Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

Thursday, June 21, 2007

ကျွန်တော်နှင့်တရုတ်ကုလားဗျူးဆရာများ



ကျွန်တော်အသက် ၂၃ နှစ်မှာ အလုပ်စလုပ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး အလုပ်က IT ကုမ္ပဏီတစ်ခုမှာ စာသင်ရတာပါ။ အဲဒီတုန်းက ကျွန်တော့်အစ်ကိုက အဲဒီကုမ္ပဏီမှာရှိနေတော့ Interview ရယ်လို့ မယ်မယ်ရရ မလုပ်လိုက်ရဘဲ အလုပ်ရတာပါ။ စာသင်ခါစမှာ ချွေးနဲနဲ ပြန်တာကလွဲလို့ အစ်ကို ရှိတဲ့အတွက် စိတ်မပင်ပန်းခဲ့ဘူး ဆိုပါတော့ဗျာ။

ကျွန်တော့်ရဲ့ ဒုတိယအလုပ်ကတော့ အလုပ်ရှင်က အမေရိကားမှာနေပြီး မြန်မာပြည်မှာရှိတဲ့ သူ့အိမ်ကလေးမှာ Project တွေရေးရတာပါ။ လူ ၆ ယောက်ပဲရှိတာပါ။ ဒီအလုပ်ရဘို့ကတော့ စာမေးပွဲဖြေရပါတယ်။ Program တစ်ပုဒ်ရေးပြီးတင်ရပါတယ်။ ဒါကို သူကကြိုက်ပြီဆိုမှ သူ့အိမ်သွားပြီး Pshycho Test ဖြေရပါတယ်။ အဲဒီအဆင့်အောင်သွားမှ Interview က chatting နဲ့ပါ။ Personal question တွေပဲမေးတာပါ။ ဒါနဲ့ပဲ တကယ့် interview ဆိုတဲ့အရသာကို မသိလိုက်ရဘဲ အလုပ်ရပြန်တယ် ဆိုပါတော့ဗျာ။

ကျွန်တော့်ရဲ့ Interview စစ်စစ်ဆိုတာတွေကို စင်္ကာပူရောက်ပြီး

တပတ်ကျော်ကျော်လောက်မှာ စ ဖြေရပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး interviewer ကတရုတ်မတစ်ယောက်ပါ။ သူက Agent ဆိုပါတော့။ သူက ကျွန်တော့် resume ထဲက အချက်အလက်တွေကို ပြန်မေးတယ်။ နည်းပညာဆိုင်ရာ မေးခွန်းလေးကို ရိုးရိုးလေးတွေပဲမေးတာပါ။ Java နဲ့ J2EE ဘာကွာလဲဆိုတာမျိုးပေါ့။ စိတ်လှုပ်ရှားတာရော၊ ရင်တုန်တာရော ပေါင်းပြီး ဖြေခဲ့ရတဲ့ interview ဆိုပါတော့ဗျာ။

ဒုတိယမြောက် interview ကျတော့ ကုလား ၂ ယောက်ဗျ။ ဒီ interview ကတော့ ကျွန်တော့် စိတ်တိုရတဲ့ interview လို့ပြောရမယ်။ ကျွန်တော်ရောက်ပြီး နာရီဝက်လောက်နေတဲ့အထိ ဒီကုလားတွေက ၀င်လိုက်၊ ထွက်လိုက်နဲ့ အလုပ်ရှုပ်နေကြတာဗျ။ မေးတဲ့အခါကျတော့လဲ သူတို့ကုမ္ပဏီရဲ့ လက်ရှိသုံးနေတဲ့ အကြောင်းအရာတွေနဲ့ ဘာမှမဆိုင်တဲ့ နည်းပညာအသစ်တွေချည်းပဲ လှိမ့်မေးတော့တာပဲ။ ဘာမှန်းညာမှန်းတောင် ကောင်းကောင်းမသိလိုက်ရပဲ ပြီးသွားတဲ့ interview ဆိုပါတော့လေ။

ဟဲဟဲ... တတိယမြောက် interview ကျတော့ ကျွန်တော်နဲနဲ interview ပါးဝလာပြီဆိုရမလားဘဲ။ ကြောက်စိတ်လန့်စိတ်သိပ်မရှိတော့ဘူးဗျ။ ဒီတခါ ကုလားမေးတဲ့ မေးခွန်းအားလုံး ကျွန်တော်ဖြေနိုင်တယ်။ ပျော်ပြီးပြန်လာတဲ့ interview တစ်ခုပေါ့ဗျာ။

စတုထ္ထမြောက် interview ကတော့ ကုမ္ပဏီသေးသေးလေးဗျ။ စုစုပေါင်းလူ ၄ ယောက် လောက်ပဲရှိတယ်။ ကျွန်တော်ကို ရောက်ရောက်ခြင်း စာရွက်နဲ့ဖောင်တိန်နဲ့ပေးပြီး Java နဲ့ Drag And Drop ဘယ်လိုလုပ်ရေးမလဲ..ရေးဆိုပြီး ထွက်သွားပါလေရော။ ကျွန်တော်လဲ ရေးချင်တာတွေရေးပြီး တင်လိုက်တယ်။ ဘာမေးခွန်းမှလဲ မမေးဘူးဗျာ။ တကယ်ပဲ။

ပဉ္စမမြောက် interview ကတော့ သူတို့ရေးထားတဲ့ exam ကိုဖြေရတယ်။ ပြီးတော့ ကျွန်တော့်ကို ၇၅ မှတ်ပဲရလို့ဆိုပြီး မခန့်ဘူးတဲ့ဗျာ။

ကျွန်တော့်ရဲ့ ၆ ကြိမ်မြောက် interview ကတော့ အလွန့်အလွန် ပြုံးရွှင်ဖော်ရွှေတဲ့ ကုလားမဗျ။ Agent ပဲဆိုပါတော့။ သူက Client တစ်ခုနဲ့ ချိတ်ပေးမယ်။ ဖုန်း စောင့်နေပါလို့ပြောတယ်။ ည ၉ နာရီ ခွဲ လောက်ကြတော့ ကုလားတစ်ယောက်က ဖုန်း ဆက်ပြီး ဗျူးလိုက်တာ ၁၁ နာရီ ခွဲ ရောပဲ။ Technical question တွေချည်းပဲ မေးတာ၊ ဖုန်းကိုင်ထားတဲ့ လက်ကိုချွေးပြန်ရောဗျို့။ အဲ ၃ ရက်လောက်နေတော့ offer letter ပေးမယ်ဆိုပြီး ခေါ်ရော။ ပျော်လိုက်သည် ဖြစ်ခြင်းပေါ့ဗျာ။ လေတချွှန်ချွှန်နဲ့ ငါကွ ဆိုပြီးသွားတာပေါ့။ ဟိုလဲရောက်ရော နောက် ၆ လ လောက်နေမှ စပြီးဆင်းရမဲ့ အလုပ်အတွက်တဲ့ဗျာ။ မြန်မာပြည်ပြန်ပြီး ၆ လ နေမှပြန်လာခဲ့တဲ့ဗျာ။ အလုပ်က ၂ နှစ် contract ကို passport လဲသိမ်းဦးမယ်ဆိုပဲ။ ကျွန်တော် မြန်မြန်ပြန်ပြေးလာခဲ့ရတဲ့ မှတ်မှတ်ရရ ဗျူးပါပဲဗျာ။

နောက်ကုလားတစ်ယောက်ကတော့ ဒီထက် ပိုဆိုးရောဗျို့။ သူက ကျွန်တော့်ကို စာသင်နိုင်မလားဆိုပြီးမေးတယ်။ ကျွန်တော်လဲ အလုပ်တစ်ခု မြန်မြန်ရဘို့က အရေးကြီးတော့ သင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော့်ကို သောကြာနေ့မှာ interview လုပ်တယ်။ စနေနေ့ မနက် ၉ နာရီမှာ အစမ်းသဘောနဲ့ အတန်းတစ်ခု သင်ခိုင်းတယ်။ Course မရှိဘူး။ ကိုယ့်ဟာကိုယ်ရေးယူလာခဲ့တဲ့ဗျာ။ ဒါနဲ့ ကျွန်တော်လဲ ၃ နာရီစာပြင်ဆင်ပြီး သွားတယ်ပေါ့ဗျာ။ တကယ်က သူတို့က အတန်းဖွင့်ပြီးသား။ ဆရာမရှိသေးလို့ ကျွန်တော့်ကို ဆွဲခန့်လိုက်တာပေါ့ဗျာ။ စနေနေ့ သင်ပြီးသွားတော့ တနင်္ဂနွေနေ့လဲ သင်လိုက်ပါဦးတဲ့ဗျာ။ တနင်္လာနေ့ကျရင် MOM မှာကျွန်တော့်အတွက် SPass တင်ပေးမယ်လို့ဆိုတယ်။ ကျွန်တော်လဲ ဪ..ငါကံကောင်းလာပြီပေါ့... ဒါနဲ့ စောင့်နေလိုက်တာ တနင်္လာ ၂ ခါပြန်ကုန်သွားပြီ။ ဘာမှလဲ မပြောဘူး။ ကျွန်တော်သွားတိုင်း အလုပ်ရှုပ်ချင်ယောင်ဆောင်နေတော့တာပဲ။ ဒါနဲ့ ကျွန်တော် ဇွတ်ဝင်ပြောတော့မှ သူတို့ကုမ္ပဏီက Quota မပြည့်လို့ မရဘူးတဲ့ဗျာ။ ဒါပေမယ့် ဒီအတန်းကိုတော့ ပြီးအောင် သင်ပေးပါ။ ၂၀% ပေးပါမယ်တဲ့။ ဒါနဲ့ပဲ နောက်ဆုံး ၃၀% နဲ့ဈေးတည့်သွားရောဆိုပါတော့ဗျာ။ ကျွန်တော့်ကို နောက်နေ့မှာ တ၀က်ပေးမယ်။ သင်တန်းပြီးသွားရင် ကျန်ငွေအကုန်ရှင်းပေးမယ် ပေါ့ဗျာ။

နောက်တော့ ကုလားက စရံမပေးပြန်ဘူး။ ကျွန်တော်လဲ သည်းခံနေသေးတယ်။ နောက်နေ့ကြတော့ စာသင်ခန်းမအားလို့ဆိုပြီး ဧည့်ခန်းမှာ ကျွန်တော့်ကို computer မပါဘဲ Java သင်ခိုင်းတယ်။ ကျွန်တော်လဲပေါက်ကွဲပြီး သင်ပြီးသား အချိန်တွေအတွက် ပိုက်ဆံရအောင် တောင်းပြီးပြန်လာခဲ့တော့တယ်။ ကျွန်တော့် သင်တန်းသားတစ်ယောက်ကိုတော့ အပြင်မှာ အလကား သွားသင်ပေးလိုက်တယ်။ သူက SCJP ဖြေဖို့ အချိန်အရမ်းကပ်နေလို့ပါဆိုပြီးတောင်းပန်တာနဲ့။ တကယ်ပါဗျာ... သူတို့နိုင်ငံက ကန့်သတ်ပေးထားတဲ့ အချိန်ကလေး အတွင်းမှာ အလုပ်တစ်ခုရဖို့ အတွက်ကြိုးစားရတာ လူပင်ပန်းတာထက် စိတ်ပင်ပန်းတာက ပိုဆိုးပါတယ်။

ဒီလိုနဲ့ ကျွန်တော်လဲ ၀ါးတားတား interview ၂ ခုလောက်ထပ်ဖြေပြီး အခုလက်ရှိ အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ချိတ်မိသွားပါတယ်။ မိဘလုပ်ကျွေးနိုင်တဲ့ အခြေအနေလေးတစ်ခု ဆိုပါတော့ဗျာ။ မိဘကို ၀ရုံကျွေးနိုင်တာပါ။ အလျှံပယ်တောင် မဟုတ်သေးပါဘူး။ ဒါပေမယ့် ဒီအခြေအနေတစ်ခု ရလာဘို့ ဖြတ်သန်းခဲ့ရတဲ့ ခါးသီးမှုကတော့ မမေ့နိုင်ဘူးဗျာ။ တစ်ယောက်ထဲနေပြီး မရေရာမှုတွေကြားမှာ ရေရာတာလေးတစ်ခုတစ်လေများရှိမလားလို့ ရှာရတဲ့ အချိန်မှာ ဘုရားချည်းလှိမ့်ရှိခိုးနေမိတော့တာပဲ။

Pass ကျလာပြီး collect လုပ်ဘို့ဆေးစစ်တော့လဲ ကျွန်တော့် result က ၂ ပတ်နေတဲ့အထိထွက်မလာပြန်ဘူး။ မဟုတ်တာ မလုပ်ခဲ့ပေမယ့် (ဆေးလိပ်အရမ်းသောက်တာကလွဲလို့) ပုံမှန်မဟုတ်ဘဲ ကြာနေတော့ လူကသွေးပျက်လာပြန်ရော။ ဟာ.. နောက်ဆုံးအဆင့်ရောက်မှ ငါ့ကို ရိုက်ချပြီလားဆိုပြီးအိပ်မပျော်ပြန်ဘူး။ တစ်ယောက်ယောက်နဲ့ စကားပြောရရင် သက်သာမယ်ဆိုတာ သိပေမယ့် ဖုန်းဖိုးနဲ့ ပါလာတဲ့ ပိုက်ဆံလဲ ပြောင်ခါနီးနေပြီ။ ထိုင်လဲမဟုတ်၊ ထလဲမဟုတ်၊ တော်တော်ဆိုးတဲ့ ဘ၀ဗျာ။ အခုအချိန်မှာ အေးအေးဆေးဆေးပြန်ပြောနိုင်ပေမယ့် အဲ့ဒီအချိန်က ပူပင်သောကတွေက အခုစာရေးနေတဲ့ အချိန်မှာတောင် အငွေ့ဟပ်နေတုန်း။ ဘာပဲပြောပြော ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ၁ လ ခွဲတာကာလကို တစ်ယောက်သောသူကတော့ ဂုဏ်ယူပါလိမ့်မယ်။ တော်ပြီပေါ့ဗျာ...နော့။ နာမည်ကြီးကဗျာဆရာကြီးတစ်ယောက်ရဲ့ စကားနဲ့ပြောရင်
ကဗျာတွေ အမှန်လှပေမယ့်
ဒဏ်ကတော့ ပြင်းပါတယ်... ဆိုတာမျိုးလေ။ ။

Sunday, June 17, 2007

ကျောင်းနေပျော်သော၊ စာတော်သော...



စင်္ကာပူနိုင်ငံရဲ့ မူလတန်းကျောင်းလေးတွေမှာ ချစ်စရာကောင်းတဲ့ ပွဲလေးတစ်ခုရှိပါတယ်။ ကျောင်းစနေတဲ့ ကလေးလေးတွေ အတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲလေးပါ။ ဒီမှာတော့ Junior Investiture Day လို့ခေါ်ပါတယ်။

ဒီနိုင်ငံမှာ Primary 1 စတက်ရတဲ့ ကလေးတွေရဲ့ ပထမဆုံးနေ့က Primary 1 Orientation Day ပါ။ ကျောင်းတစ်ကျောင်း နှင့် တစ်ကျောင်း ပြုမူဆောင်ရွတ်ပုံခြင်း တူမှာ မဟုတ်ပေမဲ့ ကလေးငယ်တွေကို မိဘသဖွယ် ဂရုစိုက်တာခြင်းတော့ တူမှာပါ။ ကျွန်တော်တွေ့ရတဲ့ ကျောင်းမှာတော့ ကလေး တွေအားလုံးဟာ ကျောင်းစတက်တဲ့ ပထမဆုံးနေ့ နေ့လည် ၁၂:၀၀ မှာ Assembly Area မှာ တန်းစီကြရပါတယ်။ ကိုယ့်အတန်းလိုက် သက်ဆိုင်ရာနေရာမှာ စီရတာပါ။ မိဘတွေအားလုံး က စည်းအပြင်ဘက် ကနေ ရပ်ကြည့်နေရပါတယ်။ Video ရိုက်တဲ့ မိဘကတစ်မျိုး၊ ဓါတ်ပုံရိုက်တဲ့မိဘကတစ်မျိုး၊ အတွေ့အကြုံသစ်ကို ရင်ခုန်နေတဲ့ မိမိရင်သွေးကို နည်းမျိုးစုံနဲ့ မှတ်တမ်းတင်နေကြပါတယ်။ ကျောင်းအုပ်ကြီးအပါအ၀င် ဆရာ၊ ဆရာမ တွေအားလုံး၊ သက်ဆိုင်ရာ Primary 1 ဘာသာရပ်ဆိုင်ရာ Department Heads တွေအားလုံး၊ School Safety Manger ၊ Discipline Master တွေအားလုံး ကလေးတွေရဲ့ ကျောပိုးအိတ်လေးတွေကို ကူသယ်ပေးရင်း၊ ရေဗူးလေးတွေကို နေရာချပေးရင်းနဲ့ ကလေးအားလုံးရဲ့ရင်ကို နွေးထွေးစေပါတယ်။

ထူးခြားတာကတော့

ကလေးတစ်ယောက်တစ်လေမှ ငိုကြွေးခြင်းမရှိတာပါပဲ။ မြန်မာပြည်မှာတော့ ကျောင်းစတက်တဲ့နေ့ဟာ တချို့ကလေးတွေက ငို၊ မိခင်တွေက မျက်ရည်ဝဲ၊ ဆရာမတွေက ချော့တခါ၊ ခြောက်တလှည့်နဲ့ တော်တော်အလုပ်ရှုပ်ကြရတာပါ။ ဒီမှာတော့ မိဘတွေက video ရိုက်၊ ကလေးတွေက ပြုံးပြလိုက်၊ လက်ထောင်ပြလိုက်၊ တာတာ့ပြလိုက်နဲ့ ပျော်ရွှင်နေကြလေရဲ့။

ကလေးအားလုံးတန်းစီပြီးတဲ့အခါ သက်ဆိုင်ရာအတန်းပိုင်ဆရာမက သူတို့လေးတွေရဲ့ အတန်းဆီကို ဦးဆောင်ခေါ်ယူသွားပါတယ်။ မိဘတွေကတော့ Parent Area ကနေပဲ ရပ်ကြည့်နေကြရပါတယ်။ အတန်းတွေထဲကို ၀င်ခွင့် မရှိပါဘူး။

ကလေးတွေရဲ့ Classroom က အရမ်းချစ်စရာကောင်း ပါတယ်။ Smart Board နဲ့၊ Computer နဲ့၊ ကလေးအရုပ်မျိုးစုံ၊ ကစားစရာမျိုးစုံနဲ့၊ ကစားကွင်းနဲ့တောင်တူနေလေရဲ့။ မုန့်စားဆင်းချိန်မှာတော့ Primary 5 ကလေးတစ်ယောက်ချင်းစီက Primary 1 ကလေးတစ်ယောက်ချင်းစီကို တာဝန်ယူပြီး မုန့်လိုက်ကျွေးရပါတယ်။ Canteen ကိုလိုက်ပို့ပေးရပါတယ်။ ကစားကွင်းတွေ၊ ကျောင်းထဲက ပန်းခြံတွေကိုလိုက်ပြပေးကြရပါတယ်။ ယုယုယယနဲ့ မုန့်ကျွေးပြီးဆော့ကစားနေကြတာ အလွန်ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတွေပါပဲ။

ကျောင်းမှာရှိတဲ့ IT Department ကဒီ Primary 1 ကလေးတွေရဲ့ တနေကုန်ပြုမူလှုပ်ရှားပုံတွေကို Camera ၃၊ ၄ လုံးနဲ့ မှတ်တမ်းတင်နေပါတယ်။ သူတို့သွားလေရာ လိုက်ပြီးကလေးတွေရဲ့ လှုပ်ရှားမှု တွေအားလုံးကို မှတ်တမ်းတင် ရိုက်ကူးနေကြတာပါ။

ကလေးတွေက သူတို့အတန်းပိုင်ဆရာမတွေကို ချစ်လဲချစ်၊ ကြောက်လဲကြောက်ပါတယ်။ ကြိမ်လုံးနဲ့ ရိုက်ခွင့်မရှိတဲ့အတွက် ဆရာမတွေခမျာ တော်တော်ပင်ပန်းရှာပါတယ်။ သူတို့ကတော့ သင်္ကေတတွေနဲ့ ကလေးတွေကို ထိန်းပါတယ်။ ဆရာမကလက်ကိုမြှောက်ပြလိုက်တဲ့အခါ ကလေးအားလုံးက လိုက်ပြီးလက်မြှောက်ရပါတယ်။ ဆရာမက One လို့ဆိုလိုက်ရင် သူတို့အားလုံးပါးစပ်တွေပိတ်ရပါတယ်။ Two လို့ဆိုရင်တော့ လက်ပိုက်ပြီးသားဖြစ်သွားပြီး Three လို့ဆိုလိုက်ရင်တော့ သူတို့အားလုံးရဲ့မျက်လုံးတွေဟာ ဆရာမကိုပဲ ကြည့်ရပါတယ်။ ဒီစည်းကမ်းကို မလိုက်နာရင် အတန်းရှေ့ထွက်ပြီး မတ်တပ်ရပ်တာတို့၊ အတန်းအပြင်ထွက်ပြီး နေရတာတို့ စတဲ့ ဒဏ်ပေးတာတွေလုပ်ပါတယ်။ ကလေးတော်တော်များများကတော့ ဆရာမလက်မြှောက်လိုက်တာနဲ့ စကားပြောနေတာတွေရပ်၊ သူတို့ဆော့နေတာတွေရပ်ပြီး ဆရာမကို ကြည့်လက်မြှောက်လိုက်ကြတာပါပဲ။ ဒီအပြုအမူလေးတွေက အရမ်းချစ်စရာကောင်းပါတယ်။

Junior Investiture Day ကိုကလေးတွေကျောင်းစတက်ပြီး ၃ ပတ်လောက်မှာ မိဘတွေအားလုံးကို ဖိတ်ကြားပြီး ကျင်းပပါတယ်။ ပွဲစ စခြင်းမှာကလေးအားလုံးနဲ့ သက်ဆိုင်ရာ ဆရာ၊ဆရာမတွေနေရာယူပါတယ်။ ပြီးရင်တော့ ကလေးတွေရဲ့ emotion တွေကို ရိုက်ကူးထားတဲ့ video ကိုပြပါတယ်။ မိဘတွေ တ၀ါးဝါးနဲ့ ပျော်ရွှင်တဲ့အချိန်ပါပဲ။ တချို့ကလေးတွေက သူတို့ကို video သွားရိုက်ရင် အိုက်တင်အမျိုးမျိုး ပြန်လုပ်ပြပါတယ်။ အတန်းထဲမှာ စာသင်နေတဲ့ အချိန်တွေ၊ ကစားနေတာတွေ၊ မုန့်စားနေတာတွေ အားလုံး မိဘတွေက မြင်ကြရပါတယ်။ အဲဒီနောက်မှာတော့ ကျောင်းအုပ်ကြီးက မိန့်ခွန်းတိုလေး ပြောပါတယ်။ ဆရာမတွေနဲ့ ကလေးတွေရဲ့ ဓါတ်ပုံတွေကို Slide Show နဲ့ပြပါတယ်။ နောက်ဆုံးမှာတော့ ကလေးတွေက Primary 5 ကလေးတွေနဲ့အတူ Voices That Care ဆိုတဲ့ သီချင်းကို မတ်တပ်ရပ်ပြီး သီဆိုပြကြပါတယ်။ ဟန်အမူအရာအပြည့်နဲ့ သီဆိုနေကြတဲ့ ကလေးတွေကိုကြည့်ရတာ အလွန်အားရစရာကောင်းပါတယ်။

ဒီပွဲလေးကို မြင်ရတဲ့အခါ ကိုယ့်နိုင်ငံက ကျောင်းတွေမှာလဲ ဒီလိုလေးလုပ်ရရင်ကောင်းမှာပဲလို့စဉ်းစားမိပါတယ်။ ဒီမှာကလေးတွေက ကျောင်းမှာအရမ်းပျော်ကြတယ်။ ကျောင်းသွားရမှာ ကြောက်တဲ့ကလေး တော်တော်ရှားတယ်။ တချို့ကလေးတွေဆိုရင် ကျောင်းဆင်းပြီးသွားရင်တောင်မပြန်သေးဘဲ Library တွေမှာစာဖတ်နေကြလေရဲ့။

မူလတန်းကတည်းက ကျောင်းမှာပျော်တော့ စာတော်ဖို့လဲ မခဲယဉ်းတော့ဘူးလေ။ တိုးတက်တဲ့ တိုင်းပြည်ရဲ့ ပြယုဂ်တစ်ခုပဲ ထင်ပါရဲ့။ ပညာရေးကို ဆုတ်ယုတ်သည်ထက် ဆုတ်ယုတ်အောင် ကြိုးစားပမ်းစားလုပ်ဆောင်တာခံနေရတဲ့ ကိုယ့်တိုင်းပြည်က ကလေးတွေကို ကရုဏာသက်မိသလို ဒီနိုင်ငံမှာ ပျော်ရွှင်အေးချမ်းစွာ ပညာသင်ခွင့်ရတဲ့ ကလေးတွေကိုလဲ မုဒိတာပွားမိပါတယ်။ ဒီနိုင်ငံမျိုးမှာကျောင်းထားနိုင်အောင် (ရိုးသားစွာ)ကြိုးစားရုန်းကန်နေကြရရှာတဲ့ ကိုယ့်နိုင်ငံက မိဘတွေ အားလုံးရဲ့ မေတ္တာတရားကိုလဲ လေးစားစွာ ဦးညွှတ်မိပါတော့တယ်။ ။

Sunday, June 10, 2007

စိတ်ကူးထဲက စိတ်ကူး

အခုတလော... ကလေး ၁ လ ပြည့် မွေးနေ့ ၃၊ ၄ ခုလောက် သွားရတယ်။ အဲဒီက အပြန်လမ်းမှာ စဉ်းစားမိတာက "ငါ့မှာသာ ကလေးလေး တစ်ယောက်ရှိရင်..."
ဘယ်လိုစိတ်ဓါတ်မျိုးရှိစေချင်လဲ ဘယ်လိုသတ္တိမျိုး ပိုင်ဆိုင်စေချင်လဲ ဆိုပြီး ဖခင်တစ်ယောက်ရဲ့ အတွေးမျိုး စိတ်ကူးယဉ်ကြည့်မိတယ်။

စိတ်ကူးထဲက ကျွန်တော့်ရင်သွေးသည်...


  • မေတ္တာကိုရယူပိုင်ဆိုင်ရဲသူ၊ ပေးဆပ်ရဲသူ

  • အနိုင်ယူဝံ့သူ၊ အရှူံးကိုလက်ခံဝံ့သူ

  • အမှန်ကိုမြတ်နိုးသူ၊ အမှားကိုဝန်ခံရဲသူ

  • ဖြောင့်မတ်သူ၊ ကလိန်ကကျစ်ကိုရွံမုန်းသူ

  • အားနည်းသူကို ဖေးမတတ်သူ၊ အားကြီးသူကို မျက်နှာလို မျက်နှာရ မ လုပ်တတ်သူ

  • အခွင့်အရေးကို အချောင်မယူတတ်သူ၊
  • ရသင့်ရထိုက်သင့်သောအခွင့်အလမ်းကိုလက်မလွတ်စတမ်းကြိုးစားရယူနိုင်သူ

  • အရှက်နှင့် သိက္ခာကို နားလည်တန်ဖိုးထားသူ၊ ဒူးမထောက်စတမ်း ရပ်တည်ရဲသူ

  • ကြင်နာခြင်း နှင့် ပြတ်သားခြင်းကို ခွဲခြားနားလည်သူ

  • ရယူပိုင်ဆိုင်နိုင်စွမ်းသူ၊ စွန့်လွှတ်အနစ်နာခံရဲသူ

  • တပါးသူထိခိုက်စေသော အတ္တမှကင်းရှင်းသူ၊ တပါးသူချမ်းသာစေသောပရကို မြတ်နိုးသူ

  • မိသားစုဘ၀ကို ချစ်ခင်တွယ်တာမြတ်နိုးသူ
အဖြစ် ထာဝရ ရှင်သန်စေလိုပေသည်။

ဪ.. စိတ်ကူးယဉ် အတွေးထဲမှာတောင် အဖြူရောင် အတ္တတွေချည်းပါပဲလား။ ။