Sunday, June 17, 2007

ကျောင်းနေပျော်သော၊ စာတော်သော...



စင်္ကာပူနိုင်ငံရဲ့ မူလတန်းကျောင်းလေးတွေမှာ ချစ်စရာကောင်းတဲ့ ပွဲလေးတစ်ခုရှိပါတယ်။ ကျောင်းစနေတဲ့ ကလေးလေးတွေ အတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲလေးပါ။ ဒီမှာတော့ Junior Investiture Day လို့ခေါ်ပါတယ်။

ဒီနိုင်ငံမှာ Primary 1 စတက်ရတဲ့ ကလေးတွေရဲ့ ပထမဆုံးနေ့က Primary 1 Orientation Day ပါ။ ကျောင်းတစ်ကျောင်း နှင့် တစ်ကျောင်း ပြုမူဆောင်ရွတ်ပုံခြင်း တူမှာ မဟုတ်ပေမဲ့ ကလေးငယ်တွေကို မိဘသဖွယ် ဂရုစိုက်တာခြင်းတော့ တူမှာပါ။ ကျွန်တော်တွေ့ရတဲ့ ကျောင်းမှာတော့ ကလေး တွေအားလုံးဟာ ကျောင်းစတက်တဲ့ ပထမဆုံးနေ့ နေ့လည် ၁၂:၀၀ မှာ Assembly Area မှာ တန်းစီကြရပါတယ်။ ကိုယ့်အတန်းလိုက် သက်ဆိုင်ရာနေရာမှာ စီရတာပါ။ မိဘတွေအားလုံး က စည်းအပြင်ဘက် ကနေ ရပ်ကြည့်နေရပါတယ်။ Video ရိုက်တဲ့ မိဘကတစ်မျိုး၊ ဓါတ်ပုံရိုက်တဲ့မိဘကတစ်မျိုး၊ အတွေ့အကြုံသစ်ကို ရင်ခုန်နေတဲ့ မိမိရင်သွေးကို နည်းမျိုးစုံနဲ့ မှတ်တမ်းတင်နေကြပါတယ်။ ကျောင်းအုပ်ကြီးအပါအ၀င် ဆရာ၊ ဆရာမ တွေအားလုံး၊ သက်ဆိုင်ရာ Primary 1 ဘာသာရပ်ဆိုင်ရာ Department Heads တွေအားလုံး၊ School Safety Manger ၊ Discipline Master တွေအားလုံး ကလေးတွေရဲ့ ကျောပိုးအိတ်လေးတွေကို ကူသယ်ပေးရင်း၊ ရေဗူးလေးတွေကို နေရာချပေးရင်းနဲ့ ကလေးအားလုံးရဲ့ရင်ကို နွေးထွေးစေပါတယ်။

ထူးခြားတာကတော့

ကလေးတစ်ယောက်တစ်လေမှ ငိုကြွေးခြင်းမရှိတာပါပဲ။ မြန်မာပြည်မှာတော့ ကျောင်းစတက်တဲ့နေ့ဟာ တချို့ကလေးတွေက ငို၊ မိခင်တွေက မျက်ရည်ဝဲ၊ ဆရာမတွေက ချော့တခါ၊ ခြောက်တလှည့်နဲ့ တော်တော်အလုပ်ရှုပ်ကြရတာပါ။ ဒီမှာတော့ မိဘတွေက video ရိုက်၊ ကလေးတွေက ပြုံးပြလိုက်၊ လက်ထောင်ပြလိုက်၊ တာတာ့ပြလိုက်နဲ့ ပျော်ရွှင်နေကြလေရဲ့။

ကလေးအားလုံးတန်းစီပြီးတဲ့အခါ သက်ဆိုင်ရာအတန်းပိုင်ဆရာမက သူတို့လေးတွေရဲ့ အတန်းဆီကို ဦးဆောင်ခေါ်ယူသွားပါတယ်။ မိဘတွေကတော့ Parent Area ကနေပဲ ရပ်ကြည့်နေကြရပါတယ်။ အတန်းတွေထဲကို ၀င်ခွင့် မရှိပါဘူး။

ကလေးတွေရဲ့ Classroom က အရမ်းချစ်စရာကောင်း ပါတယ်။ Smart Board နဲ့၊ Computer နဲ့၊ ကလေးအရုပ်မျိုးစုံ၊ ကစားစရာမျိုးစုံနဲ့၊ ကစားကွင်းနဲ့တောင်တူနေလေရဲ့။ မုန့်စားဆင်းချိန်မှာတော့ Primary 5 ကလေးတစ်ယောက်ချင်းစီက Primary 1 ကလေးတစ်ယောက်ချင်းစီကို တာဝန်ယူပြီး မုန့်လိုက်ကျွေးရပါတယ်။ Canteen ကိုလိုက်ပို့ပေးရပါတယ်။ ကစားကွင်းတွေ၊ ကျောင်းထဲက ပန်းခြံတွေကိုလိုက်ပြပေးကြရပါတယ်။ ယုယုယယနဲ့ မုန့်ကျွေးပြီးဆော့ကစားနေကြတာ အလွန်ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတွေပါပဲ။

ကျောင်းမှာရှိတဲ့ IT Department ကဒီ Primary 1 ကလေးတွေရဲ့ တနေကုန်ပြုမူလှုပ်ရှားပုံတွေကို Camera ၃၊ ၄ လုံးနဲ့ မှတ်တမ်းတင်နေပါတယ်။ သူတို့သွားလေရာ လိုက်ပြီးကလေးတွေရဲ့ လှုပ်ရှားမှု တွေအားလုံးကို မှတ်တမ်းတင် ရိုက်ကူးနေကြတာပါ။

ကလေးတွေက သူတို့အတန်းပိုင်ဆရာမတွေကို ချစ်လဲချစ်၊ ကြောက်လဲကြောက်ပါတယ်။ ကြိမ်လုံးနဲ့ ရိုက်ခွင့်မရှိတဲ့အတွက် ဆရာမတွေခမျာ တော်တော်ပင်ပန်းရှာပါတယ်။ သူတို့ကတော့ သင်္ကေတတွေနဲ့ ကလေးတွေကို ထိန်းပါတယ်။ ဆရာမကလက်ကိုမြှောက်ပြလိုက်တဲ့အခါ ကလေးအားလုံးက လိုက်ပြီးလက်မြှောက်ရပါတယ်။ ဆရာမက One လို့ဆိုလိုက်ရင် သူတို့အားလုံးပါးစပ်တွေပိတ်ရပါတယ်။ Two လို့ဆိုရင်တော့ လက်ပိုက်ပြီးသားဖြစ်သွားပြီး Three လို့ဆိုလိုက်ရင်တော့ သူတို့အားလုံးရဲ့မျက်လုံးတွေဟာ ဆရာမကိုပဲ ကြည့်ရပါတယ်။ ဒီစည်းကမ်းကို မလိုက်နာရင် အတန်းရှေ့ထွက်ပြီး မတ်တပ်ရပ်တာတို့၊ အတန်းအပြင်ထွက်ပြီး နေရတာတို့ စတဲ့ ဒဏ်ပေးတာတွေလုပ်ပါတယ်။ ကလေးတော်တော်များများကတော့ ဆရာမလက်မြှောက်လိုက်တာနဲ့ စကားပြောနေတာတွေရပ်၊ သူတို့ဆော့နေတာတွေရပ်ပြီး ဆရာမကို ကြည့်လက်မြှောက်လိုက်ကြတာပါပဲ။ ဒီအပြုအမူလေးတွေက အရမ်းချစ်စရာကောင်းပါတယ်။

Junior Investiture Day ကိုကလေးတွေကျောင်းစတက်ပြီး ၃ ပတ်လောက်မှာ မိဘတွေအားလုံးကို ဖိတ်ကြားပြီး ကျင်းပပါတယ်။ ပွဲစ စခြင်းမှာကလေးအားလုံးနဲ့ သက်ဆိုင်ရာ ဆရာ၊ဆရာမတွေနေရာယူပါတယ်။ ပြီးရင်တော့ ကလေးတွေရဲ့ emotion တွေကို ရိုက်ကူးထားတဲ့ video ကိုပြပါတယ်။ မိဘတွေ တ၀ါးဝါးနဲ့ ပျော်ရွှင်တဲ့အချိန်ပါပဲ။ တချို့ကလေးတွေက သူတို့ကို video သွားရိုက်ရင် အိုက်တင်အမျိုးမျိုး ပြန်လုပ်ပြပါတယ်။ အတန်းထဲမှာ စာသင်နေတဲ့ အချိန်တွေ၊ ကစားနေတာတွေ၊ မုန့်စားနေတာတွေ အားလုံး မိဘတွေက မြင်ကြရပါတယ်။ အဲဒီနောက်မှာတော့ ကျောင်းအုပ်ကြီးက မိန့်ခွန်းတိုလေး ပြောပါတယ်။ ဆရာမတွေနဲ့ ကလေးတွေရဲ့ ဓါတ်ပုံတွေကို Slide Show နဲ့ပြပါတယ်။ နောက်ဆုံးမှာတော့ ကလေးတွေက Primary 5 ကလေးတွေနဲ့အတူ Voices That Care ဆိုတဲ့ သီချင်းကို မတ်တပ်ရပ်ပြီး သီဆိုပြကြပါတယ်။ ဟန်အမူအရာအပြည့်နဲ့ သီဆိုနေကြတဲ့ ကလေးတွေကိုကြည့်ရတာ အလွန်အားရစရာကောင်းပါတယ်။

ဒီပွဲလေးကို မြင်ရတဲ့အခါ ကိုယ့်နိုင်ငံက ကျောင်းတွေမှာလဲ ဒီလိုလေးလုပ်ရရင်ကောင်းမှာပဲလို့စဉ်းစားမိပါတယ်။ ဒီမှာကလေးတွေက ကျောင်းမှာအရမ်းပျော်ကြတယ်။ ကျောင်းသွားရမှာ ကြောက်တဲ့ကလေး တော်တော်ရှားတယ်။ တချို့ကလေးတွေဆိုရင် ကျောင်းဆင်းပြီးသွားရင်တောင်မပြန်သေးဘဲ Library တွေမှာစာဖတ်နေကြလေရဲ့။

မူလတန်းကတည်းက ကျောင်းမှာပျော်တော့ စာတော်ဖို့လဲ မခဲယဉ်းတော့ဘူးလေ။ တိုးတက်တဲ့ တိုင်းပြည်ရဲ့ ပြယုဂ်တစ်ခုပဲ ထင်ပါရဲ့။ ပညာရေးကို ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်အောင် ကြိုးစားပမ်းစားလုပ်ဆောင်တာခံနေရတဲ့ ကိုယ့်တိုင်းပြည်က ကလေးတွေကို ကရုဏာသက်မိသလို ဒီနိုင်ငံမှာ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ခွင့်ရတဲ့ ကလေးတွေကိုလဲ မုဒိတာပွားမိပါတယ်။ ဒီနိုင်ငံမျိုးမှာကျောင်းထားနိုင်အောင် (ရိုးသားစွာ)ကြိုးစားရုန်းကန်နေကြရရှာတဲ့ ကိုယ့်နိုင်ငံက မိဘတွေ အားလုံးရဲ့ မေတ္တာတရားကိုလဲ လေးစားစွာ ဦးညွှတ်မိပါတော့တယ်။ ။

3 comments:

Rock ရူး။ said...

ကောင်းတယ်ဗျို့......
ရေးပါအုံး..

Anonymous said...

ဒါလေး ဖတ်ရတာ ကြည်နူးစရာ ။

ကျမလည်း စင်္ကာပူက Primary School နဲ့ ပတ်သက်ပြီး အောက်ကလင့်ခ်မှာ နည်းနည်းရေးဖူးသေးတယ် ။ အဲဒီပို့စ်မှာ ဒီပို့စ်ကို လင့်ခ်လုပ်လိုက်ပါတယ် ။

http://gyittu.blogspot.com/2007/06/blog-post_7287.html

See N B Seen said...

ပညာရေးလောကကို စိတ်ဝင်စားသူ အချင်းချင်း တွေ့ရတာ ၀မ်းသာပါတယ်ဗျာ။ အစ်မ ဘလော့ဂ်လဲ စိတ်ဝင်စားစရာကောင်း ပြီး အချက်အလက် လည်း တော်တော် ပြည့်စုံပါတယ် ခင်ဗျာ။