Saturday, January 12, 2008

အိပ်မက်လှလှမက်ပါစေ



လူသားဆိုတဲ့ဘ၀တစ်ခု အစပြုလိုက်ပြီဆိုကတည်းက ဘယ်နေ့ဘာဖြစ်မယ်၊ ဘယ်လိုဘ၀မျိုးကို ပိုင်ဆိုင်ခွင့်ရမယ်၊ ဘယ်သူနဲ့နေရမယ်၊ ဘယ်နေ့သေရမယ် ဆိုတာတွေက ပါလာပြီးသားတဲ့။ ဒါဆိုရင် ဘ၀မှာ အရမ်းကြိုးစားတဲ့ လူတွေကကြိုးစားချင်တဲ့စိတ် ပါလာပြီးသား၊ ဘာမှကို မလုပ်ချင်တဲ့လူက ဘာမှမလုပ်ချင်တဲ့ စိတ်ကလေး ပါလာတာမျိုးလား။ မမြင်နိုင်တဲ့ ကံကြမ္မာ အဆိုးကောင်းတွေ ဘယ်လိုပဲ ကြိုတင်ပြဌာန်းနေပါစေ၊ လူတွေကတော့ ကိုယ့်စိတ်ကူးထဲက အိပ်မက်လေးတွေကို မဖြစ်ဖြစ်အောင်ကြိုးစားရင်း နေ့စဉ်ဘ၀မှာ နေထိုင်ကြရတာပါပဲ။ ကျွန်တော်ဆိုတဲ့ အမိုက်အမဲလေးလည်း ၂၀၀၈ ရောက်သည့်တိုင် အိပ်မက်ထဲမှာ စမ်းတ၀ါးဝါး လျှောက်လှမ်းနေဆဲ။ လွတ်လပ်ပေါ့ပါးစွာ ရယ်မောနိုင်ဘို့ ကြိုးစားနေဆဲ။ ပြုမိမှားတဲ့ အပြစ်အနည်းငယ် လျော့ပေါ့ခွင့်ရဘို့ လျှောက်လဲနေဆဲ။ လူသားဖန်တီးတဲ့ သက္ကရာဇ်ဆိုတာက လူသားတွေကို နေ့တိုင်းပြန်စား၊ အသက်ကို အစားခံရမယ့် အတူတူ လိပ်ပြာသန့်သန့်ကျွေးနိုင်ဘို့ ကြိုးစားနေဆဲ။

ဘ၀တစ်လျှောက်လုံး မက်နေခဲ့တဲ့ ကိုယ့်အိပ်မက်လေးတွေကို ပြန်စဉ်းစားကြည့်တော့ တချို့ကိုလဲ လုံးဝမဖြစ်လာနိုင်ပါဘူးဆိုပြီး ပယ်ဖျက် (ဥပမာ Professional Guitarist ဖြစ်ချင်တာမျိုး၊ F16 Pilot ဖြစ်ချင်တာမျိုး)၊ ဖြစ်နိုင်ချေရှိတာလေးတွေအားတင်း။ ဖြစ်ပြီးသွားတဲ့ အိပ်မက်လေးတွေအတွက် ပျော်ရွှင်ကျေနပ်။ ဘ၀ဆိုတာ ကိုယ်ဖြစ်ကိုယ်ခံ ဆိုပေမယ့် တခါတလေတော့ ကျေနပ်စရာကောင်းပါတယ်လေ။
ကျွန်တော့်ဘ၀ရဲ့ အကြီးမားဆုံးအိပ်မက်က စာသင်ကျောင်းလေးတစ်ခုပိုင်ဆိုင်ချင်တာပါ။ အဲဒီစာသင်ကျောင်းလေးကို အေးမြတဲ့ မြန်မာပြည်ရဲ့ တောင်ပေါ်ဒေသ တစ်ခုခုမှာ ဖွင့်ချင်တယ်။ မိဘမဲ့ကလေးတွေချည်းပဲတက်ရောက်ခွင့်ရှိပြီး အဆင့်မြင့် IT ပညာနဲ့ အင်္ဂလိပ်စာကို အဓိက သင်ကြားပေးမယ့် နိုင်ငံတကာစံချိန်မီ ကျောင်းမျိုးလေးပေါ့။
ဪ...အိပ်မက်ပါဆိုဗျာ။ ရယ်စရာလဲဖြစ်ချင်ဖြစ်မှာပေါ့။ ခင်ဗျားရယ်လိုက်တာနဲ့ ကျွန်တော်ပြောနေတာဘယ်ရောက်သွားပါလိမ့်။ အဲ... ကျွန်တော့်ကျောင်းလေးမှာ ကလေးတွေက တူညီဝတ်စုံဝတ်ကြရမယ်။ မိန်းကလေးရော၊ ယောကျာင်္းလေးရော၊ အင်္ကျီအဖြူ လေးတွေနဲ့၊ ဘောင်းဘီနက်ပြာရောင်နဲ့။ ဆံပင်လေးတွေ သပ်သပ်ရပ်ရပ်ဖြီးလို့၊ ဖွာလန်ကြဲမနေရဘူး။ ဆရာ၊ ဆရာမကို တွေ့ရင် ခေါင်းညွတ်နှုတ်ဆက်ရမယ်။ ကျောင်းဝင်းထဲမှာ ပန်းခြံနဲ့၊ ခေတ်မီကစားကွင်းနဲ့။ စိတ်စွမ်းအားကောင်းစေဘို့နဲ့ လောကဓံကို ခံနိုင်ရည်ရှိဘို့ တရားထိုင်တဲ့ အချိန်က ၁၅ မိနစ်ပဲဖြစ်ဖြစ် ကလေးအားလုံး
မထိုင်မနေရ။ မိဘမဲ့ ကလေးတွေချည်းပဲ ဆိုပေမယ့် အားငယ်တယ်ဆိုတာ ဘာလဲလို့ မိစုံဖစုံကလေးတွေကို ပြန်မေးကြရမယ့် ကျွန်တော့်ကျောင်းက ကလေးငယ်များ။ ကဲ... အဲဒီလိုကျောင်းလေး ပိုင်ဆိုင်ခွင့်ရခဲ့ရင် ဘယ်လောက်နိပ်မလဲ။ တော်တော်စိတ်ကူးယဉ်လို့ကောင်းတဲ့ ကျွန်တော့် အိပ်မက်လေးပေါ့ဗျာ။


နောက်ပြီးရှိသေးတယ်။ ကျွန်တော် စပျစ်ခြံလဲ ပိုင်ချင်သေးတယ်။ ဪ ခင်ဗျားက ရယ်ပြန်ပြီ။ ဟုတ်တယ်... ၀ိုင်ချက်တဲ့လုပ်ငန်းလေးရှိချင်တာ။ သောက်စရာရိက္ခာအဆင်သင့်ရှိအောင် မဟုတ်ပါဘူးဗျာ။ ကျွန်တော်က အဲဒီလို စိမ်းစိုနေတဲ့ စိုက်ခင်းတွေကြားမှာ လမ်းလျှောက်ရတာကြိုက်တယ်။ တောင်ကြောကြီးတစ်ခုလုံးနီးပါး ပိုင်ဆိုင်ခွင့်ရရင်တော့...
ဒါကတော့ နိုးနေတဲ့အချိန်မက်တဲ့ အိပ်မက်တွေပေါ့လေ။

နိုးတ၀က်ဖြစ်နေတဲ့အချိန်မက်တဲ့ အိပ်မက်တွေလည်းရှိသေးတယ်။ နိုးတ၀က် အိပ်မက်တွေလို့လဲ ဆိုနိုင်တာပေါ့လေ။ မှတ်မှတ်ရရဖြစ်နေတဲ့ အိပ်မက်တွေ၊ ခဏခဏပြန်မက်တဲ့ အိပ်မက်တွေ၊ မကြာမကြာပြန်မက်တဲ့ အိပ်မက်ကတော့ ချောက်ထဲပြုတ်ကျတဲ့ အိပ်မက်ဗျ။ နောက်ကတစ်စုံတစ်ယောက်လိုက်လို့ရှေ့ကပြေးရင်း၊ ပြေးရင်းနဲ့ အမြင့်ကြီးကနေ ပြုတ်ကျသွားတယ်လို့ခံစားရတဲ့ အိပ်မက်မျိုး၊ နောက်... ရေတွေနောက်ကျိနေတာကနေ တဖြည်းဖြည်းကြည်လင်လာပြီး ရေတံခွန်လို တဝေါဝေါစီးကျနေတာမျိုး၊ အဲဒီရေတွေကြားထဲမှာ လမ်းလျှောက်ရတာမျိုး။ ၈တန်းလောက်တုန်းက မက်ဘူးတဲ့ အိပ်မက်ကတော့ ရှမ်းပြည်လို ဒေသထဲက ရှေးဟောင်းဘုရားတွေကြားထဲမှာ ကျွန်တော်ကရောက်နေတာ။ကျွန်တော်လဲ တခြားအဘိုးကြီးနှစ်ယောက်ရယ်၊ မိန်းမကြီးတစ်ယောက်ရယ်နဲ့ မြေကြီးပေါ်မှာ လူးပြီးဖူးခဲ့တာ။ ကျွန်တော်တို့ ပုံမှန်ဖူးတွေ့နေကျ မြတ်စွာဘုရားရဲ့ မျက်နှာတော်ထက်တော်တော်လေး ပိန်သွယ်ပြီး တော်တော်လေး သပ္ပါယ်တယ်လို့ ခံစားခဲ့ဘူးတယ်။

နောက်တစ်ခါ မက်ဖူးတဲ့ အိပ်မက်ကတော့ ဘုရားကြွလာမှာမို့ဆိုပြီး လူတော်များများက အလုပ်တွေရှုပ်နေကြတာ။ ကျွန်တော်ကတော့ စိတ်မ၀င်စားဘူးတဲ့။ သိပ်မကြာပါဘူး။ ရဟန်းတော်တွေ အများကြီးတန်းစီပြီးကြွလာလိုက်တာ။ လူတိုင်းက လက်အုပ်ချီပြီး ရှိခိုးပြီး ဆုတွေတောင်းနေလိုက်ကြတာ။ ကျွန်တော်ကငေးပြီး ဟိုကြည့်ဒီကြည့်လုပ်နေတာတဲ့။ နောက်ဆုံး ကျွန်တော့်ရှေ့ကို ခြေတော်တစ်စုံ ရောက်လာပြီး ကျွန်တော်ကနဖူးနဲ့ ဦးတိုက်ရှိခိုးလိုက်ပြီး မျက်နှာတော်ကို မော်ဖူးလိုက်တော့၊ ဘေးနားကလူတွေက အဲဒါ မြတ်စွာဘုရား၊ မြတ်စွာဘုရား လို့ဝိုင်းအော်ကြသတဲ့။ အဲဒီအချိန်ကျမှ ကျွန်တော်လဲ မျက်ရည်တွေပေါက်ပေါက် ကျပြီး ငိုလိုက်ရတာ။ အိပ်မက်ထဲမှာတော့ ကြည်နူးပြီးငိုတယ်ပေါ့ဗျာ။ ထူးထူးဆန်းဆန်းမက်ဖူးတဲ့ အိပ်မက်တွေဆိုပါတော့လေ။

အဖေ၊အမေ သေဆုံးသွားတယ်လို့အိပ်မက်၊ မက်တုန်းကလဲ လန့်နိုးလာတော့ မဟုတ်ဘူးပဲ ဆိုပြီး ပျော်လိုက်သည်ဖြစ်ခြင်း။ လူတွေက ပျော်ရွှင်ကြည်းနူးရတဲ့ အိပ်မက်ကျတော့ လန့်နိုးမှာကြောက်၊ အိပ်မက်ဆိုးမက်တဲ့ အခါကျတော့ လန့်နိုးသွားရင် တော်ပါသေးရဲ့ ဆိုပြီးပျော်တယ်။

ကိုယ့်ရည်မှန်းချက် အိပ်မက်လေးတွေ အကောင်အထည်ပေါ်လာတော့ ပျော်ရွှင်၊ ပျက်သုံးတဲ့ အခါကျတော့ မေ့ပစ်ချင်လောက်အောင် ခါးသီး။ တချို့လူတွေကျပြန်တော့ စိတ်ကူးအိပ်မက်နဲ့ ညအိပ်မက်တွေ ရောထွေးနေတတ်ကြသေးတယ်။ အိပ်မက်လိုလို၊ တကယ့်ဘ၀လိုလို မပီပြင် ၀ိုးတ၀ါး။ တချို့ကျတော့ အိပ်မက်၊ မက်ချိန်မရှိပါဘူးကွာတဲ့။ တချို့ကတော့ အိပ်မက်မက်မနေနဲ့၊ လုပ်စရာရှိတာလုပ်တဲ့။ တချို့ကျတော့လည်း ထူးထွေဆန်းပြား ရှေ့ဘ၀၊ နောက်ဘ၀တွေအထိမက်လို့။ ကျွန်တော်ကတော့ နိုးနေတဲ့ အခါမှာလည်း အိပ်မက်လေးတွေရှိတယ်။ အိပ်ပျော်တဲ့ အခါလည်း အိပ်မက်လှလှလေးတွေ မက်နေချင်တယ်။

Sunday, December 9, 2007

Apex Harmony Lodge သို့တစ်ခေါက်


စင်္ကာပူနိုင်ငံမှာရှိတဲ့ ဘိုးဘွားရိပ်သာတစ်ခုကို ရုံးကအစီအစဉ်နဲ့ သွားလည်ပြီး မုန့်တွေ၊ ပစ္စည်းတွေ သွားရောက်လှူဒါန်းတဲ့နေ့ကပေါ့။
ရိပ်သာထဲကို ရောက်ရောက်ခြင်း သိကောင်းစရာလေး အနည်းငယ်ကို Slide Show နဲ့ရှင်းပြပါတယ်။ တချို့ အဘိုး၊အဘွားတွေကတော့ မိသားစုဝင်တွေက တစ်ပါတ်တစ်ခါ ဆိုသလို လာကြည့်ပေမယ့် တစ်ချို့ကတော့ လမ်းဘေးက၊ ဆေးရုံကနေ ဆွေမျိုးသားချင်းမရှိ၊ သူ့ကိုယ်သူ ဘယ်သူမှန်းမသိဘဲ ရောက်လာတာလဲရှိသတဲ့။ ထူးထူးခြားခြား အနေနဲ့ သူနာပြုစာရင်းမှာ မြန်မာလူမျိုးက အများဆုံးဖြစ်ပြီး တခြားနိုင်ငံအနေနဲ့ ဖိလစ်ပိုင်နဲ့ မလေးရှား လူမျိုးတွေများပါတယ်။


အဲဒီနောက်တော့ ဧည့်သည်တွေအားလုံးကို ၁၁ ယောက်စီ လူစုခွဲပြီး အဘိုးအဘွားတွေရှိတဲ့နေတဲ့ အခန်းတွေထဲကို လိုက်ပို့ပါတယ်။ ၀န်ထမ်းတွေသာဝင်ခွင့်ရအောင် လုံခြုံရေးတွေကို စီစဉ်ထားတာတွေ့ပါတယ်။ အခန်းတွင်းမှာတော့ အဘွားနှစ်ယောက်ကရှေ့ဆုံးမှာ Wheel Chair နဲ့ TV ထိုင်ကြည့်နေလေရဲ့။ တစ်ယောက်က လက်ထဲမှာ ကလေးရုပ်လေးကို ပွေ့ချီပြီး ၀ူးဝူးဝါးဝါးတွေအော်နေလိုက်တာ။ မြင်မြင်ချင်းလန့်တောင်လန့်သွားမိတယ်။ နောက်တော့မှ သူနာပြုဆရာမလေးက ပြေးလာပြီး အရုပ်ကလေးရဲ့ အင်္ကျီလက်တစ်ဖက်ကျွတ်နေတာကို ပြန်ဝတ်ပေးလိုက်တော့ ငြိမ်ပြီး ကလေးရုပ်ကိုပွေ့လို့ ပြုံးနေလေရဲ့။ နောက်အဘွားတစ်ယောက်ကတော့ ရောင်စုံခဲတံနဲ့ ပုံတွေကို ဆေးချယ်နေတယ်။ လျှောက်ခြစ်နေတယ်ဆို ပိုမှန်ပါတယ်။ အဲဒီနားက စားပွဲဝိုင်းကြီးမှာ အဘိုးအဘွားတွေဝိုင်းထိုင်ပြီး ဆော့တဲ့လူကဆော့၊ ဘောလုံးသေးသေးလေးကို လှိမ့်တဲ့လူကလှိမ့်၊ ကျွတ်ကျွတ်အိတ်တွေကို ဖြန့်လိုက်၊ ခေါက်လိုက် လုပ်တဲ့လူကလုပ်နဲ့။ စကားသွားပြောရင် ပြန်ပြောတဲ့လူရှိသလို၊ ဘာမှမသိတော့တဲ့ အဘိုးအဘွားတွေလဲ အများကြီးပါပဲ။ နေ၀င်ခါနီး ခရီးသည်တွေရဲ့ ဆည်းဆာအိပ်မက် ကိုယ်စီနဲ့ ပေါ့လေ။

တချို့အဘိုးအဘွားတွေကျတော့ အိပ်ယာခင်း၊ လက်သုတ်ပ၀ါလေးတွေကို သူနာပြုလေးတွေကို ကူခေါက်ပေးနိုင်သေးတယ်။ ဧရာမအ၀တ်ပုံကြီးထဲက အင်္ကျီလေးတစ်ထည်၊ လက်ကိုင်ပ၀ါလေးတစ်ထည်ကို ရွေးခေါက်ပြီး အဘွားတစ်ယောက်ကို သွားပေးနေတဲ့ အဘိုးကိုတွေ့တော့ ကြည်နူးပြီး ပြုံးမိတယ်။ အိန္ဒိယအဘိုးတစ်ယောက်ကတော့ ၂ မိနစ်တစ်ခါလောက် အသံကျယ်ကြီးနဲ့ ဟေ့ ဟေ့ လို့အော်နေလေရဲ့။ သူနာပြုဆရာမလေးကို မေးကြည့်တော့ ဧည့်သည်တွေလာရင် အမြဲအော်တယ်တဲ့လေ။ ဒါနဲ့ သူငယ်ချင်းအိန္ဒိယအမျိုးသမီးက သူတို့ ဘာသာစကားနဲ့ သွားနှုတ်ဆက်တော့ တွေတွေလေးပြန်ကြည့်ပြီး တဖက်လှည့် အိပ်ချင်ယောင်ဆောင်နေပါလေရော။ ဘယ်လိုခေါ်ခေါ်ပြန်လှည့်မလာတော့ဘူး။ အော်လည်းမအော်တော့ပြန်ဘူး။

ရိပ်သာက အခန်းလေးတွေက အများအားဖြင့် ရေချိုးခန်း၊ အိမ်သာပါတဲ့ ၄ ယောက်ခန်းလေးတွေပါ။ အခန်းထဲမှာ သံကုတင်ဖြူဖြူလေးတွေနဲ့။ စားပွဲသေးသေးလေးရှိတယ်။ သူနာပြုဆရာမလေးတွေက တော်တော်စိတ်ရှည်တဲ့အပြင် သူတို့တွေရဲ့ အပြုံးလေးတွေက ဒီနိုင်ငံမှာ တော်တော်တွေ့ရခဲတဲ့ အပြုံးမျိုးပဲ။ ပြောရမယ်ဆိုရင် ကလေးပြုစုရေး ကျောင်းနဲ့ ပိုတူပါတယ်။ ဆရာဝန်တွေကလည်း အမြဲတမ်းလာပြီး စောင့်ကြည့်ကုသပေးတယ်။ လေဖြတ်နေတဲ့ အဘိုးအဘွားတွေကလည်း ဆရာမလေးတွေ အကူအညီနဲ့ လေ့ကျင့်ခန်းတွေလုပ်လို့။ အခန်းတွေနဲ့ ပတ်ဝန်းကျင်ကတော့ ဟိုတယ်လေးတစ်ခုလိုပါပဲ။ အဘိုးအဘွားတွေ ကွယ်လွန်သွားရင်တော့ သူတို့ဆီက လေအေးစက်တွေ အများကြီးဖွင့်ထားတဲ့ အခန်းလေးထဲကို ခဏရွေ့ထားတယ်တဲ့။ ပြီးတော့ သက်ဆိုင်ရာသားသမီးတွေ ဆွေမျိုးတွေကို အကြောင်းကြားတယ်။ ဆရာဝန်က လာပြီး သေဆုံးကြောင်း အတည်ပြု လက်မှက်ထိုးပြီးမှ သယ်ဆောင်ခွင့် ရတယ်လို့သိရတယ်။

ကိုယ့်နိုင်ငံမှာတော့ သားသမီးရှိရက်နဲ့ မိဘကို ဘိုးဘွားရိပ်သာသွားထားတဲ့ ယဉ်ကျေးမှု မထွန်းကားသေးတာ ဂုဏ်ယူစရာပါပဲ။ နိုင်ငံခြားတိုင်းပြည်တွေထဲမှာတော့ ဘိုးဘွားရိပ်သာမှာ ပိုက်ဆံပေးပြီး သွားထားနိုင်တာ ချီုးကျူးရမလိုလို၊ ကျေးဇူးပဲတင်ရမလိုလို။ ဂရုစိုက်မဲ့သူ၊ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့ သူတို့အတွက် ပိုအဆင်ပြေသတဲ့လေ။
ရိပ်သာကပြန်ထွက်လာတော့ အပြင်မှာ မိုးဖွဲဖွဲလေးရွာလို့။ အပြန်လမ်းတစ်လျှောက် အတမ်းတမိဆုံးက အဖေနဲ့အမေပါဘဲ။ အသက်ကြီးလာရင် အဖေနဲ့အမေနဲ့ ပြန်ပြီးနေမယ်လို့ စဉ်းစားမိပေမယ့် ကလေးတစ်ယောက်ရဲ့ အသိဥာဏ်လောက်တောင်မရှိတော့တဲ့ လူကြီးလူအိုတွေအများကြီး တွေ့ရတဲ့အခါ ဒီလိုအသက်အရွယ်တွေကို ဘယ်လိုပြုစုစောင့်ရှောက်ရတယ်ဆိုတာ လေ့လာထားသင့်တဲ့ အချက်တစ်ခုပါလားလို့ အံ့သြစွာတွေးမိတယ်။
နောက်ထပ်တစ်ခုတွေးမိတာက ရိပ်သာက သူနာပြုဆရာမလေးတွေက အဘိုးအဘွားတွေ ဘာလုပ်လုပ် အပြုံးချိုချိုနဲ့ တုံ့ပြန်ကြတယ်။ ငါကော အဖေ၊အမေ အတွက် ဒီလောက်ချိုသာတဲ့ အပြုံးလေးကို အမြဲပြုံးပြနိုင်ပါ့မလား ဆိုတဲ့အတွေးပါပဲ။

မြန်မာသူနာပြုဆရာမလေးကို “အစ်မတို့က ဒီလိုနေရာလေးမှာ အလုပ်လုပ်ရတာ ကံကောင်းတယ်နော်။ ကုသိုလ်လဲရ၊ ၀မ်းလဲဝတဲ့ အပြင် နောင်တချိန် ကိုယ့်မိဘကို စောင့်ရှောက်တဲ့ အချိန်ကျရင် ခေတ်မှီမှီ စောင့်ရှောက်နိုင်တဲ့ ပညာလည်းရတယ်” လို့ပြောမိတော့ “ဟုတ်ပါတယ်။ အဖေ၊ အမေကို လွမ်းတဲ့စိတ်နဲ့ ငါ့အဖေ၊အမေ သာဖြစ်ခဲ့ရင် ဆိုပြီး လုပ်ငန်းခွင် တစ်နေ့တာကို ဖြတ်သန်းရတယ်။ အဖေ၊အမေက အသက်ကြီးပြီ။ ဒါပေမယ့် အခုထိ မပြန်နိုင်သေးပါဘူး” တဲ့လေ။
လာတုန်းကလည်း တစ်ယောက်နော်၊ လက်တွဲခေါ်ကာ ဖော်မပါဘူး။ ပြန်သွားတော့လည်း တစ်ယောက်ထဲနော်…. ဆိုပေမယ့် မပြန်ခင် အချိန်ကလေး အို၊နာ၊ဘေး ကို ကျော်လွှားဘို့ အခက်အခဲတွေ အများကြီး ရှိနေပါသေးလားလို့ တွေးမိပြီး အမေ ပြောပြောနေပေမယ့် အလေးအနက် မထားမိခဲ့တဲ့ အိုစာမင်းစာ ဆိုတဲ့ စကားလုံးလေးကို သဘောပေါက်မိတဲ့ နေ့တစ်နေ့ပါပဲ။


ရိပ်သာထဲမှာ ဓါတ်ပုံရိုက်ခွင့် မရှိတဲ့အတွက် ရိပ်သာအပြင်ဖက်က ပုံလေးကို တင်ပေးလိုက်ပါတယ်။

Sunday, October 28, 2007

ဦးရွှေအောင် ၏ အမြင်များပြောင်းလဲခြင်းနှင့် အတွေးအမြင်များစာစုများ မှ ကောက်နှုတ်ချက်

ကောင်းသောအလုပ်ကို လုပ်လျှင် ကောင်းကျိုးကိုရ၍၊ မကောင်းသော အလုပ်ကို လုပ်လျှင် မကောင်းကျိုးကို ရ၏။ ဤသည်မှာ ဓမ္မနိယာမ ဖြစ်၏။ ဤ ဓမ္မနိယာမအတိုင်းဖြစ်အောင် ဓမ္မက ဆောင်ရွက်၏။ သို့ရာတွင် ဓမ္မနိယာမကို ပြောင်းပြန်လုပ်သူများသည် ဤလောက၌ ရှိတတ်၏။ ထိုပုဂ္ဂိုလ်များသည် မကောင်းသောအလုပ်ဖြင့် ကောင်းကျိုးကို ရနေတတ်ကြ၏။ ကောင်းသောအလုပ်ဖြင့် မကောင်းကျိုးကို ရနေတတ်ကြ၏။

ဤသို့ ဓမ္မနိယာမကို ပြောင်းပြန်လုပ်ခြင်းအားဖြင့် ဒုစရိုက်သမားများက ချမ်းသာကြွယ်ဝပြီး သုစရိုက်သမားများက ဆင်းရဲမွဲတေနေသည်ကို မျက်စိအောက်တွင်ပင် တွေ့မြင်နေကြရလေရာ၊ ဓမ္မနိယာမဟူသည် မှန်ကန်မှ မှန်ကန်လေရဲ့လားဟူ၍ ကုသိုလ်နှင့် အကသိုလ်အပေါ် သံသယ ရှိတတ်ကြ၏။


ဤသို့ သံသယရှိသူများတွင် ဗုဒ္ဓဘာသာဝင်များလည်း ပါဝင်ကြ၏။ ထိုသို့ ပါဝင်သော်လည်း သူတို့သည် ကမ္မဿကတာ သမ္မဒိဋ္ဌိ အမည်ခံသူများ ဖြစ်ကြသည့်အားလျော်စွာ ကုသိုလ်နှင့် အကုသိုလ်အပေါ် သံသယရှိကြောင်း ၀စီကံဖြင့်လည်း မဖော်ပြရဲကြ၊ ကာယကံဖြင့်းလည်း မဖော်ပြရဲကြ။ သို့ရာတွင် မနောကံဖြင့်မူ ဖော်ပြနေကြ၏။

ဓမ္မသည် သူ့သဘာဝကို သူဆောင်၏။ သစ္စာသည် ရှေ့နှင့်နောက်ကို မှန်မှန်ကန်ကန်ဖြစ်အောင် ဆက်စပ်ပေး၏။ ရှေ့နှင့် နောက်ဆိုသည်မှာ စိတ်က ကြံစည်သည့်အတိုင်း နှုတ်က ပြောဆိုရာတွင် စိတ်နှင့်နှုတ် ရှေ့နှင့် နောက် ညီညွတ်ခြင်း၊ စိတ်က ကြံစည်သည့်အတိုင်း ကိုယ်က ပြုလုပ်ရာတွင် စိတ်နှင့်ကိုယ် ရှေ့နှင့် နောက် ညီညွတ်ခြင်း၊ နှုတ်က ပြောဆိုသည့်အတိုင်း ကိုယ်က ပြုလုပ်ရာတွင် နှုတ်နှင့်ကိုယ် ရှေ့နှင့် နောက် ညီညွတ်ခြင်းတို့ပင် ဖြစ်၏။ ဤသည်ကိုပင် ‘ကံ’ များအချင်းချင်း သစ္စာရှိသည်ဟု ဆိုရ၏။ ဓမ္မအပေါ် သစ္စာရှိခြင်း ဟူ၍လည်း ဆိုရ၏။

ထိုသို့မဟုတ်ဘဲ စိတ်က တစ်မျိုးကြံ၊ နှုတ်က တစ်မျိုးပြောခြင်းသည် လည်းကောင်း၊ စိတ်က တစ်မျိုးကြံ၊ ကိုယ်က တစ်မျိုးလုပ်ခြင်းသည် လည်းကောင်း၊ နှုတ်က တစ်မျိုးပြော၊ ကိုယ်က တစ်မျိုးလုပ်ခြင်းသည် လည်းကောင်း ‘ကံ’ အချင်းချင်းအပေါ် သစ္စာဖောက်ခြင်း မည်၏။ ကံအချင်းချင်းအပေါ် သစ္စာဖောက်ခြင်းသည်ပင် ဓမ္မအပေါ် သစ္စာဖောက်ခြင်း မည်၏။

သက်ရောက်အားနှင့် တန်ပြန်သက်ရောက်အားတို့၏ နိယာမအရ ပုဂ္ဂိုလ်က ဖြစ်စေ၊ ကံက ဖြစ်စေ ဓမ္မအပေါ် သစ္စာဖောက်ပါက ဓမ္မသည် မလွဲမသွေ တုံ့ပြန်မည် ဖြစ်၏။ ဓမ္မသည် တိုက်ခိုက်ခြင်း ခံရပါက ဓမ္မကလည်း ပြန်လည်တိုက်ခိုက်မည် ဖြစ်၏။ ဤသည်မှာ နိယာမ ဖြစ်၏။ ဤနိယာမကို ဓမ္မသည် မကျော်လွန်နိုင်။
ဓမ္မအပေါ် သစ္စာဖောက်ခြင်းလုပ်ငန်း ဆိုသည်မှာ ဒုစရိုက်လုပ်ငန်းများဖြင့် ကြီးပွားခြင်း ဖြစ်၏။

အမှန်အားဖြင့် ဓမ္မနိယာမအရ အကုသိုလ်လုပ်ငန်းသည် ဆင်းရဲခြင်းအကျိုးကိုသာ ပေးရပြီး၊ ကုသိုလ်လုပ်ငန်းသည်သာ ချမ်းသာခြင်း အကျိုးကို ပေးရမည် ဖြစ်၏။ သို့ပါလျက် ဤလောက၌ အကုသိုလ်လုပ်ငန်းဖြင့် ချမ်းသာခြင်း အကျိုးကို ရရှိကြသူ များစွာကို တွေ့နေရ၏။ သို့ဖြစ်လျှင် အကုသိုလ်သည်လည်း ကောင်းသော အကျိုးကို ပေး၏ ဟူ၍ လည်းကောင်း၊ ကုသိုလ်သည်လည်း မကောင်းသော အကျိုးကို ပေး၏ ဟူ၍ လည်းကောင်း ဆိုရမလို ဖြစ်၏။

အမှန်အားဖြင့် အကုသိုလ်လုပ်ငန်းကြောင့် ကြီးပွားချမ်းသာခြင်းသည် လည်းကောင်း၊ ကုသိုလ်လုပ်ငန်းကြောင့် ဆင်းရဲမွဲတေခြင်းသည် လည်းကောင်း ဓမ္မအပေါ် သစ္စာဖောက်ခြင်းပင် ဖြစ်၏။ ကံနှင့် ကံ၏ အကျိုးတို့ လိုက်လျောညီထွေ မရှိခြင်းသည် ဓမ္မအပေါ် သစ္စာဖောက်ခြင်း မည်၏။ ဓမ္မအပေါ် သစ္စာဖောက်ခြင်းမှန်သမျှ ဓမ္မ၏ ဒဏ်ခတ်ခြင်းကို ခံရမည်မှာ မလွဲမသွေ မှန်လှပေ၏။ သက်ရောက်အားနှင့် တန်ပြန်သက်ရောက်အားတို့၏ နိယာမအရ အပုပ်ချခြင်း ခံရသော ဓမ္မသည် မိမိအပေါ် အပုပ်ချသူအား ပြန်၍ ဒဏ်ခတ်ရသည်မှာ မရှောင်လွဲနိုင်သော နိယာမ ဖြစ်၏။ ထို နိယာမအတိုင်း ဓမ္မက ဒဏ်ခတ်ရသည်မှာ သေချာပါ၏။ သို့ရာတွင် ‘မည်သည့်အချိန် ဒဏ်ခတ်မည်နည်း’ ဟူ၍ အချိန်ကာလနှင့် ပက်သက်ပြီး စဉ်းစားစရာသာ ရှိ၏။ ထို့ကြောင့် ကာလအရ မသေချာသော်လည်း နိယာမအရ ဒဏ်ခတ်မည်ကတော့ အလွန်ပင် သေချာပါ၏။

ဤလောက၌ နှုတ်က ဓမ္မကို ဖောင်ဖောင်ရွတ်ပြီး ကိုယ်နှင့် စိတ်က အဓမ္မကို ကျင့်သုံးနေကြသူများလည်း များစွာ ရှိ၏။ မိမိတို့၏ လုပ်ငန်းကိုပင် ဓမ္မဟူ၌ မှားယွင်းစွာ သက်ဝင်ယုံကြည်နေကြသူများလည်း များစွာရှိ၏။ ထိုပုဂ္ဂိုလ်များသည် ဓမ္မအပေါ် သစ္စာဖောက်ကြသူများ ဖြစ်၏။ ဓမ္မအပေါ် သစ္စာဖောက်သူများသည် တစ်ခုသောနေ့တွင် ဓမ္မ၏ ဒဏ်ခတ်ခြင်းကို မုချမသွေ ခံစားရပေလိမ့်မည်။ ထိုတစ်ခုသောနေ့ကား လောလောဆယ် မျက်မှောက်ပစ္စက္ခတွင် ဖြစ်ချင်ဖြစ်မည်။ မျက်မှောက်ပစ္စက္ခတွင် မဖြစ်ပါက သေခါနီးကာလ မရဏာသန္နဇော စောချိန်မှစ၍ တမလွန်တွင်မူ မုချမသွေ ဖြစ်ပေလိမ့်မည်။ ယုံမှားဖွယ် မရှိ။

ထို့ကြောင့် နှုတ်က ဓမ္မကိုပြောလျှင် ကိုယ်နှင့်စိတ်ကလည်း ဓမ္မအတိုင်း ဖြစ်ရလေအောင် သမ္မပ္ပဓာန်ထိုက်သော ၀ီရိယကိုသုံး၍ ကျင့်ကြံအားထုတ်အပ်ပါ၏။ ထို့သို့မဟုတ်ဘဲ နှုတ်ကသာ ဓမ္မကို အော်ကျယ်ဟစ်ကျယ်ပြောပြီး ကိုယ်နှင့်စိတ်က အဓမ္မကို တိတ်တိတ်ပုန်း ကျင့်ကြံအားထုတ်မည်ဆိုပါက ဓမ္မအပေါ် သစ္စာဖောက်ခြင်း ဖြစ်သဖြင့် သစ္စာဖောက်ခြင်း ခံရသော ဓမ္မကလည်း ပြန်လည်ဒဏ်ခတ်မည်ဖြစ်ကြောင်း လေးနက်စွာ ယုံကြည်အပ်ပါ၏။

Wednesday, September 12, 2007

ကျွန်တော်နှင့် လီယိုမလေး

Leo မလေးဆိုလို့ ဘာများပါလိမ့်လို့ မတွေးကြနဲ့။ သိဟ်ရာသီဖွား ကောင်မလေးတစ်ယောက် အကြောင်းပါ။ တခြား Leo တွေတော့ မသိဘူး။ ဒီ Leo လေးကတော့ သူ့ကိုယ်သူ ဒီရာသီဖွား ဖြစ်ရတာအလွန် ဂုဏ်ယူတယ်ဗျ။ ပြောလိုက်ရင် "ငါတို့က တစ်ကောင်တည်း၊ ဒါပေမယ့် ခြင်္သေ့တဲ့"။ အဲဒီ ခြင်္သေ့မလေးနဲ့ ကျွန်တော် စတွေ့ပုံက ဒီလို။


တစ်နေ့တော့ ကျွန်တော် Trainer လုပ်နေတဲ့ ကုမ္ပဏီကို ဆရာမအသစ်ကလေး တစ်ယောက်ရောက်လာတယ်ဗျ။ ပုံစံက ခပ်အေးအေးလေးပါပဲ။ စကားပြောတော့လည်း သာမန်ထက် တိုးသေးတယ်။ ကျွန်တော့် စိတ်ထဲမှာ ဒီလို ပျော့စိစိလေး စာသင်ရင် ငါ့ကျောင်းသားတွေနဲ့တော့ ဒုက္ခတွေ့တော့မှာပဲလို့ တွေးမိသေး။ ဒါနဲ့ပဲ သူ့ရဲ့ ပထမဆုံးအတန်းကို ဆရာမအသစ်အတွက် အထောက်အကူအဖြစ် Senoir ဖြစ်တဲ့ ကျွန်တော် ၀င်ကူညီရပါလေရော။ ခြင်္သေ့မလေးက အတန်းထဲလည်း ၀င်လာရော၊ ပြုံးပြုံးလေးနဲ့ သူ့အတန်းကို နှုတ်ဆက်ပြီး စာသင်သွားလိုက်တာ ၃ နာရီ ဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ အသံကလည်း စာသင်ခန်းထဲမှာ ဟိန်းလို့။ ကျောင်းသားတွေသာမက ဘေးကလူတွေကိုပါ သူ့စေတနာကို မြင်နေရအောင် သင်နိုင်တယ်ဗျာ။ အဲဒီမှာ စတွေ့တာပဲပေါ့ဗျာ။ ကျွန်တော် သူ့ကို နဲနဲ ဖြုံသွားတယ်။

နောက်တစ်နေ့ကြတော့ ကျွန်တော့်စိတ်ထဲ ရုံးသွားချင်နေသလိုပဲ။ ဒီကောင်မလေးက ဘယ်လိုလေးပါလိမ့်လို့ စိတ်ဝင်စားမိတာလဲ ပါတာပေါ့ဗျာ။ ဒါနဲ့ ပထမဆုံးအကြိမ် စကားကြီးတစ်ခွန်းစပြီး သွားပြောလိုက်တယ်။ "အစ်မက ဒီကပဲလား" လို့။ သူက ဆတ်ခနဲ မော့ကြည့်ပြီး "မဟုတ်ပါဘူး နယ်က" တဲ့။ ဒါပဲပြောတယ်။ ကျွန်တော်က ဆက်ပြောချင်ပေမယ့် သူကမော့မလာတော့ဘူး။ တော်တော် ဆက်ဆံရေးကြဲတဲ့ ခြင်္သေ့မဗျာ။

နောက်နေ့ကျတော့ ကျွန်တော်စာသင်ရတဲ့ အတန်းကို သူက Junior အနေနဲ့ ၀င်ကြည့်ရတယ်။ နောက်ဆုံးတန်းမှာ လက်လေးပိုက်ပြီး ကြည့်နေတဲ့ သူမရှေ့မှာ ကျွန်တော့် စကားလုံး တချို့မှားကုန်တယ်။ ချွေးမပြန်ဘူးတဲ့ ကျွန်တော် ချွေးတွေစို့လို့။ သူမကတော့ မရိပ်မိပါဘူး။ အေးအေးဆေးဆေး ထိုင်ကြည့်နေတာပါပဲ။ ပြီးသွားတော့ စကားအရမ်းပြောချင်နေတဲ့ ကျွန်တော်က ဘာမဆိုင် ညာမဆိုင် "အဆင်ပြေလား အစ်မ" လို့ မေးလိုက်တယ်။ သူမက "ဟုတ်ကဲ့.." တဲ့။ ဒါပဲ။ တော်တော်ကပ်စီးနည်းတဲ့ ခြင်္သေ့မဗျာ။

ဒီလိုနဲ့ ၁ လလောက်နေတော့ မေးထူးခေါ်ပြောအဆင့်က နည်းနည်းတော့ တက်လာပြီ။ ထမင်းစားခန်းထဲမှာ၊ စာသင်ခန်းထဲမှာ တွေ့တဲ့အခါ အေးအေးလေး ပြန်ပြုံးပြတယ်။ တစ်ရက်တော့ ညနေ ၄ နာရီကနေ ၇ နာရီ အထိ အတန်းအတွက် သူမက အကူ အနေနဲ့ ၀င်ရမှာ၊ သူ့ကို ကြည့်ရတာ နေမကောင်းနေသလိုပဲ။ ဒါနဲ့ ကျွန်တော်က "အစ်မ နေမကောင်းရင်ပြန်လေ။ ကျွန်တော် ၀င်ပေးလိုက်မယ်" လို့ပြောလိုက်တယ်။ သူ့မျက်လုံးတွေ လက်ကနဲ ဖြစ်သွားပြီး "တကယ်လား... အဲလိုရတယ်လား" တဲ့ ကျွန်တော့်ကို ပြန်မေးတယ်။ သူ့မျက်လုံးလေးတွေက ပီဘိ ကလေးငယ်တစ်ယောက်လိုပဲ။ ကျွန်တော်က စိုက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်တော့ "ဟီးဟီး.. ပျော်စရာကြီး၊ ပြန်ရတော့မယ်ကွ.. " တဲ့။ ပြီးတော့ လှည့်တောင်မကြည့်ဘဲ ပြန်သွားပါလေရော။ တော်တော် လူမှုရေး ခေါင်းပါးတဲ့ ခြင်္သေ့မဗျာ။ ကျေးဇူးပဲနော် လို့တောင် မပြောသွားဘူး။ နင် ဒီလောက်ဝင်ချင်တာ ၀င်ပေါ့ လို့များ တွေးနေသလား မသိပါဘူးဗျာ။

ဘာပဲပြောပြော အဲဒီနေ့မှာပဲ ကျွန်တော် သူ့ကို စချစ်သွားခဲ့တယ်။ လောကမှာ ချစ်ရတဲ့လူက စစ်အရှုံးဆုံးလူပါတဲ့။ ကျွန်တော် လက်နက်ချ အရှုံးပေးလိုက်တော့မယ်ဗျာ။

ကျွန်တော်လည်း ညပေါင်းများစွာ ကီသွင်းပြီး လူရှင်းတဲ့ တစ်နေ့ သူထိုင်နေတဲ့ နေရာနားသွားပြီး "ကျွန်တော် ချစ်တယ်" လို့ တုံးတိတိပဲ ပြောလိုက်တယ်။ ဖွဲ့နွဲ့နေရင် လိုရင်းရောက်လိုက်မှာ မဟုတ်ဘူး။ ကိုယ်တကယ် တော်တာ ကိုယ်ပဲသိတယ်လေ။ သူ တော်တော်ကြီးကို အံ့သြသွားပုံရတယ်။ ကျွန်တော့်ကိုလည်း အလွန်ထူးဆန်းတဲ့ သတ္တ၀ါတစ်ကောင်လို ကြည့်ပြီး "ခင်ဗျားက ကျွန်တော့် အကြောင်းဘယ်လောက်သိလို့လဲ။ ကျွန်တော်က ရည်းစားတော်ဖို့မကောင်းဘူး။ သူငယ်ချင်းတော်ဖို့ပဲ ကောင်းတဲ့ အမျိုးအစားဗျ" တဲ့။ သူများတွေလို ရှက်ပြီး ခေါင်းလေးလဲ မငုံ့သွားဘူး။ ရင်တုန်တာတောင် ဘယ်ရောက်သွားမှန်း မသိပါဘူးဗျာ။ ဘာဆက်ပြောရမှန်းလည်း မသိတော့ဘူး။ ဒါနဲ့ "သွားဦးမယ်နော်.." ဆိုပြီး ထထွက်တော့ "ဟုတ်ကဲ့ပါ.." တဲ့။ သူ့နှုတ်က ခင်ဗျားတွေ၊ ကျွန်တော်တွေ သုံးပြီးပြောတာ ဒီတစ်ခါ ပထမဆုံးပဲ။ ဘယ်နဲ့ဗျာ တခြားအချိန်ဆို ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် စကားကို လေးလေးစားစား ပြန်ပြောလေ့ရှိတာ၊ ရည်းစားစကားပြောတော့မှပဲ ခြင်္သေ့ ဇာတိက ပြတော့တာပဲ။ ရက်စက်ပါပေ့ Leo ရယ်။

ကျွန်တော်လည်း ဘယ်လိုပါလိမ့်လို့ တစ်ညလုံး စဉ်းစားပြီး နောက်နေ့ မနက်ကျ အဖြေရသွားတယ်။ သူ့ကိုတွေ့တော့ "ဒါဆို သူငယ်ချင်း လုပ်မယ်နော်.." လို့သွားပြောလိုက်တယ်။ သူက ရယ်ပြီး "ဟဲဟဲ.. ခင်ဗျား အမြင်မှန်ရသွားပြီ။ ကောင်းပါလေ့ဗျာ.." တဲ့။ ထားလိုက်ပါတော့လေ။ ကျွန်တော်ဆိုတဲ့ ကောင်မှာလည်း Plan B နဲ့ပါဗျ။

တဖြည်းဖြည်းနဲ့ သူ့အကြောင်းလေးတွေ သိလာတဲ့အခါ တကယ့်ကို အေးအေးလေးနဲ့ ငပေလေးဗျ။ သူ့အပေါင်းအသင်း နည်းနည်းလေးကို အရမ်းခင်တယ်။ လောကကြီးက ဒီလိုပဲလုပ်၊ ဒါအမှန်ပဲဆိုရင် ဟိုလိုလုပ်တော့ ဘာဖြစ်လည်း ဆိုတာမျိုး။ စိတ်မထင်ရင် Shit, Stupid လို့ တိုးတိုးလေး ရေရွတ်တတ်သေးတယ်။ တစ်ယောက်တည်း ကော်ဖီတစ်ခွက်နဲ့ စာအုပ်ဖတ်နေရတာကို ကြိုက်တယ်။ သူများအကြောင်းပြောရမှာ ပျင်းတယ်။ တခါတခါ စကားတွေ အများကြီး ပြောတတ်ပြီး တခါတရံ အရမ်းတိတ်ဆိတ်တယ်။ မိန်းကလေးဆန်တဲ့ အ၀တ်အစားတွေမကြိုက်ဘူး။ ယားလို့တဲ့။ နှုတ်ခမ်းနီလည်း မဆိုးတတ်ဘူး။ ဂျူးရဲ့ အမှတ်တရ ထဲက အချစ်မျိုးကြိုက်တယ်တဲ့။ မိဘမဲ့ မိန်ကလေးကျောင်း ဖွင့်ချင်တယ်တဲ့။ ပြီးတော့ ရည်းစားတစ်ယောက် ထားဖူးတယ်တဲ့။

ရည်းစားနဲ့ ဘာဖြစ်လို့ ပြတ်သွားတာလည်း မေးကြည့်တော့ "ကျွန်တော်က ကြိုက်နေချင်တာ၊ တွဲကြည့်လိုက်တော့ ကြိုက်လို့မရလို့" တဲ့။ မချစ်ဘူးလားလို့ မေးကြည့်တော့ "ခင်ဗျားတော့ မသိဘူး၊ ကျွန်တော့်အတွက် ကြိုက်ဖို့ ပိုအရေးကြီးတယ်ဗျ" တဲ့။ ဒီငပေမလေး သီအိုရီက တစ်မျိုးဗျ။ လူတစ်ယောက်က ကော်ဖီကြိုက်တယ်ဆိုပါတော့။ ဒါပေမယ့် သူချစ်မိတဲ့လူက လ္ဘက်ရည်မှ ကြိုက်တယ်ဆိုရင် သူက ချစ်လို့ အဲဒီ လ္ဘက်ရည်ကို အတူလိုက်သောက်ချင်သောက်မယ်။ ဒါပေမယ့် သူ့ကို တရေးနိုးထမေးလည်း သူကြိုက်တာ ကော်ဖီတဲ့လေ။ လူတစိမ်းတစ်ယောက် အတွက် ကိုယ့်ဆန္ဒကို ချိုးနှိမ်ပြီး ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ။ မနေနိုင်တဲ့ အချိန်ကျ သေပြီပေါ့တဲ့။ ကြိုက်နေရတာက ပိုမိုက်တယ်တဲ့လေ။ သူပြောတော့လည်း ဟုတ်တုတ်တုတ်။ ခေါင်းစားရပါလား Leo ရယ်။

အပေါင်းအသင်းတစ်ယောက်အနေနဲ့ နေရတဲ့ကာလတွေမှာ သူ့စိတ်ရင်းလေး ကို ကျွန်တော်သဘောကျ ပါတယ်။ ဘယ်သူ့ကိုမဆို တတ်နိုင်သမျှ ကူညီတတ်တယ်။ ယောက်ျားလေးနဲ့ မိန်းကလေး ပေါင်းနေရတာမျိုးမဟုတ်ဘဲ ယောက်ျားလေး အချင်းချင်း ပေါင်းရသလို လွတ်လပ်စေတယ်။ သူဖြူဖြူစင်စင် နေတတ်တာလဲ ပါတာပေါ့လေ။ တခါတလေ ချစ်တဲ့ အကြောင်း စကားစပ်လို့ ပြန်စမိရင် သူဖတ်ဖူးတဲ့ စာအုပ်ထဲက သီအိုရီကြီးနဲ့ ကျွန်တော့်ကို ကိုင်ပေါက်တော့တာပဲ။ အချစ်ဆိုတာ သားရေကွင်းနဲ့ တူတယ်တဲ့ဗျာ။ အတူတူဆွဲထားလို့ရှိရင် ပြဿနာ မရှိပေမယ့် တစ်ယောက်ကလွှတ်လိုက်တဲ့အခါ လွှတ်လိုက်တဲ့ ဘက်က မနာဘဲ ဆွဲကိုင်ထားတဲ့ လူဘက်က နာတတ်တယ်တဲ့။ သူက စိတ်မထင်ရင် လွှတ်လိုက်ဖို့ ၀န်မလေးဘူးတဲ့။ ခင်ဗျားနာကျင်မှာ စိုးလို့ပါ။ "ကိုယ့်လူရာ..အေးအေးနေစမ်းပါ။ မနာချင်စမ်းပါနဲ့" တဲ့။ ကဲ... ပြီးရော။ ဒီသားရေကွင်းနဲ့တော့ ဒုက္ခပါဘဲဗျာ။

တခါတလေများ ယောက်ျားနဲ့ မိန်းမ ဘယ်သူက ပိုမြတ်သလဲလို့ သူမခံချင်အောင်ငြင်းမိပါတယ်။ ကျွန်တော်က ယောက်ျားလေးတွေရဲ့ ထုံးစံအတိုင်း "ယောက်ျား စင်စစ်မှ ဘုရားဖြစ်နိုင်တာလေ" လို့အနိုင်ပိုင်းလိုက်တယ်။ ဒီတော့ သူက "လောကမှာ မိန်းမထက်ယုတ်ညံ့တဲ့ ယောက်ျားတွေ အများကြီး ရှိတယ်။ "ခင်ဗျား သတင်းစာ မဖတ်ဘူးလား" တဲ့။ အဲ... ဘယ်လိုပါလိမ့်။ ပြီးတော့ ပြောသေးတယ်။ "ခင်ဗျားတို့ ယောက်ျားတွေ တော်တော်လွဲတာပဲ။ ဒီဘ၀မှာ မိန်းမဘ၀ ရထားတဲ့ ဘယ်မိန်းမမှ ဘုရားမဖြစ်ချင်ပါဘူးဗျာ။ ဖြစ်ချင်းဖြစ် ဘုရား မယ်တော်ပဲ ဖြစ်ချင်မှာပေါ့" တဲ့။ အရှုံးပေးပြီးသားလူပါ Leo လေးရယ်။ ဟုတ်ပါပြီဗျာ။

တစ်နေ့တော့ ကျွန်တော်လည်း Leo တွေရဲ့ စိတ်နေသဘာဝဆိုတာလေးကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်မိတယ်ဗျ။ ဟုတ်မဟုတ်တော့ မသိဘူး။ Leo တွေက ချစ်မိပြီဆိုရင် သွေးကို အရည်ဖျော်၊ အရိုးကို ကလောင်လုပ်ပြီး သူ့တို့ရဲ့ အရေပြားပေါ်မှာ ရေးရင်တောင် သူတို့ရဲ့ ချစ်ခြင်းဋီကာက မဆုံးဘူးဆိုပဲ။ တော်တော် ချစ်နိုင်တဲ့ Leo တွေပါတကား။ ဒါနဲ့ ကျွန်တော် သူ့ကို ပြောပြတော့ "အဲဒီ Leo က လည်ဆံမွှေးကျွှတ်ပြီး အမြီးပြတ်နေတာနေမှာ" တဲ့။ ဪ... Leo တွေရဲ့ ချစ်ခြင်းပြ သမိုင်းလည်း သူပြောတာနဲ့ ပျက်ပါပြီ။

ကျွန်တော်လေးစားတဲ့ မော်ဒန်စာရေးဆရာတစ်ယောက် ရေးထားလေး ကြိုက်လွန်းလို့ သူ့ကို ရွတ်ပြမိတဲ့ နေ့ကလည်း ဒီလိုဗျ။ ရေးထားတာက "နောင်ခေတ်လူသားတို့ ကမ္ဘာမြေကို တူးဖော်သော အခါ ကျွန်တော်၏ ရင်ဘတ်သည် သူ၏ အကြောင်းများနှင့် ပြည့်နေသော ခရမ်းပြာကျောက်စာ တစ်ချပ် ဖြစ်ချင်သည်" တဲ့။ ကျွန်တော် ဖီလင် အပြည့်နဲ့ ရွတ်ပြတော့ ပြောပုံက "အေးနော်... ကျွန်တော်သာ ယောက်ျားလေးတစ်ယောက် ဖြစ်ခဲ့ရင် ကျွန်တော့် ချစ်သူကို ဒီလိုပဲ ချစ်မယ်နဲ့တူတယ်။ ဒီစာရေးဆရာ တကယ်တော်တယ်ဗျာ" တဲ့။ အေးရော...အေးရော... လိုရင်းကို ဘယ်ပျောက်ပျောက်သွားမှန်း မသိဘူးဗျာ။

ဒီကျွန်းလေးပေါ် သူရောက်လာပြီး အလုပ်လုပ်တော့ ကျွန်တော်က အကြံနဲ့ Merlion Park ကို အရင်ဆုံး ခေါ်သွားတာပေါ့။ Merlion ဆိုတာ ခြင်္သေ့နဲ့ ငါးနဲ့ ပေါင်းထားတဲ့အကြောင်း သူ့ကို ရှင်းပြတာပေါ့ဗျာ။ ဒီမှာ တစ်ခုဖြတ်ပြောရဦးမယ်။ ကျွန်တော်က မိန်ရာသီဖွားဆိုတော့ သင်္ကေတက ငါးရုပ် မဟုတ်လား။ ကျွန်တော်က သူ့ကို Merlion ရှိတဲ့ကျွန်းလေးက ခြင်္သေ့နဲ့ ငါးတို့ရဲ့ ပေါင်းစပ်ခြင်း သင်္ကေတပေါ့လို့ ပြောပြနေတာ။ အံမယ် ငြိမ်ငြိမ်လေး နားထောင်နေတယ်ဗျ။ ပြီးတော့မှ "ဒီနှစ်ကောင် ပေါင်းထားတာက Statue တစ်ခုအနေနဲ့သာ ခန့်ထည်ပြီး ကြည့်လို့ကောင်းနေတာ။ တကယ်လို့ သူသာ သတ္တ၀ါတစ်ကောင် ဖြစ်ခဲ့ရင် ရေထဲမှာလည်း တော်မှာ မဟုတ်ဘူး။ ကုန်းပေါ်မှာလည်း ဘုရင်ဖြစ်မှာ မဟုတ်ဘူး။ ဂွကျကျကြီး ဖြစ်နေမယ် ထင်တယ်" တဲ့။ Merlion ရေ... ခဲလေသမျှ သဲရေကျ ပါပေါ့လား။

နောက်ဆုံးတော့ ကျွန်တော်လည်း See And Be Seen Remix 4 လေးရေးပြီး သူ့ကို ဖတ်ခိုင်းလိုက်တယ်။ ကျွန်တော့်ရဲ့ အချစ်ကို သူမြင်စေချင်တယ်လေ။ ကျေကျေနပ်နပ်ကြီး ခွင့်လွှတ် နားလည် နိုင်တဲ့ အချစ်၊ တန်ဘိုးရှိတဲ့ အချစ်၊ ရှားပါးတဲ့ အချစ်၊ ခြင်္သေ့မလေး ဒီတစ်ခါတော့ နားလည်လောက်ပြီပေါ့။ သူဖတ်ပြီးလောက်တဲ့ အချိန်ကို မှန်းပြီး ဖုန်းဆက်လိုက်တော့ "ရေးထားတာ ကောင်းပါတယ်။ စုံနေတာပဲ" တဲ့။ ဒါနဲ့ အားတက်ပြီး "အဲလို ချစ်နိုင်တဲ့လူတစ်ယောက် ရှိနေတာရော သိလား" ဆိုတော့ "အမှန်အတိုင်း ပြောရမလား" တဲ့။ ကျွန်တော့် အထင် ဒီတစ်ခါတော့ ခြင်္သေ့ လည်ဆံမွှေး ကျွှတ်ပြီပေါ့။ "ပြောလေ..." ဆိုပြီး ရင်ခုန်စွာ စောင့်စားနေတော့ "လူတစ်ယောက်ကို ဘာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်ကြီး သည်းခံခွင့်လွှတ်ပြီး ချစ်ရအောင် ခင်ဗျား ရူးနေပြီလားဗျာ" တဲ့။ ကဲ... ကောင်းကြသေးရဲ့လား အရပ်ကတို့ရေ... ရေးချင်ဦးဟ အိမ်ထောင်ရေးဘလော့ဂ်။ ခံလိုက်ဦးပေါ့ကွာ။ ။

Monday, September 10, 2007

စီးဆင်းတေးသံ

နိုင်ငံရပ်ခြားတွင် အလုပ်လုပ်နေသော သမီးလေးတစ်ဦးထံသို့ သူမ၏ဖခင်ဖြစ်သူက ရေးပို့လိုက်သော စာလေးတစ်စောင်ဖြစ်ပါတယ်။ ဖခင်တစ်ဦးရဲ့ မေတ္တာတရားက ဖွဲ့နွဲ့ပေးသော စကားလုံးလေးများသည် ကဗျာတစ်ပုဒ်ကဲ့သို့ နုးညံ့သော ခံစားမှုကို ပေးစွမ်းနိုင်သဖြင့် မေတ္တာတရားရဲ့ ကဗျာရွတ်သံလေးကို ၀ိုင်းပြီး နားထောင်ကြည့်ရအောင်လားဗျာ။



ဖေ့အချစ်ဆုံးသမီးသို့
သမီးရဲ့ မွေးနေ့အတွက် လက်ဆောင်ပေးဘို့ စဉ်းစားတဲ့အခါ သမီးရဲ့ ဘ၀တစ်သက်တာလုံးအတွက် စာတစ်ပုဒ်ရေးပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ တန်ဘိုးမဖြတ်နိုင်တဲ့ အရာကို ပေးဘို့ဆိုရင်ဖေ့ဖေ့ရင်ထဲက စကားတွေသာဖြစ်ပေလိမ့်မယ်။ မွေးနေ့မှာ ပျော်ရွှင်ပါချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလေ့ရှိကြတယ်။ ဖေဖေကတော့ သမီးဘ၀တစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့မှုဆိုတာကို ရယူတတ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သမီးရေ... လူတိုင်းပျော်ရွှင်ချမ်းမြေ့မှုကို ဖမ်းဆုပ်နိုင်ကြတယ် လို့မထင်လေနဲ့။ တချို့ကပျော်ရွှင်ချမ်းမြေ့မှုတွေကို ဖျက်ဆီးလေ့ရှိကြတယ်။ လောကကြီးမှာ ပြီးပြည့်စုံသူမရှိလို့ ဆိုတယ်။ ဒါဆိုရင် ပြီးပြည့်စုံမှုဆိုတာ ပျော်ရွှင်ချမ်းမြေ့မှုကို မဖန်တီးနိုင်တာ သေချာပြီပေါ့။ ဒါဆိုရင် အနာဂတ်အတွက် မျှော်မှန်းချက်များစွာနဲ့ လှုပ်ရှားရုန်းကန်နေတဲ့ ဘ၀တွေထဲမှာ ပျော်ရွှင်ချမ်းမြေ့မှုဆိုတာ ရှိနေတာပေါ့။ အဆင်မပြေမှုမှန်သမျှကို ဖော့တွေးတတ်ရမှာပေါ့။ အဆင်ပြေမှုတွေကို အလေးအနက် ခံယူတတ်ရမှာပေါ့။ အဆင်ပြေမှုက စိတ်ချမ်းသာမှုကို တဒင်္ဂ ဖြစ်စေနိုင်မှာပဲ။ အဲဒီ တဒင်္ဂလေးကို ရယူခံစားနိုင်ခဲ့ရင် ထာဝရ ဖြစ်ဖို့ မခဲယဉ်းတော့ဘူးလေ။

ဒီတော့ ဖြစ်နေတဲ့ ဖြစ်စဉ်များကို ဘ၀အဖြစ် ခံယူရဲရမယ်။ ဘ၀ရုန်းကန်မှုဖြစ်စဉ်တွေထဲက အဆင်ပြေမှုများကို နည်းသည်ဖြစ်စေ၊ ပျော်ရွှင်ချမ်းမြေ့မှုအဖြစ် ပြောင်းလဲနိုင်စွမ်းရှိရမယ်လေ။ မမေ့ပျောက်နိုင်တဲ့ အဆင်မပြေမှုများကိုတော့ နာကျည်းချက်များအဖြစ် နှလုံးသားတစ်နေရာမှာ လုံခြုံစွာ သိမ်းထားလိုက်ရုံပေါ့။ ဖြစ်ခဲ့တယ်။ ခွင့်လွှတ်လိုက်တယ်။ သို့သော် မမေ့နိုင်ဘူး... ဆိုတဲ့ ခံစားမှုမျိုးထက် ဥပေက္ခာပြုလိုက်နိုင်ရင်တော့ ချမ်းမြေ့မှုဆိုတာလေး ပေါ်လာတတ်ပြန်ရော။ ဒါကြောင့် အဆင်ပြေမှုထဲမှာရော၊ မပြေမှုထဲမှာပါ ပျော်ရွှင်ချမ်းမြေ့မှုကို ရယူနိုင်တယ်ဆိုတာ သမီးနားလည်ထားပါ။ ပတ်ဝန်းကျင်မှာ အခက်အခဲတွေ အမြဲဝန်းရံနေပေမယ့် ပျော်ရွှင်မှုရောင်ခြည် အမြဲယှက်သန်းနေတယ်ဆိုတာ သမီးလက်တွေ့ နားလည်နိုင်ပါစေ။

အလေးအနက် ထားတာနဲ့ ဥပေက္ခာတရားကို ပြောရဦးမယ်။ သမီးလေးမိသားစုရင်ခွင်က ခွဲခွာသွားတာ ၁ နှစ်ကျော်ပြီလေ။ ပြည့်စုံမှုနှင့်အတူ ခွဲခွာသွားတာမဟုတ်ပေမယ့် အသိနဲ့ အတူခွဲခွာသွားတဲ့ သမီးအတွက် ဖေဖေ ဖြေသာခဲ့ပါတယ်။ သမီးမှာ အသိတရားတွေ ပါသွားတယ်ဆိုတဲ့ အသိနဲ့ ဖေဖေ နေပျော်ခဲ့ပါတယ်။

သို့ပေမယ့် အသိတရားရှိသူတွေရော မမှားနိုင်ဘူးလား။ လောကမှာ အမှားကင်းသူရယ်လို့ မရှိနိုင်ဘူးလေ။ လူရယ်လို့ဖြစ်လာကတည်းက မှားဘို့ဖြစ်လာတယ်လို့ ပြောရလောက်အောင် အမှားတွေများပါဘိသနဲ့။ ဒီတော့ မှားနိုင်တယ်၊ မှားတတ်တယ် ဆိုတာကို လက်ခံရမှာပေါ့။ တစ်ခုတော့ ရှိတယ်။ မှားတာကို မြန်မြန်သိဖို့တော့ လိုတယ်။ မြန်မြန်သိပြီး မြန်မြန်ပြင်နိုင်ရဲဘို့က အရေးကြီးတယ်။ ပြုပြင်လို့ မရတဲ့ အမှားဆိုတာ အသိရှိသူတိုင်းအတွက် မဖြစ်နိုင်ဘူး။ လူမုန်းမှာကို မကြောက်နဲ့။ ကံကြမ္မာ မုန်းမှာကို ကြောက်ပါလို့ ပြောလေ့ရှိကြတယ် မဟုတ်လား။

ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့ ဘ၀ရဲ့ အချိန်ကာလတွေဟာ မှားယွင်းတတ်တဲ့ အချိန်တွေဖြစ်ပြီး၊ ကံကြမ္မာက မှားတဲ့ လမ်းဘက်ကို အတင်းတွန်းပို့နေသလို ခံစားရတတ်တယ်။ အမှားအယွင်းတိုင်းကို ဖြတ်ကျော်နိုင်ဘို့က အဓိက ကျတယ်လေ။ မှားရလေခြင်း၊ မှားခဲ့ပြီးပြီ မထူးပါဘူး.. ဆိုတဲ့ အတွေးကျဉ်းကျဉ်းတွေကို အလေးအနက် မထားတတ်ဘို့ လိုတယ်။ မေ့မေ့ပျောက်ပျောက် မဖြစ်နိုင်တဲ့ အမှားမျိုးအတွက်တော့ ဥပေက္ခာတရားက အရေးအကြီးဆုံးပါပဲ။

ဥပေက္ခာဆိုတာက (ထိုပုဂ္ဂိုလ်၊ ထိုအကြောင်းအရာ၊ အဖြစ်အပျက် မှန်သမျှကို ခံစားမှုမဲ့စွာ ဆင်ခြင်ခြင်း) လို့ အဓိပ္ပါယ်ကောက်ယူထားရမယ်။ ခံစားမှုမဲ့စွာ ဆင်ခြင်နိုင်ဘို့ဆိုတာ တော်တော်ခက်ပါတယ်။ သို့ပေမယ့် တဖြေးဖြေး လေ့ကျင့်ယူထားပြီး လက်တွေ့ ကြုံလာတဲ့အခါ ကျင့်သုံးတတ်ရမယ်။ သမီးလေး နားလည်ထားရမှာက ဘယ်လို အမှားမျိုးကို ကျူးလွန်မိသည်ဖြစ်စေ ဖေဖေ ခွင့်လွှတ်နိုင်တယ်။ ကျန်တာ အားလုံးကို ဥပေက္ခာပြုထားနိုင်တယ် ဆိုတာ ယုံကြည်ဘို့ပါပဲ။ အသိတရားနဲ့ အတူ ရုန်းကန်လှုပ်ရှားနေတဲ့ သမီးအတွက် မိသားစုရဲ့ အကြွင်းမဲ့ မေတ္တာကို ပိုင်ဆိုင်ထားတယ်လို့ ခံယူပါ။ ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်စေ၊ သမီးဘက်မှာ မိသားစုရှိနေတယ်ဆိုတာ နားလည်ထားရင် သမီးဘ၀ ဖြတ်သန်းဘို့အတွက် အားအင်တွေပဲ မဟုတ်လား။

ကိုယ်ဖြစ်ချင်တာ တစ်ခုအတွက် မစွန့်လွှတ်သင့်တဲ့ အရာတွေရှိတယ် သမီး။ ကျန်းမာရေးနဲ့ ကိုယ်ကျင့်သိက္ခာတရားပေါ့။ အဲဒီ နှစ်ခုက ဘာနဲ့မှ မလဲကောင်းတဲ့ အရာတွေလို့ ခိုင်မြဲစွာ ယုံကြည်ထားသင့်တယ်။ ကိုယ်မျှော်လင့်ချက်တစ်ခုအတွက် အတတ်နိုင်ဆုံး ကြိုးစားရတယ်။ ဖြစ်လာတဲ့ရလဒ်အပေါ် မူတည်ပြီး ပန်းတိုင်ရောက်အောင် ခရီးဆက်မယ်လို့လည်း တွေးတတ်ရတယ်။ ပြီးရင် လွတ်လပ်ပေါ့ပါးစွာ လျှောက်လှမ်းသွားနိုင်ဘို့ မိမိစိတ်ကိုလည်း ပြင်ဆင်ထားရတယ်။ ဘ၀သင်ခန်းစာတွေထဲမှာ အနားယူချိန်ဆိုတာ သိပ်ရှိတာမှ မဟုတ်ပဲ သမီးရယ်။

ကူညီတတ်ခြင်းနဲ့ ကျေးဇူးတရားကို ပြောကြဦးစို့။ သန့်စင်စွာ ကူညီခြင်းတွေမှာ ကူညီလိုက်တဲ့ အချိန်မှာ ရလိုက်တဲ့ ပီတိလေးကို တုန့်ပြန်မှုလို့ ခံစားတတ်ဘို့ လိုတယ်။ မိမိကူညီပေးလိုက်ရတဲ့ လူဆီက ကျေးဇူးဆပ်မှု၊ အပြန်အလှန်ကူညီမှု စတဲ့ တုန့်ပြန်မှုမျိုးတွေကိုလဲ လျစ်လျူရှုထားနိုင်ရမယ်။ အတုန့်အပြန်နဲ့ အတုန့်အလှည့် ဆိုတဲ့ စကားတွေက နီးစပ်မလိုလိုနဲ့ ဆန့်ကျင်ဘက်တွေ မဟုတ်လား။

ကိုယ့်ဘက်က မျှော်လင့်ချက် ဘာမှ မထားဘဲ ကူညီခဲ့တာဖြစ်ပေမယ့် သူ့အလှည့်ကြုံတဲ့အခါ မသိယောင်ဆောင်နေတာမျိုး၊ ကျေးဇူးကန်းတာမျိုးတွေ လူ့လောကမှာ ဒုနဲ့ဒေး သမီးရယ်။ ဈေးပေါပါတယ်။ ဈေးခပ်ပေါပေါတွေနဲ့ တုပြီး မိမိစိတ်ကို ထိခိုက်စေရင်၊ ခံစားစေရင် ကိုယ့်လောက်ညံ့တဲ့လူ ဘယ်ရှိတော့မှာလဲ။

ဒါဆိုရင် ကိုယ်ကကျေးဇူးဆပ်ရမယ့် အလှည့်ကျတော့ရော။ ကျေးဇူးတရားဆိုတာ သိတတ်လွန်းရင် ၀န်ပိလွန်းတယ်ဆိုပေမယ့် ထိုက်တန်တယ်ထင်တဲ့ မိမိသတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုထိ ပေးဆပ်ရလိမ့်မယ်။ အသိအမှတ်ပြုပေးရမယ်။ တစ်လုတ်စားဖူး သူ့ကျေးဇူး ဆိုသကိုး။ သို့ပေမယ့် အလုတ်တစ်သန်းဖိုးလောက် ပြန်စားချင်သူမျိုး၊ ဘ၀တစ်လျှောက်လုံး ကျေးဇူးဆပ်ခံခြင်းလွန်းသူများကိုတော့ သမီးရေ... ဥပေက္ခာ ဦးနှောက်အကန့်တွေဆီ ပို့လိုက်ကြရတာပေါ့။ မရိုင်းမိစေဘို့ ကင်းကင်းကွာကွာလေး နေလိုက်ဘို့ပဲပေါ့။

ဖြစ်ချင်ရာဖြစ်နေတဲ့ဖြစ်ရပ် Random Process ကို စိတ်ဝင်စားတဲ့ သိပံ္ပပညာရှင်တွေက Chaos out of order နဲ့ Order out of Chaos ကိုမြင်အောင်ကြည့်နိုင်ခဲ့ကြတယ်တဲ့။ စနစ်တကျ ရှိနေတယ်လို့ ထင်ရတဲ့ အဖွဲ့အစည်း၊ လူဘ၀ထဲက ဖြစ်စဉ်တွေထဲက ဖြစ်ချင်တာတွေဖြစ်လာတတ်သလို ကသောင်းကနင်း ဗရုတ်သုတ်ခ ဖြစ်စဉ်တွေထဲမှာလဲ စည်းစနစ်အမှန် တကယ်ရှိနေတယ်လို့ သက်သေပြခဲ့ကြတယ်လေ။

ကဲ... ကိုယ့်ဘ၀ကို ပြန်သုံးသပ်ကြည့်ရအောင်။ စနစ်တကျလား၊ ကသောင်းကနင်းလား။ ဘ၀တိုင်း နှစ်ခုရောနေတာချည်းပါပဲ သမီးရေ။ ဒီတော့ ဘ၀နဲ့ ဆိုင်တဲ့ Chaos ကို ဘယ်လို ရှုမြင်ကြမလဲ။

"အကောင်းအဆိုးဟူသမျှတို့သည် မျှော်လင့်ထားချိန်တွင် လည်းကောင်း၊ မမျှော်လင့်သော အချိန်တွင်လည်းကောင်း ဖြစ်ပေါ်လာတတ်ကြပေသည်။ ထိုလာသမျှ အကောင်းအဆိုးမှန်သမျှကို တပါးသူအကျိုး မထိခိုက်စေလျှက် မိမိ ဘ၀ကို တည်ဆောက်နိုင်စွမ်းရှိရေး၊ ကြိုးပမ်းရင်ဆိုင်သင့်သည်" ဟု သမီးလေးယုံကြည်ထားလိုက်စမ်းပါကွယ်။

နောက်တစ်ခုကတော့ Time Factor ကို ပေါ့ပေါ့ပါးပါး စောင့်ဆိုင်းတတ်ဘို့လိုတယ်။ အဲဒီအတွက် Maturity က အရေးအကြီးဆုံး ဖြစ်လာတယ်။ ရင့်ကျက်တဲ့သူများဟာ သာမန်လူတွေလို မတွေးဘူး။ သာမန်ကိစ္စတွေကို မခံစားဘူး။ သာမန်ကိစ္စတွေနဲ့ အချိန်ကုန် မခံဘူးလေ။ ဘ၀ နဲ့ ဆန္ဒ ချိန်ခွင် လျှာကို ကောင်းကောင်းညှိတတ်တဲ့ လူတွေပေါ့။

ဒီတော့ သမီး မိသားစုအတွက် နောက်ဆံမတင်းပါနဲ့။ မိသားစုအတွက် ဆိုတာက ရင်ထဲမှာ ရှိထားပြီးသားဖြစ်တဲ့အတွက် သမီးရည်မှန်းချက် အောင်မြင်တဲ့ အချိန်ရောက်လာရင် အချိန်မရွေး လုပ်ပေးနိုင်တာပဲ။ သမီးကို တစ်ကိုယ်ကောင်းဆန်ဘို့ ပြောနေတာ မဟုတ်ဘူးနော်။ မိမိရည်မှန်းချက်ကို ရောက်ဘို့အတွက် ၀န်ထုတ်ဝန်ပိုးနဲ့ သွားရင် အချိန်ကြာမယ်။ ပိုပင်ပန်းမယ်ဆိုရင် မလိုလားအပ်တဲ့ ၀န်ထုပ်ဝန်ပိုး မှန်သမျှကို စွန့်ပစ်ထားနိုင်ရမယ်။ အဲဒါကလည်း သတ္တိတစ်မျိုးပဲ။

ဦးနှောက်မှာ အကန့်ပေါင်းများစွာရှိနေတာ သူ့အကန့်နဲ့ သူ အသုံးပြုနိုင်ဘို့လေ။ သမီးတို့ကွန်ပျူတာမှာသာ Undo နှိပ်လို့ရတာလေ။ ဘ၀မှာ Undo မရှိဘူး။ ဖြစ်ခဲ့တာက ဖြစ်ခဲ့တာပဲ။ လုပ်ခဲ့တာက လုပ်ခဲ့တာပဲလေ။ လက်တွေ့ ဘ၀က လက်တွေ့ ဘ၀ပဲ သမီး။ လက်တွေ့ ဘ၀ကို လက်ခံပြီး ဖော့သင့်တာဖော့၊ လေးသင့်တာလေး၊ မေ့သင့်တာမေ့၊ အကန့်ထဲမှာ ခဏသိမ်းထားသင့်တာ သိမ်းထားပြီး ခရီးဆက်နိုင်အောင် ကြိုးစားပါသမီးရယ်။ ဒါဆိုရင် သမီးလေး ပိုမိုပေါ့ပါးသွားမယ်လို့ ဖေဖေထင်ပါတယ်။ ဖေဖေသမီးဖြစ်နေလို့ကို မညံ့နိုင်တာလို့ ဖေဖေ ကပြောရင် သမီး မေမေက ရီနေမှာပေါ့။ ဟုတ်လားသမီး။

ချစ်တဲ့ ဖေဖေ

Tuesday, September 4, 2007

ကျေးဇူးပြုပြီး အမေ့ကို ပြန်မပြောပါနဲ့

အမိမြေကနေ ခွဲခွါမှဖြစ်မယ်ဆိုတဲ့ အသိနဲ့ မတတ်သာလို့ ခွဲခွါခဲ့ရတဲ့ လူတစ်ယောက်ရဲ့ ပုဂ္ဂလိက ခံစားချက်တွေပါ။ နိုင်ငံခြားကိုမှ လူပြည်လို့ထင်တဲ့ လူတချို့အတွက် ဟားစရာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ လူတစ်ကိုယ် စိတ်တစ်မျိုးစီပဲ မဟုတ်လား…။

ကျွန်တော်ရဲ့ ပင်ကိုစိတ်က အေးအေးချမ်းချမ်းနဲ့ စားနိုင်သောက်နိုင်ဖြစ်ရင်ရပြီ။ ဘာတိုက်ကြီးနဲ့မှ၊ ဘာကားကြီးနဲ့မှ ဆိုတဲ့ လောဘစိတ်တွေမရှိဘူး။ ဘ၀ကို အေးအေးလူလူနဲ့ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုကို ကိုယ်လိုချင်တဲ့ အချိန်မှာ ကြောင့်ကြမဲ့စွာ ၀ယ်နိုင်ရင် တော်ပြီ ဆိုတဲ့လူမျိုးပါ။

ကိုယ့်တိုင်းပြည်မှာက တစုံတယောက်ယောက်နဲ့ တည့်အောင်ပေါင်းနိုင်မှ စီးပွားဖြစ်တာဆိုတော့ ပညာနဲ့က လွဲရင် အဲဒီလို ကပ်ဖား စီးပွားရေးမျိုးလဲ မလုပ်တတ်တဲ့ ကျွန်တော့်အတွက် နိုင်ငံခြားထွက် အလုပ်လုပ်ပြီး မိသားစုပြန်ကြည့်ဘို့ကလွဲလို့၊ တခြားနည်းလမ်းကလည်း မရှိ။

ဒီလိုနဲ့ တိုးတက်တဲ့ ကျွန်းလေးတစ်ကျွန်းပေါ် ရောက်လာတယ် ဆိုပါတော့။ ပြီးတော့အလုပ်ရဘို့၊ အလုပ်ရတော့ နေထိုင်ခွင့်ရဘို့၊ ဒါတွေပြီးသွားတော့ လုပ်ငန်းခွင်မှာ အဆင်ပြေဘို့။ အဆင့်ဆင့်ဖြတ်သန်းပြီး နည်းနည်းလေး နေသားကျလာတော့ ပထမဆုံး တွေးမိတာက ငါဟာ လူနဲ့ မတူတော့ပါလားဆိုတဲ့ အတွေးပါဘဲ။


နိုင်ငံခြားမှာ အလုပ်လုပ်ရတာ တန်အောင်ခိုင်းတဲ့အပြင် ကိုယ့်စိတ်နဲ့ကိုယ်တောင် နားခွင့်မပေးရဲတဲ့ ဘ၀မျိုးတွေပါ။ စိတ်ကို လေးလံတဲ့အရာတစ်ခု အမြဲဖိစီးနေတဲ့အပြင် ညှစ်ပါညှစ်ခံထားရတာမျိုးပါ။ မနက် ၆ နာရီထ၊ မျက်စိမဖွင့်ဘဲ ရေချိုး၊ အ၀တ်အစားလဲပြီး Bus ကားတတန်၊ ရထားတတန်စီးပြီး ရုံးကိုရောက်၊ ရောက်တာနဲ့ ရုံးက ကွန်ပျူတာ Server တွေနေကောင်းရဲ့လား၊ ကျန်းကျန်းမာမာရှိရဲ့လား လို့ အရင်စစ်ရတယ်။ သူတို့နေမကောင်း၊ နှာစီး ချောင်းဆိုး ဖြစ်ပြီဆိုရင်တေှာ့တွတ်ပီကံမကောင်းတဲ့နေ့ပါဘဲ။ အဲဒါစစ်ပြီးသွားရင် ရေးစရာရှိတဲ့ Program တွေခေါင်းမဖော်တမ်း ရေးလိုက်ရတာ ၁၂း၃၀ အထိပါဘဲ။ ကျွန်တော့် Team မှာ ကျွန်တော်အပါအ၀င် လူ (၃) ယောက်ပဲရှိရတဲ့ အထဲ ကျန်နှစ်ယောက်က ကုလားနဲ့ ကုလားမပါ။ သူတို့ပြောနေတဲ့ဘာသာ စကားကလဲ ကျွန်တော် နားမလည်တော့ အလုပ်ထဲမှာ တစ်ယောက်တည်း ရေးစရာရှိရေးနေယုံပဲပေါ့။ ဒီလိုနဲ့ ထမင်းစားချိန် ၄၅ မိနစ်၊ ပြီးတာနဲ့ ထပ်ပြီးရေးရပြန်ရော။ Project တွေကလဲ တစ်ခုမပြီးသေးဘူး၊ နောက်အသစ်တစ်ခုက စောင့်နေပြီ။ အရေးထဲ Team Leader က ဘာမှမသိတဲ့ ကုလားဆိုတော့ Project Delivery Date တွေက Programmer တွေအတွက် မဖြစ်နိုင်တဲ့ ရက်အကန့်အသတ်နဲ့။ ဒီလိုနဲ့ တစ်နေကုန်ရေးပြီး ဦးနှောက်က ၇း၀၀ နာရီလောက်ဆို ဒေါင်းသွားပြီ။ အိမ်ကို Bus ကားနဲ့၊ ရထား စီးပြီး ပြန်ရောက်တဲ့ အချိန်က ၉း၀၀ နာရီ။ ညစာစားပြီး ကိုယ့်အခန်းထဲရောက်တဲ့အချိန်က ၁၀း၀၀ နာရီ။ Blog လေး၊ သတင်းလေးဖတ်လိုက်တော့ ၁၁း၀၀ နာရီ၊ နောက်နေ့ ၆ နာရီထဖို့ အိပ်မှဖြစ်တော့မယ်လို့ ဦးနှောက်က အသိပေးနေပြီ။ ဒါပေမယ့် စိတ်က မအိပ်ချင်သေးလို့ ဂီတာလေးကောက်ကိုင်လိုက်တော့ ၁၂း၀၀ နာရီ။ ကဲ... ဒါနဲ့ပဲ တနေ၀င် တနေထွက်... စက်ရုပ်လူသားဘ၀။ စနေ၊ တနင်္ဂနွေ ကျတော့ အ၀တ်လျှော်၊ အခန်းရှင်း၊ မီးပူထိုး၊ တစ်ပတ်စာဈေးဝယ် မြန်မာဟင်း လွမ်းတာလေးတွေ ချက်စား၊ စာအုပ်လေးဖတ်ရင်ဖတ်၊ အဲဒီနေ့တွေဆို အိမ်မှာပဲ အေးအေးဆေးဆေး နေချင်တော့တယ်။ တခါတလေ အလုပ်က Program ပြဿနာတွေဖြေရှင်းဘို့ စာအုပ်တွေ ရှာဖတ်၊ Internet မှာ download လုပ်။ ဘယ်မှာလဲ... အပေါင်းအသင်းအတွက်၊ မိတ်ဆွေသူငယ်ချင်းအတွက်အချိန်... သူငယ်ချင်းနေမကောင်းလဲ Ph နဲ့သတင်းမေး၊ လေဆိပ်ဆင်းရမယ့်ရက်ဆိုလဲ ခွင့်မရလို့ လိုက်မပို့နိုင်၊ လူမှူရေးတွေ ပျက်ကွက်လို့ သူငယ်ချင်းအားလုံးလဲ SMS လောက်နဲ့ နှုတ်ဆက်နေကြရ။ ကြာလာတော့ လူချင်းတွေ့ရင်တောင် SMS စကားတွေဖြစ်လို့။ ဟူး... တကယ်တော့ နိုင်ငံခြားဆိုတာ လူမှူရေးတွေကို တိုတိုတုတ်တုတ် ဖြစ်စေသတဲ့လား။

တစ်လကုန်လို့ရလာတဲ့ လစာကို အိမ်ပို့ဖို့အတွက်၊ အိမ်လခပေးဘို့အတွက် တစ်လလုံးစားဖို့သောက်ဖို့အတွက်၊ Ph ဖိုးနဲ့ အထွေထွေကုန်ကျစရိတ်အတွက်၊ လိုအပ်တဲ့ပစ္စည်းလေးတွေဝယ်ဘို့အတွက် ခွဲခြမ်းစိတ်ဖြာလိုက်တော့ ၁၀ ပုံ ၁ ပုံတောင်စုဖို့က အနိုင်နိုင်။ တခါတလေ အပေါင်းအသင်းကို ကူညီလိုက်လို့ လခမထုတ်ခင် ပိုက်ဆံပြတ်သွားရင် ဥပုသ်စောင့်ရတာကရှိသေး။ ကိုယ့်မြေမှာတုန်းကလို သူငယ်ချင်းရေ... ငါ့ကိုဘယ်လောက်လှည့်ကွာ လို့ပြောဘို့ အားလုံးကလဲ သူမသာ၊ ကိုယ်အသုဘ အဲ... အဲလိုလဲ ဟုတ်သေးပါဘူး ကိုယ်လိုသူလို အတူတူ ဘ၀...။ ဒါ...ဘ၀တဲ့လား။

ကိုယ့်တိုင်းပြည်မှာဆို မနက်မိုးလင်းရင် ပဲပြုတ်ပူပူနွေးနွေး မွှေးမွှေးလေးနဲ့ ထမင်းနဲ့ အမေက ကြော်ကျွေးတယ်။ ဒီမှာဆို ပဲပြုတ်တောင် အေးခဲမာတောင့်၊ အနံ့ကလဲမရှိတော့။ အေးခဲနေတာကို ပူအောင်ပြန်လုပ်စား၊ စားသောက်စရာ တော်တော်များများကို အေးခဲလိုက်၊ ပြန်ပူအောင်လုပ်ပြီးစားလိုက်၊ မြန်မာပြည်မှာလို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်မစားနိုင်တဲ့ဘ၀၊ ဒီက Food Court က ဟင်းတွေကလဲ ကြာကြာစားတော့နံလာပြီ။ အရသာတွေကလဲ အားလုံးတူနေသလိုပဲ။ ဒါနဲ့ပဲ မြန်မာအစားအစာလေးတွေ တတ်သလောက်၊ မှတ်သလောက် လျှောက်လုပ်စား၊ တခါတလေလဲ စားလို့ကောင်း၊ တခါတလေလဲ ဘာဟင်းကြီးမှန်း မသိတဲ့ ဟင်းမျိုးတွေဖြစ်လို့။ အိမ်ပြန်ချင်လိုက်တာအမေရယ်။

လူ့စိတ်ကလဲ မကောင်းတာများပြောပါတယ်။ မရနိုင်ဘူးဆိုမှ ဘိန်းမုန့်လေး၊ မုန့်လင်မယားလေး စားချင်တာက ရှိသေး... ရန်ကုန်မှာဆို ညဘက်လှည်းတန်းမှာ မုန့်အစုံပေါမှပေါ.. ဒီမှာတော့ ငှက်ပျောသီး သရက်သီးတောင် မချိုပါဘူး အမေရာ။
အလုပ်ကအိမ်ပြန်၊ အိမ်မှာအိပ်ပြီး အလုပ်ပြန်သွား၊ အိပ်၊ စား၊ အလုပ်လုပ်၊ ဒီ (၃) ခုပဲရှိတဲ့ တနေ့တာက ပျော်စရာကောင်းတဲ့ ဘ၀တဲ့ လား။ ကျွန်တော်အပျင်းမကြီးပါဘူး။ တနေကုန်လ္ဘက်ရည်ဆိုင်ထိုင်ပြီး ကောင်မလေးတွေအကြောင်း လျှောက်ပြောနေချင်တာမဟုတ်ပါဘူး။ အလုပ်လုပ်ချိန်လုပ်၊ စားချိန်စား၊ အိပ်ချိန်အိပ်၊ ဒါ့အပြင် ကိုယ်ဝါသနာပါတဲ့ ပန်းချီဆွဲချိန်၊ ဒါမှမဟုတ် ဂီတာတီးချိန်၊ ဒါမှမဟုတ် ရုပ်ရှင်ကြည့် အပန်းဖြေချိန်လေးတွေ စတဲ့ ကိုယ်စိတ်ပျော်ရာ ကို စိတ်လက်ပေါ့ပါးစွာ လုပ်ခွင့်ရှိခဲ့တဲ့ ကိုယ်နိုင်ငံမှာတုန်းက အချိန်လေးတွေကို လွမ်းတာပါ။ စိတ်ပန်းဖြေစရာမရှိ၊ အလုပ်ပြီးအလုပ်၊ စားပြီးရင်အိပ်၊ ဒီလိုနဲ့ အလုပ်ကဖိစီးတဲ့ဒဏ်၊ ပတ်ဝန်းကျင်က လူပါးဝတဲ့ လူတချို့ရဲ့ ဒဏ်၊ အထီးကျန်ပြီး အိမ်ကိုလွမ်းတဲ့ဒဏ် တွေနဲ့ ကဗျာရွတ်သံတွေတောင် တိုးတိတ်နေပါပြီ အမေရာ...။

့မြန်မာပြည်က လူတွေက တစ်ယောက်ယောက်များ နိုင်ငံခြားသွားတော့မယ်ဆိုရင် ပုဇွန်ခြောက်ဆိုလဲ ရွှေပုဇွန်ခြောက်လေး၊ လ္ဘက်ဆိုရင်လဲ အညွှန့်လေးတွေချည်းပဲ နှပ်ပေးရတာနဲ့၊ အရာရာကို အကောင်းလေးတွေချည်းပဲ ထည့်ပေးတတ်ကြတယ်။ ငါးပိဆိုရင်လည်း ရခိုင်ငပိလေး၊ ငါးခြောက်ဆိုရင်လည်း ငါးရံ့ခြောက်၊ ငါးပုတ်ခြောက် စသည်ဖြင့်ပေါ့။ ဒီကလူတွေကတော့ ရှိတာလေးကို ဝေပုံချပြီး တိုင်းထွာသုံးနေရတဲ့ ဘ၀မျိုးမှာ မြန်မာပြည်ပြန်လို့ လက်ဆောင်တွေပေးရတော့မယ်ဆိုရင် ဈေးသက်သာတဲ့ ဆိုင်ကိုရွေး၊ လျှော့ဈေးရှာဝယ်ရနဲ့ ဖတ်ဖတ်ကို မောလို့။ ဒါပေမယ့်လည်း ကိုယ်ဝမ်းနာ ကိုယ်သာသိ၊ ကိုယ့်ဒုက္ခနဲ့ ကိုယ်မဟုတ်လား။

စိတ်လက်ရွှင်လန်းပါစေတော့ရယ်လို့ အိမ်ရှေ့မှာ ပန်းအိုးလေးနဲ့ သစ်ပင်လေးတွေ စိုက်ထားပြန်တော့လည်း ဈေးကြီးတဲ့သစ်ပင်လေးဆို ခိုးသွားပါလေရော။ ဟိုနား ဒီနား အလွယ်တကူ သွားလို့ရအောင် စက်ဘီးလေးဝယ်ပြီး အိမ်ရှေ့ ၀ရန်တာ လက်တန်းမှာ သံကြိုးနဲ့ ချည်ထားပြန်တော့ ဖြုတ်လို့ရတဲ့ ဒေါက်နဲ့ ခြေနင်းလေးတွေ ဖြုတ်သွားပြန်ရော။ တွန်းလှည်းလေးနဲ့ အပြည့် ဈေးဝယ်ပြီး အပြန်လမ်းမှာ ဆိုင်လေးတစ်ခုထဲ ခဏ၀င်ပြီး ဖုန်းကတ်ဝယ်လိုက်တော့ ခြင်းတောင်းထဲက လိမ္မော်ရည် ပုလင်းက မရှိတော့ပြန်ဘူး။ ဖိနပ်အသစ်ကလေး ၀ယ်ပြီး အိမ်ရှေ့ ဖိနပ်စင်မှာ တင်ထားမိတော့ တစ်ညအတွင်း ဖိနပ်က မရှိတော့ဘူး။ ကဲ... ဘာများထူးလို့လဲ အမေရာ...။

ကိုယ့်နိုင်ငံမှာ လာနေတဲ့ နိုင်ငံခြားသားကတော့ လုပ်ငန်းရှင် စီးပွားရေးသမားတဲ့။ မျက်နှာငယ်ရတယ် လို့လည်း မကြားဖူးပါဘူး။ သူများနိုင်ငံမှာ ကိုယ်သွားနေရတော့ ပညာဖြင့် အသက်မွေးဝမ်းကျောင်းသော အလုပ်သမားတဲ့။ မျက်နှာငယ်တယ် ဆိုတာထက် သေချာတဲ့ နေထိုင်ခွင့် မရခင် Immigration သွားရတဲ့ ရက်တွေဆို ဒီကျွန်းပေါ်မှာ မျက်နှာထား အဆိုးဆုံး မလေးရှားမတွေနဲ့ ရင်ဆိုင်ရပြန်ရော။ ကိုယ့် ကံကြမ္မာက သူတို့ လက်ထဲမှာ။ ရယ်ပြ၊ ပြုံးပြလို့လည်း အပိုပဲ။ ကဲ... မခက်ဘူးလား အမေရာ...။

အမေကတော့ အဲယားကွန်းထဲမှာ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတဲ့ သားတော်မောင် ကွန်ပျူတာထဲမှာ ABCD တွေ ရေးနေယုံပဲ လို့ထင်နေရှာမှာပဲ။ ဟုတ်တယ် အမေရေ... အဲဒီ ABCD က error တစ်ခုခုများ တက်နေရင် စားလည်းဒါပဲ စဉ်းစား၊ ထမင်းက ဘာအရသာမှန်း မသိလိုက်။ အိပ်လည်း အိပ်မက်ထဲမှာ ABCD ရွတ်၊ နောက်ဆုံး စိတ်ပြေလက်ပြောက် ဂီတာတီးရင်တောင် လက်တွေကသာ ကြိုးပေါ်မှာ၊ သံစဉ်တွေကတော့ ABCD ပဲလေ။ ကဲ... ဖိစီးမှုတွေ ပေါ့ပါးသတဲ့လား အမေရာ...။

စာအုပ်ထဲမှာတော့ လူဆိုတာ ရောင့်ရဲနိုင်တဲ့ နေ့မှာမှ တကယ်ချမ်းသာသွားတာတဲ့။ ဒါပေမယ့် သားတွေအတွက် ဂုဏ်ယူနေတဲ့ အမေ့အပြုံးလေးတွေ၊ ဆွေမျိုးတွေအလယ်မှာ ပျော်ရွှင်ခြင်း အပြည့်နဲ့ တောက်ပနေတဲ့ အမေ မျက်လုံးလေးတွေ၊ အိုဇာတာကောင်းလိုက်တာလို့ ချီးမွမ်းခံနေရတဲ့ အမေ့ရဲ့ ကံဇာတာလေးတွေ၊ အရောင်မှိန်သွားမှာစိုးလို့ အခုချိန်ထိတော့ ရောင့်ရဲခြင်းဆိုတာနဲ့ ဝေးနေပါသေးတယ်။ တချို့အမှန်တရားတွေကို အမေသိသွားရင် စိတ်ဆင်းရဲနေရှာမှာမို့ ကျေးဇူးပြုပြီး ကျွန်တော်ပြောတာတွေ အမေ့ကို ပြန်မပြောကြပါနဲ့ဗျာ။ ။

Wednesday, August 15, 2007

See And Be Seen Remix 4


တစ်ခါတုန်းကပေါ့။ အထက်မြန်မာပြည်ရှေးဟောင်းမြို့နားက ရွာလေးတစ်ရွာမှာ တစ်ရွာလုံးက ချစ်ခင်လေးစားကြတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းဆရာလေးတစ်ယောက်ရှိသတဲ့။ သူကကျောင်းပိတ်ရင် ရွာမှာ ကလေးတွေကို စာသင်ပေးတယ်။ ကျောင်းဖွင့်ရင်တော့ ရန်ကုန်မှာ ကျောင်းပြန်တက်ပေါ့။ အင်္ဂလိပ်စာတတ်ရင် ဘုရားဒကာထက် အထင်ကြီးလေးစားခံရတဲ့ အချိန်ကာလမျိုးမှာ ကလေးတွေကို အလကားစာသင်ပေးနေတော့ ရွာရဲ့ အသည်းနှလုံး ဆိုလဲ မမှားဘူးပေါ့လေ။ ဒီကျောင်းဆရာလေးရဲ့ အိမ်ကလဲ စီးပွားရေးတောင့်တင်းတယ်။ ရုပ်ရည်ကလဲ ဖြူဖြူသန့်သန့်ဆိုတော့ သမီးရှင်တို့ မျက်စိကျတဲ့ ယောင်္ကျားလေးမျိုးပေါ့။ သူတို့ အိမ်မှာ လေးတန်းအောင်ပြီး ကတည်းက ခေါ်ထားတဲ့ ဆွေမျိုးနီးစပ်ထဲက အသားမဲမဲ ရွက်ကြမ်းရေကြို ကောင်မလေးတစ်ယောက်လဲ ရှိတယ်။ အဲဒီကောင်မလေးကလဲ ဒီကျောင်းဆရာလေးကို ရင်ထဲက ကျိတ်ပြီး သဘောကျနေတာပါ။


ဒီလိုနဲ့ပဲ တစ်အိမ်ထဲအတူနေ ဒီကျောင်းဆရာလေးနဲ့ ကောင်မလေးနဲ့ ညိကြရော ဆိုပါတော့။ ဒီတော့ ကျောင်းဆရာလေးက လူကြီးတွေကို အသိမပေးပါနဲ့ဦး။ ကျောင်းပြီးတဲ့ အခါမှ လက်ထပ်ကြမယ်လို့ စီစဉ်သတဲ့။ ဒါကိုကောင်မလေးက ကျောင်းပြီးတဲ့ အထိစောင့်ရင်သူ့ကိုပစ်သွားမှာပဲဆိုပြီး ရှိသမျှ ကြီးတော်တွေ၊ ဒွေးလေးတွေ အကုန်ကြေငြာမောင်းခတ်လိုက်သတဲ့။ မယူရင်မရတော့ပါဘူး၊ ဘာညာပေါ့လေ။ ကျောင်းဆရာလေးရဲ့ မိဘတွေလဲ စိတ်ဆိုးကြ၊ ဒေါသတွေကြီးနဲ့ ဆွေမျိုးအုပ်စုတစ်ခုလုံး ပွက်လောရိုက်သွားတာပေါ့။ နောက်ဆုံးတော့လဲ ရှေးတောရွာသူတို့ရဲ့ စိတ်နဲ့ ရှုပ်ရှုပ်ထွေးထွေး စဉ်းစားမနေတော့ပဲ ပေးစားလိုက်ကြရော ဆိုပါတော့။ မင်္ဂလာဆောင်တဲ့ ညမှာပဲ သတို့သားလောင်းက တစ်ခါမှ မသောက်ဘူးတဲ့ အရက်တွေသောက်၊ ဘယ်ခွေးမှ လူမထင်ဘူးကွ ဆိုပြီး ပြန်လာသတဲ့။ ပြီးတော့ ငါ့ဘ၀ကို ဖျက်ဆီးတဲ့ မိန်းမ လာခဲ့ ဆိုပြီး ခြေသလုံးကျော်ကျော်ထိ ရှည်တဲ့ ကောင်မလေးရဲ့ ဆံပင်ကို တရွတ်ဆွဲပြီး ရွာကိုပတ်ပါလေရော။ အမြဲ ယဉ်ယဉ်ကျေးကျေး ချိုချိုသာသာ ပြောလေ့ရှိတဲ့ လူက ပါးစပ်က မကြားဝံ့၊ မနာသာတွေ ဆဲဆိုလိုက်တာ တစ်ရွာလုံး ဘယ်သူမှလဲ မဆွဲရဲ၊ဲဆွဲ တဲ့လူကို သတ်မယ်ဆိုပြီး ဓါးနဲ့ကလဲ ကြိမ်းထားသေးတော့၊ နှိပ်စက်နေတာကို ဒီအတိုင်း ကြည့်နေလိုက်ရသတဲ့။

အဲဒီမင်္ဂလာဆောင်တဲ့ နေ့ကစပြီး ပြောင်းပြန်ကြီး ပြောင်းလဲသွားလိုက်တာ တစ်ရွာလုံးက အော်ကြောလန်တဲ့ အဆင့်ထိရောက်ပါလေရော။ နေ့တိုင်းနီးပါး ငါ့ဘ၀ကို ဖျက်ဆီးတဲ့ မိန်းမ၊ ငါအမုန်းဆုံး မိန်းမနဲ့ ရိုက်နေတာတဲ့။ ကြာလာတော့ ညနေမိုးချုပ်တာနဲ့ အဲဒီ မိန်းမလဲ တခြားအိမ်မှာ သွားပုန်းနေရတာပေါ့။ အိမ်မှာ ရှာလို့ မတွေ့ရင် ဓါးဆွဲပြီး လက်ခံထားတယ်လို့ ထင်တဲ့ အိမ်တွေမှာ ဓါးနဲ့ကြိမ်း၊ အိမ်ရှေ့ကသစ်ပင်တွေခုတ်နဲ့၊ ဆဲလိုက်တာလဲ မိုးမွှန်နေတော့ တခါတလေများ တခြားရွာအထိ သွားပုန်းနေရသတဲ့။ မကျေနပ်တာလေး တစ်ခုနဲ့ ဘ၀တစ်ခုလုံးနဲ့ ကိုယ့်ကိုကိုယ် ဖျက်ဆီးပစ်လိုက်တာ အရက်သမား လူရမ်းကားကား လုံးလုံးဖြစ်ရောပေါ့။ နေ့လည်ဘက်ဆိုရင်လဲ ဘယ်သူ့ကိုမှ စကားဟဟမပြောတော့ဘဲ ငူငူကြီးထိုင်နေသတဲ့။ ဒီလိုနဲ့ လင်ဆိုးမယား တဖားဖားဘ၀နဲ့ သမီးလေးတစ်ယောက်ရသတဲ့။ အဲဒီသမီးလေးကိုလဲ တစ်ခါမှ သေတဲ့အထိ သမီးလို့ မခေါ်ခဲ့ဘူးတဲ့။ ဟဲ့ကောင်မလေးလို့ ပဲခေါ်ပြီး တခါမှလဲ မချီဘူး။ ချော့မြူတာလဲ မရှိ၊ သူနဲ့ မဆိုင်သလိုပဲတဲ့။

ယောင်္ကျားတစ်ယောက်ရဲ့ အသုံးကျမှု၊ မကျမှုကို ပြောချင်တာမဟုတ်ပါဘူး။ ယောင်္ကျားတွေဟာ သူတို့လက်မထပ်ချင်သေးတဲ့အချိန်မှာ လက်ထပ်လိုက်ရတဲ့အခါ၊ လက်ထပ်ချင်တဲ့ အခါ လက်မထပ်ရတဲ့အခါ ဒါမျိုးတွေဖြစ်တတ်လား ကျွန်တော်မသိပါဘူး။ မိန်းမတစ်ယောက်ကို သူတို့ယူချင်တဲ့ အချိန် အဆင်သင့်ဖြစ်ရမယ် ဆိုတဲ့ အတ္တမျိုးရှိတတ်လား မတွေးတတ်ပါဘူး။ သူ့စိတ်ဓါတ်ကိုလဲ မဝေဖန်လိုပါဘူး။ အဓိက ကတော့ မိန်းမတစ်ယောက်ရဲ့ အိမ်ထောင်ရေးကံကြမ္မာကို ပြောချင်တာပါ။ တစ်ရွာလုံးလေးစားကြည်ညိုတဲ့ ကျောင်းဆရာကို ယူလဲ အရက်သမား မယားဖြစ်သွားနိုင်သလို တစ်ရွာလုံး အော်ကြောလန်ကို ယူလဲ အံ့သြလောက်အောင် လိမ္မာသွားလို့ ဘုရားဒကာ၊ ကျောင်းဒကာဖြစ်သွားနိုင်တယ်လေ။ အားလုံးက ကြောက်စရာကောင်းပြီး မမြင်နိုင်တဲ့ ကံကြမ္မာတွေပေါ့။ တကယ်တော့ အိမ်ထောင်ရေးဆိုတာ အမြင့်ဆုံး တန်ဘိုးနဲ့ ထပ်ပြီးကံကြမ္မာနဲ့ လောင်းရတဲ့ စိန်ခေါ်ပွဲ တစ်ခုပါဘဲ။

ကောင်မလေးတစ်ယောက်လဲ ဒီလိုပဲ။ ၁၀ တန်းဖြေဘို့ နယ်ကနေ မြို့ကိုလာနေရင်းက ဆေးကျောင်းမှာ အလုပ်လုပ်တဲ့ ယောင်္ကျားတစ်ယောက်နဲ့ တွေ့ပါလေရော။ ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ လုပ်တယ်ဆိုတာပဲ သိပြီး တွဲနေလိုက်တာ လက်ထပ်ဖို့ အိမ်ကို ပြောတော့ ပွဲရုံ ပိုင်ရှင် မိဘတွေက သဘောမတူတာနဲ့ လိုက်ပြေးပါလေရော။ လက်ထပ်ပြီးမှ သေချာသိရတာက ဆေးကျောင်းက ဓါတ်ခွဲခန်းမှာ အလောင်းတွေ ခွဲရ၊ ဖြတ်ရတဲ့ အလုပ်သမားပါ။ ဆေးကျောင်းကို လှူတဲ့ အလောင်းတွေကို ဖြတ်၊ ဆေးစိမ်သင့်တာစိမ်၊ လွှတ်ပစ်သင့်တာ လွှတ်ပစ်၊ တစ်ခါတလေ ဆေးကျောင်းသားတွေက စာကျက်ဘို့ အရိုးခြောက်တွေ ဘာတွေ လိုချင်ရင် သူ့ဆီမှာ ၀ယ်ရတာပေါ့။ နောက်ပြီး သေပြီးသားလူတွေ ကြာကြာအထားခံအောင် ဆေးထိုးတဲ့ အလုပ်လည်း လုပ်သေးတယ်။ တစ်ခါတလေများ အိမ်ပြန်မိုးချုပ်တဲ့ အခါ သူလမ်းထဲဝင်လာရင် တိုက်ဆိုင်တာလားမသိ၊ လမ်းပေါ်မှာ ရှိတဲ့ ခွေးတွေက ဆွဲဆွဲငင်ငင်အူလို့၊ လူကလည်း သွေးညီနံ့တွေနဲ့၊ အော်ဒါမှာထားတဲ့ ကျောင်းသာရှိရင် လူရိုးထုပ်ကြီးက ပါသေးတယ်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါ။ အပြစ်မဆိုပါဘူး။ ဒါပေမယ့် ဒီကောင်မလေးသာ ဒါတွေကို ကြိုသိခဲ့ရင် သူ့ကံကြမ္မာက တစ်မျိုးတစ်မည် ပြောင်းသွားနိုင်တယ်လို့ ဆိုချင်တာပါ။ အိမ်ထောင်ကျပြီးမှ ကိုယ့်မိဘထားနိုင်တာထက် များစွာ နိမ့်ကျတဲ့ ဘ၀ကို ရောက်တဲ့အပြင် မသာဆေးထိုးပြီး လူရိုးထွင်ရောင်းတဲ့ လူမှန်းသိရတဲ့အခါ ကိုယ်ချစ်မိသွားတဲ့ လူတစ်ယောက်အတွက်၊ ကိုယ်ကံကြမ္မာအတွက် ဘာလုပ်လို့ရတော့မှာလဲ။

ဒီထက်ဆိုးတဲ့ နောက်တစ်ယောက်လဲ ရှိသေးတယ်။ ချစ်သူ ကြိုက်သူ ၀ိုင်းဝိုင်းလည်နေတဲ့ ကြားက လက်ကလေးတောင်မကိုင်၊ ချစ်သူကို တန်ဘိုးထားပြီး သက်သတ်လွတ်စားနေတဲ့ လူတစ်ယောက်ကို သူတော်ကောင်းလေး ဆိုပြီး ရွေးချယ်လိုက်သတဲ့။ ဒီလူက အိမ်ထောင်ကျပြီးတော့လဲ တကယ် သက်သတ်လွတ်စားတာပါ။ ဆိုးတာက မိန်းကလေး လုပ်သူက မကောင်းတဲ့ မိန်းမကိုသာ သွားရှာပါတော့လို့ တောင်းတောင်းပန်ပန်ပြောယူရလောက်အောင် ကာမကိုလည်း စားတာပါ။ နောက်ဆုံးတော့ ဘယ်သူမှ မကယ်နိုင်တဲ့ အဆုံး ကောင်မလေးလည်း အိမ်ကထွက်ပြေးလိုက်တာ သေလား၊ရှင်လား သတင်းအစအနတောင် မရတော့ဘူးတဲ့လေ။

မိန်းမတစ်ယောက်အိမ်ထောင်ကျပြီးတဲ့နောက်မှာ ကြေကွဲစွာ လက်ခံလိုက်ရတဲ့ ကံကြမ္မာတွေ၊ နာကျည်းခံပြင်းစွာ လက်ခံလိုက်ရတဲ့ အဖြစ်အပျက်တွေ၊ ဆုပ်လည်းစူး စားလည်းရူးတဲ့ ဘ၀တွေ၊ ဆုပ်လည်းနွေး စားလည်းအေးတဲ့ ဘ၀တွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပြီး ဘ၀မှာ ပြီးပြည့်စုံသွားပြီလို့ ခံစားရမျိုးလည်း ဖြစ်နိုင်ပါတယ်။

ယောင်္ကျားတွေဘက်ကလည်းဒီလိုပါဘဲ။ အိမ်ထောင်ကျပြီးမှ ပိုတော်လာတဲ့ ယောင်္ကျားတွေရှိသလို၊ အရည်အသွေးကျသွားတာတွေလည်း ဒုနဲ့ဒေးပါဘဲ။ လူနှစ်ယောက်ပေါင်းပြီး ဘ၀တစခုကို တည်ဆောက်တဲ့အခါ ဘေးမှာ တစ်ချိန်လုံးရှိနေတဲ့ တစ်ဦးတည်းသော အဖော်ရဲ့ အားပေးမှု၊ ကူညီမှု၊ ပါရမီဖြည့်နိုင်မှု တွေက ဦးဆောင်နေတဲ့ ယောင်္ကျားအတွက် အရေးကြီးတဲ့ အင်အားပါပဲ။

အပေါင်းအသင်းမိတ်ဆွေတွေတောင် ကြာကြာပေါင်းရင် တဖြည်းဖြည်း သူ့စိတ် ကိုယ့်စိတ် ဓါတ်ကူးတတ်တယ်မဟုတ်လား။ ကိုယ့်ရဲ့ မသိစိတ်က တဖြည်းဖြည်း သူလုပ်သလို၊ သူပြောသလို လုပ်မိ၊ ပြောမိ နေတာမျိုးလေ။ လင်မယား ဆိုတာ အရင်းနှီးဆုံး တစိမ်းဆိုတော့ ယောင်္ကျားတစ်ယောက်ဆီက ဘ၀ကို ရင်ဆိုင်ရဲ၊ ဆုံးဖြတ်ချက်ကို ပီပီပြင်ပြင် ချရဲတဲ့ သတ္တိမျိုးတွေ မိန်းမဆီ ဓါတ်ကူးတာက တော်ပါသေးရဲ့။ မိန်းမဆန်လွန်းတဲ့ မိန်းမတွေမှာ ရှိတတ်တဲ့ မနာလိုဝန်တိုစိတ်တွေ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုးနဲ့ အတင်းပြောတတ်တဲ့ စိတ်တွေ၊ ယောင်္ကျားဆီ ဓါတ်ကူးကုန်ရင်တော့ ပြီးပါလေရော။ အသွင်မတူတာတွေ ညှိရင်းညှိရင်းနဲ့ မကောင်းတာတွေပဲ ကျန်ခဲ့ရင် ဒုက္ခ။ အရမ်းအောင်မြင်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ နောက်မှာ သိပ်တော်တဲ့ မိန်းမတစ်ယောက်ရှိတယ်လို့ ဆိုထားတယ် မဟုတ်လား။

ကျွန်တော်အမြင်နဲ့ ပြောရရင်တော့ တချို့ယောင်္ကျားတွေက ကျွန်နဲ့တူသော မိန်းမကို ရတယ်။ ဆိုလိုတာက အိမ်မှုကိစ္စတွေလုပ်မယ်။ ကလေးမွေးမယ်။ ယောင်္ကျားကို ပြုစုမယ်။ ပေးသလောက်ပိုက်ဆံနဲ့ လောက်အောင်သုံးမယ်။ ယောင်္ကျားရဲ့ အလုပ်မှာ ရှိနိုင်တဲ့ စိတ်ဖိစီးမှုတွေ၊ ပြဿနာတွေအတွက် သူမဖြေသိမ့်ပေးနိုင်ဘူး။ အကြံဥာဏ်မပေးနိုင်ဘူး။ သူသိတာက ယောင်္ကျားခိုင်းရင်လုပ်မယ်။ ပေးရင်ယူမယ်။ ကျွေးရင်စားမယ်။ ဒါပဲပေါ့။

တချို့ယောင်္ကျားတွေကျတော့ အလုပ်ရှင်နဲ့တူသော မိန်းမကိုရတယ်။ သူများကားစီး စီးချင်ပြီ။ သူများတိုက်ဆောက် ဆောက်ချင်ပြီ။ ယောင်္ကျားကို ရှာပါလား။ လုပ်ပါလား။ အလုပ်ရှင်က အလုပ်သမားကို ခိုင်းသလိုမျိုး အချိန်မဖြုန်းနဲ့၊ အပိုမသုံးနဲ့ ဆိုတဲ့ မိန်းမမျိုးတွေပေါ့။

တချို့ကျတော့ ဘုရင်မနဲ့ တူတဲ့ မိန်းမကို ရတယ်။ ရှာသမျှ ပိုက်ဆံအကုန်အပ်ရပြီး နေရာတကာ သူပြီးမှ ပြီးရတယ်။ ဘာပဲလုပ်ချင်လုပ်ချင် အသေးအဖွဲကအစ သူ့မျက်နှာအရိပ်အကဲ ကြည့်ပြီး အတည်ပြုချက်ယူရတယ်။ ချစ်မြတ်နိုးလွန်းလို့ အလိုလိုက်နေရတာမျိုး မဟုတ်တော့ဘဲ အနိုင်ကျင့်ခံနေရတဲ့ ဘ၀မျိုးပါ။ ဘ၀မှာ ပျော်ရွှင်သင့်သလောက် ပျော်ရွှင်ခွင့် မရတဲ့ ယောင်္ကျားမျိုးတွေပေါ့။

တချို့ကျတော့ မိတ်ဆွေနဲ့ တူသော မိန်းမကို ရတယ်။ ကိုယ့်ကို အစစ အရာရာ ကူညီပေးနိုင်သလို သူကိုယ်တိုင်မှာလည်း ကိုယ်နဲ့ သိပ်မကွာတဲ့ အရည်အချင်းတွေရှိတယ်။ ကိုယ့်ကို လက်တွဲခေါ်ယူနိုင်ပြီး ဟာသဥာဏ်လည်းရှိတယ်။ ဘ၀ကို စိတ်လက်ပေါ့ပါးစွာ လျှောက်လမ်းခွင့်ကိုပေးတဲ့ မိန်းမမျိုးပေါ့။

တချို့ကျတော့ ချစ်တီးနဲ့ တူသောမိန်းမကိုရတယ်။ ပိုက်ဆံကို အရမ်းမက်မော၊ သူလည်းရှာ၊ ယောင်္ကျားကိုလည်း ရှာခိုင်း၊ ပြီးရင် သူတို့ရဲ့ လက်သုံးစကားက ပိုက်ဆံသာရမယ်ဆို ယောင်္ကျားတောင် ပေါင်လိုက်ချင်သတဲ့လေ။

တချို့ကျတော့ မိခင်နဲ့တူသော မိန်းမကိုရတယ်။ နွေးထွေးတဲ့ မေတ္တာနဲ့ ကိုယ့်ကို နားလည်ပေးနိုင်သလို အခက်အခဲ တစ်စုံတစ်ရာ ဖြစ်လာရင်လည်း မိခင်တစ်ယောက်က သားအပေါ်မှာထားတဲ့ မေတ္တာမျိုးနဲ့ ရင်ဆိုင်ရပ်တည်ပေးနိုင်တယ်။ လဲကျတဲ့အခါ ညင်သာစွာ ထူပေးနိုင်သလို အောင်မြင်တဲ့အချိန်မှာလည်း သူများအလဲမထိုးနိုင်အောင် ဂရုစိုက် တည့်မတ်ပေးတယ်။ အရာရာကို ထပ်တူနီးပါး ခံစားနားလည်ပေးနိုင်တဲ့ နှလုံးသားကို ပိုင်ဆိုင်တယ်။ ဖြတ်ထိုးဥာဏ်ကောင်းပြီး ပြဿနာတော်တော်များများကို သိမ်မွေ့စွာဖြေရှင်းနိုင်တယ်။ ယောင်္ကျားကိုယ်တိုင်ကလည်း မိန်းမဖြစ်သူကို လေးစားချစ်ခင်စွာမြတ်နိုးတယ်ဆိုရင်တော့ ဘုရားသခင်ပေးတဲ့ ဆုလာဒ်ကိုရတဲ့ ယောင်္ကျားမျိုးပေါ့ဗျာ။

ကိုယ့်ရွေးချယ်မှုတစ်ခုက ကိုယ့်ဘ၀တစ်ခုလုံးကို မသိမသာ ဖြေးဖြေးချင်း ပြောင်းလဲသွားနိုင်တဲ့အရာ၊ ဘာတွေဘယ်လိုပြောင်းလဲမယ်ဆိုတာ တိတိကျကျဘယ်သူမှ မသိနိုင်တဲ့အရာ၊ အကောင်းဆုံးဆိုတာကို ကိုယ်သတ်မှတ်တဲ့ စံနဲ့ လွပ်လပ်စွာရွေးချယ်ခွင့်လဲ ပေးထားတဲ့ အရာ၊ အချစ်ဆိုတာကို ဓါးစာခံလုပ်ပြီး ရဲရဲကြီးစွန့်စားကြည့်ကြတဲ့ အရာ၊ ပြီးသွားတဲ့ အခါ တိတ်ဆိတ်စွာ လူမသိ၊ သူမသိ တိတ်တိတ်လေး ကြေကွဲရတဲ့ အရာ၊ ဒါမှမဟုတ် ပွင့်လင်းစွာ ပျော်ရွှင်ခွင့်ရတဲ့အရာ၊ ဒါမှမဟုတ် မချိသွားဖြဲ ဖြစ်ကြရတဲ့ အရာ၊ ထိုထိုသော အရာများ ပေါင်းဆုံရာ လူ့ဘ၀ရဲ့ တစ်ခုတည်းသော အရသာကတော့ အိမ်ထောင်ရေးပါဘဲ။

အောင်မြင်တဲ့ အိမ်ထောင်တစ်ခုကို ခိုင်ခိုင်မာမာတည်ဆောက်ထားနိုင်တဲ့ အစ်ကိုကြီးတစ်ယောက်ကို လျှို့ဝှက်ချက်မေးကြည့်တာကတော့ ယောင်္ကျားလေးရော မိန်းကလေးရော နှစ်ယောက်စလုံးက “ဘာပဲဖြစ်ဖြစ် ကျေကျေနပ်နပ်ကြီး (ကျေကျေနပ်နပ်ကြီးနော်) သည်းခံခွင့်လွှတ်နားလည်ကြမယ်ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်နိုင်ပြီဆိုမှ အိမ်ထောင်ပြုပါ” တဲ့။ ဒီနေ့အထိ ကျွန်တော် ကြားဖူးသမျှထဲမှာတော့ သူ့အဖြေက အကောင်းဆုံးပါဘဲ။ ။