Sunday, February 22, 2009

ပျော်ရာမှာ အလုပ်လုပ်ရတဲ့ အခါ


ကိုယ်နေတဲ့ အိမ်ရှင်အစ်မက တစ်ခါမှ အလုပ်မလုပ်ဘူးပါဘူး။ တစ်နေ့တော့ သတင်းစာထဲမှာ Daiso က အလုပ်ခေါ်စာတွေ့တော့ သွားလျှောက်မယ်ဆိုပြီး သွားလေရဲ့။ အစ်မရဲ့ အမျိုးသားကလဲ အစ်မပင်ပန်းရင် နှစ်ရက်လောက်ဆို မလုပ်နိုင်တော့ဘူးဆိုပြီး ပြန်ပြေးလာမှာပဲလို့ မျှော်လင့်ပြီး သွားချင်လဲသွားပေါ့။ ကိုယ်တို့ကလဲ အစ်မ အပင်ပန်းခံနိုင်မှာမဟုတ်ဘူးပေါ့။ ဒီလိုနဲ့ လုပ်လာတာ ၂ လ ကျော်လောက်ရှိသွားပြီ။ အစ်မလဲ ကျန်းမာရေးပိုကောင်း၊ ပျော်ရွှင်တက်ကြွနေလိုက်တာလဲ အလွန်၊ နောက်ပြီး အိမ်မှာလဲ Daiso က ပစ္စည်းဆန်းဆန်းလေးတွေ မျိုးစုံပါပဲ။ အစထဲက Daiso ကြိုက်တဲ့ အစ်မ၊ အဲဒီဆိုင်ထဲရောက်ရင် တော်တော်နဲ့ ပြန်မထွက်နိုင်တဲ့ လူဆိုတော့၊ သူ့အတွက် လုပ်ငန်းခွင်မှာ တစ်နေကုန်နေရတာ ဘာနဲ့တူသလဲဆိုတော့ ချောကလက်တွေ၊ ရေခဲမုန့်တွေကြားထဲရောက်နေတဲ့ ကလေးလေးအတိုင်းပဲ ထင်ပါရဲ့။

ကိုယ်အနေနဲ့ကတော့ Daiso ကို မှတ်မှတ်ရရ တစ်ခါပဲသွားဘူးတာ။ ရန်ကုန်က ဂျပန်ယွန်းထည်လေးတွေလိုချင်တယ်ဆိုလို့ သွားဝယ်ပေးတာ။ ယွန်းထည်ရှိတဲ့ နေရာရှာပြီး လိုချင်တာဝယ်ပြီး ပြန်ထွက်လာခဲ့တာ။ ဒီလောက်ပစ္စည်းတွေ အများကြီးထဲမှာ သေသေချာချာ ရှာဖွေမ၀ယ်တတ်ခဲ့ဘူး။ ၀ယ်စရာကောင်းမယ့် ပစ္စည်းလေးတွေ ရှိနေတာလဲ မသိဘူး။ အခုမှ အစ်မ ၀ယ်လာတဲ့ပစ္စည်းလေးတွေ စိတ်ဝင်တစား ယူကြည့်မိတော့တယ်။ ရှာဝယ်တတ်ရင်တော့ Daiso က ဘာဝယ်ဝယ် ၂ ဒေါ်လာနဲ့ ပျော်စရာကောင်းသား။


ကိုယ့်အစ်မတစ်ယောက်တော့ ဂျပန်စာလဲ ကျက်နေလေရဲ့။ Daiso က ဂျပန်မှာ ဆိုင်ခွဲ ၅၀၀ ရှိပြီး တကမ္ဘာလုံးမှာ ၂၄၀၀ ရှိတာလဲပြောပြရဲ့။ သူတို့ပစ္စည်းတွေက ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ အမေရိကား နဲ့ တရုတ်က သွင်းပြီး Product for Daiso ဆိုပြီး ဂျပန်မှာ Quality Control ပြန်လုပ်ထားတဲ့ အကြောင်း၊ Sales ရယ် Cashier ရယ်မရှိဘဲ လူတိုင်း၊ ရာထူးတိုင်း လုပ်နိုင်အောင် အားလုံးသင်ရတဲ့ အကြောင်း၊ အဲဒီလိုအကုန်သင်ရတာကို သူများတွေက ရှုပ်တယ်ဆိုပြီး ငြိုငြင်ကြတဲ့အကြောင်း၊ သူကတော့ သူသိချင်တာတွေ သိခွင့်ရလို့ ပျော်တဲ့အကြောင်း၊ ဆိုင်မန်နေဂျာက ဂျပန်လူမျိုးဖြစ်တဲ့အတွက် စည်းကမ်းအရမ်းကြီးတဲ့အကြောင်း၊ တော်သေးတယ် သူတို့ရောင်းပေးလို့ ပစ္စည်းလေးတွေဝယ်လို့ရတာ ကျေးဇူးတင်လိုက်တာ ဆိုတာက ပါသေးတယ်။ ကိုယ်တို့အိမ်သားတွေအားလုံး အစ်မကို ကြည့်ပြီး ပြုံးကြရတယ်။

သူတို့အလုပ်သဘာဝက မနက် ၉ နာရီကနေ ညနေ ၆ နာရီ၊ နေ့လည် ၂ နာရီကနေ ည ၁၀း၃၀ ထိ ၂ ဆိုင်း အလှည့်ကျ ကို တစ်ပတ် ၁ ရက် နား။ ကိုယ်အလုပ်ဆင်းရတဲ့ ရက်ဆို Daiso ပစ္စည်းဝယ်ခွင့်မရှိ၊ သုံးစွဲခွင့် မရှိပါဘူး။ ထမင်းဘူးထည့်တဲ့ အိတ်ကလေးကအစ ယူလာခွင့် မရှိပါဘူး။ အဲဒီတော့ ပစ္စည်းလိုချင်တာ ရှိရင် အလုပ်နားရက်မှာ သပ်သပ်သွားဝယ်ရတာပါ။ ကိုယ့်အစ်မကတော့ အလုပ်ပိတ်ရက် အိမ်အလုပ်တွေပြီးရင် Daiso သွားတော့တာပါပဲ။ ပြီးရင်တပုံကြီးဝယ်ပြီး ပြန်လာတတ်တာ။

သူမို့လို့ ရှာရှာဖွေဖွေ ၀ယ်တတ်ပါတယ်။ ဆန်ပိုးမတက်အောင် ထည့်တဲ့ဘူးလေးတွေ၊ ကားမောင်းရင် လက်တွေနေလောင်မှာစိုးလို့ ၀တ်ရတဲ့ လက်အိတ်ရှည်ရှည်လှလှလေးတွေ၊ Microwave ထဲမှာ ဟင်းနွေးရင် သုံးတဲ့ လက်မပူတဲ့ ခွက်ကလေးတွေ၊ ပန်းပင်လုပ်တဲ့ ပစ္စည်းလေးတွေ၊ Screw Drivers အရွယ်စုံ၊ L-Keys အရွယ်စုံ၊ အမျိုးကို စုံနေတာပါပဲ။

ချစ်စရာ ဖောင်တိန်လေးတွေ မီးဖိုဆောင်သုံးပစ္စည်းလေးများထမင်းခပ်စရာ ယောင်းမ
(ဘူးလေးထဲမှာ သိမ်းထားလို့ရတယ်)



ဖိနပ်လှန်းတဲ့ ချိတ်အရေးပေါ် ဆံပင်ဆေးဆိုးတောင့်ကျောက်ကျောလှီးတဲ့ဓား
အညောင်းပြေနှိပ်တဲ့ ဘီးလုံးလေးပေကြိုးခွေမှန်ဘီလူးလေး
 
အနွေးဖိနပ်ကလေးမြန်မာပြည်အလွမ်းပြေ ရွှေဝါဆပ်ပြာတောင့် 

တကယ်လို့များ Sembawang မှာရှိတဲ့ Daiso အသစ်ကြီးကို ရောက်ခဲ့ရင်၊ တကယ်လို့များ ဘာပစ္စည်းတွေဘယ်လို အသုံးတည့်တယ်ဆိုတာ သိချင်ခဲ့ရင် ကောင်းကင်ပေါ်က လူတိုင်းချစ်တဲ့ အရာနဲ့ ထပ်တူညီတဲ့ နာမည်လေး ရင်ဘတ်မှာထိုးထားတဲ့ ၀န်ထမ်း သွားရှာပြီး မေးကြည့်နိုင်ပါတယ်။ ဒါပေမယ့် See And Be Seen ရဲ့ အစ်မလားဟင် လို့တော့ မမေးနဲ့ပေါ့ဗျာ။

Tuesday, January 27, 2009

ဘာသာပြန်ရခက်သော စကားလုံးများ

အခုတလော အလုပ်ရှုပ်လွန်းလို့ ချာလပတ်လည်ရမ်းနေရတဲ့ အထဲ ဘာသာပြန်ရတဲ့ အလုပ်တစ်ခုကို တာဝန်ယူမိတယ်။ အလုပ်ထဲက သူငယ်ချင်းတစ်ယောက် မြန်မာမိန်းကလေးအကူခေါ်ထားလို့ပါ။ ဘာသာပြန်ရင်း၊ စကားပြောရင်း အခုတော့ သူငယ်ချင်းကိုတောင် သိပ်မခင်ချင်တော့သလိုလို။ ဪ... ပြောရတော့လဲ့ ခက်သား။
သူမနာမည်က "ခိုင်"တဲ့။ သူတို့ အလုပ်လျှောက်တဲ့ Agent ကလည်း ဒီမှာရှိတဲ့ မြန်မာအမျိုးသမီး။ ဓါတ်ပုံတွေ အများကြီးထဲက ဒီတစ်ယောက်ကို ကိုယ့်လုပ်ဖော်ကိုင်ဖက် အမျိုးသမီးက ရွေးလာရော။ ရောက်လာပြီး နောက်နေ့ကစလို့ ကိုယ်လဲဘာသာပြန်ဆရာ ဖြစ်တော့တာပါပဲ။


အစကတော့ ပြောသမျှ နားလည်တာကို ပြန်ဖြေတာ အဆင်မပြေတာလို့ ထင်လိုက်တာ။ နောက်ပိုင်းမှ ပြဿနာက သူတို့နှစ်ယောက် အဆင်မပြေတာက စကားကို နဲနဲပဲ နားလည်တာကို ပြန်မမေးရဲတာဆိုတာ သေချာသွားတာ။ အစအဆုံး အိမ်ရှင်း၊ ဟင်းချက်၊ ထမင်းချက်ပုံအားလုံး ဘာသာပြန်ပေးပေမယ့် စင်းလုံးချော မဖြစ်။ သူ့ခမျာ ကိုယ့်သူငယ်ချင်းစင်္ကာပူမနဲ့ ပြောရင် ဗမာ စကားတွေထွက်၊ ကိုယ်နဲ့ ပြောတဲ့အခါ အင်္ဂလိပ်လိုတွေပြော ရှုပ်ယှက်ခတ်ကုန်တော့တာပါပဲ။

ဧည့်သည်လာလို့ Drink တစ်ခုခုယူလာပေးပါဆိုရင် ရေခပ်လာတာမျိုး၊ နေမကောင်းလို့ ဆန်ပြုတ် ပြုတ်ခိုင်းလိုက်တာ Porriage လို့ပြောတော့ ၀က်သားဟင်း ချက်လိုက်တာမျိုး။ ကော်ဖီဖျော်တာ ခါးနေလို့ သကြားနဲနဲ ထည့်ပေးပါဆိုတာ အားလုံးယူပြီး သွန်ပစ်လိုက်တာမျိုး။ အိမ်ရှင်ရဲ့အဖေ (အဘိုးကြီး) လာလည်တာ Look after လို့ပြောထားလိုက်တာ ရှေ့တည့်တည့်က သွားထိုင်နေတာမျိုး။ နေ့တိုင်း သူက တစ်ခုခု တလွဲလုပ်လိုက်၊ အိမ်ရှင်သူငယ်ချင်းမက Help Me Pls ဆိုပြီး သူ့ဖုန်း ကိုယ့်ဆီလာထိုးပေးလိုက်နဲ့ တဖြည်းဖြည်း "ခိုင်" ကနေသားကျလာသလားတော့ မသိဘူး။ ကိုယ်ကတော့ အိမ်ရှင်မနဲ့ တူလာသလိုပဲ။

တခါတလေကျတော့လည်း "ခိုင်" ကသူ့အမေကိုလွမ်းလို့ငို။ အိမ်ရှင်က သူ့အိမ်မှာ အလကားနေရင်း မျက်ရည်ကျတာ မကြိုက်၊ အယူသီး။ ဒါနဲ့ ဘာလို့ ငိုသလဲမေးတော့ "I remember, I remember" လို့ အကျယ်ကြီး အော်ဖြေသတဲ့။ ဒါနဲ့ အိမ်ရှင် က "What do you remember?" လို့မေးတဲ့အခါ "I remember is I remember" ဆိုပြီး ရှိုက်ကြီးတငင်ငိုလေရော။ သတိရတာကို သတိရ၊ ရ မလားမေးတယ်လို့ထင်ပြီး ပိုဝမ်းနည်းတယ်ထင်ရဲ့။ ဒါနဲ့ပဲ အိမ်ရှင်လုပ်တဲ့သူက ကိုယ့်ကို ဖုန်းဆက်၊ သူမက အိမ်မှာ ငိုနေတော့ လန့်လာသတဲ့။ ရေခြားမြေခြားမှာ အလုပ်လာလုပ်ရသူတွေရဲ့ ခံစားချက်ကို သူတို့က နားမလည်၊ သူနားလည်အောင် ရှင်းပြပေးလို့ ခံစားချက်ကို နားလည်ပေမယ့် သူ့တို့က ဆုံးဖြတ်ချက်ချပြီး လုပ်လိုက်တဲ့ အလုပ်တစ်ခုရဲ့ အဖြေက ငိုနေရမှာ မဟုတ်ဘူးလေတဲ့။ ဒါနဲ့ပဲ "ခိုင်" ကို မငိုပါနဲ့၊ အားလုံးက ဒီလိုပါပဲ ဆိုတော့ သူက ပြောလေ၊ ငိုလေ။ အိမ်ရှင်က Agent ကို ဖုန်းဆက်ပြောတော့ "အဆင်မပြေ ပြန်ပို့ရုံပဲ။ ကျွန်မတို့က နာမည်ပျက်မခံဘူး" တဲ့။ စင်္ကာပူ အိမ်ရှင်မကတောင် အံ့သြလို့။ ဒီလောက်ပြတ်သားရလားတဲ့။ ကိုယ့်ကိုလဲ Agent က ပြန်ပို့လိမ့်မယ်ဆိုတာ ပြောပေးပါတဲ့။ ကိုယ်ကလည်း ငိုနေတဲ့ လူကို မပြောချင်တာနဲ့ Agent တွေက အိမ်ရှင်စိတ်ညစ်ရင် နောက်တစ်အိမ်ပို့လိမ့်မယ်။ အဲဒီကျရင် အားလုံး အစကနေ ပြန်စရမှာ အိမ်ရှင်မှာ မြန်မာသူငယ်ချင်း မရှိရင် ပိုဆိုးလိမ့်မယ်။ သည်းခံပါလို့ ဘာသာပြန်ရတယ်။ ဪ...လူပင်ပန်းတာထက် စိတ်ပင်ပန်းတာ ပိုနေရခက်ပါတယ်လေ။

တကယ်တော့ ဒီအလုပ်မျိုးလာလုပ်ရတဲ့ သူတွေ တော်တော်စဉ်းစားသင့်ပါတယ်။ တစ်လ $၁၀ နဲ့ ရှစ်လ တိတိ အလုပ်ပြီးမှ တစ်လကို $၃၂၀ ရမှာပါ။ စားပြီး သောက်ပြီး တစ်လကို ၃၂၀ ကျန်တာမှန်ပေမယ့် ဘွဲ့ရမိန်းကလေးတွေအတွက် လုပ်ဖူးနေကျ မဟုတ်တဲ့ လုပ်ငန်းသဘာဝမို့ စိတ်ပင်ပန်းမှုက နှိုင်းစရာရှိမယ်မထင်။

ကိုယ်တို့တွေ ရန်ကုန်မှာလဲ ကွန်ပျူတာ၊ ဒီမှာလည်း ကွန်ပျူတာရတာခြင်းအတူတူတောင် ခံစားချက်က တခြားစီ။ ABCD အတူတူခြင်းတောင် ဒီမှာရေးရတဲ့ ABCD ကမွန်းကျပ်မှုအပြည့်။ သူတို့လို တနေကုန် ဒီအိမ်ထဲမှာ မိုးလင်းက မိုးချုပ် အလုပ်ခွင်ဖြစ်နေရတာ တော်တော် မလွယ်တဲ့ဘ၀ပါ။ ကိုယ်တွေ့ဘူးတဲ့ မြန်မာအိမ်တွေကလည်း အကူခေါ်ရင် အင်ဒိုနီးရှားမတွေ၊ ဖိလစ်ပိုင်မတွေချည်းပဲ။ စကားအားလုံးနားလည်နေတော့ စကားရှုပ်လို့တဲ့။ မြန်မာအချင်းချင်း မခေါ်ချင်ကြဘူးတဲ့။ ကိုယ်လဲ မကြားဘူးတာတွေ ကြားရ၊ သက်ပြင်းပဲ ခဏခဏ ချမိပါတော့တယ်။

တရက်ကျတော့ အိမ်ရှင်ခရယာန်က "ခိုင်" rule ကို ဖောက်ဖျက်တယ်။ အရမ်းစိတ်ဆိုးတယ် အဆင်မပြေဘူး ဆိုပြီး ပြဿနာယူလာပြန်ရော။ သူ့အိမ်မှာ ဘုရားရှိခိုးလို့တဲ့လေ။ သူတို့ရဲ့ စာချုပ်ထဲမှာ ဘာသာ မတူရင် ကိုယ့်ဘာသာနဲ့ ပတ်သက်တာတွေ ဘာမှ မလုပ်ပါဘူးလို့ ပါတယ်ဆိုပဲ။ ကိုယ်လဲ တော်တော် စိတ်တိုသွားမိတယ်။ ဘာလို့ မရတာလဲ မေးတော့ သူ့အိမ်မှာ God နှစ်ယောက် ဘယ်လိုနေမလဲတဲ့။ သူ့ God က စိတ်ညစ်နေမှာပေါ့တဲ့။ နင် ဓါးအိမ်ထဲကို ဓါးနှစ်ချောင်းထည့်လို့ ရလို့လားတဲ့။ သူ့ဓါးနဲ့ သူ့ဓါးအိမ်နဲ့ပဲ အဆင်ပြေသလို သူတို့ရဲ့ ခရစ်ယာန် God ကလဲ သူ့အိမ်မှာ အဆင်ပြေပြေလေးနေတာ တခြားဘာသာက God ရောက်လာလို့ မရဘူး ဘာညာနဲ့ စိတ်တွေဆိုးပြီး လုံးဝဘုရားမရှိခိုးပါနဲ့လို့ ပြောပေးပါတဲ့။ ဖုန်းကို အတင်းထိုးပေးပြန်ရော။

ကိုယ်လည်း ခဏနေပါဦးဆိုပြီး သူ့ကို မေးရတယ်။ နင်တို့ စင်္ကာပူကျွန်းမှာ ခရစ်ယာန်တွေပဲ ရှိတာလား။ တခြားဘာသာဝင်တွေ အများကြီးရှိတယ် မဟုတ်လား။ နင်ပြောသလို God တွေသာ စိတ်ညစ်ရမယ်ဆိုရင် နင်တို့ ကျွန်းရေမြုပ်သွားတာ ကြာလှရောပေါ့လို့ ပြောလိုက်တယ်။ ဒီနေ့ တော့ God ပျော်နေတယ်။ ဒီနေ့ တော့ God စိတ်ညစ်နေတယ်။ ဒီနေ့တော့ God ဘာလုပ်လုပ် Feel မလာဘူးဆိုတာရှိလားလို့ ပြန်မေးရတယ်။ သေချာစဉ်းစားပါဦး။ နေရာ သေးသေးလေးတစ်ခုမှာ God နှစ်မျိုးရှိနေတာ ပိုအေးချမ်းစေမှာ မဟုတ်လား ဆိုတော့ ပြန်မဖြေဘူး။ အကြာကြီးနေမှ သူ့ God ကို သူက မြင်ဘူးတယ်တဲ့။ God က သူစိတ်ညစ်ရင် အိပ်မက်ပေးတယ်တဲ့။ ကိုယ့်မှာလဲ ခရစ်ယာန် အပေါင်းအသင်းတွေ အများကြီးပါ။ သူ့လို မဟုတ်ပါဘူး။ ဘယ်လိုပြောပြော သူ့ God စိတ်ညစ်နေပြီ။ နင် မပြောပေးရင် ငါ ပြန်လွှတ်လိုက်တော့မယ်တဲ့။ ဒါနဲ့ ကိုယ်က အဲဒါဆိုလည်း ခရစ်ယာန်ဘာသာဝင်ပဲ ခေါ်ပါလား။ ဘာလို့ ဗုဒ္ဓဘာသာခေါ်တာလဲ ဆိုတော့ မဖြေဘူး။ မရဘူးဆိုတာပဲ ကြောက်အားလန့်အား ပြောနေတော့တာပဲ။ Please Please ဆိုပြီး ဒီဘုရားစာ ရွတ်လို့မရ၊ ဘုရားရှိခိုးလို့ မရဘူးဆိုတာ သေသေချာချာ ဘာသာပြန်ပေးပါ ဆိုပြီး ဇွတ်ပြောတော့တာပါပဲ။

ဒါနဲ့ပဲ "ညီမရေ... ဘယ်အချိန်ဘုရားရှိခိုးလဲ" လို့ မေးတော့ ညအိပ်ရာဝင်၊ ပရိတ်ကြီး ၁၁ သုတ် အကုန်ရွတ်တယ်တဲ့။ အလွတ်ရလားဆိုတော့ ဟုတ်ကဲ့ တဲ့။ ဒါဆိုရင် တနေကုန် အလုပ်လုပ်ရင်း ရွတ်နေပါလား။ ဘုရားဆိုတာ တစ်နေ့တစ်ခါ ဖင်ထောင်အောင် ရှိခိုးမှ ကုသိုလ်စိတ်ဖြစ်တာ မဟုတ်ဘူးလေ။ ပုံတော်ကို ထိုင်ကန်တော့နေရတာမျိုး မဟုတ်ဘူး။ ဂုဏ်တော်ကို ရင်ထဲက ပူဇော်ရတာမျိုး။ တစ်နေကုန် မနက် အိပ်ယာနိုးကတည်းက အိမ်ထဲမှာ အလုပ်လုပ်ရင်း ဂုဏ်တော်လေးတွေ ရွတ်ဖတ်ပူဇော်နေပေါ့။ ညဘက် လူတွေ အားလုံးပြန်ရောက်လာမှ မရှိခိုးနဲ့ပေါ့။ သူတို့က ခရစ်ယာန်တွေ ဆိုတော့ အမြင်တစ်မျိုးလေ။ သူတို့လဲ အပြစ်ဖြစ်တာပေါ့ လို့ ဘုရားမရှိခိုးရဘူးဆိုတာကို အကောင်းဆုံးဖြစ်အောင် ဘာသာပြန်ပေးလိုက်တာ လေကြောတော့ ရှည်သွားတာပေါ့။ ဘာပဲပြောပြော အဆင်ပြေဘို့က အရေးကြီးနေတယ်မဟုတ်လား။

တကယ်တော့ ကိုယ့်အနေနဲ့ ကိုယ့်မြန်မာ မိန်းကလေးတစ်ယောက်ကို တရုတ်၊ ကုလားရဲ့ အိမ်မှာ ဖိနပ်စင် အမြဲ ဖုန်ခါ၊ သူတို့စားပြီးမှစား၊ အိမ်သာပြောင်အောင်ဆေး ဆိုတာတွေ ဘာသာပြန်ရတာကို တော်တော် "ခါး" နေပါပြီ။ မပြောချင်လို့လဲ လုပ်ငန်းခွင်မှာ မြန်မာတစ်ယောက်တည်း ရှိတာမို့ ရှောင်ပြေးလို့မရ။ သူတို့ နိုင်ငံခြားသားတွေက အိမ်အကူဆိုတာ မီးဖိုချောင်နှင့် တကွ တအိမ်လုံးကို စီမံကွပ်ကဲနိုင်သူလို့ သတ်မှတ်တာပါ။ ရောက်လာတာနဲ့ မီးဖိုထဲက နံရံကပ် ဗီဒိုကို စစ်ပြီးသား။ ရေခဲသေတ္တာကို ဖွင့်ပြီး ဘာ အသားငါးတွေ ရှိလဲ စစ်ပြီးသား။ ကလေးတွေရဲ့ ကျောင်းချိန်တွေ၊ ကျူရှင်ချိန်တွေမေး၊ သူတို့စားတတ်တဲ့ မနက်စာတွေ ဟင်းတွေမေး၊ ဒါမျိုးကိုလိုချင်တာတဲ့။ ကိုယ်တို့လူမျိုးက သူများအိမ်မှာ ဟိုပစ္စည်းလှန်ကြည့်၊ ဒီဗီဒိုဖွင့်ကြည့်၊ စပ်စပ်စုစု လျှောက်ကြည့်ဘို့ အလွန်ဝန်လေးတဲ့ လူမျိုးပါ။ ရောက်ရောက်ခြင်း ရေခဲသေတ္တာဖွင့် စစ်ဘို့နေနေသာသာ အိမ်ရှင်လိုက်ပြလို့ကြည့်ရရင်တောင် အထဲက ပစ္စည်းကိုင်ကြည့်မိမှာ မဟုတ်ဘူး။ ကလေးတွေကို ကျောင်းချိန်အမှီ နှိုပေးရတာတွေ၊ မနက်စာပြင်ပေးပြီး ကျူရှင်ချိန်ဆိုလည်း သတိပေးရတာတွေ ရောက်ရောက်ခြင်း ဘယ်တတ်ပါ့မလဲ။ တစ်နေကုန် အလုပ်သွားလုပ်တဲ့ အမေတွေက အိမ်အကူအပေါ်မှာ အများကြီး အားကိုးနေရတဲ့ ဘ၀တွေ သူတို့ ဘယ်နားလည်ဦးပါ့မလဲ။ အမေတွေက ညဘက်ပြန်လာပြီး သူ့ကလေးတွေကို နှုတ်ဆက်ရုံ၊ ညစာ စားပြီးပြီလားမေးပြီးရုံနဲ့ အိပ်ယာထဲ တန်းဝင်ရတာတွေကို ကိုယ့်လူမျိုးက မခံစားဘူးတော့ ဘယ်ဒီလောက်တွေးထားမိမလဲ။ သူ့အလုပ်က အိမ်ရှင်းရုံ၊ ထမင်းချက်ပေးရုံလေးပဲ ထင်မှာပဲပေါ့။ ဒါတွေကပဲ အဆင်မပြေတာတွေ အများကြီးကို ဖြစ်လာစေတာပဲပေါ့။

ကိုယ့်အနေနဲ့ကတော့ ဒီအလုပ်မျိုးလာလုပ်ရတဲ့ ဘ၀မျိုးတွေ ရှိကို မရှိစေချင်ပါဘူး။ အစစ အရာရာ အဆင်မပြေကြတဲ့ ဘ၀မျိုးတွေမှာ နိုင်ငံရဲ့ အခြေအနေအရ မတတ်သာလို့ လာကြရပြီဆိုရင် စိတ်ပိုင်းဆိုင်ရာရော၊ နှုတ်ပိုင်းဆိုင်ရာပါ အများကြီး ပြင်ဆင်လာဘို့ လိုတယ်ဆိုတာလေး ပြောပြချင်တာပါပဲ။ မိဘကို ပြောခဲ့တဲ့ အလုပ်က တစ်မျိုး၊ ဒီမှာ လုပ်ရတော့ တစ်မျိုးနဲ့ ဒုက္ခရောက်ရတဲ့ သာဓကတွေလည်း အများကြီး ရှိတာမို့ သေသေချာချာ စဉ်းစားစေချင်ပါတယ်။ ဘယ်သူရှိတယ်၊ ဘယ်ဝါရှိတယ် ဆိုတဲ့ အားကိုးချင်တဲ့ စိတ်တွေလဲ ဖျောက်ခဲ့ဘို့လိုပါတယ်။ နိုင်ငံရပ်ခြားမှာ ကိုယ့်ကိစ္စမဟုတ်ရင် အချိန်ပေးနိုင်တဲ့သူတော်တော် ရှားပါတယ်။ သေသေချာချာ Plan ချပြီး ကြိုတင်ပြင်ဆင်၊ ဘယ်လိုမှ မမှားနိုင်ဘူး၊ အဘက်ဘက်က ဟာကွက်မရှိဘူးဆိုပြီး လုပ်ခဲ့ရင်တောင် ဘ၀ဆိုတာ ကိုယ်လုံးဝ ထင်မထားတဲ့ နေရာကနေ အရှိုက်ကို ပြင်းပြင်းထန်ထန် ထိုးနှက်တတ်တာမျိုး မဟုတ်လား။ ။

Sunday, November 30, 2008

ဘာဘာနီ


ရုံးဆင်းချိန် ရထားပေါ်မှာ အိန္ဒိယနွယ်ဖွား ကုလား (သို့) ကုလားမ တစ်ယောက်ယောက်နှင့် နီးနီးကပ်ကပ် စီးဖူးပါသလား။ ဒါမှမဟုတ် ငြိမ်ငြိမ်လေးရပ်ပြီးစီးရတဲ့ ရထားကြပ်ကြပ်ပေါ်မှာ မျက်နှာချင်းဆိုင်က ကုလား လက်မြောက်လိုက်တာမျိုး ကြုံဖူးပါသလား။ အကယ်၍ မကြုံဘူးဖူးဆိုလျှင် သင်သည် အလွန်ကံကောင်းသူဖြစ်ပေလိမ့်မည်။


လူ (၈၀) ကျော်ရှိသော မိမိလုပ်ငန်းခွင်တွင် အိန္ဒိယနွယ်ဖွား ကုလားမ ၅ ယောက်သာရှိသည်။ အများစုမှာ မလေးရှားမများနှင့် တရုတ်မများသာ ဖြစ်ကြသည်။ ထို ၅ ယောက်သော ကုလားမတို့သည် ဘုရားစူး ကုလားမ ဟုဆိုရမည်ပင်။ ကုလားစော်နံသော ကုလားမ များမဟုတ်ကြ။ သန့်ရှင်းသပ်ရပ်စွာ နေတတ်သော၊ မဆလာနှင့် နွားနို့ညှီနံ့ထွက်နေမတတ်သော ကုလားမများ ဖြစ်လေသည်။ ပတ်ဝန်းကျင်က သူတို့ကုလားမ ဆိုတာကို မေ့လျော့နေစေတတ်သော ကုလားမများဖြစ်ကြသည်။ ဘာဘာနီ ရောက်မလာခင် အထိဆိုပါတော့လေ။

ဘာဘာနီဆိုသည့် အသက် ၂၃ နှစ်အရွယ်၊ ကုလားမ ၀၊ ၀ လေးရောက်လာပြီး တစ်ပတ်လောက်အကြာတွင် အားလုံးပွစိပွစိ ဖြစ်ကုန်ကြသည်။ ထမင်းစားချိန် ပြောကြသော စကားဝိုင်းများတွင် ဘာဘာနီ က အဓိက အကြောင်းအရာ ဖြစ်လာခဲ့သည်။ စားပွဲခြင်းကပ်ရက် ထိုင်ရသော တရုတ်မလေးခမျာ ရူဆေးဗူး အမြဲရူနေရသော အဆင့်သို့ရောက်နေချေပြီ။ သူမခမျာ ရုံးလာရမှာကို ကြောက်နေရှာလေပြီ။

ထိုသတင်းသည် ရှိနှင့်ပြီးသော ၅ ယောက်သော ကုလားမများထံ တမဟုတ်ချင်း ကူးစက်သွားလေသည်။ ကုလားမများ ခေါင်းခဲကြလေပြီ။ "ကုလားတွေက အရမ်းနံတာပဲ" ဆိုသောစကားသည် သူတို့ထိန်းသိမ်းခဲ့သောဂုဏ်သိက္ခာကို ထိပါးနေချေပြီ။ ဘာဘာနီ စီမံချက်ကို အမြန်ရေးဆွဲကြလေသည်။ ပထမဆုံးတာဝန်ယူလိုက်သည်က ကာရိုလိုင်း ဆိုသည့် ကလေးသုံးယောက် အမေ ကုလားမ။ သူမအတွေးက "မိန်းမအချင်းချင်းပဲ၊ ရင်းနှီးသွားရင် သတိပေးလိုက်ရုံပေါ့" ဘာဘာနီ ပြဿနာသည် သူမအတွက် သေးသေးမွှားမွှားပင်။

စီမံချက်အရ ကာရိုလိုင်းသည် ဘာဘာနီ နှင့် ရင်းနှီးအောင် အရင်ပေါင်းရသည်။ သူမသည် အလွန်စိတ်သဘောထားပြည့်ဝသော ကုလားမ တစ်ယောက် ဖြစ်သည်။ အလွန် အသန့်အပြန့်ကြိုက်သည်။ လက်သည်း၊ ခြေသည်း အမြဲးဆိုးထားပြီး ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ချည်နှောင်ထားသည်။ ရှင်းရှင်းပြောရလျှင် တကိုယ်ရေ သန့်ရှင်းမှုကို အရမ်းဂရုစိုက်သောသူဖြစ်သည်။ ကာရိုလိုင်းသည် နေ့လည်ထမင်းစားချိန်တွင် ဘာဘာနီ နှင့် အတူတူစားရသည်။ လက်သည်းရှည်ရှည်၊ ဂျီးအပြည့်နှင့် ဒံပေါက်ထမင်းစားနေသော ဘာဘာနီကို သူမတော်တော် စိတ်ညစ်နေပုံရသည်။ သို့သော် ကာရိုလိုင်းသည် အလွန် စိတ်ရှည်သောသူ ဖြစ်သည်။ "ဇွန်းနဲ့ စားပါလား။ ဆာရီပေါ်ကို ကြက်သားဟင်း အနှစ်တွေ ကျကုန်ဦးမယ်။" လို့ ချိုချိုသာသာ ပြောရှာသည်။ ဘာဘာနီ က မရိပ်မိ။ ဒံပေါက်ကို လက်နဲ့ ပဲ စားတတ်တယ် ဟု ပြန်ပြောသည်။ ကာရိုလိုင်း လည်း ငြိမ်နေလိုက်ရသည်။ ထင်သလောက် မလွယ်ဟု သက်ပြင်းခိုးချသည်။ ဘာဘာနီ ကား ဆပ်ပြာမတိုက်ဘဲ လက်ကို ရေနှင့် ပွတ်ကာ ထွက်သွားလေသည်။

တစ်လခန့်ကြာသော် ကာရိုလိုင်းက သူမတွေ့ရှိသော အဖြေကို တင်ပြလာသည်။ "ဘာဘာနီ ၏ ကုလားမ၀တ်စုံများသည် သူမအနားကို ဘယ်သူမှ မကပ်နိုင်သော တရားခံများ ဖြစ်သည်" တဲ့။ ချွေးမစုတ်နိုင်သော နိုင်လွန်လဲမဟုတ်၊ ဖော့ရှန်လိုလို ဘာလိုလို အ၀တ်စများကြောင့်ဟု စွပ်စွဲသည်။ ထိုပြဿနာကို ဖြေရှင်းရန် ဘာဘာနီ ၏ ဌာနမှ အကြီးအကဲ ကုလားမက တာဝန်ယူလိုက်သည်။ သူမနာမည် က ဂျာရန်သီ။

ဂျာရန်သီကား ပိန်ပိန်သေးသေးလေးနဲ့ အရမ်းသွက်သော ကုလားမဖြစ်သည်။ အသက် ၄၀ ဟု မထင်ရအောင် နုပျိုသည်။ စကားပြောလျှင်လည်း နှစ်လိုဖွယ် ကောင်းသည်။ အားလုံးက သူမကို ခင်မင်ကြသည်။ ဘာဘာနီ ကလဲ သူမကို ခင်လေသည်။ ဂျာရန်သီက သူ့လက်အောက်ဝန်ထမ်း အားလုံးကို တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ ဘောင်းဘီရှည်နှင့် ရှပ်အင်္ကျီဝတ်ရမည်။ သောကြာနေ့တရက်သာ ကိုယ်နှစ်သက်ရာ လွတ်လပ်ပေါ့ပါးသော အ၀တ်အစား ၀တ်ရမည်ဟု "ကုလားမများအတွက်သာ" ဟုခေါ်ဆိုနိုင်သော တစ်ခါမှ မကြားဘူးသည့် အမိန့်ကို ထုတ်ပြန်လိုက်သည်။ ထိုနေ့က ဘာဘာနီ အလွန်စိတ်တိုနေလေသည်။ သူမမှာ မရှိသော ၀တ်စုံကို ၀တ်ခိုင်းရပါမည်လားဟု တော်တော်ခင်သော ဂျာရန်သီ ကို ဒေါသထွက်ပြီး အမိန့်အရ ရှော့ပင်း လုပ်ရန်ဟု အကြောင်းပြကာ စောစောပြန်သွားလေသည်။

ဘာဘာနီ ၏ ပုံသဏ္ဌာန်ကို မျက်စိထဲမြင်နိုင်ရန် အနည်းငယ် ပြောပြချင်သေးသည်။ အလွန်ဝသော ကိုယ်ခန္ဓာ အမျိုးအစား ဖြစ်သည်။ ပေါင် ၂၅၀ လောက် အသာလေးရှိသည်။ ဘယ်သူမှ ဘယ်နှစ် ပေါင် ရှိလဲဟု အသေအချာ မမေးရဲ။ အလွန်ပါး၍ ဦးရေကို မြင်နေရသော ဆံပင်ကို အမြဲ အပြောင်သိမ်း ချည်ထားသည်။ မနက်စာအတွက် ပေါက်စီ ၄ လုံး (သို့မဟုတ်) Curry Puff ၄ ခု နှင့် မိုင်လို သံဗူး ၃ ဗူး စားသောက်သည်။ အသီးအရွက်၊ အသီးအနှံ လုံးဝမစား။ မျက်နှာက အမြဲတမ်း စူပုပ်နေပြီး အပေါ်အောက် ၂ ခါလောက် လှေကား ၁၀ ထစ်လောက် တက်၊ ဆင်းပြီးလျှင် "အရမ်းပင်ပန်းတာပဲ" ဟု ပြောပြီး ၁ နာရီလောက် ထိုင်နေတတ်သည်။ နဲနဲလေး လှုပ်လိုက်လျှင် ချွေးအရမ်းထွက်တတ်ပြီး မခံမရပ်နိုင်လောက်အောင် ပြန်းထန်သော အနံ့အသက်မျိုးရှိသည်။ သူမထိုင်သွားသောနေရာတွင် နောက်တစ်ယောက်ထိုင်ဘို့ ၅ မိနစ်လောက် လေသလပ်ခံထားမှ ထိုင်နိုင်သည်။ သူမအခန်းထဲ ၀င်လာလျှင် မော့ကြည့်စရာမလို။ အားလုံးသိစေရမည်။ ဘာဘာနီ ၀င်လာပြီဟု။ မိမိတို့နိုင်ငံတွင် အသက် ၆၀ ကျော်တို့ တပ်လေ့ရှိသော ကော်ကိုင်း မျက်မှန်ဝိုင်းဝိုင်းကြီး တပ်ထားလေ့ရှိသည်။ မည်သူမဆို အသက် ၃၅ နှစ်လောက်ရှိပြီး အိမ်ထောင်သည် ဖြစ်မည် ဟု ခန့်မှန်းမိကြလေသည်။

နောက်နေ့တော့ ရှပ်အင်္ကျီအနက်၊ ဘောင်းဘီအနက်နှင့် ဘာဘာနီ ရောက်လာချေသည်။ "လှနေလိုက်တာ" ဟု ကုလားမတသိုက်က ၀ိုင်းပြီး ချီးကျူးကြသည်။ စီမံချက်အရပေါ့လေ။ ဘာဘာနီ လည်း မကျေမနပ်ဖြစ်နေတာလေး တော်တော်လျော့သွားသည် ဟုထင်ရသည်။ အင်္ကျီအသစ်၊ ဘောင်းဘီအသစ်နှင့် ထိုနေ့က ဘာဘာနီ ပြုံးနေလေသည်။

သို့သော် ပြဿနာက ပိုကြီးထွားလာသည်။ ၀ယ်လဲဝယ်တတ်ပါတဲ့ ဘာဘာနီ။ အင်္ကျီ၊ ဘောင်းဘီအားလုံး က အလတ်စတစ်ပါတဲ့ အသားမှာ ကပ်နေတတ်တဲ့ အစမျိုးတွေ ချည်းပဲ။ ကုလားမ၀တ်စုံထက် အနံ့ပိုပြင်းလာတဲ့အပြင် ပေါင် ၂၅၀ ကိုယ်လုံးဖြင့် တကိုယ်လုံး ကျပ်ထုတ်နေကာ အနံ့ အာရုံအပြင် အမြင်အာရုံကို ပါ ထိခိုက်လာချေပြီ။ ကာရိုလိုင်းက အဆိုးဆုံး ခံစားရသူဖြစ်သည်။ သူမ တိုက်ရိုက်ပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ဘာဘာနီ စိတ်ကြည်နေသည့် တနေ့ ရေချိုးပြီးရုံးလာဘို့၊ လက်သည်း ခြေသည်း ညှပ်ဘို့၊ အ၀တ်အစားကို ချည်သားလေးတွေရွေးဝတ်ဘို့၊ ရေမွှေး၊ ချွေးနံ့ပျောက်ဆေးတွေ သုံးဘို့ အမုန်းခံပြီး ပြောပြလိုက်သည်။ နားထောင်ပြီး ဘာဘာနီ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောသည်က "နင့် အပူမပါ ပါဘူး" ဟူ၏။ သို့ဖြင့် လက်လျှော့ရတော့မလိုလို ဖြစ်နေပြန်သည်။ သူတို့ ခြင်္သေ့ကျွန်းက ဘာသာစကားနဲ့ ပြောကြသည်။ "We all give up already" တဲ့။

လုပ်ငန်းခွင်တွင် ဘာဘာနီ နှင့် ဆိုက်တူ၊ ဂိုက်တူ ကုလားမ တစ်ယောက်ရှိသေသည်။ သူမသည် အလွန်ပျော်တတ်သည်။ အမြဲ ရယ်နေရပြီး တရုံးလုံးနှင့် ခင်မင်သူဖြစ်သည်။ ကာရိုလိုင်းက သူတို့ရဲ့ မအောင်မြင်သော စီမံချက်ကို ပြောပြသည်။ ဘာဘာနီ ၏ လက်မခံနိုင်သော၊ ခေါင်းမာသော အကျင့်စရိုက်ကိုလည်း နားလည်းအောင်ပြောပြသည်။ ထိုအမျိုးသမီးက နားထောင်ပြီး ပြဿနာက သေးသေးလေးပါ။ အဓိက က "၀ သောသူကို ကြင်နာပါ" ဟု ဆိုသည်။ ၀ သောသူအချင်းချင်း ရိုင်းပင်းကြရမည်လေ။

သို့နှင့် ဘာဘာနီကို တွေ့လျှင် ဒီနေ့လှတယ်၊ ဒီနေ့ အင်္ကျီက အသစ်လား။ အရောင်လေး လှတယ်။ နည်းနည်းလင်းတဲ့ အရောင်လေးတွေ ၀တ်ပါလား။ မနက် ရုံးလာရင် တက်စီ မစီးဘဲ လမ်းလျှောက်၊ ဘတ်စ်ကားစီးပါလား။ စသည်ဖြင့် နေ့တိုင်း သွား၊သွား ပြောပေးခဲ့သည်။ သူတို့ နှစ်ယောက် ခင်မင်မှု အတိုင်းအတာ မြင့်မားလာသည်နှင့် အမျှ ဘာဘာနီ လည်း ပြောင်းလဲလာသည်။ အရမ်း ဆိုးဆိုးဝါးဝါး၊ အော်ဂလီဆန်လောက်အောင် မရှိတော့။ ကုလားမ အုပ်စုလည်း သက်ပြင်း ချနိုင်လာကြသည်။

ဘာဘာနီ ကိုယ်တိုင်လည်း ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများကို သတိထားမိစ ပြုလာဟန်ရှိသည်။ တကိုယ်ရေ သန့်ရှင်းရေးကိုတော့ ဂရုစိုက်လာသည်။ အရင်တုန်းကလို ရူဆေးဗူး ရူနေရသော အဆင့်ထက်တော့ ကျော်လွန်လာသည်။ ကုလားရေမွှေးနံ့လေးတော့ သင်းလာသည်။ ချွေးနံ့ထက်တော့ တော်ပါသေးသည်။ သို့သော် ဘာဘာနီ ၏ တိုးတက်မှုကို စင်္ကာပူ တရုတ်မများကတော့ အသိအမှတ် မပြုကြသေးချေ။ ဝေးဝေးကသာ ဆက်ဆံ ပြောဆို နေဆဲပင် ဖြစ်သည်။

တစ်နေ့တော့ အလုပ်ထဲမှာ "မိမိဘ၀မှာ စိတ်အကျေနပ်ဆုံး အရာ" ဆိုသည့် ခေါင်းစဉ်နဲ့ ဌာနတစ်ခုကို တစ်ယောက် Presentation လုပ်ရသည်။ တချို့သော အမျိုးသမီးများက သူတို့ သားသမီးလေးတွေ အကြောင်း ပြောသည်။ တချို့က သူတို့ရဲ့ မျက်နှာပေါ်က အလှပဆုံး အရာကို ညွှန်းသည်။ တချို့က သူတို့ရဲ့ လက်ရှိ အလုပ်သည် သူ့ဘ၀အတွက် စိတ်ကျေနပ် ပျော်ရွှင် ဖွယ်ရာ အကောင်းဆုံး ဟုဖွင့်ဆိုကြသည်။ ဘာဘာနီ အလှည့်ရောက်သောအခါ "သူမ၏ ရုပ်ဆိုးသော ရုပ်ရည်၊ အလွန်ဝသော ခန္ဓာကိုယ်" သည် သူမ၏ ဘ၀မှာ ရှိရှိသမျှသော အရာအားလုံးထက် ကျေနပ်စရာ အကောင်းဆုံး ပိုင်ဆိုင်မှုဖြစ်သည် ဟု ပြောလိုက်သောအခါ အားလုံး အံ့သြပြီး ဘာဘာနီ ကို ပြူးကြည့်ကြသည်။ သူမက ရှင်းပြသည်မှာ သူမ၏ ဖခင်သည် ဦးနှောက်ထဲတွင်ဖြစ်ပေါ်နေသော ရောဂါတစ်မျိုးကြောင့် ဘာမှ ကိုယ်တိုင် မလုပ်နိုင်သလို၊ သူမ၏ မိခင်မှာလည်း ကျောရိုးမကြီးရှိ အဆစ်ရောင်ရောဂါကြောင့် ပင်ပင်ပန်းပန်း ဘာမှ မလုပ်နိုင်။ ထိုအဖိုးကြီး၊ အဖွားကြီးကို ပြုစုစောင့်ရှောက်ရန် လှပ၍ အိမ်ထောင်စောစောကျသွားသော ဘာဘာနီ၏ အစ်မနှင့် ညီမများက အမြဲတမ်း တာဝန်မယူနိုင်။ ရုပ်ဆိုး၍ မည်သူမျှ လာရောက် တောင်းရမ်းခြင်း မရှိသော ဘာဘာနီ ကသာ အနီးကပ် စောင့်ရှောက်နိုင်သည်။ ဘာဘာနီသည် ရသမျှ လခအကုန် သုံး၍ မိဘကို အိမ်ဝယ်ပေးထားသည်။ စားချင်တာ ကျွေးသည်တဲ့။ ဆေးခန်း သွားလည်း ဘာဘာနီ၊ လူမှုရေးလည်း ဘာဘာနီ သူမတို့အိမ်မှာ သူမတစ်ယောက်တည်းသာ အိမ်ထောင်ဦးစီး ဖြစ်နေသည်တဲ့။ သူ့အတွက်၊ သူ့ကိုယ်တိုင်အတွက် ရုံးတက်ဘို့ အင်္ကျီ ၅ ထည်က လွဲလျှင် ဘာမှမရှိတဲ့။ ထို့အပြင် အလှပြင်စရာမလိုသော မိမိရုပ်ရည်၊ ပေါ်သမျှ၊ ဆန်းသမျှ ၀ယ်ဝတ်ရန် မဖြစ်နိုင်သော မိမိ၏ ခန္ဓာကိုယ်၊ ထိုထိုသော ပိုက်ဆံကုန်စရာအားလုံးသည် ကျန်းမာရေး ချို့တဲ့သော မိဘနှစ်ပါးစလုံးအတွက် ဖြစ်စေသောကြောင့် သူမဘ၀၏ အကျေနပ်ဆုံးအရာသည် သူမ၏ အရုပ်ဆိုးခြင်းပင် ဖြစ်ပါသည်ဟု ဘာဘာနီ က နိဂုံးချုပ်လိုက်သည်။

လက်ခုပ်သံများ ခန်းလုံးပြည့် ဆူညံသွားသည်။ ရှောင်ဖယ်ဖယ် လုပ်ခဲ့သော တရုတ်မလေးများ ပြုံးပြီး လက်မလေးတွေ ထောင်ပြကြသည်။ ထိုနေ့က ဘာဘာနီ အလှဆုံး ဖြစ်သွားခဲ့ပါသည်။ ။

Thursday, November 20, 2008

ပေါ့ပေါ့ပါးပါး ရယ်မောမိသောနေ့တစ်နေ့


မနေ့တုန်းက ရုံးမှာ စာသင်နှစ်ကုန်ပြီဖြစ်လို့ ဆရာ၊ ဆရာမတွေ အားလုံးကို စိတ်လက်ပေါ့ပါးပြီး တစ်နှစ်တာ ပင်ပန်းခဲ့သမျှ ကစားနည်းလေးတစ်ခုအမောပြေ ကစားစေပါတယ်။ ၀န်ထမ်းအားလုံးရဲ့ ကားတွေကို သုံးပြီး အုပ်စုလိုက် ပျော်ပျော်ပါးပါး ကားမောင်းရင်း ကစားကြရတာပါ။ ကားပေါင်း ၂၂ စီးနဲ့ လူပေါင်း ၁၀၀ ကျော် ပါဝင်တဲ့ ကစားနည်းပါ။

ပထမဆုံးကိုယ့်ရဲ့ Group ကို ကိုယ်စားပြုမယ့် အလံအရင်လုပ်ရတာပါ။ Canvas တွေ၊ ဖောင်တိန်မျိုးစုံ၊ ရောင်စုံ၊ ကော်၊ ဖဲပြားအကုန်လုံး ပေးထားတာပါ။ ၁၅ မိနစ်အတွင်းကြိုက်နှစ်သက်သလို Design လုပ်ရတာပါ။ အဲဒီအလံကို ကားပေါ်တင်ယူသွားရတာပါ။ ကားတွေထွက်ခါနီးမှာ စီစဉ်သူတွေက ၃ ချက်မှာလိုက်ပါတယ်။
- မေးနိုင်သမျှမေးပါ။
- Emergency Case ကလွဲရင် ဒိုင်တွေကို ဖုန်းမခေါ်နဲ့
- ဆုက Million Dollars မဟုတ်တဲ့အတွက် Safety က အရေးကြီးဆုံးပါပဲ။












ဆုံမှတ် (စင်္ကာပူအရှေ့စွန်း) ကနေကားတွေအားလုံးကို မနက် ၁၀ နာရီ တိတိမှာ File လေးတစ်ခုရယ်၊ ၂၈ ဒေါ်လာရယ် ပေးပြီး လွှတ်လိုက်တာပါ။ ၂ နာရီခွဲအတွင်း သက်မှတ်ထားတဲ့ နေရာကို ပြန်ရောက်ကြရမှာဖြစ်ပြီး File ထဲမှာပါတဲ့ ညွှန်ကြားချက်တွေ အကုန်ယူလာနိုင်ရမှာပါ။ ထည့်ပေးလိုက်တဲ့ ၂၈ ဒေါ်လာထဲက ၂၀ က ဓါတ်ဆီဖိုးဖြစ်ပြီး ၈ ဒေါ်လာက လိုအပ်တာတွေ ၀ယ်ဘို့ပါ။ အများဆုံး ငွေပြန်အမ်းနိုင်တာကလည်း Point တွေနဲ့ အမှတ်ပေးတဲ့ထဲမှာ ပါပါတယ်။

သွားရမယ့် နေရာတွေကတော့ စင်္ကာပူ အနောက်ပိုင်းက နွားခြံတစ်ခုရယ်၊ ငါးမွေးကန်ရယ်၊ နောက်ပြီး Bukit Timah Nature Reserve ရယ်၊ Little India ရယ်၊ နောက်တစ်ခုကတော့ ဓါတ်ပုံပေးထားပြီး လိုက်ရှာခိုင်းထားတဲ့ နေရာလေးတစ်ခုရယ်ပါ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကြိုက်သလိုသွားနိုင်ပြီး ၂ နာရီခွဲအတွင်းပြန်ရောက်ပြီး ပစ္စည်းအားလုံးယူလာနိုင်တဲ့ အဖွဲ့က နိုင်တာပါပဲ။ သွားရမယ့် လိပ်စာတွေကလည်း အတိအကျမပေးထားပါဘူး။ သဲလွန်စတွေနဲ့ နာမည်တွေပဲ ပေးထားတာပါ။ ကိုယ်တို့အဖွဲ့က ယောင်္ကျားလေး (၃) ယောက်၊ မိန်းကလေး (၂) ယောက်ပါ။ ကားမှာ ကိုယ့် Group ရဲ့ နံပါတ် စတစ်ကာ ကပ်ရပါတယ်။ တစ်ယောက်က Driver ၊ တစ်ယောက်က မြေပုံလမ်းညွှန်တဲ့လူ၊ နောက် (၃) ယောက်က သက်ဆိုင်ရာ Check Point တွေမှာ ပြေးလွှားလှုပ်ရှားဖို့ပါ။

ကားပေါ်တက်လိုက်တာနဲ့ မြေပုံအညွှန်းကိုင်တဲ့လူက Driver အတွက် GPS ကို အရင်ဖွင့်လိုက်တယ်။ ကျန်တဲ့လူတစ်ယောက်က ဖုန်းထဲက အင်တာနက်မှာ ငါးဆိုင်နာမည်ရိုက်ထည့်ပြီး Confirm လုပ်တယ်။ GPS ပြတဲ့အတိုင်းသွားရင် ကြာချင်ကြာနေမှာစိုးလို့ မြေပုံရှာပြီးကြည့်တယ်။ ကျန်တဲ့လူတစ်ယောက်က Yellow Pages မှာရှာတယ်။ အားလုံး Data ရှာတွေ့ပြီး အနီးဆုံးလမ်းကို သိတဲ့ အချိန်မှာ ကားအရှိန်ကလည်း ၁၂၀ ကီလိုမီတာ နှုန်းနဲ့ ပြေးနေပါပြီ။ အဲဒီမှာ လုပ်ရမှာက သုံးခုပါ။ တစ်ခုက အဲဒီငါးဆိုင်ရဲ့ Vision ကိုကူးယူရမှာပါ။ တစ်ခုက ရသလောက် ငါးဖမ်းရမှာပါ။ နောက်တစ်ခုကတော့ Black Dragon ငါးဘယ်နှစ်ကောင် ရှိသလဲလို့ ပြတိုက်ထဲမှာ ၀င်ရှာရမှာပါ။

ငါးမွေးတဲ့ခြံက တော်တော် လေးကို စနစ်ကျပါတယ်။ General office ရှိတယ်။ ပြတိုက်ရှိတယ်။ ငါးအစားအစာနဲ့ ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်ရှိတယ်။ အလုပ်သမား တန်းလျားတွေ စနစ်တကျ ရှိပါတယ်။ ငါးကန်ရှေ့မှာ ကားရပ်လိုက်တာ တပြိုက်နက် လေးယောက်အမြန်ဆင်းပြီး တစ်ယောက်က Vision ဘယ်မှာရေးထားသလဲ အမြန်လိုက်ရှာရပါတယ်။ ကျန်တဲ့တစ်ယောက်က ငါးဘယ်မှာဖမ်းရသလဲ မေးပါတယ်။ ငါးဖမ်းဘို့ ပိုက်လေးနဲ့ ပလတ်စတစ်ခွက်လေးတစ်ခုကို ၅ ဒေါ်လာနဲ့ဝယ်ရပါတယ်။ ပြီးတော့ အမြန်ပြေးပြီး ငါးဖမ်းရတာပါ။ ငါးဖမ်းတဲ့ နေရာက မြောင်းလေးတွေလုပ်ပေးထားပြီး ပိုက်သေးသေးလေးနဲ့ မြောင်းဘောင်ပေါ်ကနေ လိုက်ဖမ်း၊ ပလတ်စတစ်ခွက်ထဲထည့်၊ ထည့်ထားတဲ့ ငါးကလည်း အရမ်းလျှင်ပြီး ဖမ်းရခက်တဲ့ ငါးပိစိလေးတွေပါ။

ဖြစ်ချင်တော့ မူကြိုကလေးတွေကလည်း အပျော်ငါးလာဖမ်းနေတဲ့ အချိန်၊ ၀ုန်းဒိုင်းကြဲပြီး ရောက်လာတဲ့လူကြီးတွေကို အထူးအဆန်းလို ကြည့်လို့။ ငါးကဖမ်းရခက်နေတော့ ကိုယ့်သူငယ်ချင်းက ဘောင်းဘီကိုခေါက်၊ မြောင်းဘောင်ဘေးကနေရေထဲကို လက်နှစ်ဖက်လုံးထည့်ပြီး ငါးတွေကို ထောင့်တစ်ခုမှာ စုအောင်လုပ်၊ ကျန်တဲ့လူတစ်ယောက်က ပိုက်ကလေးနဲ့ အမြန်ဆယ်။ အဲဒီအချိန်မှာ ကျန်တဲ့ ကိုယ့်သူငယ်ချင်းတစ်ယောက်က ကလေးလေးတွေဆီမှာ ငါးလိုက်တောင်းပါတယ်။ တချို့ကလေးတွေကတော့ ကိုယ့်သူငယ်ချင်း ကိုယ်လုံးကို ကြောက်လို့လား။ မျက်နှာငယ်ငယ်လေးကိုပဲ သနားလို့လားမသိ။ ကြည်ကြည်ဖြူဖြူပဲပေးလိုက်ပါတယ်။ တချို့ကတော့ သူတို့ငါးခွက်လေးကို ပွေ့ပြီးအော်လိုက်တာ လွန်ရော။ ကိုယ့်သူငယ်ချင်း ကတော့ ရသလောက် တောင်းတာပါပဲ။ Black Dragon ငါးသွားရှာတဲ့ကောင်မလေးကလည်း တစ်မျိုး။ ပြတိုက်ထဲမှာ သူရှာတာ မတွေ့တာတော့ အဲဒီနားက အလုပ်သမားကို မေးတာ မဖြေဘူး။ ဒါနဲ့ ပြောပြပါ။ ငါတို့တခြားနေရာတွေသွားရဦးမှာ၊ ဘာညာသာရကာ လုပ်လိုက်တော့ Black Dragon ငါးမရှိဘူးတဲ့။ တမင်တကာ အချိန်ကုန်အောင်လုပ်ထားတာ သူသိလာပါရော။ ဒါနဲ့ပဲ ညွှန်ကြားချက်အတိုင်း ငါးပြတိုက်ရှေ့မှာ Group Photo ရိုက်ပြီး အမြန်မောင်းလို့ နွားခြံဆီကို ခရီးဆက်ရပြန်ပါတယ်။

နွားခြံမှာ နွားမငါးကောင်က နို့ညှစ်ခံရန်အသင့်။ နွားနို့ညှစ်ရမယ်ဆိုတော့ ကိုယ်တော့ အားလုံး ပြိုင်တူ "အားလားမား" လို့အော်မိကြတယ်။ နို့ခြံက ကုလားက ညှစ်နည်းပြတယ်။ Group တစ်ခုမှာ တစ်ယောက်ပဲ ညှစ်ရမှာဖြစ်ပြီး ကိုယ်တို့အဖွဲ့ထဲက အမျိုးသမီးက သူညှစ်မယ်ဆိုပြီး ဆင်းသွားတယ်။ သူလဲ အနားရောက်ရော နွားမ တစ်ကောင်က အီအီးပါလိုက်တာ ဘာပြောကောင်းမလဲ။ စင်္ကာပူမ အော်ပြီး ပြေးလိုက်တာ ကိုယ်တို့တွေ သူ့ကိုကြည့်ပြီး အူတတ်မတတ်ရယ်မောကြရတယ်။ နောက်တစ်ခေါက်ကျတော့ ညှစ်လိုက်တာ မညှစ်တတ်တော့ နို့ကမထွက်။ ဒါနဲ့ပဲ ကိုယ်လဲစမ်းကြည့်မယ် ဆိုပြီး ကုလားပြတဲ့အတိုင်း ဆွဲတာပေါ့။ ကုလားကတော့ ညှစ်ပြီးဆွဲခိုင်းတာ၊ ကိုယ်ကနာမလားဆိုတဲ့ စိတ်နဲ့ မဆွဲရဲ။ ဒါနဲ့ပဲ မလေးတစ်ယောက်က ငါလုပ်မယ်ဆိုပြီး တစ်ကောင်ပြီးတစ်ကောင် လိုက်ညှစ်ပါလေရော။ ပလတ်စတစ်အိတ်နဲ တော်တော်လေးရတော့ နွားတွေနဲ့ Group Photo ရိုက်ရသေးတယ်။ ပြီးတာနဲ့ Bukit Timah Nature Reserve ကို ခရီးဆက်ရပြန်တယ်။








Bukit Timah မှာ "S" နဲ့စတဲ့ အပင် (၃) မျိုးရဲ့နာမည်ရယ်၊ ကျားနဲ့ ဓါတ်ပုံရိုက်ဘို့ရယ်။ နားနေဆောင်လေးတစ်ခုနဲ့ ဓါတ်ပုံရိုက်ဘို့ရယ် (၃) ခုလုပ်ရတာပါ။ နှစ်ယောက်က သစ်ပင်လိုက်ရှာ၊ နောက်တစ်ယောက်က ကျားလိုက်ရှာ၊ ကျားက ပြတိုက်ထဲက အစာသွတ်အရုပ်ကြီးကို ပြောမှန်း တောင်ပေါ်၊ တောင်အောက် နှစ်ခါလောက် အတက်အဆင်းလုပ်ပြီးမှပဲ သိတော့တယ်။ အဲဒီမှာ ဟိုလူမေး၊ ဒီလူမေးနဲ့ ကျားအရှင်မရှိဘူး။ မျောက်အရှင်ဘဲရှိတယ်ဆိုလို့ ပြတိုက်ထဲဝင်ကြည့်မှ ကျားကြီးကို တွေ့တော့ အော်ဟစ်လိုက်ကြတာ ဆူညံလို့။ ဓါတ်ပုံရိုက်ဘို့ ဘေးနားက အဘိုးကြီးကို အကူအညီတောင်းတော့ သူက မရိုက်တတ်။ ရိုက်တတ်တဲ့လူလာပြန်တော့ ကိုယ့်တို့လူတွေက ကွယ်နေလို့ ကျားကို မမြင်ရနဲ့ အခါခါပြန်ရိုက်ပြီး ပျာယာကို ခတ်နေကြတာပါပဲ။ ဒါနဲ့ပဲ နောက်တစ်နေရာ Little India ဆီ အပြေးမောင်းရပြန်တယ်။





Little India မှာ (၃) ခု လုပ်ရတာပါ။ ပထမတစ်ခုက Madras Hotel နားမှာ Red Indian ပုံကြီးရှိတဲ့ Pub ကိုရှာပြီး အဲဒီ Red Indian အရုပ်ကြီးနဲ့ Group Photo ရိုက်ဘို့ပါ။ နောက်တစ်ခုက ကုလားမတွေ လက်မှာဆွဲတဲ့ ၃ လလောက်ခံတဲ့ ကုလား tatoo သွားဆွဲရတာပါ။ နောက်တစ်ခုကတော့ စံပါယ်ပန်းကုံးရှာဝယ် ရတာပါ။ အဲဒီ Hotel
ကို ရှာတွေ့ပြီး Pub ရှေ့မှာ ဓါတ်ပုံရိုက်ပြီးတဲ့ အချိန်ကိုယ်တို့အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်ကို ကုလားမဆီမှာ ပုံသွားဆွဲဘို့၊ အရိုးဆုံးနဲ့ အမြန်ဆုံးပုံဆွဲပေးပါဆိုတော့ ကုလားမက စက်ဝိုင်းတစ်ခုထဲမှာ စင်္ကြာလိုလို၊ ဘာလိုလို ဆွဲပေးပြီး ၁ ဒေါ်လာ ယူလိုက်တယ်။ သူငယ်ချင်းတစ်ယောက်က လမ်းကနေ Little India မှာနေတဲ့ သူ့ကောင်မလေးကို စံပါယ်ပန်းကုံးဝယ်ခိုင်းပြီး အိမ်ရှေ့က ထွက်စောင့်ခိုင်း၊ သွားဝယ်ဘို့အချိန်က မရှိတော့ဘူးလေ။ ကောင်မလေးကိုယ်တို့ ကားရပ်ရပ်ချင်း အမြန် ပန်းကုံးပေး။ ဒါနဲ့ပဲ နောက်တစ်နေရာကို ဆက်မောင်းရပြန်တယ်။ အချိန်က ၂၅ မိနစ်ပဲ ကျန်တော့တယ်။

နောက်ဆုံးတစ်ခုကတော့ ဓါတ်ပုံပြထားပြီး အဲဒီနေရာမှာ ကိုယ်တို့ စောစောက Design လုပ်ထားတဲ့ အလံကြီးကို ကိုင်ပြီး ဓါတ်ပုံရိုက်ခိုင်းတာပါ။ ကံကောင်းတာက အဲဒါဘယ်နေရာလဲဆိုတာ ကိုယ်တို့ အဖွဲ့ထဲကတစ်ယောက်က ဓါတ်ပုံမြင်လိုက်တာနဲ့ သိတာပါ။ သူသောက်နေကျ ကော်ဖီဆိုင်ရှေ့ကမြင်ကွင်း ဆိုပဲ။

ဒါနဲ့ပဲ ကိုယ်တို့တွေ အဲဒီနေရာကိုရောက်တဲ့ အချိန် မီးပွိုင့်တွေက မီးနီနေလို့ ကားတွေမလာသေးတဲ့ တခဏလေးမှာ လမ်းမဘေးကားထိုးရပ်၊ အားလုံးဆင်း အလံကြီးကိုကိုင်ပြီး ဘတ်စ်ကားဂိတ်က အစ်ကိုကြီးကို အကူအညီတောင်းဓါတ်ပုံရိုက်ရတာပါ။ ကားတစ်စီးအမြန်မောင်းလာပြီး လမ်းမပေါ်ရပ်၊ ကားပေါ်ကလူတွေအကုန်လုံး ပြာလောင်ခတ်ပြီး ဆင်းလာကြ။ ပေါက်ကရလျှောက်ဆွဲထားတဲ့ အလံကြီးကို မြှောက်ပြီး အရှက်မရှိတဲ့ မျက်နှာတွေနဲ့ ဓါတ်ပုံရိုက်နေကြတာကို မျက်နှာခြင်းဆိုင်က ကော်ဖီဆိုင်တွေ၊ ထမင်းဆိုင်တွေ အထဲက ပြည့်သိပ်နေတဲ့ လူတွေ ဘယ်လိုကြည့်နေကြမလဲဆိုတာ စဉ်းစားသာကြည့်ကြပေရော့။ အဲဒီတုန်းကတော့ ရှက်ရကောင်းမှန်းမသိ၊ ပြီးတာနဲ့ အမြန်တက်ပြီး Down Town East သို့ခရီးနှင်ပေါ့။





Down Town East ကိုရောက်တော့ ၁၂း၃၀ အတိ။ အဲဒီမှာ ရှိတဲ့ Sakura International Buffet ဆိုင်မှာ နေ့လည်စာကျွေးပါတယ်။ မောမောပန်းပန်းနဲ့ စားလိုက် ကြတာ ၀က်ဝက်ကွဲပါပဲ။ ကျန်တဲ့ အဖွဲ့တွေလည်း ရောက်လာကြ။ တဖွဲ့နဲ့ တဖွဲ့ အတွေ့အကြုံတွေပြောပြီး တ၀ါးဝါးရယ်ကြနဲ့ တဆိုင်လုံးဆူညံလို့။ စားပြီးသွားတော့ အလုပ်ရှိတဲ့ နေရာကို ပြန်ပြီး ရုံးခန်းမထဲမှာ ဒိုင်တွေက အမှတ်တွေ ပေါင်းပါတယ်။ အဲဒီအချိန်မှာ ၀န်ထမ်းအားလုံးကို ရောင်စုံစာရွက်တွေပေးပြီး ကိုယ့် နာမည်ကိုယ်ရေးခိုင်းပါတယ်။ ပြီးရင်အဲဒီ နာမည်ရေးထားတဲ့ စာရွက်ကို ကိုယ်ထိုင်တဲ့ စားပွဲမှာ ထားခဲ့ခိုင်းပြီး လူတွေကို နေရာ ပြောင်းပါတယ်။ ကိုယ်ရောက်သွားတဲ့ နေရာက စာရွက်မှာ သူ့အတွက် ကိုယ့်ရဲ့ အမှတ်တရ စာတိုလေးတွေရေးရ ပါတယ်။ နေရာတွေ အများကြီး ပြောင်းပြီး ဖွင့်ပေးထားတဲ့ Music မပြီးမချင်းရေးလိုက်တာ၊ သီချင်းဆုံးလို့ ကိုယ့်နေရာ ကိုယ်ပြန်ရောက်ရင် ကိုယ့်သူငယ်ချင်းတွေ ကိုယ့်အတွက် ရေးပေးထားတဲ့ စာတိုလေးတွေ A4 စာရွက်နဲ့ အပြည့်ပါပဲ။ ပြီးလည်းပြီးရော အမှတ်တွေ
ကြေငြာတော့ ကားနံပါတ် ၁၇ က ပထမရပါတယ်။ ၉ က ဒုတိယ ရပါတယ်။ ၂ က တတိယ ရပါတယ်။ ၁၇ က ဘယ်သူပါတဲ့ အဖွဲ့ရှိရမှာလည်း။ ကျွန်တော်ပါတဲ့ အဖွဲ့ပေါ့ဗျာ။







ဒီနိုင်ငံရောက်ပြီး မှတ်မှတ်ရရ ဟက်ဟက်ပက်ပက် ရယ်မောမိတဲ့ နေ့ပါပဲ။ တစ်နှစ်တာ ပင်ပန်းထားတဲ့ Stress ၊ မိသားစုအတွက် စိတ်ပူရတဲ့ Stress ၊ ကိုယ်အပင်ပန်းခံပြီး ကူညီခဲ့ပေမယ့် ကိုယ်ကတကယ် လိုအပ်တဲ့အခါ Busy ဒါမဟုတ် မေ့သွားလို့လို့ ပြန်ပြောတတ်တဲ့ မိတ်ဆွေတချို့ကပေးတဲ့ Stress ၊ အလိုက်ကန်းဆိုးမသိတဲ့ ဆွေမျိုးတချို့ကပေးတဲ့ Stress ၊ ငါ အလုပ်ပြုတ်နိုင်လားလို့ တွေးနေရတဲ့ ခေတ်ကပေးတဲ့ Stress ၊ ဒါတွေအားလုံး ပြေဘို့ကတော့ တစ်ရက်တည်း ရယ်မောယုံနဲ့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်လည်း အချိန် ခဏလေးတော့ အကုန်မေ့သွားပါတယ်လို့ ၀န်ခံရတဲ့ နေ့တစ်နေ့ပါဘဲ။

Monday, October 20, 2008

ပုံဆွဲလေ့ကျင့်ချိန်

ပြီးခဲ့တဲ့အပတ်က ကျောင်းမှာရှိတဲ့ School Counselor ကသူ့အခန်းထဲမှာ Special Child လို့ခေါ်တဲ့ အများနဲ့မတူ ထူခြားတဲ့ ကလေးငယ်တွေကို "ဘာအရေးကြီးဆုံးလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံဆွဲခိုင်းထားတာ စိတ်ဝင်စားရင် လာကြည့်ပါလား ဆိုလို့ လိုက်သွားကြည့်ရင်း ကလေးငယ်တွေသတ်မှတ်တဲ့ အရေးကြီးဆုံး ဆိုတာလေးကို လေ့လာခွင့်ရခဲ့ပါတယ်။

ပထမတစ်ယောက်ကတော့ သူ့မိသားစုနဲ့မျှော်လင့်ချက် က သူ့အတွက်အရေးကြီးဆုံးပဲတဲ့။ သူဆွဲထားတဲ့ပုံထဲမှာ သူ့မိသားစုဝင်တွေအပြင် သူ့အိမ်မှာရှိတဲ့ကြောင်ကလေးတောင်ပါသေး။ အိမ်ထဲမှာ ရောက်နေတဲ့ တစ်ယောက်က ဘယ်သူလဲဆိုတော့ မာမီတဲ့။ သူက အမြဲ အိမ်မှာပဲနေလို့ အိမ်ထဲမှာ ထည့်ဆွဲထားတာတဲ့။



နောက်တစ်ယောက်ကတော့ တော်တော်အမြော်အမြင်ရှိတဲ့ကလေးလို့ ပြောရမယ်။ သူရဲ့အရေးကြီးဆုံးက ကြည့်ဦးလေ။ ကမ္ဘာကြီး တဲ့။ ကမ္ဘာကြီးသာမရှိရင် သူ့မှာနေစရာရှိမှာ မဟုတ်လို့တဲ့။ တော်တော် ချစ်စရာကောင်းတယ်။



နောက်တစ်ယောက်ကတော့ လေ့လာသင်ကြားခြင်း ဟာသူ့အတွက်အရေးကြီးဆုံးတဲ့။ ကျောင်းလာရတာ တော်တော်ပျော်ပုံရတယ်။



နောက်တစ်ယောက်ကတော့ သူ့မိသားစု ကအရေးကြီးဆုံးတဲ့။ စိတ်မကောင်းစရာတစ်ခုက ကလေးရဲ့ ဖခင်နဲ့ မိခင်ကကွဲနေပြီး ကလေးက အမေနဲ့ နေတာပါ။ ဒါကြောင့်မို့ ထင်ရဲ့။ သူ့ပုံလေးမှာ Father ဆိုတာ ပါမလာဘူး။ အဘွားပဲပါတယ်။



နောက်တစ်ယောက်ကတော့ ကြီးလာရင် အားကစားချန်ပီယံဖြစ်မလား။ ဆရာဝန်ဖြစ်မလား မသိဘူး။ ဆွဲထားတဲ့ ပုံက ကျန်းမာရေး က အရေးကြီးဆုံးတဲ့။ သူ့အတွေးလေးကို သဘောကျမိတာက လက်မောင်းမှာ ကြွက်သားဖုလုံးလေးဆွဲပြီး + (Plus Sign) လေးထည့်ထားပေးလို့လေ။



နောက်တစ်ယောက်ကတော့ သူ့တိုင်းပြည် ကအရေးကြီးဆုံးတဲ့။ ကြီးလာရင် ကာကွယ်ရေးဝန်ကြီး ခန့်ရမယ်လို့ ပြောပြီး ရယ်ရသေးတယ်။



နောက်တစ်ယောက်ကတော့ သူ့အတန်းပိုင်ဆရာမ ကအရေးကြီးဆုံးတဲ့။ ဆရာမခမျာ သူ့ပုံလေးကြည့်ပြီး မျက်ရည်များတောင်လည်လို့။




နောက်ဆုံးတစ်ယောက်ကိုတော့ ကျွန်တော် သဘောအကျဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို ဆွဲခိုင်းရင်လဲ ဒီပုံမျိုးပဲ ဆွဲမိမှာမို့ပါ။



တခါတရံတော့လည်း ကလေးတွေရဲ့ အပြုအမူလေးတွေက ပင်ပန်းနေတဲ့စိတ်ကို ပေါ့ပါးစေပါတယ်။ ဒီပုံလေးတွေကို ကြည့်ရင်း တစ်ခုစဉ်းစားမိတယ်။ တကယ်လို့များ "ဘယ်သူအရေးကြီးဆုံးလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့သာ ပုံဆွဲခွင့်ရကြရင် ကျွန်တော့်ပုံကို မဆိုင်းမတွချဆွဲမယ့်သူဘယ်သူများရှိနိုင်မလဲပေါ့။ စာဖတ်သူကိုယ်တိုင်လဲ စဉ်းစားကြည့်လို့ မိတ်ဆွေရဲ့ပုံကို မစဉ်းစားပဲ ချဆွဲမယ့်သူ ရှိတယ်ဆိုရင် ကံကောင်းသူပေါ့ဗျာ။ အကယ်၍ တစ်ယောက်မကရှိတယ်ဆိုရင်တော့ လေးစားလောက်တဲ့သူဖြစ်ပြီပေါ့ဗျာ။ တစ်ယောက်မှ မရှိရင်လဲဘာမှတော့ မဖြစ်ပါဘူး။ ကျွန်တော့်လို ကိုယ်ဘာသာကို ပြန်ဆွဲလိုက်ပေါ့ဗျာ။


Saturday, October 18, 2008

အသီးခူးစားသော ချွေးမများ


မနှစ်တုန်းက ဒီအချိန်မှာ အမေနဲ့အဖေက သူတို့ သမီးတစ်ယောက် ဖြစ်လာမယ့် ချွေးမလောင်းလေးကို အစ်ကို့အတွက် သွားတောင်းပေးခဲ့ကြတယ်။ မိဘတွေဟာ သားသမီးတွေကို သစ်ပင်လေးတစ်ပင် ပြုစုစောင့်ရှောက်သလို ကျွေးမွေး ခဲ့ရတယ်ဆိုရင် ပညာစုံ အရွယ်ရောက်တော့ သားတွေအိမ်ထောင်ပြုတဲ့အခါ သားရှာဖွေသမျှ ပစ္စည်းဥစ္စာတွေက ချွေးမခံစားဘို့ အတွက် ဖြစ်သွားတယ်ဆိုပြီး ချွေးမဆိုတာ အသီးခူးစားတယ်လို့ တချို့ကပြောတတ်ကြတယ်။ ဒါပေမယ့် ကျွန်တော့် အဖေနဲ့ အမေကတော့ သူတို့သစ်ပင်လေးကို အသီးခူးစားတဲ့ ချွေးမကို အခုတော့ သားထက်တောင်ပိုပြီး ချစ်နေသေးတယ်။ အဖေနဲ့ အမေတို့ အိုဇာတာကောင်းလေစွ။

မိဘတွေ အသက်ကြီးလာတဲ့ အခါ သားသမီးကံကောင်းတာထက် ချွေးမကံ၊ သမက်ကံတွေပါ ကောင်းမှ အိုဇာတာကောင်းတယ်လို့ ခေါ်ရမယ် မဟုတ်လား။


အမှန်အတိုင်းပြောရရင် အစ်ကို အိမ်ထောင်ပြုမယ်ဆိုတော့ သူယူလာမယ့် မိန်းမအတွက် စိုးရိမ်မိတာ အမှန်ပါပဲ။ အကျင့် စာရိတ္တကောင်းမွန်တာ၊ အရည်အချင်းရှိတာ၊ ထက်မြက်တာကို သူတို့ (၉) နှစ်ကျော်တွဲခဲ့လို့ သိနေပေမယ့် အတူနေတဲ့အခါ အဖေ၊ အမေနဲ့ အဆင်မပြေမှုာကိုတော့ စိတ်ပူမိတယ်။ အထူးသဖြင့် ဂွတီးဂွကျ ကိုယ့်အဖေနဲ့ပေါ့။ ပြီးတော့ အစ်ကိုက အမေ့အတွက် အားအကိုးဆုံးသားဖြစ်နေတာလဲ ပါတယ်။ ဘာပဲလုပ်လုပ် ဒီသားတော်မောင် ပါမှ ယုံကြည်စိတ်ချတယ်ဆိုတော့ အနေအေးပေမယ့် မာနကြီးတဲ့ အမေနဲ့ အစ်ကို့ကို အရမ်းချစ်တဲ့ ဇနီးနဲ့ ပဋိပက္ခဖြစ်မှာလဲ မလိုလားတာ အမှန်။ ဒါပေမယ့် တစ်နှစ်ကြာပြီး အခုတော့ အမေက ဖုန်းဆက်ရင် ချွေးမက သမီးလေးဖြစ်နေပြီ၊ သားက သမက်ဖြစ်နေတာလို့ ပြောရင် ကိုယ် တကယ် ပျော်ရွှင်ရင်အေးမိတယ်။ အဖေနဲ့ အမေအတွက်လဲ ကျန်းမာရေးကအစ စိတ်ချလက်ချ ရှိမိတာအမှန်ပါပဲ။ လူကြီးတွေဆိုတာ စိတ်နေကောင်းနေရင် လူနေကောင်းနေတာမျိုး မဟုတ်လား။

အဖေကတော့ မင်္ဂလာဆောင် ဧည့်ခံပွဲနေ့ ကတည်းကဒီချွေးမနဲ့ တည့်မယ်ဆိုတာ အားလုံးက ရိပ်မိကြတယ်။ ဧည့်ခံနေပုံက ကြည့်ဦးလေ။ "ကျွန်တော့်သမီးက မလှဘူးလားဗျာ။ သမီးရေ...ဒါကအဖေ့အရင်းနှီးဆုံး မိတ်ဆွေတွေ ဘယ်သူ..." နဲ့။ သူ့သမီး မင်္ဂလာဆောင်တာ ကျနေတာပါပဲ။ သားရှင်က သမီး၊ သမီးနဲ့ လုပ်နေလို့ အားလုံးက အဖေ့ကို ပြုံးစိစိ။ ပြီးတော့ အမေ့နားကပ်ပြီး တိုးတိုးလေးနဲ့ "တော်သေးတာပေါ့ကွာ ငါတို့ သမီးလေးက မိတ်ကပ်ပြင်လိုက်တော့ မင်းသမီးလေးလို လှနေလို့" ဆိုပြီးသွားပြောနေသေး။ အမေ့ခမျာမှာလည်း သူဘယ်လောက်ချစ်ချစ်၊ အဖေနဲ့သာ မျက်နှာကြောမတည့်ရင် ဒီမင်္ဂလာပွဲက ပျော်စရာကောင်းမှာ မဟုတ်ဘူးဆိုတာ သိနေလေတော့ အဖေပျော်တာကြည့်ပြီးမှ သက်ပြင်းကို ခိုးချပြီး စိတ်ချလက်ချ ပျော်နိုင်ရှာတော့တယ်။

တကယ်တော့ ယောက္ခမနဲ့ ချွေးမဆိုတာ သမိုင်းစဉ်လာအရ အဆင်ပြေတာ ခပ်ရှားရှားရယ်။ ဒီနိုင်ငံမှာ ကလေးမွေးလို့ ယောက္ခမတွေ လာကြပြီးရင် ငိုပြီးပြန်ကြရတာများများ။ နှစ်ဖက်စလုံး ပျော်ပျော်ရွှင်ရွှင် အမြင်ကြည်ဘို့ဆိုတာ အမျိုးသမီးနှစ်ဦးစလုံးရော၊ သားလုပ်တဲ့ လူကိုယ်တိုင်မှာရော တာဝန်ရှိတာမျိုးလေ။ အထူးသဖြင့် သားကို အားကိုးချစ်နဲ့ ချစ်တဲ့ အမေတွေနဲ့ ဆို ပြသာနာပိုဆိုးတတ်ပါတယ်။ တကယ်ကတော့ နေတတ်ဘို့၊ မြင်တတ်ဘို့ပါပဲ။ သားချစ်၊ မယားချစ် ဆိုတာ အသွင်မတူတဲ့ အချစ် ၂ မျိုးလေ။ ပြိုင်လို့မှ မဖြစ်နိုင်တာ။ ထားပါတော့လေ။ ချွေးမတွေက အဆင်သင့် အသီးခူးစားလိုက်တယ်ပဲ ဆိုပါတော့ ။ ဒီတော့ ချွေးမကလည်း ပြန်ပြောပြီ။ အမေတွေကရော အသီးစားချင်လို့ အပင်စိုက်ခဲ့တာလားပေါ့။ တကယ်တော့ အဲဒီစကားလုံးမျိုးတွေကိုက မရှိသင့်တာပါ။ ဥယျာဉ်မှုးတစ်ယောက်က သူစိုက်ပျိုးလိုက်တဲ့ အပင်လေး အသီးခူးစားနိုင်တဲ့ အရွယ်ရောက်တဲ့အခါ သူကိုယ်တိုင်အသက်ကြီးလာပြီဖြစ်လို့ မြေသြဇာကျွေးတာ၊ ပေါင်းသင်မြက်နုတ်တာတွေလုပ်ဘို့ ဒီသစ်ပင်လေးကို မြတ်နိုးတဲ့ အခြားဥယျာဉ်မှုးတစ်ယောက်စီကို လက်လွဲပေးလိုက်တဲ့ သဘောလို့ စဉ်းစားရင် ယောက္ခမက ချွေးမဆိုတာ ကျေးဇူးတင်စရာပေါ့။ ချွေးမလုပ်တဲ့သူဘက်ကလည်း အနှစ်နှစ် အလလ အပင်ဖြစ်အောင် စိုက်ပျိုးပေးခဲ့ရသူတွေရဲ့ ကျေးဇူးတရားကို နားလည်ခံစားပေးနိုင်တဲ့ နှလုံးသားမျိုးတော့ ရှိသင့်တာပေါ့။ သုံးလေးနှစ် သံယောဇဉ် ရှိလာတဲ့ အချစ်ဆိုတဲ့ အတ္တတွေဟာ အနှစ် နှစ်ဆယ်၊ သုံးဆယ် မိဘသံယောဇဉ်ဆိုတာနဲ့ နှိုင်းယှဉ်နေဘို့ မတန်ဘူးမဟုတ်လား။

ကျွန်တော့် မိတ်ဆွေတစ်ယောက်ရဲ့ အမေဆို အရမ်းနေတတ်တယ်။ ချွေးမတွေကလည်း ချစ်လိုက်တာတုန်လို့။ စားစရာပစ္စည်းတွေ လူကြုံနဲ့ ပို့ပေးရင်တောင် အထုပ်တွေ၊ ဘူးတွေပေါ်မှာ Label တပ်ရင် (သားနာမည် + ချွေးမနာမည်)နဲ့။ ချွေးမလုပ်တဲ့သူက ပို့လိုက်တဲ့ ပစ္စည်းတွေကို ကြည့်ပြီး သူ့သားအတွက်ပဲ စဉ်းစားတယ်လို့ ထင်မှာစိုးလို့တဲ့လေ။ အဲဒီလို အသေးအဖွဲလေးကအစ ဂရုစိုက်ပေးတတ်တာ။ သားလုပ်တဲ့ လူက ဖုန်း ခေါ်ရင် မေမေနေကောင်းလား လို့မေးတဲ့အခါ အေး...သမီးနဲ့သားရော နေကောင်းလားလို့ ချွေးမကိုရှေ့ကထားပြီး ပြန်မေးတတ်တာမျိုး။ အဲဒီတော့ ဖုန်း Speaker ဖွင့်ပြီး နားထောင်နေတဲ့ ချွေးမကလဲ ကျေနပ်လို့။ အသေးအဖွဲလေးတွေပေမယ့် အရေးပါအရာရောက်တာလေးတွေပေါ့။

ကျွန်တော့်အဖေကတော့ Over ပေါ့။ ဖုန်း ဆက်စရာရှိရင် ချွေးမ ဖုန်း ကိုပဲ ခေါ်တော့တယ်။ သူခေါ်တဲ့ ဖုန်းကို ပြန်ထူးတဲ့လေသံက ကွာတယ်လေ။ အစ်ကိုက ဖုန်း ကိုင်လိုက်ရင် ဖေဖေ...ပြော လို့ ခပ်တည်တည်လေသံကြီးစပြောတာ။ ချွေးမကတော့ ဟုတ်ကဲ့ ဖေဖေ..သမီးပါ ဆိုတော့ အဆင်ပြေတယ်လေ။ ပြီးတော့ သူလုပ်သမျှ သားလုပ်သူက ပိုက်ဆံဖြုန်းတယ်လို့ စဉ်းစားလေတော့ ခဏခဏပြသာနာ တတ်ရတာလည်း ချွေးမလေးရောက်လာတော့ မရှိတော့ဘူး။ "သမီးရေ... ဖေဖေဒါတော့လုပ်ချလိုက်ပြီ၊ သမီးယောင်္ကျား ပြောလိုက်ဦးနော်၊ စိတ်ကြည်နေတဲ့ အချိန်ပြော" လို့မှာလိုက်ရင် ပြီးသွားတာမျိုး။ "ဒီကောင် ငါ့သမီးနဲ့ရလို့ တော်သေးတယ် တခြားမိန်းမသာဆို မလွယ်ဘူး" လို့ အမေ့ကို ပြောလို့ အမေက ရယ်လိုက်တာ။ အမေကတော့ သူသွားချင်တာတွေကို စိတ်ရှည်လက်ရှည်နဲ့ လိုက်ပို့ပေး။ ဘုရားမှာ ကြာသပတေးနေ့တိုင်း ပုတီးလိုက်စိပ်ပေး။ ဈေးဝယ်သွားတဲ့အခါ မိန်းကလေးအဖော်လေးနဲ့ သွားရတော့ သားကြီးနဲ့ သွားရတာနဲ့ တခြားစီမို့လား။ အစ်ကိုကတော့ "ဒါလေးလှလား" ဆိုလည်း "မသိပါဘူး မေမေရာ မြန်မြန်ဝယ်ပြီးသွားရအောင်၊ သားချိန်းထားတာရှိသေးတယ်" ဆိုတာမျိုး။ ဘုရားမှာ အမေ့ကိုလိုက်ပို့ထားခဲ့ပြီး ပြန်လာကြိုဘို့မေ့နေလို့ အငယ်ကောင်က လိုက် လိုက်ကြိုရတာ ခဏခဏဆိုတော့ မငြီးမငြူ လိုက်ပို့ပေးတဲ့ ချွေးမကို ချစ်တော့တာပေါ့။ ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့ ချွေးမဆိုတော့ မနက် ၁၀ နာရီထိုးရင် ဟင်းပွဲ အဆင့်သင့် ပြင်ပြီးမှ အလုပ်သွားတော့ အမေနဲ့ အဖွားက လက်ဆေးပြီး စားရုံပဲ။ ခြံဝင်းထဲမှာ အိမ်တစ်လုံးစီနဲ့ အိုးခွဲချက်ပေမယ့် ချွေးမကနေ့တိုင်း ဟင်းပွဲလာပြင်ပေးတယ်။ ညနေသူ့အလုပ်က ပြန်လာရင် မုန့်တစ်မျိုးမျိုးဝယ်လာပြီး အတူတူစားကြ။ တစ်နေ့တာ လုပ်ငန်းခွင် အတွေ့အကြုံတွေကို ပြောပြကြ။ ဪ...လူတစိမ်းတစ်ယောက်ဝင်လာတာကို မိသားစုထဲမှာ သိသိသာသာကြီး ပြောင်းလဲမှု၊ ရိုက်ခတ်မှု မရှိတာကိုပဲ အသက်ကြီးတဲ့ အဖေနဲ့ အမေအတွက် ၀မ်းသာမိပါတယ်။

ကျွန်တော်ငယ်ငယ်က အမေ့ကို ဘာအကြောက်ဆုံးလဲလို့ မေးဘူးတယ်။ မေမေက ဦးဘိုးသာကြီးလို ဖြစ်မှာ အကြောက်ဆုံးပဲ လို့ ဖြေခဲ့တာ။ ဦးဘိုးသာဆိုတာ အမေတို့အိမ်နားက ဆရာဝန်ကြီးရဲ့အဖေ။ ဆရာဝန်ကြီးရဲ့ မိန်းမက ယောင်္ကျားဘက်က မိဘတွေကို ပေးတာ ကမ်းတာ မကြည်ဖြူဘူး။ ယောင်္ကျားရှာသမျှ ပိုက်ဆံအကုန် သူက ထိန်းချုပ်ထားတာပေါ့။ သားလုပ်တဲ့လူနဲ့ ချွေးမက တိုက်ကြီးနဲ့ နေတယ်။ ကားတစ်ယောက်တစ်စီးစီနဲ့။ အဖေအိုကြီးကိုတော့ မိန်းမက မကြည်လင်လို့ တိုက်ပေါ်ခေါ်ထားလို့မရဘူး။ သူတို့ တိုက်ကြီးနဲ့ တစ်ခေါ်လောက်ဝေးတဲ့နေရာမှာ မြေရိုင်းခြံကြီးတစ်ခြံရှိတယ်။ အဲဒီခြံကြီးထဲက ခြံစောင့်တဲ သာသာအိမ်မှာ အဖေအိုကြီးကို ထားတာပေါ့။ အဲဒီမြေကွက်နှစ်ခုရဲ့ အကွာအဝေးဟာ ရန်ကုန်အခေါ် ဆိုရင်တစ်ဘလောက်စာလောက်ဝေးတာပေါ့။ အလယ်မှာ မြောင်းနဲ့ ခနော်ခနဲ့ တံတားလေးတစ်ခုဖြတ်ရသေးတယ်။ လကုန်ရင် ချွေးမဆီမှာ လစာ လာထုတ်ရတယ်။ ကိုယ်ဟာကို ချက်စားလောက်ရုံ မသထာရေစာလေးပေါ့။ ဦးဘိုးသာက ထန်းလျက်နဲ့ ရေနွေးကြမ်းသောက်နေရတာ ကြိုက်တယ်တဲ့။ ဒီတော့ သားလုပ်တဲ့သူက လကုန်လာတဲ့ အခါ ထန်းလျက်ပုံး တစ်ပုံးထည့်ပေးလိုက်ကွာလို့ ပြောလိုက်တယ်တဲ့။ မိန်းမလုပ်တဲ့သူက ဘာလို့အများကြီးပေးထားမှာလဲ။ ပစ်စလက်ခတ်ဖြစ်ကုန်မှာပေါ့။ တစ်နေ့စာ လေးလုံးစီ ညနေတိုင်းလာယူပစေပေါ့။ နီးနီးလေးပဲလို့ ပြန်ပြောသတဲ့။ ယောကျာင်္းကလည်း "အမိန့်...မလွန်ဆန်ဝံ့ဘူး... အာဏာပြင်းလွန်းတဲ့ အမိန့်..." ဆိုတဲ့ သီချင်းထဲကစာသားလိုပဲ ဒါဆိုလည်း အဖေလာယူပလေ့စေပေါ့။ အသက်ကြီးကြီး အဘိုးကြီးက ပုလင်းလေးတစ်လုံး ကိုင်ပြီး တုန်ချိချိနဲ့ မိုးရွာရွာ၊ နေပူပူ ညနေတိုင်း လမ်းလျှောက်ပြီး ထန်းလျက်ကလေး လေးလုံးကို သားလုပ်သူရဲ့ တိုက်ကြီးကြီးမှာ လာ တောင်းစားခဲ့ရတယ်။ တစ်နေ့မှာတော့ ကျွန်တော့် အဖေက တံတားထိပ်မှာ ထန်းလျက်ပုလင်းလေးနဲ့ မိုးရွာထဲ လဲနေတဲ့ ဦးဘိုးသာကို တွေ့လို့ သတိလစ်လုလု အဘိုးကြီးကို သူ့တဲလေးဆီပြန်ပို့ပေးခဲ့ရတယ်။ သိပ်မကြာဘူး အဘိုးကြီး ဆုံးတာပါပဲ။ အမေက သူအသက်ကြီးတဲ့ အခါ ဦးဘိုးသာလိုဖြစ်မှာ အကြောက်ဆုံးပဲ။ အမေ့ မိတ်ဆွေတွေထဲမှာလည်း ချွေးမကို ကြောက်နေရ၊ ချွေးမမျက်နှာကြည့်နေရ၊ ချွေးမဆီမှာ မျက်နှာငယ်ငယ်နဲ့ လက်ဖြန့်တောင်းစားနေရတာ မြင်တိုင်း ကြောက်စရာ ကောင်းလိုက်တာလို့ ကျွန်တော့်တို့တွေကို ပြောပြနေကြ။ ခုတော့ သူအားအကိုးဆုံး သားက ယူလာတဲ့ မိန်းမက သူလိုချင်တဲ့ သမီးမျိုးလေးဖြစ်နေလို့ "မေမေနော်... တော်တော်ကြာ ပုတီးကိုချ၊ မြေးကိုမ၊ မိုက်စွ အဘွားကြီး" ဖြစ်နေဦးမယ်လို့ ကျွန်တော်တို့ အငယ် နှစ်ယောက်က စ စ နေရတယ်။ အဖေနဲ့ အမေကတော့ ပြုံးလို့။

ကိုကိုနဲ့ မမမိုးတို့ အတွက် မင်္ဂလာ သက်တမ်း တစ်နှစ်ပြည့်အမှတ်တရ။

Sunday, October 12, 2008

???

နားလည်တယ် ဆိုတာဘာလဲ?
အဖြစ်အပျက်
တစုံတရာအတွက်
ခံစားမှုတစ်ခုအတွက်
ကိုယ်ချင်းစာပေးနိုင်တာလား။ ။


နားလည်ပါတယ်ကွာ ဆိုတာဘာလဲ?
ဖြစ်နိုင်ပါတယ်လေလို့
စဉ်းစားပေးလိုက်တာလား။ ။

နားလည်နိုင်ပါတယ် ဆိုတာဘာလဲ?
မင်းဘက်မှာ ငါရှိတယ်လို့
သွယ်ဝိုက်ပြီး ပြောတဲ့စကားလား။ ။

နားလည်ပေးလိုက်ပါ ဆိုတာဘာလဲ?
အတွေးအခေါ်တစ်ခုအတွက် ထောက်ခံမဲလား
သည်းခံခြင်းရဲ့ ဂိုဏ်းခွဲတစ်ခုလား
နှစ်သိမ့်တဲ့ စကားလုံးတစ်ခုလား။ ။

ကျေးဇူးပြုပြီး
ငါ့ကို နားမလည်ကြပါနဲ့တော့။ ။

နားလည်ပါတယ်လို့ ပြောပြောနေပြီး
နောက်ဆက်တွဲ လုပ်ဆောင်မှု
တစ်ခုမှမရှိတဲ့
နားလည်ခြင်း ဆိုတာတွေကို
နားမလည်တတ်တဲ့
ရောဂါ ရင့်ရင့်လာလို့ပါ။ ။