက်နှာလေးတွေနဲ့ ကနေတဲ့ ကလေးတွေကို ကြည့်ပြီး ကြည်နူးမယ့်အစား ၀မ်းနည်းပြီး ငိုချင်တဲ့ ဝေဒနာပေါ့။ ဒီ ရောဂါကလည်း ကိုယ်တို့အိမ်က အငယ်ဆုံးကလေးရဲ့ ကျောင်းကပွဲနေ့ က စခဲ့တာပေါ့။

အဲဒီနေ့မျိုးဆိုတာ တကယ်တော့ မိဘတွေလိုက်ပြီး ပျော်ပျော်ရွှင်ရွှင် ကြည့်ရတဲ့ ပွဲမျိုးလေ။ ဒါပေမယ့် အဲဒီနေ့ မတိုင်ခင်တစ်ရက်က အဖေနှင့် အမေ က ပြဿနာတွေတက်ပြီး ကွဲကွာကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီဆုံးဖြတ်ချက်ကြီးကိုလည်း ကိုယ်တို့ မောင်နှမတွေထဲမှာ ကိုယ်တစ်ယောက်တည်းသိနေခဲ့တာ။ ဒီတော့ ကလေးရဲ့ကပွဲကို သူတို့က မလိုက်ဘူးပေါ့။ ကိုယ့်ကို လူကြီးလုပ်ပြီး လိုက်သွားခိုင်းတာ။ အငယ်ဆုံးလေးကတော့ ဘာမှမသိရှာ။ စိတ်လှုပ်ရှားပြီး ပျော်လို့။ သူတို့ အဖွဲ့က ရမယ့် အချိန်က နေ့လည် ၁ နာရီ။ ကိုယ့်အဖေက မိသားစုက ချန်ရစ်ပြီး တခြားတနေရာကို သွားမယ့် ခရီးကို စီစဉ်ထားတာကလည်း ၁ နာရီဆိုတာ ကိုယ်သိနေတာ။ စိတ်ထဲမှာ ပူလောင်လိုက်တာ မပြောပါနဲ့တော့။

ကိုယ့်အငယ်ဆုံးလေးကအရမ်းသရုပ်ဆောင်တတ်တာ။ ကိုယ်တို့ မောင်နှမတွေထဲမှာ သူတစ်ယောက်ပဲ Stage တွေ၊ လူပရိတ်သတ်တွေ အများကြီးကို မကြောက်တတ်တာ။ သူနဲ့အတူတူတွဲပြီး သရုပ်ဆောင်တဲ့ ကလေးမလေးကလည်း တော်လိုက်တာ။ ၂၀ ရာစုရဲ့ ကလေးငယ်တွေဆိုတော့ လာကြည့်တဲ့ ပရိတ်သတ်က သဘောကျလွန်းလို့ တ၀ါးဝါးပေါ့။ အဲဒီအချိန် ဘာအပူအပင်မှ မရှိတဲ့ မျက်နှာလေးနဲ့ မီးရောင်စုံတွေ အောက်မှာ ကနေတဲ့ ကလေးကို ကြည့်ရင်းကိုယ့်မှာ မျက်ရည်ပေါက်ပေါက်ကျ။ သူများတွေက လက်ခုပ်တွေတဖြောင်းဖြောင်းတီး၊ကိုယ်က ပိုးပိုးပေါက်ပေါက်ကျနေတဲ့ မျက်ရည်တွေကို ခေါင်းငုံ့ပြီးသုတ်။ တချို့ကလည်း ကိုယ့်ကို စူးစူးဝါးဝါးကြည့်၊ တချို့ကလည်း အရူးတစ်ယောက်လိုကြည့်။ ဟုတ်တယ်လေ။မိသားစုမှာ ကိုယ်အချစ်ဆုံး အဖေက ရှိမနေချင်တော့ဘူး။ သွားတော့မှာဆိုတာ သိရတာလောက် ရူးသွပ်ချင်စရာကောင်းတာ ဘယ်ရှိပါ့မလဲ။

ကလေးတို့အဖွဲ့ကိုလည်း ပထမဆုရတယ်လို့ ကြေငြာလိုက်ရော ကိုယ့်ကအဖေ့ကို ဖုန်းဆက်ပြီးပြောပြ၊ ကိုယ့်အသံတွေ တုန်နေတာကို အဖေက အပျော်လွန်နေတာထင်နေတာ။ သူစီစဉ်ထားတာတွေ ဘယ်သူမှ မသိဘူးလို့ပဲ သူကမှတ်နေတာကိုး။ ကိုယ်ဖုန်းဆက်တာ မှီယုံလေးပါပဲ။ အဲဒီအချိန် အဖေ့ကားက ကိုယ်တို့ မြို့နယ်နမိတ်လိုင်းကို ဖြတ်နေပြီ။ ကိုယ့်အဖေကို "စောစောပြန်လာခဲ့နော်၊ ဒီနေ့ည ကိုယ်တို့မောင်နှမကို တစ်ခုခုလိုက်ကျွေး၊ စောင့်နေမှာနော်" လို့ နှစ်ခါ၊ သုံးခါလောက် ထပ်ပြောလိုက်တယ်။ မာနကြီးတဲ့ အမေ့ကိုယ်စား ဆိုပါတော့လေ။ ည (ရ) နာရီလောက်ကျ အဖေက တရုတ်ဟင်းမျိုးစုံဝယ်ပြီး ပြန်လာတာပေါ့။ လမ်းတ၀က်က ခရီးစဉ်ဖျက်ပြီး ပြန်ကွေ့လာတာလေ။ မှတ်မှတ်ယယ အဲဒီကျောင်းကပွဲညက ကိုယ်တို့တွေ အဖေနဲ့ ထမင်းတူတူစားဖြစ်ကြတယ်။ အဖေက ရီစရာတွေပြောလို့။ ဘာမှမသိလိုက်ကြတဲ့ ကိုယ့်မောင်နှမတွေအားလုံးက စားလိုက်ကြတာ ၀က်ဝက်ကွဲ၊ ပျော်နေလိုက်ကြတာ။ တစ်နေကုန် ပူပန်ဝမ်းနည်းထားတဲ့ ဒဏ်နဲ့ ပြုံးရုံပဲ ပြုံးနိုင်တာ
ကိုယ်တစ်ယောက်တည်း။ အဖေကတကယ်ပြန်လာတာလား။ ပြီးရင်ပြန်သွားဦးမှာလား ဆိုတဲ့သံသယနဲ့ အဖေ့မျက်နှာပဲ တချိန်လုံးလိုက်ကြည့်ပြီး အများကြီးမစားနိုင်တာလည်း ကိုယ်တစ်ယောက်တည်း။ နောက်ပြီး ဒီနေ့အထိ ကလေးတွေကတဲ့ ပွဲကိုကြည့်ရတိုင်း စိတ်ထဲမှာ လှိုက်ပြီး ဘာကို မှန်းမသိ ၀မ်းနည်းနေတတ်တာလည်း ကိုယ့်မိသားစုမှာ ကိုယ်တစ်ယောက်တည်းရှိတဲ့ဒဏ်ရာပါပဲလေ။