Sunday, August 16, 2009

အမေ့လို အ ချင်တယ်


ကိုယ်ငယ်ငယ်ကတည်းက အဖေက ကိုယ့်ရဲ့ "Hero" ပါ။ အဖေဘာလုပ်လုပ် "မှန်တယ်ကွာ၊ မိုက်တယ်ကွာ" လို့ထင်မိတယ်။ အကြောင်းအရာတစ်ခုကို အဖေက ဒေါသတကြီး တုံ့ပြန်တဲ့အခါ၊ စိတ်ဆိုးမာန်ဆိုး အော်ဟစ် ပြောဆိုတဲ့အခါ အဖေက မဟုတ်မခံနဲ့ သတ္တိရှိတယ်လို့ပဲ မြင်တယ်။ ပြဿနာကို အေးအေးချမ်းချမ်း ခေါင်းအေးအေးနဲ့ သည်းခံပြီး ဖြေရှင်းတဲ့ အမေ့ကိုတော့ အဖေ့စကားအတိုင်း "အမေက သိပ် "အ" တာပဲ" လို့ထင်ခဲ့မိတယ်။ အဖေ့ရဲ့ လွှမ်းမိုးမှု ဘယ်လောက်ကြီးမားခဲ့သလဲဆိုရင် အဖေသာ သေဆုံးသွားခဲ့ရင် ငါတော့လိုက်သေမှ ဖြစ်မယ်။ အဖေမရှိဘဲ အမေနဲ့သာ ဒီလောကကြီးထဲနေရရင် ကြောက်စရာကြီးလို့ စဉ်းစားမိတဲ့အထိပါဘဲ။ အိမ်ကိုလာတဲ့ ဧည့်သည်တွေ၊ ဆွေမျိုးတွေက အဖေနဲ့ချွတ်စွတ်ပဲနော်၊ သူ့အဖေ ကိုယ်ပွားလေးပဲ လို့ ပြောရင် သဘောကို ကျလို့။ အမေတူပဲလို့ ပြောရင် သိပ်မကြိုက်ချင်ဘူး။ ကလေးအတွေးနဲ့တော့ စိတ်မြန်လက်မြန်ရှိတဲ့ အဖေ၊ ဘာလုပ်လုပ်အောင်မြင်အောင်လုပ်နိုင်တဲ့ အဖေ၊ အရာရာကို ထိပ်ဆုံးမှ အကောင်းဆုံးဖြစ်ချင်တဲ့ အဖေရဲ့ စိတ်ကို သူရဲကောင်းကြီးပေါ့။ အဲဒီ သူရဲကောင်းကြီးနောက်က မှောက်လျက်မလဲအောင်၊ မပြိုလဲအောင် တည့်မတ်နေတဲ့ အမေရဲ့ အင်အားကိုတော့ ပျော့ညံ့တဲ့လူ၊ အရာရာကို သည်းခံတဲ့လူ၊ လူတိုင်းကို နားလည်အောင်ကြိုးစာနေတဲ့လူ ဆိုပြီး ပျော့ပျောင်းမှုရဲ့ အင်အားကို လုံးဝအထင်မကြီးခဲ့မိဘူး။ အမေကတော့ ဘယ်သူဘာပြောပြောပြုံးနေတာပဲ။ မခံစားတတ်ဘူးလား မသိဘူးနော်လို့ သားအဖနှစ်ယောက်ပြောရင်း အဖေ့ခြေရာနင်းဘို့ပဲ ကြိုးစားခဲ့မိတယ်။ အမေ့ကို ချစ်ပေမယ့် Hero မဖြစ်ခဲ့ဘူး ဆိုပါတော့လေ။


ကိုယ့်အမေက စကားတွေ အများကြီး မပြောပါဘူး။ အေးအေးချမ်းချမ်း လေးပဲနေတယ်။ စိတ်ဆိုး၊ စိတ်တိုနေတယ်လို့ မရှိဘူး။ မတည့်တဲ့လူ၊ ကြည့်မရဖြစ်တဲ့လူဆိုတာ မရှိဘူး။ ဘယ်လိုမှ ပေါင်းသင်းလို့ မဖြစ်နိုင်တဲ့ လူကျတော့ အမေက ဘာပြောပြော ခပ်မဆိတ်နေလိုက်ရော။ ပြဿနာ ဆိုတာ မရှိသလောက်ရှားတာ။

အမေ့စကားနဲ့ပြောရရင် လူတိုင်း အားနည်းချက် ကိုယ်စီ ရှိတယ်။ ဘယ်နေရာမှာ အားနည်းသလဲ၊ ဘယ်အကွက်မှာ ရူးနေလဲဆိုတာ သိအောင် ကြိုးစားပြီးရင် ဘာလို့ စိတ်တို ဒေါသ ထွက်နေဦးမလဲ။ အားလုံးကိုသိနေတဲ့လူက စိတ်ကို အညစ်ထေး မခံတော့ဘူးတဲ့။ ကိုယ့်အဖေကတော့ ပြောင်းပြန်။ အမြဲတမ်းတက်ကြွ၊ စိတ်ကလဲမြန်၊ စကားလေးတစ်လုံးတောင် အကြောမခံနိုင်လို့ အမေက စကားလုံးတစ်လုံးနဲ့ကပ်ရှုပ်တတ်လို့ တစ်လုံးရှုပ်မျိုးတဲ့။ အစွန်းရောက်လိုက်တာကလည်း တည့်ချင်တဲ့လူဆို တလောကလုံး မကောင်းပါဘူးပြောလဲ သူတည့်တယ်။ အမြင်ကတ်တဲ့ လူကျတော့ တစ်ဖက်လူက ဘာမှ မလုပ်ရပါဘဲနဲ့ ကြည့်လို့မရဖြစ်နေတတ်တာ။ ကိုယ့်ကိုကိုယ် အထင်ကြီးလိုက်တာကလဲ သူ့အထက် ဌက် နဲ့ လေယာဉ်ပျံပဲ ရှိတော့တဲ့ အတိုင်း။ ယုတ်စွအဆုံး သူ့ကို လာနှိပ်တဲ့ အနှိပ်သည်ဖိုးတုတ် ဆိုတာတောင် သူအမြင်ကတ်တဲ့ လူကိုမနှိပ်ရ။ သူ့ကိုလာနှိပ်ရင် ၂ ယောက်စာပေးလိုက်တာမျိုး။ အမေကတော့ ပြုံးပြီး အရူးက ရင့်နေပြီတဲ့။ ကိုယ်ကတော့ အစွန်းရောက်တဲ့ စိတ်တွေကို ချစ်ခဲ့တယ်လို့ ပြောရမယ်။ အစွန်းရောက်မှုကို ထက်မြက်မှုတစ်မျိုးပဲဆိုပြီး ကိုယ့်ရဲ့အဖေနဲ့တူတဲ့ စိတ်တွေအားလုံးကို အမြဲရွှေချခဲ့တာပေါ့။

မိသားစုအားလုံးစုံလို့ အေးအေးဆေးဆေးထိုင်ပြီး စကားတွေ ပြောကြပြီးဆိုရင် ကိုယ်က အမြဲအဖေ့ဘက်က။ ကျန်တဲ့နှစ်ယောက်က အမေ့သားတွေ။ မိသားစုစကားဝိုင်းတွေမှာ အဖေက စကားကို အမေ့အပေါ် အမြဲတမ်း အနိုင်ယူပြီး ပြောတတ်သလောက်၊ အမေကတော့ ကျိုးကြောင်း ဆင်ခြင်ပြီး ပြောတတ်တယ်။ တခါတလေ ၀ိပဿနာ တရားသက်သက် ကို အေးအေးချမ်းချမ်း အားထုတ်ခွင့်ရှိတဲ့ မယ်သီလရှင် ကျောင်းလေးဆောက်ပြီး လှူချင်လိုက်တာလို့ ပြောရင် အမေ့သားနှစ်ယောက်က သူတို့ပိုက်ဆံရှိရင် အမေ ဖြစ်ချင်တာလုပ်ပေးမယ်ပေါ့။ ကိုယ့်အမေက သီလရှင်တွေ ထမင်းဟင်းချက်ရ၊ ဘုန်းကြီးဆွမ်းကပ်ရနဲ့ လူမိန်းမတွေ အိမ်မှုကိစ္စတွေနဲ့ ရှုပ်နေသလို သာသနာ့ သမီးတော်တွေ အဲလို အရှုပ်တွေ မလုပ်ရတဲ့ အေးအေးချမ်းချမ်း တရားအားထုတ်ခွင့်ရတဲ့ကျောင်းလေးမျိုး ရှိစေချင်တာ။ အဲဒါကို နားထောင်ပြီးတာနဲ့ အဖေကတော့ "ကုန်ရှုံးကြွေးတင်၊ လိုလင်မရ၊ မယ်သီလ တဲ့ကွ။ မင်းက ကုန်လည်းမရှုံး၊ ကြွေးလည်းမတင် တော့ နောက်ဆုံးတစ်ခုပေါ့တဲ့" အဲလို ပစ်ပစ်ခါခါ ပြောတာပါ။ (ကျေးဇူးပြု၍ ဘာသာရေး အရ ၀င်ရောက် ဝေဖန်ခြင်း သည်းခံပါ)။ အမေကတော့ အပြုံးမပျက်ပါဘူး။ အမေစိတ်မဆိုးဘူးလားဆိုတော့ သူ့အကြောင်းသိနေတာပဲ။ အမေ့ Idea လေးတွေဆို အဲလို ပြောလိုက်ရမှ၊ ပြီးတော့ တကယ်လုပ်ချင်ရင်လဲ လုပ်ပေးတာပဲ။ ပြိုင်ပြီးပြောမနေတော့ဘူးလေ။ "၀စီဗေဒ ထွက်တိုင်းရှ" တဲ့ အဖေကြီးရေလို့ပဲ ပြုံးပြီးပြောတာ။ ကိုယ့်အဖေကတော့ အမေဘာပြောပြော သူ့အတွေးပဲ မှန်တယ်လို့ ယူဆလေ့ရှိတယ်။ ဘုရား တရား အရမ်းကြည်ညိုတဲ့ အမေ့ကို အဖေက အတ္တသိပ်ကြီးတယ်တဲ့။ သူစိတ်ချမ်းသာဘို့ပဲ အမြဲ တည်ဆောက်နေတဲ့သူ လို့ အမြဲစွပ်စွဲလေ့ရှိတယ်။ မိသားစုပြဿနာလေးတွေဖြစ်ရင် အဖေက အရမ်းစိတ်ပူ၊ အရမ်းဒေါသထွက်၊ အရမ်းပျာလောင်ခတ် နေသလောက် အမေကတော့ ဘာလုပ်လိုက် ဆိုတာပြောပြီးရင် ဘာမှ မဖြစ်တဲ့ အတိုင်းပါပဲ။

ပြဿနာတိုင်းကတော့ အချိန်တန်ရင် ပြီးသွားတာပါပဲ။ ဒါပေမယ့် ကိုယ့်အဖေဖြေရှင်းတဲ့နည်းနဲ့ဆို ဒေါသထွက်တာရယ်၊ အသုံးမကျတာရယ်က အရင်လာတာ။ ဆူပူတာကအရင်။ ပြဿနာဖြေရှင်းတာထက် တအိမ်လုံးလဲပူလောင်၊ စကားလုံးတွေ ထိန်းမရ၊ ခံရတဲ့သူတွေက ပြဿနာပြီးလို့ အနည်ထိုင်တဲ့အထိ အပြောခံရတာကိုနာကျင်နေတုန်း။ တစ်ယောက်ကိုတစ်ယောက် မိသားစုဝင်တွေဆိုတာ မေ့လျော့တဲ့အထိဖြစ်ကုန်ကြ။ ကိုယ့်အမေဆုံးဖြတ်လိုက်ရင် ဘာဒေါသမှ မပါဘူး။ ဘယ်သူမှလည်း စိတ်မညစ်ရဘူး။ ပြဿနာကို အေးအေးချမ်းချမ်းဝိုင်းဝန်းဖြေရှင်းနိုင်ကြတယ်။ အမေကစိတ်မတိုတတ်တော့ အားလုံးက ရင်ထဲရှိတာတွေလည်း အကုန်ပြောထွက်တယ်။ အားလုံးရဲ့ အမှန်တရားကို အမေက မြင်ရတယ်။ အဖေကတော့ နဲနဲပြောလိုက်ရုံနဲ့ "အဲဒါမင်းအသုံးမကျတာပေါ့ကွ" ဆိုပြီး မျက်နှာကလည်း နီလာတာနဲ့ အမှန်အတိုင်းပြောဘို့ တွန့်ဆုတ်၊ ဟိုချန်ဒီချန်ပြောရာက ပြဿနာက ပိုကြီး။ အမှန်တရားလဲပျောက်၊ လုပ်သင့်တာကိုလည်း နောက်ဆုံးမှ ရှာတွေ့တော့တယ်။

ကိုယ်ကိုတိုင်လည်း အဖေနဲ့တူတော့ သွေးဆူလွယ်တယ်။ နည်းနည်းလေးအပြောခံရရင် အများကြီး ဒေါသထွက်၊ နာကျင်တတ်တယ်။ ပြောတဲ့သူ၊ လုပ်တဲ့သူက ပြောပြီးလို့ သူလုပ်ချင်တာလုပ်နေတဲ့အထိ ကိုယ့်မှာ ခံစားလို့ မပြီးသေးဘူး။ စိတ်မထားတတ်တော့ တွေးတွေးပြီး ပူလောင်နေလိုက်တာ။ ရင်ထဲမှာ တနုံနုံ။ အမေကတော့ မလိုအပ်တာတွေ ရင်ထဲထည့်တာလောက် ညံ့တာမရှိဘူးတဲ့။ ကိုယ်ကလည်း အဖေအတိုင်း "မေမေတို့သာ ဘာမှမဖြစ်သလို သူများပြောသမျှ ခံနေတာ ကျွန်တော်တော့မရပါဘူး" လို့ပြောရင် အမေက "မေမေတို့က မခံစားတော့ ဘယ်တော့မှ မခံရဘူး" တမင်ခံစားရအောင်သူများက လုပ်တာသိနေရဲ့သားနဲ့။ ကိုယ့်ကို အပြောခံရပြီဆိုရင် ဟုတ်တာနဲ့၊ မဟုတ်တာ နှစ်မျိုးပဲရှိနိုင်တာ။ အပြောခံရတဲ့ ကိစ္စတစ်ခုက ဟုတ်နေတာဆိုရင် ဟုတ်နေလို့ ခံစားဘို့မလိုဘူး။ မဟုတ်ရင်လဲ မဟုတ်တာကြီး ပြောနေကြလို့ကို ခံစားဘို့မလိုဘူးတဲ့။

ကိုယ်ကလည်း အဖေ့သွေး အပြည့်နဲ့ အဖေဒီလို စိတ်မောလူမောဖြစ်နေရတာတွေက အမေ မမောလို့၊ အမေအရမ်းအေးချမ်းနေလို့ အဖေခမျာ တစ်ယောက်တည်း နှစ်ယောက်စာမောရလို့ ပင်ပန်းနေရှာတယ်ဆိုပြီး အမြဲတမ်း အဖေ ပူသလိုပူ၊ အဖေမောသလိုမော၊ သူခံစားသလိုခံစား၊ သားအဖနှစ်ယောက် ဖေးဖေးမမ မောခဲ့ကြလေသတည်းပေါ့လေ။

ပြီးခဲ့တဲ့ နှစ် ကိုယ်အိမ်ခဏ ပြန်သွားတော့ အဖေက တော်တော်ပြောင်းလဲနေပြီ။ အရင်လို မဟုတ်တော့ဘူး။ ဒေါသတကြီး တုန့်ပြန်တာ၊ ခွင့်မလွှတ်နိုင်တာတွေ လျော့သွားပြီ။ အဖေနဲ့စကားပြောရတာ တမျိုးကြီးပဲ။ အကြောင်းအရာ တစ်ခုကို မကြေလည်ရင် စကားဝိုင်းတွေမှာ ကိုယ်တစ်ယောက်တည်း ငေါလောကြီး ဖြစ်နေသလိုလို။ ဆန္ဒတွေစောနေသလိုလို။ အလိုမကျမှုတွေ များနေသလိုလို။ ကိုယ်ကိုကြည့်ပြီး အဖေက "လောကကြီးမှာ ဒီလောက် အရေးကြီးတဲ့ ကိစ္စမျိုး ရှိသလား" တဲ့။ ပြာယာခတ်နေလို့ စိတ်တိုနေလို့။ အမယ်... အဲဒါသူ့ကိုကြည့်ပြီးတတ်ခဲ့တာတွေကြီးပဲ။ သူအဲလိုကြီး မေးလိုက်တော့ စိတ်ဆိုးလိုက်တာ။ သင်းကွဲမျောက်လေး ငါပါဆိုပြီး ၀မ်းပမ်းတနည်း။

အခုနောက်ပိုင်း တစ်နှစ်ကြာလာတော့ ကိုယ့်ကို ထိခိုက်အောင်လုပ်တဲ့သူတွေပဲ များလာလို့လား။ အသိတရားလေးရှိလာလို့လား။ ရှေ့ကပင်တိုင်မြှောက်ပေးနေတဲ့ အဖေပဲမရှိတော့လို့လား၊ ကိုယ်နေတဲ့ အိမ်ရှင်အစ်မက အမြဲ တရားခွေတွေဖွင့်နေလို့လား၊ ဘယ် "လား" ကြောင့်လဲမသိဘူး။ ကိုယ့်စိတ်ကို မထိခိုက်အောင် နေတတ်လာပြီ။ စိတ်ထဲမှာလည်း ဪ... အမေပြောတာမှန်သားပဲ။ "သိ" နေဘို့ပဲလိုတယ်။ သိအောင်ကြိုးစားခြင်းဟာ ညံ့တာမဟုတ်ဘူး။ တော်တာလို့ တွေးမိလာပြီ။ စိတ်ထိခိုက်စရာ တစ်ခုခုဖြစ်ရင် ကိုယ့်စိတ်ကို သူများလာမထိုးနှက်နိုင်အောင်ကာကွယ်တတ်လာပြီ။ အရင်တုန်းကလို သူများတစ်ခုခုခုလုပ်လိုက်တာနဲ့ ကိုယ့်စိတ်က ရဲကနဲ ဒေါသထွက်လိုက်၊ ပူလိုက်၊ အေးလိုက် မဖြစ်တော့ဘူး။ စိတ်ထဲမှာ အမေက "အ" တယ်၊ သူများလုပ်သမျှခံတယ်လို့ အဖေ့ပြောခဲ့တာတွေ မှားနေသလိုလို၊ အမေကဘယ်တော့မှ သူများထိုးနှက်လို့မရတာ နည်းနည်းသိလာပြီ။ ကိုယ့်သာသူများထိုးနှက်သမျှ လိုက်ပြီး ဒေါသထွက်၊ တုံ့ပြန်နေလို့ ခံနေရတဲ့ ကောင်ပါလားလို့ ၀ိုးတိုးဝါးတား မြင်လာသလိုလို၊ ရေးတေးတေး သိလာသလိုလို၊ ပြဿနာတစ်ခုခု၊ ဒါမှမဟုတ် စိတ်ဆင်းရဲစရာ တစ်ခုခု ကြုံလာရင် "အမေသာဆိုရင် ဘာပြောမလဲ" လို့သိချင်လာတယ်။ အမေ့ ဖြေရှင်းနည်းကို ကြားချင်သလိုလို။ ရိုးရိုးသားသားဝန်ခံရရင်တော့ အမေ့လို့ နှလုံးသားမျိုးလေး ပိုင်ဆိုင်ချင်လာတယ်။ အဖေ့စကားအတိုင်းဆိုရင်တော့
"အမေလို့ပဲ အ ချင်လာတယ်" ပေါ့လေ။

12 comments:

Andrew said...

nice post !
we are supporting bro :)

Thet Htar Khin said...

Valuable post!

Ko Hein said...

Yeah! really nice post!
Thanks!

nu-san said...

ဖတ်လို့ကောင်းတယ်.. ဖတ်ရင်းလေ ကိုယ့်ကိုကိုယ် မြင်နေရသလိုပဲ.. အမလည်း စိတ်တို စိတ်ဆိုး ဒေါသထွက်လွယ်လွန်းလို့.. အဖေကဆို နင်ကြည့်ရတာ ငယ်ငယ်နဲ့ အသက်တိုမယ့်ပုံလို့ပြောတယ်.. အခုတော့ အသက်အရွယ်ကြောင့်ဖြစ်မယ်.. သိပ်ပြီး ခံစားမနေတော့ဘူး.. ပြီးတော့လည်း ဘာသိဘာသာနေတတ်လာတယ်ပြောရမယ်.. see and be seen မေမေလို ကိုယ့်စိတ်ကို အေးချမ်းအောင် နေမယ်ဆိုရင် ဒါလည်း ချမ်းသာသုခ တစ်မျိုးပဲ.. ကိုယ့်ကိုကိုယ်သိနေမှတော့ တဖြည်းဖြည်းချင်း ကြိုးစားပြင်ယူကြတာပေါ့.. :)

ထက်စုနှင်းဆီ said...

ဘာရေးရေး သိပ်ကောင်းတယ်..
ဆင်ခြင်တော့မယ်..လို့.... စဉ်းစားမိတယ်..

ZT said...

ကျွန်တော်လည်း အဲဒီလို သိဖို့ ကြိုးစားနေတာတော့ ကြာပြီ။ ဒါပေမယ့် အဲဒီ သိ ဖို့ကို ခဏခဏ မေ့တယ်။

ThuHninSee said...

ကောင်းလိုက်တဲ့ပို့စ်။
ZTပြောသလိုပဲ.။
သိဖို့ ကြီးစားရင်း.. သိဖို့အားထုတ်ရင်းနဲ့ပဲ .......

စူး said...

အရမ်းကောင်းတယ်..။

ရွက်လွင့်ခြင်း said...

မှတ်သားစရာပါပဲဗျာ
မမြင်နိုင်တဲ့ တစ်ချို့ ကို ဖော်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

Myagreen said...

I miss my mother because of your post. My father also very easy to anger when he faced the problem. My mother always said to my father, “the other one mistake will be happened your mistake because of your anger”.
Sorry for my bad English. I cant write MM font at the office. :)

ခရေညို said...

အရမ်းကောင်းတယ်
ဒါဖတ်ပြီး အမေ ကိုတောင်ပိုလွမ်းမိသား။

ခင်မင်းဇော် said...

ဟုတ်တယ်..
အမလဲ ခုနောက်ပိုင်း နှစ်တွေမှာ အဲလိုနည်းနည်း ဖြစ်လာပြီ။
သူများပြောရင် သိပ်မခံစားရတော့ဘူးးး အသက်ကြီးလာတာလဲ ဖြစ်နိုင်တယ်.. ငယ်တုန်းကတော့ သိပ်သွေးဆူလွယ်ခဲ့တယ်...တချို့ ကိုယ်ငယ်တုန်းက ဆုံးဖြတ်ခဲ့တာတွေကို ခုနေ တခါပြန်ဆုံးဖြတ်ရရင် တမျိုးပြောင်းလဲ သွားနိုင်တယ်လို့တောင် မြင်ယောင်နေမိတော့တယ်။ ဒီပို့စ်ဖတ်ရတာ စိတ်ထဲ ကျေနပ်လိုက်တာ...